← Chapters

Lက ဘယ်သူလဲ

Vol. 7 Ch. 84

Lက ဘယ်သူလဲ

Vol. 7 Ch. 84

ချီမော့က နောက်ဆုံးတော့ ဖုန်းပြောလို့ ပြီးသွားခဲ့သည်။ သူက အခန်းထဲ မျက်လုံးဝေ့ကြည့်ခဲ့သော်လည်း ရှန်းမူမူကို ရှာမတွေ့ခဲ့ပေ။

ထို့နောက် အိပ်ခန်းတံခါးခေါက်သံကို ကြားလိုက်လေသည်။

တံခါးဖွင့်လိုက်တော့ အိမ်တော်ထိန်းကျန်းက တံခါးအပြင်တွင် ရပ်နေသည်ကို တွေ့လိုက်လေသည်။

သူက လင်ဗန်းတစ်ချပ်ကိုကိုင်ကာ အနည်းငယ်ရယ်သံရောသောလေသံဖြင့် ပြောလိုက်သည်။

“ဆရာ သောက်ဖို့ မဒမ်ပေးခဲ့တာ၊ ဆရာ ဖုန်းအကြာကြီးပြောပြီးရင် လည်ချောင်း အစိုဓာတ်ရအောင် သောက်လိုက်ဦးလို့ မှာခဲ့ပါတယ်။”

ပန်းကန်ထဲတွင် ပျားသစ်တော်သီးစိတ် ပူပူလေးရှိနေသည်။

ချက်ချင်းပင် ချီမော့၏ မည်းနက်သည့် မျက်ဝန်းက နူးညံ့သွားခဲ့သည်။

သူက နူးညံ့တိုးလျသည့် အသံဖြင့်မေးခဲ့သည်။ “မဒမ်က ဘယ်မှာလဲ။”

“မဒမ်က ကားနဲ့ထွက်သွားပါတယ်။” အိမ်တော်ထိန်းကျန်းက ပြန်လည်တွေးတောပြီးနောက် ပြောလိုက်သည်။ “မဒမ် ထွက်သွားတုန်းက ဖုန်းပြောနေတာ၊ ကြည့်ရတာ အလုပ်ကိစ္စ ဆွေးနွေးဖို့သွားသလိုပဲ။”

ချီမော့က ခဏလောက် တွေးတောပြီးနောက် နားလည်သဘောပေါက်သွားခဲ့သည်။

သူမ၏ စိတ်လိုက်မာန်ပါလုပ်တတ်သည့် အကျင့်စရိုက်ဖြင့်ဆိုပါက သူမရဲ့ အကြံကို တစ်စုံတစ်ယောက်ဖြင့် ချက်ချင်း ဆွေးနွေးချင်သည့် အကျင့်ရှိသည်။

ချီမော့က အနည်းငယ် ချောင်းဟန့်ပြီးနောက် စွပ်ပြုတ်ပန်းကန်ကို အခန်းထဲ ယူဝင်သွားခဲ့သည်။

ပန်းကန်အပြင်ပိုင်း၏ အပူငွေ့လေးက သူ့လက်ဖဝါးကို နွေးထွေးသွားစေခဲ့သည်။

ချီမော့က မျက်လွှာချထားပြီး သူ၏ မျက်တောင်များက သူ့မျက်လုံးထဲကနူးညံ့သည့် အလင်းရောင်ကို ဖုံးကွယ်ထားသည်။

သူက ချိုမြိန်သည့် အရည်ကို တစ်ဇွန်း ခပ်သောက်ခဲ့သည်။

အနွေးဓာတ်လေးက သူ၏ နှလုံးသားထဲထိ ဖြတ်သန်းစီးဆင်းသွားခဲ့သည်။

ချိုမြိန်မှုများက ဆန်တက်လာခဲ့သည်။

'တစ်သက်တာအတွက် ပန်းတစ်စည်း' ဘရန်းကို တရားဝင် ထုတ်ခဲ့လေသည်။

Group chatထဲက အမျိုးသမီးများက သတင်းတစ်ခုမှ မလွတ်ဘဲ ဆွေးနွေးနေကြလေသည်။

[Groupထဲမှာ ပထမဆုံး စီးပွားရေးအောင်မြင်ခဲ့တဲ့ အမျိုးသမီးအဖြစ် မဒမ်ချီကို ဂုဏ်ပြုပါတယ်]

[အဆောက်အဦး၁၂ကလည်း ဂုဏ်ပြုပေးပါတယ် 🌹 👏]

[ဟားဟား အဆောက်အဦး၅ ကလည်း ဂုဏ်ပြုပေးပါတယ်]

[မဒမ်ချီကို အရင်က ပန်းဆိုင်နဲ့ အချိန်ဖြုန်းဟန်ပြ လုပ်နေတဲ့လူလို့ အထင်မှားခဲ့မိတာကို ဝန်ခံပါတယ်၊ လအနည်းငယ်အတွင်း ဘရန်းတစ်ခုကို တည်ထောင်ပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်မယ်လို့ မထင်မိခဲ့ဘူး👍👍👍]

[ဒီနေ့ အလှအပရေးရာကုထုံး သွားလုပ်နေတုန်း ဘေးက လူတွေက ယွဲ့ကျီးပန်းဆိုင်အကြောင်း ပြောသံကြားတာနဲ့ ယွဲ့ကျီးပန်းဆိုင်ပိုင်ရှင်က ကျွန်မတို့ ဗီလာကလူဖြစ်ကြောင်း ဂုဏ်ယူစွာ ပြန်ပြောခဲ့သေးတယ်🤭]

[ကျွန်မယောက်ျားရဲ့ ကိုယ်ရေးအချက်အလက်ကိုသုံးပြီး တစ်သက်တာအတွက် ပန်းတစ်စည်းကို ဝယ်ခိုင်းခဲ့တယ် အဟီး🤭]

[မဒမ်ချီရဲ့ စီးပွားရေး အောင်မြင်သွားတာတွေ့တော့ ကျွန်မလည်း ကိုယ်ပိုင်စီးပွားရေးလည်း စတင်ဖို့ အကြံရတယ်]

[ကျွန်မလည်းအတူတူပဲ၊ မကြာခင် မုန့်ဆိုင်ဖွင့်မလို့ တွေးနေတာ၊ အတူတူလုပ်ချင်လား]

Groupထဲက စကားဝိုင်းက တက်ကြွနေကြသည်။

ရုတ်တရက်ပင် ဖုန်းမျက်နှာပြင်တွင် forwardလုပ်လာသည့် စာတစ်စောင်က ဖုန်းမျက်နှာပြင်တွင်ပေါ်လာခဲ့သည်။

[ယခုအသစ်ထွက်မည့် ပန်းဆိုင်က ပန်းများက နှင်းဆီများအစား မျိုးစပ်ပျိုနီပန်းများ သုံးထားသည်ဟု သံသယရှိရသည်] ဟူသော ခေါင်းစဉ်နှင့် ဖြစ်သည်။

သတင်းထဲတွင် ကုမ္ပဏီနာမည် ဖော်ပြထားခြင်း မရှိသော်လည်း သာတစ်ကြောင်းချင်းစီက ယွဲ့ကျီးပန်းဆိုင်ကို ရည်ညွှန်းထားလေသည်။

တက်ကြွနေသည့် group chatကြီးက ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

ရှန်းမူမူက ကောမန့်များကိုကြည့်ကာ မျက်မှောင်ကြုတ်နေသည်။

ယွဲ့ကျီးပန်းဆိုင်ကို ရှုံ့ချထားသည့် ကောမန့်များက လိုက်အများဆုံးဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေသည်။

[အရည်အချင်းမရှိတဲ့ဘရန်း၊ ခန့်မှန်းစရာတောင်မလိုဘူး၊ မကြာခင်က ကြေငြာဆင်းခဲ့တဲ့ တစ်သက်တာအတွက် ပန်းတစ်စည်း ဆိုတာပဲနေမှာပေါ့]

[အဟက် နှင်းဆီအစုတ်အပြတ်တွေကို ယွမ်၅၀၀၀နဲ့ ရောင်းတာလား၊ အစကတော့ အထင်ကြီးမိသေးတယ်၊ နှင်းဆီအစား ပျိုနီပန်းတွေ သုံးမယ်လို့မထင်မိခဲ့ဘူး၊ ဝယ်ယူ‌သူတွေကို အရူးလို့ထင်နေတာလား]

[လူ့ကျင့်ဝတ်နဲ့မညီတဲ့ ကုမ္ပဏီ၊ လူ့ကျင့်ဝတ်နဲ့မညီတဲ့သူဌေး]

[ဒီလိုဆိုင်ကို အားမပေးနဲ့၊ မိတ်ဆွေတို့ရဲ့ သူငယ်ချင်းတွေကိုပါပြောပြပြီး အားမပေးကြပါနဲ့]

ရှန်းမူမူက လက်ချောင်းများ ကွေးထားကာ မျက်မှောင်ကြုတ်ထားသည်။

မျှော်လင့်ထားသည့်အတိုင်း တိုက်ခိုက်မှုများက ရောက်လာဆဲဖြစ်သည်။

အကျိုးအမြတ်ရှိလျှင် ယှဉ်ပြိုင်သူများရှိကာ၊ ယှဉ်ပြိုင်သူများရှိပါက တိုက်ခိုက်မှု ပေါင်းစုံရှိမည်ဖြစ်သည်။

သူမက ဖြစ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို တွေးပြီးထားဖြစ်သော်လည်း ယခုလောက် စောစီးစွာ ဖြစ်မည်ဟု မထင်ထားခဲ့ပေ။

သူမက ‌ဖြေရှင်းနည်းများစွာကို စဉ်းစားနေချိန်မှာပင် ဖုန်းသံကို ကြားလိုက်ရသည်။

သူမ ဖုန်းကိုင်လိုက်သည့်အခါ စုထင်းရန်၏ စိတ်လှုပ်ရှားနေသည့် အသံကို ကြားလိုက်ရလေသည်။

“မူမူ စာမတွေ့ဘူးလား။”

ရှန်းမူမူ၏ အသံက တည်ငြိမ်နေသည်။ “အခုပဲတွေ့ပြီးပြီ။”

စုထင်းရန်က ပြောလိုက်သည်။ “ဘယ်လိုလုပ်Lဆိုတဲ့လူ ဖြစ်နေတာလဲ၊ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း သူပဲလေ။”

ရှန်းမူမူက အစောပိုင်းက သတိမထားမိခဲ့ပေ။

စုထင်းရန် သတိပေးမှ group chat ထဲတွင် ယခင်တစ်ခေါက်က ရှန်းလဲ့က သူမ အစ်ကိုဖြစ်ကြောင်း ဖော်ထုတ်ခဲ့သူဖြစ်ကြောင်း သိခဲ့လေသည်။

စုထင်းရန်က ပြောခဲ့သည်။ “မဒမ်စွင်းနဲ့ မဒမ်ချန်တို့ အဲလူကို သိမလားလို့ မေးခဲ့ပေမယ့် ဘယ်သူမှ မသိကြဘူးတဲ့။”

ထိုLဆိုသူက နာမည်ပြောင် သုံးထားခြင်းမရှိသလို group chat ထဲတွင်လည်း သူများအကြောင်း စကားဝင်ပြောခြင်းက ရှားပါးသည်။

တစ်ညတစ်လေသာ ပေါ်လာတတ်သည်။

စုထင်းရန်က စိုးရိမ်စွာ ပြောလိုက်သည်။ “သူပေါ်လာတိုင်း နင့်ကိုပဲ ပြစ်မှတ်ထားနေတာ မူမူရေ၊ ငါသူ့ကို သူငယ်ချင်းအပ်ပြီး သူဘာလိုချင်တာလဲဆိုတာ မေးလိုက်ရမလား။”

ရှန်းမူမူက ဖုန်းကို တင်းကြပ်စွာကိုင်ထားပြီး သူမရဲ့အသံက တည်ငြိမ်နေသည်။ “မလိုဘူး ထင်းရန်၊ သူက ငါ့ကိုပြစ်မှတ်ထားပြီး groupထဲပို့ရဲမှတော့ ‌‌ဖြေရမယ့်ဟာတွေကိုလည်း ကြိုပြင်ထားမှာပဲ၊ တကယ်လို့ သူ့ကိုတိုက်ရိုက်မေးရင်တောင် သူဘာမှဖြေမှာမဟုတ်ဘူး၊ ငါတို့သတိထားမိတာကို သူသိသွားတာပဲရှိမှာ။”

ရှန်းမူမူ၏စကားက မှန်သော်လည်း စုထင်းရန်က စိုးရိမ်စွာ မေးလိုက်သည်။ “မူမူ မကြာခင်က နင့်ဘေးမှာ Lပါတဲ့လူတွေများ ပေါ်လာဖူးလား။”

စုထင်းရန်က လျှို့ဝှက်ဆန်းကြယ်သည့်ရှိုးပွဲများစွာကို ကြည့်ပြီးသည့်နောက်တွင်တော့ သူမက လူတွေ၏ အွန်လိုင်းနာမည်ကိုကြည့်ကာ အကျင့်စရိုက်များကို ခွဲခြမ်းလေ့လာမှု လုပ်တတ်လာခဲ့သည်။

ရှန်းမူမူက တီးတိုးပြောလိုက်သည်။ “L”

သူမ သိသည့်လူတွေထဲတွင် Lပါသူ ၃ဦး ရှိသည်။

လျိုကျန်းကျန်း၊ ရှန်းလဲ့နှင့် ချောင်လီတို့ဖြစ်သည်။

ရှန်းလဲ့က အချုပ်ထဲတွင်သာ ရှိသေးသဖြင့် ထိုလူ မဖြစ်နိုင်ပေ။

လျိုကျန်းကျန်းက အထက်တန်းကျောင်းသားဖြစ်သည်။

သူတို့က ပြဿနာရှိခဲ့ဖူးသော်လည်း ထိုက်တိုက်တွေ့ကာ ရှင်းပြီးပြီဖြစ်သည်။ လျိုကျန်းကျန်းက သူမကိုရှောင်နေကာ တမင်ပြဿနာရှာမည် မဟုတ်ပေ။

ထပ်ပေါင်းပြောရလျှင် အတိမ်းအစောင်းခံမည် မဟုတ်ပေ။

ရှန်းလဲ့နှင့် လျိုကျန်းကျန်းက ရှီယွီယွဲ့ဗီလာက အမျိုးသမီး group chatထဲ ပေါ်လာစရာ အကြောင်း မရှိပေ။

ထို့ကြောင့် နောက်ဆုံးအနေဖြင့် group chatထဲပေါ်လာနိုင်သည့် အမည်တွင် Lပါဝင်သူက ချောင်လီ ဖြစ်သည်။

ရှန်းမူမူ၏ စိတ်ထဲတွင် ချောင်လီ၏ မျက်နှာပေါ်လာခဲ့သည်။

မကြာသေးမီက ဖုန်းယောင်ချင်က သူတို့ထံ မကြာခဏလာကာ အတူတူ စားသောက်တတ်သည်။

သူမက ချောင်လီကိုလည်း မကြာခဏ အတူခေါ်လာတတ်သည်။

အကြိမ်များစွာ ပြောဆိုဆက်ဆံပြီးသည့်နောက်တွင်တော့ ချောင်လီက ထူးချွန်သည့် အမျိုးသမီးဖြစ်သဖြင့် ရှန်းမူမူက သူမအပေါ် ကောင်းမွန်သည့် အမြင်ရှိသည်။

သူမက ထုံးစံအတိုင်း တိတ်တဆိတ်ရှိသော်လည်း သူမက အလွန်ဉာဏ်ကောင်းတာကိုတော့ သေချာပေါက် ပြောနိုင်သည်။

ချောင်လီက ယွဲ့ကျီးပန်းဆိုင်ကို နာမည်ဖျက်ဖို့ မကောင်းသည့် ရည်ရွယ်ချက်ရှိသူ Lဖြစ်မည်ဟု ရှန်းမူမူ မထင်ပေ။

ရှန်းမူမူက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ကျွန်မ သိတဲ့လူတွေထဲမှာတော့ အဲဒီLနဲ့ ဆက်စပ်တဲ့လူ မရှိဘူး၊ Lဆိုတာ နာမည်ကို ကိုယ်စားပြုတာ မဟုတ်ဘဲ တခြားအဓိပ္ပာယ်တစ်ခုခုကို ရည်ညွှန်းတာ ဖြစ်နိုင်တယ်။”

စုထင်းရန်နှင့် ဖုန်းခဏလောက်ပြောပြီးသည့်နောက်တွင် ရှန်းမူမူက ဖုန်းချလိုက်သည်။

ယခုတော့ Lဆိုသူကို အပူတပြင်း မရှာဖို့ သူမ ဆုံးဖြတ်လိုက်သည်။

အကယ်၍ Lဆိုသူက သူမရှေ့မှာ ယခု ရပ်နေလျှင်တောင် သက်သေမရှိသဖြင့် စွပ်စွဲလို့ မရပေ။

Group chatထဲ သတင်းပို့ရုံနှင့် သူမ မကောင်းကြောင်းပြောရုံဖြင့် လူတစ်ယောက်ကို သူမ ရန်တွေ့မည် မဟုတ်‌ပေ။

လက်ရှိတွင် Lဆိုသူကို ရှာခြင်းထက် ယွဲ့ကျီးပန်းဆိုင်၏ ပြဿနာကို ရှင်းရဖို့က အဓိကဖြစ်သည်။

တစ်ဖက်ရှိ ချီအုပ်စု၏ CEOရုံးခန်းတွင် ဖြစ်သည်။

“ဥက္ကဌချီ။”

လက်ထောက်က တံခါးကိုခေါက်ပြီး ရုံးခန်းထဲဝင်လာကာ ဖုန်းကမ်းပေးလိုက်သည်။ သူ့လေသံက အလွန်အလျင်လိုနေသည်။ “မဒမ်ရဲ့ ကုမ္ပဏီနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ မကောင်းတဲ့သတင်းတွေ ပျံ့နှံ့နေပါတယ်။”

***

All Chapters