← Chapters

ကြည်စင်သည့်လေနှင့် လရောင်နှင့်တူသည့် အမျိုးသား

Vol. 7 Ch. 87

ကြည်စင်သည့်လေနှင့် လရောင်နှင့်တူသည့် အမျိုးသား

Vol. 7 Ch. 87

ရေထဲတွင် ရေစင်ရေမွှားများ ရှိနေသည်။

ရှန်းမူမူနှင့် ဖုန်းယောင်ချင်က အချင်းချင်း ကြည့်လိုက်ပြီး ရင်တုန်သွားခဲ့သည်။ သူတို့က အသံကြားရာ ရေကန်ဘေးရှိ အပန်းဖြေသည့်နေရာသို့ အမြန်သွားခဲ့သည်။

ဆံပင်ရှည်ရှည်နှင့် အမည်းရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးက ရေထဲကျနေသည်ကို မြင်လိုက်သဖြင့် သူတို့အံ့ဩနေကြလေသည်။

သူမက လက်ကို ခေါင်းအပေါ်မြှောက်ထာသည်။

‌သေချာကြည့်မှ ထိုလက်ထဲတွင် သူမ လက်ဖဝါး အရွယ်အစားလောက်ရှိသည့် ကြောင်လေး တစ်ကောင် ရှိနေသည်ကို မြင်လိုက်လေသည်။

သူမက ရေနစ်နေသည့် ကြောင်ကလေးကို ဆင်းကယ်ထားပုံရသည်။

သူမ ပြုတ်ကျသွားသည့်နေရာက မြက်ခင်းပေါ်တွင် ကြောင်ပေါက်လေးအများအပြား အော်သံပေးနေကြသည်။

ရှည်ရှည်ဝေးဝေး တွေးနေဖို့ အချိန်မရှိပေ။

ရှန်းမူမူက ဖုန်းယောင်ချင်၏ ကျောကို ပုတ်လိုက်သည်။

“အမေ ဒီမှာပဲ စောင့်နေနော်၊ ရေကန်နား မလာနဲ့။”

သူမက ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီး အကဲဖြတ်လိုက်သည်။

စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးသည့်နောက်တွင် သူမက ရေကန်ထဲ ခုန်ချခဲ့သည်။

နွေနှောင်းပိုင်း၏ လေက အနည်းငယ် ပူသော်လည်း ကန်ထဲကရေကတော့ အေးစိမ့်နေဆဲ ဖြစ်သည်။

ကံကောင်းစွာပင် ထိုအမျိုးသမီး ပြုတ်ကျသည့်နေရာက အပန်းဖြေသည့်နေရာနှင့် မဝေးသဖြင့် ရှန်းမူမူက ထိုနေရာရောက်အောင် အမြန်ကူးသွားပြီး သူမရဲ့ရင်ဘတ်ကို သိုင်းဖက်ကာ ကမ်း‌နားထိရောက်အောင် ကူးခတ် ဆွဲတင်လာခဲ့သည်။

ထိုအချိန်တွင် လျင်မြန်စွာရောက်လာသည့် အစောင့်များက သူတို့နှစ်ဦးကို ကမ်းပေါ်ရောက်အောင် အမြန်ဆွဲတင်ပြီး လာရောက်ကြည့်ရှုသည့်လူများလည်း အုံခဲနေလေသည်။

“ကျေးဇူးပြုပြီး….သူ့ကို…ဘေးကင်းတဲ့….တစ်နေ..ရာရာမှာ…..ထားပေးပါ…ကျေးဇူးတင်ပါတယ်။” ပါးစပ်ထဲ ရေအပြည့်ဝင်နေသည့် ထိုအမျိုးသမီးက စကားကို ပြတ်တောက်ပြတ်တောက်ဖြင့် ပြောခဲ့သည်။

သူမက အသက်ကောင်းကောင်း မရှူနိုင်သေးခင်မှာပင် သူမရဲ့ ကြောင်လေးကို ကမ်းပေါ်ရှိ လူတစ်ဦးထံ ပေးခဲ့သည်။

ထိုအခါမှ ရှန်းမူမူက ထိုအမျိုးသမီး၏ ပုံစံကို သေချာကြည့်ရှုလိုက်သည်။

အလွန်ဖြူဖတ်ပြီး၊ မျက်လုံးများမှိုင်းနေကာ မျက်နှာဝိုင်းဝိုင်း၊ နှာခေါင်းလုံးလုံး ရှိသူ ဖြစ်သည်။

ရှန်းမူမူ၏ အကြည့်ကို သတိထားမိတော့ ထိုအမျိုးသမီးက သူမကို လှည့်ကြည့်ကာ အားတင်း၍ ပြုံးပြလိုက်သည်။ “ကျေးဇူးတင်ပါတယ်။”

ရှန်းမူမူက ပြောလိုက်သည်။ “ရပါတယ်။”

ရှန်းမူမူ ဘာမှ ဆက်မမေးရသေးခင်မှာပင် အလျှင်စလို ရောက်လာပြီး သူမ မျက်နှာက စိုးရိမ်ပူပန်နေလေသည်။

“ငါ့ကို လန့်ပြီး သေအောင် လုပ်နေတာလား၊ အကျိုးအကြောင်း မစဉ်းစားဘဲ ဘာလို့ ဒီလိုလုပ်တာလဲ။”

ရုတ်တရက်ဖြစ်သွားသဖြင့် ပြန်တွေးလိုက်တိုင်း ဖုန်းယောင်ချင် ထိတ်လန့်နေသည်။

အကယ်၍ ရှန်းမူမူ တစ်ခုခုဖြစ်သွားလျှင် မည်သို့လုပ်မည်နည်း။ သူမသားနှင့် မျိုးနွယ်စု အမျိုးသမီးကြီးကို မည်သို့ရှင်းပြရမည်နည်း။

ဖုန်းယောင်ချင်က စိုးရိမ်ကာ ဒေါသလည်း ထွက်နေသည်။ ရှန်းမူမူ၏ အခြေအနေကို မြင်ပြီးနောက်တွင် သူမရင်ထဲက အပြစ်တင်မည့်စကားတွေကို ပြန်မြိုသိပ်လိုက်သည်။

ရှန်းမူမူက ခေါင်းကနေ ခြေဖျားထိ ရေစိုနေသော်လည်း ဖုန်းယောင်ချင်ကို နူးညံ့စွာပြုံးပြပြီး နှစ်သိမ့်နေသည်။

“အမေ၊ ကျွန်မ အဆင်ပြေပါတယ်၊ အမေ့ကို စိတ်ပူစေမိပြီ။”

ဖုန်းယောင်ချင်က မျက်မှောင်ကြုတ်တာ ပြေလျော့မသွားပေ။ သူမက ရှန်းမူမူ ဒဏ်ရာ ရမရကို ဟိုဟိုဒီဒီလှည့်ကာ စစ်ဆေးနေလေသည်။

“အကျိုးအကြောင်းကို မစဉ်းစားဘူး၊ နင် လုပ်နိုင်တယ်ဆိုပြီး ကြွားတာလား၊ အနီးအနားမှာ အစောင့်တွေ ရှိနေတာပဲ၊ နင်ကိုယ်တိုင် ကယ်ဖို့လိုလို့လား၊ ဟမ်၊ တကယ်လို့ ဘေးမှာ ဘယ်သူမှ မရှိရင် တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ၊ အဲလိုဖြစ်ရင် ဘယ်လိုလုပ်မလဲ ပြောဦး၊ အသက်နှစ်ဆယ်ကျော်တောင် ရှိနေပြီ ကိုယ့်လုံခြုံရေးကိုယ် ထည့်မတွက်ဘူး။”

လေဖြတ်တိုက်သွားသဖြင့် ရှန်းမူမူက တုန်ယင်သွားခဲ့သည်။

သူမ နားထဲတွင် သူမ ယောက္ခမ၏ ချစ်ခင်စွာ ပြောသည့် အပြစ်ဆိုသံတွေ ကြားနေရသည်။

ရုတ်တရက်ပင် သူမ အမြင်တွင် ဖုန်းယောင်ချင်ကို သူမ မိခင်ပုံရိပ်နှင့် မြင်မိခဲ့သည်။

ကမ္ဘာပေါ်ရှိ မိခင်တိုင်းက တူညီသည့် မျက်နှာထား ရှိသည်။

‌ဆူဆဲနေလျှင်တောင် နွေးထွေးမှုကို ခံစားရသည်။

ရုတ်တရက်ပင် ရှန်းမူမူက နှာခေါင်း ယားယံသွားခဲ့သည်။

ရှန်းမူမူက သူမရဲ့ ယောက္ခမကို နားလည်သွားခဲ့သည်။

ဘဝင်မြင့်သော်လည်း ကြင်နာတတ်သည့် နှလုံးသားရှိသည်။

သူတစ်ပါးကို လှောင်ပြောင်ကာ သင်ခန်းစာ ပေးတတ်သော်လည်း သူမ၏ အကျိုးအတွက် မဟုတ်ပေ။

မှန်သည်။

ချီမော့ကို မိဘမဲ့ဂေဟာမှ ခေါ်ယူမွေးစားကာ ကောင်းကောင်းပျိုးထောင်ခဲ့သူက ကောက်ကျစ်သည့်လူတော့ မဖြစ်နိုင်ပေ။

ရှန်းမူမူက ဖုန်းယောင်ချင်၏ လက်ကို သိုင်းဖက်လိုက်သည်။

“အမေ ကျွန်မက မစဉ်းစားဘဲ လုပ်တာ မဟုတ်ပါဘူး၊ အခြေအနေကို ခွဲခြမ်းပြီးမှ ရေထဲဆင်းတာပါ။”

တစ်ပါးသူကိုကယ်မည့်လူက ကိုယ့်လုံခြုံရေးကို အရင် သေချာအောင် ပြုလုပ်ရမည်။ ထိုအကြောင်းကို ရှန်းမူမူ သေချာသိသည်။

ဖုန်းယောင်ချင်က ရှန်းမူမူကို အကြာကြီး စိုက်ကြည့်ပြီးသည့်နောက်တွင် တောက်ခတ်လိုက်သည်။ “အား…နင်တော်တော်…လက်လွတ်စပါယ်လုပ်တဲ့ကလေးပဲ။”

သူတို့ စကားပြောနေရင်း ကမ်းပေါ်တွင် လူတွေ ပိုများလာခဲ့သည်။

အစောင့်များ၊ ကင်းလှည့်များနှင့် နေထိုင်သူများက အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။

ညအမှောင်လုံးဝကျသွားပြီဖြစ်သည်။

ရေကန်ဘေးရှိ မီးသီးများကို အချိန်သတ်မှတ်ပေးထားသည်ဖြစ်ရာ ညနေ ၆နာရီခွဲတွင် တစ်ပြိုင်တည်း မီးလင်းလာခဲ့သည်။

ရှန်းမူမူ၏ မျက်တောင်တွင် ရေများတွဲခိုနေကာ လင်းလာသည့် လမ်းမီးများကြောင့် သူမရဲ့ အမြင်က ဝါးသွားခဲ့သည်။

အမြင်အာရုံ ခပ်မှုန်မှုန်ကြားမှ ရင်းနီးနေသည့် ရှည်လျားသည့် ပုံရိပ်ကို မြင်လိုက်လေသည်။

လူတစ်ဦးက လူအုပ်ကြားမှ သူမထံ လာနေကာ မျက်နှာက မည်းမှောင်ကာ အေးစက်သည့် အရှိန်အဝါကို ထုတ်လွှင့်နေလေသည်။

သူက ခြေလှမ်းကျဲများဖြင့် လျှောက်လာနေသည်။

သူ့နောက်တွင် ယာဉ်မောင်းဝမ်က စောင်တစ်ထည်ကိုင်ကာ အမှီလိုက်နေသည်။

ရှန်းမူမူ မတုံ့ပြန်နိုင်သေးခင်မှာပင် ချီမော့က သူမကို စောင်အုပ်ပေးလိုက်သည်။

နောက်စက္ကန့်အနည်းငယ်အတွင်းပင် သူက ရှန်းမူမူကို ခါးမှ ဖက်ကာ ဆွဲဖက်ခဲ့သည်။

သူမက အင့်ကတည်း အသံထွက်ပြီး သူ့ပုခုံးကို ဆုပ်ကိုင်လိုက်မိလေသည်။

အဝါရောင်မီးက သူမရဲ့ အမြင်တွေကို ဝေဝါးနေစေသည်။

ထိုလူ၏ပုံရိပ်က အလင်းရောင်အောက်မှာ ထင်ဟပ်နေသည်။

သူ့ကိုယ်သင်းရနံ့က သူမနား ပျံ့လွင့်နေပြီး သူ၏ အင်အားကြီးသည့် အရှိန်အဝါအောက်တွင် ရှန်းမူမူက စကားပြောချင်သော်လည်း ပြောစရာ ပျောက်ဆုံးနေသည်။

သူမ၏ သွယ်လျကာ၊ သိမ်မွေ့သည့်မျက်နှာက ထိုလူ၏ ရင်ဘတ်ပေါ်ရောက်နေသည်။ သူမက သူ့ရဲ့ နှလုံးခုန်သံကို ရှင်းလင်းစွာ ကြားနေရသည်။

ပတ်ဝန်းကျင်ရှိ ဆူညံသံတွေ ဝေးကွာသွားပုံရသည်။

ဖုန်းယောင်ချင်က မိသားစု ဆရာဝန်ကို ဆက်သွယ်ဖို့ ယာဉ်မောင်းဝမ်ကို ညွှန်ကြားနေသည်ကို သူမ ကြားသည်။

အစောင့်များက ချီမော့ကို တောင်းပန်နေပုံရသည်။

ရှန်းမူမူ၏ နားထဲတွင် ဆူသံများရောနေကာ သူမ အတွေးတွေကို အာရုံမစိုက်နိုင်ပေ။

သူမ အာရုံတွေက ချီမော့၏ နှလုံးခုန်သံပေါ်ရောက်နေသည်။

နီးကပ်လွန်းသည့် အနေအထား၊ သန့်ရှင်းလတ်ဆတ်သည့် ရနံ့…

အချိန်အကြာကြီး တုံ့ဆိုင်းပြီးသည့်နောက်တွင် တစ်ခုခုပြောရမည်ဟု ရှန်းမူမူက ဆုံးဖြတ်လိုက်သည်။

သူမက မသက်မသာ လှုပ်ရှားကာ ပြောလိုက်လေသည်။

သူမပြောလိုက်သည့် စကားက မယုံနိုင်စရာကောင်းအောင် ရူးကြောင်ကြောင် နိုင်နေသည်။

“ချီမော့….အလုပ်ဆင်းပြီလား။”

ချီမော့၏ အမူအရာက အေးစက်နေကာ သူမစကားသံကြားတော့ သူမကို ငုံ့ကြည့်ခဲ့သည်။

လမ်းမီးများရှိနေကာ သူမရှေ့တွင် ချောမောသည့် ပုံရိပ် ရှိနေသည်။

ရှန်းမူမူက မနည်းအသက်ရှူလိုက်သည်။

တစ်ဖက်လူ၏ ဆွဲဆောင်မှုရှိသည့် အသံတိုးတိုးကို သူမ ကြားလိုက်သည်။

“ဒီအတိုင်းနေ၊ မလှုပ်နဲ့။”

***

All Chapters