မပျက်သုဉ်းနိုင်သော ရွှေ
Vol. 19 Ch. 293
ယွီဟွာနတ်ဘုရားဂိုဏ်းမှ စစ်ကူများသည် နှေးကွေးစွာ ရောက်ရှိလာ၏။
လေဟာနယ်ဓားပြအဖွဲ့မှာမူ ပြင်ပကမ္ဘာ လေဟာနယ်နယ်မြေအတွင်းသို့ စောစောစီးစီးကတည်းက ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်သည်။
ဆက်လက်၍၊ နေရာလွတ်ချိတ်ဆက်မှုအမှတ်နေရာကို ပြန်လည် ပြုပြင်ခြင်းနှင့် မဟာအစီအရင်ကိုအသစ် ပြန်လည်တည်ဆောက်ခြင်းများ ပြုလုပ်ကြသည်။
ယွီဟွာနတ်ဘုရားဂိုဏ်းသည်လည်း၊ အင်အားကြီးမားသော သတင်းကွန်ရက်မှတစ်ဆင့် လေဟာနယ်ဓားပြအဖွဲ့သည် ချန်းဝူလျှို့ဝှက်နယ်မြေကို ဝင်ရောက်တိုက်ခိုက်ရသည့် ရည်ရွယ်ချက်မှာ၊ မကြာမီ ရိတ်သိမ်းတော့မည့် ဝိညာဉ်ဆေးပင်များကြောင့် မဟုတ်ဘဲ၊ ၎င်းမှာ လူများ၏ မျက်စိကို လှည့်စားခြင်းမျှသာဖြစ်ကြောင်း သိရှိလိုက်ရ၏။
သူတို့၏ စစ်မှန်သော ပစ်မှတ်မှာ၊ ချန်းဝူဝိညာဉ်သစ်ပင်ကြီး၏ သစ်ပင်နှလုံးသား ဖြစ်သည်။
"ချန်းဝူဝိညာဉ်သစ်ပင်ကြီးက မကြာခင် အဆင့်တက် ပြောင်းလဲတော့မှာလို့ မထင်ထားခဲ့ဘူး။ လေဟာနယ်ဓားပြအဖွဲ့တွေ ပစ်မှတ်ထားတာ မဆန်းတော့ပါဘူး။"
စခန်းချရာ နေရာတွင် လော်ယွမ်းတာအိုကျောင်းတော်မှ တပည့်အချို့ ဆွေးနွေး ပြောဆိုနေကြ၏။
ချန်းဝူဝိညာဉ်သစ်ပင်ကြီး၏ သစ်ပင်နှလုံးသားသည် ပုံမှန် အခြေအနေအောက်တွင် တန်ဖိုးကြီးမားသည်ဟု ဆိုနိုင်သော်လည်း အသုံးဝင်ပုံမှာ သိပ်မကြီးမားလှပေ။ သို့သော် အဆင့်တက်ပြောင်းလဲနေသော ချန်းဝူဝိညာဉ်သစ်ပင်ကြီး၏ သစ်ပင်နှလုံးသားမှာမူ မတူညီတော့ဘဲ သစ်သားဓာတ် ကျင့်စဉ်များကို ကျင့်ကြံသူများအတွက် ရွှမ်းနတ်ဘုရားအဆင့်သို့ ထိုးဖောက် တက်လှမ်းရာတွင် အကောင်းဆုံးသော အရင်းအမြစ် ဖြစ်သည်ဟု ဆိုကြ၏။
"ကံကောင်းလို့၊ ဆရာတူညီလေးက မဟာအစီအရင်ရဲ့ ပြဿနာကို အချိန်မီတွေ့ခဲ့ပြီး ဆရာကလည်း နေရာလွတ်ချိတ်ဆက်မှု အမှတ်နေရာမှာ စောင့်ကြပ်နေခဲ့လို့သာ၊ မဟုတ်လို့ရှိရင် ဒီ သစ်ပင်နှလုံးသားကို လေဟာနယ်ဓားပြအဖွဲ့တွေ လုယူသွားနိုင်လောက်တယ်။"
"ဟုတ်တယ်၊ သစ်ပင်နှလုံးသားသာ လုယူခံလိုက်ရရင်၊ ဒီချန်းဝူဝိညာဉ်သစ်ပင်ကြီးက အသုံးမကျတော့ဘူး။ ချန်းဝူလျှို့ဝှက်နယ်မြေတစ်ခုလုံးလည်း ပျက်စီးသွားလိမ့်မယ်။ ငါတို့ လော်ယွမ်းတာအိုကျောင်းတော်လည်း အပြစ်ပေးခံရလောက်တယ်။"
"ဆရာတူညီလေးလီချန်က ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ မထင်ထားဘူး။ မြေနတ်ဘုရားတောင် ဖြစ်နေပြီ။ ငါ ဂိုဏ်းဝင်လာတာ နှစ်တစ်ရာလောက် ရှိပြီ။ အခုထိ ဗလာနတ်ဘုရား အဆင့်ကိုးပဲ ရှိသေးတယ်။ ဒီကွာခြားချက်က ဘယ်လိုလုပ် ဒီလောက်ကြီးမားနေရတာလဲ။"
"ဟဲ ဟဲ၊ ဆရာတူညီလေးလီချန်က မြေနတ်ဘုရားတင် မဟုတ်ဘူး။ တာအိုအငွေ့အသက်ကလည်း တာအိုအဖြစ်ပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိနေပြီ။ ဟင်း၊ တာအိုအဖြစ်ပြောင်းလဲခြင်းဆိုတော့၊ နောင် ထျန်းနတ်ဘုရားဖြစ်လာဖို့ဆိုတာ ထမင်းစားရေသောက်သလို လွယ်ကူနေပြီ။"
"ထျန်းနတ်ဘုရားတင် ဘယ်ကမလဲ။ ရွှမ်းနတ်ဘုရားတောင် မခက်ခဲလောက်ဘူး ထင်တယ်။ အဲ့ဒီအချိန်ကျရင် ငါတို့ လော်ယွမ်းတာအိုကျောင်းတော်လည်း အနည်းဆုံးတော့ တာအိုရိပ်သာအဆင့်လောက်တော့ ရနိုင်လောက်ပြီ။"
ထိုအချိန်တွင် ဆရာတူအစ်ကိုကြီး ရှောင်းဟယ် လျှောက်လှမ်း ရောက်ရှိလာ၏။
"ဆရာက အမိန့်ထုတ်ထားတယ်။ နောက်ဆိုရင် ဆရာတူညီလေးလီချန်ရဲ့ကျင့်ကြံမှုအဆင့် ကိစ္စကို ဆွေးနွေးပြောဆိုတာ တင်းကျပ်စွာ တားမြစ်တယ်။ ပြီးတော့ ဒီတစ်ခေါက် ဆရာတူဂျူနီယာညီလေးက လေဟာနယ်ဓားပြအဖွဲ့က မြေနတ်ဘုရားအချို့ကို သတ်ဖြတ်ခဲ့တဲ့ကိစ္စကိုလည်း တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားရမယ်။"
"ဟုတ်ကဲ့ပါ၊ အစ်ကိုကြီး။"
တပည့်များသည် အလျင်အမြန် အမိန့်ကို နာခံလိုက်ကြ၏။
သူတို့သည်လည်း ဆရာတူညီလေးလီချန်၏ ကျင့်ကြံမှုအရှိန်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် အပြင်သို့ ပေါက်ကြားသွားပါက ပြဿနာအချို့ကို ဆွဲငင်ယူဆောင်လာနိုင်သည်ကို သိရှိကြ၏။
အပြင်ဘက်မှသာ မဟုတ်ဘဲ နတ်ဘုရားဂိုဏ်း အတွင်းပိုင်းတွင်လည်း အပါအဝင်ဖြစ်သည်။
ယခုအချိန်တွင် လီချန်နှင့် ထျန်းလန်ကျောင်းတော်သခင်တို့ စကားပြောဆိုနေကြ၏။
"လီချန်၊ နောင်ဆိုရင် ငါ့လော်ယွမ်းတာအိုကျောင်းတော်က၊ မင်းအတွက် နတ်ဘုရားသလင်းကျောက်တွေကို ဦးစားပေးထောက်ပံ့ပေးသွားမယ်။ အမြန်ဆုံးအရှိန်နဲ့ ထျန်းနတ်ဘုရားအဆင့်ကို ရောက်ရှိနိုင်အောင် လုပ်ဆောင်သွားမယ်။"
လီချန်မှာ အလွန်ထူးချွန်လွန်းလှ၏။
အမြန်ဆုံးအရှိန်ဖြင့် ထျန်းနတ်ဘုရားအဆင့်သို့ ရောက်ရှိမှသာဖြစ်မည်ဖြစ်ပြီး၊ မဟုတ်ပါက မြေနတ်ဘုရားအဆင့်၌ အချိန်အကြာကြီး နှောင့်နှေးနေပါက သူ၏အလားအလာကို အလဟဿ ဖြစ်စေမည်မှာ သေချာ၏။
အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲ၌ လီချန်သည် တာအိုအဖြစ်ပြောင်းလဲ သန္ဓေသားဖွဲ့ခြင်း အဆင့် မျှော်လင့်ချက် ရှိရုံသာမက၊ မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားအဆင့်ပင် ဖြစ်နိုင်ခြေ ရှိသည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။
ကြားသိရသည်မှာ မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားအဖြစ်သို့ ရောက်ရှိလိုပါက သက်တမ်းအပေါ်၌ အလွန်အရေးကြီးသော လိုအပ်ချက်တစ်ခု ရှိသည်ဟုဆို၏။
ထိုအရာမှာ သက်တမ်း နှစ်တစ်သောင်းထက် မကျော်လွန်ရန်ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရလျှင်၊ နှစ်တစ်သောင်းအတွင်း မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားအဆင့်သို့ မတက်လှမ်းနိုင်ပါက ထာဝရ မျှော်လင့်ချက်ရှိတော့မည်မဟုတ်ပေ။
လီချန်သည် အောက်ဘုံမှ တက်လှမ်းလာသူဖြစ်ပြီး၊ အောက်ဘုံ၌ သက်တမ်း နှစ်တစ်သောင်းကျော် နေထိုင်ခဲ့ပြီး ဖြစ်နိုင်သော်လည်း၊ ဤအချိန်ကာလကို အထက်ဘုံ၏ သက်တမ်းအတိုင်း တွက်ချက်ရမည် ဖြစ်သည်။
အထက်ဘုံ တစ်ရက်သည်၊ အောက်ဘုံ တစ်နှစ်နှင့် ညီမျှသည်။
ထို့ကြောင့် အောက်ဘုံ၌ နှစ်သောင်းပေါင်းများစွာ နေထိုင်ခဲ့သည့်တိုင် မည်သည့် သက်ရောက်မှုမျှ ရှိမည် မဟုတ်ပေ။
လော်ယွမ်းတာအိုကျောင်းတော်၏ ကျင့်ကြံမှုအခြေအနေမှာ ထိုတာအိုနန်းတော်များနှင့် နှိုင်းယှဉ်ပါက အလွန် ကွာခြားလှသည်... နေ့စဉ် ကျင့်ကြံမှု၌ နတ်ဘုရားဝိညာဉ်ချီကို အသုံးပြုနိုင်ခြင်း မရှိရာ ဤသည်မှာ လီချန်၏အနာဂတ်အောင်မြင်မှုကို ကြီးမားစွာ သက်ရောက်မှု ရှိစေပေလိမ့်မည်။
ထို့ကြောင့် သူသည် တာအိုကျောင်းတော်၏အင်အားကို စုစည်းပြီး၊ တတ်နိုင်သမျှ အကောင်းဆုံးသော ကျင့်ကြံမှု ခြေအနေများကို ထောက်ပံ့ပေးကာ၊ ကွာခြားချက်အချို့ကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်၏။
သူ ရုတ်တရက် အနည်းငယ် နှမြောတသ ဖြစ်မိသည်။ အကယ်၍ လီချန်သာ ဝူရွှမ်းတာအိုနန်းတော်သို့ ဝင်ရောက်နိုင်ခဲ့ပြီး၊ ဝူရွှမ်းတာအိုသခင်မ၏ တာအိုအသီးအဆင့် တပည့်တစ်ဦး ဖြစ်လာနိုင်ခဲ့ပါက လီချန်၏ကျင့်ကြံမှုအရှိန်မှာ ပိုမိုလျင်မြန်လာနိုင်ဖွယ်ရှိပေသည်။
"ဆရာ့ကို ကျေးဇူးတင်ပါတယ်။"
လီချန်က ငြင်းပယ်ခြင်း မပြုခဲ့ပေ။
တာအိုကျောင်းတော်မှ ထောက်ပံ့ပေးသော အရင်းအမြစ်များသည် သူ့အပေါ်သို့ စုစည်းပေးလိုက်သည့်တိုင် အလွန်များပြားမည် မဟုတ်သည်ကို သူ သိရှိသော်လည်း သူ၏ကျင့်ကြံမှု အဆင့်တက်နှုန်း ဤမျှမြန်ဆန်နေခြင်းကို ဖုံးကွယ်ထားရန်လည်း လိုအပ်ပေသည်။
နည်းလမ်း မရှိပေ။ အခြားသော ဆရာတူအစ်ကိုကြီး၊ အစ်မကြီးများကို ယာယီ နစ်နာခံခိုင်းရုံသာ ရှိတော့သည်။
သူ၏ကျင့်ကြံခြင်း အရင်းအမြစ်များ တိုးပွားလာသည်နှင့်အမျှ အခြားသူများမှာ သေချာပေါက် လျော့နည်းသွားပေလိမ့်မည်။
အမှန်တကယ် လက်တွေ့အခြေအနေတွင်၊ ထျန်းလန်ကျောင်းတော်သခင် လီချန်အား ထောက်ပံ့ပေးသော ကျင့်ကြံခြင်း အရင်းအမြစ်များမှာ သူ ထင်မှတ်ထားသည်ထက် ပိုမို များပြားနေသည်ကို တွေ့ရှိရသည်။
အဘယ်ကြောင့်ဆိုသော် ထျန်းလန်ကျောင်းတော်သခင်သည် သူ့နေ့စဉ် ကျင့်ကြံခြင်းအရင်းအမြစ်များကိုပင် အားလုံးနီးပါး လီချန်အား ပေးအပ်လိုက်သောကြောင့် ဖြစ်သည်။
"ဆရာ၊ ဆရာ့ရဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေအကုန်လုံး တပည့်ကို ပေးလိုက်ရင် ဆရာ့ရဲ့ကျင့်ကြံမှု ဘယ်လိုလုပ်မလဲ။"
လီချန်က ထျန်းလန်ကျောင်းတော်သခင်ကို မေးလိုက်၏။
"ဒီကိစ္စကို မင်း စိတ်ချပါ။ ဆရာ့ရဲ့ ကျင့်ကြံမှုအရှိန်က အများဆုံး နည်းနည်းနှေးသွားရုံလောက်ပါပဲ... သက်ရောက်မှု သိပ်မရှိပါဘူး။"
ထျန်းလန်ကျောင်းတော်သခင်က ညင်သာစွာ ရယ်မောလျက် ဆို၏။
မည်သို့ပင်ဖြစ်စေ သူ ထျန်းနတ်ဘုရားအဆင့်သို့ ခြေချပြီးနောက် ကျင့်ကြံမှုအရှိန်မှာ မူလကတည်းက အလွန်နှေးကွေးနေခဲ့ပြီး ဖြစ်သည်။
နည်းလမ်း မရှိပေ။ သူ၏ဝိညာဉ်အမြစ်ပါရမီမှာ မူလကတည်းက သာမန်မျှသာ ဖြစ်ပြီး၊ ထျန်းနတ်ဘုရားအဆင့်သို့ ထိုးဖောက်နိုင်ခဲ့ခြင်းမှာ... လီချန်၏ တာအိုဝိညာဉ်ကြောင့် အဓိကဖြစ်ပေသည်။
"မင်း စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေ ဘာမှထားစရာမလိုပါဘူး။ ငါ့ရဲ့လော်ယွမ်းတာအိုကျောင်းတော်မှာ ဒုတိယမြောက် ထျန်းနတ်ဘုရားတစ်ပါး မွေးဖွားလာနိုင်ခဲ့ရင် အနာဂတ်မှာ မင်း ရွှမ်းနတ်ဘုရား ဖြစ်လာခဲ့ရင်... ငါတို့ လော်ယွမ်းတာအိုကျောင်းတော် တစ်ခုလုံးအတွက် အဆုံးမဲ့သော ကောင်းကျိုးတွေ ရှိလာမှာ။ မင်းရဲ့ အဲ့ဒီ ဆရာတူအစ်ကိုကြီး၊ အစ်မကြီးတွေ၊ ပြီးတော့ ဆရာဦးလေးနှစ်ယောက်က ဝမ်းသာရုံပဲရှိကြမှာ..."
ထျန်းလန်ကျောင်းတော်သခင်က ဆို၏။
သူသည် များပြားလှသော တာအိုကျောင်းတော်မှ တပည့်များ၏ အရင်းအမြစ် ထောက်ပံ့မှုကို ကြီးမားစွာ လျှော့ချလိုက်သည် မှန်သော်လည်း၊ တပည့်များမှာ မည်သည့် မကျေနပ်ချက်မျှ မရှိကြပေ။
သူတို့အားလုံး ရှင်းလင်းစွာ သိရှိကြသည်မှာ လီချန်သည် လော်ယွမ်းတာအိုကျောင်းတော်အတွက် မည်မျှ အရေးကြီးကြောင်းပင်။
........
ဤသို့ဖြင့် နှစ်နှစ်တာ အချိန်ကာလသည် ယိမ်းယိုင် လှုပ်ရှားရင်း ကုန်လွန်သွားခဲ့ပြန်သည်။
ဤနှစ်နှစ်အတွင်း၊ သူ ကင်းလှည့်ရန် မလိုအပ်ဘဲ ကျင့်ကြံရုံသာကျင့်ကြံနေရသည်။
ထို့ကြောင့် သူသည် ဝိညာဉ်အပင် စိုက်ပျိုးမှုဆိုင်ရာ ဗဟုသုတများကို လေ့လာသင်ယူရန် အချိန် ပိုမိုရရှိခဲ့သည်။
ထို့အပြင် သူသည် ချန်းဝူလျှို့ဝှက်နယ်မြေကို စောင့်ကြပ်နေသော အစီအရင်ပညာရှင် ရွှီရှုချန်နှင့် အစီအရင်ပညာအကြောင်း ပိုမို နက်ရှိုင်းစွာ ဆွေးနွေး ဖလှယ်နိုင်ခဲ့ပြီး၊ သူ၏အစီအရင်ပညာအတွက် ကြီးမားသော အထောက်အကူ ဖြစ်စေခဲ့သည်။
ရွှီရှုချန်သည် လီချန်၏အစီအရင်ပညာ တတ်ကျွမ်းမှုကို နားလည် သိရှိပြီးနောက် အလွန်အံ့အားသင့်သွားပြီး သူသည် လီချန်အား ယွိချင်းအစီအရင်စံအိမ်သို့ ဝင်ရောက်၍ ပိုမို နက်ရှိုင်းသော အစီအရင်ပညာများကို လေ့လာ သင်ယူနိုင်ရန် မိတ်ဆက်ပေးနိုင်ကြောင်း တက်ကြွစွာ ကမ်းလှမ်းခဲ့သေးသည်။
သို့ရာတွင် ယွိချင်းအစီအရင်စံအိမ်သို့ ဝင်ရောက် လေ့လာ သင်ယူလိုပါက လိုအပ်ချက် တစ်ခု ရှိသည်။၊ ထိုအရာမှာ နတ်ဘုရားသလင်းကျောက် ပေးချေရမည်ဖြစ်ပြီး... အခမဲ့ မဟုတ်ပေ။
လီချန် စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး ယွိချင်းအစီအရင်စံအိမ်၏ အဖွဲ့ဝင်ဖြစ်လာမှသာလျှင် ခြွင်းချက်ဖြစ်သည်။
ဤသည်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပေ။
လီချန်သည် လောလောဆယ်တွင် ယွိချင်းအစီအရင်စံအိမ်သို့ သွားရောက်ပြီး အစီအရင်ပညာ လေ့လာရန် အစီအစဉ် မရှိသေးပေ။ အနည်းဆုံး သူ ထျန်းနတ်ဘုရားအဆင့်သို့ ရောက်ရှိပြီး နတ်ဘုရားအထောက်အထား မရရှိမီ အချိန်အထိ ဖြစ်သည်။
သို့သော်၊ ရွှီရှုချန်ဟူသော လမ်းကြောင်း ရှိနေပြီဖြစ်ရာ နောင်တွင် များစွာအဆင်ပြေသွားပေလိမ့်မည်။
ထို့အပြင် သူသည် ရွှီရှုချန်၏နှုတ်မှ တိုက်ခိုက်ရေးအစီအရင်ပညာရှင်ရှိနေကြောင်းကိုလည်း သိရှိခဲ့ရသည်။
အစီအရင်ပညာနှင့် နတ်ဘုရားပညာရပ်၊ ဝိညာဉ်ကိရိယာများကို ပေါင်းစပ်၍ ဓားအစီအရင်၊ ချီအစီအရင်၊ ဂါထာအစီအရင်များကို တည်ဆောက်နိုင်သည်ဟုဆို၏။
ဤကဲ့သို့သော တိုက်ခိုက်ရေးအစီအရင်ပညာရှင်များသည် တူညီသော အဆင့်အတန်းတွင် ပြိုင်ဘက်ကင်းပြီး၊ တစ်ဦးတည်း အစွမ်းဖြင့် အများအပြားသော တူညီသည့်အဆင့် နတ်ဘုရားကျင့်ကြံသူများ၏တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိသည်ဟုဆို၏။
အကြောင်းအရင်းမှာ တိုက်ခိုက်ရေးအစီအရင်ပညာရှင်များသည် အစီအရင်၏စွမ်းအားကို အသုံးပြု၍ အင်အားကြီးမားသော တိုက်ခိုက်ရေးအစီအရင်များကို တည်ဆောက်နိုင်သောကြောင့်ဖြစ်သည်။
တိုက်ခိုက်ရေးအစီအရင်သည် သာမန်အစီအရင်များနှင့် မတူညီဘဲ ပုံသေအစီအရင်တည်ဆောက်ခြင်း၊ သို့မဟုတ် အစီအရင်ပြားကို အသုံးပြု၍ အစီအရင်ကို မောင်းနှင်ခြင်းမျိုးသာ ပြုလုပ်နိုင်ခြင်း မဟုတ်ပေ...
စစ်မှန်သော တိုက်ခိုက်ရေးအစီအရင်ပညာရှင်သည်၊ မိမိကိုယ်ကို အစီအရင်ပြားအဖြစ် အသုံးပြုပြီး၊ မိမိ၏ဝိညာဉ်စွမ်းအား သို့မဟုတ် ဝိညာဉ်ကိရိယာများကို ထိန်းချုပ်ကာ အင်အားကြီးမားသော တိုက်ခိုက်ရေးအစီအရင်များကို တည်ဆောက်နိုင်ခြင်းဖြစ်သည်။
ကံမကောင်းသည်မှာ လီချန်သည် လောလောဆယ် တိုက်ခိုက်ရေးအစီအရင် မည်သို့တည်ဆောက်ရမည်ကို လုံးဝ မသိရှိသေးဘဲ ယွိချင်းအစီအရင်စံအိမ်သို့ ဝင်ရောက်မှသာလျှင် ဤအခွင့်အရေး ရရှိနိုင်ပေလိမ့်မည်။
.....
ကျင့်ကြံရာလှိုဏ်ဂူစံအိမ်အတွင်း။
လီချန်သည် တာအိုအငွေ့အသက် ဉာဏ်အလင်းပွင့်ခြင်း ပြီးဆုံးခါစဖြစ်ပြီး၊ စနစ်မျက်နှာပြင်ပေါ်မှ နောက်ဆုံး သတင်းအချက်အလက်များကို ကြည့်ရင်း မျက်နှာပေါ်၌ အပြုံးရိပ်တစ်စ ပေါ်ထွက်လာ၏။
မြေနတ်ဘုရားအဆင့် အဆင့် ၇ (၉/၁၀၀)။
အချိန်ခေါင်းလောင်း (နတ်ဘုရားကိရိယာ ၃၄၆၆/၁၀၀00000)။
ကောင်းကင်ဘုံ သတ္တမဓား (အနည်းငယ်ပြီးမြောက်ခြင်း ၇၉/၁၀၀)။
မျက်လုံးခြောက်လုံးပိုင်ဆိုင်သော ပရမ်းပတာ လျှို့ဝှက်နတ်ဘုရား သက်ဆင်းခြင်းပညာ (ကြီးမားသော သက်ဆင်းခြင်း ၈၀/၁၀၀)။
ဓားတာအိုအငွေ့အသက် (တာအိုအဖြစ်ပြောင်းလဲခြင်း ၁၈/၁၀၀)။
နိယာမ: လင့်တုန်းမျိုးစေ့ (အညှောင့်ပေါက်ခြင်း ၁၂/၁၀၀)။
ချန်ယွမ်အစီအရင်ကျမ်း (ဆယ့်ခြောက်အခြေခံ ၆/၁၀၀)။
ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ (အဆင့်လေး ၅/၁၀၀)။
သူ၏ လက်ရှိကျင့်ကြံမှုသည် မြေနတ်ဘုရား အဆင့်ခုနစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ စစ်မှန်သော အဆင့်မြင့် မြေနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပေပြီ။
ဝိညာဉ်ဆေးပင်စိုက်ပျိုးသူဟူသော အသက်မွေးဝမ်းကျောင်းပညာရပ်သည်လည်း ဆန္ဒရှိသည့်အတိုင်း အဆင့်လေးသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
ယခု သူ၏အချိန်ခေါင်းလောင်း ကမ္ဘာငယ်အတွင်း၌ သူ စိုက်ပျိုး,ပျိုးထောင်ထားသော ဝိညာဉ်ဆေးပင်များ ကြီးထွားမှု အလွန်ကောင်းမွန်နေပြီး၊ အဆင့်လေး ဝိညာဉ်ဆေးပင်များပင် ပါဝင်သည်။
သဘာဝအတိုင်း ပေါက်ရောက်သော ဝိညာဉ်ဆေးပင်များနှင့်၊ ဝိညာဉ်ဆေးပင်စိုက်ပျိုးသူများ စိုက်ပျိုးထားသော ဝိညာဉ်ဆေးပင်များအကြား၊ ကြီးမားသော ကွာခြားချက်ရှိသည်။
သဘာဝ ဝိညာဉ်ဆေးပင်များသည် အဓိကအားဖြင့် ထူးခြားသော ပထဝီအနေအထား ပတ်ဝန်းကျင်ကို အားကိုးရပြီး၊ အထွက်နှုန်း အလွန်နည်းပါးကာ နှစ်ကာလ ကြာမြင့်စွာ စုဆောင်းထားမှသာလျှင် ဖြစ်နိုင်ပေသည်။
လူက စိုက်ပျိုးထားသော ဝိညာဉ်ဆေးပင်များမှာမူ ဝိညာဉ်ဆေးပင်စိုက်ပျိုးသူများ၏ ပျိုးထောင်မှုအောက်တွင် လျင်မြန်စွာ ကြီးထွား ရင့်ကျက်နိုင်ပြီး နောက်ဆုံးအရည်အသွေးနှင့် ဆေးအာနိသင်မှာ သဘာဝဝိညာဉ်ဆေးပင်များထက် အနည်းငယ် ညံ့ဖျင်းနိုင်သော်လည်း၊ အထွက်နှုန်းများပြားခြင်းနှင့် ဦးတည်ချက်ထား၍ စိုက်ပျိုး,ပျိုးထောင်နိုင်ခြင်းတို့မှာ အားသာချက်ဖြစ်သည်။
ထိုအဆင့်မြင့်သော ဝိညာဉ်ဆေးပင်များသာလျှင် ပတ်ဝန်းကျင်နှင့် ဝိညာဉ်ဆေးပင်စိုက်ပျိုးသူအပေါ် လိုအပ်ချက် အလွန်မြင့်မားလွန်းသဖြင့် လူက စိုက်ပျိုးရန် အခက်အခဲ အလွန်ကြီးမားစေခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က လီချန် ဝင်ရောက်ခဲ့ဖူးသော ယွီဟွာနတ်ဘုရားနယ်မြေအတွင်း၌ အတွင်း၌ သဘာဝအတိုင်း ပေါက်ရောက်နေသော ဝိညာဉ်ဆေးပင်များမှာ အနည်းဆုံး အဆင့်လေးအထက်ရှိပြီး နှစ်ကာလ ကြာမြင့်စွာ ရှိနေကာ ဆေးအာနိသင် အလွန် ပြင်းထန်လှသည်။ ဝိညာဉ်ဆေးပင်တစ်ပင်တည်းကပင် နတ်ဘုရားသလင်းကျောက် တစ်မှတ် သို့မဟုတ် နှစ်မှတ်ခန့် တန်ဖိုး ရှိနိုင်ပြီး ပိုမို မြင့်မားသော ဝိညာဉ်ဆေးပင်များမှာမူ တန်ဖိုး ပိုမိုမြင့်မားလှ၏။
ကြားသိရသည်မှာ ပိုမိုအဆင့်မြင့်သော နတ်ဘုရားဆေးပင်များသည် ထိပ်တန်းသော ဝိညာဉ်ဆေးပင်စိုက်ပျိုးသူများပင် ပျိုးထောင်နိုင်စွမ်း မရှိဟု ဆို၏။
ဤသို့သော နတ်ဘုရားဆေးပင်မျိုးသည် ထူးခြားသော နတ်ဘုရားဝိညာဉ်ဆေးအငွေ့အသက်များ ပါဝင်နေပြီး နတ်ဘုရားဝိညာဉ်ဆေးလုံးများ သန့်စင်ရာတွင် အသုံးပြုနိုင်ကာ အလွန်အဖိုးတန်လှ၏။
တစ်ပင်လျှင် နတ်ဘုရားသလင်းကျောက် ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းခန့် တန်ဖိုးရှိနိုင်ပေသည်။
လီချန်၏ပစ်မှတ်မှာ နတ်ဘုရားဆေးပင်များကို ပျိုးထောင်ရန်ဖြစ်သည်။
ဤသို့ဖြင့် ပြန်လည် ရောင်းချသည်ဖြစ်စေ၊ နတ်ဘုရားဆေးလုံးအဖြစ် သန့်စင်သည်ဖြစ်စေ၊ သေချာပေါက် အမြတ်အစွန်း ကြီးမားလှပေမည်။
လီချန်သည် အချိန်ခေါင်းလောင်း ကမ္ဘာငယ်မှ နတ်ဘုရားဝိညာဉ်ချီ စုပ်ယူနိုင်သည့် ထိရောက်မှုအပေါ် နှေးကွေးလွန်းသည်ဟု ခံစားနေရဆဲဖြစ်သည်။
တစ်နှစ်လျှင် နတ်ဘုရားသလင်းကျောက် တစ်သောင်းကျော်မျှသာ ရရှိပြီး၊ နေ့စဉ်ကျင့်ကြံမှုအတွက် ကုန်ဆုံးသွားသည်များကို နုတ်လိုက်ပါက နောက်ဆုံးတွင် ဘယ်လောက်များကျန်နိုင်မှာမို့လို့လဲ။
သူသည် နတ်ဘုရားရွှေများကို ဝယ်ယူရန် ဝိညာဉ်ကိရိယာများ ပိုမိုသန့်စင်ရန် လိုအပ်ပြီး၊ နောင်တွင် တိုက်ခိုက်ရေးအစီအရင်ပညာရှင်ဖြစ်လာရန် ပြင်ဆင်ရမည်ဖြစ်ကာ၊ ထို့အပြင် ယွိချင်းအစီအရင်စံအိမ်သို့ ဝင်ရောက်၍ အစီအရင်ပညာ ဗဟုသုတများကို လေ့လာသင်ယူရာတွင်လည်း နတ်ဘုရားသလင်းကျောက်များ ကုန်ကျမည် ဖြစ်သည်။
ထိုအချိန်တွင် စက္ကူငှက်တစ်ကောင် လှိုဏ်ဂူစံအိမ်၏အပြင်ဘက်၌ ပေါ်ထွက်လာ၏။
လီချန်သည် စက္ကူငှက်ပေါ်မှ သတင်းအချက်အလက်များကို လက်ခံ ရယူပြီးနောက် လှိုဏ်ဂူစံအိမ်မှ ထွက်ခွာခဲ့ပြီး ခန်းမဆောင်ကြီးတစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
အခြား လော်ယွမ်းတာအိုကျောင်းတော်မှ တပည့်များအားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။
လော်ယွမ်းတာအိုကျောင်းတော်၏ လျှို့ဝှက်နယ်မြေ စောင့်ကြပ်ရေး တာဝန် သက်တမ်းပြည့်သွားခဲ့ပြီဖြစ်သည်။
လူတိုင်း အလွန်ဝမ်းမြောက်နေကြ၏။
လျှို့ဝှက်နယ်မြေအတွင်း၌ အလွန်အေးဆေးသက်သာပြီး အပိုဝင်ငွေလည်း မဆိုးလှသော်လည်း၊ လျှို့ဝှက်နယ်မြေအတွင်း၌သာ နေထိုင်ရသည်မှာ မည်သို့ပင်ဖြစ်စေ အလွန်ပိတ်လှောင်လွန်းလှ၏။
ယခု တာဝန် ပြီးဆုံးသွားပြီဖြစ်ရာ နောက်ဆုံးတွင် အပြင်ထွက်နိုင်လေပြီ။
.....
ယွီဟွာနတ်ဘုရားဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် လီချန်သည် နတ်ဘုရားဓားဂိုဏ်းသို့ ဦးစွာတစ်ခေါက် သွားရောက်ခဲ့သည်။
ငါးနှစ်တာ အချိန်အတွင်း ယခုနတ်ဘုရားဓားဂိုဏ်း၏အဖွဲ့ဝင်မှာ ဆယ်ဂဏန်းကျော်အထိ တိုးပွားလာခဲ့ပြီဖြစ်သည်။
လီချန်၏ ကိုယ်တိုင်သင်ကြားသော တပည့်အချို့တွင် လင်ချီမှလွဲ၍ အားလုံး တက်လှမ်းရောက်ရှိလာကြပြီ ဖြစ်သည်။
လင်ချီသည် အစီအရင်ပညာရှင်တစ်ဦးအနေဖြင့် ကျင့်ကြံမှုပါရမီ အလွန်သာမန်မျှသာဖြစ်ပြီး၊ အချိန်ခေါင်းလောင်း ဝိညာဉ်ကိရိယာအဆင့်မှ တာအိုအဆင့်ကိရိယာအထိ အဆင့်မြှင့်တင်ခြင်းကို စောင့်ဆိုင်းနိုင်ခဲ့သော်လည်း၊ နောက်ဆုံးတွင် ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ်အဆင့်သို့ မဝင်ရောက်နိုင်ခဲ့ဘဲ အကြွင်းမဲ့သူတော်စင်အဆင့်၌ပင် သေဆုံးသွားခဲ့ရသည်။
ယခု နတ်ဘုရားဓားဂိုဏ်း၏ ဗလာသို့ပြန်ခြင်းနေရာ စီမံခန့်ခွဲမှုမှာ အတော်အတန် ချောမွေ့လျက် ရှိပြီး၊ အမတနယ်မြေနှင့် ချန်းလန်နယ်မြေမှ ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ဗလာသို့ပြန်ခြင်းကျင့်ကြံသူ အများစုကို စုစည်းထားနိုင်ခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံခြင်း အရင်းအမြစ်များ ပြဿနာကြောင့် ယခုနတ်ဘုရားဓားဂိုဏ်းမှ လူဆယ်ဂဏန်းကျော်၏ကျင့်ကြံမှုအရှိန်မှာ နှေးကွေးလျက် ရှိသည်။
ဗလာသို့ပြန်ခြင်းနေရာ၏ စီမံခန့်ခွဲမှု ဝင်ငွေသည် သူတို့၏ကျင့်ကြံမှုကို ဖြည့်ဆည်းပေးရန် လုံးဝ မလုံလောက်ဘဲ... လီချန်က ကျင့်ကြံခြင်း အရင်းအမြစ်များကို ထောက်ပံ့ပေးမှသာရပေမည်။
မည်သို့ပင်ဖြစ်စေ လီချန်သည်လည်း ဗလာသို့ပြန်ခြင်းနေရာကို အားကိုး၍ နတ်ဘုရားသလင်းကျောက် ရှာဖွေရန် ရည်ရွယ်ထားခြင်း မရှိပေ။
ဤသည်မှာ မည်သည့် နှစ်၊ မည်သည့် လမှ ရရှိနိုင်မည်ကို မသိနိုင်ပေ။
ထွက်ခွာလာသည့်အခါ လီချန်သည် နတ်ဘုရားဓားဂိုဏ်းအတွက် ကျင့်ကြံခြင်း အရင်းအမြစ်တစ်သုတ်ကို ချန်ထားခဲ့သည်။
.....
ယွီဟွာနတ်ဘုရားဂိုဏ်းသို့ ပြန်ရောက်သည့်အခါ၊ လီချန်သည် နန်ရှီ၏ ကျောက်စိမ်းအဆောင် သတင်းအချက်အလက်ကို လက်ခံရရှိလိုက်ပြီး ချက်ချင်း တွေ့ဆုံလိုက်၏။
နန်ရှီသည် မြေနတ်ဘုရားအဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
"တာအိုရောင်းရင်းနန်ရှီ၊ မြေနတ်ဘုရား ဖြစ်သွားပြီး နတ်ဘုရားအထောက်အထားရတပည့် ဖြစ်လာတာကို ဂုဏ်ယူပါတယ်။"
လီချန်က ပြုံးလျက် ပြောလိုက်သည်။
"ရာထူး ခန့်အပ်တာ မလုပ်ရသေးဘူး၊ လောလောဆယ် နတ်ဘုရားအထောက်အထားရတပည့်လို့ သတ်မှတ်လို့ မရသေးပါဘူး။"
သို့သော် နတ်ဘုရားအထောက်အထား လျှောက်ထားခြင်းကို ရရှိပြီးပြီဖြစ်ရာ၊ ယွီဟွာနတ်ဘုရားဂိုဏ်းက နတ်ဘုရားအထောက်အထား ရာထူးခန့်အပ်ပွဲ အခမ်းအနား ကျင်းပသည်နှင့် သူမသည် စစ်မှန်သော နတ်ဘုရားအထောက်အထားရတပည့်တစ်ဦး ဖြစ်လာပေတော့မည်။
"ဒါလည်း သိပ်မကွာတော့ပါဘူး။"
ရုတ်တရက်၊ နန်ရှီသည် လီချန်ကို ကြည့်ကာ အံ့အားသင့်စွာ ဆို၏။ "စီနီယာအစ်ကိုလီချန်၊ ရှင်လည်း မြေနတ်ဘုရားအဆင့်ကို တက်လှမ်းသွားပြီလား။"
သူမသည် လီချန်၏ အငွေ့အသက် အနည်းငယ် ပုံမှန် မဟုတ်သည်ကို မသဲမကွဲ အာရုံခံမိနေ၏။
"အခုလေးတင် မြေနတ်ဘုရားအဆင့်ကို ရောက်တာပါ။"
လီချန်က ခေါင်းညိတ်လိုက်၏။
"စီနီယာအစ်ကိုလီချန်၊ ဒါဆို ရှင် မြေနတ်ဘုရား ဖြစ်သွားတာ ဂုဏ်ယူပါတယ်။"
သူမ ဤမျှ လျင်မြန်စွာ မြေနတ်ဘုရား ဖြစ်လာနိုင်ခြင်းမှာ မဆန်းကျယ်လှပေ။ မည်သို့ပင်ဖြစ်စေ သူမ ရရှိထားသော ကျင့်ကြံခြင်း အရင်းအမြစ်များမှာ ထိုနေရာ၌ ရှိနေ၏။
လီချန်ကမူ... ထို နတ်ဘုရားဝိညာဉ်အရည် တစ်ပုလင်းနှင့် သက်ဆိုင်နိုင်ဖွယ်ရှိသည်။
ထို့ကြောင့် သူမလည်း သိပ်အံ့အားသင့်ခြင်း မဖြစ်မိပေ။
"ဟဲ ဟဲ၊ ခင်ဗျားနဲ့ယှဉ်ရင် အများကြီး ကွာခြားနေပါသေးတယ်။ ဒါတွေ ထားလိုက်ပါတော့၊ တာအိုရောင်းရင်းနန်ရှီ၊ ခင်ဗျားမှာ နတ်ဘုရားရွှေ ဝယ်လို့ရမယ့် လမ်းကြောင်း ရှိလား။"
လျန်ချီးဝိညာဉ်ဓားသည် မိမိဘာသာ အဆင့်တက်မည့် ကန့်သတ်ချက်ကို ယခုထိမပေါ်ထွက်လာသေးရာ သူသည် နတ်ဘုရားရွှေ ပါဝင်မှု မလုံလောက်သောကြောင့်ဖြစ်မည်ဟု ယူဆမိ၏။
သို့သော် နတ်ဘုရားရွှေကို ဝယ်ယူလိုပါက လမ်းကြောင်းရှိမှသာလျှင် ဖြစ်နိုင်ပေသည်။
ဆရာဖြစ်သူထံ၌ ဤကဲ့သို့သော လမ်းကြောင်း ရှိနိုင်လောက်သော်လည်း သူ ဆရာဖြစ်သူအား အခက်အခဲ မဖြစ်စေလိုပေ။
မည်သို့ပင်ဖြစ်စေ နတ်ဘုရားရွှေကဲ့သို့သော ပစ္စည်းမျိုးမှာ လမ်းကြောင်းရှိသည့်တိုင် များပြားလှသော နတ်ဘုရားသလင်းကျောက်များကို အကုန်အကျခံရမည် ဖြစ်သည်။
ယခု လော်ယွမ်းတာအိုကျောင်းတော်သည် မူလကတည်းက ကျင့်ကြံခြင်း အရင်းအမြစ်များ ကျပ်တည်းနေ၏။
သူ့လက်ထဲ၌ လုံလောက်သော နတ်ဘုရားသလင်းကျောက်များ ရှိနေသော်လည်း၊ ဆရာဖြစ်သူအား ပြောပြ၍ မရနိုင်ပြန်ရာ နန်ရှီကိုသာ ရှာဖွေရတော့သည်။
"စီနီယာအစ်ကိုလီချန်၊ နတ်ဘုရားရွှေက အပြင်ကို စီးဆင်းတာ အရမ်းရှားတယ်။ အဓိကအားဖြင့် သန္ဓေသားဖွဲ့ခြင်းအဆင့် ပုဂ္ဂိုလ်ကြီးတွေရဲ့လက်ထဲမှာပဲ စုစည်းနေကြတာ။ သူတို့က နတ်ဘုရားရွှေကို လိုအပ်ချက် အရမ်း ကြီးမားကြတယ်။"
အကြောင်းအရင်းမှာ ရိုးရှင်းသည်၊ သန္ဓေသားဖွဲ့ခြင်းအဆင့်သို့ ရောက်ရှိပါက မကြာခဏဆိုသလို မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားအဖြစ်သို့ ရောက်ရှိရန် ပြင်ဆင်လေ့ ရှိကြပြီး၊ သူတို့သည် များပြားလှသော နတ်ဘုရားရွှေများကို စုဆောင်းရန် လိုအပ်ကြသည်။
ကြားသိရသည်မှာ မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရား၏ 'ရွှေ' ... မှာ နတ်ဘုရားရွှေကို ဆိုလိုခြင်း ဖြစ်သည်ဟု ဆို၏။
"ဒါပေမဲ့၊ စီနီယာအစ်ကိုလီချန်၊ ကျွန်မဆီမှာ နတ်ဘုရားရွှေ တစ်တုံးရှိတယ်။ ဆရာက ကျွန်မကို ပေးထားတာ။ ရှင် အရေးတကြီး လိုနေတယ်ဆိုရင်၊ ရှင် အရင်ယူလိုက်ပါ။"
နန်ရှီက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"ကျွန်တော့်ကို ပေးလိုက်ရင်၊ ခင်ဗျား ဘာသုံးမလဲ။"
"ကျွန်မ မူလက ကာကွယ်ရေး ဝိညာဉ်ကိရိယာတစ်စုံ သန့်စင်ဖို့အတွက် သုံးမလို့။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ပင်မဝိညာဉ်ကိရိယာကို ဆရာက နတ်ဘုရားရွှေသုံးပြီး အသစ်ပြန် သန့်စင်ပေးပြီးသွားပြီလေ။ ဒါပေမဲ့... လွန်ခဲ့တဲ့ရက်ပိုင်းက၊ ဆရာက ဘယ်က ရလာမှန်းမသိတဲ့ ကာကွယ်ရေး ဝိညာဉ်ကိရိယာတစ်ခုကို ကျွန်မ အသုံးပြုဖို့ ကွက်တိ ဖြစ်နေလို့ ကျွန်မကို တိုက်ရိုက်ပေးလိုက်တယ်။ ဒါကြောင့် ဒီနတ်ဘုရားရွှေတုံးက လောလောဆယ် အသုံးမလိုတော့ဘူး။"
လီချန် အလွန်ပြောချင်မိသည်မှာ အစွမ်းထက်သော ဆရာတစ်ဦးရှိနေခြင်းမှာ အရမ်းကောင်းတာပဲဟူ၍ပင်။
ပင်မဝိညာဉ်ကိရိယာကိုပင် အသစ်ပြန်လည် သန့်စင်ပေးနိုင်ပြီး... ကာကွယ်ရေး ဝိညာဉ်ကိရိယာကိုပါ တိုက်ရိုက် ပေးအပ်လိုက်သေး၏။
"နတ်ဘုရားသလင်းကျောက် ဘယ်လောက်လဲ။ ကျွန်တော် ဝယ်လိုက်မယ်။"
သူ ယခု နတ်ဘုရားရွှေကို အမှန်တကယ် လိုအပ်နေ၏။
"ပုံမှန် ပေါက်ဈေးအတိုင်း တွက်လိုက်မယ်။ နတ်ဘုရားသလင်းကျောက် ရှစ်ထောင်။"
နန်ရှီက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြက်ဥအရွယ်အစားခန့် ရှိသော နတ်ဘုရားရွှေတုံးကြီးတစ်တုံး ပေါ်ထွက်လာပြီး တစ်တုံးလုံး ငွေရောင် တောက်ပသော အလင်းရောင်များ ထုတ်လွှတ်နေ၏။ "ဒါက ရှန်းယင်း လား။"
လီချန် နတ်ဘုရားအသိစိတ်ဖြင့် အသေးစိတ် အာရုံခံကြည့်လိုက်ပြီးနောက် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်ထွက်လာ၏။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားရွှေ အမျိုးအစားများအားလုံးတွင် ရှန်းထျဲယ် (နတ်ဘုရားသံ)၊ ရှန်းထုံ၊ ရှန်းလွီ ကဲ့သို့သော အမျိုးအစားများမှာ အဆင့်နိမ့် နတ်ဘုရားရွှေများဖြစ်ကြပြီး၊ ရှန်းယင်းမှာမူ အလယ်တန်းစား နတ်ဘုရားရွှေ ဖြစ်လေသည်။
အထက်တန်းစား နတ်ဘုရားရွှေနှင့် ပတ်သက်၍ တစ်မျိုးတည်းသာ ရှိသည်။၊ ထိုအရာမှာ မပျက်သုဉ်းနိုင်သော ရွှေဖြစ်သည်။
ဤမျှ ကြီးမားသော ရှန်းယင်း တုံးကြီးတစ်တုံး၊ နတ်ဘုရားသလင်းကျောက် ရှစ်ထောင် တန်ဖိုးမှာ သေချာပေါက် မမြင့်မားလှပေ။ အပြင်သို့ စီးဆင်းသွားသည်နှင့် နှစ်ဆပေး၍ပင် လူအများ ရူးသွပ်မတတ် လုယက် ဝယ်ယူကြမည့်အရာဖြစ်သည်။
အကယ်၍ လီချန် ဤမျှကြီးမားသော ရှန်းယင်းတုံးကြီးကို လျန်ချီးဝိညာဉ်ဓားအတွင်းသို့ ပေါင်းစပ် ထည့်သွင်းလိုက်ပါက ဝိညာဉ်ဓား မိမိဘာသာ အဆင့်တက်နိုင်မည့် အခွင့်အလမ်းမှာ များစွာတိုးပွားလာနိုင်ပေမည်။
***