← Chapters

(Extra 6 - ဆယ်နှစ်ကြာပြီးနောက် ၄ )

Vol. 13 Ch. 159

(Extra 6 - ဆယ်နှစ်ကြာပြီးနောက် ၄ )

Vol. 13 Ch. 159

စစ်ဘက်ဆိုင်ရာခြံဝင်း၌။

နွေလယ်ညသည် ပုံမှန်ထက် အနည်းငယ် နောက်ကျမှ ရောက်ရှိလာသည်။ ညနေ ခြောက်နာရီ ထိုးနေပြီဖြစ်သော်လည်း ကောင်းကင်ကြီးမှာ မမှောင်သေးဘဲ တောက်ပသော အပြာရောင် သန်းနေဆဲဖြစ်သည်။

ယနေ့လို အချိန်ပိုလုပ်ရန် မလိုအပ်သည်မှာ ရှားပါးလှသည်။ အချိန်မှန် အိမ်ပြန်ရောက်လာသော စုရှီသည် ခင်ပွန်းသည်ဘေးတွင် ပျင်းရိစွာ မှီတွယ်နေသည်။ သူမသည် လတ်ဆတ်စွာ ဆေးကြောထားသော စပျစ်သီးပန်းကန်ကို ကိုင်ထားပြီး ကိုယ်တိုင်စားရင်း ရံဖန်ရံခါ ဘေးတွင်ထိုင်၍ သတင်းစာဖတ်နေသော ခင်ပွန်းသည်ကို ခွံ့ကျွေးနေသည်။

စုံတွဲတစ်တွဲ အတူတူကြာကြာနေလျှင် အချစ်သည် မိသားစုသံယောဇဉ်အဖြစ် ပြောင်းလဲသွားပြီး တစ်ချိန်က ချိုမြိန်ခဲ့သည်များမှာ တဖြည်းဖြည်း ဝေးကွာသွားတတ်သည်ဟု လူများစွာက ပြောကြသည်။

အခြားသူများအတွက် မည်သို့ရှိသည်ကို သူမ မသိသော်လည်း သူမနှင့် ခင်ပွန်းသည်အတွက်မူ အိမ်ထောင်သက် နှစ်ဆယ်ကြာပြီးနောက်တွင်ပင် ခံစားချက်များ မှေးမှိန်မသွားခဲ့ပေ။ တကယ်တမ်းတွင် ပို၍သာ ခိုင်မာလာခဲ့သည်။

ရှဲ့ကျန်းသည် ပါးစပ်ထဲမှ စပျစ်သီးကို မျိုချပြီး သတင်းစာကို ချကာ ဇနီးသည်လက်ထဲမှ ပန်းကန်လုံးကို ယူလိုက်ပြီး စပျစ်သီးများကို တစ်လုံးချင်း အခွံခွာပေးလေသည်။

ထိုအမျိုးသား၏ မျက်လုံးထောင့်များတွင် အရေးအကြောင်း အနည်းငယ် ရှိနေသော်လည်း ယင်းတို့က သူ၏ ချောမောမှုကို မလျော့ကျစေပေ။ ဆန့်ကျင်ဘက်အားဖြင့် ရင့်ကျက်သော အမျိုးသားတစ်ဦးသာ ပိုင်ဆိုင်နိုင်သည့် ထူးခြားသော ဆွဲဆောင်မှုမျိုးကို ပိုတိုးပွားစေသည်။

ရှဲ့ကျန်းသည် သူ့ကို မှီထားသော ဇနီးသည်အား အခွံခွာပြီးသား စပျစ်သီးများကို ခရင်းဖြင့် ခွံ့ကျွေးနေသည်။ သူ၏ အကြည့်များတွင် ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေသည်။

ဘေးတစ်ဖက်တွင် စာဖတ်မျက်မှန်တပ်ကာ တီဗီကြည့်နေသော အဘွားချန်ရှန်းယွင်သည် မြေးမနှင့် မြေးသမက်တို့၏ ချစ်ကြည်နူးနေမှုကို သည်းမခံနိုင်တော့ပေ။ သူမက ထပြောလိုက်သည်။

"ကလေးတွေက ဘာလို့ ပြန်မလာကြသေးတာလဲ"

ထိုစကားကို ကြားသောအခါ စုရှီသည် လက်ကောက်ဝတ်ကို မြှောက်၍ အချိန်ကြည့်လိုက်ပြီး မရေမရာ ပြန်ဖြေလိုက်သည်။

"သူတို့ ပြန်ရောက်ခါနီးလောက်ပြီ ထင်ပါတယ်"

"ထားလိုက်ပါတော့ အဲ့ဒီကောင်စုတ်လေးတွေကို။ ငါတို့သမီးလေးကရော" ချန်ရှန်းယွင်က သူမဘာသာ ရေရွတ်လိုက်သည်။ "သူမက အမြဲတမ်း လိမ္မာတယ်။ ငါ ပေါက်ကျော်လိုနေတတ်တဲ့ အပိုင်းနဲ့ ယှဉ်လိုက်ရင် သူ့ပုံစံလေးက ပိုနူးညံ့တယ်။ ငယ်ငယ်တုန်းကတော့ သူက ပို အကြောတင်းခဲ့တာ။ ဒါပေမဲ့ အခု ကြီးလာတော့ သူ့အကျင့်စရိုက်လေးက ပိုနူးညံ့ပြီး ချစ်စရာကောင်းလာတယ် (တကယ်တော့ မဟုတ်ပါဘူး)။ သူပိုင်ဆိုင်ထားတဲ့ ခွန်အားတွေနဲ့ဆိုရင် နှမြောစရာပဲ"

ချန်ရှန်းယွင်သည် စာဖတ်မျက်မှန်ကို ချွတ်၍ အိတ်ထဲထည့်ကာ တံခါးဝဆီသို့ လျှောက်သွားရင်း ရေရွတ်လိုက်သည်။ "ဒီကလေးတွေကတော့လေ ... အားလပ်ရက်ရတာနဲ့ လျှောက်သွားနေကြတော့တာပဲ။ ခြောက်နာရီတောင် ရှိနေပြီ ... အိမ်ပြန်မရောက်ကြသေးဘူး"

စကားပြောနေရင်း တံခါးဝသို့ ရောက်နေပြီဖြစ်သော ချန်ရှန်းယွင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ စိတ်လှုပ်ရှားစွာဖြင့် သူမ လှည့်ကြည့်လိုက်ပြီး မြေးမဖြစ်သူကို ကြည့်ကာ မျက်နှာတစ်ပြင်လုံး ပြုံးဖြီးလျက် မေးလိုက်သည်။ "ဒါနဲ့ ... ထောင်ထောင်မှာ ရည်းစားရှိနေပြီလို့ သမီး မထင်ဘူးလား"

ထိုစကားထွက်လာသည်နှင့် ဇနီးမောင်နှံနှစ်ဦး၏ မျက်နှာထားများ ဆန့်ကျင်ဘက် ဖြစ်သွားကြသည်။ စုရှီ က သမီးဖြစ်သူ တက္ကသိုလ်ရောက်နေပြီဖြစ်၍ ချစ်သူရှိခြင်းမှာ မမှားကြောင်း တွေးလိုက်သည်။

သို့သော် ဖခင်ဖြစ်သူ ရှဲ့ကျန်း၏ မျက်နှာမှာ ထိုအကြောင်း ပြောလိုက်သည်နှင့် ချက်ချင်း မဲမှောင်သွားလေသည်။ ရာထူးကြီးကြီးတွင် နှစ်ပေါင်းများစွာ နေခဲ့ရသဖြင့် သူ၏ အာဏာရှိသော အငွေ့အသက်မှာ ပိုအားကောင်းလာပြီး ထိုအချိန်တွင် သူ၏မျက်နှာမှာ ကြောက်လန့်ဖွယ်ကောင်းလောက်အောင် တင်းမာခက်ထန်နေသည်။

စုရှီသည် ခင်ပွန်းသည်၏ လက်မောင်းကို ခပ်ဖွဖွပုတ်ကာ အဘွားရှေ့တွင် စိတ်မတိုရန် အချက်ပြရင်း နောက်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဇနီးသည်၏ ဆွဲဆောင်မှုရှိသော အကြည့်တွင် ဖမ်းစားခံလိုက်ရသဖြင့် ရှဲ့ကျန်း၏ လည်ဇလုတ်သည် လှုပ်ရှားသွားပြီး သူမကို အနားသို့ အမြန်ဆွဲယူလိုက်ကာ သူ၏ လက်ကြီးများဖြင့် သူမ၏ ခါးသွယ်သွယ်ကို ဖက်ထားလိုက်သည်။ စုရှီကို ကြည့်နေသော သူ၏ အကြည့်များ အနည်းငယ် နက်မှောင်သွားသည်။

အသက် ၄၀ရှိနေပြီဖြစ်သော်လည်း စုရှီ၏ အသားအရေသည် နှင်းကဲ့သို့ ဖြူဝင်းနေဆဲဖြစ်ပြီး အချိန်ကာလက သူမအပေါ် အရာထင်ကျန်ရစ်ခဲ့ခြင်း မရှိသကဲ့သို့ပင်။ ထိုအစား ရင့်ကျက်မှုအသွင်အပြင်ကို ပေါင်းထည့်ပေးလိုက်သဖြင့် သူမကို ပိုဖမ်းစားနိုင်ပြီး ဆွဲဆောင်မှုရှိစေသည်။

ခါးပေါ်ရှိ ခင်ပွန်းသည်၏ လက်ဝါးမှ ထွက်ပေါ်နေသော အပူငွေ့ကို သတိထားမိလိုက်သဖြင့် စုရှီ မကျေနပ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဤအသက်အရွယ်ရောက်နေပြီကို အလွယ်တကူ စိတ်ပါနေဆဲဖြစ်သည်ဟု သူမ စိတ်ထဲတွင် တွေးလိုက်မိသည်။

သေချာသည်မှာ သူမ ဤအကြောင်းကို အသံထွက်ပြောရဲမည် မဟုတ်ပေ။ သို့မဟုတ်ပါက သူ၏ "ဓား" မည်မျှထက်မြက်နေသေးကြောင်း သေချာပေါက် သက်သေပြလိမ့်မည်ဖြစ်ပြီး သူမ ရက်ပေါင်းများစွာ အိပ်ရာမှ ထနိုင်မည်မဟုတ်ပေ။

"အဘွား နင်တို့နှစ်ယောက်ကို ပြောနေတာလေ"

မြေးမဖြစ်သူ၏ အဖြေကို မစောင့်ဘဲ ချန်ရှန်းယွင်က ဆက်ပြောလိုက်သည်။

"နင်တို့ ဘယ်လိုထင်လဲ။ ထောင်ထောင်မှာ တကယ်ပဲ ရည်းစားရှိနေမလား။ ငါ့ကို မေးရင်တော့ သူ တစ်ယောက်ယောက်ကို ရှာဖို့ အဆင်သင့်ဖြစ်နေပြီ။ ဘယ်သူသိမှာလဲ ... ငါ မျက်လုံးမမှိတ်ခင် မြစ်လေးတစ်ယောက်လောက်တောင် မြင်ရနိုင်တာပဲ။ ဟားဟားဟား ... မျိုးဆက်ငါးဆက် တစ်အိမ်တည်း အတူနေရတာ။ ငါ့ထက်ကံကောင်းတဲ့ အဘွားကို ဘယ်မှာ ရှာတွေ့နိုင်မှာလဲ"

မည်သူ့အဖြေကိုမျှ မစောင့်ဘဲ ချန်ရှန်းယွင်သည် သူမ စိတ်ကူးယဉ်ထားသော မြစ်လေးအကြောင်း ဆက်ပြောနေလေသည်။ အနာဂတ်မြေးမြစ်လေး၏ ပုံပန်းသဏ္ဌာန်ကို ဖော်ပြရင်း သူမတစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုများ ပြည့်နှက်ကာ ပိုတက်ကြွလာသည်။

သို့သော် စုရှီသည် ခင်ပွန်းသည်၏ နူးညံ့သွားသော မျက်နှာထားမှာ ပြန်လည်မဲမှောင်သွားသည်ကို သတိထားမိလိုက်သည်။ သူတို့ပတ်ဝန်းကျင်ရှိ လေထုသည် တင်းမာမှုကြောင့် အေးခဲသွားသကဲ့သို့ ဖြစ်နေသည်။

သူမသည် သူ့ကို နှစ်သိမ့်ရန် အမြန်လက်လှမ်းလိုက်ပြီး သူမခါးပေါ်တင်ထားသော လက်ကြီးကို ဖွဖွလေးဆုပ်ကိုင်ကာ အဘွားကို ပြုံးပြလိုက်သည်။

"အဘွားရာ ... ထောင်ထောင်က ငယ်ပါသေးတယ်။ သမီးနဲ့ အားကျန်းကို ကြည့်ပါဦး ... သမီးတို့က ငယ်ငယ်လေးရှိသေးတာ။ သမီးတို့ အဘိုးအဘွားဖြစ်ဖို့ နည်းနည်း မစောလွန်းဘူးလား"

ချန်ရှန်းယွင် လှည့်၍ မြေးမဖြစ်သူကို ကြည့်လိုက်သည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း သူမ၏ ရုပ်ရည်မှာ များစွာ ပြောင်းလဲခြင်း မရှိပေ။ သူမက ရယ်မောကာ စနောက်လိုက်သည်။

"'ငယ်သေးတယ်' ဟုတ်လား။ ဒီခေတ်မှာ လူတွေက တွဲပြီဆိုတာနဲ့ လက်ထပ်ဖို့ စဉ်းစားနေကြပြီ။ နောက်နှစ်နည်းနည်းကြာရင် ထောင်ထောင်လည်း ဘွဲ့ရပြီး လက်ထပ်လောက်ပြီ။ နင့်တုန်းက သူ့အရွယ်မှာ ထောင်ထောင်က ဗိုက်ထဲရောက်နေပြီလေ"

စုရှီက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ "အဲ့တုန်းက သမီး အိမ်ထောင်ကျကာစပဲ ရှိပါသေးတယ် ..."

ဒါက အမျိုးသားတစ်ဦး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သော ကိစ္စဖြစ်သည်။ ရှဲ့ကျန်းသည် ရာထူးကြီးကြီး ရရှိထားပြီးဖြစ်သော်လည်း အထူးသဖြင့် ဇနီးသည်ရှေ့တွင် အချို့သော ထုံးတမ်းစဉ်လာများမှ ကင်းလွတ်ခြင်း မရှိပေ။ သမီးဖြစ်သူတွင် ရည်းစားရှိမရှိ စနောက်နေမှုကို သူ လျစ်လျူရှုမထားနိုင်ပေ။ ထို့အစား ဇနီးသည်နှင့် အဘွားတို့၏ အပြန်အလှန်ပြောဆိုမှုကို နားထောင်ရင်း သူ မျက်လွှာချထားလိုက်သည်။ နောက်ဆုံးတွင် ဝင်မပြောဘဲ မနေနိုင်တော့ပေ။

"ကိုယ်ဝန်ရှိတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ရက်ပိုင်းလောက်ပဲ ရှိသေးတာပါ"

စုရှီသည် သူ့ကို နောက်တစ်ကြိမ် ခပ်ဖွဖွ ရိုက်လိုက်ပြီး စိတ်ပျက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

"ရှင် ဘယ်သူ့ဘက်ကလဲ

ရှဲ့ကျန်း ချက်ချင်း လေသံပျော့သွားပြီး ပြန်ဖြေလိုက်သည်။

"မင်းဘက်ကလေ"

မြေးမနှင့် မြေးမက်တို့ ချစ်ကြည်နူးနေကြသည်ကို နောက်တစ်ကြိမ် မြင်လိုက်ရသဖြင့် ချန်ရှန်းယွင်သည် ခြံဝင်းထဲတွင် လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်သည်။

မြေးမက်ဖြစ်သူ ရာထူးတိုးလာမှုနှင့်အတူ လွန်ခဲ့သော နှစ်အနည်းငယ်က သူတို့ ထပ်မံပြောင်းရွှေ့ခဲ့ကြသည်။ ယခုတစ်ကြိမ်တွင် အိမ်နှင့်ခြံဝင်းသည် ယခင်ကထက် ပိုကျယ်ဝန်းသည်။

ခြေလှမ်းအနည်းငယ်မျှ လှမ်းရုံရှိသေးချိန်တွင် ခြံတံခါးဝမှ ဝင်လာသော ကလေးတစ်သိုက်နှင့် ဆုံတွေ့လိုက်ရပြီး ယန်မိသားစုမှ ကောင်လေးလည်း သူတို့နောက်မှ ပါလာသည်။

အဘွားသည် အသက်ကြီးသော်လည်း လူငယ်တစ်ယောက်၏ နှလုံးသားနှင့် စူးရှသော မျက်လုံးများကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။ မြေးမဖြစ်သူနှင့် ယန်မိသားစုမှ ကောင်လေး ရှောင်ကျင့်တို့ လက်ချင်းချိတ်ထားသည်ကို သူမ လျင်မြန်စွာ သတိထားမိလိုက်သည်။

“အမယ်လေး .. ဘုရား..” အဘွား တွေးလိုက်မိပြီး စိတ်လှုပ်ရှားသွားသည်။ “တကယ်ပါလား ... ငါ ဆုတောင်းနေတာတွေ တကယ်ဖြစ်လာပြီပဲ"

ထိုအချိန်တွင် မြစ်နှစ်ယောက်ကိစ္စသည် ချန်ရှန်းယွင်အတွက် ရုတ်တရက် အရေးမကြီးတော့သလို ဖြစ်သွားသည်။ သူမ၏ အာရုံသည် ယန်ကျင့်ထံသို့ ပြင်းပြစွာ ရောက်ရှိသွားပြီး ရွှင်လန်းစွာ လှမ်းခေါ်လိုက်သည်။ "လာပါဦး ... ကြည့်စမ်းပါရစေဦး။ ငါတို့ ထောင်ထောင် မှာ ရည်းစားရနေပြီလား။ အခုလေးတင် သူ့အမေကို ပြောနေတာ ... ထောင်ထောင်က အပျိုကြီးဖြစ်နေပြီ၊ ရည်းစားထားဖို့ အရွယ်ရောက်နေပြီလို့"

စကားပြောနေရင်း ချန်ရှန်းယွင်သည် ချောမောသော ယန်ကျင့်ကို အကဲခတ်ရန် မမေ့ခဲ့ပေ။ သူမသည် ထိုကောင်လေးကို အမြဲသဘောကျခဲ့ပြီး ယခုအခါ ထောင်ထောင်နှင့်အတူ နတ်ဖက်တဲ့စုံတွဲကဲ့သို့ ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ပို၍ပင် ပြုံးပျော်သွားကာ မျက်လုံးများ အရောင်တောက်လာသည်။

အဘွားသည် ခေတ္တမျှ မိန်းမောသွားပြီး ဤအရွယ်တုန်းက မြေးမဖြစ်သူသည် ရှဲ့ကျန်းကို အိမ်ခေါ်လာကာ ရည်းစားအဖြစ် ပြုံးရွှင်စွာ မိတ်ဆက်ပေးခဲ့ပုံကို ပြန်လည်သတိရလိုက်မိသည်။

အချိန်ကုန်လွန်သည်မှာ အလွန်မြန်ဆန်လှသည်။ မျက်တောင်တစ်ခတ်အတွင်း ဆယ်စုနှစ်များစွာ ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဘွားဘွား ... ဖေဖေ ပြန်ရောက်ပြီလား “ ရှဲ့ချန်းက အဘွား၏ ပခုံးပေါ်သို့ လက်တင်ကာ အတိတ်ကို လွမ်းဆွတ်နေသည့် အချိန်လေးကို ဖြတ်တောက်လျက် မေးလိုက်သည်။

ထိုစကားကို ကြားသည်နှင့် မြစ်ဖြစ်သူ အပြင်တွင် ပြဿနာရှာလာမှန်း ချန်ရှန်းယွင် ချက်ချင်း သိလိုက်သည်။ သူမ ရယ်မောကာ စနောက်လိုက်သည်။ "ဟိုမှာ ပြန်ရောက်နေပြီ။ နင်တို့ကို စောင့်နေတာ ကြာလှပြီ"

အစ်မနှင့် ညီဖြစ်သူကို အပြင်တွင်ထားကာ အချိန်ဆွဲရန် ကြိုးစားမှုမှာ လုံးဝအရာမထင်ကြောင်း သိလိုက်ရသဖြင့် ရှဲ့ချန်း တောင့်တင်းသွားသည်။ သူသည် အနေခက်စွာဖြင့် လက်ကို ပြန်ရုပ်လိုက်ပြီး အလိုအလျောက်ပင် အစ်မဖြစ်သူကို အသနားခံသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ရည်းစားအသစ်စက်စက်နှင့် လက်တွဲထားသော ရှဲ့ချန်သည် မောင်ဖြစ်သူကို မဲ့ပြုံးပြုံးပြကာ ခေါင်းခါလိုက်သည်။ "ငါလည်း နင့်ထက်မထူးပါဘူး" ဟု ရှင်းလင်းစွာ ပြောနေသည့် အကြည့်ဖြင့် သူမက သူ့ကိုကြည့်လိုက်သည်။

သူမအမြင်တွင် မိဘများနှင့် တွေ့ဆုံရန်မှာ စောလွန်းနေသေးသော်လည်း ရိုးသားဖြောင့်မတ်သော ထိုအမျိုးသားက သူတို့တွဲနေကြပြီဖြစ်၍ လူကြီးများကို အသိပေးကာ သဘောတူညီချက် ရယူသင့်သည်ဟု ခံစားမိနေသည်။

ထို့ကြောင့် သူတို့ တွဲခဲ့သည့်အချိန် တိုတောင်းသော်လည်း သူ ထပ်မစောင့်နိုင်တော့ပေ။ သူမ ထွက်ပြေးသွားတော့မည့်အလား လက်ဆောင်တစ်ခုကို ယူဆောင်ကာ အလျင်အမြန် ရောက်ချလာခဲ့ခြင်းဖြစ်သည်။

"အပြင်မှာ ဘာရပ်လုပ်နေကြတာလဲ။ ဝင်ခဲ့ကြလေ"

အိမ်ထဲမှ ရှဲ့ကျန်း၏ လေးနက်သော အသံ ထွက်ပေါ်လာခဲ့သည်။

လူအုပ်ကြီးမှာ ချက်ချင်း ကျောက်ရုပ်လို ဖြစ်သွားပြီး ကျောချမ်းသွားကြသည်။ သူတို့သည် တုံ့ဆိုင်းမနေတော့ဘဲ အိမ်ထဲသို့ အလျင်အမြန် ဝင်သွားကြသည်။

အိမ်ထဲတွင် ယန်ကျင့်သည် သူသယ်လာသော လက်ဆောင်ကို ချထားလိုက်ပြီး စုယဲ့နှင့် အခြားသူများ ကူသယ်လာပေးသော လက်ဆောင်များကိုပါ ယူကာ ဆိုဖာပေါ်တွင် အတူတကွ တင်လိုက်သည်။ ထို့နောက် ရှဲ့ချန်၏ လက်ကို ဖွဖွလေး ဆုပ်ကိုင်လိုက်ပြီး ယောက္ခမလောင်း၏ စောင့်ကြည့်နေသော အန္တရာယ်ရှိသည့် အကြည့်အောက်တွင် ခါးကို အနည်းငယ်ကိုင်းညွှတ်ကာ လေးစားစွာ ဦးညွှတ်လိုက်သည်။ သူသည် ရိုးသားမှုအပြည့်ဖြင့် ပြောလိုက်သည်။ "ဦးလေးရှဲ့ ... ထောင်ထောင်နဲ့ ကျွန်တော် တွဲနေကြပါပြီ"

ရှဲ့ကျန်းသည် သူတို့ကို ခဏတာ အေးစက်စွာ ကြည့်နေပြီးနောက် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ "ဘယ်တုန်းကစပြီးတော့လဲ"

ယန်ကျင့်သည် ရှဲ့ချန်၏ နူးညံ့သော လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။

"ဒီနေ့ နေ့လယ်ကပါ"

ထိုစကားကို ကြားသောအခါ ရှဲ့ကျန်း၏ မျက်နှာထားက အနည်းငယ် ပြေလျော့သွားခဲ့သည်။ အနည်းဆုံးတော့ ကောင်လေးတွင် တာဝန်ယူစိတ် ရှိသေးသည်။ သို့သော် ...

ရှဲ့ကျန်း၏ အကြည့်သည် သားနှစ်ယောက်ထံသို့ ရောက်သွားပြီး သမီးဖြစ်သူကို ယန် မိသားစုမှ ကောင်လေးနှင့် တွဲဖြစ်သွားအောင် တွန်းပို့လိုက်သော တရားခံများမှာ ထိုဆိုးသွမ်းသော ကောင်လေးနှစ်ယောက် ဖြစ်လောက်သည်ဟု မတွေးဘဲ မနေနိုင်ပေ။

ရှဲ့ကျန်းသည် သားသမီးများအကြောင်း ကောင်းကောင်းသိသည်ဟု ပြောရမည်။ သူ၏ ခန့်မှန်းချက်မှာ လွဲချော်ခြင်း မရှိသလောက်ပင်။

All Chapters