← Chapters

အခန်း (၁၅၀)

Vol. 13 Ch. 150

အခန်း (၁၅၀)

Vol. 13 Ch. 150

စုရှီသည် လမ်းတွင် စုခွမ်ကို လှမ်းကြည့်လိုက်သည်။ သူသည် စောစောက တောင်ခြေတွင် စောင့်ဆိုင်းနေသည်ကို သတိထားမိခဲ့ပြီး လီမာ့ဇီကို သူကိုယ်တိုင် ဖမ်းရန် စီစဉ်ထားပုံရသည်။

သူမ သူ့ကို အကြိမ်များစွာ ကြည့်မိသွား၍လား မသိ၊ စုခွမ်က သူမ၏ အကြည့်ကို သတိထားမိပြီး ခေါင်းငုံ့ကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ဒေါ်‌လေး"

စုရှီတွင် များများစားစား ဆွေးနွေးလိုစိတ် မရှိပေ။ အထူးသဖြင့် ခံစားချက်များသည် ကိုယ်ရေးကိုယ်တာ ကိစ္စများ ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် စုခွမ်၊ တင်းရွှမ်းယီနှင့် သူမ၏ ဦးလေးတို့ကြား အခြေအနေအရ တစ်ခုခု ပြောတာ ပိုကောင်းမည်ဟု သူမ ခံစားလိုက်ရသည်။

သူမ ဝမ်းကွဲတူ၏ အချစ်ရေး အဆင်မပြေဖြစ်နေသည်ကို တွေးမိပြီး စုရှီ အကြံဉာဏ် မပေးဘဲ မနေနိုင်တော့ပေ။

"တကယ်လို့ အစ်ကို*နဲ့ တင်းရွှမ်းယီသာ တစ်ယောက်ကိုတစ်ယောက် အလေးအနက် ထားတယ်ဆိုရင် ဦးလေး သဘောတူသရွေ့ အစ်ကို့အဖေလည်း လက်ခံပါလိမ့်မယ်"

(တူဖြစ်ပေမယ့် စုရှီထက် ကြီးလို့ပါ)

စုခွမ်သည် သူ့ဒေါ်လေးငယ်က ဤအကြောင်းကို ပြောလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ့မျက်လုံးများ လှုပ်ရှားသွားပြီး အနည်းငယ် ရှက်ရွံ့သွားသော်လည်း အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

သူတို့ အိမ်ပြန်ရောက်သောအခါ အစ်မယင်းနှင့် ခဲအိုဖြစ်သူတို့လည်း ပြန်ရောက်နေသည်ကို စုရှီ တွေ့လိုက်ရသည်။

သူတို့က သတင်းကြားပြီး စုရှီကို တွေ့ရန် သီးသန့် အပြေးအလွှား ပြန်လာခဲ့ကြပုံရသည်။

စုရှီသည် J မြို့ သို့ သွားပြီးကတည်းက ပြန်မလာခဲ့ပေ။ ရှဲ့ယင်းကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ ကောင်းကောင်း ဂရုစိုက်ခံရ၍လား သို့မဟုတ် နေထိုင်ကောင်း၍လား မပြောတတ်သော်လည်း အစ်မယင်းသည် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်ငြား သိပ်မပြောင်းလဲဘဲ ယခင်ကကဲ့သို့ လှပနေဆဲ ဖြစ်သည်ကို သူမ သတိထားမိလိုက်သည်။

သူတို့နှစ်ဦးသည် အမြဲတမ်း ရင်းနှီးခဲ့ကြပြီး ယခုကဲ့သို့ အချိန်အကြာကြီး ခွဲခွာပြီးနောက် လက်ရှိအရေးကိစ္စများကို ဖြေရှင်းပြီးချိန်တွင် ပြန်လည်ဆုံတွေ့ကြရသဖြင့် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်နေကြသည်မှာ သဘာဝပင်။

စုရှီ ယသည် မြို့ထဲရှိ သူမ၏ ဝမ်းကွဲအစ်ကိုကြီးထံ ဖုန်းဆက်မေးမြန်းပြီးနောက် ဦးလေးဖြစ်သူ ပြန်လည် သတိရလာပြီး အခြေအနေ များစွာ သက်သာလာသည်ဟု ကြားသိရသောအခါမှ စိတ်အေးသွားရသည်။ သူမသည် ညဘက်တွင် အိမ်၌ တည်းခိုပြီး နောက်တစ်နေ့မှ မြို့ထဲရှိ ဦးလေးထံ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်သည်။

ထိုညတွင် စုရှီသည် ရှဲ့ယင်းနှင့်အတူ အိပ်ခဲ့သည်။

သူတို့သည် စုရှီ အိမ်တွင် နေထိုင်စဉ်က အသုံးပြုခဲ့သော အခန်းထဲ၌ အိပ်ကြသည်။ သူတို့နှစ်ဦး ကုတင်ပေါ်တွင် လှဲလျောင်းရင်း နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော အခြေအနေများအကြောင်း စကားစမြည် ပြောဆိုနေကြသည်။

စကားပြောနေရင်း စုရှီက သူမ၏ အမြွှာသားများအကြောင်း ထည့်ပြောလိုက်သည်။ သူမ သက်ပြင်းချလိုက်သည်။

"မန့်မန့်နဲ့ တန့်တန့်က လုံးဝ မတူကြဘူး၊ ကျန်းကျန်း နဲ့ ရုန်ရုန်တို့လို သူစိမ်းတွေ ခွဲမရအောင် တူတာမျိုး မဟုတ်ဘဲ အမြွှာအတု မွေးထားသလို ခံစားရတယ်"

ရှဲ့ယင်းက ရယ်မောပြီး စုရှီကို နောက်ပြောင်ကာ ရိုက်လိုက်သည်။ "ကိုယ့်သားသမီးကို ဘယ်လိုပြောလိုက်တာလဲ။ ငါ အဲဒီမျောက်ရှုံးလေး နှစ်ကောင်ကို တကယ် တွေ့ချင်နေပြီ၊ အရင်က ဓာတ်ပုံတွေ တွေ့ဖူးတယ်၊ သိပ်ချစ်စရာကောင်းတာပဲ"

ရှဲ့ယင်း၏ ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားများကြောင့် စုရှီ၏ ရင်ထဲတွင် ရုတ်တရက် ဆို့နင့်သွားသည်။ ဘာကြောင့်မှန်း သူမ မသိသော်လည်း ထိုစကားကို ကြားလိုက်ရသည်မှာ သူမကို စိတ်မကောင်း ဖြစ်စေသည်။

အစ်မယင်း ကျေးလက်ဒေသသို့ ရောက်နေသည်မှာ ခုနစ်နှစ်ကျော် ရှိပြီဖြစ်သည်။ စုရှီသည် သူမနှင့်မတူဘဲ နောက်ထပ် နှစ်နှစ် သုံးနှစ် အတွင်း သူမ၏ ဂုဏ်သိက္ခာ ပြန်လည် ဆယ်ယူနိုင်မည်ကို သိနေသည်။ အဆုံးမရှိသော စောင့်ဆိုင်းရမှုသည် မည်မျှ နာကျင်ခံစားရမည်ကို သူမ တွေးကြည့်ရုံမျှဖြင့် သိနိုင်သည်။

သူမ၏ ယောက္ခမ ရှဲ့ပေါ် က လွန်ခဲ့သော နှစ်လက ပြောခဲ့သည်များကို ပြန်သတိရလိုက်သည်။ အထက်ပိုင်းတွင် ကြိုးပမ်းမှုများ ရှိနေပြီး ပညာတတ်အချို့ ပြန်လည် နေရာချထားခံရပြီ ဖြစ်သည်။ ယောက်ဖဖြစ်သူသည် ၁၉၇၇ အထိ စောင့်စရာ မလိုလောက်တော့ဟု စုရှီ တွေးမိလိုက်သည်။

ထိုအတွေးဖြင့် စုရှီက တိုးတိုးလေး ပြောလိုက်သည်။ "မမ၊ မကြာသေးခင်က အဖေ ဖုန်းဆက်သေးလား"

ရှဲ့ယင်း ခေါင်းခါလိုက်သည်။ "အဖေက တို့ဆီ ဖုန်းဆက်ခဲတယ်၊ နင်လည်း သိသားပဲ၊ သူ့ကို စောင့်ကြည့်နေတဲ့လူတွေက များလွန်းတယ်၊ အမေတောင် ဖုန်းဆက်ခဲတယ်..."

သူတို့၏ လုံခြုံရေးအတွက် ရှဲ့ယင်းသည် အိမ်သို့ ဘယ်တော့မှ စပြီး ဖုန်းမခေါ်ပေ။ စာရေးသည့်အခါတွင်ပင် ကျန်းကျွင့်၏ သူငယ်ချင်းထံသို့ ပေးပို့ရပြီး ထိုမှတစ်ဆင့် ကျန်းကျွင့်ထံသို့၊ ထိုမှတစ်ဆင့် ထန်စစ်ယွင် ထံသို့ နည်းလမ်းရှာပြီး ပို့ရသည်။

အားလုံးက အလွန် ရှုပ်ထွေးလှသဖြင့် သူတို့သည် အဆက်အသွယ်ကို တတ်နိုင်သမျှ လျှော့ချထားကြသည်။

ဤအကြောင်း တွေးမိပြီးနောက် တစုံတစ်ခု မှားယွင်းနေသည်ဟု ရှဲ့ယင်း ခံစားလိုက်ရသည်။ သူမ အလိုအလျောက် ထထိုင်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"အဖေ တစ်ခုခု ဖြစ်လို့လား"

ရှဲ့ယင်း ဘာတွေ တွေးလိုက်မှန်း စုရှီ မသေချာသဖြင့် သူမကို အမြန် ပြန်ဆွဲလှဲလိုက်ပြီး ပြောလိုက်သည်။

"အဆင်ပြေပါတယ်၊ ဘာမှမဖြစ်ပါဘူး၊ အဖေသာ တစ်ခုခုဖြစ်ရင် ညီမလေး ဒီလောက် စိတ်အေးလက်အေးနဲ့ ပြန်လာနိုင်ပါ့မလား"

ရှဲ့ယင်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် စုရှီ ယကို မျက်စောင်းထိုးလိုက်သည်။

"နင်ကတော့လေ၊ ငါ့ကို လန့်သေအောင် လုပ်နေတာပဲ"

သမီးတစ်ယောက် အနေဖြင့် ဖခင်၏ ဘေးတွင် နှစ်ပေါင်းများစွာ မနေပေးနိုင်ခဲ့ခြင်းက သူမကို အလွန်အမင်း အပြစ်ရှိသလို ခံစားနေရစေသည်။ ယခုအချိန်တွင် သူတစ်ခုခု ဖြစ်သွားပါက ရှဲ့ယင်း အနေဖြင့် ဘာလုပ်ရမှန်းတောင် သိမည်မဟုတ်ပေ။

စုရှီက တိုးတိုးလေး ပြောလိုက်သည်။ "ဟိုတလောက နယ်နှင်ဒဏ်ပေးခံထားရတဲ့ ပညာတတ်အတော်များများ မူလရာထူး ပြန်ရနေကြတယ်။ အဖေက သူညှိနှိုင်းဖို့ ကြိုးစားနေတယ်လို့ ပြောတယ်။ မမနဲ့ ခဲအိုတို့ မကြာခင် J မြို့ ကို ပြန်လာနိုင်လိမ့်မယ်လို့ ညီမလေး ထင်တယ်..."

"တကယ်လား"

အကြာကြီး တိတ်ဆိတ်နေပြီးနောက် ရှဲ့ယင်းက လေသံတိုးတိုးဖြင့် မေးလိုက်သည်။

သတင်းကောင်းက ရုတ်တရက် ရောက်လာလွန်းသဖြင့် သူမ အိမ်မက်မက်နေသည်ဟုပင် ထင်လိုက်မိသည်။

သူမက အဆိုးမြင်နေခြင်း မဟုတ်ဘဲ စောင့်ဆိုင်းရသည်မှာ ကြာလွန်းနေ၍ ဖြစ်သည်။ သူမခင်ပွန်း နယ်သို့ရောက်နေသည်မှာ ရှစ်နှစ်ကျော် ရှိနေပြီ ဖြစ်ပြီး သူမ ဟုန်ချီ ထုတ်လုပ်ရေး တပ်ဖွဲ့တွင် ရောက်နေသည်မှာလည်း ခုနစ်နှစ်ကျော် ရှိနေပြီ ဖြစ်သည်။

ရှစ်ရက် သို့မဟုတ် ရှစ်လ မဟုတ်ဘဲ ရှစ်နှစ် တင်းတင်း ရှိနေပြီ ဖြစ်သည်။

အစပိုင်းတွင် တစ်နေ့နေ့၌ ပြန်ရလိမ့်မည်ဟု သူတို့ မျှော်လင့်ခဲ့ကြသည်။ သို့သော် နှစ်များ ကုန်ဆုံးလာသည်နှင့်အမျှ ကျေးလက်ဒေသတွင် ဆယ်စုနှစ်တစ်ခု နီးပါး ကုန်ဆုံးသွားရနိုင်ကြောင်း သူတို့ သဘောပေါက်လာကြသည်။

လူတစ်ယောက်ရဲ့ ဘဝမှာ ဆယ်စုနှစ် ဘယ်နှခုများ ရှိနိုင်မှာမို့လဲ။

ကြာလွန်းလှသဖြင့် သူမနှင့် သူမခင်ပွန်းသည် J မြို့ သို့ ပြန်နိုင်မည့် မျှော်လင့်ချက်ကို စွန့်လွှတ်လုနီးပါး ဖြစ်နေကြပြီပင်။

သို့သော် သူတို့ ဘဝတစ်လျှောက်လုံး ကျေးလက်ဒေသတွင်သာ သောင်တင်နေတော့မည်ဟု ထင်နေချိန်တွင် ပြန်သွားရတော့မည်ဟု စုရှီက ပြောလာသည်။ ထို့အပြင် ဂုဏ်သိက္ခာရှိရှိ ပြန်သွားနိုင်မည်တဲ့။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

စုရှီသည် သူမယောက္ခမ ပြောသည်ကို တကယ်ကြားခဲ့ရခြင်း ဖြစ်သောကြောင့် အစ်မယင်းကို ယုံကြည်မှုရှိရှိ ပြောပြရဲခြင်း ဖြစ်သည်။

"တကယ်ပါ၊ လူအတော်များများ မူလရာထူး ပြန်ရနေကြပြီ၊ ခဲအိုလည်း သေချာပေါက် ပြန်ခေါ်ခံရမှာပါ။ အဖေက မမတို့အကြောင်း အမြဲတွေးနေတာ၊ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက်ဆိုရင် မမတို့ သေချာပေါက် ပြန်သွားရမယ်လို့ ညီမလေး ယုံကြည်တယ်..."

စုရှီ ပြောလိုက်သော အချိန်ကာလမှာ ရှင်းလင်းသော မျှော်လင့်ချက် ပေးနိုင်ရန် သူမဘာသာ ထည့်ပြောလိုက်ခြင်း ဖြစ်သည်။

သူမ၏ ယောက္ခမ ကြိုးပမ်းမှု မအောင်မြင်လျှင်ပင် ယဉ်ကျေးမှု တော်လှန်ရေးကြီးသည် နှစ်နှစ် သုံးနှစ် အတွင်း ပြီးဆုံးတော့မည် ဖြစ်ကြောင်း သူမ တွေးမိသည်။ ထို့ကြောင့် သူမ ပြောလိုက်သည်မှာ လုံးဝ မမှားပေ။

စုရှီထံမှ ဤအတည်ပြုချက် သတင်းစကားကို ကြားလိုက်ရသောအခါ ရှဲ့ယင်း၏ ရင်ထဲတွင် ဝမ်းသာပီတိများ လှိုက်ခနဲ ဖြစ်ပေါ်လာခဲ့သည်။ ပြင်းထန်လွန်းလှသဖြင့် မျက်ရည်များ ဝဲလာပြီး အသိပေးခြင်း မရှိဘဲ မျက်ရည်ကျလာလေသည်။

စုရှီ လန့်သွားပြီး မျက်ရည်များကို အမြန် သုတ်ပေးကာ နှစ်သိမ့်စကား ပြောရန် ပြင်လိုက်သည်။

သို့သော် သူမ စကားမပြောနိုင်မီ ရှဲ့ယင်းသည် ကုတင်ပေါ်မှ အမြန် ခုန်ဆင်းလိုက်ပြီး ဖိနပ်ပင် မစီးတော့ဘဲ တံခါးအပြင်ဘက်သို့ ခြေဗလာဖြင့် ပြေးထွက်သွားလေသည်။

စုရှီသည် သူမ၏ လုပ်ရပ်ကြောင့် အလွန် အံ့သြသွားပြီး တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ ထို့နောက် အပြင်ဘက်တွင် ရှဲ့ယင်း၏ ငိုလိုက် ရယ်လိုက် လုပ်နေသော အသံကြောင့် ထပ်မံ လန့်သွားရပြန်သည်။

သူမ ကြောင်တောင်တောင်ဖြင့် ရယ်မောလိုက်မိသည်။ သူမ နောက်ကလိုက်ရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ ခဲအိုဖြစ်သူ ဝမ်ယွမ်၏ အရေးတကြီး မေးမြန်းသံကို ကြားလိုက်ရသည်။

စုရှီသည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်သော်လည်း ချက်ချင်း ရပ်တန့်လိုက်သည်။ ခြေဖနောင့်ကို တစ်ချက်ပုတ်ကာ လှည့်လိုက်ပြီး သူမ၏ ကုတင်ဆီသို့ အမြန် ပြန်လာခဲ့သည်။

သူမသည် စောင်ပါးလေးကို ယူ၍ ခြုံလိုက်ပြီး ခေါင်းမှ ခြေဖျားအထိ လုံအောင် ဆွဲခြုံလိုက်ကာ နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေး၍ မျက်လုံးများကို မှိတ်လိုက်သည်။

သူမ အိပ်တော့မည်။ ဒီအတိုင်း အိပ်လိုက်တော့မည်။

.....

စုရှီသည် မနက်စောစော၌ ကြာရှည်စွာ စောင့်မျှော်နေခဲ့ရသော ကြက်တွန်သံကြောင့် နိုးထလာခဲ့သည်။

အိပ်မှုန်စုန်မွှားဖြစ်နေဆဲတွင် သူမသည် မျက်နှာကြက်ကို ခေတ္တမျှ ငေးကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။ ခဏအကြာတွင် စုရှီ၏ မျက်လုံးများက အခန်းထဲသို့ ဝေ့ဝဲကြည့်ရှုလိုက်ရာ သူမသည် သူမ၏ နေအိမ်ဟောင်း၌ ရှိနေသည်ကို သဘောပေါက်ရန် အချိန်အနည်းငယ် ကြာလိုက်လေသည်။

အကျင့်ပါနေသည့်အတိုင်း သူမ နာရီကြည့်ရန် လက်ကောက်ဝတ်ဆီသို့ လက်လှမ်းလိုက်သည်။ မနက် ၅ နာရီ ၁၀ မိနစ် ရှိနေပြီဖြစ်သည်။

စုရှီသည် နာရီကို ဝတ်ဆင်လိုက်ပြီး အိပ်ချင်စိတ်ပြေပျောက်စေရန် ပါးပြင်များကို ပုတ်လိုက်ကာ လျင်မြန်စွာ ထရပ်လိုက်သည်။ ထို့နောက် အဝတ်အစားလဲလှယ်ပြီး အိပ်ခန်းတံခါးကို တိတ်တဆိတ် ဖွင့်လိုက်လေသည်။

ခြံဝန်းထဲတွင် မည်သူမျှမရှိပေ။ စုရှီသည် မနေ့က အစ်မယင်း မည်မျှ စိတ်လှုပ်ရှားခဲ့သည်ကို တွေးတောရင်း သူမ မည်သည့်အချိန်လောက်ကများ အိပ်ပျော်သွားမည်နည်းဟု စဉ်းစားမိသည်။

သူမသည် ခြံဝန်းထဲတွင် အကြောလျှော့လေ့ကျင့်ခန်း အနည်းငယ် ပြုလုပ်ပြီးနောက် ခြံတံခါးကို ဂရုတစိုက်ဖွင့်ကာ ဝင်ပေါက်၌ ရပ်လျက် ပြောင်းလဲခြင်းမရှိသလောက်ဖြစ်နေသော သူမ၏ မွေးရပ်မြေကို ကြည့်ရှုလိုက်သည်။ လတ်ဆတ်သော လေကို ရှူရှိုက်လိုက်ပြီး ပြင်းပြင်းထန်ထန် ပြန်လည်မှုတ်ထုတ်လိုက်ကာ ရွာပတ်လည်၌ ဖြည်းဖြည်းမှန်မှန် စတင်ပြေးလွှားလိုက်တော့သည်။

နှစ်များတစ်လျှောက်တွင် အထူးကိစ္စရပ်တစ်ခုခု ပေါ်မလာပါက စုရှီသည် မနက်ခင်း ပြေးခြင်းကို အမြဲတမ်း စွဲမြဲစွာ လုပ်ဆောင်ခဲ့သည်။ ဒါက အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

ရွာသားအများစုသည် စောစောထကြသည်။ လမ်းပေါ်တွင် စုရှီသည် ပေါက်ပြားများကို ထမ်းလျက် ပေါင်းသင်ရန် လယ်ကွင်းများသို့ ဦးတည်သွားနေကြသော ရွာသားအများအပြားနှင့် ဆုံတွေ့ရသည်။

ထိုသို့တွေ့တိုင်း သူမသည် ခေတ္တရပ်တန့်၍ စကားပြောခြင်း သို့မဟုတ် နှုတ်ဆက်ခြင်း ပြုလုပ်လေ့ရှိပြီး ဟိုနားဒီနား ရပ်တန့်လိုက် ဆက်ပြေးလိုက် လုပ်နေခဲ့သည်။ ချွေးများရွှဲလျက် အိမ်သို့ ပြန်ရောက်လာချိန်တွင် တစ်နာရီကျော်ခန့် ကုန်ဆုံးသွားပြီဖြစ်သည်။

ဤအချိန်တွင် ခြံတံခါးမှာ ဟင်းလင်းပွင့်နေပြီး မီးခိုးခေါင်းတိုင်မှ မီးခိုးများထွက်နေသည်ကို စုရှီ သတိထားမိလိုက်သည်။ အစ်မယင်း နိုးထလာပြီဖြစ်ကြောင်း သူမ သိလိုက်သည်။

သူမ နားစွင့်လိုက်ရာ မီးဖိုချောင်မှ အသံများကို ကြားလိုက်ရသဖြင့် အစ်မယင်း သာမက ခဲအိုဖြစ်သူပါ နိုးထလာပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူတို့နှစ်ဦးသည် မနက်စာ ပြင်ဆင်ရန် အလုပ်များနေကြသည်။

သူမသည် သူတို့ကို မနှောင့်ယှက်လိုသဖြင့် ရေချိုးခန်း၌ သန့်ရှင်းရေးလုပ်ရန် ရည်ရွယ်ချက်ဖြင့် ရေတွင်းသို့သွားကာ ရေတစ်ပုံး ခပ်လိုက်သည်။

သို့သော် လမ်းတစ်ဝက်၌ ရှဲ့ယင်းက သူမကို လှမ်းခေါ်လိုက်သည်။

"နင် ပြေးနေမှန်း ငါသိလို့ နင့်အတွက် ရေနွေးကြိုထားပေးတယ်၊ ရေအေးနဲ့ မချိုးနဲ့၊ အအေးမိလိမ့်မယ်"

ထိုသို့ပြောပြီးနောက် ရှဲ့ယင်းသည် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားပြီး မကြာမီ ရေနွေးတစ်ဝက်ပါသော ပုံးတစ်ပုံးကို သယ်ဆောင်လျက် ထွက်လာခဲ့သည်။

ရေနွေးရရှိပြီဖြစ်သဖြင့် စုရှီ တုံ့ဆိုင်းမနေတော့ပေ။ သူမသည် ပြုံးလျက် ကျေးဇူးတင်စကားဆိုကာ ပြင်ဆင်ရန်အတွက် ရေနှစ်ပုံးကို သယ်ဆောင်ပြီး ရေချိုးခန်းသို့ လျင်မြန်စွာ ထွက်ခွာသွားလေသည်။

ကျန်းကျွင့်နှင့် သူ၏သူငယ်ချင်းသည် မနေ့က သူမ၏ ဦးလေးအိမ်တွင် တည်းခိုခဲ့ကြပြီး ယနေ့မနက်စာကို ထိုနေရာ၌ပင် စားသောက်ခဲ့ကြသည်။

စုရှီ တစ်ဦးတည်းသာ အစ်မယင်းတို့မိသားစုနှင့် အတူရှိနေခြင်းဖြစ်ပြီး မနေ့ကနှင့် ယှဉ်လျှင် အစ်မယင်းနှင့် ခဲအိုဖြစ်သူတို့နှစ်ဦးစလုံးသည် ယနေ့တွင် ဘဝသစ်တစ်ခု စတင်လိုက်သကဲ့သို့ ခံစားချက်များ ပြည့်နှက်နေသည်ကို သူမ ရှင်းလင်းစွာ ခံစားမိသည်။

အခြားသူများကို ကြည့်သောအခါ သူတို့၏ မျက်လုံးများ တောက်ပနေရုံသာမက သူတို့၏ အားအင်နှင့် စိတ်ဓာတ်များသည်လည်း ပိုတက်ကြွလန်းဆန်းနေပုံရသည်။ မနေ့ညက စုရှီမှ အစ်မယင်းအား ပြောခဲ့သောစကားများသည် သူတို့ကို အမှန်တကယ်ပင် ပျော်ရွှင်မှုများစွာ ယူဆောင်လာပေးခဲ့ပုံရသည်။

စုရှီသည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ခံစားချက်က အမှန်တကယ် ကောင်းမွန်လှသည်။

မနက်စာစားပြီးနောက် စုရှီသည် အချိန်ဆွဲမနေတော့ပေ။ သူမသည် အစ်မယင်းတို့မိသားစုကို နှုတ်ဆက်ပြီး မြို့နယ်ဆေးရုံသို့ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

သူမ၏ဦးလေး သတိပြန်ရလာသည်မှာ ၂၄ နာရီပင် မပြည့်သေးသော်လည်း သူ၏ မျက်နှာအသွေးအရောင်မှာ များစွာ တိုးတက်ကောင်းမွန်လာခဲ့ပြီဖြစ်သည်။ ပြန်လည်သက်သာလာမှုမှာ အလွန်ထူးခြားလွန်းသဖြင့် ကုသပေးနေသော ဆရာဝန်ပင်လျှင် အံ့အားသင့်ခဲ့ရသည်။ အသက် ၇၀ ကျော်အရွယ် လူတစ်ယောက်ထားဦး လူငယ်တစ်ယောက်ပင် ဤသို့ မဖြစ်နိုင်ချေ။ ဆရာဝန်မှာ အံ့သြမှင်သက်နေခဲ့သည်။

အသက်ကယ်ဆေးရည်က ဤကဲ့သို့ ထူးခြားမှုကို ဖြစ်စေခဲ့သည်ဆိုသောအချက်ကို စု မိသားစုသာလျှင် သိရှိကြသည်။

သို့သော် သူတို့အားလုံးသည် မသိချင်ယောင်ဆောင်နေခဲ့ကြသည်။ ဆရာဝန်က မေးမြန်းသောအခါ သူတို့အားလုံး ဘာမှမသိသလို ဟန်ဆောင်ခဲ့ကြသည်။

ခွင့်တစ်ပတ် ယူထားသောကြောင့် စုရှီသည် အိမ်၌ နောက်ထပ် ရက်အနည်းငယ် ဆက်နေနိုင်သေးသည်။

သို့သော် သူမသည် ကျန်းကျွင့်နှင့် အခြားသူများကို သူမနှင့်အတူ ဆက်နေရန် မတောင်းဆိုလိုပေ။ အထူးသဖြင့် အစ်မမိုမှာ ကိုယ်ဝန်ရှိနေဆဲဖြစ်ရာ သူမအနေဖြင့် ကိုယ့်အကြောင်းတစ်ခုတည်းကိုသာ ဦးစားပေး၍မရနိုင်ပေ။

ထို့ကြောင့် စုရှီသည် နောက်ထပ် တစ်ရက်သာ ဆက်နေပြီး မနက်ဖြန်တွင် ပြန်ရန် ဆုံးဖြတ်လိုက်သည်။

စုရှီက ဤဆုံးဖြတ်ချက်ကို ချလိုက်သောအခါ စုချန်းကျုံးသည် စိတ်မကောင်းဖြစ်သွားသော်လည်း တူမဖြစ်သူ၏ အလုပ်မှာ အရေးကြီးကြောင်းကိုလည်း သူသိသည်။

"မနက်ဖြန် ပြန်တော့မလို့လား"

ဤအကြောင်းကို တွေးမိရင်း စုချန်းကျုံးသည် သူ့တူမ၏ ခေါင်းကို ပုတ်ကာ ပြုံးလိုက်လေသည်။

"သွားပါ သွားပါ၊ သမီးဦးလေးက အခု နေကောင်းနေပါပြီ"

စုရှီသည် သူမဦးလေး၏ ကြမ်းတမ်းသောလက်ကို ဆုပ်ကိုင်လိုက်ပြီး စတင်၍ ပွစိပွစိ ပြောတော့သည်။

"သမီး ပြောနေတယ်လေ၊ ဦးလေး အသက်က ဘယ်လောက်ရှိနေပြီလဲ၊ တစ်ခုခုဖြစ်ရင် ဘာလို့ အကူအညီမတောင်းတာလဲ၊ ဘာလို့ အမြဲတမ်း ကိုယ်တိုင် ဝင်ပါနေရတာလဲ၊ ဒီလောက် အိုနေတဲ့ ခြေတွေလက်တွေနဲ့... ဘလာ ဘလာ ဘလာ..."

စုချန်းကျုံးသည် တူမဖြစ်သူ၏ အဆုံးမရှိသော ပွစိပွစိပြောဆိုမှုများကို အရှုံးပေးချင်လာသည်။

အကယ်၍ သူ့သားများ သို့မဟုတ် မြေးများသာဖြစ်ပါက သူသည် ဟိုးကတည်းက ပြန်အော်ငေါက်လိုက်ပြီးဖြစ်သည်။ သို့သော် သူ အလိုလိုက်ထားသော တူမဖြစ်နေသဖြင့် သူ့ကို မျက်နှာသာ လုံးဝမပေးပေ။ သူမ စတင် ဆူပူပြီဆိုလျှင် အဆုံးသတ်သည်ဟူ၍ မရှိတော့ချေ။

သို့သော်လည်း သူ့ကို မည်သူက အပြစ်တင်နိုင်မည်နည်း။ ယခုတစ်ကြိမ်တွင် သူသည် အမှန်တကယ်ပင် သတိလက်လွတ် ဖြစ်ခဲ့မိပြီး ကလေးများကို လန့်ဖျပ်စေခဲ့ရုံသာမက ဇနီးဖြစ်သူကိုလည်း ပိုအိုစာသွားသယောင် ဖြစ်စေခဲ့သည်။

အပြစ်ရှိသလို ခံစားနေရသဖြင့် လူအိုကြီးစုသည် သမီးကြီး၏ "ပညာပေးမှု" ကို တစ်ခွန်းမျှ ပြန်မပြောရဲဘဲ သည်းခံနေရုံသာ တတ်နိုင်လေသည်။

စုကောနှင့် စုအန်းတို့သည် အနီးနားတွင် ရပ်နေကြပြီး ညီမဖြစ်သူ ပြောနေသည်များကို စိတ်မဝင်စားသကဲ့သို့ ဟန်ဆောင်ကာ ငြိမ်နေကြသည်။

တကယ်တမ်းတွင် သူတို့နှစ်ဦးစလုံးသည် လူအိုကြီးစု ၏ သိက္ခာကို ပို၍ စိုးရိမ်နေကြခြင်းဖြစ်သည်။ ညီမဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကို ပြန်မပြောရဲဘဲ ငြိမ်ခံနေရသည်ကို ကြည့်ရသည်မှာ အတော်လေး ရယ်စရာကောင်းနေသည်။ သူတို့မှာ ဘာမျှမကြားရသလို ဟန်ဆောင်ရင်း အောင့်ထားရုံသာ တတ်နိုင်ကြသည်။

အဘိုးကြီးက ဒါနဲ့ပဲ ထိုက်တန်သည်။ တစ်စုံတစ်ယောက်က သူ့ကို ထိန်းကျောင်းပေးရမည်၊ သို့မဟုတ်ပါက သူသည် ဘယ်တော့မှ သင်ခန်းစာရမည် မဟုတ်ပေ။ နောက်တစ်ကြိမ်တွင်လည်း သူသည် ယခုကဲ့သို့ အခြေအနေမျိုးထဲသို့ ခေါင်းနှင့်တိုး၍ ဝင်ကောင်းဝင်ဦးမည်ဖြစ်သည်။

All Chapters