ထန်မင်လွေ့
Vol. 11 Ch. 134
ဟဲကျစ်ယန်ကတော့ အခုထိ မရှောင်တိမ်းသေးပေ။
ဘာပဲဖြစ်ဖြစ် သူမနှင့် မော့ကျိုးယွီတို့ဟာ လက်ထပ်ပြီးသားဖြစ်ကာ တရားဝင် ဇနီးမောင်နှံတွေ ဖြစ်ကြသည်။
ဒါ့အပြင် သူတို့နှစ်ယောက်ဟာ အချင်းချင်း ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်တာမို့ အခုအချိန်မှာ တစ်ခုခု ဖြစ်သွားခဲ့ရင်တော့ ကျိုးကြောင်းဆီလျော်မှု ရှိပါလိမ့်မည်။
သူမ မော့ကျိုးယွီ၏ ရင်ခွင်ထဲသို့ ကျရောက်သွားပြီး တစ်ချိန်တည်းမှာပင် သူမ၏ လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။
သူက သူမ၏ ကျောပြင်လေးကို ခပ်ဖွဖွလေး ပုတ်ပေးခဲ့သည်။
“စောနေသေးတယ်၊ ကိုယ်တို့ ခဏလောက် အနားယူရအောင်။ ကိုယ် မင်းအတွက် ပြီးပြည့်စုံတဲ့ မင်္ဂလာခန်းလေး ပြင်ပေးချင်သေးတယ်။ ဒါကြောင့် ကိုယ် အဲဒီအချိန်ထိ သေချာပေါက် စောင့်ပါ့မယ်။”
ဒီတစ်ကြိမ်မှာတော့ ဟဲကျစ်ယန်က စိတ်သက်သာရာရသွားခဲ့သည်။
နေရာလွတ်၏ အံ့အားသင့်ဖွယ်လေးကြောင့် ဟဲကျစ်ယန်သည် တစ်ညလုံး မအိပ်စက်ရသေးဘဲ ယခုအချိန်တွင် အမှန်တကယ် အိပ်ငိုက်နေပြီဖြစ်သည်။
ဟဲကျစ်ယန်သည် မျက်လုံးတွေကိုမှိတ်ထားရင်း အလွန်သက်တောင့်သက်သာရှိသော ပွေ့ဖက်မှုကို ခံစားပြီး သိပ်မကြာခင်မှာပဲ သူမ အိပ်မောကျသွားခဲ့သည်။
သူမသည် နာရီဝက်မျှသာ အိပ်ခဲ့ရသော်လည်း ယခုအချိန် သူမ နိုးလာပုံမှာ ယခင်ကနှင့် မတူတော့ပေ။ သူမသည် မော့ကျိုးယွီ၏ ရင်ခွင်ထဲတွင် လဲလျောင်းနေဆဲဖြစ်သည်။
မော့ကျိုးယွီ၏ အသံသည် အနည်းငယ် အက်ရှနေသည်၊ “မင်း နိုးပြီလား။”
“နိုးပြီ” ဟဲကျစ်ယန်က ပြန်ဖြေပြီး အိပ်ရာထဖို့ပြင်လိုက်သည်။
မမျှော်လင့်ဘဲ မော့ကျိုးယွီက သူမကို ရုတ်တရက် တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး သူမ၏ နဖူးလေးကို နူးညံ့ညင်သာစွာ နမ်းရှိုက်လိုက်သည်။
ဟဲကျစ်ယန်သည် အနည်းငယ် ရှက်ရွံ့စွာ တွန်းထုတ်လိုက်ပြီး တစ်ခုခုပြောခါနီးတွင် အပြင်မှ အဌမ မရီး၏ အသံကို ကြားလိုက်ရသည်။
“နဝမ ခယ်မလေး၊ နင့်ဆေးက အရမ်းထိရောက်တယ်။ နင့်အစ်ကို ဒီမနက် အိပ်ရာကထပြီး လမ်းလျှောက်တဲ့အခါ မနေ့ကထက် အဆင်ပြေချောမွေ့နေပြီ။”
ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသည်နှင့် ဟဲကျစ်ယန်သည် သူခိုးတစ်ယောက်လို မော့ကျိုးယွီ၏ လက်များကို အမြန်ခွာလိုက်သည်။
သူမသည် ဆံပင်ကို ပေါ့ပေါ့ပါးပါး ထုံးဖွဲ့ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီး တဲကန့်လန့်ကာကို ဖွင့်လိုက်သည်။
တကယ်တော့ သူမ ရှက်စရာတစ်ခုခုလုပ်နေတာကို တခြားသူတွေ မြင်သွားမှာ ကြောက်နေသလို ခံစားရသည်။
အဌမ မရီးသည် စည်းကမ်းများကို ကောင်းစွာ သိနားလည်ပြီး တဲနှင့် ငါးမီတာအကွာတွင် မတ်တပ်ရပ်နေပါသည်။
ဟဲကျစ်ယန်ထွက်လာတာကိုမြင်တော့ အဌမ မရီးက သူမ ရှိရင်းစွဲ နေရာ၌ပင် ရပ်နေခဲ့သည်။
“နဝမ ခယ်မလေး၊ နင့်ကိုလေ အစ်မ ဘယ်လို ကျေးဇူးတင်ရမှန်း မသိတော့ဘူး။”
ဟဲကျစ်ယန်က ပြုံးလိုက်သည်၊ “အဌမ မရီး၊ ညီမတို့က မိသားစုဝင်တွေပဲ၊ ဒါကြောင့်မို့ တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင်နေစရာ မလိုပါဘူး။”
ဟဲကျစ်ယန် သူမဆီသို့ လျှောက်လာသည်ကိုမြင်တော့ အဌမ မရီးက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ သူမ၏ လက်ကို လှမ်းကိုင်လိုက်သည်။
“နဝမ ခယ်မလေးက ဒီလိုပြောတယ်ဆိုတော့ အစ်မ နင့်ကို မယဉ်ကျေးနေတော့ဘူးနော်။”
သူတို့ပြောနေကြတုန်းမှာ တခြားမရီးတွေက မနက်စာ ပြင်ဆင်ထားပြီးပြီဖြစ်ကာ သူတို့ကို မနက်စာ စားဖို့ လာခေါ်ကြသည်။
မော့ကျိုးယွီသည် တဲနှင့် အခြားပစ္စည်းများကို သပ်ရပ်စွာ သိမ်းဆည်းပြီး သူတို့နှင့်အတူ မနက်စာ စားရန် သွားခဲ့သည်။
မော့ကျိုးယွီသည် သူ့ထမင်းစားတူများကို ချပြီးတာနဲ့ ဖမ်းဝမ် ရောက်လာခဲ့သည်။
သူက မော့ချူဟန်၏ ခန္ဓာကိုယ်အကြောင်းကို အရင်ဆုံး မေးမြန်းပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် သူတို့၏ နွားလှည်းကို လှမ်းကြည့်လိုက်သည်။
“ညီလေးမော့၊ ခယ်မလေး၊ နောက်နှစ်ရက်နေရင် ငါတို့ ဆားကန်ဒေသကို ဖြတ်သွားရမယ်။ ဆားကန်မှာ တံတားမရှိဘူး။ မြစ်ကိုဖြတ်ဖို့ လှေကိုပဲ စီးရမယ်။ ဒါကြောင့် မင်းတို့ နွားလှည်းကို ဆက်မသုံးနိုင်မှာကို ငါစိုးရိမ်တယ်။
ပြီးတော့ ဒါကို ပိုက်ဆံနဲ့ ဝယ်ခဲ့တာဆိုတော့ ဒီအတိုင်း လွှင့်ပစ်ဖို့ဆိုတာ နှမြောဖို့ကောင်းတယ်။ ဒီနေ့ မြို့တစ်မြို့ကို ဖြတ်သွားတဲ့အခါကျရင် တိရိစ္ဆာန်အရောင်းဆိုင်ကိုသွားပြီး မင်းတို့ကိုယ်တိုင် ရောင်းချလိုက်ပါလား။”
အကယ်၍ မနေ့ညသာ ဖြစ်ခဲ့မည်ဆိုလျှင်၊ ဟဲကျစ်ယန်ဟာ ဖမ်းဝမ်၏ အကြံပြုချက်အတိုင်း နွားလှည်းကို သေချာပေါက် ရောင်းချလိုက်မည်ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် သူမ၏ စိုက်ပျိုးမြေတွင် နေရာများစွာရှိနေပြီဖြစ်ပြီး နွားလှည်းကို သိမ်းဆည်းထားနိုင်ပြီဖြစ်သည်။
နောက်ဆုံးတော့ သူမနှင့် မော့ကျိုးယွီတို့သာ ဤလျှို့ဝှက်ချက်ကို သိသောကြောင့် ဖမ်းဝမ်၏ စကားများကို သဘာဝကျစွာ သဘောတူခဲ့ကြသည်။
“အစ်ကိုကြီးဖမ်း၊ စိတ်မပူပါနဲ့။ ညီမတို့ ဒီနေ့ ဒီနွားလှည်းကို ရောင်းချလိုက်မယ်။”
ဖမ်းဝမ်သည် သူ၏ လာရင်း ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ပြီးနောက် ခရီးဆက်ရန် အစီအစဉ်များ ချမှတ်ခဲ့သည်။
သူတို့ နွားလှည်းကို ရောင်းချဖို့ အခွင့်အရေးပေးသည့်အနေဖြင့် ပင်မတပ်ဖွဲ့ ဒီနေ့ နေ့တစ်ဝက်လောက် ခရီးနှင်ပြီး အနားယူဖို့ မြို့ထဲကို တန်းဝင်သွားခဲ့သည်။
နောက်နေ့မနက်စောစောမှာ ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့က နွားလှည်းရောင်းဖို့ ထွက်လာခဲ့ကြသည်။
အပေါ်ယံမှာ နွားလှည်းကို သွားရောင်းဖို့ ဆိုပေမယ့် တကယ်တမ်းမှာတော့ နွားလှည်းကို နေရာလွတ်ထဲသို့ ထည့်ဖို့ပါပဲ။
ဟဲကျစ်ယန်သည် တာ့ပေါင်မောလ်မှ မော့ချူဟန်အတွက် ဖြည့်စွက်စာအချို့ကို ဝယ်ယူခဲ့ပြီး မိသားစုဝင်များအတွက် ရာသီစာ သစ်သီးအချို့ကိုလည်း ဝယ်ယူခဲ့သည်။
နှစ်ယောက်သား တည်းခိုခန်းသို့ ပြန်ရောက်သောခါ ဖမ်းဝမ်နှင့် အခြားသူများသ်ည သူတို့ပြန်လာဖို့ကို စောင့်ဆိုင်းလျက် ဆားကန်သို့ ခရီးဆက်ရန် အဆင်သင့်ဖြစ်နေကြသည်။
ဖမ်းဝမ်၏ အစီအစဉ်အရ၊ ပင်မတပ်ဖွဲ့သည် ညမိုးချုပ်လျှင် ဆားကန်အနီးရှိ မြို့သို့ ရောက်ရှိနေရမည်။
ဒီနေရာက တခြားနေရာတွေနဲ့ လုံးဝ မတူဘူး။
ဆားကန်၏ ရေဧရိယာသည် အလွန်ကြီးမားကျယ်ပြန့်ပြီး ပြည်နယ် သုံးခုကို လွှမ်းခြုံထားကာ တာ့ရွှင်းနိုင်ငံ၏ အချမ်းသာဆုံး ရေကြောင်းသယ်ယူပို့ဆောင်ရေး သွေးလွှတ်ကြောကြီးလည်း ဖြစ်သည်။
သူ့အမည်အတိုင်းပင် ဆားကန်သည် တာ့ရွှင်းနိုင်ငံအတွင်း စားသုံးနိုင်သော ဆား၏ အဓိက ထွက်ရှိသော နေရာလည်း ဖြစ်သည်။
ထို့ကြောင့် ဤနေရာသို့ ခရီးသွားလာသူ အရေအတွက်မှာ အတော်များသည်။
ဒီနေရာက အရမ်းချမ်းသာကြွယ်ဝတယ်၊ ဖမ်းဝမ်က သူတို့ကို တည်းခိုခန်းမှာ နေခိုင်းမယ်လို့ ထင်ခဲ့ကြသည်။
မထင်မှတ်ဘဲ ဖမ်းဝမ်က သူတို့ကို တောအုပ်လေးတစ်ခုဆီ ခေါ်သွားခဲ့သည်။
တာဝန်ကျ အရာရှိတွေက ဒါကို ကျင့်သားရနေသည်မှာ သိသာထင်ရှားပြီး လူတိုင်းအား အနားယူဖို့ နေရာရှာရန် ပြောခဲ့ကြသည်။
ဟဲကျစ်ယန်သည် ဤအခြင်းအရာကြောင့် အလွန်အံ့အားသင့်သွားသောကြောင့် သူမနှင့် အနီးဆုံး အရာရှိတစ်ဦးကို မေးလိုက်သည်။
“လူကြီးမင်း၊ ကျွန်မတို့ အခုလေးတင် မြို့ကို ဖြတ်လာတုန်းက တည်းခိုခန်းတွေ အများကြီး တွေခဲ့တယ်။ ဘာဖြစ်လို့ အဲ့မှာ မတည်းတာလဲ။”
အရာရှိက သက်ပြင်းချလိုက်သည်။
“ဒီကို နင် ပထမဆုံးအကြိမ် ရောက်တာဆိုတော့ ဘာမှ မသိဘူး။ ဆားကန်ဒေသက ချမ်းသာကြွယ်ဝတယ်။ နေ့တိုင်း တည်းခိုခန်းတွေက လူပြည့်နေတဲ့အပြင် တည်းခိုစရိတ်က အရမ်းဈေးကြီးတယ်။ တခြားနေရာတွေမှာ တစ်ညတည်းဖို့ ဝမ် ၁၀၀ ပဲ ပေးရတယ်၊ ဒီမှာတော့ တစ်ညကို ယွမ် ၂၀ အနည်းဆုံး ပေးရတယ်။”
ဟဲကျစ်ယန်သည် ဒီအတွက် ဘာမှ မခံစားရဘူး။ ၎င်းသည် သူမ၏ ယခင်ဘဝက မြို့ကြီးများနှင့် မြို့ငယ်များကြား ဈေးနှုန်း ကွာခြားချက်ကဲ့သို့ပင်။ ဈေးက အတော်လေး ကွာဟသည်။
သူမ၏ နေရာလွတ်ထဲမှာ ငွေသားတွေ အများကြီး ရှိပေမယ့် ဒီမှာ ပြစရာ မလိုဘူး။
ထို့ကြောင့် သူမသည် ဖမ်းဝမ်၏ အစီအစဉ်ကို အေးဆေးစွာ လက်ခံခဲ့သည်။
အရာရှိက ရှင်းပြပြီးရင် သူ့အလုပ် သူသွားလုပ်တော့မယ်လို့ တွေးထားပေမယ့် တခြားအကြောင်းတွေကို ထုတ်ပြောလာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။
“ကျွန်တော်တို့ ဒီကို နောက်ဆုံးအကြိမ်ရောက်တုန်းကတော့ ဒီက တည်းခိုခန်းနဲ့ စားသောက်ဆိုင်လုပ်ငန်းအများစုက ထန်လို့ခေါ်တဲ့ ကုန်သည်လက်ထဲမှာပဲ ရှိတယ်လို့ လူတွေပြောတာ ကြားမိတယ်။
နောက်ပိုင်းမှာ ထန်မိသားစုက သူတို့ မစော်ကားသင့်တဲ့လူမျိုးကို ဆန့်ကျင်မိလို့လား မသိဘူး။ ညတွင်းချင်း သူတို့ရဲ့ တည်းခိုခန်းနဲ့ စားသောက်ဆိုင်တွေက ပိုင်ရှင်ပြောင်းသွားခဲ့တယ်။ ထန်မိသားစုခေါင်းဆောင်လည်း ဒီကိစ္စကြောင့် နာမကျန်းဖြစ်ပြီး ရက်အနည်းငယ်အကြာမှာပဲ သေဆုံးသွားခဲ့တယ်။
ထန်မိသားစုရဲ့ လုပ်ငန်းကို ပိုင်ရှင်အသစ်က လွှဲပြောင်းယူပြီးနောက် သူက ဒီနေရာမှာ ရှိတဲ့ တည်းခိုခန်းနဲ့ စားသောက်ဆိုင်လုပ်ငန်းအားလုံးကို တဖြည်းဖြည်း လက်ဝါးကြီးအုပ်ထားလိုက်တယ်။ ဈေးနှုန်းက ဆက်လက်မြင့်တက်နေတာကြောင့် ယခုအခါမှာ သာမန်လူတွေ တည်းခိုဖို့ မတတ်နိုင်ကြတော့ဘူး။”
အရာရှိ ပြောပြလာသည့် ဇာတ်လမ်းနှင့် ပတ်သက်၍ ဟဲကျစ်ယန်သည် ၎င်းကို ပုံပြင်အဖြစ်သာ နားထောင်ခဲ့သည်။
အားလုံးက ညစာစားပြီး အနားယူဖို့ ပြင်ဆင်နေကြချိန်မှာပဲ တောအုပ်ထဲက အကူအညီတောင်းသံ တိုးတိုးကို ကြားလိုက်ရသည်။
မော့ကျိုးယွီက ပထမဆုံး သတိပေးသူ ဖြစ်သည်။
မော့ချူဟန်သည် အနည်းငယ် အားနည်းနေသေးသော်လည်း သူက လုံးဝ လျစ်လျူမရှုခဲ့ပေ။
ညီအစ်ကိုနှစ်ယောက်သား အသံကြားရာဘက်သို့ မျက်နှာမူပြီး သတိထားစောင့်ကြည့်နေသည်။
လျန့်ဟောက်တို့ကလည်း အမှောင်ထဲတွင် ပုန်းအောင်းနေပြီး သခင်နှစ်ဦး အမိန့်ပေးလိုက်တာနဲ့ ကိုင်တွယ်ဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။
ဟဲကျစ်ယန်သည်လည်း ညီအစ်ကိုနှစ်ယောက်ဘေးသို့ အမြန်လျှောက်သွားပြီး အဝေးမှ လှုပ်ရှားမှုကို ဂရုတစိုက် နားထောင်သည်။
များမကြာမီပင်၊ အော်ဟစ်အကူအညီတောင်းသံသည် ပိုမိုနီးကပ်လာကာ ဖရိုဖရဲ ခြေသံများနှင့်အတူ တိုးဝင်လာခဲ့သည်။
လရောင်ဖြင့် မြင်နေရသော အနက်ရောင် အရိပ်များစွာသည် ရှေ့သို့ အပြေးချီတက်လာခဲ့သည်။
ရှေ့ဆုံးကနေ ပြေးလာသူသည် မောပန်းနွမ်းနယ်ပြီး လဲကျသွားတော့မည်မှာ သိသာထင်ရှားသည်။
နောက်ကလူက ဓားကြီးကို အပေါ်ကနေ အုပ်မိုးပြီး အော်လိုက်သည်၊ “ထန်မင်လွေ့၊ တကယ်လို့ မင်း အသက်ရှင်ချင်တယ်ဆိုရင် ထန်မိသားစုရဲ့ စီးပွားရေး လျှို့ဝှက်ငွေစာရင်းစာအုပ်ကို နာခံမှု ရှိရှိ လွှဲပြောင်းပေးလိုက်ပါ။ မဟုတ်ရင် ဒီနေ့ကစပြီး နောက်နှစ် ဒီအချိန်ဆို မင်းရဲ့ သေခြင်းနှစ်ပတ်လည်နေ့ ဖြစ်သွားလိမ့်မယ်။”
“ဆားဂိုဏ်းသူခိုးတွေ ငါ သေရင်တောင် ငါ့မိသားစု လျှို့ဝှက်ငွေစာရင်းစာအုပ်ကို မင်းတို့လက်ထဲ လွှဲပြောင်းပေးမှာ မဟုတ်ဘူး။”
ထန်မင်လွေ့ဟူသော အမည်ကို ကြားတော့ ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် တစ်ယောက်နှင့် တစ်ယောက် နားလည်သော အကြည့်တွေဖြင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်သည်။
ဒီနာမည်က သူတို့နဲ့ မစိမ်းသက်ပေ။
နန်ချီက မော့ကျိုးယွီကို လုပ်ကြံသတ်ဖြတ်ရတဲ့ အကြောင်းအရင်း အစစ်အမှန်ကို ရှာဖွေဖို့အတွက် ဒီအချိန်ကာလရဲ့ သမိုင်းကြောင်းစာအုပ်များကို ဂရုတစိုက် ဖတ်ကြည့်ခဲ့ကြသည်။
သူတို့သည် သမိုင်းတွင် ထင်ရှားကျော်ကြားသူအချို့ကို နက်နဲစွာ အမှတ်ရနေခဲ့သည်။
သမိုင်းမှတ်တမ်းများအရ ဖေးနန်ယွီ တာ့ရှင်းမင်းဆက်ကို တည်ထောင်ပြီးနောက်မှာ သူ့အား နိုင်ငံတော်တည်ဆောက်ရေးတွင် အကြီးကျယ်ဆုံး ငွေကြေးပံ့ပိုးပေးသူမှာ ထန်မင်လွေ့ အမည်ရှိ ကုန်သည် ဖြစ်သည်။
***