အခန်း (၁၄၂)
Vol. 12 Ch. 142
ရှီရှီရေ... ဒီမှာလာမလှဲနေနဲ့၊ အိမ်ထဲဝင်ပြီး ပန်ကာဖွင့်ထားလိုက်လေ”
ဩဂုတ်လ၏ အပူချိန်မှာ အလွန်မြင့်မားနေပြီး မိုးရွာတော့မည့်ပုံ ပေါက်နေသည်။ ကောင်းကင်တွင် နေရောင်ခြည်တစ်စက်မျှ မမြင်ရသော်လည်း လေထုမှာ ငြိမ်သက်အိုက်စပ်နေပြီး အသက်ရှူရခက်ခဲစေသည်။
စုရှီသည် ခြံဝင်းထဲရှိ မက်မွန်သီးပင်အောက်တွင် ကြိမ်ကုလားထိုင်ဖြင့် လှဲနေပြီး ရေပေါ်ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ သူမ၏ ဗိုက်ကြီးမှာ ပေါ်နေသည်။ သူမသည် သစ်ပင်မှ အာဟာရဓာတ်များကို စုပ်ယူရင်း အနည်းဆုံးတော့ အသက်ရှူရ အနည်းငယ် ပိုချောင်သည်ဟု ခံစားနေရသည်။
ပြောရလျှင် ယောက္ခမဖြစ်သူ၏ ခြံဝင်းထဲရှိ ဤမက်မွန်သီးပင်ကို သူမအတွက် အထူးတလည် စိုက်ပျိုးထားခြင်း ဖြစ်သည်။ ချွေးမဖြစ်သူက မက်မွန်သီး ကြိုက်နှစ်သက်မှန်းသိသဖြင့် စုရှီက တစ်နှစ်လျှင် နှစ်ခေါက်၊ သုံးခေါက်သာ လာလည်သော်လည်း ထန်စစ်ယွင်သည် အပင်ကောင်းတစ်ပင်ကို သေချာရွေးချယ်ကာ ခြံထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးပေးခဲ့သည်။
နောက်ပိုင်းတွင် စုရှီက တိတ်တဆိတ် ဂရုစိုက်ပေးပြီးနောက် အဆိုပါအပင်မှ အသီးများသည် အိမ်ရာဝင်းတစ်ခုလုံးတွင် ကျော်ကြားလာခဲ့သည်။ မနက်ခင်းရောက်တိုင်း ကလေးအများအပြားသည် ထန်စစ်ယွင်ထံသို့ မက်မွန်သီး လာတောင်းတတ်ကြသည်။
အဘွားဖြစ်သူ၏ စကားကို ကြားသောအခါ စုရှီက တိုးတိုးလေး ညည်းတွားလိုက်သည်။ "သမီး အထဲကို မဝင်ချင်ဘူး... ခြံထဲကလေက ပိုနေလို့ကောင်းတယ်"
မြေးဖြစ်သူ နေရထိုင်ရ ခက်နေသည်ကို မြင်လိုက်ရသဖြင့် ချန်ရှန်းယွင်မှာ စိတ်မကောင်းဖြစ်သွားရသည်။ သူမ ဘာမှ သိပ်မတတ်နိုင်သဖြင့် အိမ်ထဲသို့ဝင်ကာ ယပ်တောင်တစ်ချောင်း ယူလာပြီး စုရှီကို ယပ်ခပ်ပေးလိုက်သည်။
စုရှီသည် အဘွားဖြစ်သူအား သူမကို ပြုစုခွင့်မပြုပေ။ "အဘွား... သမီးအတွက် စိတ်ပူမနေပါနဲ့၊ အိမ်ထဲဝင်ပြီး သွားလှဲနေ၊ မိုးရွာပြီးရင် သမီး နေလို့ကောင်းသွားမှာပါ"
ယခင်ကဆိုလျှင် မိုးမရွာခင် အိုက်စပ်သောဒဏ်ကို စုရှီ မခံနိုင်ဖြစ်ခဲ့သော်လည်း ယခုအခါ အနည်းငယ်သာ နေရခက်ခြင်း ဖြစ်သည်။ ယခုမူ အမွှာကိုယ်ဝန် လွယ်ထားရသောကြောင့် ဟုတ်၊ မဟုတ် မသေချာသော်လည်း အသက်ရှူရသည်မှာ ပို၍ ခက်ခဲလာသလို ခံစားနေရသည်။
ချန်ရှန်းယွင်က ချစ်ခင်ကြင်နာစွာ ပြုံးလိုက်သည်။ "အဘွား ဘာမှမဖြစ်ပါဘူး၊ ကိုယ့်ဘာသာ ယပ်ခပ်နေတာပါ၊ ဒါက မြေးအတွက် အပိုဆုအနေနဲ့ ခပ်ပေးတာလေ"
အကြောင်းတစ်ခုခုကြောင့် စုရှီမှာ မျက်ရည်ဝဲချင်သလို ဖြစ်သွားသည်။ သူမသည် ကလေးသုံးယောက်အမေ ဖြစ်တော့မည် ဖြစ်သော်လည်း အဘွားက သူမကို ကလေးတစ်ယောက်လို သဘောထားကာ နှစ်သိမ့်ပေးနေဆဲ ဖြစ်သည်။
သို့သော် သူမ၏ ရင်ထဲတွင် နွေးထွေးပျော်ရွှင်မှုကို ခံစားနေရသည်ကိုမူ မငြင်းနိုင်ပေ။ ဖြစ်နိုင်သည်မှာ သူမချစ်ခင်ရသူများ၏ ရှေ့မှောက်တွင် သူမ ဘယ်တော့မှ အရွယ်မရောက်ချင်တော့ခြင်း ဖြစ်နိုင်သည်။
ဤအချိန်တွင် စုရှီသည် ကလေးများကို အမြန်ဆုံး မွေးဖွားချင်နေမိသည်။ သို့မှသာ လူတိုင်း အနည်းငယ် စိတ်အေးနိုင်မည် ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ၏ ဗိုက်မှာ ပို၍ တင်းကျပ်လာသည်ကို ရှင်းလင်းစွာ ခံစားခဲ့ရသည်။ ကလေးများ မွေးဖွားပြီးသွားလျှင် ဤမျှ နေရခက်တော့မည် မဟုတ်ဟု သူမ ထင်မြင်မိသည်။
ထိုညတွင် စုရှီ ဗိုက်နာလာခဲ့သည်။ သူမ၏ ခန္ဓာကိုယ် သန်မာသောကြောင့် ဖြစ်မည်၊ အခြားသူများကဲ့သို့ ရှစ်လနှင့် စောမမွေးဘဲ ကိုးလပြည့်ပြီး ရက်အနည်းငယ်အကြာတွင် မွေးဖွားခြင်း ဖြစ်သည်။
ယောက္ခမဖြစ်သူမှာ အမွှာကိုယ်ဝန်ဆောင်ခြင်း၏ အန္တရာယ်များကို စိုးရိမ်သဖြင့် လွန်ခဲ့သော နှစ်ရက်ကတည်းက စုရှီကို မွေးဖွားရန် ပြင်ဆင်သည့်အနေဖြင့် ဆေးရုံတွင် တက်ရောက်နေထိုင်ရန် စီစဉ်ပေးခဲ့သည်။ ဤကဲ့သို့သော ခေတ်ကာလတွင် ထိုသို့လုပ်ဆောင်ခြင်းမှာ ရှားပါးလှသည်။
ထိုအချိန်က မီးဖွားရန် ပြင်ဆင်သည့်အနေဖြင့် စုရှီကို ဆေးရုံစောစောတက်ရန် ထန်စစ်ယွင်က အကြံပြုသောအခါ သူမသာမက ဆေးရုံမှ ဆရာဝန်များပင် အနည်းငယ် ဇဝေဇဝါ ဖြစ်ခဲ့ကြသည်။
သို့သော် ထန်စစ်ယွင်၏ လုပ်ရပ်မှာ မှန်ကန်ကြောင်း ငြင်းဆို၍မရပေ။ ညဘက်၌ စုရှီ ဗိုက်နာလာသောအခါ မွေးခန်းထဲတွင် သူမနှင့်အတူ ရှိနေပေးသူမှာ ယောက္ခမဖြစ်သူပင် ဖြစ်သည်။ စုရှီ မွေးတော့မည်ဟု ကြားလိုက်သည်နှင့် ထန်စစ်ယွင်သည် လူနာခန်းထဲမှ အမြန်ပြေးထွက်သွားပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံဖြင့် ဆရာဝန်ကို ရှာတွေ့ခဲ့သည်။
ဒုတိယမြောက်ကလေး မွေးဖွားခြင်းကြောင့် ဖြစ်ကောင်းဖြစ်မည်၊ ဤတစ်ကြိမ်တွင် စုရှီ၏ သားအိမ်ခေါင်းမှာ လျင်မြန်စွာ ပွင့်လာခဲ့သည်။ နာရီဝက်ခန့် အကြာတွင် သူမသည် ချွေးများရွှဲကာ မွေးခန်းထဲသို့ တွန်းပို့ခံလိုက်ရသည်။
ထန်စစ်ယွင်သည် တံခါးဝတွင် စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီးမှ အိမ်သို့ ဖုန်းမဆက်ရသေးကြောင်း သတိရသွားသည်။ ထိုသို့ တွေးမိပြီးနောက် သူမသည် ဆေးရုံဖုန်းရုံသို့ အလျင်အမြန် ပြေးသွားကာ ဖုန်းဆက်ပြီး စွပ်ပြုတ်အမြန်ဆုံး ယူလာပေးကြရန် မှာကြားလိုက်သည်။
မနက် သုံးနာရီကျော်နေပြီဟူသော အချက်မှာ အရေးမကြီးပေ။ ချွေးမဖြစ်သူ မီးဖွားနေချိန်တွင် မည်သူက အိပ်ပျော်နိုင်ပါမည်နည်း။
ချန်ရှန်းယွင်နှင့် အခြားသူများ ရောက်လာချိန်တွင် စုရှီမှာ မွေးခန်းထဲရောက်နေသည်မှာ နာရီဝက်ကျော်နေပြီ ဖြစ်သည်။ လူကြီးများက စိုးရိမ်ပူပန်နေကြသော်လည်း ကလေးလေး ထောင်ထောင်မှာမူ အရာအားလုံးထက် ပို၍ စိတ်လှုပ်ရှားနေသည်။
ထောင်ထောင်ဆီတွင် ကလေးမွေးဖွားခြင်း၏ အန္တရာယ်များအကြောင်း နားလည်မှု သိပ်မရှိပေ။ သူမ အစ်မကြီး ဖြစ်လာတော့မည်၊ အမေက ညီမလေး မွေးပေးတော့မည် ဟူသည်ကိုသာ သိသည်။ သူမသည် အလွန်ဝမ်းသာနေပြီး အဘိုးဖြစ်သူ၏ ပေါင်ပေါ်တွင်ထိုင်ကာ မနားတမ်း ပြောနေတော့သည်။
"အဘိုး... ညီမလေးက ဘယ်တော့ ထွက်လာမှာလဲ၊ သမီး မစောင့်နိုင်တော့ဘူး"
ရှဲ့ပေါ်သည် သူ၏ မြေးမလေးအပေါ် အမြဲတမ်း နူးညံ့ပြီး အလိုလိုက်လေ့ရှိသည်။ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေသော်လည်း မျက်နှာပေါ်တွင် ထုတ်မပြပေ။ ထို့အစား သူက ညင်သာစွာ နှစ်သိမ့်လိုက်သည်။
"မကြာခင် ထွက်လာတော့မှာပါ ထောင်ထောင်ရဲ့၊ ခဏလောက် ထပ်စောင့်လိုက်ပါဦး၊ ဒါပေမဲ့ ညီမလေးမှန်း ထောင်ထောင်က ဘယ်လိုလုပ်သိလဲ"
ကလေးများသည် လူကြီးများ မမြင်နိုင်သည်ကို မြင်နိုင်သည်ဟူသော အယူသည်းမှုရှိသော်လည်း ရှဲ့ပေါ်သည် ဘာသာမဲ့တစ်ဦး ဖြစ်သောကြောင့် ထိုအတွေးအခေါ်များကို သဘာဝကျကျ ပယ်ချခဲ့သည်။
ထောင်ထောင်သည် အဘိုးဖြစ်သူ ဘာတွေးနေမှန်းမသိဘဲ ရိုးသားစွာ ဖြေလိုက်သည်။ "သမီးက ညီမလေး လိုချင်တာ၊ မောင်လေးက ချစ်ဖို့မကောင်းဘူး"
မောင်လေးများက ချစ်ဖို့ကောင်း၊ မကောင်းနှင့် ပတ်သက်ပြီး မြေးမလေးနှင့် ငြင်းခုံမနေတော့ဘဲ ရှဲ့ပေါ်က တခစ်ခစ် ရယ်မောလိုက်သည်။ ထို့နောက် သူမကို ညင်သာစွာ ပွေ့ချီလိုက်ပြီး သူမ၏ ခေါင်းလေးကို ပခုံးပေါ်မှီစေကာ ချော့မြှူလိုက်သည်။
"ထောင်ထောင်... နည်းနည်းလောက် ထပ်အိပ်လိုက်ပါလား၊ သမီး နိုးလာရင် ညီမလေး ရောက်နေလောက်ပြီ"
ထောင်ထောင်မှာ တကယ်ပင် အနည်းငယ် ပင်ပန်းနေရှာသည်။ အိမ်သာထသွားခြင်းမှလွဲ၍ သူမသည် ညသန်းခေါင်ယံတွင် ဘယ်သောအခါမျှ ထလေ့မရှိပေ။ ယခု အဘိုးဖြစ်သူက ကျောကို ဖွဖွလေးပုတ်ပေးနေသဖြင့် ခေါင်းလေးမှာ ဖြည်းဖြည်းချင်း ငိုက်ကျလာပြီး ပခုံးပေါ်တွင် အိပ်ပျော်သွားတော့သည်။
ထန်စစ်ယွင်က ကိုယ်ကိုကိုင်းကာ တိုးတိုးလေး ပြောလိုက်သည်။ "ထောင်ထောင်ကို စုရှီ ရဲ့ လူနာခန်းထဲ သွားသိပ်ထားလိုက်ရအောင်၊ ဒီလိုအိပ်ရတာ မြေးလေး နေရခက်လိမ့်မယ်"
ရှဲ့ပေါ် ခေါင်းညိတ်လိုက်ပြီး လက်တစ်ဖက်က မြေးမလေး၏ ခေါင်းကိုထိန်းကာ ကျန်လက်တစ်ဖက်က တင်ပါးအောက်မှ ပင့်ချီထားလိုက်သည်။ သူသည် ဖြည်းဖြည်းနှင့် ဂရုတစိုက် ရွေ့လျားရင်း ဇနီးဖြစ်သူ၏ နောက်မှလိုက်ကာ လူနာခန်းဆီသို့ ဦးတည်သွားကြသည်။
မွေးဖွားခြင်းမှာ ချောမွေ့ခဲ့သည်။ ထောင်ထောင်ကို အခန်းထဲတွင် နေရာချပေးပြီး တံခါးကို တိတ်တဆိတ် ပိတ်လိုက်ချိန်မှာပင် စုရှီသည် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။ မွေးခန်းထဲမှ ကလေးငိုသံ ထွက်ပေါ်လာသောအခါ ရှဲ့ပေါ်နှင့် ထန်စစ်ယွင်တို့မှာ ဝမ်းသာသွားကြသည်။ မွေးဖွားမှု ဤမျှ မြန်ဆန်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ဇနီးမောင်နှံနှစ်ဦးမှာ လုံးဝဝင်မထိုင်တော့ဘဲ မွေးခန်းတံခါးဝသို့ ချက်ချင်း ပြေးသွားကြသည်။ သူတို့သည် ချန်ရှန်းယွင်နှင့်အတူ တံခါးဝတွင် စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေကြသည်။
စောင့်ဆိုင်းရသည့် အချိန်မှာ ရာစုနှစ်တစ်ခု ကုန်ဆုံးသွားသကဲ့သို့ ခံစားရပြီး သည်းမခံနိုင်လောက်အောင် ကြာမြင့်နေသည်ဟု ထင်ရသည်။ လက်တွေ့တွင် ၁၅ မိနစ်ခန့်သာ ကြာလိုက်ပြီး နောက်ထပ် ကလေးငိုသံတစ်သံက မွေးခန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
ထန်စစ်ယွင်မှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး ချန်ရှန်းယွင်ကို တွဲထူပေးရင်း ဝမ်းသာအားရ ပြောလိုက်သည်။
"ကောင်းလိုက်တာ၊ ကောင်းလိုက်တာ၊ ကောင်းလိုက်တာရှင်... စုရှီက တကယ်ကံကောင်းတာပဲ၊ ကလေးတွေက မြန်မြန်ဆန်ဆန် ထွက်လာကြတယ်"
ဝမ်းသာနေသော ချန်ရှန်းယွင်မှာလည်း မြေးဖြစ်သူ အမွှာကိုယ်ဝန်ဆောင်ထားမှန်း သိကတည်းက စိုးရိမ်နေခဲ့ရသည်။ တစ်စုံတစ်ခု မှားယွင်းသွားမည်ကို သူမ ကြောက်ရွံ့ခဲ့သည်။ စုရှီ၏ ကံတရား ဤမျှကောင်းမွန်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့သလို ပထမကလေးထက် ပိုမြန်ဆန်စွာ မွေးဖွားနိုင်လိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။
နောက်ထပ် ဆယ်မိနစ်ခန့် ကြာပြီးနောက် မွေးခန်းတံခါး ပွင့်လာခဲ့သည်။ အပြင်တွင် စောင့်နေသော လူသုံးဦးသည် ကလေးများကို ချက်ချင်း ဝိုင်းအုံကြည့်ကြပြီး အမွှာပူးလေးများကို မြင်လိုက်ရသဖြင့် အံ့သြမှင်သက်သွားကြသည်။
သူနာပြုတစ်ဦးက ထန်စစ်ယွင်ကို ပြုံးပြကာ ပြောလိုက်သည်။ "ဒါက အကြီးလေးပါ၊ ၅ ပေါင်နဲ့ ၄ အောင်စ ရှိပါတယ်"
နောက်ထပ် သူနာပြုတစ်ဦးကလည်း ပြုံးရင်း ပြောလိုက်သည်။ "ဒါက ဒုတိယတစ်ယောက်ပါ၊ ၄ ပေါင်နဲ့ ၈ အောင်စ ရှိပါတယ်၊ နှစ်ယောက်စလုံး ကျန်းမာပါတယ်"
ပုံမှန်အားဖြင့် အမွှာများသည် တစ်ဦးတည်းမွေးသော ကလေးများထက် အနည်းငယ် သေးငယ်တတ်သော်လည်း ဒါက လုံးဝပုံမှန်ဖြစ်သည်။ ရှဲ့ယင်းက ဝမ်ကျန်းနှင့် ဝမ်ရုန်ကို မွေးဖွားစဉ်က ကလေးများသည် သေးငယ်ပြီး တွန့်လိပ်ကာ လူအိုလေးများကဲ့သို့ ဖြစ်နေခဲ့ဖူးသဖြင့် သူတို့၌ အတွေ့အကြုံရှိပြီးသား ဖြစ်သည်။
ထန်းစစ်ယွင်သည် တွန့်လိပ်နေသော ကလေးငယ်နှစ်ဦးကို ဝမ်းသာပီတိဖြင့် ငေးကြည့်နေပြီး မဝနိုင်အောင် ဖြစ်နေသည်။ သို့သော် သူမသည် စုရှီအတွက် စိုးရိမ်နေဆဲဖြစ်ကာ သူနာပြုဆရာမကို စိုးရိမ်တကြီး မေးလိုက်သည်။
"ကျွန်မချွေးမ အခြေအနေ ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား"
ထိုစကားကို ကြားသောအခါ ချန်ရှန်းယွင်နှင့် ရှဲ့ပေါ်တို့နှစ်ဦးစလုံး စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကြသည်။
မိသားစုဝင်တစ်ဦးက ချွေးမဖြစ်သူအတွက် ဤမျှ စိုးရိမ်ပူပန်ပေးခြင်းမှာ ရှားပါးသဖြင့် သားဖွားသူနာပြုဆရာမက ကြင်နာစွာ ရှင်းပြလိုက်သည်။
"အမေက ကျန်းမာပါတယ်၊ နောက် နာရီဝက်လောက်ဆိုရင် ထွက်လာပါလိမ့်မယ်"
ထန်စစ်ယွင်နှင့် ချန်ရှန်းယွင်တို့သည် ကလေးတစ်ယောက်စီ ပွေ့ချီထားရင်း ပျော်ရွှင်စွာ ရေရွတ်လိုက်ကြသည်။
"တော်ပါသေးရဲ့၊ တော်ပါသေးရဲ့"
ရှဲ့ပေါ် သည် ဘေးနားတွင်ရပ်ကာ ကလေးနှစ်ယောက်ကို ကြည့်နေသော်လည်း ချီခွင့်မရသေးပေ။ အမျိုးသမီးနှစ်ဦးမှာ သူ၏ စိတ်အားထက်သန်သော အကြည့်များကို မမြင်ဘဲ ဖြစ်နေပုံရသည်။ နောက်ဆုံးတွင် သူက မေးလိုက်သည်။
"ကလေးတွေက ယောကျ်ားလေးလား၊ မိန်းကလေးလား"
ထိုအခါမှသာ ထန်စစ်ယွင်သည် ကလေးများ၏ ကျား၊ မ မသိရသေးကြောင်း သတိရသွားသည်။
သူနာပြုဆရာမက ပြုံးပြီး ပြောလိုက်သည်။ "ဂုဏ်ယူပါတယ်ရှင်... နှစ်ယောက်စလုံး သားလေးတွေပါ"
လူတိုင်း၏ စိတ်နှလုံး ပေါ့ပါးသွားသည်။ သားလေးမွေးသည်က အလွန်ကောင်းမွန်ပါသည်။
သားသမီးကို ခွဲခြားဆက်ဆံခြင်း မဟုတ်သော်လည်း ရှဲ့ မိသားစုကဲ့သို့ မျိုးရိုးစဉ်ဆက် စစ်မှုထမ်းသော မိသားစုတွင် မျိုးရိုးဆက်ခံရန် သားယောက်ျားလေးများ လိုအပ်သည်။ သူတို့၏ ဆွေမျိုးစုတွင် ရှဲ့ကျန်းမှာ တစ်ဦးတည်းသော သားယောက်ျားလေးဖြစ်ပြီး နုနယ်သော မိန်းကလေးတစ်ဦးကို စစ်မှုထမ်းရန် စေလွှတ်ခြင်းငှာ မရက်စက်နိုင်ကြပေ။
လွန်ခဲ့သော နှစ်အနည်းငယ်က စုရှီက ထောင်ထောင်ကို မွေးဖွားပြီးနောက် ဒုတိယကလေးနှင့် ပတ်သက်ပြီး မည်သည့်သတင်းမှ ထွက်မလာခဲ့ပေ။ သခင်ကြီးရှဲ့မှာ စိတ်မပူဘဲ မနေနိုင်သော်လည်း စုရှီကို အလွန်အမင်း တိုက်တွန်းလျှင် စိတ်အနှောင့်အယှက် ဖြစ်မည်ကိုလည်း စိုးရိမ်ခဲ့သည်။ သူသည် စုရှီကို မြေးချွေးမအဖြစ် အလွန်ကျေနပ်သဘောကျသဖြင့် သူ၏မြေးမှာ အသက်သုံးဆယ်ကျော်နေပြီ ဖြစ်သော်လည်း လူကြီးမင်းမှာ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ထုတ်မပြောခဲ့ပေ။
ယခု ခြောက်နှစ်ကြာပြီးနောက် သူတို့သည် သားနှစ်ယောက်ကို တစ်ပြိုင်နက် ရရှိခဲ့ပြီဖြစ်သည်။ ထန်စစ်ယွင်နှင့် သူမ၏ ခင်ပွန်းသာမက ချန်ရှန်းယွင်ပင်လျှင် ကျေးဇူးတင်စကား တီးတိုးရေရွတ်လိုက်သည်။
ယခုမှစ၍ ကလေးထပ်ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ အရေးမကြီးတော့ပေ။ သူတို့တွင် သားယောက်ျားလေး နှစ်ယောက်ရှိနေပြီ ဖြစ်သလို မြေးချွေးမသည်လည်း မိသားစုအတွက် ကြီးမားသော တာဝန်ကို ကျေပွန်ခဲ့ပြီ ဖြစ်သည်။
သားနှစ်ယောက် တစ်ပြိုင်နက်ရရှိသော ပျော်ရွှင်မှုမှာ အလွန်ကြီးမားသည်။ ထန်စစ်ယွင်သည် ခင်ပွန်းဖြစ်သူကို ချက်ချင်း မှာကြားလိုက်သည်။
"နေထွက်လာတာနဲ့ သခင်ကြီးရှဲ့နဲ့ ဆွေမျိုးတွေကို ဖုန်းဆက်ပြီး သတင်းကောင်း ပြောပြလိုက်နော်၊ အား... ငါ့ချွေးမလေးက တကယ်တော်တာပဲ"
ထန်စစ်ယွင်သည် ဂုဏ်ယူဝင့်ကြွားမှုကို ခံစားလိုက်ရသည်။ စုရှီသည် စစ်တပ်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး သူတို့၏ ပံ့ပိုးမှုကြောင့် မည်သည့်အတင်းအဖျင်းစကားမျှ သူမကို မထိခိုက်ခဲ့ပေ။ သို့သော် ဒုတိယကလေး မရဘဲ ငါးနှစ်ကြာပြီးနောက် အိမ်ရာဝင်းထဲတွင် ကောလာဟလများ ပျံ့နှံ့လာခဲ့သည်။ ထန်စစ်ယွင်သည် ချွေးမဖြစ်သူကို ဖိအားမပေးချင်သဖြင့် ထိုအပုပ်ချစကားများကို ဖုံးဖိထားခဲ့သည်။ စုရှီနှင့် သူတို့၏သား ပျော်ရွှင်နေသမျှ ကာလပတ်လုံး သူတစ်ပါး ဘာပြောပြော အရေးမကြီးပေ။
သို့သော် စုရှီက သားအမွှာ မွေးဖွားပေးလိုက်သဖြင့် ထန်စစ်ယွင်မှာ သဘာဝကျကျပင် ဝမ်းသာပီတိ ဖြစ်ရသည်။ ယခုအခါ သူမသည် အတင်းအဖျင်းပြောသော အမျိုးသမီးများကို ဂုဏ်ယူစွာ ရင်ဆိုင်နိုင်ပြီ ဖြစ်သည်။ ရှဲ့မိသားစု၏ ကြီးမားသော ပိုင်ဆိုင်မှုများသည် အမျိုးသား မျိုးဆက်သစ် မမွေးထုတ်ပေးနိုင်လျှင် အဓိပ္ပာယ်မရှိဟု ထိုသူများက မကြာခဏ ပြောဆိုတတ်ကြသည်။ ကဲ... အခုတော့ သူတို့ပြောသော စကားများကို ပြန်ရုပ်သိမ်းသွားအောင် သူမ လုပ်ပြရမည်။
ရှဲ့ပေါ်သည် ဇနီးဖြစ်သူ၏ ရင်ထဲရှိ မကျေနပ်ချက်များကို ဖွင့်ထုတ်ချင်နေသည်ကို နားလည်သဖြင့် သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။
ပြိုင်ဘက်များ၏ လှောင်ပြောင်သရော်သည့် စကားများကို တွေးမိသောအခါ သူ၏ နက်ရှိုင်းသော မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုမျိုး လက်တုံ့ပြန်မှုမျိုး ပေးလိုက်ရမည်၊ ကောင်းကောင်းကြီး ပညာပြလိုက်ရမည် ဖြစ်သည်။
စုရှီ၏ ဒုတိယအကြိမ် မွေးဖွားမှုမှာ ချောမွေ့ခဲ့သော်လည်း ပုံမှန်နာကျင်မှုကို ခံစားခဲ့ရသည်။ သို့သော် သူမ၏ ခန္ဓာကိုယ် အခြေအနေမှာ ထူးခြားပြီး အခြားမိခင်များနှင့် ယှဉ်လျှင် ပြန်လည်သက်သာလာမှုမှာ ပိုမြန်ဆန်သည်။ ပထမကလေးတုန်းကကဲ့သို့ပင် ဆေးရုံမှာ သူမအတွက် အဆင်မပြေသောကြောင့် စုရှီသည် မွေးဖွားပြီး သုံးရက်အကြာတွင် အိမ်ပြန်နားယူရန် တောင်းဆိုခဲ့သည်။
သူမတစ်ယောက်တည်း မဟုတ်ပေ၊ သူမကို ကူညီပေးနေသော အဘွားနှင့် ထန်စစ်ယွင်တို့မှာလည်း အဆင်မပြေမှုများကို သည်းခံနေရသည်။ ထို့ကြောင့် ဆင်းလို့ရပြီဟု ဆရာဝန်က ပြောသည်နှင့် စုရှီသည် အချိန်မဆွဲတော့ဘဲ စစ်တပ်ဝင်းထဲသို့ အမြန်ပြန်လာခဲ့သည်။
စုရှီ ကြက်ပေါင်းရည် သောက်နေစဉ် ပုခက်ထဲတွင် ကြီးထွားလာသော မြေးလေးများကို ကြည့်ရင်း ထန်စစ်ယွင် က ပျော်ရွှင်စွာ အကြံပြုလိုက်သည်။
"ရှီရှီ.. အမေထင်တာတော့ တတိယမြောက်ကလေးက သူ့ဦးလေးနဲ့ ပိုပိုပြီး တူလာတယ်၊ တတိယကလေးကို စု မျိုးရိုး ပေးလိုက်ရင် ကောင်းမယ်ထင်တယ်"
စုရှီ ပြန်မဖြေနိုင်ခင်မှာပင် အလွန်ဝမ်းသာသွားသော ချန်ရှန်းယွင်မှာ တုန်ရီလာခဲ့သည်။ သူမ ချုပ်လက်စ အနီရောင်အင်္ကျီလေးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ခမည်းခမက်များထံသို့ စိတ်လှုပ်ရှားစွာ အမြန်လျှောက်သွားလိုက်သည်။
တစ်နေ့တွင် စု မိသားစု၏ မျိုးရိုးကို ဆက်ခံမည့် စု မျိုးရိုးအမည်ရှိသော ကလေးတစ်ဦး မွေးဖွားလာမည်ဟု မြေးမလေးက ပြောခဲ့ဖူးသော်လည်း တကယ်တမ်း အချိန်ရောက်လာသောအခါ သူမကိုယ်တိုင် စကားစရန် အားနာနေခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူမသည် မည်သို့ စကားစရမည်၊ မည်သည့်စကားလုံးများ သုံးရမည်ကို စဉ်းစားနေခဲ့သည်။ မြေးယောက္ခမ၏ အမေဘက်က စတင်ပြောဆိုလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဤအရာက ချန်ရှန်းယွင်ကို ကျေးဇူးတင်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းများ ဖြစ်ပေါ်စေပြီး ဘာပြောရမှန်းပင် မသိအောင် ဖြစ်သွားစေသည်။
သူမသည် ထန်စစ်ယွင်၏ လက်ကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားနိုင်ပြီး အနည်းငယ် မှုန်ဝါးနေသော သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လျှံနေပြီ ဖြစ်သည်။
ထန်စစ်ယွင်သည် သူမ၏ ခမည်းခမက် (အဘွား) ဤမျှ စိတ်လှုပ်ရှားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မူးလဲသွားမည်ကို စိုးရိမ်သဖြင့် ပုခက်ဘေးတွင် အမြန်ကူ၍ ထိုင်စေကာ တတိယကလေးကို ညင်သာစွာပွေ့ယူပြီး အဘွား၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်သည်။
"ကြည့်ပါဦး... သူက စုတုန်ရဲ့ ကလေးနဲ့ မတူဘူးလား"
ရင်ခွင်ထဲသို့ အလေးချိန် တစ်ခု ရောက်လာသဖြင့် ချန်ရှန်းယွင်သည် အလိုအလျောက် ငုံ့ကြည့်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ကလေးမှာ တွန့်လိပ်နေသော်လည်း ယခုအခါ ပို၍ အသားဖြူလာသည်။ အချို့နေရာများတွင် လူအိုလေးနှင့် တူနေသေးသော်လည်း မျက်လုံးနှင့် မျက်ခုံးများမှာ စုတုန်နှင့် ဆင်တူနေပြီ ဖြစ်သည်။
မြစ်လေးကို ပွေ့ချီထားရင်း အဘွားသည် သူမ၏ စိတ်ခံစားမှုများကိုပင် သတိမရတော့ပေ။ သူမသည် သဘောကျ ချစ်ခင်စိတ်များဖြင့်သာ ပြည့်နှက်နေတော့သည်။