လက်ဆောင်လာဖွင့်ကြည့်ပါဦး
Vol. 7 Ch. 82
မနက်အစောပိုင်းတွင် ရှန်းမူမူက ပန်းဆိုင်ကို ရောက်ရှိခဲ့ပြီး သူမရဲ့ ပန်းဆိုင်အတွက် ဘရန်းပရိုမိုးရှင်းဆင်းပွဲအတွက် အစီအစဉ်များ ပြင်ဆင်ခဲ့သည်။
သူမရဲ့ အရှေ့မှထိုင်ခုံဆွဲထုတ်သံကို သူမ ကြားလိုက်ရသည်။
ချန်ကျိုးက သူမရဲ့မျက်နှာချင်းဆိုင် ထိုင်ခုံမှာဝင်ထိုင်ပြီး စားပွဲပေါ်၌ စာရွက်များစွာ ခင်းကျင်းကာ သူမဘက်ကို ပြထားသည်။
“ရှန်းကျဲ ဒါတွေကိုကြည့်ပါဦး။” သူက ပြောလိုက်သည်။
စာရွက်ပေါ်တွင် ကုမ္ပဏီနာမည်ပေါင်းများစွာရှိနေသည်။
[နေ့စဉ်ပန်းဘာသာစကား၊ ကြီးပွားတိုးတက်ခြင်းပန်းဆိုင်၊ ပန်းလက်ဆောင်]
ချန်ကျိုးက ပြောလိုက်သည်။ “ဒါတွေက မကြာခင်က အသစ်ထွက်လာတဲ့ ပန်းအရောင်းဆိုင်တွေ၊ ကျွန်တော်တို့မှာ ပြိုင်ဘက်တွေ တိုးလာပြီ။”
ယခုလိုနေ့မျိုးရောက်လာမည်ဟု ရှန်းမူမူ ကြိုတင်သိခဲ့သော်လည်း ယခုလောက် စောမည်ဟု မထင်ခဲ့ပေ။
သူမက အတိတ်ဘဝက အတွေ့အကြုံတွေကို ယူဆောင်ကာ စီးပွားရေးအကွက်ချနိုင်သော်လည်း စီးပွားရေးအခွင့်အလမ်းကိုမြင်သည့် ပြိုင်ဘက်များ ရှိမလာအောင်တော့ သူမ မတားဆီးနိုင်ပေ။
ချန်ကျိုးက စာရွက်ပေါ်ရှိ နာမည်များကို ညွှန်ပြကာ တစ်ခုစီ ရှင်းပြခဲ့သည်။ “အဲထဲမှာမှ ကြီးပွားတိုးတက်ခြင်းပန်းဆိုင်က ရှန်းမြို့မှာ အခြေခိုင်နေတယ်၊ ပန်းလက်ဆောင်ဆိုင်က မြို့ကြီးတွေကိုရှောင်ပြီး မြို့ငယ်တွေမှာ အဓိကထား စီးပွားရေးလုပ်ပြီး နေ့စဉ် ပန်းပို့ဆောင်ရေးကို အလေးထား လုပ်ဆောင်တယ်၊ နှစ်ခုလုံးက ကျွန်တော်တို့နဲ့ လုံးဝ ကွဲပြားတယ်။”
ချန်ကျိုးက စကားခဏရပ်ပြီးမှ စာရွက်ကိုညွှန်ပြကာ အဓိကထားကာ ပြောလေသည်။ “ရှန်းကျဲ ကြည့်ပါဦး၊ နေ့စဉ်ပန်းဘာသာစကားကုမ္ပဏီ တည်ရှိတဲ့မြို့က ကျင်းမြို့တဲ့၊ ဒါက ကျွန်တော်တို့အပေါ် ကြီးမားတဲ့ တက်ရောက်မှုရှိပုံရတယ်၊ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် သိခဲ့ရတာက ကုမ္ပဏီရဲ့တာဝန်ခံက ရှန်းကျဲရဲ့ အိမ်နီးချင်းတဲ့ သူ့မျိုးရိုးနာမည်က လုတဲ့။”
ရှန်းမူမူက အံ့ဩစွာ ကြည့်ခဲ့သည်။
နေ့စဉ်ပန်းဘာသာစကား၏ တာဝန်ခံက သူမရဲ့ ရှီယွီယွဲ့ဗီလာ၏ အိမ်နီးချင်း ဖြစ်ကြောင်းကို အံ့ဩခြင်း မဟုတ်ဘဲ အချိန်တိုအတွင်း ချန်ကျိုးက တစ်ဖက်လူ၏ အကြောင်းများကို စုံစမ်းနိုင်ခဲ့ခြင်းကို အံ့ဩနေခြင်းဖြစ်သည်။
ထိုလူငယ်လေးက အဆက်အသွယ် တချို့ရှိရမည်။
ချန်ကျိုးက ဆက်ပြောခဲ့သည်။ “နေ့စဉ်ပန်းဘာသာစကားကုမ္ပဏီရဲ့ ဝယ်ယူသူတွေကို ချဉ်းကပ်တဲ့နည်းလမ်းက ကျွန်တော်တို့နဲ့ တော်တော်တူတယ်။”
ရှန်းမူမူက အနည်းငယ်မျက်မှောင်ကြုတ်ကာ တွေးတွေးဆဆဖြင့် ခေါင်းငြိမ့်ခဲ့သည်။
ချန်ကျိုးက ပြောလိုက်သည်။ “ရှန်းကျဲ ကျွန်တော်တို့ဆိုင်ရဲ့ ပရိုမိုးရှင်းဆင်းပွဲကို တစ်မူထူးခြားအောင် ပြင်သင့်တယ်။”
ရှန်းမူမူက ခပ်ဖွဖွ ပြုံးခဲ့သည်။ “ပြိုင်ဘက်တွေပေါ်လာမယ်ဆိုတာ ကြိုတွေးမိပြီးထားပါ၊ ကျွန်မတို့က ဘယ်သူ့ရဲ့ လွှမ်းမိုးမှုမှ မပါဘဲ ကိုယ့်အစီအစဉ်အတိုင်း ကိုယ်သွားမယ်။”
ရှန်းမူမူ၏ အေးဆေးတည်ငြိမ်သည့် ယုံကြည်မှုကိုကြည့်ပြီးနောက် ချန်ကျိုးက သူ့ရင်ဘတ်ကို ပုတ်ပြကာ ပြောလိုက်သည်။ “ကျွန်တော် ကူညီနိုင်တာရှိရင် ပြောပါ၊ အားမနာနဲ့။”
ချီမော့နှင့် တွေ့ဆုံပြီးကတည်းက ချန်ကျိုး၏ စိတ်ပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုးကြီးက တော်တော်လေး လျော့ကျသွားခဲ့သည်။
ချီမော့က သူ့ကို မကောင်းသည့် ရည်ရွယ်ချက်ရှိသူဟု အထင်မှားမည်ကို သူစိုးရိမ်စရာ မလိုတော့ပေ။
ရှန်းမူမူက ပြုံးခဲ့သည်။ “ကောင်းပြီ၊ ဒါဆို အားမနာတော့ဘူးနော်။”
တစ်ပတ်ကြာပြီးသည့်နောက်တွင် ရှန်းမူမူနှင့် ချင်ကျားမူက သင့်လျော်သည့် ရုံးခန်းကို ငှားခဲ့သည်။
၆လစာငှားခ၊ စပေါ်တင်ခ၊ ရုံးပြင်ဆင်ခ၊ ဝန်ထမ်းငှားခများ အပြီးတွင် ကုမ္ပဏီ၏ ငွေစာရင်းတွင် ငွေ ၆သန်း ကျန်သည်။
သူတို့နှစ်ဦးက ဂရုတစိုက် ဆွေးနွေးခဲ့သည်။
ငွေ၏ သုံးပုံတစ်ပုံကို ကုန်ကြမ်းဝယ်ယူရန် သူတို့ ဆုံးဖြတ်ခဲ့သည်။
သုံးပုံနှစ်ပုံကိုတော့ ပန်းဆိုင် ပရိုမိုးရှင်းနှင့် ကြော်ငြာဆင်းရန် ပြင်ဆင်ခဲ့သည်။
ရှန်းမူမူက သူမရဲ့ ယခင်အလုပ်က အတွေ့အကြုံတွေကို သူမရဲ့ ယခင်ကမ္ဘာက ဘရန်းကြေငြာဆင်းခြင်း၏ အောင်မြင်သည့် နည်းဗျုဟာတို့ကိုပေါင်းစပ်ကာ “တစ်သက်တွင် ပန်းတစ်စည်း”ဟူသော ပန်းရောင်းခြင်းကို စတင်ခဲ့သည်။
သူတို့က နှင်းဆီတစ်မျိုးတည်းကို ဦးတည်ရောင်းကာ ပန်းတစ်စည်းကို ယွမ် ၅၂၀၀ ကျသင့်မည် ဖြစ်သည်။
ဝယ်ယူသူက သူတို့က ကိုယ်ရေးအချက်အလက်ကို မှီတည်ကာ တစ်သက်တွင် ပန်းတစ်စည်းသာ ဝယ်ယူလို့ရမည်ဖြစ်သည်။
ပန်းပေးသူက ပန်းလက်ခံသူအတွက် အစားထိုးမရသည့် ထူးခြားသည့်လူဖြစ်ကြောင်းကို ကိုယ်စားပြု ဖော်ပြချင်ခြင်း အဓိပ္ပာယ်ရောက်ဖို့ ဖြစ်သည်။
ကြေငြာဆင်းမည့်ပစ္စည်းများကို လျင်မြန်စွာ ထုတ်လုပ်ခဲ့သည်။
ညတွင်းချင်းပင် ကျင်းမြို့၏ လူနေများသည့် အဆောက်အဦးများ၏ ဓာတ်လှေကားထဲရှိ ကြေငြာဘုတ်များတွင် “ယွဲ့ကျီးပန်းဆိုင်”ဟူသော ကြေငြာက လူတွေ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
တစ်ဆက်တည်းမှာပင် အွန်လိုင်းချန်နယ်များတွင်လည်း ကြေငြာဆင်းခဲ့ကြသည်။
ရှန်းမူမူသည် ကုန်ကျစရိတ်ကို မနှမြောဘဲ ယွဲ့ကျီးပန်းဆိုင်၏ နှစ်စဉ်ဝန်ဆောင်မှုတွင် စာရင်းသွင်းထားသည့် ဝယ်ယူသူတိုင်းထံ လက်ဆောင်တစ်ခု ပေးပို့ခဲ့သည်။
အချိန်တစ်ခုယူကာ သူမက ပန်းဆိုင်မှာနေရင်း ကွန်ပျူတာတစ်လုံးဖြင့် ဝယ်ယူသူတစ်ဦးစီ၏ အကြိုက်များကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။
သူမက အသက်၊ လိင်အမျိုးအစား၊ ၁၂လရာသီခွင်၊ အကြိုက်ဆုံးအရောင်၊ ရနံ့များ ရသည့်အချက်များစွာကို စုဆောင်းခဲ့သည်။
ဝယ်ယူသူတစ်ဦးချင်းစီကို ပို့ပေးသည့် ပန်းစည်းများက လူတစ်ဦးချင်းစီ၏ အကြိုက်နှင့် အံဝင်ခွင်ကျဖြစ်နေသည်။
လက်ရေးဖြင့် ရေးသားထားသည့် ကျေးဇူးတင်သည့်စာလည်း ပါရှိသည်။
ထိုသို့သော လက်ဆောင်က ‘’တမူထူးခြားခြင်း”ဟူသော အမည်ဖြင့် လိုက်ဖက်ခဲ့လေသည်။
ထိုလက်ဆောင်က ကျင်းမြို့၏ အထက်တန်းအမျိုးသမီးများကြားသာမက အင်တာနက်ပေါ်ကျော်ကြားသူများကြားမှာပါ ရေပန်းစားလာခဲ့သည်။
သူတို့အများစုက ယွဲ့ကျီးပန်းဆိုင်၏ တစ်သက်တွင် ပန်းတစ်စည်းဟူသော ဓာတ်ပုံများကို ဝေမျှခဲ့သည်။
ကြေငြာဆင်းပြီးသည့်နောက်တွင် ယွဲ့ကျီးပန်းဆိုင်၏ ဝေ့ပေါ်အကောင့်သည် သုံးရက်အတွင်း ဖော်လိုဝါ ၂သိန်း တက်ခဲ့သည်။
“တစ်သက်တွင် ပန်းတစ်စည်း” တရားဝင် မထုတ်ခင်အထိ ရူးလောက်အောင် ဖော်လိုဝါများ တိုးနေခဲ့သည်။
ဝက်ဆိုဒ်သီးသန့်နေရာတွင် ကြိုတင်မှာယူမှုအရေအတွက် ၆၀၀၀ကျော်ရှိပြီဖြစ်ကြောင်း ပြသနေသည်။
ရှန်းမူမူနှင့် ချန်ကျိုးက ရုံးခန်းထဲတွင် ဝက်ဆိုဒ်စာမျက်နှာကို refreshဆွဲရင်း လက်က ချွေးပြန်နေကြသည်။
ဝက်ဆိုဒ်ရှိ ကြိုတင်မှာယူမှုစာရင်းက သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသည့်အခါ စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်ကြတော့ပေ။
သူတို့က ပျော်ရွှင်စွာဖြင့် အချင်းချင်းဖက်ကာ ပျော်ရွှင်မှုဖြင့် မျက်ရည်ကျနေကြသည်။
အလုပ်ရှုပ်မှုတွေကြားမှာပင် ရှန်းမူမူက ချီရှောင်ပိုင်ကို သူမပေးထားသည့် ကတိကို မမေ့ခဲ့ပေ။
ထိုနေ့ ချီရှောင်ပိုင် ကိုယ်ပိုင်စာကြည့်ချိန်အပြီး အိမ်ပြန်လာကာ အိမ်ထဲဝင်သည့်အချိန်မှာပင် ပျော်ရွှင်သည့် အသံကို ကြားလိုက်ရလေသည်။
“ချီကျောင်းသား ဒီလာပြီး လက်ဆောင်လာဖွင့်ကြည့်ပါဦး။”
ချီရှောင်ပိုင်က နေရာတွင် တောင့်ခဲသွားကာ ရှန်းမူမူ သတိမထားမိသေးခင် သူအခန်းထဲ အမြန်ဝင်ပြေးဖို့ ပြင်လိုက်လေသည်။
သို့သော် သူထွက်မပြေးနိုင်ခင်မှာပင် တစ်စုံတစ်ယောက်က သူ့နောက်က ကော်လံကို ဆွဲလိုက်လေသည်။
ရှန်းမူမူက သူ့ကို ကော်လံမှဆွဲကာ ဧည့်ခန်းထဲ ဆွဲခေါ်သွားခဲ့သည်။
သူမက ကော်ဖီစားပွဲပေါ်ရှိ လက်ဆောင်ကိုညွှန်ပြကာ အမိန့်ပေးလိုက်သည်။ “ဖွင့်လိုက်။”
ချီရှောင်ပိုင်က လက်ဆောင်ဘူးကိုကြည့်ကာ သူ့အမူအရာက အလေးအနက် ဖြစ်သွားခဲ့သည်။
ထိုဘူးက ယခင်က လက်ဆောင်ဘူးထက် နှစ်ဆကြီးသည်။
ချီရှောင်ပိုင်ကို အရမ်းအံ့အားသင့်သွားစေသည့်အရာက သူမက သူ့ကို ခဏလေးပင် မလှည့်စားချင်ခြင်း ဖြစ်သည်။
သေတ္တာအပြင်တွင် “သုံးနှစ်စာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၊ ငါးနှစ်စာ မေးခွန်းများ” စသည့် စာရွက်ကပ်ထားသည့် စာရှိနေသည်။
ဘူးတစ်ခုလုံးက မေးခွန်းဟောင်းများပြည့်နေသည်။
မည်သို့ဖြစ်ဖြစ် ပြီးအောင် လုပ်ရမည်ဖြစ်သည်။
ချီရှောင်ပိုင်က ခါးသက်စွာ လှည့်ကြည့်လိုက်သည်။ “ကျွန်တော့် ခံစားချက်ကို ထည့်မတွေးပေးဘူး၊ ဒါတွေကို လက်ဆောင်ထုတ်စက္ကူနဲ့တောင် သေချာမထုတ်ပေးဘူး။”
ရှန်းမူမူက ရယ်ချင်စိတ်ကို ဖိနှိပ်ကာ ချီရှောင်ပိုင်ကို လက်ဆောင် အမြန်ဖွင့်ခိုင်းလိုက်သည်။
“လက်ဆောင်ကို အမြန်ယူသွားပါတော့၊ ဧည့်ခန်းထဲမှာ ရှုပ်တယ်။”
ချီရှောင်ပိုင်က ပိုပြီး မကျေမနပ်ဖြစ်လာကာ ပြန်ချေပလိုက်သည်။ “ဒါလူသားတစ်ယောက် ပြောရမယ့်စကားလား…”
သူက ဆက်လက်ငြီးငြူပြောဆိုပြီး လက်ဆောင်ဘူးကို မ ယူလိုက်သည်။
သူ့အမူအရာက တောင့်ခဲသွားကာ ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်လေသည်။
တစ်ခုခုတော့ မှားနေပြီ။
ဘာလို့ ဒီဘူးက ဒီလောက်ပေါ့နေတာလဲ။
ချီရှောင်ပိုင်က လက်ဆောင်ဘူးကို ခါကြည့်လိုက်ရာ ရင်းနှီးသည့် အသံကြားလိုက်ရသဖြင့် အံ့ဩသွားလေသည်။
“မဟုတ်မှလွဲရော။”
ရှန်းမူမူက ပြုံးကာ နူးညံ့စွာ ပြောခဲ့သည်။ “ဖွင့်ကြည့်ရင် သိမှာပေါ့။”
***