အစ်မရှန်းမှ သူဌေးရှန်း အဖြစ်သို့
Vol. 7 Ch. 85
ချက်ချင်းပင် အွန်လိုင်းပေါ်တွင် မကောင်းသည့် သတင်းများပြန့်နေသည်။
သတင်းက ပို၍ အာရုံစူးစိုက်ခံရလေလေ ယှဉ်ပြိုင်သည့် ဘရန်းများ ပေါ်လာခဲ့လေသည်။
တချို့က အခြေအနေကို အခွင့်ကောင်းယူကြကာ တချို့က မီးလောင်ရာလေပင့်နေကြသည်။
“ပန်းလက်ဆောင်”နှင့် “ပန်းများပေါသည့်လမ်းကလေး” ဘရန်းတို့က သူတို့ ပစ္စည်းက အရည်အသွေး မနိမ့်ပါးကြောင်း အာမခံကြောင်း သူတို့၏webpageတွင် တင်ထားကြသည်။
“နေ့စဉ်ပန်းစကား” ဘရန်းက liveလွှင့်တာ နှင်းဆီအတု၊ အစစ်ခွဲနည်းကို အွန်လိုင်းအသုံးပြုသူများအား သင်ပြပေးနေသည်။
Liveလွှင့်သည့် အခန်း၏ နောက်တွင် ‘ကျင်းမြို့ပထမဦးဆုံး ပန်းအစစ်ဆိုင်'ဟူသော စာတန်းချိတ်ထားသည်။ ထိုဆိုလိုရင်းက သရော်လှောင်ပြောင်နေသည်ဖြစ်ကြောင်း သိသာသည်။
ရှန်းမူမူက ကုမ္ပဏီကို ကားမောင်းသွားခဲ့သည်။ သူမ ရုံးခန်းအဆောက်အဦးထဲ မဝင်ခင်ကပင် အထဲမှ ဆူညံသံများကို ကြားခဲ့ရသည်။
ဖုန်းမြည်သံများ၊ ကီးဘုတ်စာရိုက်သံများ၊ customer service ဝန်ထမ်းများ၏ ဖုန်းဖြေသံတို့ ဆူညံနေသည်။
သူမ ဝင်သွားသည့်အချိန်မှာပင် သူမ ထင်ထားသလို တိတ်ဆိတ်သွားခြင်း မရှိပေ။
လူတိုင်းက စိုးရိမ်သည့် အမူအရာရှိနေသော်လည်း သွေးရူးသွေးတန်းဖြင့် အလျင်လိုနေပုံတော့ မရှိပေ။
ရှန်းမူမူ ရုံးကို မရောက်ခင်ကပင် ချန်ကျိုးက ဝယ်ယူသူများကို ခယခြင်း၊ အထက်စီးဆန်စွာ ဆက်ဆံခြင်းများ မပြုပဲ ယဉ်ကျေးစွာဖြင့် ပြန်လည်ဖြေကြားပေးဖို့ ဝန်ထမ်းများကို ညွှန်ကြားခဲ့သည်။
သူဌေးဖြစ်သူ ရှန်းမူမူကိုမြင်တော့ သူတို့က အတော်လေး စိတ်အေးသွားကြသည်။
ပြဿနာကို ဖြေရှင်းပေးရန် သူတို့က ရှန်းမူမူကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ရှန်းမူမူက အလယ်တွင်ရပ်ကာ အပိုစကားမပြောဘဲ လိုရင်းကိုသာ ပြောလိုက်သည်။ “၁၀မိနစ်အတွင်း အစည်းအဝေးခန်းမမှာ အစည်းအဝေးစမယ်။”
သူမက စကားပြောပြီးသည်နှင့် သူမရဲ့ ရုံးခန်းဘက် ဦးတည်ခဲ့သည်။
သူမက ပြန်လှည့်ကြည့်ပြီး ချန်ကျိုးကို မေးပင့်ပြခဲ့သည်။ “ရုံးခန်းထဲလိုက်ခဲ့၊ ကျားမူက ခဏနေရင်ရောက်မှာ၊ ငါတို့သုံးယောက် အရင်ဆုံး အစည်းအဝေး ထိုင်ကြတာပေါ့။”
ချန်ကျိုးက ခဏလောက် တောင့်ခဲသွားခဲ့သည်။
နိုင်ငံခြားတွင် ပညာသင်ယူစဉ်က ချန်ကျိုးက နာမည်ကျော်ကြားသည့် ကုမ္ပဏီများတွင် စီမံခန့်ခွဲရေးပိုင်း အလုပ်သင်ဆင်းဖူးခဲ့သည်။
ယခု သူ့ရှေ့ရှိ ရှန်းမူမူ၏ ပုံရိပ်က သူ ယခင်က တွေ့ဖူးသည့် အတူတူ အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် ခေါင်းဆောင်နှင့် တူနေသည်။
ပြတ်သားခြင်း၊ တည်ငြိမ်ခြင်းနှင့် စည်းစနစ်ကျခြင်းတို့ ရှိနေသည်။
ရုံးခန်းထဲ ဦးတည်သွားသည့် သူမ၏ အာဏာပြည့်ဝသည့် နောက်ကျောကိုကြည့်ပြီးနောက် ချန်ကျိုးက ခြေလှမ်းများကို သွက်လိုက်သည်။
သူ့ကိုယ်သူ မသိလိုက်ခင်မှာပဲ သူက အခေါ်အဝေါ် ပြောင်းခေါ်ခဲ့မိသည်။ “ဟုတ်ကဲ့ သူဌေးရှန်း။”
သိပ်မကြာခင်တွင် ချင်ကျားမူက ကုမ္ပဏီကို ရောက်လာခဲ့သည်။
ရှန်းမူမူက ရေစက်မှ ရေတစ်ခွက်ကို ခပ်ပြီး သူမ၏ ဖြူဖွေးသွယ်လျသည့် လက်ချောင်းများဖြင့် ခွက်ကိုကိုင်ထားကာ နံရံကို လျော့ရဲစွာ မှီထားသည်။
သူမက နာရီကိုလှမ်းကြည့်ပြီးနောက် ပြောလိုက်သည်။ “ကျွန်မတို့မှာ အချိန်၈မိနစ် ကျန်သေးတယ်၊ ချန်ကျိုး လက်ရှိအခြေအနေကို အကျဉ်းချုပ် ပြောပြပါဦး။”
ချန်ကျိုးက အချိန်၏ အလျင်လိုနေပုံကို ခံစားမိခဲ့သည်။ သူက မျက်မှောင်ကြုတ်ပြီး ခေါင်းငြိမ့်ပြကာ တိုတိုနှင့် အလက်အချက်ပြည့်စုံစွာ တင်ပြလိုက်သည်။
“အခုတော့ အွန်လိုင်းသုံးစွဲသူတွေက ကျွန်တော်တို့အပေါ် ကောင်းမွန်တဲ့အမြင် မရှိပါဘူး၊ မဟုတ်မမှန် သတင်းတွေက တက်ျနတုန်းပါပဲ၊ သတင်းမီဒီယာတွေက အခုထွက်နေတဲ့သတင်းတွေက မှန် မမှန် အင်တာဗျူးလုပ်ဖို့ ဆက်သွယ်နေပါတယ်။”
လက်ရှိ အခြေအနေများကိုတင်ပြပြီး ချန်ကျိုးက ပို၍မျက်မှောင်ကြုတ်လိုက်သည်။ “သူဌေးရှန်းနဲ့ အစ်မကျားမူ သတင်းတွေထွက်နေတဲ့အတိုင်း ကျွန်တော်တို့ဘက်က နှင်းဆီ အစားထိုး မသုံးဘူးလို့ ကြေငြာလိုက်လို့မရဘူးလား၊ မဟုတ်မမှန်သတင်းတွေ ဖြန့်ချိနေတဲ့လူတွေကို ရှေ့နေလွှတ်ပြီး အသရေဖျက်မှုနဲ့ တရားစွဲလိုက်ပါ့လား၊ ဒါက ပိုပြီး ထိရောက်တဲ့ နည်းလမ်း ဖြစ်မှာပါ။”
“နင့်အတွေးတွေက ရိုးရှင်းလွန်းတယ်။” ချင်ကျားမူက ပြောလိုက်သည်။ “သက်သေပြတာက ဆိုးရွားတဲ့ ချည်းကပ်နည်းပဲ၊ အခု လူတွေက သတင်းက အမှန်လား အမှားလား ဆိုတာတောင် မလေ့လာကြတော့ဘူး၊ လူတွေက ပရိသတ်ပိုများတဲ့ဘက်မှာပဲ ရပ်တည်ကြတာ။”
ရှန်းမူမူက သဘောတူစွာ ခေါင်းငြိမ့်ပြလိုက်သည်။ “ကျားမူပြောတာ မှန်တယ်၊ ငါတို့က ငါတို့မှန်တယ်ဆိုပြီး ခုခံလိုက်ရင် ပြုသမျှနုရတဲ့ဘဝရောက်သွားမှာ၊ ငါတို့ဘက်က မှန်ရင်တောင် တိုက်ခိုက်မှုပေါင်းစုံကို ခံရမှာပဲ၊ ငါတို့ဘရန်းပုံရိပ်က ထိခိုက်မှုရှိမှာပဲ။”
ချင်ကျားမူက ပြောလိုက်သည်။ “ကျွန်မ အမြင်ကို အမြန်ဆွေးနွေးရအောင်…”
ကြေငြာဆင်းခြင်းလုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ်လာသဖြင့် ချင်ကျားမူက ပြဿနာများစွာကို ဖြေရှင်းဖူးသည်။
သူမသည် လူထု၏သဘောထားကို လမ်းကြောင်းပြောင်းရန်နှင့် အခြေအနေပိုမိုဆိုးရွားလာစေခြင်းမှ ကာကွယ်ရန် နည်းလမ်းများစွာကို အမြန်အဆိုပြုခဲ့သည်။
ရှန်းမူမူက နှုတ်ခမ်းကို စေ့ထားသည်။ ချင်ကျားမူ ပြောတာကို နားထောင်ရင်း သူမက မေးစေ့ကို လက်ချောင်းဖြင့် အမှတ်တမဲ့ ပုတ်နေသည်။
ထိုအရာက တစ်ခုခုကို တွေးတောနေလျှင် လုပ်တတ်သည့် သူမရဲ့ အကျင့်တစ်ခု ဖြစ်သည်။
သူမက တည်ငြိမ်လာပြီး သူမ၏ မျက်လုံးများ တောက်ပလာကာ ပြောလိုက်သည်။ "ကျွန်မတို့က သတင်းဆိုးကို ဆက်ပြီး အရှိန်အဟုန်နဲ့ ကောင်းကောင်း အသုံးချကြရင် ဘယ်လိုလဲ။”
သူမနှင့် ချင်ကျားမူက အကြည့်ချင်း ဖလှယ်လိုက်သည်။ ချင်ကျားမူက ရှန်းမူမူ၏ ရည်ရွယ်ချက်ကို လျင်မြန်စွာ နားလည်ခဲ့သည်။ အနည်းငယ် မလွယ်ကူသော်လည်း သူမက ရှန်းမူမူကို ယုံကြည်ဖို့ ရွေးရွယ်လိုက်ကာ ခိုင်မာစွာ ခေါင်းငြိမ့်ပြလိုက်သည်။
တစ်ဖက်ရှိ အငယ်ဆုံး၊ အတွေ့အကြုံအနည်းဆုံး ချန်ကျိုးက နလပိန်းတုံးလေး ဖြစ်နေလေသည်။
မိနစ်များစွာ ကြာပြီးသည့်နောက်တွင် သူတို့သုံးဦးက အစည်းအဝေးခန်းမကြီးသို့ ဝင်သွားခဲ့သည်။
ကုမ္ပဏီက ဝန်ထမ်း အယောက် သုံးဆယ်က စိုးရိမ်ပူပန်သည့် အမူအရာတို့ဖြင့် ရှိနေကြသည်။
ရှန်းမူမူက အစည်းအဝေးကို ဦးဆောင်ခဲ့သည်။
လူတိုင်း၏ အကြည့်အောက်တွင် သူမက စားပွဲခုံ၏ အလယ်တွင် ရပ်ခဲ့သည်။
သူမရဲ့ လက်ချောင်းတွေက စားပွဲပေါ်တင်ထားပြီး ကိုယ်ကို အရှေ့သို့ အနည်းငယ် ကိုင်းထားသည်။
သူမက တစ်ခန်းလုံးကို ဝေ့ကြည့်ပြီး တည်ငြိမ်သည့်အသံဖြင့် ပြောခဲ့သည်။
“ဒီလိုခက်ခဲတဲ့ အချိန်မှာတောင် တာဝန်ကျေစွာ လုပ်ပေးကြလို့ ကျေးဇူးတင်ပါတယ်၊ ပထမဆုံးအနေနဲ့ ယွဲ့ကျီးပန်းဆိုင်က မှန်ကန်ကြောင်းကို ယုံကြည်ပေးပါ၊ မဟုတ်မမှန် သတင်းတွေကိုလည်း မကြောက်ပါဘူး။”
ထိုအားအင်ပြည့်ဝသည့် စကားက လူတိုင်း၏ ရင်ကို ငြိမ်းအေးသွားစေခဲ့သည်။
ရှန်းမူမူက မျက်လုံးကို မှေးကျဉ်းလိုက်ပြီး သူမ၏ လေသံက အစောပိုင်းကနှင့် မတူတော့ပေ။
သူမ၏ လေသံက အေးစက်ကာ ခိုင်မာနေသည်။
“နောက်တစ်ခုကတော့ ကျွန်မတို့က အခုအခြေအနေကို ဖမ်းဆုပ်ပြီး ဘရန်းပရိုမိုးရှင်း ပိုဆင်းမှာပါ။”
သူမ စကားဆုံးသည်နှင့် အစည်းအဝေးခန်းထဲတွင် အံ့ဩသည့်အသံများ တီးတိုးထွက်လာခဲ့သည်။
တချို့က အချင်းချင်း တီးတိုးပြောနေပြီး တချို့က မယုံကြည်နိုင်စွာ ကြည့်နေသည်။
သူဌေးပြောတဲ့ အခွင့်အရေးကိုဖမ်းဆုပ်မယ်ဆိုတဲ့စကားက သူတို့နားကြားမှားလိုက်တာလား။
ယခုအခြေအနေကို ကျော်ဖြတ်နိုင်မည်လားဆိုတာ မသေချာသေးခင်မှာပင် သူမက ဘရန်းပရိုမိုးရှင်းဆင်းဖို့ ပြင်နေသည်။
ဝန်ထမ်းအများစုက အထင်သေးသည့်ဟန်များ ပြသလာခဲ့သည်။ သူတို့ သူဌေးရွေးတာ မှားပြီလားဟုပင် သံသယဝင်မိကြလေသည်။
ယွဲ့ကျီးပန်းဆိုင်၏ သူဌေးက အရည်အချင်းမရှိဘဲ သွေးနားထင်ရောက်နေသူဖြစ်ကြောင်း အစောကတည်းကသိပါက လစာအများအပြားပေးလျှင်တောင် သူတို့က အလုပ်ဝင်မည် မဟုတ်ပေ။
ရှန်းမူမူက စားပွဲကို တတောက်တောက် ခေါက်နေသည်။
သူမက လူတိုင်းကိုကြည့်ပြီး လေသံကိုမြင့်ကာ ဆက်ပြောခဲ့သည်။
“ပထမဆုံးအနေနဲ့ webpage၊ ဝေ့ပေါ်နဲ့ တခြားဆိုရှယ်မီဒီယာက မကောင်းတဲ့ မှတ်ချက်တွေကို မဖျက်ပါနဲ့။”
“ဒုတိယအနေနဲ့ကတော့…” သူမက ချန်ကျိုးကို ကြည့်ခဲ့သည်။ “ချန်ကျိုးက မီဒီယာတွေနဲ့ ဆက်သွယ်ပြီး၊ အချိန်အပိုင်းအခြားအလိုက် အင်တာဗျူးဖို့ စီစဉ်လိုက်၊ ဘယ်မီဒီယာကိုမှ မငြင်းဆိုနဲ့။”
သူမက လူအုပ်ကြီးကို ထပ်မံ ကြည့်လိုက်သည်။ “တတိယအနေနဲ့ ဝယ်ယူရေးဌာနက လူတွေက နိုင်ငံခြားက တင်ပို့သူတွေဆီကို ဆက်သွယ်ပြီး နောက်တစ်သုတ်အတွက် ပန်းတွေ ပိုမှာလိုက်၊ ပန်းစိုက်တာ၊ ရိတ်သိမ်းတာ၊ ပို့ဆောင်တာတွေအကုန် ဗီဒီယိုမှတ်တမ်း ယူခိုင်းထားပါ။”
ထို့နောက် သူမက အခန်းထောင့်ရှိ အင်္ကျီအကွက်များ ဝတ်ဆင်ထားသည့် လူနည်းစုကို ကြည့်လိုက်သည်။
“အင်ဂျင်နီယာယွီ ကျွန်မတို့ရဲ့ webpageမှာ feedbackပေးတဲ့ featureကို နှစ်ရက်အတွင်း ထည့်ပေးပြီး ဝယ်ယူသူတွေ သူတို့ရဲ့ အော်ဒါအချက်အလက်တွေပေါ်လိုက်ပြီး ပန်းတစ်စည်းရဲ့ မူရင်း၊ ရိတ်သိမ်းတဲ့နေ့၊ ပါကင်ထုတ်တဲ့နေ့တွေကို ကြည့်လို့ရအောင် လုပ်ပေးပါ၊ ဒါကို ဖြစ်အောင် လုပ်နိုင်မလား။”
ရှန်းမူမူခေါ်သည့် အင်ဂျင်နီယာယွီက နည်းပညာဌာန၏ခေါင်းဆောင်ဖြစ်ကာ ကုမ္ပဏီ၏ လစာအမြင့်ဆုံး ဝန်ထမ်း ဖြစ်သည်။
အင်ဂျင်နီယာယွီက မေးစေ့ကို ဘောပင်ဖြင့် ထောက်ထားကာ သူမ ပြောသမျှကို ဆယ်စက္ကန့်လောက် စဉ်းစားနေသည်။
ထို့နောက် ရှန်းမူမူကို ယုံကြည်ချက်ရှိစွာ ကြည့်လိုက်ပြီး နိမ့်ချခြင်း၊ မော်ကြွားခြင်း မရှိသည့် လေသံဖြင့် ပြောလိုက်သည်။
“အချိန်နှစ်ရက် မလိုဘူး၊ ကျွန်တော်တို့အဖွဲ့ ဒီညလုံးပေါက်လုပ်ပြီး သန်းခေါင်ချိန်မှာ အပြီးသတ်ပေးပါ့မယ်။”
အင်ဂျင်နီယာယွီက ဘေးဘက်ရှိ သူ့လက်အောက်ငယ်သားများကို ကြည့်လိုက်သည်။ “အခုပဲ ငါ့နောက်လိုက်ခဲ့ကြ၊ လုပ်ငန်းစမယ်။”
“ဟုတ်ကဲ့။” ခေါင်းဆောင်ဖြစ်သူ၏ အမိန့်ကို နာခံပြီးနောက် ပရိုဂရမ်မာများက အင်ဂျင်နီယာယွီ၏ အနောက်မှ လိုက်ကာ အစည်းအဝေးခန်းထဲမှ ထွက်သွားခဲ့သည်။
ရှန်းမူမူက အင်ဂျင်နီယာယွီကို ငှားရမ်းကတည်းက လုပ်ပိုင်ခွင့်ပေးထားသည်။
နညိးပညာဌာနက ခန်းမထဲက စောစီးစွာ ထွက်သွားသည့်အပေါ် သူမ ခွင့်ပြုသည်။
အစည်းအဝေး၏ ရည်ရွယ်ချက်က ပြဿနာကို ဖြေရှင်းဖို့ဖြစ်ပြီး သူဌေး၏ လေကြီးလေကျယ် စကားများကို ဝန်ထမ်းများ နားထောင်ရမည် မဟုတ်ကြောင်းကို ရှန်းမူမူ ရှင်းလင်းစွာ နားလည်သည်။
“UIနဲ့ ထုတ်ကုန် ဌာနလည်း အလုပ်သွားလုပ်လို့ ရပါပြီ၊ အင်ဂျင်နီယာယွီနဲ့ ပူးပေါင်းပေးပါ၊ အချိန်ကြပ်တည်းနေတာကို သိပေမယ့် ရလဒ် စုတ်ပြတ်မနေအောင်လုပ်ပြီး ရှင်တို့ရဲ့ စွမ်းရည်ကို ပြသပေးပါ။”
UIနှင့် ထုတ်ကုန်ဌာနက လူတွေက ပြိုင်တူပြန်ဖြေခဲ့သည်။ “ဟုတ်ကဲ့ပါ သူဌေးရှန်း။”
စီစဉ်စရားများ စီစဉ်ပြီးသည့်နောက်တွင် ရှန်းမူမူက လက်ခုပ်တီးလိုက်သည်။
သူမက လူတိုင်းကို တောက်ပသည့် အကြည့်ဖြင့် အားပေးလိုက်သည်။
“အလုပ်သွားလုပ်လို့ ရပါပြီ၊ ကြိုးစားပေးတာ ကျေးဇူးတင်ပါတယ်။”
လူတိုင်းက ပြန်ဖြေခဲ့သည်။ “ဟုတ်ကဲ့ သူဌေးရှန်း။”
ဆယ်မိနစ် မပြည့်ခင်မှာပင် အစည်းအဝေး ပြီးခဲ့သည်။
အစောပိုင်းက ရှန်းမူမူကို သံသယဝင်နေသည့် ဝန်ထမ်းများလည်း သံသယများ ကင်းစင်သွားကာ အစည်းအဝေးခန်းထဲမှ ထွက်သွားခဲ့သည်။
သူမက ယုံကြည်မှုရှိပြီး၊ ရှင်းလင်းကာ၊ ဆုံးဖြတ်ချက် ပြတ်သားသည်။
သူမက ကိုယ်ပိုင်အရည်အချင်းဖြင့် ဝန်ထမ်းတိုင်းကို သိမ်းသွင်းနိုင်ခဲ့သည်။
လူတိုင်း အစည်းအဝေးခန်းမမှ ထွက်သွားမှ ရှန်းမူမူက သက်ပြင်းချလိုက်သည်။ သူမရဲ့ လက်ဖဝါးက ချွေးထွက်နေသော်လည်း သူမ ရင်ထဲတွင် ရွှင်ပြမြူးကြွမှုကို ခံစားနေရသည်။
ထိုခံစားချက်ကို သူမ လွမ်းနေရတာ ကြာပြီ ဖြစ်သည်။
အခက်အခဲကို ကျော်ဖြတ်ပြီးမှ အောင်မြင်မှုရတာ ဖြစ်သည်။
ထိုအရာကို သူမ အလွန်သဘောကျသည်။
***