← Chapters

(Extra 2 - စုတုန် x ရှီးယန်နန် ၂)

Vol. 13 Ch. 155

(Extra 2 - စုတုန် x ရှီးယန်နန် ၂)

Vol. 13 Ch. 155

လွန်ခဲ့သော တစ်လတာကာလသည် ရှီးယန်နန် ဘဝ၏ အပျော်ရွှင်ဆုံး အချိန်ဖြစ်ခဲ့သည်။ စုတုန်လည်း သူ့ကို သဘောကျကြောင်း သူ သိသလို စုတုန်၏ စိုးရိမ်ပူပန်မှုများကိုလည်း သူ နားလည်သည်။

ဒါပေမဲ့ ဘာဖြစ်လဲ။ သူ့မိသားစု နားလည်သရွေ့ အခြားသူများ ဘာထင်သည်ကို သူ ဂရုမစိုက်ပေ။

ထို့ပြင် သူသည် လူအများရှေ့တွင် အမြဲတမ်း သတိထားတတ်သည်။ သူချစ်ရသူများကို အတင်းအဖျင်း မုန်တိုင်းထဲတွင် ပါဝင်ပတ်သက်စေမည် မဟုတ်ပေ။ သူသည် ကလေးမဟုတ်တော့ဘဲ စည်းဘောင်ကို မည်သည့်နေရာတွင် သတ်မှတ်ရမည်ကို သိသည်။

သို့သော် ထိုအခိုက်အတန့်တွင် စုတုန်က သူ့ကို ငြင်းပယ်လို၍ တွန်းထုတ်ခြင်းမဟုတ်ကြောင်း သိသော်လည်း ဓားပေါင်းထောင်ချီဖြင့် ထိုးနှက်ခံရသကဲ့သို့ နာကျင်စွာ လိမ်ရှက်နေသော ဝေဒနာကို နှလုံးသားထဲတွင် ခံစားလိုက်ရဆဲဖြစ်သည်။

အလွန်နာကျင်ရသဖြင့် သူသည် ငယ်စဉ်ကကဲ့သို့ပင် ဝမ်းနည်းခြင်းကြောင့် တဖြည်းဖြည်း နီရဲလာသော မျက်လုံးများဖြင့် စုတုန်၏ ချောမောသော မျက်နှာကို စိုက်ကြည့်နေမိသည်။

အရွယ်ရောက်ပြီးသော အမျိုးသားတစ်ဦးဖြစ်သည့် ယန်နန်က သူ့ရှေ့တွင် ကလေးတစ်ယောက်လို မျက်ရည်ကျနေသည်ကို မြင်လိုက်ရသဖြင့် စုတုန်သည် စိတ်ပျက်အားနာခြင်းနှင့် ရယ်ချင်စိတ်ကို တပြိုင်နက် ခံစားလိုက်ရသည်။

သူ၏ စကားများတွင် စောစောက အေးစက်မှု အရိပ်အယောင်များ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

"မင်း အရွယ်ရောက်နေပြီဟာကို ကလေးလို လုပ်နေတုန်းပဲ၊ ထစ်ခနဲဆို ငိုတော့တာပဲ၊ သူများတွေ ရယ်မှာ မကြောက်ဘူးလား"

ပျော့ပျောင်းသွားသော လေသံကို ကြားလိုက်ရသဖြင့် ရှီးယန်နန်သည် သူ့ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး စုတုန် မမြင်နိုင်သော နေရာ၌ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ဝမ်းနည်းမှု ကင်းမဲ့နေသော သူ၏ နက်မှောင်သော မျက်ဝန်းများတွင် ဖုံးကွယ်ထားသော ပြင်းပြသည့် စိတ်ဆန္ဒများ ရှိနေသည်။

သူသည် အခွင့်ကောင်းယူ၍ ဆက်တိုးဝင်လိုက်ပြီး စုတုန်ကို ပိုနီးကပ်စွာ ပွေ့ဖက်ရုံသာမက စုတုန်၏ လည်ပင်းပေါ် ခေါင်းမှီထားဟန်ဆောင်လျက် ဖြူဖွေးသော လည်ပင်းသားပေါ်သို့ ပူနွေးသော အနမ်းတစ်ခု ပေးလိုက်သည်။

ထိုအနမ်းသည် စုတုန် ဂရုတစိုက် ထိန်းသိမ်းထားသော ဟန်ဆောင်မှုများကို ပျက်စီးသွားစေခဲ့သည်။

=

ထိုအချိန်မှစ၍ အရာအားလုံးသည် သဘာဝကျစွာ ဖြစ်ပျက်လာပုံရသည်။ နှလုံးသားချင်း အပြန်အလှန် ပိုင်ဆိုင်ထားပြီးသော သူတို့နှစ်ဦးသည် ခေါင်မိုးတစ်ခုတည်းအောက်တွင် အတူနေ၊ အတူစား၊ အနီးကပ် အတူအိပ်ခဲ့ကြရာ စည်းဘောင်အတွင်း ဆက်နေရန်မှာ မဖြစ်နိုင်တော့ပေ။

သူ၏ ညီမလေးပင်လျှင် သူတို့၏ ဆက်ဆံရေးသဘောသဘာဝကို ရိပ်မိပြီး အားပေးပုံရသည်ကို စုတုန် သိလိုက်ရသောအခါ သူ၏ အတွင်းစိတ် ထိန်းချုပ်မှုများ ပိုလျော့ရဲသွားပြီး အလိုဆန္ဒနောက်သို့ လိုက်ပါသွားတော့သည်။ ညီမဖြစ်သူမှာ ငယ်ရွယ်သေးပြီး လူ့အဖွဲ့အစည်းက ငြင်းပယ်မည့် သူတို့၏ အချစ်နောက်ဆက်တွဲဆိုးကျိုးများကို အပြည့်အဝ နားလည်မည်မဟုတ်ကြောင်း သိသော်လည်း သူတို့သည် အချင်းချင်းထံမှ ရရှိသော နွေးထွေးမှုကို မလွန်ဆန်နိုင်ဘဲ ပစ္စုပ္ပန်၏ အလှတရားကို ခံစားလိုက်ကြသည်။

စုတုန် လုံးဝ မျှော်လင့်မထားခဲ့သည်မှာ ခဏတာဟု သူထင်မှတ်ခဲ့သော ဤအချစ်သည် တစ်သက်တာ မြတ်နိုးမှုဖြစ်လာမည် ဆိုတာပင်။ သူသည် အရိပ်မဲများထဲမှ ထွက်ပေါ်လာပြီး တစ်သက်တာ ကြာရှည်ခံသော ပျော်ရွှင်မှုကို ခံစားရသည့် ရှားပါးသူအနည်းငယ်ထဲမှ တစ်ဦးဖြစ်လာခဲ့သည်။

=

၁၉၈၀ ပြည့်လွန်နှစ်များ အလယ်ပိုင်း၊ အသက် ၄၀ အရွယ်တွင် ရှီးယန်နန်သည် စစ်တပ်မှ အငြိမ်းစားယူရန် ဆုံးဖြတ်ခဲ့ပြီး သူ၏ ကျွမ်းကျင်မှုကိုပင် စွန့်လွှတ်ခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ လူများ၏ စိတ်ပျက်မှုနှင့် နားမလည်နိုင်မှုများ ရှိသော်လည်း သူသည် စီးပွားရေးလောကထဲသို့ ဇောက်ချဝင်ရောက်ခဲ့သည်။

လူအများက နားမလည်ကြဘဲ သူ့ထံတွင် အလားအလာကောင်းများကို မြင်သော ရာထူးကြီး အထက်လူကြီး အများအပြားက သူ့ကို ဆက်နေရန် အကြိမ်ကြိမ် နားချခဲ့ကြသည်။ ထိုအချိန်တွင် ရှီးယန်နန်သည် ဗိုလ်မှူးချုပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး လမ်းကြောင်းမှန်အတိုင်း ဆက်သွားပါက ဒုတိယဗိုလ်ချုပ်ကြီး၊ ဖြစ်နိုင်လျှင် ဗိုလ်ချုပ်ကြီးအဆင့်ဖြင့်ပင် အငြိမ်းစားယူနိုင်မည်ဟု လူအများက ယုံကြည်ထားကြသည်။

တစ်ချိန်က အလားအလာကောင်းသော အလုပ်အကိုင်သည် သူ့ရှေ့တွင် ရှင်းလင်းစွာ ရှိနေခဲ့သည်။ သို့သော် ရှီးယန်နန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ အားလုံးကို စွန့်လွှတ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းထဲသို့ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

အရာရှိအချို့နှင့် အာဏာရှိသူအချို့က သူ၏ ရွေးချယ်မှုကို နားမလည်နိုင်သော်လည်း လုပ်ငန်းခွင်အတွင်း သူ၏ လျင်မြန်သော အောင်မြင်မှုအပေါ် လူအများက အံ့သြချီးကျူးခဲ့ကြသည်။ ကုန်သည်များအပေါ် ရှေးရိုးစွဲ အယူအဆများ တဖြည်းဖြည်း လျော့နည်းလာသော်လည်း စီးပွားရေးလုပ်ငန်းရှင်များသည် အစိုးရအရာရှိများနှင့် တန်းတူ လူမှုရေးအဆင့်အတန်း မရှိသေးပေ။

သူ၏ ဘဝနှောင်းပိုင်းမှ ထိုကဲ့သို့ ပုန်ကန်မှုမျိုး ဘာကြောင့်ဖြစ်လာရသနည်းဟု တွေးတောရင်း လူအများက ရှီးယန်နန် အတွက် နှမြောတသ ဖြစ်ခဲ့ကြသည်။ သူ၏ အရင်းနှီးဆုံး မိသားစုဝင်များသာလျှင် သူ၏ အကြောင်းရင်းမှန်ကို နားလည်ကြသည်။

=

နောက်ထပ် အနှစ်နှစ်ဆယ်အတွင်း ရှီးယန်နန်သည် စုတုန်အား မြို့တစ်မြို့ပြီးတစ်မြို့ ခေါ်ဆောင်သွားကာ သူ ပေးခဲ့ဖူးသော ကတိကို တည်ခဲ့သည်။ စုရှီနှင့် ကျန်သည့် မိသားစုဝင်များက ကောလာဟလများကို မကြောက်ကြောင်း အာမခံပြောကြားသော်လည်း ရှီးယန်နန်က နှစ်သစ်ကူးကာလတွင်သာ မိသားစုထံ အလည်ပြန်ရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။

စုတုန်၏ အဘွားသည် အသက် ၉၈ နှစ်တွင် ကွယ်လွန်ပြီးနောက် သူတို့ အိမ်ပြန်သည့် အကြိမ်အရေအတွက် ပိုနည်းပါးလာပြီး တခါတရံ နှစ်အနည်းငယ်ကြာမှ တစ်ခါ ပြန်လာတတ်ကြသည်။

သူတို့သည် မြို့တစ်မြို့တွင် သုံးနှစ်ထက်ပို၍ မနေခဲ့ကြပေ။ တခါတရံ လအနည်းငယ်သာ ကြာမြင့်တတ်သည်။ သူတို့ နှစ်သက်သော မြို့များတွင် ကိုယ်ပိုင်အိမ်ဝယ်ယူခဲ့ကြသည်။ အနှစ်နှစ်ဆယ်ကျော် ကာလအတွင်း သူတို့သည် နိုင်ငံအနှံ့အပြားသို့ လှည့်လည်သွားလာခဲ့ကြပြီး မရေမတွက်နိုင်သော တောင်များနှင့် မြစ်များကို လည်ပတ်ကာ လှပသော ရှုခင်းများကို အတူတကွ ခံစားခဲ့ကြသည်။ လေလွင့်သွားလာသူများ ဖြစ်နေဆဲဖြစ်သော်လည်း သူတို့၏ သံယောဇဉ်သည် နှစ်များကုန်ဆုံးလာသည်နှင့်အမျှ ပိုခိုင်မြဲလာခဲ့သည်။

ထို့နောက် ၂၀၀၀ ခုနှစ် နှစ်ကုန်ပိုင်း ဆောင်းရာသီတစ်ရက်တွင် နှစ်သစ်ကူးအတွက် အိမ်ပြန်ရန် ပစ္စည်းများ ပြင်ဆင်နေသော ၆၄ နှစ်အရွယ် စုတုန် လှည့်ကြည့်လိုက်ရာ ရှီးယန်နန်သည် ဒူးထောက်လျက် လက်စွပ်တစ်ကွင်း ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

=

ထိုအခိုက်အတန့်တွင် အချိန်ကာလ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။

ဆယ်စုနှစ်များသည် သူတို့နှစ်ဦးစလုံးအပေါ် အမှတ်အသားများ ကျန်ရစ်စေခဲ့သော်လည်း "အချိန်ကာလသည် အလှတရားကို ချမ်းသာပေးသည်" ဟု ဆိုရိုးစကားရှိသည့်အတိုင်း စုတုန်၏ ထူးခြားသော ချောမောမှုသည် နှစ်ကာလများ၏ ထိပါးခြင်းမခံရဘဲ တည်တံ့နေခဲ့သည်။

သူသည် အသက်အရွယ်ကြောင့် အရေးအကြောင်းများ ထင်ကျန်နေသော်လည်း ယခင်ကကဲ့သို့ မတ်မတ်ရပ်တည်ကာ သန်မာနေဆဲဖြစ်သော သူချစ်ရသူကို နူးညံ့စွာ ငေးကြည့်လိုက်သည်။ စုတုန် ညင်သာစွာ ပြုံးလျက် မေးလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ"

မျက်ရည်ဝဲနေသော ချစ်သူကို မော့ကြည့်ရင်း ရှီးယန်နန်၏ မျက်လုံးများလည်း အရောင်တောက်လာကာ ရယ်သံတစ်ချက်ကို ထိန်းလိုက်ပြီး သူ၏ အကြည့်များတွင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။ တချိန်က ဆယ်ကျော်သက်ဘဝတုန်းကကဲ့သို့ ပြုံးဖြီးဖြီးလုပ်လျက် သူ ပြောလိုက်သည်။

"ကော... ကျွန်တော်တို့ လက်ထပ်ရအောင်"

စုတုန်၏ မျက်တောင်များ တုန်ခါသွားပြီး သူ ကိုင်ထားသော အဝတ်အစားများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို သတိမပြုမိလိုက်ပေ။ သူသည် ရှီးယန်နန် လက်ထဲရှိ လက်စွပ်ကို ကြောင်ငေးကြည့်နေမိသည်။

အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက် အိပ်မက်မက်နေသကဲ့သို့ သူ ရေရွတ်လိုက်သည်။

"လက်ထပ်မယ်..."

ရှီးယန်နန်သည် လက်စွပ်ကို ပိုနီးကပ်အောင် ရွှေ့လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ် အစ်ကို... ဒီဇင်ဘာလတုန်းက HL နိုင်ငံက လိင်တူလက်ထပ်တာ တရားဝင်ကြောင်း ကြေညာလိုက်တယ်၊ ကျွန်တော်တို့ အခု နိုင်ငံခြားသွားပြီး လက်ထပ်လို့ ရပြီ၊ ပြီးရင် အိမ်ကို ပေါ်ပေါ်ထင်ထင် ပြန်လာလို့ရပြီ၊ ဖုံးကွယ်နေစရာ မလိုတော့ဘူး၊ ထွက်ပြေးစရာ မလိုတော့ဘူးလေ၊ ကောင်းတယ်မလား"

"ကောင်းတာပေါ့၊ သေချာပေါက် ကောင်းတာပေါ့၊ ဒီထက်ကောင်းတာ ဘယ်ရှိပါ့မလဲ"

နေရောင်အောက်တွင် မည်သူကများ ဂုဏ်ယူဝင့်ကြွားစွာ မရပ်တည်ချင်ဘဲ နေပါမည်နည်း။

ဤနှစ်များတစ်လျှောက်တွင် လူ့အဖွဲ့အစည်း တဖြည်းဖြည်း ပွင့်လင်းလာသည်နှင့်အမျှ လူအများစုသည် လိင်တူဆက်ဆံရေးကို ရွံရှာဖွယ်ရာ တစ်ခုခုကဲ့သို့ စက်ဆုပ်ရွံရှာစွာ ကြည့်ရှုခြင်းကို တဖြည်းဖြည်း ရပ်တန့်လာခဲ့ကြသည်။

ညီမဖြစ်သူက သူ့ကို တစ်ကြိမ်မက ဖုန်းဆက်ပြီး အိမ်ပြန်လာရန် တိုက်တွန်းခဲ့သည်။

သို့သော် သူ မလုပ်ရဲခဲ့ပေ။ အသက်ကြီးလေလေ သူ ပို၍ သတ္တိနည်းလေ ဖြစ်လာသည်။

စုတုန်သည် လောကကြီး၏ ကဲ့ရဲ့ရှုတ်ချမှုကို မကြောက်သော်လည်း သူ၏ မိသားစု ကောလာဟလများကြောင့် ထိခိုက်ခံစားရမည်ကို ကြောက်ရွံ့ခဲ့သည်။

=

တစ်နေ့တွင် သူသည် ဥပဒေ၏ အသိအမှတ်ပြုမှုဖြင့် နေရောင်အောက်၌ ပွင့်လင်းစွာ ရပ်တည်နိုင်မည်ဟု၊ သူတို့သည် လူသားများဖြစ်ကြောင်း၊ သူတို့ ရောဂါရနေခြင်းမဟုတ်ကြောင်း၊ တစ်စုံတစ်ယောက်ကို ချစ်မိသွားရုံသာဖြစ်ကြောင်း သက်သေပြနိုင်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။

ထိုတစ်စုံတစ်ယောက်မှာ အမျိုးသားတစ်ဦး ဖြစ်နေခြင်းသာဖြစ်သည်။

နှစ်ပေါင်းလေးဆယ်ကြာ အနိမ့်အမြင့်များကို တွေးတောမိရင်း စုတုန်သည် တုန်ယင်နေသော လက်ကို ဆန့်ထုတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် မျက်ရည်များသည် သတိပေးခြင်းမရှိဘဲ ကျဆင်းလာပြီး မြေကြီးပေါ်သို့ လေးလံစွာ ကျရောက်သွားသည်။

သူသည် ဘယ်တုန်းကမှ ငိုလွယ်သူမဟုတ်သော်လည်း ဤအခိုက်အတန့်တွင် ကျေးဇူးတင်မှုကို မခံစားဘဲ မနေနိုင်တော့ပေ။

လက်လျော့အရှုံးပေးပြီး ဆန္ဒမပါဘဲ အိမ်ထောင်ပြုသွားသူများ သို့မဟုတ် စိတ်ပျက်အားငယ်မှုတွင် နစ်မွန်းသွားသော အခြားသူများထက် သူ များစွာ ကံကောင်းခဲ့သည့်အတွက် ကျေးဇူးတင်မိသည်။

လမ်းခရီးတစ်လျှောက် မိတ်ဆွေများ၏ ပံ့ပိုးကူညီမှု၊ မိသားစု၏ အဖော်ပြုမှုနှင့် သူချစ်ရသူ ရှိနေခြင်းတို့အတွက် ကျေးဇူးတင်မိသည်။

သူ တောင့်ခံနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်သလို၊ နောက်ဆုံး၌ ဤနေ့ရက်ကို စောင့်ဆိုင်းနိုင်ခဲ့သည့်အတွက်လည်း ကျေးဇူးတင်မိသည်။

စုတုန်၏ ခံစားချက်များကြောင့် စိတ်လှုပ်ရှားသွားရသဖြင့် စစ်မြေပြင်နှင့် စီးပွားရေးလောက နှစ်ခုစလုံးတွင် လေးစားမှုကို ရရှိထားသော ရှီးယန်နန်သည်လည်း မျက်ရည်မကျဘဲ မနေနိုင်တော့ပေ။

တုန်ယင်နေသော်လည်း လျင်မြန်သော လက်များဖြင့် သူသည် ချစ်သူ၏ လက်ချောင်းတွင် လက်စွပ်ကို စွပ်ပေးလိုက်ပြီးနောက် မတ်တတ်ရပ်ကာ ချစ်ခင်စွာ နမ်းလိုက်သည်။ သူသည် စုတုန်ကို တင်းကျပ်စွာ ပွေ့ဖက်ထားရင်း တိုးတိုးလေး ပြောလိုက်သည်။

"မငိုပါနဲ့ဗျာ၊ ကျွန်တော်တို့ ပျော်သင့်တာပဲ၊ နောက်ဆုံးတော့ အိမ်ပြန်လို့ရပြီလေ၊ ဟုတ်တယ်မလား၊ ရှီရှီနဲ့ အားလုံးက သေချာပေါက် ပျော်ကြမှာ၊ မနက်ဖြန်... မဟုတ်ဘူး၊ ဘာပစ္စည်းမှ မယူတော့ဘူး၊ အစောဆုံး လေယာဉ်နဲ့ HL နိုင်ငံကို သွားပြီး လက်မှတ်ထိုးကြမယ်၊ ပြီးရင် အိမ်ကို အတူတူ ပြန်ကြမယ်၊ ဘယ်လိုလဲ"

စုတုန်သည် ရှီးယန်နန်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူ၏ ရှည်လျားသော လက်ချောင်းများသည် လက်ဆစ်များ ဖြူသွားသည်အထိ အဖော်ဖြစ်သူ၏ အဝတ်အစားများကို အားဖြင့် ဆုပ်ကိုင်ထားသဖြင့် လက်များတွင် ထုံကျင်စွာ နာကျင်မှု စတင်ပျံ့နှံ့လာသည်။ ပြတင်းပေါက်မှ ဝင်ရောက်လာသော နွေးထွေးသည့် နေရောင်ခြည်ကို ငေးကြည့်ရန် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး မျက်ရည်များ ဝဲနေစဉ် သူသည် နူးညံ့တောက်ပသော အပြုံးတစ်ခု ပြုံးလိုက်သည်။

"အင်း"

ထိုအပြုံး...

ထိုအပြုံးသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ရှိခဲ့ဖူးသည့်အတိုင်း နူးညံ့သိမ်မွေ့ပြီး တင့်တယ်ကာ အံ့သြဖွယ်ကောင်းလောက်အောင် ချောမောနေဆဲဖြစ်သည်။

All Chapters