← Chapters

အခန်း (၁၄၈)

Vol. 13 Ch. 148

အခန်း (၁၄၈)

Vol. 13 Ch. 148

စုချန်းကျုံးသည် ထိုကဲ့သို့ ညစ်ညမ်းသော အပြုအမူကို သည်းမခံနိုင်ပေ။ တစ်ဘဝလုံး ရွာတာဝန်ရှိသူ ဖြစ်ခဲ့ဖူးသဖြင့် သူတစ်ပါးကိစ္စတွင် ဝင်ရောက်စွက်ဖက်ရသည်ကို ကျင့်သားရနေပြီ ဖြစ်သည်။ အသက်ကြီးရင့်နေပြီ ဖြစ်သော်လည်း သူသည် ကိုယ့်အခြေအနေကို ဂရုမစိုက်နိုင်တော့ဘဲ တုတ်ကောက်ကို အားပြုကာ လီမာ့ဇီအား ဆူပူကြိမ်းမောင်းရန် ရှေ့တိုးသွားခဲ့သည်။

သူတို့နှစ်ဦးလုံးသည် အိမ်နီးချင်း တပ်မဟာများမှ ဖြစ်ကြပြီး တစ်ဦးကိုတစ်ဦး သိကြသည်။ အတိတ်ကဆိုလျှင် လီမာ့ဇီသည် စုချန်းကျုံးကို ဆန့်ကျင်ရဲမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စုမိသားစုသည် အမြဲတမ်း လေးစားခံရသူများ ဖြစ်ပြီး သားသမီးများမှာလည်း အောင်မြင်ကြသဖြင့် ထိပ်တိုက်ရင်ဆိုင်ပါက သူ့အတွက် ဘာအကျိုးမှ ရှိမည်မဟုတ်သောကြောင့် ဖြစ်သည်။

သို့သော် တစ်ခါတစ်ရံ စိတ်ဆိုးဒေါသထွက်နေချိန်တွင် လူတို့သည် ပုံမှန် မလုပ်ဆောင်တတ်သော အရာများကို လုပ်မိတတ်ကြသည်။

အစောပိုင်းက အမျိုးသမီး ပညာတတ်လူငယ်၏ ငြင်းပယ်ခံရမှုကြောင့် စိတ်ထိခိုက်ခဲ့ရခြင်း၊ တင်းရွှမ်းယီ နောက်သို့ အောင်မြင်မှုမရှိဘဲ လိုက်နေခဲ့ရသည့် စိတ်ပျက်မှုတို့ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် သူမကို နောက်ဆုံးတွင် ဖမ်းမိသောအခါ ချက်ပြီးသား ဘဲကင်ကို ရရှိထားသကဲ့သို့ ခံစားလိုက်ရပြီး လက်လွတ်ခံတော့မည် မဟုတ်ပေ။

ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်တွင် အသက် ၇၃ နှစ်အရွယ် စုချန်းကျုံးသည် အသက် ၃၀ ကျော်အရွယ် လီမာ့ဇီ၏ အားကို မယှဉ်နိုင်ဘဲ မြေပြင်ပေါ်သို့ တွန်းလှဲခံလိုက်ရသည်။

လီမာ့ဇီသည် မူလက ထိုလူကြီးကို တွန်းလှဲရုံသာ ရည်ရွယ်ခဲ့ပြီး ထိခိုက်နာကျင်စေရန် မရည်ရွယ်ခဲ့ပေ။

သို့သော် သူသည် မတော်တဆ အားစိုက်လွန်သွားပြီး ကံဆိုးစွာပင် စုချန်းကျုံး၏ ခေါင်းသည် ကျောက်တုံးနှင့် ရိုက်မိသွားခဲ့သည်။ သွေးအများအပြား ကျောက်တုံးပေါ် စီးကျလာပြီး သူသည် ချက်ချင်း သတိလစ်သွားတော့သည်။

လီမာ့ဇီသည် အလွန် ကြောက်လန့်သွားပြီး ခြေထောက်များ ပျော့ခွေသွားခဲ့သည်။ သူက မိန်းမတစ်ယောက် ရချင်ရုံသက်သက်သာ ဖြစ်သည်။ သူ့စိတ်ထဲတွင် အမျိုးသမီးတစ်ယောက်သည် သူနှင့် အတူနေပြီးပါက အသက်ရှင်ရပ်တည်ရေးအတွက် ပြန်မခုခံရဲတော့ဟု တွေးထင်ထားသည်။ သူမအနေဖြင့် သူ့ကို လက်ထပ်ပြီး မျိုးဆက်ပြန့်ပွားအောင် ကလေးမွေးပေးရုံမှတပါး ရွေးချယ်စရာ ရှိမည်မဟုတ်ပေ။ သူသည် မည်သူ့ကိုမျှ သတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

စုချန်းကျုံး၏ အသက်ရှူသံ ပျော့သွားပြီး သွေးများ ပိုမို စီးကျလာသည်ကို မြင်လိုက်ရသောအခါ အသည်းအသန် အော်ဟစ်နေသော တင်းရွှမ်းယီကို သူ ဂရုမစိုက်နိုင်တော့ပေ။ သူသည် လှည့်ထွက်ပြီး တောင်ပေါ်သို့ ထွက်ပြေး လွတ်မြောက်သွားတော့သည်။

ကံကောင်းထောက်မစွာပင် တင်းရွှမ်းယီသည် လက်ကိုသာ အတုပ်ခံထားရခြင်း ဖြစ်သည်။ ခေတ္တမျှ ကြောက်ရွံ့သွားပြီးနောက် သူမသည် အကူအညီရှာရန် ရွာဘက်သို့ ချက်ချင်း ပြေးသွားခဲ့သည်။

အရာအားလုံး ပေါ်ပေါက်လာချိန်တွင် စုရှီသည် ဘာဖြစ်ခဲ့သည်ကို သိရှိပြီးဖြစ်သည်။

စုရှီသည် ပေါက်စီ နောက်ဆုံးတစ်ကိုက်ကို မျိုချလိုက်ပြီး သူမ၏ အစ်ကိုကို အေးစက်စွာ ကြည့်လိုက်သည်။ သူမသည် လိုရင်းကိုသာ မေးလိုက်သည်။ "လီမာ့ဇီကို တွေ့ပြီလား"

ထိုကိစ္စကို ပြောလိုက်သောအခါ စုကော အံကြိတ်ပြီး ပြောလိုက်သည်။

"ရွာက ဆရာဝန်က အဖေ့ကို သွေးတိတ်အောင် လုပ်ပေးပြီးတော့ လှည်းနဲ့ မြို့နယ်ဆေးရုံကို ပို့လိုက်ရတယ်။ ငါတို့က အဖေ့ကို ဆေးရုံပို့ဖို့ အလုပ်ရှုပ်နေကြတာ။ ဘာဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ဒုတိယကောင်ကို ရဲစခန်းမှာ တိုင်ခိုင်းလိုက်တယ်။ တတိယကောင်နဲ့ စတုတ္ထကောင်က ရဲတွေ၊ ရွာသားတွေနဲ့အတူ တောင်ပေါ်တက်ပြီး တစ်နေ့လုံး ရှာကြပေမဲ့ မတွေ့ဘူး..."

စုရှီ၏ မျက်လုံးများ စူးရှသွားသည်။ "ဒါဆို... သူ တောင်ပေါ်မှာ ရှိနေတုန်းပဲပေါ့"

စုကောက ခေါင်းညိတ်လိုက်သည်။ "ငါ သိတဲ့လူတစ်ယောက်ကို ဆက်သွယ်ထားတယ်။ ရဲတွေက ဒီရက်ပိုင်း တောင်ပေါ်မှာ ရှာဖွေနေကြတယ်။ ရွာသားတွေ အများကြီးကလည်း တောင်ခြေမှာ စောင့်ကြည့်ပေးနေကြတယ်။ ဟိုးအပေါ်မှာက ချောက်ကမ်းပါးရှိတယ်ဆိုတော့ လီမာ့ဇီက တောင်ပေါ်မှာ ပုန်းနေတုန်းပဲ။ အောက်ဆင်းမလာသေးဘူး"

စုရှီ ဒီအချက်ကို မအံ့သြပေ။ သူမဦးလေး၏ ရွာတွင်း အဆင့်အတန်းမှာ အလွန်မြင့်မားပြီး ရွာသားများက သူ့ကို အလွန် လေးစားကြည်ညိုကြသည် မဟုတ်ပါလော။

စုရှီ စိတ်ဝင်စားသည်မှာ လီမာ့ဇီ တောင်ပေါ်တစ်နေရာတွင် ရှိနေသေးသည်ဟူသော အချက်ဖြစ်သည်။ အခြားလူကို ရှာဖွေရန် ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း စုရှီ အတွက်မူ လုံးဝ ဒုက္ခရောက်မည် မဟုတ်ပေ။ သူမ၏ အာရုံများကို ဖွင့်ထားပြီး တောင်ပေါ်တွင် အနည်းငယ် လျှောက်သွားလိုက်ရုံဖြင့် ပစ်မှတ်ကို လျင်မြန်စွာ ရှာဖွေနိုင်မည်ဖြစ်သည်။

သို့သော် အလောတကြီး လုပ်စရာ မလိုပေ။ တစ်စုံတစ်ရာ မလှုပ်ရှားမီ ဦးလေးဖြစ်သူ သတိရလာသည်အထိ စောင့်ရမည်။

မနက်စာစားပြီးနောက် စုရှီသည် ဝမ်းကွဲအစ်ကို၏ အကြံပြုချက်အတိုင်း တည်းခိုခန်းသို့ ပြန်၍ မနားပေ။ ထိုအစား သူမသည် တာဝန်ကျဆရာဝန်နှင့် စကားပြောပြီး ဦးလေး၏ အခြေအနေကို မေးမြန်းကာ ဦးလေး၏ ကုတင်ဘေးတွင် ထိုင်လျက် ခေါင်းမှီပြီး တစ်ရေးအိပ်လိုက်သည်။

မနက် ၁၁ နာရီဝန်းကျင်တွင် မိသားစုဝင်အများအပြား စောင့်မျှော်နေခြင်းကြောင့်လားမသိ၊ အဘိုးသည် နောက်ဆုံးတွင် သတိရလာတော့သည်။

မိသားစုတစ်ခုလုံး ဝမ်းသာသွားကြသည်။ ဆရာဝန် လာရောက်စစ်ဆေးပြီးနောက် အဘိုး တကယ် သက်သာကြောင်း အတည်ပြုလိုက်မှသာ အားလုံး စိတ်သက်သာရာ ရသွားကြသည်။

စုချန်းကျုံးသည် သွေးထွက်လွန်ထားသဖြင့် အလွန် အားနည်းနေသည်။ သတိရလာသော်လည်း ဆယ်မိနစ်အတွင်း ပြန်အိပ်ပျော်သွားသည်။

အားလုံး စိတ်အေးသွားကြပြီး တည်ငြိမ်သွားကြသည်။ ဝမ်ကွေ့ကျစ်သည် မျက်ရည်များကို သုတ်လိုက်ပြီး သားများကို ပြောလိုက်သည်။

"အကြီးကောင်... မင်း နေခဲ့... ဒုတိယကောင်နဲ့ တခြားသူတွေ အလုပ်ပြန်သွားကြတော့။ ခွင့်ခဏခဏယူတာ မကောင်းဘူး။ မင်းတို့အဖေ အန္တရာယ်ကင်းသွားပြီဆိုတော့ ကျန်တဲ့သူတွေ ကြာကြာ နေမနေနဲ့တော့။ အလုပ်ပြန်ကြ... အလုပ်ပြီးမှပဲ လာကြည့်ကြပေါ့"

သို့သော် စတုတ္ထဝမ်းကွဲအစ်ကိုက ဆက်နေရန် ပြောသည်။ သူသည် မူလတန်းပြဆရာဖြစ်ပြီး သူ့ဇနီးကို အစားဝင်ခိုင်းနိုင်သည်။ ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့နှင့် ယှဉ်လျှင် သူက ခွင့်ယူရ ပိုလွယ်သည်။ အကယ်၍ အစ်ကိုကြီး အလုပ်ရှုပ်နေလျှင် သူလည်း ကူညီပေးနိုင်သည် မဟုတ်ပါလော။

ဝမ်ကွေ့ကျစ်သည် သားများ၏ မိဘကို ရိုသေသိတတ်မှုကြောင့် ကျေနပ်ကာ မငြင်းဆန်တော့ပေ။ သူမသည် စုရှီ ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။

"ရှီရှီ... သမီး တည်းခိုခန်းပြန်ပြီး နားလိုက်ဦး။ သမီး ဝမ်းကွဲအစ်ကိုနှစ်ယောက် ဦးလေးနားမှာ ရှိနေတယ်"

စုရှီသည် နှစ်နာရီ သုံးနာရီခန့်သာ အိပ်စက်ခဲ့ရသည်။ သိပ်မပင်ပန်းသော်လည်း ထွက်ပြေးနေဆဲဖြစ်သော လီမာ့ဇီ အကြောင်း တွေးမိကာ ပြန်ရန် သဘောတူ ခေါင်းညိတ်လိုက်သည်။

စုရှီသည် ဝမ်းကွဲအစ်ကိုများနှင့်အတူ တည်းခိုခန်းသို့ ပြန်ရောက်လာပြီး ဒုတိယဝမ်းကွဲအစ်ကို စုထိုက်ကို ပြောလိုက်သည်။

"အစ်ကိုထိုက်... ညီမ မောင်းပို့ပေးမယ်"

မြို့မှ မြို့နယ်သို့ သွားသော တစ်စီးတည်းသော ဘတ်စ်ကားမှာ နေ့လယ် ၃ နာရီခွဲမှ ထွက်မည်ဖြစ်ပြီး ယခု မွန်းမတည့်သေးပေ။ အခုသွားချင်လျှင် လမ်းလျှောက်ရမည်သာ ရှိသည်။

သို့သော် စုထိုက်က ငြင်းပယ်လိုက်သည်။ "မလိုပါဘူး ညီမလေးရာ... ညီမလေး တည်းခိုခန်းမှာပဲ နားနေပါ။ ကိုကြီးတို့ ကိုယ့်ဘာသာကိုယ် ပြန်တတ်ပါတယ်"

စုရှီ၏ မျက်လုံးများမှာ ပြတ်သားနေသည်။ "ညီမ လိုက်ပို့ပေးမယ်။ အဓိကက ညီမ ဟုန့်ချီ ထုတ်လုပ်ရေးတပ်မဟာကို ပြန်မလို့"

တတိယဝမ်းကွဲအစ်ကို စုမင်သည် သူမ မျက်နှာပေါ်ရှိ အေးစက်သော အမူအရာကို မြင်လိုက်သည်နှင့် သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်း သိလိုက်သည်။ သူ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"ညီမလေး လီမာ့ဇီကို သွားရှာချင်လို့မလား"

ဤစကားသည် မေးခွန်းမဟုတ်ဘဲ အတည်ပြုပြောဆိုခြင်း ဖြစ်သည်။

စုရှီ မငြင်းခဲ့ပေ။ "အစ်ကိုမင်... ညီမက ခွင့်တစ်ပတ်ပဲ ယူထားတာ။ လမ်းခရီးကြာချိန် ဖယ်လိုက်ရင် အိမ်မှာ လေးရက်ပဲ နေရမှာ။ လီမာ့ဇီ သာ လွတ်သွားရင် သူ သက်သာသွားမှာပေါ့။ ညီမ ကိုယ်တိုင် သူ့ကို ဖမ်းမှဖြစ်မယ်"

ညီမအငယ်ဆုံးက ကိုယ်တိုင်ဖမ်းချင်နေလိမ့်မည်ဟု စုထိုက် မထင်ထားခဲ့ပေ။

"မဖြစ်ဘူး... မလုပ်ရဘူး... လီမာ့ဇီက ယောက်ျားရင့်မာကြီး ပြီးတော့ အခုသူက အရမ်းအသည်းအသန်ဖြစ်နေပြီ။ ဘာမဆို လုပ်ရဲတယ်။ ညီမလေး ဝင်မပါနဲ့။ ကိုကြီးတို့နဲ့ ရဲတွေကိုပဲ လွှတ်ထားလိုက်"

ရဲများကို ယုံကြည်ရသည်မှာ မှန်သော်လည်း စုရှီသည် သူမစိတ်ထဲရှိ ဒေါသနှင့် မကျေနပ်ချက်များကို ဖယ်ရှားမပစ်နိုင်ပေ။ ဦးလေးဖြစ်သူသည် သေလုနီးပါး... သေလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလော။

သူမသည် သူ့ကို ကိုယ်တိုင်ဖမ်းပြီး စိတ်ထဲရှိ ဒေါသပြေအောင် ကောင်းကောင်း ပညာပေးရန် ဆုံးဖြတ်ထားသည်။

"ညီမ သွားမှဖြစ်မယ်။ မဟုတ်ရင် စိတ်မအေးရဘူး... အစ်ကိုထိုက်ရော၊ အစ်ကိုမင်ရော ညီမရဲ့ အရည်အချင်းကို သိပါတယ်။ ကိုကြီးတို့အားလုံး ပေါင်းတိုက်ရင်တောင် ညီမကို နိုင်မှာမဟုတ်ဘူး။ လီမာ့ဇီလို လူစားမျိုးက ပြောနေစရာတောင် မလိုဘူး"

သူမ၏ ဝမ်းကွဲအစ်ကိုများ - ...

သူမ၏ ဝမ်းကွဲမောင်လေးများ -...

သူမသည် ထက်မြက်သူမှန်း အားလုံးသိကြသော်လည်း ဤမျှ ပွင့်ပွင့်လင်းလင်း ပြောခံလိုက်ရသောအခါ သူတို့အတွက် အနည်းငယ် ရှက်စရာ ဖြစ်သွားသည်။

သူတို့ ရှက်သွားကြသည်!

စုကောနှင့် စုအန်း ညီအစ်ကိုနှစ်ယောက်သည် သူတို့၏ ညီမအငယ်ဆုံးက စကားနားထောင်ပြီး အနားယူခြင်းမရှိဘဲ ညီငယ်များနှင့် တူများကို ခေါ်ဆောင်ကာ ဇာတိမြေသို့ ပြန်သွားကြောင်း လုံးဝ မသိလိုက်ကြပေ။

ထိုအချိန်တွင် စုအန်းသည် နေ့လယ်စာဝယ်ရန် ဆေးရုံကန်တင်းသို့ သွားနေသည်။ ဆေးရုံခန်းထဲတွင် အိပ်ပျော်နေသော စုချန်းကျုံးမှလွဲ၍ စုကောနှင့် ဝမ်ကွေ့ကျစ် သာ ရှိတော့သည်။

စုကောသည် ငှားထားသော ခေါက်ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး တိတ်ဆိတ်စွာဖြင့် ဖခင်လက်ကို ကိုင်ထားသော မိခင်ကို ကြည့်နေသည်။ သူ ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။ ပုံမှန်အားဖြင့် တည်ငြိမ်သော သူ့အသံသည် ယခုအခါ ပုံမှန်မဟုတ်သော ပြတ်သားမှုများ ပါဝင်နေခဲ့သည်။

"အမေ... ကျွန်တော်တို့ J မြို့ကို ပြောင်းကြရအောင်"

"J မြို့ကို သွားမလို့လား"

သူမသားဆီမှ ရုတ်တရက် ထွက်ပေါ်လာသော စကားများကြောင့် ဝမ်ကွေ့ကျစ် တစ်ယောက် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

သုမသည် ရုတ်တရက် စကားဝိုင်းက J မြို့ အကြောင်းသို့ မည်သို့မည်ပုံ ရောက်သွားမှန်း နားမလည်နိုင်ဖြစ်နေသည်။

စကားအချို့ကို ပြောထွက်ပြီးသွားသည့်အခါ ထိုစကားများကို ပြောရသည်မှာ သိပ်ပြီးမခက်ခဲတော့သလို ထင်ရသည်။ စုကောက သူ့အမေ၏ နားမလည်နိုင်သော အကြည့်နှင့်ဆုံလိုက်ချိန်တွင် သက်ပြင်းတစ်ချက်ချကာ အတင်းဟန်လုပ်၍ ပြုံးလိုက်သည်။

"အင်း၊ ကျွန်တော်တို့ မိသားစုတစ်ခုလုံး J မြို့ကို ပြောင်းကြရအောင်"

ဝမ်ကွေ့ကျစ်မှာ ခေတ္တမျှ ကြောင်အသွားခဲ့ သည်။ "ဘာလို့ ရုတ်တရက်ကြီး J မြို့ကို ပြောင်းချင်ရတာလဲ"

စုကောက ပြန်ဖြေလိုက်သည်။ "ရုတ်တရက် ဆုံးဖြတ်လိုက်တာ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ နှစ်နှစ်က J မြို့ကို သွားတုန်းကတည်းက ကျွန်တော် အဲဒီမှာ နေချင်ခဲ့တာ"

သူက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ဆက်ပြောခဲ့သည်။ "အမေလည်း လွန်ခဲ့တဲ့ နှစ်နှစ်က J မြို့ ကို ရောက်ဖူးတာပဲ၊ အဲဒီနေရာက မြို့တော်လေ၊ ဒီက အခြေအနေတွေနဲ့ ဘယ်ယှဉ်လို့ရပါ့မလဲ၊ ကလေးတွေလည်း မြို့သားတွေအဖြစ် ကြီးပြင်းလာရမှာကို ထည့်မပြောရင်တောင်မှပေါ့"

"အမေနဲ့ အဖေကလည်း အသက်ကြီးလာကြပြီ၊ ညီမလေးသာ အသက်ကယ်ဆေး မထားခဲ့ရင် အဖေ့အပေါ် ဘာတွေဖြစ်သွားမလဲဆိုတာ ကျွန်တော်တို့ သိနိုင်မှာတောင် မဟုတ်ဘူး..."

"ဒါပေမဲ့... ဒါပေမဲ့ ငါတို့ရဲ့ ဇာတိမြေက ဒီမှာလေ..." ဝမ်ကွေ့ကျစ်သည် သူမသား၏ အကြံပြုချက်ကို ယခင်က တစ်ခါမှ မစဉ်းစားဖူးခဲ့သောကြောင့် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ J မြို့သည် လူတိုင်း တောင့်တကြသည့် နေရာတစ်ခု ဖြစ်သော်လည်း ထိုသို့ပြောင်းရွှေ့ရန် သူမ တစ်ခါမှ ထည့်မတွက်ခဲ့ဖူးပေ။

စုကော ပြုံးလိုက်သည်။ "အမေကလည်း ဘာဇာတိမြေ အကြောင်း ပြောနေတာလဲ။ ညီမလေးနဲ့ တခြားသူတွေကို ကြည့်လေ၊ သူတို့အားလုံး J မြို့မှာ အခြေချနေကြပြီပဲ၊ ကျွန်တော်တို့လည်း အဲဒီမှာ အိမ်ဝယ်ကြမယ် အိမ်နဲ့ အလုပ်အကိုင် ရှိလာတာနဲ့ J မြို့ မှာ အခြေကျသွားမှာပါပဲ"

ထိုစကားမှာ အဓိပ္ပာယ်ရှိပေသည်။ တောင်သူလယ်သမားတစ်ဦး၏ ဇာတိမြေမှာ သူတို့၏ မြေယာဖြစ်သော်လည်း သူမနှင့် သူမခင်ပွန်းမှလွဲ၍ ကျန်သည့်သားသမီးများမှာ ကျေးလက်အိမ်ထောင်စုစာရင်းသာ ရှိကြပြီး အစိုးရထောက်ပံ့သည့် ဆန်ရေစပါးဖြင့် ကြီးပြင်းလာကြသူများ ဖြစ်သည်။

သို့သော်...

"နင်တို့ J မြို့ကို သွားရင် အလုပ်အကိုင်ကျ ဘယ်လိုလုပ်မလဲ၊ အလုပ်ရှာရတာ လွယ်တာမဟုတ်ဘူးလေ ဟုတ်တယ်မလား"

စုကောက ခေါင်းညိတ်လိုက်သည်။ "တုန်တုန်က ကျွန်တော့်ကို စောစောက ပြောတယ်၊ ဒီကအလုပ်ကို ရောင်းလို့ရတယ်တဲ့"

"ကျွန်တော်တို့ ပိုက်ဆံနည်းနည်း ထပ်ထည့်ပြီး J မြို့ မှာ အလုပ်သစ် ဝယ်လို့ရတာပဲ"

ဝမ်ကွေ့ကျစ် ကတော့ သိပ်ပြီး အကောင်းမမြင်လှပေ။ သူမ မျက်မှောင်ကြုတ်လိုက်သည်။ "အလုပ်တွေက အဲဒီလောက် ဝယ်ရလွယ်တာမှ မဟုတ်တာ။ ပြီးတော့ မြေးတွေနဲ့ဆိုရင် နေရာနှစ်ဆယ်လောက် ရှိတယ်၊ ဘယ်လိုလုပ် တစ်ခါတည်းနဲ့ အကုန်ဝယ်နိုင်မှာလဲ။ တကယ်လို့ မဝယ်နိုင်ရင် ဘယ်လိုလုပ်မလဲ? ငါတို့က ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်စောင့်နေလို့မှ မရတာ၊ ငါတော့ စိတ်မချပါဘူး"

စုကောတွင် သူ့အစီအစဉ်နှင့်သူ ရှိပြီးဖြစ်သည်။ "အမေကလည်း ဘာတွေ လျှောက်တွေးနေတာလဲ? ကျွန်တော်တို့အားလုံး ဘယ်လိုလုပ် တစ်ပြိုင်နက် သွားနိုင်မှာလဲ? တစ်ယောက်ချင်းစီ ဒါမှမဟုတ် တစ်မိသားစုချင်းစီ သွားလို့ရတာပဲ။ တုန်တုန်တို့တွေက J မြို့ မှာ ရှိတာပဲ၊ တုန်တုန်က အလုပ်ကူရှာပေးမယ်လို့ ပြောထားတယ်။ သင့်တော်တာတွေ့ရင် ဒီကအလုပ်ကို ရောင်းပြီး J မြို့ကို ချက်ချင်း သွားလို့ရတာပဲ၊ ဘက်နှစ်ဖက်စလုံး ကြန့်ကြာမှာ မဟုတ်ဘူး။ ပြီးတော့ တုန်တုန်က ပြောသေးတယ်၊ အိမ်ဝယ်ဖို့ ပိုက်ဆံလိုရင် သူ အရင်စိုက်ထုတ်ပြီး ချေးပေးထားမယ်တဲ့..."

အသက်ငါးဆယ်နီးပါး ရှိနေပြီဖြစ်သော သားဖြစ်သူက ကလေးတစ်ယောက်လို တောင့်တစိတ်ဖြင့် ယုတ္တိရှိရှိနှင့် အကြံဉာဏ်များအပြည့်ဖြင့် ပြောဆိုနေသည်ကို ကြည့်ရင်း သားဖြစ်သူအကြောင်းကို မည်သူထက်မဆို ပိုသိသော ဝမ်ကွေ့ကျစ် တစ်ယောက် သူ ဤအစီအစဉ်ကို စဉ်းစားနေသည်မှာ တစ်ရက်နှစ်ရက်မကတော့ကြောင်း ကောင်းကောင်း သိလိုက်လေသည်။

သူမက သက်ပြင်းချကာ ပြောလိုက်သည်။ "ငါကတော့ ဒီကိစ္စတွေကို နားမလည်ပါဘူး၊ နင့်အဖေ နိုးလာတဲ့အခါ သူ့ကို မေးကြည့်လိုက်ပေါ့။ နင့်အဖေနဲ့ နင့်ညီသုံးယောက် ကန့်ကွက်မနေဘူးဆိုရင် ငါလည်း မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ဒုတိယအိမ်ကို နင်တို့ ကျေးဇူးကျွေးအများကြီး တင်နေတယ်ဆိုတာတော့ မှတ်ထားရမယ်၊ အဲဒါကို မမေ့နဲ့နော်"

ဝမ်ကွေ့ကျစ်သည် အသေးအမွှား အမြတ်အစွန်းများကို နှစ်သက်သော်လည်း ဤကဲ့သို့သော ကျေးဇူးတရားများမှာမူ ပေါ့ပေါ့တန်တန် သဘောထားရန် ကြီးမားလွန်းလှသည်။

စုကောက ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည်။ "အမေကလည်း စိတ်မပူပါနဲ့၊ အမေ့သားက ကျေးဇူးကန်းတတ်တဲ့သူ မဟုတ်ပါဘူး"

"ဟုတ်တယ် အမေ၊ အမေ့သားက ကျေးဇူးကန်းတဲ့ကောင် မဟုတ်ပါဘူး။ အစ်ကိုကြီးရဲ့ အကြံဉာဏ်က အရမ်းကောင်းတယ်လို့ ကျွန်တော်လည်း ထင်တယ်၊ ဘာပဲပြောပြော J မြို့ လေ"

တံခါးအပြင်ဘက်တွင် နားထောင်နေသည်မှာ မည်မျှကြာပြီမှန်း မသိသော စုအန်းက နောက်ဆုံးတွင် အလူမီနီယံ ထမင်းချိုင့်များကို ကိုင်၍ အခန်းထဲသို့ ဝင်လာရင်း ပြောလိုက်သည်။

ဝမ်ကွေ့ကျစ်က ထမင်းချိုင့်များကို ယူလိုက်ပြီး စားပွဲခုံငယ်ပေါ်တွင် တင်လိုက်ကာ သူမ၏ သားငယ်ကို စိတ်ပျက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ "နင်က ဘယ်လိုလုပ်ပြီး အခုထိ ခိုးနားထောင်နေရတာလဲ"

စုအန်းက မျက်နှာပြောင်တိုက်ကာ ပြန်ပြောလိုက်သည်။ "ကျွန်တော် ခိုးနားထောင်တာ မဟုတ်ပါဘူး၊ ပေါ်တင် နားထောင်နေတာပါ။ အမေတို့က အသံကျယ်ကြီးနဲ့ ပြောနေတော့ ကြားရတာ မခက်ပါဘူး"

ဝမ်ကွေ့ကျစ်က ထမင်းချိုင့်အဖုံးကို ယူလိုက်ပြီး သားငယ်၏ ခေါင်းကို ဖြည်းညှင်းစွာ ခေါက်လိုက်သည်။

စုအန်းက ဟန်ဆောင်ပြီး နာကျင်သလို အော်ဟစ်လိုက်ရာ ထိုကဲ့သို့ နောက်ပြောင်ကျီစယ်မှုကြောင့် စိတ်လက်ပေါ့ပါးသွားပြီး ဤရက်များအတွင်း ပထမဆုံးအကြိမ်အဖြစ် ဝမ်ကွေ့ကျစ် တစ်ယောက် ရယ်မောလိုက်မိသည်။

သို့သော် ဆေးရုံအခန်းထဲတွင် ရှိနေသော စုရှီမှာမူ အိမ်မှ ပျော်ရွှင်စရာကောင်းသော လေထုအခြေအနေကို သတိမထားမိပေ။

ကျေးလက်ဒေသဘက်သို့ ဝင်လာလေ လမ်းခရီးက ပိုကြမ်းတမ်းလာလေဖြစ်ပြီး ကားသွားနှုန်းမှာလည်း နှေးကွေးလာသည်။ သူမသည် အရှေ့သို့ အလျင်အမြန် မောင်းနှင်လာခဲ့ရာ နှစ်နာရီကျော် ကြာပြီးနောက်တွင် နောက်ဆုံး၌ ဟုန်ချီ ထုတ်လုပ်ရေး တပ်ဖွဲ့သို့ ရောက်ရှိသွားခဲ့သည်။

သူမတစ်ယောက်တည်း မဟုတ်ဘဲ စိုးရိမ်ပူပန်နေဆဲဖြစ်သော ကျန်းကျွင့်နှင့် သူ့သူငယ်ချင်းများပါ သူမနောက်သို့ လိုက်ပါလာကြသည်။

ကားသုံးစီးသည် ဟုန်ချီ ထုတ်လုပ်ရေး တပ်ဖွဲ့ထဲသို့ အတူတကွ မောင်းနှင်ဝင်ရောက်လာကြရာ ရွာသားများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။

စုရှီသည် သူမ၏ ကိုယ်ပိုင်ကိစ္စများကိုသာ အာရုံစိုက်နေသဖြင့် လမ်းတွင်မရပ်ဘဲ စု မိသားစု၏ နေအိမ်သို့ တန်း၍ မောင်းနှင်သွားခဲ့သည်။

All Chapters