ချွေးမနှင့်ယောက္ခမကြား ဆက်ဆံရေး တိုးတက်လာခြင်း
Vol. 7 Ch. 90
ရှန်းမူမူက နေ့စဉ်ပန်းဘာသာစကား ကုမ္ပဏီကို တရားမစွဲခဲ့သော်လည်း ချန်ကျိုးဖြင့် လုကျီယင်းကို လူကိုယ်တိုင်သွားတွေ့ခိုင်းကာ သူတို့၏သဘောထားကို သေချာရှင်းပြခိုင်းခဲ့သည်။
ပထမဆုံးအနေဖြင့် သူတို့က သက်သေတွေရထားပြီဖြစ်ကာ မသမာမှုများ ဆက်လုပ်လာမည်ဆိုပါက ပြဿနာ သေးသေးကြီးကြီး တရားနည်းလမ်းအတိုင်း လုပ်မည့် အကြောင်း ပြောခဲ့သည်။
ဒုတိယအနေဖြင့် လုပ်ငန်းနှင့် မဆိုင်သည့် အဓိပ္ပာယ်မဲ့လုပ်ရပ်များ ငှားရမ်းပြီး မလုပ်ရန် ပြောခဲ့သည်။
လုကျီယင်းနှင့်ဆုံသည့်အခါ ချန်ကျိုးက သူ့နေမြဲပုံစံမဟုတ်ဘဲ ဆုံးဖြတ်ချက် ပြတ်သားကာ မျက်နှာသာမပေးသည့်ဟန်ပြခဲ့သည်။
ပထမက လုကျီယင်းက ဝန်မခံပေ။ သက်သေများထုတ်ပြမှသာ သူမက ဝန်ခံခဲ့သည်။ “တောင်းပန်ပါတယ်၊ ကျွန်မ ဒီလို မလုပ်သင့်ဘူး၊ သူဌေးရှန်းကိုလည်း တောင်းပန်တဲ့ အကြောင်း ကျေးဇူးပြုပြီး ပြောပေးပါ။”
ချန်ကျိုးက သူမကို အေးစက်စွာ ကြည့်ခဲ့သည်။ “ဟန်ဆောင်ပြီး နောင်တရပြမနေနဲ့။”
အကယ်၍ သူမသာ တကယ်နောင်တရပါက သူလာတဲ့အချိန်ထိစောင့်ပြီးမှ ဝန်ခံမည် မဟုတ်ပေ။
သူမ၏ အတွေးတွေ ဖော်ထုတ်ခံလိုက်ရတော့ လုကျီယင်းက အောက်နှုတ်ခမ်းကိုကိုက်ပြီး တုန်ယင်သည့်အသံဖြင့် ပြောခဲ့သည်။ “သူဌေးရှန်းနဲ့တွေ့လို့ရမလား၊ လူကိုယ်တိုင် တောင်းပန်ချင်လို့ပါ၊ ပြီးတော့ ဒီကိစ္စကို ဒီမှာတင် ရပ်ပေးလို့ ကျေးဇူးတင်ချင်လို့ပါ။”
ချန်ကျိုးက ထရပ်ပြီး အင်္ကျီအနားစကိုဆွဲကာ ပြန့်သွားအောင် ပြင်လိုက်သည်။ “ဒီနေ့ သူဌေးရှန်းအစား ကျွန်တော် လာတာ ဘာလို့လဲ သိလား။”
ချန်ကျိုးက သူမ ပြန်ဖြေသည့်စကားကို မစောင့်ဘဲ ဆက်ပြောခဲ့သည်။ “ခင်ဗျားနဲ့မတန်လို့၊ group chat ထဲ သွားပုပ်လေလွင့်သတင်းဖြန့်တာက ခင်ဗျားရဲ့ အဆင့်အတန်းကို ပြနေတာပဲ၊ ခင်ဗျားက ပြိုင်ဘက်ကင်းဖို့ မဆိုနဲ့၊ သူ့ပြိုင်ဘက်ဖြစ်ဖို့တောင် မတန်ဘူး။”
လုကျီယင်းက လက်တီးကို တင်းတင်းဆုပ်ကာ မျက်ရည်ကျခဲ့သည်။
ချန်ကျိုးထွက်သွားပြီးသည့်နောက်တွင် သူမက ထိန်းမထားတော့ဘဲ အော်ဟစ် ငိုကြွေးခဲ့သည်။
ရှန်းမူမူက သူမ တစ်ဖက်သတ် တွေးထားသည့် ရန်သူဖြစ်ကာ ပြိုင်ဘက်ကင်းသည့်လူသာ ဖြစ်သည်။
ထိုအရာကို ဝန်ခံရခြင်းက သူမ ကျရှုံးရခြင်းထက် ပိုနာကျင်ရသည်။
ထိုညက အမျိုးသမီးများ group chat တွင် ဖြစ်သည်။
Lအမည်ရှိသူက group chat ထဲက ထွက်သွားခဲ့သည်။
ထိုကိစ္စက ဖြေရှင်းပြီးသွားသော်လည်း ရှန်းမူမူက အလွန်အလုပ်များနေခဲ့သည်။
ယခင်က ဖုန်းယောင်ချင်က သူတို့အိမ်ကို သုံးရက်လောက်မှ တစ်ခါ လာလည်တတ်သော်လည်း ယခုတော့ တစ်ရက်ကို သုံးခါလောက် လာလည်သည်။
တစ်ခါတစ်ရံ သူမကို အပြင်ခေါ်ထွက်တတ်သည်။
တစ်ခါတစ်ခါ မည်သည့်အဝတ်အစားက သူမနှင့် လိုက်ဖက်မည်နည်းဟု ရှန်းမူမူ၏ အမြင်ကို မေးတတ်သည်။
တစ်ခါတစ်ရံ သူမ ချီရှောင်ပိုင်ကို အင်္ဂလိပ်စာ သင်ပေးသည့်အခါ သူမက ထိုင်ခုံယူလာကာ သူမလည်း နားထောင်ချင်ကြောင်း ပြောကာ ဘေးမှာ လာထိုင်တတ်သည်။
ရှန်းမူမူက စိတ်မရှုပ်ဘဲ သူမ ယောက္ခမကို နားလည်သည်။
ဖုန်းယောင်ချင်က ဘဝတစ်ဝက်လောက်ကို သူမအတွက် မြှုပ်နှံထားသူ ဖြစ်သည်။
သူမ အသက်ငယ်စဉ်က ခင်ပွန်းနှင့်သားကို စောင့်ရှောက်ခဲ့သည်။
သူမ ခင်ပွန်း ဆုံးပါးသွားပြီးသည့်နောက်တွင် ကမ္ဘာအနှံ့ခရီးထွက်ခဲ့သည်။
သူမက တစ်ခါမှ အားအောင်မနေပေ။
ယခုတော့ သူမက ဗီလာတွင် ပူပန်စရာမရှိဘဲ အေးအေးဆေးဆေး နေနိုင်သည့်အခါ သူမ ပျင်းရိနေကာ သူမကို အဖော်ပြုပေးသူ လိုအပ်နေသည်။
ယခင်က သူမ၏ အဖော်က တူမဖြစ်သူ ချောင်လီဖြစ်သော်လည်း ယခုက ရှန်းမူမူ ဖြစ်သွားသည်။
သူတို့နှစ်ဦးက နေ့စဉ်တွေ့နေသဖြင့် ယောက္ခမနှင့် ချွေးမ ဆက်ဆံရေးက တိုးတက်လာခဲ့သည်။
ထိုနေ့က ရှန်းမူမူနှင့် ဖုန်းယောင်ချင်က ဆိုဖာထက်တွင်ထိုင်ကာ ကွာစေ့စားနေသည်။
အလုပ်ကပြန်လာသည့်ချီမော့က အပေါက်ဝတွင်ရပ်ကာ သူတို့ကို အနည်းငယ် အံ့ဩစွာ ကြည့်နေသည်ကို နှစ်ဦးလုံး သတိမထားမိကြပေ။
TVပေါ်တွင် ဇာတ်ဆောင်က ပြောနေသည်။ “နင့်ခြေထောက်တွေ ဆုံးရှုံးသွားရင် ရွှမ်းလင်က ချစ်တော့မှာ မဟုတ်ဘူး။”
ထိုစကားကြောင့် ဖုန်းယောင်ချင်က TVကို ညွှန်ပြကာ အပြစ်တင်လေသည်။ “ဒီမျိုးမစစ် ဒါက လူစကားလား။”
ရှန်းမူမူက ခေါင်းငြိမ့်ကာ ထောက်ခံခဲ့သည်။ “ဦးနှောက်မရှိတာဖြစ်မယ်။”
ချီမော့၏ ခြေလှမ်းများက နှေးသွားသည်။
ရက်အနည်းငယ်အတွင်း ဒီနှစ်ယောက်က ဘယ်လိုလုပ် လိုက်ဖက်ညီသွားတာလဲ။
ချီမော့က ခြေလှမ်းကို နှေးကာ သူတို့ကို စူးစမ်းသလို ကြည့်နေသည်။
ရှန်းမူမူက ကော်ဖီစားပွဲနှင့် ဆိုဖာထက်တွင် တစ်ခုခုရှာနေပုံရသည်။
ရုတ်တရက်ပင် သူမဘေးကလူကို သံသယဝင်စွာ ကြည့်လိုက်သည်။ “အမေ ကျွန်မ ဖုန်းပေါ် တက်ထိုင်ထားတာလား။”
“မထိုင်ပါဘူး။” ဖုန်းယောင်ချင်က အပြစ်ကင်းစွာ ကြည့်ကာ ဟိုဟိုဒီဒီ စစ်ဆေးလေသည်။ “နင့်ဖုန်းကို ငါ မထိုင်….အို ဒီမှာကို။”
ရှန်းမူမူက ဖုန်းက တင်ပါးအောက်ရောက်နေတာ သိသားပဲဟူသော အမူအရာဖြင့် ပြန်ကြည့်လိုက်သည်။
“တွေ့လား၊ ထိုင်ထားတယ်လို့ပြောနေတာကို။”
ဖုန်းယောင်ချင်က စကာလမ်းကြောင်း ပြောင်းလိုက်သည်။ “ဖုန်ူဘာလုပ်မို့လဲ၊ milk tea မှာမလို့လား၊ ဒါဆို ငါ့ကို မနေ့က အရသာလေး မှာပေး။”
“အမေ taroလား၊ bobaလား၊ ဘာနဲ့ ယူမှာလဲ။”
“နှစ်မျိုးလုံး၊ ပဲနီလေးတွေရော ထည့်မယ်၊ သကြားတစ်ဝက်ပဲ။”
ချီမော့၏ မျက်အိမ်က အနည်းငယ် တုန်လှုပ်သွားသည်။
သူ့မိခင်က သကြားတစ်ဝက်ကို သိသည်။
ထိုအချိန်မှာပဲ ချီရှောင်ပိုင်က အခန်းထဲက ထွက်လာသည်။
သူက သူ့ဖခင်က ပြဿနာတချို့ကို တွေးနေသလို မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်လေသည်။
ချီရှောင်ပိုင်က ခေါ်လိုက်သည်။
“အဖေ အိမ်ပြန်ရောက်ပြီလား။”
ထိုအသံကြောင့် ဖုန်းယောင်ချင်နှင့် ရှန်းမူမူက လှည့်ကြည့်လိုက်သည်။
နောက်တစ်စက္ကန့်အကြာမှာပင် သူတို့က ဖုန်းထဲပြန်အာရုံစိုက်သွားသည်။
ထို့နောက် milk tea ဆက်မှာကြသည်။
ချီမော့။ “...”
သူက အင်းဟုသာ ချီရှောင်ပိုင်ကို ပြန်တုံ့ပြန်ပြီး စာကြည့်ခန်းထဲ ဝင်သွားခဲ့သည်။
ချီရှောင်ပိုင်က တစ်ဖက်ဆိုဖာတွင် ဝင်ထိုင်ကာ စကားဝိုင်းထဲဝင်ပါနေသည်ကို သူ့မျက်လုံးထောင့်မှ မြင်လိုက်လေသည်။
“ကျွန်တော့်ကိုလည်း မနေ့ကလို မှာပေး။”
ချီမော့၏မျက်နှာထက်တွင် ရှုပ်ထွေးကာ နူးညံ့သည့် အမူအရာ ပေါ်လာခဲ့သည်။
သူက ပြုံးဟန်ပေါ်သော်လည်း ကူကယ်ရာမဲ့နေသည်။
တစ်ပတ်တောင် မကြာသေးသည့်အချိန်မှာပင် သူက မိသားစု၏ မထင်မရှားသည့်လူဖြစ်လာပုံရသည်။
ဖုန်းယောင်ချင် စိတ်အရှုပ်ဆုံးက ယခု သူမ အချိန်ပို အများကြီး ရှိနေခြင်း ဖြစ်သည်။
ချီမော့က အမြဲလိုလို အလုပ်များနေကာ ချီရှောင်ပိုင်က ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်နေသည်။
သူမချွေးမနှင့် တူမက အလုပ်ကိုယ်စီရှိကာ သူမကို အမြဲလိုလို အဖော်မပြုပေးနိုင်ပေ။
အချိန်အများစုကို သူမက တစ်ယောက်တည်း ဗီလာမှာ TV ကြည့်နေရသည်။
ထိုအချက်ကို ရှန်းမူမူက သတိထားမိခဲ့သည်။
ညစာစားပြီးသည့် နောက်တစ်နေ့တွင် ဖြစ်သည်။
ရှန်းမူမူက ရှီယွီယွဲ့ဗီလာအနီးရှိ ပန်းခြံထံ ဖုန်းယောင်ချင်ကို ခေါ်သွားခဲ့သည်။
“ဘာလို့ ဒီကိုခေါ်လာတာလဲ။” ဖုန်းယောင်ချင်က ပဟေဠိဆန်ကာ ပတ်ကြည့်ကာ မေးလိုက်သည်။
“ကဖို့ ခေါ်လာတာ၊ ဒီမှာ အမေ့အရွယ်လူတွေ ဒီပလာဇာမှာ ကကြတယ်။” ရှန်းမူမူက ပြောလိုက်သည်။
“ကရမယ်။” ဖုန်းယောင်ချင်က တွန့်ဆုတ်စွာ ပြောလိုက်သည်။ “ငါကရတာ စိတ်မဝင်စားဘူး။”
သူမ နိုင်ငံခြားရောက်နေသည့် အချိန်အတွင်း တရုတ်ပြည်တွင် အဖွဲ့လိုက်အက ခေတ်စားခဲ့သည်။
သူမက တစ်ခါမှ မကြုံဖူးကာ အဖွဲ့လိုက် မည်သို့ကသည်ကိုလည်း မသိပေ။
ရုတ်တရက်ပင် သီချင်းသံ ထွက်လာခဲ့သည်။
“ကြာရေကန်ထဲက ငါးလေးတွေကို သဘောကျတယ်၊ လရောင်အောက်မှာ မင်းကို အဖော်ပြုပေးချင်တယ်…”
“ရာသီဥတု လေးခုကို ဖြတ်ကျော်ပြီးတာတောင် ကြာပန်းရနံ့လေးက ကျန်တုန်းပဲ…”
ဟမ် သူ့ရဲ့ ဖုန်းringtoneအသံ မဟုတ်ဘူးလား။
ဖုန်းယောင်ချင်က အသံလာရာကို လှည့်ကြည့်လိုက်သည်။
သူမရှေ့က အဖွဲ့နှစ်ဖွဲ့ သုံးဖွဲ့လောက်က ယခုတော့ တန်းစီနေသည်။
သူမဘေးက သက်လတ်ပိုင်း အမျိုးသမီးများက အရှေ့က ခေါင်းဆောင်ကသည့်အတိုင်း တက်ကြွစွာ လိုက်ကနေသည်။
လူတိုင်း၏မျက်နှာထက်တွင် အပြုံးများပေါ်နေကာ လူဘဝ၏နွေးထွေးမှုများ ပြည့်နေသည်။
သူမက မနေနိုင်စွာ သီချင်း ဒုတိယအပုဒ်ကို လိုက်ဆိုလိုက်မိသည်။
“ရေလယ်မှာ မင်းကို စောင့်မျှော်နေတယ်…”
ရှန်းမူမူက သူမ အကြံအောင်သွားသကဲ့သို့ မျက်လုံးများ တောက်ပသွားသည်။
“အမေ ဒီရောက်နေမှတော့ ကြိုးစားကြည့်ပါလား။”
***