← Chapters

အပိုင်း ၁၅၆ (Extra 3 - ဆယ်နှစ်ကြာပြီးနောက် ၁)

Vol. 13 Ch. 156

အပိုင်း ၁၅၆ (Extra 3 - ဆယ်နှစ်ကြာပြီးနောက် ၁)

Vol. 13 Ch. 156

ဇူလိုင်လ၏ နေ့လယ်ခင်းအချိန်၌ နေရောင်ခြည်သည် ပြင်းထန်ပူပြင်းစွာ ကျရောက်နေလေသည်။

သစ်ကိုင်းများကြားတွင် ပုန်းအောင်းနေကြသော ပုစဉ်းရင်ကွဲကောင်များ၏ မရပ်မနား အော်မြည်သံများသည် ဂနာမငြိမ်ဖြစ်နေသော စိတ်အခြေအနေကို ပိုဆိုးရွားသွားစေသည်။

"မန့်မန့်၊ ငါတို့ တစ်ယောက်ယောက်ကို အကူအညီတောင်းတာဖြစ်ဖြစ်၊ ရဲခေါ်တာဖြစ်ဖြစ် လုပ်သင့်တယ်လို့ ငါထင်တယ်။ မင်း ဘယ်လိုသဘောရလဲ" တန့်တန့်ဟုလည်း လူသိများသော စုယဲ့က ပြောလိုက်သည်။

အသက် ၁၄နှစ်အရွယ်တွင် သူသည် အရပ် ၁.၈ မီတာခန့် မြင့်မားနေပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ သွယ်လျနေသေးသော်လည်း လူငယ်လေးတစ်ဦး၏ ကျက်သရေရှိသော ဆွဲဆောင်မှုမျိုး ရှိနေလေသည်။

သူ၏ ရုပ်ရည်သွင်ပြင်သည် စုတုန်နှင့် များစွာတူညီသော်လည်း စုတုန်၏ နူးညံ့သိမ်မွေ့သော အမူအရာနှင့် မတူဘဲ စုယဲ့၏ မျက်ခုံးများတွင် အေးစက်တည်ငြိမ်သော အငွေ့အသက်များ ရှိနေသည်။ သူသည် သန့်စင်ပြီး တင့်တယ်ကာ မြင့်မြတ်သော ကျောက်စိမ်းရုပ်တု တစ်ခုကဲ့သို့ပင် ဖြစ်နေသည်။

လူငယ်လေးသည် သူ့ရှေ့မှ ခိုးကြောင်ခိုးဝှက်သွားနေသော အစ်ကိုဖြစ်သူကို လှမ်းကြည့်လိုက်သည်။ သူ၏ ပုံမှန် လျစ်လျူရှုတတ်သော မျက်နှာထားပေါ်တွင် စိတ်ပျက်အားလျော့သွားသည့် အရိပ်အယောင်တစ်ခုက ရှားရှားပါးပါး ဖြတ်သန်းသွားခဲ့သည်။

မျှမျှတတ ပြောရလျှင် ယနေ့ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များမှာ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်သည်။

ညီအစ်ကိုနှစ်ယောက်သည် နွေရာသီကျောင်းပိတ်ရက်ကို စောင့်မျှော်နေခဲ့ကြပြီး သူငယ်ချင်းအချို့နှင့် တွေ့ဆုံရန် ထွက်လာခဲ့ကြခြင်းဖြစ်သည်။ လမ်းခရီးတွင် သူတို့သည် ပြန်ပေးဆွဲမှုတစ်ခုကို မြင်တွေ့ခဲ့ရလေသည်။

တောင့်တင်းသန်မာသော အမျိုးသားတစ်ဦးသည် လက်ကိုင်ပဝါတစ်ထည်ကို အသုံးပြုကာ ၁၀ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို မေ့လဲသွားစေပြီး အိတ်တစ်လုံးထဲသို့ ထည့်ကာ သုံးဘီးကားပေါ်သို့ ပစ်တင်လိုက်ခြင်းဖြစ်သည်။

ထိုလုပ်ရပ်မှာ အလွန်သံသယဖြစ်ဖွယ်ကောင်းလှသဖြင့် စစ်ဘက်ဆိုင်ရာ မိသားစုမှ ဆင်းသက်လာကြသော ရှဲ့ချန်းနှင့် စုယဲ့တို့သည် ဗီဇစိတ်အရ နောက်ယောင်ခံလိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ ရှဲ့ချန်းက ညီဖြစ်သူ၏ အကြံပြုချက်ကို ကြားသောအခါ လက်ညှိုးကို နှုတ်ခမ်းတွင်ကပ်၍ တိတ်တိတ်နေရန် လှည့်ပြောလိုက်သည်။ "ရှူး ..."

စိတ်မလုံခြုံသေးသဖြင့် သူသည် စုယဲ့ကို သူ့နောက်ကျောဘက်သို့ ပိုကပ်သွားအောင် ဆွဲယူပြီး တိုးတိုးလေး ပြောလိုက်သည်။ "သေချာ ပုန်းနေစမ်းပါ။ သူတို့ မင်းကို မမြင်စေနဲ့"

စုယဲ့လည်း လိုက်နာပြီး ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွှတ်ကာ နံရံနောက်သို့ ပိုတိုးဝင်လိုက်သည်။ ထို့နောက် သူက ပြန်၍လေသံတိုးတိုးဖြင့် မေးလိုက်သည်။ "မန့်မန့် ... ငါတို့နှစ်ယောက်တည်းနဲ့ လူကယ်ဖို့ ကြိုးစားတာက အရမ်းမိုက်ရူးရဲဆန်လွန်းတယ်လို့ မင်းမထင်ဘူးလား" ရှဲ့

ရှဲ့ချန်းသည် စိုးရိမ်ပူပန်မှုကို ပယ်ချလိုက်ပြီး သူ၏ လက်မောင်းကြွက်သား အနည်းငယ်ကို ထုတ်ပြကာ ပြောလိုက်သည်။ "မပူပါနဲ့ တန့်တန့်ရာ။ မင်း ငါ့အရည်အချင်းကို မယုံဘူးလား။ ငါက အရာရာတိုင်းမှာ မတော်ပေမယ့် ရန်ဖြစ်တဲ့ကိစ္စဆိုရင် ငါဘယ်တုန်းက ရှုံးဖူးလို့လဲ"

စုယဲ့က မျက်ခုံးပင့်ပြီး အေးစက်သော မျက်နှာထားဖြင့် ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ငါ့မှတ်ဉာဏ်ထဲမှာတော့ မင်းအမြဲတမ်း ရှုံးနေတာကိုပဲ မှတ်မိနေပါလိမ့်" ရှဲ့ချန်း တစ်ယောက် ကြက်သေသေသွားပြီး ရှဲ့ကျန်းနှင့် အလွန်တူသော သူ၏မျက်နှာမှာ ရှက်ရွံ့မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုတို့ကြောင့် နီမြန်းသွားလေသည်။

အဖေ၊ အမေ၊ အစ်မဖြစ်သူနှင့် ဦးလေးတို့၏ လက်ချက်ဖြင့် အညှာအတာမဲ့စွာ အရိုက်ခံခဲ့ရသည့် အမှတ်တရများက သူ့စိတ်ထဲတွင် ပေါ်လာပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာသကဲ့သို့ ခံစားလိုက်ရသည်။

ရှဲ့ချန်းက အံကြိတ်၍ ဒေါသတကြီး ပြောလိုက်သည်။ "ငါပြောတာက အိမ်အပြင်ဘက်က ကိစ္စတွေကို ပြောတာကွ။ အိမ်မှာရှိတဲ့ လူထူးလူဆန်းတွေက ထည့်တွက်စရာမလိုဘူးလေ"

ရှဲ့ချန်း ပြောသည်မှာ လုံးဝမမှားပေ။ ညီအစ်ကိုနှစ်ယောက်သည် အစ်မဖြစ်သူကဲ့သို့ မိခင်ထံမှ ထူးကဲသော ခွန်အားများကို အမွေမရရှိခဲ့သော်လည်း သူတို့သည် ထူးခြားသော မျိုးရိုးဗီဇမှ ဆင်းသက်လာကြသူများဖြစ်သည်။

စုရှီ၏ အထူးဆေးဖက်ဝင် မက်မွန်သီးအနှစ်ဖြင့် နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်မှုကြောင့် သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ထိုအရွယ်တုန်းက ရှဲ့ကျန်းထက်ပင် သာလွန်နေသေးသည်။

ထို့အပြင် ဖခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် ကောင်လေးနှစ်ယောက်သည် အားလပ်ချိန်တိုင်းကို စစ်တပ်စခန်း၌ လေ့ကျင့်ရေးဆင်းရင်း ကုန်ဆုံးစေခဲ့သည်။ ရုပ်ရည်သန့်ပြန့်သော သူဌေးသားလေးတစ်ယောက်လို ထင်ရသည့် စုယဲ့ပင်လျှင် လူကြီးဆယ်ယောက်လောက်ကို တစ်ပြိုင်နက်တည်း အလွယ်တကူ ကိုင်တွယ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။

...

ပြန်ပေးသမားက သုံးဘီးကားကို တွန်း၍ ထောင့်ချိုးတစ်ခုသို့ ကွေ့တော့မည့်ဆဲဆဲကို ကြည့်ရင်း စုယဲ့သည် သူ၏ ဖြူဝင်းသော လက်ကိုဆန့်ထုတ်ကာ အစ်ကိုဖြစ်သူ၏ ကျောကို တို့ပြီး ပြောလိုက်သည်။

"သူ ဘယ်လောက်တောင် တည်ငြိမ်ပြီး ကျွမ်းကျင်နေလဲဆိုတာ ကြည့်ဦး။ ဒါက အဖွဲ့လိုက်လုပ်တယ်ဆိုတာ သိသာတယ်။ တကယ်လို့ သူတို့မှာ သေနတ်တွေပါလာရင် ငါတို့ ကိုင်တွယ်နိုင်မယ် မထင်ဘူး။ ငါတို့ ရဲခေါ်လိုက်တာပဲ ကောင်းမယ်"

ရှဲ့ချန်းသည်လည်း လုံးလုံးလျားလျား မိုက်ရူးရဲဆန်သူ မဟုတ်ပေ။ ထောင့်ချိုးတွင် ပုန်းအောင်းနေရင်း သူသည် လမ်းကြားထဲသို့ ဝင်သွားသော သုံးဘီးကားကို စောင့်ကြည့်နေသော်လည်း ချက်ချင်းလိုက်မသွားဘဲ စောင့်နေလိုက်သည်။ တွန်းသွားသော အမျိုးသားက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံရသည်။

ထင်သည့်အတိုင်းပင် စက္ကန့် (၃၀) ခန့်အကြာတွင် ထိုအမျိုးသားသည် လမ်းကြားထိပ်၌ ပြန်ပေါ်လာပြီး ဟိုဟိုဒီဒီ ပေါ့ပေါ့ပါးပါး လှမ်းကြည့်နေသော်လည်း ရည်ရွယ်ချက်ရှိရှိ ကြည့်နေပုံရသည်။ ထိုလူသည် သူ့နောက်သို့ လိုက်လာသူ ရှိမရှိ စစ်ဆေးနေမှန်း ရှဲ့ချန်းနှင့် စုယဲ့တို့ ချက်ချင်း သဘောပေါက်လိုက်ကြသည်။ သူ၏ သတိကြီးစွာထားမှုကြောင့် ညီအစ်ကိုနှစ်ယောက်မှာ ပိုသတိဝင်သွားကြသည်။

ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် သံသယဖြစ်ဖွယ်ရာ မတွေ့ရသဖြင့် ထိုလူသည် လမ်းကြားထဲသို့ ပြန်ဝင်သွားသည်။ ရှဲ့ချန်းသည် ညီဖြစ်သူ၏ ပခုံးကိုဖက်ကာ တမင်တကာ ဟန်လုပ်၍ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်လာလိုက်သည်။ သို့သော် သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကြည့်စမ်း ... အဲ့ဒီလူက ဘယ်လောက် ကျွမ်းကျင်လဲဆိုတာ။ ဝါရင့် ရာဇဝတ်ကောင်တစ်ယောက်ဆိုတာ သေချာတယ်။ သူ ဖွက်ထားတဲ့နေရာမှာ တခြားပြန်ပေးဆွဲခံထားရတဲ့သူတွေလည်း ရှိနိုင်သေးတယ်။ ငါတို့ သူ့နောက်လိုက်ပြီး ပုန်းတဲ့နေရာ ဘယ်နားလဲဆိုတာလောက်တော့ အနည်းဆုံး စုံစမ်းရမယ်။ တန့်တန့် ... ဟိုရှေ့မှာ ဖုန်းရုံရှိတယ်။ ငါ ထောင်ထောင်ကို ဖုန်းဆက်လိုက်မယ်။ သူ ဒီနေ့ အိမ်မှာ ရှိလောက်တယ်။ မမကြီးကို အကူအညီ လှမ်းတောင်းကြတာပေါ့"

စုယဲ့ကလည်း အစ်ကိုဖြစ်သူကဲ့သို့ပင် မျက်နှာပေါ်တွင် ပူပန်မှုကင်းသော အပြုံးတစ်ခုကို ဆင်မြန်းကာ လျှောက်လှမ်းလာသော်လည်း နှုတ်မှ ပြောလိုက်သည်။ "110 ကိုပါ ခေါ်လိုက်တာ ပိုကောင်းမယ်"

ရှဲ့ချန်းက နားမလည်နိုင်သလို မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ "အဲ့ဒါက အလုပ်ရော ဖြစ်ရဲ့လား"

စုယဲ့က ရှင်းပြလိုက်သည်။ "ဖြစ်မှာပါ။ ဇန်နဝါရီလကတည်းက စသုံးနေပြီလို့ အစ်ကို ယန်ကျင့် ပြောဖူးတယ်။ သူက ရဲအရာရှိပဲ ... ဒီလိုကိစ္စမျိုးကို လိမ်ပြောမှာမဟုတ်ပါဘူး။ စမ်းကြည့်သင့်တာပေါ့ ... ဟုတ်တယ်မလား။ အနည်းဆုံးတော့ ရွေးချယ်စရာ တစ်ခု ပိုရတာပေါ့"

ရှဲ့နှင့် ယန်မိသားစုတို့သည် လွန်ခဲ့သော နှစ်များစွာကတည်းက ရင်းနှီးလာခဲ့ကြခြင်းဖြစ်ပြီး ထိုစဉ်က ညီအစ်ကိုနှစ်ယောက်သည် အသက် ၄နှစ်အရွယ်ဖြင့် သူခိုးဖမ်းရာတွင် ကူညီပေးခဲ့ဖူးသည်။ အချိန်ကြာလာသည်နှင့်အမျှ မိသားစုနှစ်ခုကြားတွင် ခိုင်မာသော သံယောဇဉ်များ ဖြစ်ပေါ်လာခဲ့ပြီး စုယဲ့ကို 110 အကြောင်း ပထမဆုံး ပြောပြခဲ့သူမှာ ယန်ကျင့်ပင်ဖြစ်သည်။

ဖုန်းနောက်တစ်ကြိမ် ထပ်ခေါ်ရန်မှာ သိပ်မခက်ခဲလှသဖြင့် ညီအစ်ကိုနှစ်ယောက်သည် အနီးရှိ ဖုန်းရုံသို့ သွားကာ အစ်မဖြစ်သူနှင့် 110 ထံသို့ လျင်မြန်စွာ ဖုန်းခေါ်ဆိုလိုက်ကြသည်။

ဖုန်းချပြီးနောက် စုယဲ့က သက်ပြင်းချကာ ရှဲ့ချန်း ဘက်သို့ လှည့်ပြောလိုက်သည်။ "မမကြီးက အမြန်ဆုံး လာခဲ့မယ်လို့ ပြောတယ်။ ဒါပေမဲ့ ငါတို့ကို အရင်ဆုံး ဘာမှမလုပ်ဖို့ မှာလိုက်တယ်။ သူ့အသံက အရမ်းကို နူးညံ့လွန်းနေတယ်။ ငါတို့တော့ အဆူခံရတော့မယ် ထင်တယ်။ မင်း ဘယ်လိုထင်လဲ မန့်မန့်"

စုယဲ့ကို ဖြေရှင်းခိုင်းလိုက်တာတောင်မှ ထောင်ထောင်၏ စိတ်ကို ပျော့ပြောင်းသွားစေပုံ မရပေ။ အပြစ်ပေးခံရမည့်အရေးမှ မလွတ်မြောက်နိုင်တော့မှန်း သိလိုက်သဖြင့် ရှဲ့ချန်းက မျက်နှာမဲ့ကာ ဟန်လုပ်ပြုံးပြလိုက်ပြီး ပြောသည်။

"ငါ့ကို 'အစ်ကိုကြီး' လို့ ခေါ်စမ်းပါ။ အေး ... ငါတို့ သေချာပေါက် အဆူခံရမှာ။ ဒါပေမဲ့ ဘာဖြစ်လဲကွာ။ ငါကတော့ ရိုးနေပြီ။ အရမ်း တွေးမနေပါနဲ့တော့ ... ဟိုလူ့နောက် မြန်မြန်လိုက်ကြစို့။ သူ့ကို မျက်ခြေပြတ်သွားရင် ငါ အလကားနေရင်း အရိုက်ခံရတာနဲ့ပဲ အဖတ်တင်လိမ့်မယ်"

စုယဲ့ တစ်ယောက် ထပ်မံ၍ သက်ပြင်းချလိုက်မိသည်။

...

ဤနေရာသည် မြို့စွန်နှင့် ထိစပ်နေသော နေရာဖြစ်သည်။

မြို့လယ်ရှိ လူရှုပ်ထွေးသော ဝင်းများနှင့် မတူဘဲ သူတို့ဝင်ရောက်သွားသော လမ်းကြားထဲတွင် အိမ်ခြေကျဲပါးပြီး နိမ့်ပါးသော အိမ်အိုဟောင်းအချို့သာ ရှိသည်။ ထုံးသုတ်ထားသော နံရံများနှင့် မဲမှောင်နေသော အမိုးကြွပ်များက ရပ်ကွက်ကို ပို၍ ခြောက်ကပ်နေစေသည်။

လမ်းကြားထဲတွင် အရိပ်ရသော ထောင့်တစ်နေရာ၌ ထိုင်ကာ ဆေးတံသောက်ရင်း စစ်တုရင်ကစားနေကြသော အဘိုးအိုအနည်းငယ်မှလွဲ၍ အခြားမည်သူမျှ မရှိပေ။

အဘိုးအိုများ သတိမထားမိခင်မှာပင် စုယဲ့နှင့် ရှဲ့ချန်း တို့သည် တစ်ယောက်ကိုတစ်ယောက် နောက်ပြောင်လိုက်လံနေသယောင် ဟန်ဆောင်လိုက်ကြသည်။ ကောင်လေးနှစ်ယောက်စလုံး အရပ်ရှည်ကြသော်လည်း ကျောင်းဝတ်စုံ ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် ကလေးဆန်သော အပြစ်ကင်းစင်မှုများ ရှိနေသေးသဖြင့် သူတို့မှာ ကလေးများသာဖြစ်ကြောင်း သိသာထင်ရှားနေသည်။

ကောင်လေးနှစ်ယောက် ရယ်မောကာ ပြေးလွှားသွားကြသောအခါ ထောင့်ချိုးမှ အဘိုးအိုများသည် အကြည့်လွှဲလိုက်ကြသော်လည်း အချင်းချင်း စကားတီးတိုး ပြောဆိုနေကြသေးသည်။

"ဘယ်သူ့ကလေးတွေလဲ။ ကြည့်ကောင်းလိုက်ကြတာ ... အရပ်တွေကလည်း ရှည်လိုက်တာ။ ထပ်ပြီး ရှည်လာဦးမှာ သေချာတယ်"

"ဒီခေတ်ကလေးတွေ ဘာတွေ စားကြလဲ မသိပါဘူးကွာ။ ငါတို့ခေတ်တုန်းကတော့ အရပ်ရှည်ဖို့နေနေသာသာ အစားတောင် ဝအောင်မစားနိုင်ခဲ့ဘူး"

"အေးလေ ..."

ညီအစ်ကိုနှစ်ယောက်သည် နောက်ပြောင်၍ လိုက်လံနေကြပုံဖမ်းရင်း လမ်းကြားထဲသို့ ဝင်ရောက်လာကြရာ နောက်ဆုံးတွင် ခြံဝင်းတစ်ခုဘေး၌ ရပ်ထားသော သုံးဘီးကားကို တွေ့ရှိသွားကြသည်။

ပိုင်ရှင်ဖြစ်သူသည် သုံးဘီးကား၏ ပုံစံကို တမင်တကာ ပြောင်းလဲထားပြီး မမြင်သာစေရန် စက်ဘီးအကြီးစား သုံးလေးစီးဖြင့် ဝိုင်းရံထားသော်လည်း ဘီးတစ်ဘီးပေါ်ရှိ ထင်ရှားသော ခြစ်ရာတစ်ခုကြောင့် ညီအစ်ကိုနှစ်ယောက် အလွယ်တကူ မှတ်မိလိုက်ကြသည်။

တောက်ပရွှင်လန်းသော အပြုံးကို မျက်နှာပေါ်တွင် ချိတ်ဆွဲထားဆဲဖြစ်သော စုယဲ့က လေသံကိုနှိမ့်၍ ပြောလိုက်သည်။ "အစ်ကို ... ဒီနားဝန်းကျင်မှာ ဖြစ်လောက်တယ်"

ရှဲ့ချန်းက ခေါင်းညိတ်လိုက်သည်။ "အင်း ... သတိထားပြီး ရှာကြတာပေါ့"

...

ညီအစ်ကိုနှစ်ယောက်သည် တာဝန်များကို လျင်မြန်စွာ ခွဲဝေလိုက်ကြသည်။ စုယဲ့က လမ်းသွားလမ်းလာများကို စောင့်ကြည့်ရန် အပြင်တွင် နေရစ်ခဲ့ပြီး ရှဲ့ချန်းက အိမ်များကို တစ်လုံးစီ စစ်ဆေးခဲ့သည်။

တစ်စုံတစ်ယောက် ဖြတ်သန်းသွားတိုင်း စုယဲ့၏ အေးချမ်းပြီး နတ်သားလေးတစ်ပါးကဲ့သို့သော မျက်နှာလေးနှင့် နွေးထွေးနူးညံ့သော အပြုံးတို့က သံသယများကို ချက်ချင်း ပျောက်ကွယ်သွားစေသည်။

ထိုမျှ ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်သော အမူအရာသည် သူ၏ ပုံမှန်စတိုင်မဟုတ်ကြောင်း ဘယ်သူက ထင်မည်နည်း။

နာရီဝက်ခန့် ကြာမြင့်သွားပြီး မကြာခဏ ပြုံးပြရလွန်းသဖြင့် ပါးများညောင်းကိုက်လာသည်ဟု စုယဲ့ ခံစားလိုက်ရချိန်မှာပင် သတင်းကောင်း ကြားလိုက်ရလေသည်။

ရှဲ့ချန်းသည် ထောင့်ချိုးတစ်ခု၏ နောက်ကွယ်မှ ခေါင်းပြူထွက်လာပြီး လက်ဝှေ့ယမ်းကာ သူ့ကို လှမ်းခေါ်လိုက်သည်။

လူရှင်းကြောင်း သေချာစေပြီးနောက် စုယဲ့သည် အစ်ကိုဖြစ်သူ၏ ဘေးသို့ လျင်မြန်စွာ ပြေးသွားပြီး တိုးတိုးလေး မေးလိုက်သည်။

"သုံးဘီးကားနဲ့လူကို တွေ့ပြီလား။ သူ ဘယ်မှာလဲ"

ရှဲ့ချန်းသည် ညီဖြစ်သူကို ဟောင်းနွမ်းနေသော ခြံဝင်းတစ်ခု၏ အစွန်းဘက်သို့ ခေါ်သွားပြီး တည်နေရာကို ညွှန်ပြလိုက်သည်။

စုယဲ့သည် အခန်းကို မျက်လုံးဖြင့် အမြန်အဆန် ကြည့်ရှုလိုက်ရာ ခြံဝင်းမှာ ဟောင်းနွမ်းနေသော်လည်း လိုအပ်သည်များ အားလုံးရှိနေသည်ကို သတိထားမိလိုက်သည်။ ဖုံးကွယ်ထားသင့်သည်များအားလုံးကို ဖုံးကွယ်ထားသည်။ ခြံစည်းရိုးနံရံများသည် နှစ်မီတာကျော်မြင့်ပြီး ဒါမျိုးက အတော်လေး ရှားပါးလှသည်။

All Chapters