ကိုယ့်မျက်လုံးထဲမှာ မင်းက အထူးခြားဆုံးပဲ
Vol. 11 Ch. 133
ဟဲကျစ်ယန်သည် မသိလိုက်ဘဲ သူမ၏ အတွေးများက စိုက်ပျိုးမြေအကြောင်း မျှဝေပေးရာမှ ကမ္ဘာလောကကြီး၏ ရှုပ်ထွေးမှုများကို တွေးတောခြင်းဆီသို့ လမ်းလွဲသွားခဲ့သည်။
သူမ အတွေးတွေ ဝေဝါးနေရာကနေ စိုက်ပျိုးမြေဆီသို့ ပြန်ရောက်သွားပြန်သည်။
“အနောက်မြောက်ဘက်ကိုရောက်ရင် ကျွန်မတို့ ဒီလိုအိမ်မျိုးဆောက်ကြမလား။ ရှင်ရော ဘယ်လိုထင်လဲ။”
သူမ ထိုသို့ပြောနေစဉ် ဟဲကျစ်ယန်သည် ပေါက်ပြားဖြင့် မြေပေါက်ပြီး လယ်ယာစိုက်ပျိုးနေသည့် မော့ကျိုးယွီ၏ ပုံရိပ်အား မြင်ယောင်ကြည့်နေမိသည်။
ဤသည်မှာ သူမ အမှန်တကယ် နေထိုင်လိုသော ဘဝ ဖြစ်ကောင်းဖြစ်နိုင်သည်။
မော့ကျိုးယွီက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေခဲ့သည်၊ “ကောင်းပြီလေ၊ အဲ့အချိန်ကျရင် ကိုယ် အလုပ်ကြိုးစားပြီး မင်းကို ပံ့ပိုးပေးမယ်။ မင်းကတော့ ကိုယ်တို့ရဲ့ ကလေးတွေကို အိမ်မှာ ပြုစုစောင့်ရှောက်ဖို့ကိုပဲ တာဝန်ယူပေါ့။”
“ကိုယ်တို့ကလေးတွေ” ဆိုသည့် စကားကိုကြားတော့ ဟဲကျစ်ယန်က ရှက်သွားခဲ့သည်။
“ရှင်နဲ့ ကလေးယူချင်တယ်လို့ ဘယ်သူပြောလို့လဲ။”
မော့ကျိုးယွီသည် သူ စိတ်အခြေအနေကောင်းမွန်နေသောကြောင့် သူ့စကားများကို မထိန်းချုပ်နိုင်ဘဲ သူ့စိတ်ထဲရှိသောအရာများကို အမှန်အတိုင်း ထုတ်ပြောလာခဲ့သည်။
အစကတော့ ဘာမှ လွဲချော်နေတယ်လို့ မခံစားမိပေမယ့် ဟဲကျစ်ယန်က သူ့ကို ဒီလို မေးခွန်းမျိုး မေးလာတဲ့အခါမှာတော့ သူလည်း ရှက်သွားပြီး နည်းနည်းထစ်ငေါ့သွားခဲ့သည်။
“မင်း… မင်းက ကိုယ် တရားဝင် လက်ထပ်ယူထားတဲ့ ဇနီးသည်လေ… မင်းမှမဟုတ်ရင် ကိုယ်က ဘယ်သူနဲ့ ကလေးယူရမှာလဲ။”
မော့ကျိုးယွီနှင့် အချိန်များစွာ ကုန်ဆုံးပြီးနောက် ဒါဟာ သူနဲ့ မတူတဲ့ တစ်ဖက်ခြမ်းကို သူမကို ပထမဆုံး မြင်ဖူးခြင်းပါပဲ။
အရင်တုန်းကတော့ မော့ကျိုးယွီဟာ တခြားသူတွေရှေ့မှာ ဘာမှမထူးခြားဘဲ ဆိတ်ဆိတ်သာရှိပြီး ဒီနေ့မှာတော့ သူက ပြောင်းလဲသွားပုံရသည်။
ယခုအချိန်မှာတေ့ ဟဲကျစ်ယန်သည် အမှန်တကယ်ပင် စကားမပြောနိုင်တော့ပေ။
သူမ၏ အထောက်အထားသည် မော့ကျိုးယွီ၏ တရားဝင်ဇနီးဆိုသည်မှာ မှားစရာ မရှိပေ။
သူမသည် မော့ကျိုးယွီကို နှလုံးသားထဲတွင် အသိအမှတ်ပြုထားသော်လည်း သူမသည် အချစ်ကို မခံစားဖူးသည့်တိုင် မော်ဒန်ခေတ် ဝိညာဉ်တစ်ဦးအနေဖြင့် သူမ၏ ခံစားချက်များကို မဖော်ပြဘဲ ဖြစ်ကတက်ဆန်းနိုင်စွာ သူနှင့် အတူမရှိချင်ပေ။
မော့ကျိုးယွီ၏ ပင်ကိုယ်သဘာဝကို တွေးကြည့်လျှင် သူသည် ရှေးခေတ် ပဒေသရာဇ် အတွေးအခေါ်များ အရိုးစွဲနေသည့် ရှေးဟောင်းပစ္စည်း ဖြစ်ပေသည်။
သူ့ခံစားချက်တွေကို သူမကို အစပြု ဝန်ခံလာမှာကို စောင့်ဆိုင်းနေမယ်ဆိုရင် ဒါက မဖြစ်လာနိုင်ဘူးလို့ ခံစားရသည်။
ဤကိစ္စတွင် သူမကိုယ်တိုင် သူ့ကို အမေးထုတ်နိုင်သည်။
အဖြေကို သိပြီးသည်နှင့် သူမ၏ အနာဂတ် ဦးတည်ချက်ကို ဆုံးဖြတ်ချက်ချနိုင်ပါလိမ့်မည်။
“အင်း… ရှင် ကျွန်မကို ကြိုက်လား။”
“ကိုယ် ကြိုက်တယ်” မော့ကျိုးယွီက မဆိုင်းမတွ ပြန်ဖြေသည်။
ဟဲကျစ်ယန်သည် သူက တခြားအရာတွေ ဆက်ပြောလာလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ဒီစကားနှစ်လုံးကို ပြန်ဖြေပြီးတဲ့နောက်မှာတော့ သူက ထပ်မပြောဘဲ သူမကို ချစ်ခင်ကြင်နာစွာ စိုက်ကြည့်နေခဲ့သည်။
ဟဲကျစ်ယန်သည် ကူကယ်ရာမဲ့သလို ခံစားရကာ သူ့ကို ဆက်လက်လမ်းညွှန်ပေးခဲ့သည်။
“ဒါဆို ရှင် ကျွန်မကို ဘာကြောင့် ကြိုက်တာလဲဆိုတာကို ပြောပြပါလား။”
မော့ကျိုးယွီသည် ခဏလောက် စဉ်းစားပြီး လေးနက်တဲ့ အသံနဲ့ ပြန်ဖြေသည်။
“မင်းက ကိုယ်သိဖူးတဲ့ တခြားအမျိုးသမီးတွေနဲ့ မတူဘူး။ မင်းက လှတယ်၊ ဉာဏ်ကောင်းတယ်၊ ပညာရှိတယ်၊ သတ္တိရှိတယ်…
အတိုချုပ်ပြောရရင် မင်းက ကိုယ့်မျက်လုံးထဲမှာ အထူးခြားဆုံးပဲ။
မင်း ဘာပဲလုပ်လုပ်၊ မင်းကိုမြင်နေတာနဲ့ ကိုယ်အရမ်းပျော်တယ်။
ကိုယ့်မျက်စိရှေ့မှာ မင်းမရှိရင် ငါ စိတ်ပူပန်တယ်။
မင်း အရင်တစ်ခေါက်က ချောက်ကမ်းပါးပေါက်ကနေ ပြုတ်ကျသွားတုန်းက ကိုယ် ပထမဆုံး တွေးမိတာက မင်းသေသွားရင် ကိုယ့်ဘဝက သေတာထက် ပိုဆိုးသွားလိမ့်မယ်။”
ဟဲကျစ်ယန်သည် မော့ကျိုးယွီတစ်ယောက် စကားတွေ အများကြီး ပြောသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
မော့ကျိုးယွီသည် သူ့စိတ်သဘောထားကို ထုတ်ဖော်ပြောဆိုရာတွင် မကျွမ်းကျင်ကြောင်း သူမ စိတ်ထဲတွင် သိနေသည်။
သူ့ရဲ့ အကျင့်စရိုက်အရ အမျိုးသမီးတစ်ယောက် စိတ်ကျေနပ်စေဖို့အတွက် သူ့စိတ်ကို ဆန့်ကျင်ပြီး မဟုတ်မမှန်တဲ့ စကားတွေကို ပြောပေးမှာ မဟုတ်ဘူး။
ဒီအချိန်မှာ ဟဲကျစ်ယန်သည် နည်းနည်းတော့ ရင်ခုန်သွားကြောင်း ပြောရပေမည်။
ရှေးခေတ်လူသား မော့ကျိုးယွီသည် ဤမျှလောက် ပြောနိုင်လျှင်ပင် အလွန်ကောင်းနေပြီလို့ သူမ အစက ထင်ခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ သူက ခဏရပ်သွားပြီး ဆက်ပြောလာခဲ့သည်။
“ကိုယ်က အခု ပြည်နှင်ဒဏ်ပေးခံရတဲ့ အကျဉ်းသားတစ်ဦးဖြစ်လာခဲ့ပြီး အမျိုးသမီးတွေ အားလုံး လိုချင်တဲ့ အခွင့်ထူးခံ အဆင့်အတန်းမျိုးကို မင်းကို မပေးနိုင်ပေမယ့် ဒီတစ်သက်လုံးမှာ ကိုယ်ကို ကောင်းကောင်း ဆက်ဆံပေးမယ်၊ ဘယ်တော့မှ နစ်နာတယ်လို့ မခံစားစေရဘူးလို့ ကိုယ် အာမခံတယ်။”
မော့ကျိုးယွီသည် မကြာသေးမီက သူ့စိတ်ထဲတွင် ရုန်းကန်နေခဲ့သည်။
သူသည် ဟဲကျစ်ယန်ကို အနာဂတ်တွင် ကောင်းမွန်ဇိမ်ကျသောဘဝမျိုး ပေးစွမ်းနိုင်လိမ့်မည်မဟုတ်ဟု သူထင်ခဲ့ပြီး ဟဲကျစ်ယန်ကို လွတ်မြောက်ခွင့်ပေးရန်ပင် စဉ်းစားခဲ့သည်။
ဒါပေမယ့် သူမ သူ့ကို ထားသွားတော့မယ်လို့ တွေးလိုက်တိုင်း အရမ်းကို ကြေကွဲဝမ်းနည်းသလို ခံဏားရကာ ဒီအမျိုးသမီးကို သူ လေးလေးနက်နက် ချစ်မိသွားပြီဆိုတာကို သူ သိလိုက်ရသည်။
သူမ မရှိရင် သူ ပျော်မှာ မဟုတ်ဘူး။
ထို့ကြောင့် မော့ကျိုးယွီသည် ယနေ့ သူ့ခံစားချက်အစစ်အမှန်ကို ဖော်ပြခဲ့တာဖြစ်သည်။
ဟဲကျစ်ယန်ကလည်း သူ့အပေါ် ခံစားချက်တွေရှိပြီး သူနှင့် လိုလိုလားလား အတူရှိပေးဖို့ကို သူ မျှော်လင့်ခဲ့သည်။
ဟဲကျစ်ယန်သည် ယခုအချိန်တွင် မော့ကျိုးယွီ၏ ရည်ရွယ်ချက်ကို လုံးဝ နားလည်နေပြီဖြစ်သည်။
သူမကိုယ်သူမ မေးခွန်းထုတ်ပြီးနောက် သူမသည်လည်း မော့ကျိုးယွီကို ကြိုက်နှစ်သက်ကြောင်း သေချာသွားခဲ့သည်။
သူမတို့နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် ချစ်နေတာကြောင့် အချိန်ဆွဲနေဖို့ မလိုတော့ဘူး။
“ကတိစကားဆိုတာ ပြောပြီးရင် တည်ဖို့ ခက်တယ်၊ ဒါကြောင့် ရှင့်ကတိစကားကို တည်ဖို့ ရှင် ကြိုးစားရမယ်။”
မော့ကျိုးယွီက ဘယ်လောက်ပဲ တုံးအနေပါစေ၊ ဟဲကျစ်ယန် ဆိုလိုချင်သည့် အဓိပ္ပါယ်ကို သူ နားလည်ပေသည်။
မော့ကျိုးယွီက စိတ်လှုပ်ရှားစွာ သူမလက်ကိုဆွဲပြီး မေးလိုက်သည်၊ “ယန်ယန်၊ မင်း ကိုယ့်ကို လက်ခံတယ်မလား၊ ဟုတ်တယ်မလား။”
ဟဲကျစ်ယန်က ခေါင်းညိတ်ပြီး “အင်း၊ အဲဒါက ရှင့်စွမ်းဆောင်ရည်အပေါ်မှာ မူတည်လိမ့်မယ်” ဟု ပြောလိုက်သည်။
မော့ကျိုးယွီသည် ကလေးတစ်ယောက်လို ပျော်ရွှင်နေပြီး ဟဲကျစ်ယန်ကို ကောက်မကာ မွှေ့ယမ်းခဲ့သည်။
“ယန်ယန်၊ စိတ်မပူပါနဲ့။ ကိုယ် မော့ကျိုးယွီက ကိုယ့်စကားကို ကိုယ်တည်တယ်။ ကိုယ် မင်းကို ဒီတစ်သက်လုံး ချစ်မြတ်နိုးသွားပါ့မယ်။”
ဟဲကျစ်ယန်သည် ရုတ်တရက် ပွေ့ချီပြီး မွှေ့ယမ်းခံလိုက်ရသဖြင့် အနည်းငယ် မူးဝေသွားခဲ့သည်။
သို့သော်လည်း သူမသည် မော့ကျိုးယွီ၏ ကောင်းမွန်နေသော စိတ်အခြေအနေကို မထိခိုက်စေချင်ပါ။
သူတို့ မြို့တော်ကနေ ထွက်ခွာလာပြီးသည့်နောက် သူ ဒီလိုမျိုး ပျော်နေတာကို ရှားရှားပါးပါး မြင်ရသဖြင့် ဟဲကျစ်ယန်သည် သူ့ကို တားဖို့ တွန့်ဆုတ်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် မော့ကျိုးယွီသည် အကြိမ်အနည်းငယ် လှည့်ပြီးနောက် ရပ်တန့်သွားသော်လည်း သူမကို ပွေ့ဖက်ထားသည့် လက်များကိုတော့ လွှတ်မချခဲ့ပေ။
နှစ်ယောက်သား မတ်တပ်ရပ်ပြီး တစ်ယောက်ကိုတစ်ယောက် ဖက်ထားရင်း တစ်ယောက် ရင်ခုန်သံကို တစ်ယောက် ခံစားမိပေသည်…
ဟဲကျစ်ယန်သည် ဘဝ နှစ်ခုတွင် နေထိုင်ကြီးပြင်းလာပြီး ခေတ်မီသော ဝိညာဉ်ကို ပိုင်ဆိုင်ထားသော်လည်း ဤသည်မှာ သူမ၏ အချစ်ကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးတာ ဖြစ်ပြီး အနည်းငယ် ချီတုံချတုံဖြစ်သလို ခံစားမိသည်။
ခဏကြာ ပွေ့ဖက်ပြီးနောက် ဟဲကျစ်ယန်သည် အနည်းငယ် ရှက်ရွံ့နေသလို ခံစားရကာ သူ့ကို တွန်းထုတ်ပြီး ဆင်ခြေတစ်ခု ပေးလိုက်သည်။
“ကျွန်မ ဖုန်းကို သွားစစ်လိုက်ဦးမယ်။”
သူ့ရဲ့ ချစ်လှစွာသော အမျိုးသမီးလေး အမြန်ပြေးသွားတာကိုမြင်တော့ မော့ကျိုးယွီသည် ကူကယ်ရာမဲ့စွာ ခေါင်းခါပြီး ပတ်ဝန်းကျင်ရှုခင်းကို ခံစားဖို့ နေရာမှာပင် ဆက်ထိုင်နေခဲ့သည်။
ဟဲကျစ်ယန်သည် ဆေးကုသခန်းထဲသို့ အမြန်ပြေးဝင်ကာ သူမ၏ လက်ကိုင်ဖုန်းကို ထုတ်ယူပြီး တာ့ပေါင်မောလ်အား စစ်ကြည့်လိုက်သည်။
ထိုအခါမှသာ စခရင်အောက်ခြေရှိ မှိတ်တုတ်မှိတ်တုတ် အိုင်ကွန်တစ်ခုကို သူမ သတိပြုမိခဲ့သည်။
စုဆောင်းသူလေးထံမှ စာရောက်နေသည်။
“ဘော့စ်၊ နင်က တကယ့် အံ့ဖွယ်ပဲ။ ငါ နင့်ဆိုင်က ပစ္စည်းအားလုံးကို ကြိုက်တယ်။ တကယ်လို့ အခုလောလောဆယ် ကြုံတွေ့နေရတဲ့ ငွေကြေးအခက်အခဲကြောင့်သာ မဟုတ်ရင် ငါ နင့်ဆိုင်က ပစ္စည်းတွေ အကုန်ဝယ်မှာ သေချာတယ်။”
ဟဲကျစ်ယန် - ငါ့မှာ ရှေးဟောင်းပစ္စည်းမျိုးစုံ ရှိတယ်။ နင်က ငါ့ရဲ့ ပထမဆုံး ဈေးဝယ်သူဖြစ်သလို ဈေးဝယ်သူအကြီးစားပဲ။ မင် အနာဂတ်မှာ တစ်ခုခု လိုအပ်ရင် ငါ့ကို ပြောပါ။
စုဆောင်းသူလေး လိုချင်တဲ့ အရာ သူမဆီမှာ မရှိဘူးဆိုရင်တောင် သူမသည် အပြင်ထွက်ပြီး ရှာနိုင်လိမ့်မည်ဟု တွေးမိသည်။
တကယ်တော့ သူမဟာ ရှေးခေတ်မှာ နေထိုင်နေတာဖြစ်တဲ့အတွက် သူမ လိုချင်သမျှကို ရယူဖို့ ခက်မှာ မဟုတ်ဘူး။
အရမ်းနောက်ကျနေတာ ဖြစ်နိုင်ပေသည်။ စုဆောင်းသူလေးက အကြောင်းမပြန်လာခဲ့ပါ။ ဟဲကျစ်ယန်သည် ဈေးဆိုင်ရှိ ပစ္စည်းများကို စစ်ကြည့်ပြီး ရာနဲ့ချီ ကျန်နေသေးသောကြောင့် ထပ်တင်ဖို့ မလိုအပ်ဘူးဟု ဆုံးဖြတ်လိုက်သည်။ သူမသည် ဖုန်းကိုပိတ်ပြီး မော့ကျိုးယွီနှင့်အတူ အပြင်ပြန်ထွက်လာခဲ့သည်။
မော့ကျိုးယွီသည် ရုတ်ခြည်း ဖြစ်ပျက်သွားသည့် ဝန်ခံမှုကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေသေးသည်။ ထို့ကြောင့် သူသည် အနည်းငယ် ကမောက်ကမဖြစ်နေပြီး ဘာဆက်လုပ်ရမည်ကို မသေချာမရေရာပေ။
ဟဲကျစ်ယန်သည်လည်း ထိုအတိုင်းပင်၊ စိုက်ပျိုးမြေနှင့် မော့ကျိုးယွီ၏ ဝန်ခံခြင်းအတွက် စိတ်လှုပ်ရှားနေသေးသည်။
သို့သော်လည်း သူမသည် ယခုအချိန်တွင် အလွန်ရှက်နေသဖြင့် မော့ကျိုးယွီကို ကျောခိုင်းပြီး အနည်းငယ်မျှပင် မလှုပ်ဝံ့တော့ပေ။
မော့ကျိုးယွီသည် မနက်အစောကြီးရှိနေသေးတာကို သတိပြုမိတော့ သူက တဲထဲမှာ ရိုးရိုးလေးပဲ ဆက်အိပ်ပြီး ခေါင်းကို လက်ဖြင့် ထောက်ကာ သူမအား စစ်ဆေးကြည့်လိုက်သည်။
ထို့နောက် သူမဆီသို့ သူ့လက်တစ်ဖက်ကို သူ့အလိုလို ဆန့်တန်းလိုက်မိသည်။
ဟဲကျစ်ယန်သည် သူ့အထိအတွေ့ကို ခံစားလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်လေး တင်းမာသွားသည်။ ချက်ချင်းဆိုသလိုပင် လျှပ်စစ်ရှော့တိုက်တာ ခံလိုက်ရသလိုမျိုး သူမ၏ တစ်ကိုယ်လုံး ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။
သို့သော် သူမ မတိမ်းရှောင်ခဲ့ပေ။
ဒါကိုမြင်တော့ မော့ကျိုးယွီသည် သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းဖို့ ခွန်အားအချို့ကို အသုံးချခဲ့တယ်…။
***