(Extra 8 - ဆယ်နှစ်ကြာပြီးနောက် ၆)
Vol. 13 Ch. 161
စုရှီသည် ခင်ပွန်းသည်၏ နှုတ်ခမ်းပါးများကို အကြိမ်ကြိမ် နမ်းရှိုက်လိုက်သော်လည်း ထိုအမျိုးသားသည် သူလုပ်ဆောင်နေသည့် အရာအပေါ်၌သာ အာရုံစိုက်နေပြီး ခန့်ညား၍ လူကြီးလူကောင်းဆန်သော အမူအရာကို ထိန်းသိမ်းထားသည်ကို သတိပြုမိလိုက်သည်။
ဉာဏ်များသော အကြည့်တစ်ခုက သူမ၏ မျက်လုံးထဲတွင် လက်ခနဲ ဖြစ်သွားသည်။ ဆော့ကစားချင်သော အရိပ်အယောင်ဖြင့် သူမသည် ပိုတိုးကပ်သွားပြီးနောက် နှုတ်ခမ်းများကို ဟကာ ပန်းရောင်လျှာလေးကို ထုတ်၍ သူ၏နှုတ်ခမ်းနှင့် သွားများဆီသို့ တက်ကြွစွာ ချဉ်းကပ်သွားသည်။
ခဏကြာသောအခါ ရှဲ့ကျန်းသည် အနမ်းကြောင့် မျက်လုံးများ နီရဲနေသော ဇနီးသည်ကို ဖက်ထားရာမှ လျှော့ပေးလိုက်သည်။ သူ၏အကြည့်များ ပိုနက်ရှိုင်းလာပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကိုယ်ကို လာမစနဲ့နော်၊ မင်းဆံပင် ခြောက်အောင် အရင်လုပ်ပါရစေဦး၊ ပြီးမှ မင်းလိုချင်တာ ပေးမယ်"
သူပြောလိုက်ပုံက သူမကို အလွန်အသည်းအသန်ဖြစ်နေသည့်ပုံ ပေါက်သွားစေသည်။ သူမသည် အသက်အရွယ် တစ်ခုရနေပြီ ဖြစ်သော်လည်း အချို့ကိစ္စများတွင် စုရှီ အနေဖြင့် ခင်ပွန်းသည်၏ ရှေ့မှောက်တွင် နတ်မိမယ်ပုံစံကို ထိန်းသိမ်းထားရန် လိုအပ်နေသေးသည်။
သို့သော် အနမ်းကို စတင်ခဲ့သူမှာ သူမဖြစ်သောကြောင့် စုရှီ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပြီး တင်ပါးကို နောက်သို့ အနည်းငယ် ရွှေ့လိုက်သည်။ အမျိုးသား၏ လက်များ မအားမလပ်ဖြစ်နေခြင်းကို အခွင့်ကောင်းယူရုံလိုက်တာလို့ သူမ ပြောရမလား။
သို့သော် သူမ အနည်းငယ် ရွေ့လိုက်သည်နှင့် သူ၏ တောင့်တင်းသော လက်မောင်းကြွက်သားများဖြင့် ပြန်ဆွဲထားခြင်းကို ခံလိုက်ရသည်။ ရှဲ့ကျန်းသည် ရုန်းထွက်ရန် ကြိုးစားနေသော ဇနီးသည်၏ အပြုအမူကို သတိမထားမိသည့်ဟန်ဆောင်ကာ တမင်တကာ အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူလိုက်ပြီး ပြောလိုက်သည်။
"ဆံပင်မခြောက်သေးရင် နာလိမ့်မယ်၊ လိမ္မာပါတယ်၊ မလောပါနဲ့၊ ခဏနေရင် ပြီးတော့မှာပါ"
ထိုစကားကို ကြားလိုက်ရသောအခါ စုရှီသည် ဒေါသတကြီး ခေါင်းလှည့်လာသည်။ စကားတစ်ခွန်းမျှ မဆိုဘဲ ပါးစပ်ဟကာ ထိုအမျိုးသား၏ လက်မောင်းကို ကိုက်ချလိုက်သည်။
ဘယ်သူက လောနေလို့လဲ?
ဘယ်သူက လောနေတာလဲ?
ဟွန်း... အသက်ကြီးပြီး မလေးမစားနဲ့ !
=
နောက်တစ်နေ့ မနက်ခင်း၌။
ရှဲ့ချန်ကို ယန်ကျင့်က သူ၏မိဘများနှင့် တွေ့ဆုံရန် ပြန်ခေါ်သွားလေသည်။
မနေ့က ယန်ကျင့်သည် သူနှင့် ထောင်ထောင်တို့ တွဲနေကြကြောင်း မိဘများကို အသိပေးခဲ့ရာ မိသားစုရှိ လူကြီးများမှာ ကျေနပ်အားရပြီး ဝမ်းသာပီတိ ဖြစ်ခဲ့ကြသည်။
အထူးသဖြင့် သခင်ကြီးယန်သည် ထောင်ထောင်ကဲ့သို့ မိန်းကလေးကောင်း တစ်ယောက်ကို သူ၏မြေးဖြစ်သူက ရရှိအောင် ကြိုးပမ်းနိုင်ခဲ့သဖြင့် ချီးကျူးမဆုံး ဖြစ်နေသည်။
သူ၏ အနာဂတ် မြေးချွေးမလောင်း နောက်တစ်နေ့တွင် လာရောက်လည်ပတ်မည်ဟု ကြားသိရသောအခါ သခင်ကြီးယန်သည် လက်ကို ဝင့်ကြွားစွာ ဝှေ့ယမ်းပြီး အိမ်ရှိလူတိုင်းကို အသိပေးလိုက်သည်။
မြေးချွေးမလောင်း လာရောက်လည်ပတ်မည် ဖြစ်သောကြောင့် တွေ့ဆုံရန်အတွက် သင့်လျော်သော နှုတ်ခွန်းဆက်သမှုနှင့် ပြင်ဆင်မှုများကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သည်။
သမီးဖြစ်သူကို ယန်ကျင့် ခေါ်ထုတ်သွားသည်ကို မြင်လိုက်ရသောအခါ ရှဲ့ မိသားစုမှ အမျိုးသားသုံးဦးဖြစ်သည့် အဖေဖြစ်သူနှင့် မောင်နှစ်ဦးတို့သည် မနှစ်မြို့သောပုံ ပေါက်နေကြသည်။
မနေ့က ရှဲ့ချန်းသည် သူ၏ အနာဂတ် ယောက်ဖလောင်းကို အခက်တွေ့အောင် မလုပ်ရဲခဲ့ပေ။ အကြောင်းမှာ သူသည် ထိုသို့လုပ်နိုင်သော အနေအထားတွင် မရှိသောကြောင့် ဖြစ်သည်။
ယခုအခါ အပြစ်ပေးမှု ပြီးဆုံးသွားပြီး လေးလံသော ကျောက်တုံးကြီး ဖိမထားတော့သဖြင့် သူ၏ ပုံမှန် အနိုင်ကျင့်တတ်သော အကျင့်စရိုက် ပြန်ပေါ်လာသည်။ နွေဦးလေညင်းကဲ့သို့ ပြုံးရွှင်နေသော ယန်ကျင့်ကို ကြည့်ပြီး သူသည် သွားများကို စေ့ကာ ရေရွတ်လိုက်သည်။
"ဒီနေ့မှ ယန်ကျင့်ကို ကြည့်ရတာ ဘာလို့ အမြင်ကပ်စရာ ကောင်းနေပါလိမ့်"
စုယဲ့က နှုတ်ခမ်းကို တွန့်လိုက်ပြီး ပြောလိုက်သည်။ "ထောက်ခံတယ်"
ရှဲ့ကျန်း၏ မျက်နှာသည် မဲမှောင်နေပြီးသား ဖြစ်ရာ သားများ၏ စကားကို ကြားလိုက်ရသောအခါ သူတို့ကို အေးစက်စွာ လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။
"မနေ့က ငါရေးခိုင်းထားတဲ့ စာစီစာကုံးတွေကို မင်းတို့ ရေးပြီးပြီလား"
ညီအစ်ကို နှစ်ယောက်သည် ကျောချမ်းသွားသည်ကို ချက်ချင်း ခံစားလိုက်ရပြီး ဘာမျှ ပြန်မပြောရဲတော့ပေ။ သူတို့သည် စာစီစာကုံးများကို ကူးရေးရန် အခန်းများဆီသို့ အမြန်ပြေးသွားကြသည်။
ဟွန်း၊ ဖေဖေက သိပ်ရက်စက်တာပဲ။ စာလုံးရေ ၈၀၀ ပါတဲ့ စာစီစာကုံးကို ၁၀ ခေါက် ကူးရေးရမယ့်အစား ကစားကွင်းကို အပတ် ၂၀ ပတ်ပြေးရတာကမှ ပိုကောင်းဦးမယ်။
၁၉၈၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းတွင် J မြို့သည် စုရှီ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ပထမဆုံး ရောက်ရှိလာခဲ့စဉ်ကနှင့် အလွန်ကွာခြားနေပြီ ဖြစ်သည်။
နှစ်များတစ်လျှောက် နိုင်ငံသည် လျင်မြန်စွာ တိုးတက်ပြောင်းလဲလာခဲ့သည်။ ၂၁ ရာစု၏ အထွတ်အထိပ် အခြေအနေနှင့် ဝေးကွာနေသေးသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုနှင့် နှိုင်းယှဉ်လျှင် မြို့တော်သည် စည်ကားသိုက်မြိုက်သော မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့ပြီဖြစ်သည်။
သူတို့နှစ်ဦးသည် အတော်စောစော ထွက်လာခဲ့ကြပြီး ၈ နာရီခန့်တွင် J မြို့၏ အစည်ကားဆုံး နေရာသို့ မောင်းနှင်ရောက်ရှိနေပြီ ဖြစ်သည်။
ဤနေရာတွင် မိုးမျှော်တိုက်ကြီးများ မြင့်မားစွာ တည်ရှိနေပြီး နေရာတိုင်းတွင် ဆိုင်ခန်းများ ရှိနေသည်။
ဝမ်ဖူကျင်းစီးပွားရေးလမ်းမကြီး တစ်လျှောက်တွင် ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသော ဆိုင်များ တန်းစီနေပြီး လမ်းမပေါ်တွင် လူများ ပြည့်ကျပ်နေသည်။
ရှဲ့ကျန်းနှင့် ဇနီးသည်တို့သည် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး လက်ချင်းချိတ်လျက် လူအုပ်ကြားထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့သည် မကြာသေးမီကမှ တွေ့ဆုံကြသော ချစ်သူရည်းစားစုံတွဲလေးသဖွယ် လမ်းလျှောက်လိုက် ရပ်လိုက်ဖြင့် စည်ကားသော လူအုပ်ကြီးကြားတွင် လမ်းလျှောက်နေကြသည်။
"အထဲဝင်ပြီး ကြည့်ရအောင်"
ကျောက်စိမ်းအရောင်းဆိုင် တစ်ဆိုင်၏ ဝင်ပေါက်သို့ ရောက်သောအခါ ဇနီးသည်က ရွှေ သို့မဟုတ် ကျောက်မျက်ရတနာများကို အထူးတလည် မနှစ်သက်သော်လည်း ကျောက်စိမ်းကိုမူ နှစ်သက်မြတ်နိုးကြောင်း ရှဲ့ကျန်း သိထားသည်။ သူသည် သူမလက်ကို ညင်သာစွာ ဆွဲလိုက်ပြီး အထဲဝင်ကြည့်ရန် အကြံပြုရင်း ပြောလိုက်သည်။
စုရှီ ခေါင်းညိတ်လိုက်သည်။ တံခါးပေါက်ဝ ရောက်နေမှတော့ ဝင်ကြည့်လိုက်ရုံဖြင့် အကျိုးမယုတ်နိုင်ပေ။
တကယ်တမ်းတွင် ဤမျှနှစ်များကြာပြီးနောက် သူမ၌ လှပသော ပစ္စည်းများ မရှိဘဲ မနေပေ။ ယောက္ခမနှင့် အခြားလူကြီးများ ပေးသော လက်ဆောင်များအပြင် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ခင်ပွန်းသည်ထံမှ တန်ဖိုးကြီးပစ္စည်းများ မရေမတွက်နိုင်အောင် ရရှိထားသည်။
သို့သော်လည်း လှပသော လက်ဝတ်ရတနာများလွန်းသည်ဟု မည်သည့်အမျိုးသမီးက ညည်းညူပါမည်နည်း။
ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်စီးပွားရေးကာလအတွင်း ကျန်းကျွင့်က ကိုယ်ပိုင်အရက်ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ် သူမကို အမြတ်ဝေစု အများအပြား ပေးခဲ့သည်ကို ထည့်ပြောရန်ပင် မလိုပေ။ ငွေကြေးသည် သူတို့ လိုအပ်နေသော အရာ လုံးဝမဟုတ်ပေ။
သူတို့နှစ်ဦးသည် လက်ချင်းချိတ်ကာ ဆိုင်ထဲသို့ ဝင်သွားကြသည်။ အတွင်းဘက်တွင် အသက်လေးဆယ်အရွယ် အမျိုးသားတစ်ဦးသာ ကြိမ်ကုလားထိုင်ပေါ်တွင် မှီထိုင်လျက် စိတ်ပုတီးကုံးကို လက်ဖြင့် ပေါ့ပေါ့ပါးပါး ပွတ်သပ်နေပြီး သူ၏မျက်လုံးများက မည်သူ့ကိုမျှ အာရုံစိုက်ခြင်း မရှိပေ။ ဆိုင်ထဲတွင် အခြားဖောက်သည်များ မရှိကြပေ။
စုရှီနှင့် သူမ၏ ခင်ပွန်းသည်တို့သည် ထိုကဲ့သို့သော ဆိုင်မျိုး အများအပြားကို မြင်ဖူးကြသဖြင့် အံ့သြခြင်း မရှိကြပေ။ သူတို့သည် ဆိုင်အတွင်း တစ်ချက်ဝေ့ကြည့်လိုက်ရာ ပစ္စည်းကောင်း အတော်များများ ရှိသည်ကို တွေ့လိုက်ရသည်။
သို့သော် သူမ၏ မျက်လုံးကို ဖမ်းစားလိုက်သည်မှာ ရိုးရှင်းသော လက်စွပ်တစ်စုံဖြစ်သည်။ လက်စွပ်များ၏ ကုန်ကြမ်းပစ္စည်းမှာ အခြေခံအကျဆုံး ငွေသား ဖြစ်ပုံရသော်လည်း ငွေရောင်မှာ ပို၍ရင့်သော အရောင်သမ်းနေသည်။ နောက်ပိုင်းနှစ်များတွင် ခေတ်စားလာသော တမင်တကာ ရှေးဆန်အောင် ပြုလုပ်ထားသည့် ငွေထည်များနှင့် မတူဘဲ ဤလက်စွပ်များသည် ရှေးဟောင်းငွေထည်ဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေသည်။
ပထမတစ်ချက် ကြည့်လိုက်လျှင် လက်စွပ်များတွင် ထူးခြားချက် သိပ်မရှိသော်လည်း ထင်ရှားပေါ်လွင်စေသည်မှာ ငွေသားများသည် နွယ်ပင်များသဖွယ် လိမ်ယှက်နေပြီး ဖန်သားသဖွယ် ခရမ်းရောင် ကျောက်စိမ်းလက်စွပ်များပေါ်တွင် ရစ်ပတ်ပုံပေါ်ထားခြင်းပင်။ ထိုလက်စွပ်များမှာ လှပပြီး ဆန်းကြယ်သောပုံ ပေါက်လျက်ရှိ၏။
ဇနီးသည်က လက်စွပ်များကို စူးစိုက်ကြည့်နေစဉ် ရှဲ့ကျန်းသည် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး မပြုံးဘဲ မနေနိုင်တော့ပေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာက မဟာတော်လှန်ရေး ကာလအတွင်း သူတို့ စတင်လက်ထပ်ကြစဉ်က လက်စွပ်ဝတ်ရန်ဟူသည် စဉ်းစား၍ပင် မရနိုင်သော ကိစ္စဖြစ်သည်။ သူတို့နှစ်ဦးစလုံး ရှေ့တန်းစစ်မျက်နှာပြင်တွင် ရောက်နေကြသဖြင့် ဒေသအာဏာပိုင်များက ခွင့်ပြုလျှင်ပင် ဖြစ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် နှစ်များတစ်လျှောက်တွင် သူတို့ စတင်လက်ထပ်စဉ်က မင်္ဂလာလက်စွပ် လဲလှယ်ခြင်းမှလွဲ၍ သူမကို ပေးခဲ့သော လက်ဝတ်ရတနာများထဲတွင် နောက်ထပ် လက်စွပ်တစ်ကွင်းမျှ မပေးဖြစ်ခဲ့ပေ။
ယခုအခါ သူနှင့် ဇနီးသည်တို့၏ အလုပ်များသည် နောက်တန်းသို့ အများအားဖြင့် ပြောင်းရွှေ့လာပြီ ဖြစ်သောကြောင့် လက်စွပ်ဝတ်ဆင်ခြင်းသည် မဖြစ်နိုင်တော့သော ကိစ္စတစ်ခု မဟုတ်တော့ပေ။
ထိုအကြံဖြင့် ရှဲ့ကျန်းသည် ကြိမ်ကုလားထိုင်ပေါ်တွင် ငိုက်မျဉ်းနေသော ဆိုင်ရှင်ကို လှမ်းခေါ်လိုက်သည်။
"သူဌေး၊ ဒီလက်စွပ်တွေက ဘယ်လောက်လဲ"
ထန်းရိုးရာဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် ဆိုင်ရှင်သည် အိပ်ပျော်နေရာမှ အနှောင့်အယှက် ခံလိုက်ရသဖြင့် မလိုလားသောပုံ ပေါက်နေသည်။
သူထလာပြီး ကောင်တာဆီသို့ လျှောက်လာကာ ဖောက်သည်များ မေးနေသော လက်စွပ်များကို မြင်သောအခါ ချက်ချင်း ဈေးပြောလိုက်သည်။ "တစ်စုံကို ရှစ်ထောင်၊ ခွဲမရောင်းဘူး"
သူမျှော်လင့်ထားသလိုပင် ထိုစုံတွဲ တွေဝေသွားမည် သို့မဟုတ် ထွက်သွားမည်ကို စောင့်ဆိုင်းရင်း မျက်လုံးကို မှေးထားလိုက်သည်။
သူ၏ ဆက်ဆံပုံ မကောင်းခြင်းတော့ မဟုတ်ပေ။ သို့သော် သူ၏ အဖွင့်ဈေးကို တတ်နိုင်သူ မည်သူမဆိုသည် ပုံမှန်ဖောက်သည် မဟုတ်သည်မှာ ရှားပါးသည်။ သူ့လို ရှေးဟောင်းကျောက်စိမ်းဆိုင်မျိုးတွင် သီးသန့် ဖောက်သည်အုပ်စု ရှိပြီးသားဖြစ်သည်။
ဖောက်သည်အများစုမှာ စပ်စုရုံသာဖြစ်ပြီး ဝယ်ယူရန် အလေးအနက်ထားသူကို တွေ့ရခဲသည်။ သူ၏ဆိုင်ရှိ ရှားပါးရတနာများဆိုလျှင် ပို၍ပင် ဖြစ်သည်။ ရှစ်ထောင်ဟူသည် များပြားသော ဈေးနှုန်းဖြစ်သည်.. လွန်ခဲ့သော ၁၀ နှစ်ကဆိုလျှင် J မြို့၏ ဝေးလံသော နေရာများတွင် ထိုပမာဏဖြင့် ခြံဝင်းပါသော အိမ်တစ်လုံး ဝယ်နိုင်ပြီး ယခုအချိန်တွင်ပင် နှစ်ထပ်တိုက်တစ်လုံး ဝယ်နိုင်သည်။
သို့သော် ယနေ့ အခြေအနေမှာ သူထင်မှတ်ထားသည်ထက် လွန်ကဲနေသည်။
အဘယ်ကြောင့်ဆိုသော် အံ့သြစရာကောင်းလောက်အောင်ပင် ထိုအမျိုးသားသည် ဈေးပင် မဆစ်ဘဲ တဲ့တိုးသာ ပြောလိုက်သောကြောင့် ဖြစ်သည်။ "ထုပ်ပေးလိုက်ပါ"
ဆိုင်ရှင်မှာ ကြောင်အသွားပြီး မေးလိုက်သည်။ "ခင်ဗျား ဝယ်မလို့လား"
ထိုအခါမှသာ ရှဲ့ကျန်း၏ မျက်နှာကို သေချာအာရုံစိုက်ကြည့်မိသည်။ ရှဲ့ကျန်းက ဝယ်ယူရန် တကယ်အလေးအနက် ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။
"ဘုရားရေ၊ ဒါ ဗိုလ်ချုပ်ရှဲ့ မဟုတ်လား၊ ကျုပ်ရဲ့ ဆိုင်အိုလေးကို လာလည်မယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး၊ လူကြီးမင်း ရောက်ရှိလာတာ ကျုပ်ဆိုင်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲဗျာ"
နှစ်များတစ်လျှောက် ရှဲ့ကျန်းသည် J မြို့ ၏ အာဏာပိုင် အသိုင်းအဝိုင်းထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်နှင့်အမျှ သူ့ကို သိရှိသူ ဦးရေ တိုးပွားလာသည်။
အထက်လူကြီးများက သူ၏ အရည်အချင်းနှင့် စရိုက်လက္ခဏာကို အသိအမှတ်ပြုထားကြပြီး အများစုက သူ၏ အနာဂတ် အောင်မြင်မှုများသည် ဖခင်ဖြစ်သူထက် သာလွန်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။
သို့သော် ရှဲ့မိသားစုသည် အလွန် နှိမ့်ချစွာ နေထိုင်ပြီး လူမှုရေးပွဲများ တက်ရောက်ခဲသဖြင့် ဗိုလ်ချုပ် ရှဲ့နှင့် ရင်းနှီးမှု ရယူလိုသူများမှာ ဝင်ပေါက် မတွေ့နိုင်ကြပေ။
သူ၏ ဇနီးသည်ကို အာရုံပြောင်းမည့်သူ မရှိခဲ့သည်တော့ မဟုတ်ပေ။ ရှဲ့ မိသားစုသည် ဤလျှို့ဝှက်ဆန်းကြယ်သော ဇနီးသည်ကို ပြင်းပြင်းထန်ထန် ကာကွယ်ပေးထားသည်။
ဗိုလ်ချုပ် ရှဲ့၏ ဖခင်ရှဲ့ပေါ်နှင့် ဇနီးသည် ထန်စစ်ယွင် တို့သည် ချွေးမဖြစ်သူ အကြောင်း ပြောတိုင်း အပြုံးများ၊ အလွန်ကျေနပ်သော အမူအရာများဖြင့် မပြောခဲ့ကြလျှင် မိသားစုက ချွေးမကို သဘောမတူဟု အများက သံသယ ဝင်ကြလိမ့်မည်။ ထိုသို့ မဟုတ်လျှင် အဘယ်ကြောင့် သူမကို လူရှေ့သူရှေ့ ထွက်ခွင့် မပေးရသနည်း။
သူတို့ အသိုင်းအဝိုင်းထဲမှ လူများမှလွဲ၍ တကယ့်ဇနီးသည်ကို မြင်ဖူးသူ အလွန်ရှားပါးသည်။
ထိုအတွေးဖြင့် သက်လတ်ပိုင်း ဆိုင်ရှင်သည် စုရှီ၏ မျက်နှာကို လှမ်းကြည့်လိုက်ပြီးနောက် စိတ်ထဲတွင် အံ့သြမှင်သက် သွားရသည်။