← Chapters

အခန်း (၁၅၄-extra)

Vol. 13 Ch. 154 (Extra 1 - စုတုန် x ရှီးယန်နန် ၁)

အခန်း (၁၅၄-extra)

Vol. 13 Ch. 154 (Extra 1 - စုတုန် x ရှီးယန်နန် ၁)

စုတုန်သည် တစ်စုံတစ်ယောက်ကို ချစ်မိသွားခဲ့သည်။

ထိုအချစ်က သူ အသက် ၂၂ နှစ်အရွယ်တွင် ဖြစ်ပေါ်လာခဲ့၏။

ထိုသူမှာ သူတို့ ငယ်စဉ်က သူကိုယ်တိုင် ကောက်ယူပြီး အိမ်ပြန်ခေါ်လာခဲ့သော ကောင်လေး၊ သူကိုယ်တိုင် အမည်ပေးထားသည့် ရှီးယန်နန် ဟုခေါ်သော ၁၇ နှစ်အရွယ် ကောင်လေးဖြစ်သည်။

စုတုန်သည် အမျိုးသားတစ်ဦးကို ချစ်မိနေကြောင်း သတိထားမိလိုက်ချိန်တွင် သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ငြင်းဆန်ရန်ဖြစ်သည်။ ထိုသို့သော စိတ်ခံစားချက်မျိုးကို လူ့အဖွဲ့အစည်းက လက်ခံမည်မဟုတ်ကြောင်း သူ အလွန်ရှင်းလင်းစွာ သိထားသည်။

ထို့ကြောင့် သူသည် သူ၏ ခံစားချက်များကို ဂရုတစိုက် ထိန်းချုပ်ပြီး မိသားစုရှေ့တွင် တည်ငြိမ်ပြီး ဂရုမစိုက်သကဲ့သို့ ဆက်၍ဟန်ဆောင်နေခဲ့သည်။

သို့သော် သူ့ကို မှီခိုအားထားနေသော ထိုမျက်ဝန်းများကို မကြည့်နိုင်ဖြစ်နေသည်မှာ ကြာပြီဖြစ်ကြောင်း သူတစ်ဦးတည်းသာ သိသည်။

လောကကြီးက လက်မခံနိုင်သော ဤခံစားချက်ကြောင့် အခြားသူများအပေါ်တွင် ကြမ်းတမ်းခက်ထန်ပုံပေါက်သော်လည်း သူ့အပေါ်တွင်မူ လိမ္မာယဉ်ကျေးသော ထိုကောင်လေးကို ရင်ဆိုင်ရန် သူ မရဲတော့ပေ။

စုတုန်၏ အေးစက်မှုကို သတိထားမိ၍ ဖြစ်နိုင်ပြီး နွေရာသီကျောင်းပိတ်ရက်အတွင်း သူနှင့် အရပ်ချင်းတူလုနီးပါးဖြစ်နေသော ထိုကောင်လေးသည် သူ့ကို တင်းကျပ်စွာ တွယ်ကပ်နေပြီး လိမ္မာသော ကလေးငယ်တစ်ဦးကဲ့သို့ ပြုမူနေခဲ့သည်။

စုတုန် မည်မျှပင် ဝေးကွာပြီး ဂရုမစိုက်သလို ပြုမူစေကာမူ သူ့မျက်လုံးထဲရှိ အကြည့်များမှာ လုံးဝ ပြောင်းလဲသွားခြင်းမရှိပေ။ စုတုန်သည် သူ၏ ကယ်တင်ရှင်ဖြစ်သကဲ့သို့ပင်။

ဤအသိက လူကြီးလူကောင်းတစ်ယောက်ဖြစ်သော စုတုန်ကို ပထမဆုံးအကြိမ်အဖြစ် အပြစ်ရှိသလို ခံစားရစေသည်။ ထို့ပြင် သူသည် သူ့ကို ငြိမ်းချမ်းမှုနှင့် မေတ္တာတရားများ ပေးခဲ့ဖူးသော အိမ်မှ ထွက်ပြေးသကဲ့သို့ ပုံမှန်ထက် လဝက်ခန့်စော၍ ပထမဆုံးအကြိမ် ထွက်ခွာသွားခဲ့သည်။

ကျောင်းသို့ ပြန်ရောက်ပြီးနောက် စုတုန်သည် အခြားသူများအမြင်တွင် နူးညံ့သိမ်မွေ့ပြီး ချောမောသော စာတော်သည့် ကျောင်းသားတစ်ဦးအဖြစ် ဆက်ရှိနေပြီး တင့်တယ်ကာ တည်ငြိမ်သော အမူအရာလည်း ရှိနေဆဲဖြစ်သည်။

သို့သော် တိတ်တဆိတ်ဖြင့် သူသည် မရေမတွက်နိုင်သော အချက်အလက်များကို ရှာဖွေလေ့လာခဲ့သည်။ ထိုအချိန်တွင် သမိုင်းတစ်လျှောက်၌ "ဝတ်ရုံလက်ပြတ်" တိမ်းညွတ်မှုရှိသူများ အမှန်တကယ် ရှိခဲ့သော်လည်း မည်သည့်ဇာတ်လမ်းမျှ ကောင်းမွန်စွာ အဆုံးမသတ်ခဲ့ကြောင်း သူ တွေ့ရှိခဲ့ရသည်။

(တရုတ်နိုင်ငံက အမျိုးသားချင်း စိတ်ဝင်စားသူတွေကို ခေါ်တဲ့နာမည်ပါ။ ရှင်ဘုရင်က ညီလာခံကို ကြွရမယ့် အချိန်ရောက်နေပေမယ့် သူချစ်ရတဲ့ ကြင်ဖော် အမျိုးသားလေးက သူ ဝတ်ရုံလက်ပေါ်မှာ ခေါင်းအုံးပြီး အိပ်နေတာမို့လို့ မနှိုးရက်ဘဲ ဝတ်ရုံလက်ကို ဖြတ်ထားခဲ့တဲ့ ပုံပြင်က လာတာပါ)

သူ နားလည်လေလေ၊ စွန့်လွှတ်ရခက်လေဖြစ်ပြီး၊ စွန့်လွှတ်ရခက်လေလေ၊ သူ ပိုကြောက်ရွံ့လာလေ ဖြစ်သည်။

စုတုန်သည် အခြားသူများအတွက် စံပြကလေးတစ်ဦး အမြဲဖြစ်ခဲ့သည်။ သူသည် ငယ်စဉ်ကတည်းက ဉာဏ်ကောင်းပြီး မိဘများ အနီးအနားတွင် မရှိတတ်သောကြောင့် စောစီးစွာ ရင့်ကျက်ခဲ့သည်။

သူက ထိုကောင်လေးကို သဘောကျသကဲ့သို့ ထိုကောင်လေးကလည်း သူ့ကို သဘောကျကြောင်း သေချာပေါက် သိသည်။ သို့သော် သူသည် ငါးနှစ် ပိုကြီးသောကြောင့် တည်ငြိမ်စွာနေရန် ပိုအရေးကြီးသည်ဟု ခံစားခဲ့ရသည်။

ဤမျှ စိတ်အားထက်သန်ပြီး လိမ္မာသော ကလေးတစ်ယောက်ကို အဆုံးမရှိသော တွင်းနက်ကြီးထဲသို့ ဆွဲခေါ်သွားရန် သူ မည်သို့ ရက်စက်နိုင်မည်နည်း။

ဤကိစ္စတွင် သူသည် သူရဲဘောကြောင်ကြောင်း ဝန်ခံသော်လည်း ဘယ်လိုစွန့်စားမှုကိုမျှ သူ မပြုလုပ်နိုင်ပေ။ ချစ်သူကို ဆုံးရှုံးရသည်ဖြစ်စေ၊ မိသားစုကို ဆုံးရှုံးရသည်ဖြစ်စေ သူသည် နှစ်ခုစလုံးကို ခံနိုင်ရည်မရှိပေ။

သူသည် အမြဲတမ်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံသူဖြစ်သည်။ နောက်ဆက်တွဲဆိုးကျိုးများကို နားလည်လိုက်သည်နှင့် စုတုန်သည် တဖြည်းဖြည်းချင်း သူ၏ နှလုံးသားကို သော့ခတ်ပိတ်သိမ်းလိုက်သည်။

သူ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည် - သူ ဘယ်တော့မှ အိမ်ထောင်ပြုမည်မဟုတ်ဘဲ တစ်ဘဝလုံးကို သူ၏ အလုပ်အကိုင်အတွက်သာ မြှုပ်နှံထားတော့မည်ဖြစ်သည်။

သူ၏ အနာဂတ်အလုပ်အတွက်ပင်လျှင် J မြို့တွင်သာ နေထိုင်ရန် ရွေးချယ်မည်ဖြစ်ပြီး အချိန်ကာလက ဤရယ်စရာကောင်းသော ခံစားချက်အား တိုက်စားသွားပေလိမ့်မည်။

=

သို့သော် ဘဝသည် ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။

အလုပ်လုပ်သည်မှာ တစ်နှစ်နီးပါး ကြာပြီးနောက် သူ့ မိဘများ ကွယ်လွန်သွားသည့် သတင်းကို သူ လက်ခံရရှိခဲ့သည်။

အကြောင်းကြားစာ ရရှိသည့်နေ့တွင် သူသည် အဆောင်အခန်းထဲ၌ နေ့ရောညပါ ထိုင်နေခဲ့သည်။

ဝမ်းနည်းခြင်းဖြစ်စေ၊ ငိုကြွေးခြင်းဖြစ်စေ သူသည် မှောင်မိုက်သော ထောင့်တစ်နေရာတွင် ပုန်းအောင်းပြီး အားလုံးကို တစ်ပြိုင်နက် ထုတ်ပစ်လိုက်သည်။

နောက်တစ်နေ့တွင် ဝမ်းနည်းပူဆွေးမှုကို ခံစားနေရဆဲဖြစ်သော်လည်း ဆေးရုံသို့သွား၍ နှုတ်ထွက်စာ တင်လိုက်သည်။

လူတစ်ယောက်၏ ဘဝသည် အချစ်တစ်ခုတည်းနှင့် သက်ဆိုင်နေသည် မဟုတ်ပေ။

သူသည် နှစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်သူ ဖြစ်ခဲ့ပြီး ဒါက လုံလောက်ပြီပင်။

မိဘများ ကွယ်လွန်သွားခြင်းနှင့်အတူ သူသည် မြေးတစ်ယောက်နှင့် အစ်ကိုကြီးတစ်ယောက်၏ တာဝန်များကို ယူရတော့မည်ဖြစ်သည်။ သူတို့ကို စောင့်ရှောက်ရန် သူ အိမ်ပြန်ရမည်ဖြစ်သည်။ ခံစားချက်များအနေဖြင့်မူ နှစ်နှစ်ကြာ ဆင်ခြင်သုံးသပ်ပြီးနောက် ကောင်းစွာ ထိန်းချုပ်နိုင်ပြီဟု သူ ယုံကြည်ခဲ့သည်။

သို့သော် ဤယုံကြည်မှုသည် အိမ်သို့ရောက်ရှိသော ပထမဆုံးနေ့တွင်ပင် သူ၏ ညီမလေးကြောင့် ပျက်စီးသွားခဲ့ရသည်။

"ဘာပြောလိုက်တာလဲ"

စုတုန်က သူ့ကို ၁၅ နှစ်အရွယ် ညီမဖြစ်သူကို ကြည့်ကာ ညင်သာစွာ မေးလိုက်သည်။

စုရှီသည် လည်ပင်းကို ကျုံ့လိုက်သော်လည်း ခေါင်းလေးကို ခိုင်မာစွာ မော့ထားလျက် ပြောလိုက်သည်။

"ညီမက ကြီးပြီမို့ ကိုယ်ပိုင်အခန်း လိုချင်တယ်လို့ ပြောတာ"

စုတုန်သည် အလိုလိုက်ခံထားရသော ညီမဖြစ်သူကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး နားထင်ကို ပွတ်သပ်လိုက်သည်။ သူသည် သူမကို အကျိုးအကြောင်းပြကာ ပြောဆိုရန် ကြိုးစားလိုက်သည်။

"ရှီရှီ အစ်ကိုတို့အိမ်မှာ အခန်း ၃ ခန်းပဲ ရှိတာလေ"

စုရှီသည် မျက်ရည်များ စီးကျလျက် အသက်ရှင်ရပ်တည်နိုင်ရန် ဆုံးဖြတ်ထားပုံရသည်။

"ညီမ သိတယ်၊ ဒါကြောင့် သမီးက အဘွားနဲ့ တစ်ခန်းစီနေမယ်။ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုက တစ်ခန်းတည်း အတူနေလိုက်လေ၊ အဲ့ဒါ မျှတတယ် မဟုတ်လား"

စုတုန် တစ်စုံတစ်ရာ မပြောနိုင်မီ ချန်ရှန်းယွင်သည် မြေးမဖြစ်သူ၏ နားရွက်ကို စတင်ဆွဲလိုက်သည်။

"ဒီကောင်မလေး၊ ဘယ်လိုလုပ် မျှတမှာလဲ၊ ညည်းနဲ့ အဘွားက အကျယ်ဆုံးဖြစ်တဲ့ အိပ်ခန်းမကြီးကို ယူမယ်၊ အခန်းသေးနှစ်ခန်းက ညီအစ်ကိုနှစ်ယောက်အတွက် ဖြစ်သင့်တာပေါ့၊ အဲ့ဒါမှ ကွက်တိဖြစ်မှာ"

စုရှီ၏ နားရွက်ကို အဘွားဖြစ်သူက ဆွဲထားသဖြင့် နာကျင်စွာ အော်ဟစ်လိုက်သော်လည်း သူမက ဆက်လက်၍ ဇွဲနပဲနှင့် ပြောနေသည်။

"ဒုတိယအစ်ကိုနဲ့ အစ်ကိုကြီးက ဒီမှာ နေ့တိုင်းနေတာမှ မဟုတ်တာ၊ အထူးသဖြင့် အစ်ကိုကြီးဆို တစ်လမှ တစ်ခါတောင် အိမ်ပြန်လာတာ မဟုတ်ဘူး၊ ဘာလို့ သူတို့က ညီမတို့နဲ့ အခန်းလုနေရမှာလဲ၊ သူတို့က ငယ်ငယ်ကတည်းက အတူနေလာကြတာပဲကို"

သူမ၏ အကြောင်းပြချက်သည် အနည်းငယ် အတင်းအဓမ္မဆန်သော်လည်း သူမ၏ စရိုက်နှင့် ကောင်းစွာ ကိုက်ညီမှုရှိသည်။ စုတုန် စတင် တွေဝေလာရုံသာမက အဘွားဖြစ်သူပင်လျှင် လက်ကို လွှတ်ပေးလိုက်သည်။

သူမ သေချာ ချိန်ဆကြည့်လိုက်ရာ မမှန်ပေဘူးလား။

မြေးအကြီးဆုံးသည် ဆေးရုံတွင် အလုပ်စဝင်တော့မည်ဖြစ်ပြီး တစ်လလျှင် တစ်ကြိမ်ပင် အိမ်ပြန်လာနိုင်မည် မဟုတ်ပေ။

မြေးအငယ်သည် အထက်တန်း နောက်ဆုံးနှစ်တွင် ရောက်နေပြီး တစ်ပတ်လျှင် တစ်ကြိမ်သာ အိမ်ပြန်လာသည်။

သူမ၏ လိမ္မာသော မြေးမလေးသည် အိမ်ပြန်ခဲသော ကောင်လေးနှစ်ယောက်နှင့် ဘာကြောင့် အခန်းလုနေရမည်နည်း။ သူတို့က ဘယ်လို အစ်ကိုမျိုးတွေလဲ။

ဤသို့တွေးလိုက်ပြီးနောက် ချန်ရှန်းယွင်သည် မြေးအကြီးဆုံးကို စူးစူးဝါးဝါး ကြည့်လိုက်ပြီး သူ၏ ခရီးဆောင်အိတ်ကို ညီဖြစ်သူ၏ အခန်းထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်ကာ သူမ၏ ဘက်လိုက်မှုကို အတိအလင်း ပြသလိုက်သည်။

အဘွားသည် သူမအတွက် နတ်ဘုရားတွေက ပို့လိုက်သည့်မဟာမိတ်တစ်ဦး ဖြစ်သည်ဟု စုရှီ ခံစားလိုက်ရသည်။

စုတုန် ခေါင်းကိုက်ရချေပြီ !

=

အဖြစ်အပျက်များ ဖြစ်ပေါ်လာသည်နှင့်အမျှ စုရှီ ခန့်မှန်းထားသည့်အတိုင်း အမှန်တကယ် ဖြစ်လာခဲ့သည်။

အိမ်၌ ရှိနေသော နှစ်ရက်အတွင်း သူ ယန်နန်ကို လုံးဝ မတွေ့ခဲ့ရပေ။ ယန်နန် အနေဖြင့် သူပြန်ရောက်နေသည်ကိုပင် သိပုံမရပေ။ စုတုန်သည် တိတ်တဆိတ် သက်သာရာရသွားခဲ့သည်။

ထို့နောက်...

"မင်း ဒီမှာ ဘာလုပ်နေတာလဲ"

ဆေးရုံမှ ချထားပေးသော တစ်ယောက်ခန်းသို့ အလုပ်ဆင်းပြီး ပြန်ရောက်လာချိန်တွင် စုတုန်သည် သူ့အခန်းတံခါးဝရှေ့၌ သက်သောင့်သက်သာ ထိုင်နေသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

၁၉ နှစ်အရွယ်တွင် ရှီးယန်နန်သည် ကလေးဆန်သော ပုံစံများစွာ ပျောက်ကွယ်သွားပြီဖြစ်ပြီး ယခုအခါ စူးရှထင်ရှားသော မျက်နှာထားဖြင့် ရင့်ကျက်မှုအနည်းငယ် ရှိလာကာ အရွယ်ရောက်ပြီးသော အမျိုးသားတစ်ဦး၏ အရိပ်အယောင်များ ပေါ်လွင်နေသည်။

အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပြီးနောက် ရှီးယန်နန်သည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ဖြူဖွေးသော သွားများ ပေါ်လွင်အောင် ပြုံးပြလိုက်ကာ စုတုန်၏ တစ်မီတာအကွာအဝေးသို့ တိုးကပ်သွားပြီး သူ့ကို ငုံ့ကြည့်လိုက်သည်။

"ကျွန်တော် အစ်ကို့ကို လာတွေ့တာ"

ယန်နန်သည် ယခုအခါ သူ့ထက် အရပ်ပိုရှည်နေသည်ကို သတိထားမိလိုက်သဖြင့် စုတုန်သည် ကောင်လေး ယူဆောင်လာသော ရင်းနှီးမှုကို ရှောင်တိမ်းရန် ကြိုးစားသကဲ့သို့ အလိုအလျောက် ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။

ရှီးယန်နန်သည် စုတုန်၏ နောက်ဆုတ်သွားသော အမူအရာကို မြင်လိုက်ရပြီး သူ၏ မျက်နှာထား မပြောင်းလဲသော်လည်း အကြည့်များ အနည်းငယ် မှောင်မိုက်သွားသည်။

စုတုန်သည် ယန်နန် ခြေရင်းမှ အိတ်ကို ညွှန်ပြပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက ဘာလဲ"

ယန်နန်က ပြန်ဖြေလိုက်သည်။ "အစ်ကိုကြီး၊ ကျွန်တော်တို့ တကယ်ပဲ တံခါးဝမှာ စကားပြောကြတော့မလို့လား"

စုတုန် ခေါင်းကိုက်ချင်လာသည်။ ငယ်စဉ်ကတည်းက လူတိုင်းက သူ့ကို နွေးထွေးပြီး နူးညံ့သိမ်မွေ့သူအဖြစ် မြင်ခဲ့ကြသော်လည်း သူ၏ နှလုံးသား မည်မျှ အေးစက်ပြီး ခိုင်မာကြောင်း သူတစ်ဦးတည်းသာ သိသည်။

ငယ်စဉ်က မိဘများ အနီးအနားတွင် မရှိခဲ့သောကြောင့် မိသားစုကို ကာကွယ်စောင့်ရှောက်ရမည့် ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ခဲ့ရခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ၏ နှလုံးသားထဲတွင် ကျန်ရှိသော နူးညံ့မှုအားလုံးမှာ မိသားစုအတွက်သာ ဖြစ်သည်။

ထို့ပြင် သူ့ရှေ့မှ ကောင်လေးသည် သူ၏ နှလုံးသားထဲတွင် နှစ်နှစ်ကြာ ဝှက်ထားခဲ့ရသူဖြစ်သည်။ သူ့အပေါ် အေးစက်စွာ ဆက်ဆံရန် သူ စိတ်မပါနိုင်ပေ။ ယန်နန်၏ ပိုတောက်ပလာသော အပြုံးအောက်တွင် အလျှော့ပေးလိုက်ပြီး သော့များကို ထုတ်ယူကာ အထဲသို့ ခေါ်ဆောင်သွားပြီးနောက် အချို့သူများ "အတူနေထိုင်ခြင်း" ဟု ခေါ်ဆိုကြမည့် ဘဝကို လက်ခံလိုက်တော့သည်။

=

သူ မျှော်လင့်ထားသည့်အတိုင်း ထိုအချိန်မှစ၍ ဘဝသည် ပြောင်းလဲသွားခဲ့သည်။

ရှီးယန်နန်သည် သူ၏ ခံစားချက်များကို ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ ထင်ရှားသော ရိုးသားပွင့်လင်းမှုဖြင့် စုတုန် ရှေ့တွင် သူ၏ နှလုံးသားကို ဖွင့်ပြခဲ့သည်။

သူသည် တခါတရံတွင် စုတုန်၏ တုံ့ပြန်မှုကို စမ်းသပ်ရန်အတွက် မသိမသာ ရင်းနှီးသော အပြုအမူများကိုပင် လုပ်ဆောင်တတ်သည်။

ပစ္စည်းတစ်ခုခု ကမ်းပေးချိန်တွင် လက်ချောင်းများ ပွတ်တိုက်မိခြင်းကဲ့သို့သော ထိတွေ့မှုအသေးစားများမှစ၍ ငယ်စဉ်ကကဲ့သို့ နောက်ကျောမှ ပွေ့ဖက်ခြင်းများအထိ အကြိမ်တိုင်း ပိုနီးကပ်လာခဲ့သည်။

ရယ်ချင်သလိုလို၊ နှလုံးသားပဲ နာလာရသလိုလိုနှင့် ပျော့ပျောင်းလာသော စိတ်ဆုံးဖြတ်ချက်များအကြား ဗျာများနေရင်း စုတုန်သည် ထိုလုပ်ရပ်များ အားလုံးကို စောင့်ကြည့်နေခဲ့သည်။

ကောင်လေးက သူ့လည်ပင်းထဲတွင် ခေါင်းမြှုပ်ထားသည်ကို နောက်တစ်ကြိမ် မြင်လိုက်ရသောအခါ စုတုန်သည် ဤအတိုင်း ဆက်နေ၍ မဖြစ်တော့ကြောင်း ဆုံးဖြတ်လိုက်သည်။

သူ၏ စိတ်ကို တင်းမာလိုက်ပြီး လှည့်ကာ ယန်နန်၏ ခေါင်းကို တွန်းဖယ်လိုက်သည်။ စိုးရိမ်ပူပန်နေသော အကြည့်များနှင့် ဆုံတွေ့ချိန်တွင် သူသည် အေးစက်သော လေသံဖြင့် အတင်းအကျပ် ပြောလိုက်သည်။

"ယန်နန် မင်း အခု အရွယ်ရောက်နေပြီ၊ ငါ့ကို ဒီလို လာတွယ်ကပ်နေလို့ မရတော့ဘူး၊ သူများ ပြောစရာ ဖြစ်လိမ့်မယ်"

All Chapters