လေဟာနယ်ဓားပြအဖွဲ့
Vol. 19 Ch. 291
အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားကာ မျက်စိတစ်မှိတ်အတွင်း သုံးနှစ် ကြာမြင့်သွားခဲ့သည်။
ဤသုံးနှစ်အတွင်း၊ လော်ယွမ်းတာအိုကျောင်းတော်မှ လူများသည် ချန်းဝူလျှို့ဝှက်နယ်မြေအတွင်း၌သာ အမြဲတမ်း နေထိုင်ခဲ့ကြသည်။
လီချန်သည်လည်း အပြင်သို့ ထွက်ခွာခြင်း မရှိခဲ့သော်လည်း၊ သူသည် အထူးဆက်သွယ်ရေး ကျောက်စိမ်းအဆောင်ကို အသုံးပြု၍ နန်ရှီနှင့်ဆက်သွယ်ကာ၊ နတ်ဘုရားဓားဂိုဏ်းဘက်မှ အခြေအနေများကို မေးမြန်းလေ့လာခဲ့သည်။
သူ၏တာအိုအငွေ့အသက်သည် တာအိုအဖြစ်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိသွားပြီးနောက်၊ ကျင့်ကြံမှုအရှိန်မှာ ပိုမို မြန်ဆန်လာခဲ့၏။
တိုတောင်းသော သုံးနှစ်တာ ကာလအတွင်း၊ သူ၏ကျင့်ကြံမှုသည် မြေနတ်ဘုရား အဆင့်လေးမှ မြေနတ်ဘုရား အဆင့်ခြောက်သို့ တက်လှမ်းသွားခဲ့သည်။
ဤသို့သောအရှိန်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်ဟု သတ်မှတ်ရပေမည်။
ထို့အပြင် တာအိုအဖြစ်ပြောင်းလဲခြင်း၏ တိုးတက်မှုမှာလည်း မနှေးကွေးလှပေ။
နိယာမ လင့်တုန်းမျိုးစေ့၏ တိုးတက်မှုပင်လျှင် တစ်မှတ် တိုးလာခဲ့သေး၏။
သုံးနှစ်အတွင်း တစ်မှတ်တိုးတက်လာခြင်းမှာ အလွန်နှေးကွေးသည် မှန်သော်လည်း လီချန်သည် အလွန်ကျေနပ်မိ၏။
ယခင်က တစ်မှတ်မှတောင်တိုးတက်မှုမရှိခြင်းထက် ပိုကောင်းသည် မဟုတ်လား။
ဤသည်မှာ နှစ်ပေါင်း ရာချီကြာလျှင် လင့်တုန်းမျိုးစေ့သည် အပြီးတိုင် အညှောင့်ပေါက်နိုင်မည်ဖြစ်ပြီး၊ ကောင်းကင်နှင့်မြေကြီး၌ အမြစ်တွယ်နိုင်တော့မည်ဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။
ထို့အပြင် ဤသုံးနှစ်အတွင်း လီချန်သည် ဝိညာဉ်အပင် စိုက်ပျိုးမှုပညာကို ထိတွေ့ခဲ့ရပြီး၊ စနစ်တကျ လေ့လာသင်ယူခဲ့သည်။
မည်သို့ပင်ဖြစ်စေ အချိန်ပေါများလှရာ အားလပ်ချိန်ရှိသည့်အခါတိုင်း သူသည် ချန်းဝူလျှို့ဝှက်နယ်မြေအတွင်းမှ ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ ပညာရှင်ကြီးအချို့ကို သွားရောက်တိုင်ပင်မေးမြန်းလေ့ ရှိသည်။
ဤဝိညာဉ်ဆေးပင်စိုက်ပျိုးသူပညာရှင်ကြီးများသည် အဆင့်လေး ဝိညာဉ်ဆေးပင်များကို ပျိုးထောင်နိုင်စွမ်း ရှိသူများ ဖြစ်ကြသည်။ သို့ရာတွင် ချန်းဝူလျှို့ဝှက်နယ်မြေအတွင်းမှ ပတ်ဝန်းကျင် အကန့်အသတ်ကြောင့် အောင်မြင်မှုနှုန်းမှာ အလွန်မြင့်မားခြင်း မရှိပေ။
အဆင့်သုံး ဝိညာဉ်ဆေးပင်များကိုသာ အဓိကပျိုးထောင်နိုင်ကြသည်။
သို့သော် လီချန် ရွေးချယ်သော ဝိညာဉ်ဆေးပင် ပျိုးထောင်သည့်နေရာမှာ အချိန်ခေါင်းလောင်း ကမ္ဘာငယ်အတွင်း၌ဖြစ်သည်။
ဤနေရာသည် သဘာဝပျိုးထောင်ရေးစခန်းတစ်ခု ဖြစ်သည်။
ထို့ကြောင့် သူ၏ဝိညာဉ်ဆေးပင်စိုက်ပျိုးမှု တိုးတက်မှုမှာ အလွန်လျင်မြန်လှသည်။
တိုတောင်းသော သုံးနှစ်တာ ကာလအတွင်း၊ အဆင့်သုံး ဝိညာဉ်ဆေးပင်စိုက်ပျိုးသူတစ်ဦး ဖြစ်လာခဲ့ရာ အကယ်၍ အပြင်သို့ သတင်းပေါက်ကြားသွားပါက ဤချန်းဝူလျှို့ဝှက်နယ်မြေအတွင်းမှ ဝိညာဉ်ဆေးပင်စိုက်ပျိုးသူများသည် သူတို့ဘဝကို သံသယဝင်သွားကြပေလိမ့်မည်။
လီချန်၏အတွက်မူ လွယ်ကူရိုးရှင်းလှ၏။
နောင်တွင် သူ၏ဝိညာဉ်ဆေးပင်စိုက်ပျိုးသူအဆင့် ပိုမိုမြင့်မားလာပြီး၊ ပိုအဆင့်မြင့်သော ဝိညာဉ်ဆေးပင်များကို ပျိုးထောင်နိုင်ပါက နတ်ဘုရားသလင်းကျောက် ရှာဖွေရန်မှာ လက်ဖဝါးဖြန့်လိုက်သလို လွယ်ကူနေတော့မည်။
သူ ရုတ်တရက် ခံစားလိုက်ရသည်မှာ အစီအရင်ပညာနှင့်နှိုင်းယှဉ်ပါက၊ ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ၏အနာဂတ်မှာ ပိုကောင်းမွန်နေသလိုပင်။
အဂ္ဂိရတ်ပညာရပ်ကိုပါ ထပ်သင်ပြီး၊ တခါတည်းနဲ့ပြီးပြည့်စုံသွားအောင်လုပ်လိုက်ရမလား။
မည်သို့ပင်ဖြစ်စေ အဆင့်မြင့်ဆေးလုံးများမှာ အလွန်ရောင်းအားကောင်းလှ၏။
.....
အချိန်ခေါင်းလောင်း ကမ္ဘာငယ်။
ထူထပ်သော ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး နတ်ဘုရားဝိညာဉ်ချီများလည်း ရောနှော ပါဝင်နေ၏။
လီချန်သည် ကြီးမားသော ဝိညာဉ်စိုက်ခင်းတစ်ခုပေါ်တွင် ဝိညာဉ်ဆေးပင် အမျိုးမျိုး စိုက်ပျိုးထားသည်ကို ကြည့်နေသည်။
ဝိညာဉ်ဆေးပင်များ၏ အဆင့်အတန်း အရည်အသွေးသည် ဝိညာဉ်မျိုးစေ့ ကိုယ်တိုင်မှလွဲ၍၊ ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ၊ ဝိညာဉ်စိုက်ခင်း၊ စိုက်ပျိုးသည့် ပတ်ဝန်းကျင် အစရှိသည်တို့နှင့် နက်ရှိုင်းသော ဆက်စပ်မှု ရှိသည်။
လီချန် စိုက်ပျိုးထားသော ဝိညာဉ်ဆေးပင်များသည် အားလုံးအဆင့်သုံးဝိညာဉ်မျိုးစေ့များဖြစ်ကြသည်။
ဤဝိညာဉ်မျိုးစေ့များကို ရရှိရန်အတွက် လီချန်သည် ကုန်ကျစရိတ် မနည်းလှအောင် အသုံးပြုခဲ့ရပြီး ချန်းဝူလျှို့ဝှက်နယ်မြေမှ ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ ပညာရှင်ကြီးအချို့မှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။
လီချန်သည် လက်ကွက်တစ်ကွက်ကို ဖော်လိုက်ရာ သူ၏ထိန်းချုပ်မှုအောက်တွင် ကောင်းကင်နှင့်မြေကြီးအကြားမှ ဝိညာဉ်စွမ်းအင်များနှင့် နတ်ဘုရားဝိညာဉ်ချီများသည် စုစည်းသွားပြီး၊ ရေငွေ့များနှင့် ပေါင်းစပ်ကာ၊ ဝိညာဉ်မိုးရေများအဖြစ်သို့ ပြောင်းလဲ၍ ဝိညာဉ်ဆေးပင်များအပေါ်သို့ ကျဆင်းသွား၏။
ဤသည်မှာ ဝိညာဉ်ဆေးပင်စိုက်ပျိုးသူများ ဖန်တီးထားသော ဝိညာဉ်မိုးရွာသွန်းခြင်းအတတ်ဖြစ်သည်။ ဝိညာဉ်ဆေးပင်များ၏ကြီးထွားမှုကို အကျိုးပြုစေသည်။
ကြီးထွားမှု အရှိန်အဟုန် အလွန်ကောင်းမွန်နေသော ဝိညာဉ်ဆေးပင်များကို ကြည့်ရင်း လီချန်၏မျက်နှာပေါ်၌ အပြုံးရိပ်များပေါ်ထွက်နေလေသည်။
သူ အနည်းငယ် မျှော်လင့်နေမိသည်။ သူသာ ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ အဆင့် အဆင့်လေးသို့ ရောက်ရှိသွားလျှင် စစ်မှန်သော အဆင့်လေး ဝိညာဉ်ဆေးပင်များကို ပျိုးထောင်နိုင်လောက်ပေမည်။
ယနေ့တွင် လီချန်သည် ကျင့်ကြံမှုကို အဆုံးသတ်လိုက်ပြီး၊ လျန်ချီးဝိညာဉ်ဓားကို စီးနင်းကာ နေထိုင်ရာနေရာမှ ထွက်ခွာခဲ့ပြီး၊ ကင်းလှည့်စစ်ဆေးခြင်း စတင်လိုက်သည်။
သူ၏လျန်ချီးဝိညာဉ်ဓားသည် နတ်ဘုရားရွှေ နှစ်မျိုးကို ပေါင်းစပ်ထည့်သွင်းပြီးနောက် အရည်အသွေးမှာ အတော်အတန်တိုးတက်လာခဲ့၏။
သို့သော် ယနေ့အထိ မိမိဘာသာအဆင့်တက်ခြင်း အရိပ်အယောင် မရှိသေးပေ။
ပိုမိုများပြားသော နတ်ဘုရားရွှေများကို ရရှိနိုင်ရန် နည်းလမ်း ရှာဖွေရပေဦးမည်။
သို့သော် နတ်ဘုရားရွှေကဲ့သို့သော အရင်းအမြစ်မျိုးမှာ အလွန်အဖိုးတန်လှပြီး ဈေးနှုန်း ကြီးမြင့်ရုံသာမက၊ မကြာခဏဆိုသလို အပြင်သို့ စီးထွက်လာခြင်း အလွန် နည်းပါးကာ၊ သာမန်နတ်ဘုရားကျင့်ကြံသူများ ရရှိပြီးနောက်၊ အတွင်းပိုင်း၌ပင် သုံးလို့ကုန်သွားလေ့ရှိကြ၏။
ရုတ်တရက်၊ လီချန်သည် လျှို့ဝှက်နယ်မြေ ချိတ်ဆက်မှု အမှတ်တစ်ခုကို ဖြတ်သန်းသွားစဉ်၊ မဟာအစီအရင်ကို တစ်ချက်အာရုံခံကြည့်လိုက်ရာ မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွား၏။
မဟာအစီအရင်မှာ ပုံမှန်မဟုတ်သော အခြေအနေ ရှိနေသလိုပင်။
ဤ သုံးနှစ်အတွင်း၊ သူသည် ချန်းဝူလျှို့ဝှက်နယ်မြေတစ်ခုလုံးကို လှည့်လည်စစ်ဆေးခဲ့ပြီးဖြစ်ရာ၊ ထိုဆယ်ဂဏန်းကျော်သော နေရာလွတ်ချိတ်ဆက်မှုအမှတ်များကို သူ အသေးစိတ် လေ့လာခဲ့ပြီးဖြစ်သဖြင့် အလွန်ရင်းနှီးကျွမ်းဝင်နေ၏။
ချန်းဝူလျှို့ဝှက်နယ်မြေအတွင်း၌လည်း ယွီဟွာနတ်ဘုရားဂိုဏ်းမှ အစီအရင်ပညာရှင်များ စခန်းချ နေထိုင်ပြီး၊ ဤမဟာအစီအရင်များကို ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။
သူ နောက်ထပ် အသေးစိတ် အတည်ပြုစစ်ဆေးပြီးနောက်မှ ထွက်ခွာလာခဲ့ပြီး၊ လော်ယွမ်းတာအိုကျောင်းတော်၏ စခန်းချရာနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူသည် ဆရာဖြစ်သူ ထျန်းလန်ကျောင်းတော်သခင် ကျင့်ကြံရာ လှိုဏ်ဂူစံအိမ်သို့ တည့်တည့်မတ်မတ် ရောက်ရှိလာခဲ့၏။
"ဆရာ။"
"လီချန်၊ မင်း ဆရာ့ကို ရှာတာ ဘာကိစ္စ ရှိလို့လဲ။"
ထျန်းလန်ကျောင်းတော်သခင်က ပြုံးလျက် မေးလိုက်၏။
"ဆရာ၊ တပည့် ခုနက အမှတ်ရှစ် နေရာလွတ်ချိတ်ဆက်မှု အမှတ်နေရာကို ကင်းလှည့်သွားတုန်းက မဟာအစီအရင်မှာ ပုံမှန်မဟုတ်တာကို တွေ့ခဲ့ရတယ်။"
"မဟာအစီအရင်မှာ ပုံမှန်မဟုတ်တာ ဟုတ်လား။"
ထျန်းလန်ကျောင်းတော်သခင် တစ်ချက် တွေဝေသွားသည်။ သူသည် လီချန်က အစီအရင်ပညာဘက်၌လည်း အဆင့်အတန်း မနိမ့်ကြောင်း သိရှိထား၏။ "တိတိကျကျ ဘယ်လိုအခြေအနေမျိုးလဲ။"
"ဆရာ၊ တပည့် မှတ်မိသလောက် ချန်းဝူလျှို့ဝှက်နယ်မြေထဲက နေရာလွတ် ချိတ်ဆက်မှု အမှတ် မဟာအစီအရင်တွေကို မနှစ်ကမှ ပြုပြင်ထိန်းသိမ်းပြီးသွားပြီလေ။ အခုမှ တစ်နှစ်တောင် မပြည့်သေးဘူး။ မဟာအစီအရင်မှာ ပုံမှန်မဟုတ်တာတွေ ပေါ်လာပြီ။ မဟာအစီအရင် တိုင်တွေမှာ ပြဿနာရှိနေတာ ဖြစ်နိုင်လောက်တယ်။ တကယ်လို့ လေဟာနယ်ဓားပြအဖွဲ့တွေက အခွင့်ကောင်း စောင့်ပြီး၊ ဒီနေရာလွတ် ချိတ်ဆက်မှုအမှတ်ကနေ ဖောက်ထွင်းဝင်ရောက်လာမယ်ဆိုရင် အရမ်းလွယ်သွားလိမ့်မယ်။"
ဤချန်းဝူလျှို့ဝှက်နယ်မြေအတွင်း၌ ထွက်ရှိသည်များမှာ အဆင့်နိမ့် ဝိညာဉ်ဆေးပင်များ ဖြစ်သည် မှန်သော်လည်း၊ ပမာဏများပြားလှသဖြင့် စုစုပေါင်းတန်ဖိုးမှာ အလွန်ကြီးမားလှသေး၏။
ထို့အပြင် ဝိညာဉ်ဆေးပင်များစွာက ရိတ်သိမ်းချိန် နီးကပ်နေပြီဖြစ်သည်။
အကယ်၍ လေဟာနယ်ဓားပြအဖွဲ့က ချန်းဝူလျှို့ဝှက်နယ်မြေကို ပစ်မှတ်ထားမည်ဆိုပါက ရိတ်သိမ်းချိန် အကုန်ပိုင်း၌လှုပ်ရှားခြင်းသည် အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။
ထျန်းလန်ကျောင်းတော်သခင်သည် လီချန်၏ အကြံပြုချက်ကို အလွန် အလေးထားပြီး၊ ချန်းဝူလျှို့ဝှက်နယ်မြေ၌ စခန်းချနေသော အစီအရင်ပညာရှင်နှင့် ဆက်သွယ်ဆွေးနွေးကြည့်မည်ဟု ပြောကြားလိုက်သည်။
.......
နေ့တစ်ဝက် ကြာပြီးနောက်။
ထျန်းလန်ကျောင်းတော်သခင်၊ လီချန်နှင့် ယွီဟွာနတ်ဘုရားဂိုဏ်း ယွိချင်းအစီအရင်စံအိမ်မှ လာရောက်သော ဆယ့်ငါးအခြေခံ အစီအရင်ပညာရှင် ရွှီရှုချန်အပြင် သူ့ကိုယ်ရံတော် လေးဦးတို့သည် အမှတ်ရှစ် နေရာလွတ် ချိတ်ဆက်မှု အမှတ်နေရာသို့ ရောက်ရှိလာကြ၏။
"တာအိုရောင်းရင်းလီချန်၊ ဒီမဟာအစီအရင် လည်ပတ်ပုံက ဘာပြဿနာမှ မရှိပါဘူး။"
ရွှီရှုချန်က အာရုံခံကြည့်ပြီးနောက် ဆို၏။
"အစီအရင်ပညာရှင်ရွှီ၊ ခင်ဗျား နောက်တစ်ခေါက် သေချာအာရုံခံကြည့်ပါဦး။ မဟာအစီအရင် လည်ပတ်မှု စက်ဝန်းတစ်ခုလုံးမှာ တတိယမြောက် မဟာအစီအရင်လှိုင်းနှုန်း အထွတ်အထိပ် ရောက်တိုင်း ရုတ်တရက် ပြတ်တောက်သွားတာမျိုး ရှိလိမ့်မယ်။"
လီချန်က ချက်ချင်း ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤရွှီရှုချန်၏ အစီအရင်ပညာ တတ်ကျွမ်းမှုသည် သူ့ထက် အဆင့်တစ်ဆင့် နိမ့်ကျနေသဖြင့် ဤအခြေအနေကို လျစ်လျူရှုမိခြင်းမှာလည်း ပုံမှန်ပင်ဖြစ်သည်။
"ဟင်၊ တကယ်ပဲ ဒီလိုပါလား။ ဘယ်လိုလုပ် ဒီလိုအခြေအနေမျိုး ဖြစ်ပေါ်လာရတာလဲ။"
ရွှီရှုချန်သည် ကြားပြီးနောက်၊ ချက်ချင်း မဟာအစီအရင်၏ လည်ပတ်မှု လှိုင်းနှုန်းကို အသေးစိတ် အာရုံခံကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွား၏။
သူ ယခင်က ဤမဟာအစီအရင်ကို ပြုပြင်ထိန်းသိမ်းခဲ့ဖူးပြီး မည်သည့် ပြဿနာမျှ မရှိခဲ့သော်လည်း ယခု တကယ်ကို ပြဿနာဖြစ်ပေါ်နေသလိုပင်။
"တာအိုရောင်းရင်းလီချန်၊ ကျွန်တော် အရင်တုန်းက ပြုပြင် ထိန်းသိမ်းတုန်းက အားလုံး ကောင်းမွန်နေခဲ့တာ။ ပြီးတော့ လူလုပ်ဖျက်ဆီးထားတဲ့ အရာတွေလည်း မတွေ့ရဘူး။ နေရာလွတ် ချိတ်ဆက်မှုအမှတ်ကိုယ်တိုင်က ပြဿနာတက်နေပြီး၊ မဟာအစီအရင်လည်ပတ်မှုကို သက်ရောက်မှု ရှိစေတာများလား။"
ရွှီရှုချန်က လေးနက်စွာ ပြောလာသည်။
"အစီအရင်ပညာရှင်ရွှီ၊ ကျွန်တော်တို့ ဝင်ကြည့်လိုက်ရင် သိရမှာ မဟုတ်လား။"
လီချန်က ပြန်ပြောလိုက်သည်။
သူ ယခင်က မဟာအစီအရင်အတွင်းသို့ မဝင်ရောက်ခဲ့ခြင်းမှာ အဓိကအားဖြင့် ဤမဟာအစီအရင်သည် လျှို့ဝှက်ချက်နှင့် ချန်းဝူလျှို့ဝှက်နယ်မြေ၏ ဘေးကင်းလုံခြုံရေးနှင့် သက်ဆိုင်နေသဖြင့် ယွိချင်းအစီအရင်စံအိမ်မှ စေလွှတ်ထားသော အစီအရင်ပညာရှင်များသာလျှင် အရည်အချင်း ရှိသောကြောင့် ဖြစ်သည်။
"ဒါလည်း ကောင်းတာပဲ။"
ရွှီရှုချန်က ခေါင်းညိတ်လိုက်၏။
လီချန်က မဟာအစီအရင် လည်ပတ်မှု ပုံမှန်မဟုတ်ခြင်းကို ကြည့်မြင်နိုင်သည်ဆိုမှတော့ အစီအရင်ပညာ တတ်ကျွမ်းမှုအပေါ်၌ သေချာပေါက် မနိမ့်ကျကြောင်း ကိုယ်စားပြုနေ၏။
တကယ်တော့ သူသည်လည်း အတော်အတန် စူးစမ်းလိုစိတ် ဖြစ်မိသည်၊ လော်ယွမ်းတာအိုကျောင်းတော်မှ အလုပ်ကြမ်းတပည့်တစ်ဦး ဖြစ်ပါလျက်၊ ဘယ်လိုဖြစ်လို့ အစီအရင်ပညာကို ကျွမ်းကျင်နေရတာလဲ။
ပုံမှန် အခြေအနေအောက်တွင်၊ ဤသည်မှာ မဖြစ်နိုင်သလောက်ပင်။
ဤတာအိုရောင်းရင်းလီချန်သည်၊ တိုက်ခိုက်ရေးအစီအရင်ပညာရှင်တစ်ဦး ဖြစ်နိုင်လောက်သည်မှလွဲလို့ပေါ့။
တိုက်ခိုက်ရေးအစီအရင်ပညာရှင်။
အလွန် ထူးခြားသော နတ်ဘုရားကျင့်ကြံသူ အမျိုးအစား ဖြစ်သည်။
အစီအရင်ပညာကို ကျွမ်းကျင်ပြီး၊ အစီအရင်ပညာကို ဝိညာဉ်ကိရိယာ၊ နတ်ဘုရားသိုင်းများအတွင်း ပေါင်းစပ်ထည့်သွင်းထားကာ၊ မကြာခဏဆိုသလို ဤကဲ့သို့သော တိုက်ခိုက်ရေးအစီအရင်ပညာရှင်များသည် တိုက်ခိုက်နိုင်စွမ်းအားအရ တူညီသော ကျင့်ကြံမှုအဆင့်ရှိသူများထက် များစွာ သာလွန်လေ့ ရှိကြသည်။
သို့သော်၊ အစီအရင်ပညာနှင့် နတ်ဘုရားကျင့်ကြံခြင်း ပေါင်းစပ်ခြင်း နည်းလမ်းမှာ အတော်အတန် ခက်ခဲပြီး၊ ပင်ပန်းသလောက် အကျိုးမရဘဲ၊ ကြီးမားသော အောင်မြင်မှု ရရှိရန် ခက်ခဲလှ၏။
ဤသည်မှာ အချို့သော အစီအရင်ပညာ ပါရမီနှင့် နတ်ဘုရားကျင့်ကြံခြင်း ပါရမီ မျှတနေသူများ၏ မတတ်သာသော ရွေးချယ်မှုလည်း ဖြစ်သည်။
"မင်းတို့နှစ်ယောက် ဝင်သွားလိုက်ကြ။"
ထျန်းလန်ကျောင်းတော်သခင်က ပြောလိုက်သည်။
သူကတော့ ဝင်မသွားဘဲ အပြင်ဘက်၌သာ နေရစ်ခဲ့ပြီး အရေးပေါ် အခြေအနေအတွက် ကာကွယ်ရန်ပင်။
မည်သို့ပင်ဖြစ်စေ သူသည် အစီအရင်ပညာ လမ်းစဉ်အပေါ်၌ ကျွမ်းကျင်မှု မရှိပေ။
မကြာမီ၊ လီချန်နှင့် အစီအရင်ပညာရှင် ရွှီရှုချန်တို့သည် မဟာအစီအရင်အတွင်းသို့ ဝင်ရောက်သွားကြပြီး၊ အတွင်းပိုင်းအခြေအနေကို စတင်စစ်ဆေးကြည့်ရှုကြ၏။
အတွင်းနှင့် အပြင် မြင်ကွင်းမှာ လုံးဝ မတူညီပေ။
မဟာအစီအရင် အတွင်း၌ ကောင်းကင်ယံအထက်တွင် မှောင်မိုက် နက်ရှိုင်းလျက် ထူးဆန်းသော ဝဲဂယက်တစ်ခု လိမ်ယှက်နေပြီး၊ ကြောက်မက်ဖွယ်စွမ်းအင်များ စိမ့်ဝင်လာနေသကဲ့သို့ ရှိသော်လည်း မဟာအစီအရင်၏ ပိတ်ဆို့တားဆီးခြင်းကို ခံထားရ၏။
ဤနေရာမှ ဝိညာဉ်စွမ်းအင်များမှာ အလွန်ရှုပ်ထွေးပြီး၊ အနုတ်လက္ခဏာဆောင်သော အငွေ့အသက်များ ပါဝင်နေသည်။
မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော နေရာလွတ်ချိတ်ဆက်မှုအမှတ်နေရာများတွင်၊ ပြင်ပကမ္ဘာမှ စွမ်းအင်များ စိမ့်ဝင်လာလေ့ ရှိပြီး၊ ရေရှည်တိုက်စားမှုအောက်တွင် နေရာလွတ်ချိတ်ဆက်မှုအမှတ်ကို ပိုမို၍ မတည်မငြိမ် ဖြစ်စေကာ၊ နောက်ဆုံးတွင် အမှတ်နေရာ ပြိုကွဲခြင်း၊ နေရာလွတ် ပြိုကျခြင်းများကို ဖြစ်ပေါ်စေနိုင်သည်။
ထို့ကြောင့် ဤမဟာအစီအရင်၏အသုံးဝင်မှုမှာ၊ နေရာလွတ်ချိတ်ဆက်မှုအမှတ်ကို ပိတ်ဆို့ထားခြင်းမှအပြင် တိုက်စားခံရသော နေရာလွတ် ချိတ်ဆက်မှု အမှတ်ကို ပြုပြင်ခြင်း၊ တည်ငြိမ်မှုကို ထိန်းသိမ်းခြင်း၊ ပြင်ပကမ္ဘာမှ အနုတ်လက္ခဏာဆောင်သော စွမ်းအင်များကို သန့်စင်ခြင်း အစရှိသည်တို့ ပါဝင်၏။
ဤကဲ့သို့သော ပြင်ပကမ္ဘာမှ အနုတ်လက္ခဏာဆောင်သော စွမ်းအင်များ ချန်းဝူလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားပါက၊ နေရာလွတ်ကို ညစ်ညမ်း တိုက်စားသွားစေမည်ဖြစ်ပြီး၊ လျှို့ဝှက်နယ်မြေအတွင်းရှိ ဝိညာဉ်ဆေးပင်များ ကြီးထွားမှုကို ပြင်းထန်သော သက်ရောက်မှုများ ဖြစ်စေပေလိမ့်မည်။
"ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ။"
ရွှီရှုချန်သည် ကောင်းကင်ယံမှ ဝဲဂယက်ကို မြင်တွေ့လိုက်ရာ၊ မျက်နှာ အနည်းငယ် ပြောင်းလဲသွား၏။
အဘယ်ကြောင့်ဆိုသော် ဤနေရာလွတ် ချိတ်ဆက်မှုအမှတ်၏ အနုတ်လက္ခဏာဆောင်သော စွမ်းအင်စိမ့်ဝင်မှုမှာ များစွာ ပိုပြင်းထန်လာခဲ့သောကြောင့် ဖြစ်သည်။ မဟာအစီအရင် လည်ပတ်မှု၌ ပြဿနာဖြစ်ပေါ်လာခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။
ရေရှည်သွားပါက၊ အချိန်မီ ရှာဖွေတွေ့ရှိပြီး ပြုပြင်ထိန်းသိမ်းခြင်း မပြုလုပ်နိုင်ပါက၊ မဟာအစီအရင် မတည်မငြိမ်ဖြစ်စေပြီး၊ နောက်ဆုံးတွင် ပြိုကွဲသွားစေမည် ဖြစ်သည်။ ဤအခြေအနေမျိုး ပေါ်ပေါက်လာသည်နှင့် နောက်ဆက်တွဲ အကျိုးဆက်များကို ခန့်မှန်း၍ မရနိုင်ပေ။
သူသည် ထိန်းသိမ်းရေး အစီအရင်ပညာရှင်တစ်ဦးအနေဖြင့် တာဝန်မှာ အလွန်ကြီးမားလှ၏။
ယခုအချိန်တွင် သူ့ကျောပြင်၌ ချွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။
ကံကောင်းထောက်မစွာ တာအိုရောင်းရင်းလီချန် အချိန်မီ သတိပေးခဲ့၍သာမဟုတ်ပါက သူသည် ဤမျှ ကြီးမားသော တာဝန်ကို တာဝန်ခံနိုင်စွမ်းရှိမည် မဟုတ်ပေ။
ထို့အပြင် အကယ်၍ လေဟာနယ်ဓားပြအဖွဲ့က ချန်းဝူလျှို့ဝှက်နယ်မြေကို ပစ်မှတ်ထားခဲ့မည်ဆိုပါက ဤနေရာလွတ် ချိတ်ဆက်မှု အမှတ်နေရာမှ အခွင့်ကောင်းယူ ဝင်ရောက်လာနိုင်ခြေ အလွန် များ၏။
အကြိမ်ကြိမ် စစ်ဆေးပြီးနောက်၊ သူတို့နှစ်ဦး အတည်ပြုလိုက်သည်မှာ ဤတစ်ကြိမ် မဟာအစီအရင်တွင် လေဟာနယ် အစီအရင်တိုင်အချို့ တိုက်စားခံရပြီး ပျက်စီးမှု ပြင်းထန်နေကာ၊ ထို့အပြင် အခြားသော လေဟာနယ်အစီအရင်တိုင်များကိုပါ ပြဿနာဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိရသည်။
နောက်ထပ် သုံးလေးလ မကြာမီ မဟာအစီအရင်တစ်ခုလုံး ပြိုကွဲသွားနိုင်ဖွယ် ရှိ၏။
"အစီအရင်ပညာရှင်ရွှီ၊ ဒီလေဟာနယ်အစီအရင်တိုင်တွေကို လဲမှ ရတော့မယ်။"
လီချန်က ပြောလိုက်သည်။
"ဟုတ်တယ်၊ လေဟာနယ် အစီအရင်တိုင်တွေကို လဲမှရမယ်။"
ရွှီရှုချန်က ခေါင်းညိတ်လိုက်ကာ "ဒါပေမဲ့... ဒီတစ်ခေါက် မဟာအစီအရင် ပြဿနာ တက်တာက၊ ဒီလောက် မရိုးရှင်းသလိုပဲ။ ကျွန်တော် မကြာသေးခင်တုန်းကမှ ပြုပြင်ထိန်းသိမ်းထားတာလေ..."
လီချန်သည် ရွှီရှုချန်၏ဆိုလိုရင်းကို သိသည်။
တကယ်တော့ သူသည်လည်း နေရာလွတ်ချိတ်ဆက်မှု အမှတ်နေရာ၏ ပြဿနာဖြစ်ကြောင်း၊ ပြင်ပကမ္ဘာမှ အနုတ်လက္ခဏာဆောင်သော စွမ်းအင်စိမ့်ဝင်မှုအရှိန်မြန်လာသဖြင့် မဟာအစီအရင် လည်ပတ်မှု၌ ချို့ယွင်းချက်ဖြစ်ပေါ်လာကာ၊ ထိုမှတစ်ဆင့် လေဟာနယ် အစီအရင်တိုင်များ ဝန်ပိသွားခြင်းဖြစ်ကြောင်း သုံးသပ်မိထားပြီး ဖြစ်သည်...
တစ်နည်းအားဖြင့် ဆိုရလျှင်၊ လေဟာနယ်အစီအရင်တိုင်များကို တိုက်ရိုက်လဲလှယ်လိုက်သည့်တိုင် အရင်းအမြစ်ကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။
"အစီအရင်ပညာရှင်ရွှီ၊ ဒါဆို ဒီလိုပြဿနာမျိုးက ပုံမှန်အားဖြင့် ဘာအကြောင်းအရင်းကြောင့် ဖြစ်တတ်လဲ။"
လီချန်က မေးလိုက်၏။
မည်သို့ပင်ဖြစ်စေ သူသည် ဤကဲ့သို့သော လေဟာနယ် မဟာအစီအရင်အပေါ် နက်နက်ရှိုင်းရှိုင်း လေ့လာထားခြင်း မရှိပေ။
တုထျန်းအစီအရင်ဂိုဏ်းတွင် အနည်းငယ်သာ ပါဝင်ပတ်သက်ခဲ့ဖူး၏။
ဤသည်မှာ သူ၏ အစီအရင်ပညာဗဟုသုတတွင် အလိုအပ်ဆုံးသောအပိုင်းဟု သတ်မှတ်နိုင်၏။
သူသည် ဤအခွင့်အရေးကို အသုံးပြု၍၊ နောင်တွင် အစီအရင်ပညာရှင်ရွှီနှင့် အစီအရင်ပညာအကြောင်း ကောင်းမွန်စွာ ဆွေးနွေး ဖလှယ်နိုင်ရန် မျှော်လင့်မိသည်။
"ပြင်ပကမ္ဘာရဲ့ပြဿနာ ဖြစ်နိုင်လောက်တယ်။"
ရွှီရှုချန်က ခဏမျှ နက်နက်နဲနဲ စဉ်းစားပြီးနောက်ပြောလိုက်သည်။
သို့သော် ပြင်ပကမ္ဘာဆိုပါက၊ ပြင်ပကမ္ဘာ လေဟာနယ်နယ်မြေနှင့် သက်ဆိုင်နေပြီး၊ ထိုနေရာမှာ ထျန်းနတ်ဘုရားများသာလျှင် ရှင်သန်နိုင်သော နယ်မြေဖြစ်သည်။
အကယ်၍ ကြီးမားသော ဝိညာဉ်ရတနာရှိပါကလည်း ရှင်သန်နေထိုင်နိုင်ပေသည်။
လေဟာနယ်ဓားပြအဖွဲ့များ နှိမ်နင်းရန် ခက်ခဲရခြင်း အကြောင်းရင်းမှာ သူတို့သည် ပြင်ပကမ္ဘာ လေဟာနယ်နယ်မြေအတွင်း၌ ပုန်းအောင်းရခြင်းကို နှစ်သက်သောကြောင့်ဖြစ်သည်။
"ဒါဆိုရင် ပြဿနာဖြစ်နေတဲ့နေရာကိုရှာချင်ရင် ပြင်ပကမ္ဘာ လေဟာနယ်နယ်မြေကို သွားရမယ်ပေါ့။"
လီချန် အံ့အားသင့်သွားသည်။
သူသည် ဒီကိစ္စ ဒီလောက်တောင် ရှုပ်ထွေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ပြင်ပကမ္ဘာ လေဟာနယ်နယ်မြေသို့ သွားရောက်ရန်မှာ ထင်သလောက် မလွယ်ကူပေ။
ယွီဟွာနတ်ဘုရားဂိုဏ်းဘက်တွင်မူ နည်းလမ်း သေချာပေါက် ရှိပေလိမ့်မည်။
"အင်း၊ အခုတော့ ပျက်စီးသွားတဲ့ လေဟာနယ်အစီအရင်တိုင်တွေကို အရင်လဲလိုက်ပြီး၊ ဒီကိစ္စကို အထက်ကို တင်ပြ၊ နတ်ဘုရားဂိုဏ်းဘက်က လာဖြေရှင်းမယ့်အချိန်ကို စောင့်ရုံပဲ ရှိတော့တယ်။"
ရွှီရှုချန်က ခေါင်းညိတ်လိုက်သည်။
သူသည် စောင့်ကြပ်ရေး အစီအရင်ပညာရှင်တစ်ဦး၊ မဟာအစီအရင်ကို ပြုပြင် ထိန်းသိမ်းရုံမျှသာ ဖြစ်ပြီး၊ ဤကဲ့သို့ ပြင်ပကမ္ဘာ လေဟာနယ်နယ်မြေနှင့် သက်ဆိုင်သော ကိစ္စရပ်များမှာမူ သူ၏တာဝန်နယ်ပယ်အတွင်း မပါဝင်တော့ပေ။
ထို့ကြောင့် လီချန်၏ကူညီမှုအောက်တွင် ရွှီရှုချန်သည် လေဟာနယ်အစီအရင်တိုင်အသစ်များကို ထုတ်ယူလိုက်ပြီး စတင် လဲလှယ်လေတော့သည်။
လီချန်သည် ဤအခွင့်အရေးကို အသုံးပြု၍ လေ့လာကြည့်ရှုရာ၊ အကျိုးအမြတ် မနည်းလှအောင် ရရှိခဲ့၏။
လေဟာနယ် အစီအရင်တိုင်များ လဲလှယ်ပြီးစီးသွားသည့်အခါ၊ မဟာအစီအရင်သည် တည်ငြိမ်သွားပြီး၊ ထိုဝဲဂယက်မှထွက်ပေါ်လာသော အနုတ်လက္ခဏာဆောင်သည့် စွမ်းအင်များကို များစွာ လျော့နည်းသွားစေ၏။
သို့သော် ရွှီရှုချန်သည် စိတ်သက်သာရာ မရသည့်အပြင် မျက်မှောင်ပိုကြုတ်သွားသည်။ အကြောင်းကတော့ ပြင်ပကမ္ဘာ လေဟာနယ်နယ်မြေ စွမ်းအင် တိုက်စားမှုမှာ ပြင်းထန်နေဆဲ ဖြစ်ပြီး၊ အချိန် ကြာလာသည်နှင့် အခြားသော လေဟာနယ် အစီအရင်တိုင်များလည်း ထိခိုက်ပျက်စီးဦးမည် ဖြစ်သောကြောင့်ပင်။
အရင်းအမြစ်ကို မဖြေရှင်းပါက၊ မဟာအစီအရင် ပြိုကွဲခြင်းမှာ အချိန်တစ်ခုသာလိုပေလိမ့်မည်။
ဤသို့ ဖာထေးသည့် နည်းလမ်းကို အားကိုးနေ၍ လုံးဝ အလုပ်မဖြစ်ပေ။ မည်သို့ပင်ဖြစ်စေ ကုန်ကျစရိတ် မြင့်မားလွန်းလှသည်။ လေဟာနယ် အစီအရင်တိုင်တစ်ခု၏ တန်ဖိုးမှာ မနည်းလှပေ။
အားလုံးပြီးစီးသွားသောအခါ သူတို့နှစ်ဦး မဟာအစီအရင် နေရာလွတ်အတွင်းမှ ထွက်ခွာလာကြ၏။
"ဘယ်လို အခြေအနေ ရှိလဲ။"
အပြင်ဘက်တွင်၊ ထျန်းလန်ကျောင်းတော်သခင်သည် သူတို့နှစ်ဦး ထွက်လာသည်ကို တွေ့မြင်လိုက်ရာ၊ ချက်ချင်း မေးလိုက်၏။
"ကျောင်းတော်သခင်ချူ၊ ဒီနေရာလွတ်ချိတ်ဆက်မှုအမှတ်နေရာက ပြဿနာတက်နေတယ်။ ကျွန်တော် လေဟာနယ်အစီအရင်တိုင်တွေကို လဲလှယ်လိုက်ပေမယ့် အချိန်တစ်ခုလောက်ပဲခံမှာ။ ပြဿနာကို ဖြေရှင်းချင်ရင် ပြင်ပကမ္ဘာ လေဟာနယ်နယ်မြေကို သွားမှ ဖြစ်မယ်။ ဒါကြောင့် ဒီကာလအတွင်း ဒီမဟာအစီအရင်နေရာကို လူလွှတ်ပြီး စောင့်ကြည့်ထားဖို့ လိုတယ်။ မတော်တဆမှုတွေ မဖြစ်ပွားအောင် ကာကွယ်ဖို့အတွက်ပေါ့။"
"ဒါက ပြဿနာ မရှိဘူး၊ ငါကိုယ်တိုင် စောင့်ကြည့်ပေးမယ်။"
ထျန်းလန်ကျောင်းတော်သခင်က ခေါင်းညိတ်လိုက်သည်။
နေရာလွတ် ချိတ်ဆက်မှု အမှတ်နေရာ ပြဿနာတက်နေခြင်းသည် တစ်စုံတစ်ရာသော အလားအလာရှိသည့် ဘေးအန္တရာယ်ကို ကိုယ်စားပြုနေရာ၊ အကောင်းဆုံး နည်းလမ်းမှာ သူကဲ့သို့သော ထျန်းနတ်ဘုရားအဆင့် ကျင့်ကြံသူကိုယ်တိုင် စောင့်ကြည့်နေခြင်းသာ ဖြစ်သည်။ ဤသို့ဆိုလျှင် မတော်တဆမှု ဖြစ်ပွားခဲ့သည့်တိုင် သူ အချိန်မီ ဖြေရှင်းနိုင်ပေမည်။
အခြား တာအိုကျောင်းတော်မှ တပည့်များဖြင့် အစားထိုးလိုက်ပါက သူ သိပ် စိတ်မချပေ။
"ဒါဆိုရင် ကျောင်းတော်သခင်ချူကို ဒုက္ခပေးရပါတော့မယ်။"
ထို့နောက် ရွှီရှုချန်နှင့် သူ့ကိုယ်ရံတော်များသည် ပျံသန်းယာဉ်ကို စီးနင်းလျက် နေရာမှ ထွက်ခွာသွားကြ၏။
.......
ပြင်ပကမ္ဘာ လေဟာနယ်နယ်မြေ။
ဤနေရာတွင် ထူးဆန်းသော စွမ်းအင်များဖြင့် ပြည့်နှက်နေ၏။
ထျန်းနတ်ဘုရားအဆင့် အစွမ်းအစ မရှိပါက၊ ဤသို့သော ပတ်ဝန်းကျင်အောက်တွင် ရှင်သန်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
ယခုအချိန်တွင်၊ ကြီးမားသော အထပ်မြင့် သင်္ဘောကြီးတစ်စင်းသည် လေဟာနယ်နယ်မြေအတွင်း၌ ရပ်တန့်နေပြီး၊ ထူးဆန်းသော အလင်းရောင်တစ်လွှာ၏လွှမ်းခြုံမှုကိုခံထားရ၏။
သင်္ဘောဦးပိုင်း ကုန်းပတ်ပေါ်တွင် လူရိပ်အချို့ ရပ်နေကြသည်။
သူတို့သည် အထပ်မြင့် သင်္ဘောကြီး၏အပေါ်ဘက် အရှေ့မျက်နှာစာ လေထုထဲရှိ ထူးဆန်းသော ဝဲဂယက်တစ်ခုကို မော့ကြည့်နေကြသည်။
သို့သော် ဤဝဲဂယက်၏ ပတ်ဝန်းကျင်တွင်၊ များပြားလှသော အစီအရင်အလံများ ဖြန့်ကျက်ထားပြီး၊ အလွန်ရှုပ်ထွေးသော မဟာအစီအရင်တစ်ခုကို ဖွဲ့စည်းထားကာ ထိုဝဲဂယက်ကို ဘောင်ခတ်ထားလေသည်။
များပြားလှသော လေဟာနယ်နယ်မြေ စွမ်းအင်များသည် မဟာအစီအရင်၏ မောင်းနှင်မှုအောက်တွင် ထိုဝဲဂယက်အတွင်းသို့ အရူးအမူး ပေါင်းစပ်ဝင်ရောက်နေပြီး ဝဲဂယက်အား ဆွဲဖွင့်လိုက်သကဲ့သို့ ဖြစ်စေကာ တဖြည်းဖြည်း ပိုမိုကြီးမားလာစေသည်။
ရုတ်တရက်ဆိုသလို ထို ဝဲဂယက်သည် ပြင်းထန်စွာ တစ်ချက်တုန်ခါသွားပြီး၊ မူလက တိုးဝင်နေသော လေဟာနယ်နယ်မြေ စွမ်းအင်များသည် ကြီးမားသော အတားအဆီးနှင့် တွေ့ကြုံလိုက်ရသကဲ့သို့၊ ပြောင်းပြန်ပြန်လှည့်လာပြီး၊ ထိုအစီအရင်အလံများကို ပြင်းထန်စွာ တုန်ခါသွားစေ၏။
"အစီအရင်ပညာရှင်ဟယ်၊ ဒါက ဘယ်လိုဖြစ်တာလဲ။"
ကုန်းပတ်ပေါ်ရှိ အနက်ရောင်သံချပ်ကာနှင့် ပုံရိပ်သည် ဘေးမှ မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုကို ကြည့်ကာ အလေးအနက်မေးလိုက်သည်။
မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအို၏ မျက်နှာပေါ်၌ သံသယများ ပေါ်ထွက်လာပြီး၊ လက်ထဲရှိ အစီအရင်အလံကို တစ်ချက် ဝှေ့ယမ်းကာ၊ ရှေ့အပေါ်ဘက်ရှိ မဟာအစီအရင်ကို ထိန်းချုပ်လိုက်ပြီးနောက်၊ မျက်နှာအမူအရာအနည်းငယ် ပြောင်းလဲသွားကာ၊ "သခင်ကြီး၊ ချန်းဝူလျှို့ဝှက်နယ်မြေထဲက အဲ့ဒီ နေရာလွတ်ချိတ်ဆက်မှုအမှတ်နေရာက မဟာအစီအရင် ပြုပြင်ခြင်း ခံလိုက်ရပြီ။ လေဟာနယ်နယ်မြေစွမ်းအင်တိုက်စားဝင်ရောက်မှုကို အတားအဆီးဖြစ်သွားစေတယ်။ မဟုတ်သေးဘူးလေ၊ ချန်းဝူလျှို့ဝှက်နယ်မြေထဲက အစီအရင်ပညာရှင်က လွန်ခဲ့တဲ့နှစ်ဝက်လောက်ကမှ ပြုပြင် ထိန်းသိမ်းသွားတာ။ ဒီလောက် မြန်မြန် ပြဿနာကို တွေ့ရှိသွားဖို့ မဖြစ်နိုင်ဘူး။ သတင်းအချက်အလက် မှားယွင်းနေတာများလား။"
"မှားယွင်းနေဖို့ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ သတင်းအချက်အလက်က အရမ်း တိကျတယ်။"
အနက်ရောင်သံချပ်ကာနှင့်ပုံရိပ်က ခေါင်းခါလျက် ဆို၏။
"အခု ချန်းဝူလျှို့ဝှက်နယ်မြေက မဟာအစီအရင်ကို ပြုပြင်ပြီးသွားပြီဆိုတော့ နေရာလွတ် ချိတ်ဆက်မှု အမှတ်နေရာ ပြဿနာ တက်နေတာကိုလည်း တွေ့ရှိသွားတာ ဖြစ်နိုင်တယ်။ ယွီဟွာနတ်ဘုရားဂိုဏ်းက လူလွှတ်ပြီး ဒီနေရာကို လာစစ်ဆေးတာနဲ့ ကြောက်ရတာက..."
မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအို အစီအရင်ပညာရှင်ဟယ်က ပြောလိုက်လေသည်။
သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။ ဤနေရာလွတ်ချိတ်ဆက်မှုအမှတ်နေရာကို ဤသို့ ဖြည်းညင်းစွာ တိုက်စားပြီး၊ ထိုမှတစ်ဆင့် ချန်းဝူလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်မည့် လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်လိုပါက အချိန် မမီတော့ပေ။
တစ်မျိုးက လက်လျှော့လိုက်ရမည်။
တစ်မျိုးက အတင်းအကျပ် တိုက်ခိုက်ရတော့မည်။
***