← Chapters

ဘယ်အချိန် ကလေးယူမှာလဲ

Vol. 7 Ch. 86

ဘယ်အချိန် ကလေးယူမှာလဲ

Vol. 7 Ch. 86

ချီအုပ်စု၏ ပင်မရုံးချုပ် အဆောက်အဦးတွင် ဖြစ်သည်။

ချီမော့၏ လက်ထောက်က ပြောလိုက်သည်။ “ဥက္ကဌချီ၊ သူဌေးကတော်နဲ့ ပတ်သက်တဲ့ မကောင်းတဲ့ ‌မှတ်ချက်တွေကို ဖျက်လိုက်ရမလား။”

ဥက္ကဌခုံတွင် ထိုင်နေသည့်လူက မျက်မှောင်ကြုတ်ထားကာ သူ့လက်ထောက်၏ စကားကို ပြန်မတုံ့ပြန်ခဲ့ပေ။

စားပွဲပေါ်ရှိ ဖုန်းက ရုတ်တရက် လင်းလာခဲ့သည်။

သူက ယွဲ့ကျီးပန်းဆိုင်၏ pageအား ဝင်ကြည့်လေ့ရှိရာ ယခုက ယွဲ့ကျီးပန်းဆိုင်မှ postတစ်ခု noti တက်လာခြင်း ဖြစ်သည်။

သူက ထိုစာကိုဖတ်ရင်း မျက်လုံးများ မည်းနက်ကာ ပြတင်းပေါက်ဆီ လျှောက်လှမ်းသွားလိုက်သည်။

ပြတင်းပေါက်မှန်တွင် သူ၏ ခက်ထန်တည်တင်းသည့် ရုပ်ရည်က ရောင်ပြန်ဟပ်နေသည်။

ထို့နောက် နှုတ်ခမ်းတစ်စုံက ကွေးညွှတ်သွားခဲ့သည်။

ထိုအရာက ဖွင့်ဟစရာမလိုဘဲ အပြန်အလှန် နားလည်ပုံနှင့် တိတ်တဆိတ် ခွင့်ပြုလိုက်ပုံရသည်။

သူက စာများကို ဖတ်ပြီးနောက် သူမ၏ ဆုံးဖြတ်ချက်ကို နားလည်သွားခဲ့သည်။

အချိန်ကြာပြီးသည့်နောက်တွင် ချီမော့၏ တိုးကာတည်ငြိမ်သည့် အသံကို ကြားလိုက်ရသည်။

“ငါ့မိန်းမရဲ့ ကိစ္စကို ဝင်မပါဘဲ ဒီနောက်ကွယ်ကလူကို စုံစမ်းလိုက်။”

လက်ထောက်က ပြန်ဖြေလိုက်သည်။ “ဟုတ်ကဲ့ ဥက္ကဌချီ။”

ချီအုပ်စု၏ အကူအညီမပါဘဲ ယွဲ့ကျီးပန်းဆိုင်က ပြဿနာကို ၂၄နာရီ မပြည့်ခင်မှာပင် ပြီးအောင် ရှင်းလင်းနိုင်ခဲ့သည်။

ချက်ချင်းပင် လူထု၏ အမြင် ပြောင်းသွားကာ သူတို့၏ webpageကို ဝင်ကြည့်သူ ဆယ်ဆ တိုးသွားခဲ့သည်။

“တစ်သက်တာအတွက် ပန်းတစ်စည်း” serviceကို subscribeလုပ်သူ အရေအတွက်သည် မတော်တဆမှုကြောင့် အော်ဒါပြန်ဖျက်သွားသူ အရေအတွက်ထက် အများကြီး ပိုများသွားခဲ့သည်။

အွန်လိုင်းပေါ်ရှိပွဲများကို စိတ်ဝင်စားသည့် အွန်လိုင်းအသုံးပြုသူတွေက ပါဝင်ဆွေးနွေးခဲ့ကြသည်။

[ဒါက ထိရောက်မှုရှိရှိ သက်သေပြလိုက်တာပဲ၊ ပြဿနာကို ရင်ဆိုင်တယ်၊ ဗီဒီယာရဲ့ အင်တာဗျူးကို လက်ခံပြီး ဝယ်ယူသူတွေကို လေးစားတယ်]

[နောက်ဆုံးတော့ ရှေ့နေ့စာပို့ပြီး တရားစွဲတာ မဟုတ်ဘူး၊ ရှေ့နေစာဆိုရင် ငါစိတ်ဒဏ်ရာ ရတော့မလို့]

[အစတုန်းကတော့ ဒီဘရန်းကို အထင်မကြီးပေမယ့် အခု ဒီမတော်တဆမှု အပြီးမှာတော့ အထင်ကြီးသွားပြီ၊ အနည်းဆုံးတော့ ပြဿနာကို ရှောင်ပြေးတဲ့ ကုမ္ပဏီ မဟုတ်ဘူးလေ]

[ဆိုတော့ မေးခွန်းက တကယ်လို့ ယွဲ့ကျီးပန်းဆိုင်က အစောက သတင်းအတိုင်း မကောင်းတဲ့ပန်းကို သုံးပြီး ဝယ်ယူသူတွေကို လှည့်စားတာ မဟုတ်ရင် အဲ့သတင်းက ဘယ်ကနေ ဘယ်လိုထွက်လာတာလဲ]

အွန်လိုင်းအသုံးပြုသူတွေက ထိုအချက်ကို သတိထားမိခဲ့ကာ ရှန်းမူမူကလည်း ထိုအချက်ကို မမေ့ခဲ့ပေ။

သို့သော် ယခုလေးတင်မှ ပြဿနာကို ဖြေရှင်းပြီးကာ အော်ဒါများ အလွန်တက်နေသဖြင့် ထိုကိစ္စကို အချိန်မပေးနိုင်သေး‌ပေ။

အသေးစိတ်ကို မစုံစမ်းရသေးသဖြင့် ထိုကိစ္စကို ရက်အနည်းငယ် ရွှေ့ဆိုင်းထားရမည်။

ဖုန်းယောင်ချင်က ထိုမတော်တဆမှုကို အမှတ်တမဲ့ သိခဲ့သည်။

သူမက ကမ္ဘာအနှံ့ခရီးထွက်ရခြင်းကို သဘောကျသဖြင့် အင်တာနက်၏ အဝေးမှာ နေထိုင်နေခဲ့သည်။

မြို့တော်ကို ပြန်ရောက်ပြီး မကြာခင်မှာပင် သူမ ထပ်မံ၍ အငြိမ်မနေနိုင်တော့ပေ။

ယွဲ့ကျီးပန်းဆိုင်၏ မတော်တဆမှုကိုသိပြီး နောက်တစ်နေ့တွင် သူမက သူမ ချွေးမရဲ့ အိမ်ကို သွားလည်ခဲ့သည်။

သို့သော် အိမ်တော်ထိန်းကျန်းက သူမကို ပြောလိုက်သည်။ “သူဌေးနဲ့ သူဌေးကတော် မရှိပါဘူး၊ အလုပ်သွားပါတယ်။”

ဖုန်းယောင်ချင်က စိတ်ဓာတ်ကျစွာ ပြန်သွားခဲ့လေသည်။

ပိတ်ရက်တောင် ကုမ္ပဏီသွားသည်က အလွန်ထူးဆန်းသည်။

သူမသား ချီမော့က အလုပ်သရဲမှန်း သူမ သိသည်။

သူမ ချွေးမကလည်း အလုပ်သရဲဖြစ်မည်ဟု မထင်ထားပေ။

ဖုန်းယောင်ချင်က အချိန်ကို ခန့်မှန်းပြီးနောက် ညနေပိုင်းတွင် သူမက ရှန်းမူမူကို ဖုန်းခေါ်ပြီးနောက် ညစာမစားခင် သူမကို အဖော်ပြုကာ ဥယျာဉ်ထဲ လမ်းအတူတူ လျှောက်ပေးဖို့ ခေါ်ခဲ့သည်။

ရှန်းမူမူက ဖုန်းကိုင်ထားကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူမ ယောက္ခမ ပြောသည့် ‘လမ်းလျှောက်မယ်’ ဟူသည့်စကားက အနည်းဆုံးတော့ အချိန်နာရီဝက်ကြာမည်ဖြစ်သည်။

သူမက တုံ့ဆိုင်းနေသော်လည်း ချိုမြိန်စွာ သဘောတူလိုက်သည်။

“ဟုတ်ကဲ့ အမေ၊ သမီး အခုချက်ချင်း အမေ့ဆီလာပြီး လာခေါ်ပါ့မယ်။”

အား…၊ ဘာတတ်နိုင်ဦးမှာလဲ။

သူမ၏ သိတတ်နားလည်သည့် ဇနီးကောင်း၊ သိတတ်လိမ္မာသည့် ချွေးမ ပုံရိပ်ကို လမ်းတစ်ဝက်မှာ ရပ်တန့်လိုက်လို့ မရပေ။

ဖုန်းယောင်ချင်က သူမ၏ အဖြေကို အလွန်ကျေနပ်သွားခဲ့သည်။

သူမက ‘အင်း’ဟု အသံပြန်ပေးလိုက်သည်။

ညနေခင်းတွင်ဖြစ်သည်။

ယောက္ခမနှင့် ချွေးမ နှစ်ယောက်လုံးက အတွေးကိုယ်စီဖြင့် အိမ်နားရှိ ရေကန်ဘေးတွင် ယှဉ်ကာ လမ်းလျှောက်နေသည်။

အတောင်အဖြူ၊ အမြီးအစိမ်းနှင့် ငှက်လေးတွေက သူတို့ရှေ့တွင် တဖျပ်ဖျပ်ပျံနေသည်။

လေထဲတွင် လတ်ဆက်သည့် သစ်ပင်နှင့်မြက် ရနံ့များပျံ့နေသည်။

ရှန်းမူမူက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် စိတ်‌ေပါ့ပါးသွားခဲ့လေသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က စိတ်ပင်ပန်းခဲ့သမျှသည် သူမရှေ့ရှိ အစိမ်းရောင်အပင်များကြောင့် စိတ်ပေါ့ပါးသွားခဲ့သည်။

နွေရာသီအကုန်၏ ညနေခင်းလေသည် စပ်ဖျင်းဖျင်း မဖြစ်တော့ပေ။

ထိုပတ်ဝန်းကျင်တွင် သူတို့မှ လွဲ၍ တခြားလူ မရှိပေ။

ဖုန်းယောင်ချင်က ယောက္ခမ အမူအရာဖြင့် လမ်းလျှောက်နေကာ သူမ ခင်ပွန်း အသက်ရှိစဉ်က သူမက မည်သို့ အပြုအမူဖြင့် ဆက်ဆံခဲ့ကြောင်း သူမ ချွေးမကို မျှဝေနေသည်။

ရှန်းမူမူက ဝတ်ကျေတန်းကျေဖြင့် တအင်အင်း လုပ်နေသော်လည်း သူမ စိတ်က ကုမ္ပဏီ၏ အရေးကိစ္စထံ ရောက်နေသည်။

ရုတ်တရက်ပင် ဖုန်းယောင်ချင်က ရပ်လိုက်ပြီး သူမလက်ကိုဆွဲကာ အနည်းငယ် အပြစ်တင်သံဖြင့် ပြောလိုက်သည်။

“နင် ဘယ်အချိန် ကလေးယူမှာလဲ၊ လက်ထပ်ထားတာလည်းကြာလှပြီ ဗိုက်သတင်း ဘာအသံမှ မကြားရသေးဘူး၊ ဘာတွေဖြစ်နေတာလဲ။”

ရှန်းမူမူ၏ အတွေးတွေက လက်ရှိသို့ ပြန်ဆွဲခေါ်ခံလိုက်ရကာ အသက်ရှူရပင် ခက်သလို ဖြစ်သွားသည်။

သူမက ဖုန်းယောင်ချင်ကို ကြောင်တောင်တောင်ကြည့်ကာ မည်သို့ပြန်တုံ့ပြန်ရမည်ကို တွေးနေသည်။

“အမ်…”

ဘယ်လိုဇာတ်လမ်းထွင်ရမလဲ စဉ်းစားစမ်း။

ရှန်းမူမူ၏ တုံ့ဆိုင်းမှုကိုတွေ့ပြီးနောက် ဖုန်းယောင်ချင်က သူမကို ဆွဲကိုင်ထားသည့်လက်ကို တင်းကြပ်စွာ ဆုပ်လိုက်သည်။ “ကျန်းမာရေး ပြဿနာများ ရှိနေတာလား၊ တကယ်လို့ ရှိနေတယ်ဆိုရင် ဆေးခန်း ပြသင့်ရင် ပြရမယ်။”

ရှန်းမူမူက ပြန်ဖြေခဲ့လေသည်။ “ဘာကျန်းမာရေး ပြဿနာမှ မရှိပါဘူး။”

ထိုစကားပြောပြီးသည်နှင့် ရှန်းမူမူက နောင်တရသွားခဲ့သည်။

ဖုန်းယောင်ချင်၏ အမူအရာက ပိုရှုပ်ထွေးကာ ရှုပ်ထွေးမှုဖြင့် ခေါင်းငုံ့သွားသည်ကို သူမ မြင်လိုက်သည်။

“ဒါဆို ချီမော့မှာ ပြဿနာရှိတာလား။”

ရှန်းမူမူ။ “...”

သွားပြီ။

သူမ စကားပြောလေလေ ပိုသံသယဝင်စရာကောင်းလေ ဖြစ်နေပုံရသည်။

သူမ ယောက္ခမက ထူးဆန်းသည့်အရာများ မတွေးအောင် သူမ မတားနိုင်ပေ။

သူမက သင့်လျော်သည့်အဖြေ ပြန်ဖြေမည့်အချိန်မှာပင် သူမရဲ့ လက်မောင်းက နောက်တစ်ကြိမ် ထပ်မံ လှုပ်ရမ်းခံရပြန်လေသည်။

“အာ…” ရှန်းမူမူ၏ ခန္ဓာကိုယ်က သိမ့်သိမ့်တုန်နေကာ သူမက နေရာတစ်ခုကို ညွှန်ပြလေသည်။

“စောနက ဆံပင်ရှည်ရှည်နဲ့ အဝတ်အမည်းဝတ်ထားပြီး အိတ်တစ်လုံး ကိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြတ်ပြေးသွားတာ မြင်လား။”

ရှန်းမူမူက ဖုန်းယောင်ချင် ညွှန်ပြသည့်နေရာကို ကြည့်လိုက်သော်လည်း မည်သူ့ကိုမှ မတွေ့ခဲ့ပေ။

ရှန်းမူမူက ရုတ်တရက်ပင် တစ်စုံတစ်ခုကို တွေးလိုက်မိကာ မျက်မှောင်ကြုတ်လိုက်သည်။

သူမ ယောက္ခမ ပြောသည့်လူ၏ ပုံစံက ယခင်တစ်ခေါက် ကားရှေ့ဖြတ်ပြေးသည့်လူ၏ ပုံစံနှင့် တူနေသည်။

သူမ ယောက္ခမပြောသည့်လူက ထိုလူထူးလူဆန်း ဖြစ်နေသည်များလား။

ညနေခင်းတွင် နေလုံးကြီးက ဝင်နေပြီ ဖြစ်သည်။

ရေကန်ဘေးရှိ လူသူကင်းမဲ့သည့် တိုင်လုံးအစဉ်ကြီးက ဖော်မပြတတ်အောင် ထိတ်လန့်စရာ‌ကောင်းနေသည်။

ဖုန်းယောင်ချင်က လမ်းလျှောက်ချင်စိတ် မရှိတော့ပေ။ “မိုးချုပ်နေပြီ၊ အိမ်ပြန်ရအောင်။”

ထိုအချိန်မှာပင် သိပ်မဝေးသည့်နေရာမှ အော်သံ ကြားလိုက်ရလေသည်။

***

All Chapters