← Chapters

(Extra 5 - ဆယ်နှစ်ကြာပြီးနောက် ၃)

Vol. 13 Ch. 158

(Extra 5 - ဆယ်နှစ်ကြာပြီးနောက် ၃)

Vol. 13 Ch. 158

ကျွမ်းကျင်မှုဆိုင်ရာ ကိစ္စရပ်များကို ကျွမ်းကျင်ပညာရှင်များလက်သို့ အပ်ထားခြင်းက အကောင်းဆုံးဖြစ်သည်။ ရဲအရာရှိများစွာ ရောက်ရှိနေပြီဖြစ်သဖြင့် ရှဲ့ မောင်နှမသုံးယောက်သည် အပြင်ဘက်တွင် စောင့်နေကြပြီး ခြံဝင်းနှင့် မလှမ်းမကမ်းတွင် နေရာယူကာ ယန်ကျင့်က သူ၏အဖွဲ့ကို ဦးဆောင်၍ စစ်ဆေးရန် ဝင်သွားသည်ကို စောင့်ကြည့်နေလိုက်ကြသည်။

စုယဲ့က အစ်မဖြစ်သူဘက်သို့ လှည့်ကာ လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။ "မမ ... မမ ကျင့်ကောကို ကြိုက်နေတာလား"

"ဖူး ..." ရှဲ့ချန်းသည် လမ်းထောင့်ဆိုင်မှ ဝယ်လာသော ကိုလာကို မှုတ်ထုတ်လုနီးပါး ဖြစ်သွားပြီး ပါးစပ်သုတ်ရန်ပင် မေ့သွားလေသည်။ သူသည် မယုံနိုင်စွာ ငေးကြည့်ရင်း စကားထစ်သွားသည်။

"နေပါဦး ... တကယ်လား မမ။ မမနဲ့ ကျင့်ကော ဘယ်တုန်းက တွဲသွားကြတာလဲ? ငါ ဘာလို့ မသိရတာလဲ"

ရှဲ့ချန်သည် သူမ၏ လက်မောင်းပေါ် ကျရောက်သွားသော ကိုလာစက်များကို သုတ်လိုက်ရာ နဖူးပေါ်ရှိ သွေးကြောများ ဒိတ်ဒိတ်ခုန်လာသည်ကို ခံစားလိုက်ရသည်။ မောင်ဖြစ်သူကို ဆုံးမရန် ပြင်လိုက်စဉ်မှာပင် အနီးနားမှ ကျယ်လောင်သော "ဒိုင်း ... ဒိုင်း ... ဒိုင်း" ဟူသော အသံများကို ရုတ်တရက် ကြားလိုက်ရသည်။

မောင်နှမသုံးယောက်၏ မျက်နှာများ လေးနက်သွားကြပြီး အကာအကွယ်နောက်သို့ အလျင်အမြန် ပုန်းလိုက်ကြသည်။ တစ်ပြိုင်နက်တည်းမှာပင် ထိုအသံကို မီးရှူးမီးပန်းဖောက်သည်ဟု ထင်မှတ်ကာ အနီးနားတွင် ရှိနေကြသေးသော မိန်းကလေးတစ်သိုက်ကို လှမ်းအော်ပြောလိုက်ကြသည်။

"ပြေးကြ ... ရဲတွေ အရေးယူဆောင်ရွက်နေတာ။ အထဲမှာ သေနတ်ပစ်နေကြပြီ"

Z နိုင်ငံသား အများစုအတွက် သေနတ်သံသည် မီးရှူးမီးပန်းသံနှင့် ခွဲခြားမရနိုင်ဘဲ ကလေးများ ဗြောက်အိုးဖောက်ကစားသည်ဟုသာ မှားယွင်းထင်မှတ်လေ့ရှိသည်။ သို့သော် မကြာမီမှာပင် ရဲအရာရှိများသည် သေနတ်များကို ကိုင်ဆောင်ကာ ခြံဝင်းထဲမှ သတိထား၍ ဆုတ်ခွာလာကြသည်။

မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ သံသယဖြစ်ဖွယ် မရှိတော့ပေ။ ချက်ချင်း လမ်းကြားထဲ၌ အော်ဟစ်သံများ ပဲ့တင်ထပ်သွားပြီး ထိတ်လန့်တကြားဖြင့် လူများသည် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြတော့သည်။

လူအုပ်ကြီး ခေါင်းပြတ်နေသော ယင်ကောင်များပမာ ထွက်ပြေးနေကြသည်ကို မြင်သောအခါ ဤအတိုင်းဆက်သွား၍ မဖြစ်မှန်း ရှဲ့ချန် သိလိုက်သည်။ သူမသည် မောင်များဘက်သို့ လှည့်ကာ ညွှန်ကြားလိုက်သည်။

"နင်တို့နှစ်ယောက် လူစုကွဲသွားအောင် သွားကူလုပ်ပေးလိုက်။ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် ဂရုစိုက်နော် ... ငါ ကျင့်ကောကို သွားကူလိုက်ဦးမယ်"

ထိုသို့ပြောပြီးနောက် ရှဲ့ချန်သည် ခြံဝင်းဆီသို့ ပြေးထွက်သွားလေသည်။

အစ်မဖြစ်သူ၏ စွမ်းရည်ကို သိရှိထားကြသဖြင့် ရှဲ့ချန်း နှင့် စုယဲ့တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူမ ပါးနပ်စွာ ခုန်တက်ပြီး ခေါင်မိုးပေါ်သို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီးနောက် သူတို့သည် လူအုပ်ကို ထိန်းသိမ်းရန် အလျင်အမြန် လှည့်ထွက်လာခဲ့ကြသည်။ ထိတ်လန့်နေသော လူများကို လမ်းကြားထဲမှ ထွက်ခွာနိုင်ရန် တစ်ဖက်စီတာဝန်ယူ၍ လမ်းပြပေးလိုက်ကြသည်။

ကံကောင်းစွာဖြင့် နေ့လယ်ချိန်ဖြစ်သောကြောင့် လူအများစုမှာ အိမ်ထဲတွင် အနားယူနေကြသည်။ လမ်းကြားထဲတွင် စုယဲ့၏ ချောမောမှုကြောင့် ရောက်လာကြသော အမျိုးသမီးငယ်များသာ ရှိနေသည်။ ညီအစ်ကိုနှစ်ယောက်သည် သူတို့အား အနီးနားရှိ ဘေးကင်းသော နေရာတစ်ခုသို့ ပို့ဆောင်ပေးရန် အချိန်အကြာကြီး မယူလိုက်ရပေ။

အားလုံး အိမ်ထဲသို့ ရောက်ရှိသွားသောအခါ ညီအစ်ကိုနှစ်ယောက်သည် ခြံဝင်းနံရံဆီသို့ တိတ်တဆိတ် ပြန်လာခဲ့ကြပြီး ခုံတန်းရှည်တစ်ခုပေါ် ရပ်ကာ အပြင်ဘက်တွင် ဘာဖြစ်နေသည်ကို ချောင်းကြည့်လိုက်ကြသည်။

သဘာဝအလျောက် ခွန်အားပါလာသော ရှဲ့ချန်သည် ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ၏ စေ့စပ်သေချာစွာ လေ့ကျင့်ပေးမှုကို ခံခဲ့ရသည်။ ယခု အသက်၂၀အရွယ်တွင် သူမ၏ အရည်အချင်းများသည် မိခင်ဖြစ်သူနှင့် ယှဉ်နိုင်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူမ၏ စွမ်းရည်ကို ပြသရန် ခေါင်မိုးပေါ်သို့ အရောက်သွားလိုက်သော်လည်း ခြံဝင်းအတွင်းရှိ သေနတ်တိုက်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ခြံဝင်းတစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီး အမျိုးသားအချို့သည် မြေပြင်ပေါ်တွင် လဲလျောင်းကာ ညည်းညူနေကြသည်။ ရဲအရာရှိနှစ်ဦးက ရာဇဝတ်ကောင်များကို တစ်ယောက်ပြီးတစ်ယောက် လက်ထိပ်ခတ်နေကြသည်။

ကျန်ရှိသော ရဲအရာရှိနှစ်ဦးကိုမူ မတွေ့ရတော့ပေ။ ပြန်ပေးဆွဲခံရသော ကလေးကို ရှာဖွေရန် အထဲသို့ ဝင်သွားကြပုံရသည်။

ယန်ကျင့်သည် ခေါင်မိုးပေါ်ရှိ သူမကို သတိထားမိလိုက်ပြီး ရှေ့သို့တိုးလာကာ လက်ကမ်းလျက် အမိုးစွန်းအောက်တွင် ရပ်လိုက်သည်။

"ခုန်ချလိုက် ... ကိုယ် ဖမ်းထားပေးမယ်"

ရှဲ့ချန်သည် နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်သည်။ ခေါင်မိုးသည် မြေပြင်မှ သုံးမီတာခန့် မြင့်သည်။ သူမ၏ စွမ်းရည်အရ မည်သူမျှ ဖမ်းပေးစရာမလိုဘဲ ဆင်းနိုင်ကြောင်း ဆယ်နှစ်ကြာ ခင်မင်လာခဲ့သည့် ကျင့်ကော လည်း သိထားပြီးဖြစ်သည်။ သူမက ညင်သာစွာ ပြန်ပြောလိုက်သည်။

"ကျွန်မဘာသာ ဆင်းနိုင်ပါတယ်"

သို့သော် ယန်ကျင့်၏ မျက်ဝန်းများထဲတွင် သူမ တစ်ခါမှ မမြင်ဖူးသော စူးရှမှုနှင့် ခိုင်မာပြတ်သားမှုတို့ ရှိနေသည်။ သူသည် လက်ကို ဆန့်တန်းထားဆဲဖြစ်ပြီး အဓိပ္ပာယ်နှစ်ခွပါသော လေသံဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ ကိုယ် မင်းကို ဖမ်းပေးချင်လို့ပါ"

အလုပ်ရှုပ်နေကြသော လက်အောက်ငယ်သားများကို ကြည့်ပြီးနောက် ယန်ကျင့်သည် ဘေးနားရှိ မိန်းကလေးဘက်သို့ လှည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"ထောင်ထောင် ... ဒီလူတွေဆီကနေ ချက်ချင်း ဘာသတင်းမှ ရမှာမဟုတ်ဘူး။ အချိန်ဆွဲနေရင် ကလေးတွေ အန္တရာယ်ဖြစ်မှာ စိုးတယ်။ မင်းရဲ့ အာရုံခံနိုင်စွမ်းက ကောင်းတယ်ဆိုတော့ အိမ်ထဲမှာ ကျန်နေတဲ့လူ ရှိမရှိ ကူရှာပေးနိုင်မလား"

ကူညီရန် စိတ်အားထက်သန်နေသော ရှဲ့ချန်သည် တုံ့ဆိုင်းမနေခဲ့ပေ။ သူမသည် ယန်ကျင့် နောက်သို့လိုက်၍ အိမ်ထဲသို့ ဝင်သွားပြီး သေချာစွာ ရှာဖွေရင်း မေးလိုက်သည်။

"ခုနက ဘာလို့ သေနတ်သံတွေ ကြားရတာလဲ"

ပုံမှန်အားဖြင့် ခိုင်လုံသော သက်သေအထောက်အထားမရှိဘဲ ရဲများက သေနတ်ပစ်လေ့ မရှိကြောင်း သူမ ကောင်းစွာ သိထားသည်။ ကျင့်ကောသည် ခြံဝင်းထဲသို့ ဝင်သွားပြီး သူတို့ဘယ်သူဖြစ်ကြောင်း ပြောပြကာ ပုံမှန် မေးမြန်းမှု စတင်ရုံသာ ရှိသေးသည်။

ထင်သည့်အတိုင်းပင် သူမ၏ မေးခွန်းကို ကြားသောအခါ ယန်ကျင့်က လေသံတိုးတိုးဖြင့် ဖြေလိုက်သည်။

"ကိုယ့်ဘက်က ဘယ်သူတွေပါလို့ မိတ်ဆက်ရုံပဲ ရှိသေးတယ် ... စကားတောင် ကောင်းကောင်း မပြောရသေးဘူး။ တစ်ယောက်က သေနတ် ထုတ်လာတာ"

"စိတ်ဓာတ်ကလည်း ပျော့လိုက်တာ။ မန့်မန့်တို့ ပြောပြပုံအရဆိုရင် သူတို့ ဒီလောက်တောင် ကြောက်တတ်မယ်လို့ မထင်ထားဘူး"

ရှဲ့ချန်က ပြောစရာစကား ပျောက်သွားသလိုမျိုး မှတ်ချက်ချလိုက်သည်။

ယန်ကျင့်သည် နံရံများကို သူ၏ လက်ချောင်းရှည်များဖြင့် လိုက်လံခေါက်ကြည့်ပြီး ပဲ့တင်သံများကို ဂရုတစိုက် နားထောင်နေသည်။ သူက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ထပ်ပြောလိုက်သည်။

"တစ်ယောက်ပဲ လန့်သွားတာပါ။ ရဲတွေမှန်း သိတာနဲ့ ထိတ်လန့်ပြီး ထွက်ပြေးဖို့ ကြိုးစားတော့တာပဲ။ ကိုယ်ထင်တာတော့ သူက အဖွဲ့ထဲကို အသစ်ဝင်ခါစ ဖြစ်မယ်"

"ဖြစ်နိုင်တယ်။” ရှဲ့ချန် တွေးမိသည်ကို ထုတ်ပြောလိုက်သည်။

“အဲ့ဒီလို အလန့်တကြားဖြစ်တတ်တဲ့လူ ရှိနေတာ ကံကောင်းသွားတယ်။ မဟုတ်ရင် အချိန်ပိုကြာသွားနိုင်တယ်"

အဖွဲ့သည် ခြံဝင်းတစ်ခုလုံးကို အထဲရော အပြင်ပါ ရှာဖွေခဲ့သော်လည်း ရှဲ့ချန်းနှင့် အခြားသူများ ပြောပြထားသော ကလေး၏ အရိပ်အယောင်ကို မတွေ့ရပေ။

ယန်ကျင့်၏ အကြည့်သည် ခေါင်းဆောင်ဖြစ်ပုံရသော အမျိုးသားတစ်ဦးအပေါ် ကျရောက်သွားသည်။ ထိုအမျိုးသား၏ မျက်နှာပေါ်တွင် ကျေနပ်အားရနေသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်ကို ဖြတ်ခနဲ မြင်လိုက်ရသည်။

ယန်ကျင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ ကလေးရှိသည့်နေရာကို ထိုလူများထံမှ မသိရသေးသော်လည်း ကလေးကို တစ်နေရာရာတွင် ဝှက်ထားကြောင်း သူ သေချာနေသည်။ အလွန်သတိထားပြီး ဖုံးကွယ်ထားသော နေရာတစ်ခုဖြစ်ပြီး ရဲများ ရှာမတွေ့နိုင်လောက်ဟု သူတို့ ယူဆထားကြပုံရသည်။

ထိုစဉ် ခြံဝင်းထဲ၌ စစ်ဆေးနေသော ရှဲ့ချန်သည် တိုးညှင်းသော ရှိုက်ငိုသံသဲ့သဲ့ကို ရုတ်တရက် ကြားလိုက်ရသည်။ သူမသည် အသံလာရာဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ရာ ရေချိုးခန်းဘက်မှ လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

သူမသည် နှုတ်ခမ်းကို စေ့လိုက်ပြီး ယန်ကျင့်၏ နားနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်မ ငိုသံသဲ့သဲ့ ကြားလိုက်တယ်။ ကလေး နိုးလာတာ ဖြစ်မယ်။ ရေချိုးခန်းထဲမှာ ဝှက်ထားတာ နေမှာ"

ရှဲ့ချန်ပင်လျှင် ဤတွေ့ရှိမှုကို လက်ခံရန် ခက်ခဲနေပြီး ယန်ကျင့်လည်း ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားသည်။

ဒေါသထွက်နေသော်လည်း ယန်ကျင့်သည် ရဲအရာရှိတစ်ဦးအနေဖြင့် လုပ်ဆောင်စရာရှိသည်ကို လုပ်ရမည်ဖြစ်ကြောင်း သိထားသည်။ သူက လက်အောက်ငယ်သားများကို တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။ "ရေချိုးခန်းကို စစ်ဆေးလိုက်"

စကားပြောနေစဉ်တွင် ယန်ကျင့်၏ အကြည့်သည် ခေါင်းဆောင်ဖြစ်ပုံရသော အမျိုးသားထံမှ မခွာခဲ့ပေ။

ယန်ကျင့် အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူသည် တည်ငြိမ်နေစေရန် အပြင်းအထန် ကြိုးစားနေသော်လည်း မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်ကို ယန်ကျင့် သတိထားမိလိုက်သည်။

နေရာမှန်ကို ရှာတွေ့ပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ယန်ကျင့်သည် ကျေနပ်စွာဖြင့် လည်ချောင်းသံ ပြုလိုက်သည်။ လူယုတ်မာများကို လျစ်လျူရှုကာ သူသည် ရှဲ့ချန်ကို အပြင်တွင် စောင့်နေရန် ပြောပြီး ရေချိုးခန်းကို ကိုယ်တိုင်ဦးဆောင် ရှာဖွေရန် ထွက်သွားလေသည်။

ဆယ်မိနစ်ခန့် ကြာသောအခါ ရဲအရာရှိတစ်ဦးသည် ကလေးတစ်ယောက်ကို ပွေ့ချီလျက် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ သရဲမြင်လိုက်ရသကဲ့သို့ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြသော ရာဇဝတ်ကောင်များထိုင်နေသည့် နေရာသို့ ယန်ကျင့် လျှောက်သွားလိုက်သည်။ သူသည် ဒေါသကို မထိန်းနိုင်တော့ဘဲ သူတို့ကို ထပ်ခါတလဲလဲ ကန်ကျောက်ရင်း ဆဲဆိုလိုက်သည်။

"တောက် ... ခွေးကောင်တွေ။ ကလေးကို ရေချိုးခန်းထဲ ထည့်ထားရတယ်လို့။ ယုတ်မာလိုက်ကြတာ"

မိခင်၏ ခြေရာကို နင်း၍ ဆေးပညာသင်ယူနေသော ရှဲ့ချန်သည် ဘွဲ့မရသေးသော်လည်း အနံ့အသက်ဆိုးရွားနေသည့်ကြားမှ ကလေးကို လွှဲယူလိုက်ပြီး အမြန်စစ်ဆေးလိုက်သည်။

ပြင်ပဒဏ်ရာ မတွေ့ရဘဲ အိပ်ဆေး ခပ်ထားသည်ဟု သံသယရှိရုံသာ ရှိသဖြင့် သူမ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ တိုးတိုးလေး ငိုရှိုက်နေသော ကလေးကို ပွေ့ဖက်ထားရင်း သူမက ကျောကို ဖွဖွလေးပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

သူမသည် အစတုန်းက ပြန်ပေးဆွဲခံရသော ကလေးတစ်ယောက်တည်း ရှိသည်ဟု ထင်ခဲ့မိသည်။ သို့သော် မကြာမီတွင် တစ်ယောက်ပြီးတစ်ယောက် သယ်ထုတ်လာရာ စုစုပေါင်း ကလေး ၈ ယောက်ရှိပြီး အသက် ၁၀နှစ်အရွယ်မှ တစ်နှစ်ကျော်အရွယ် ကလေးများအထိ ပါဝင်သည်။

အများစုမှာ သတိမေ့နေကြပြီး မျက်လုံးပွင့်နေသော ကလေးအနည်းငယ်မှာလည်း ဆေးအရှိန်ကြောင့် မလှုပ်ရှားနိုင်သလောက် ဖြစ်နေကြသည်။

ရှဲ့ချန်သည် ကလေးများ ဤမျှလောက် များလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တစ်ရက်တည်းနှင့် ဖမ်းလာကြခြင်း မဟုတ်သည်မှာ သေချာနေပြီး နေ့စဉ် ဆေးခပ်ခံထားရခြင်း ဖြစ်နိုင်သည်။ သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာပြီး မျက်မှောင်ကြုတ်ကာ အရေးတကြီး ပြောလိုက်သည်။

"ကျွန်မ ကားသွားယူလိုက်မယ်။ ဒီကလေးတွေကို ဆေးရုံပို့ပြီး သေချာ စစ်ဆေးဖို့ လိုတယ်"

သူမ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရဲကားဥသြသံများ ပျံ့လွင့်လာသည်။ ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးလေ့ရှိသော ယန်ကျင့်သည် ကလေးများနှင့် သူတို့ကြုံတွေ့ခဲ့ရသည်များကို မြင်လိုက်ရသောအခါ အလွန်ဒေါသထွက်နေပုံရသည်။

သူသည် လက်အောက်ငယ်သားအချို့ကို ကလေးများအား ရဲကားပေါ်တင်ရန် ညွှန်ကြားလိုက်ပြီး ရှဲ့ချနါ ဘက်သို့ အမြန်လှည့်လာသည်။

"မသွားပါနဲ့။ ဒီကောင်တွေရဲ့ ကြံရာပါတွေ အနီးအနားမှာ ရှိမရှိ မသိရသေးဘူး။ မန့်မန့်နဲ့ တန့်တန့်ကို ခေါ်ပြီး ပြန်နှင့်လိုက်။ နောက်မှ ကိုယ် လာရှာမယ်"

ထိုသို့ပြောရင်း သူသည် သူမ၏လက်ကို လှမ်းကိုင်လိုက်ပြီး စိတ်ချစေရန် ခပ်ဖွဖွ ညှစ်လိုက်သည်။ ထို့နောက် အခြားရဲအရာရှိများနှင့်အတူ ရာဇဝတ်ကောင်များကို ခေါ်ဆောင်သွားလေသည်။

ရှဲ့ချန်သည် မမျှော်လင့်သောကြောင့် ရှက်ရွံ့သွားပြီး နားရွက်များ နီမြန်းလာသည်ကို ခံစားလိုက်ရသည်။ သူမသည် ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ဖြစ်နေသည်ဟု စိတ်ထဲမှ အပြစ်တင်လိုက်မိသည်။ ကျင့်ကောက သူမလက်ကို ကိုင်ဖူးသည်မှာ ပထမဆုံးအကြိမ်မှ မဟုတ်ဘဲ။ ဘာကြောင့်များ သူမ ကတုန်ကယင် ဖြစ်နေရသနည်း။

ရှဲ့ချန် ခြံဝင်းထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် မောင်ဖြစ်သူ ရှဲ့ချန်းသည် စိတ်လှုပ်ရှားစွာဖြင့် သူမကို ပြေးဖက်ကာ ပြောလိုက်သည်။

"မမ ... မမ။ ကျင့်ကောက တော်လိုက်တာဗျာ။ အကုန်လုံးကို တစ်ခါတည်း ရှင်းပစ်လိုက်တာ။ ကလေးတွေကိုလည်း ကယ်နိုင်ခဲ့တယ်။ အရမ်းမိုက်တာပဲ။ ကျွန်တော် ရဲလုပ်ချင်သွားပြီ"

သူမက နှာခေါင်းရှုံ့လိုက်ပြီး ပြုံးစစဖြင့် တုံ့ပြန်လိုက်သည်။

"အေးပါ ... နင် စစ်သားမလုပ်ဘဲ ရဲလုပ်ချင်တယ်ဆိုတာ ဖေဖေ့ကို ပြောပေးပါ့မယ်"

ရှဲ့ချန်း ကြက်သေသေသွားပြီး အစ်မဖြစ်သူကို မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်ကာ သူမမျက်နှာကို မော့ကြည့်လိုက်သည်။ အနည်းငယ် ထိတ်လန့်သွားပုံရသည်။

"ဟာ ... မဟုတ်ဘူးလေ။ ကျွန်တော်က ဒီတိုင်း ပြောကြည့်တာပါ။ စစ်သားလုပ်ရတာကို ပိုသဘောကျပါတယ်။ တကယ်ပါ"

ရှဲ့ချန်းသည် ၁၄နှစ်သာ ရှိသေးသော်လည်း သူ၏ အနာဂတ်အတွက် ရှင်းလင်းပြတ်သားသော အမြင်ရှိပြီးဖြစ်သည်။ ရှဲ့ မိသားစုဝင်တစ်ယောက်အနေဖြင့် စစ်တပ်ထဲဝင်ရန် မျှော်လင့်ခြင်းခံထားရပြီး သူကိုယ်တိုင်ကလည်း ထိုဘဝကို အမှန်တကယ် နှစ်သက်သည်။

ရှဲ့ချန်သည် မောင်ဖြစ်သူ၏ နားရွက်ကို ဆွဲလိမ်ပြီး သူ၏ တောင်းပန်သံများကို လျစ်လျူရှုကာ အပြင်သို့ ခေါ်ထုတ်သွားလိုက်သည်။

"ဖေဖေနဲ့ မေမေကို နင့်ဘာသာနင်သာ ရှင်းပြပေတော့။ ဒီနေ့ကိစ္စကို သူတို့ မသိအောင် ဖုံးထားလို့ရမယ်လို့ နင်ထင်နေတာလား"

All Chapters