ဒီကိစ္စအားလုံးကို အမှန်တကယ် ထိန်းချုပ်ထားတဲ့ အခြားလူတစ်ဦး ရှိနေလောက်တယ်
Vol. 11 Ch. 136
မော့ကျိုးယွီသည် ဒီလူသုံးယောက်မှာ ပိုက်ဆံ အနည်းငယ်ရှိမှန်းသိပြီး သူတို့ကို သူ့လို တောထဲမှာ မအိပ်စေချင်ဘူး။
ဒါကြောင့် သူက ရှောင်တခင် အကြောင်းပြချက် တစ်ခု ရှာလိုက်သည်။
“မင်းတို့တွေ တခြား ဘာမှ လုပ်စရာ မရှိရင် မြို့ထဲကို လှည့်ပတ်ကြည့်ပြီး ဆားဂိုဏ်းအကြောင်း အသေးစိတ် အချက်အလက်တချို့ ရှာဖွေ့ကြည့်ချေ။”
“ဟုတ်ကဲ့”
သူတို့က ပြန်ဖြေပြီးတာနဲ့ ထိုနေရာမှ သုံးယောက်သား ပျောက်ကွယ်သွားခဲ့သည်။
တဲထဲကိုပြန်ရောက်တော့ ဆားဂိုဏ်းအကြောင်း သူသိခဲ့ရတာတွေကို မော့ကျိုးယွီက ဟဲကျစ်ယန်ကို ပြန်ပြောပြခဲ့သည်။
“လွန်ခဲ့တဲ့ လေးနှစ်က ဆားဂိုဏ်းက ဆားကန်ဒေသမှာ ကျယ်ကျယ်ပြန့်ပြန့် ကြီးထွားလာပြီး အင်အားလည်း ကြီးလာခဲ့တယ်။
ဒါကို ဧကရာဇ်က ကြားသိရချိန်မှာ ဆားဂိုဏ်းဝင်တွေကို နှိမ်နင်းဖို့ တတိယအစ်ကိုကို တပ်ဖွဲ့ ဦးဆောင်ပြီး ချီတက်စေခဲ့တယ်။
တစ်လကျော်ကြာ ပိုက်ကွန်ချပြီးနောက် တတိယအစ်ကိုက နောက်ဆုံးမှာ ဆားဂိုဏ်းရဲ့ အခြေစိုက်နေရာကို ရှာတွေ့ခဲ့ပြီး ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲအချို့ကို ဖမ်းမိခဲ့တယ်။
ရလဒ်အနေနဲ့ ဒီနေရာက ခဏလောက် ငြိမ်သွားခဲ့တယ်။ တတိယအစ်ကို ဆားဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်ပြီးနောက် နှစ်အနည်းငယ်အတွင်း ဆားဂိုဏ်းက ဒီလောက် အတိုင်းအတာအထိ တစ်ဖန်ပြန်လည်ကြီးထွားလာလိမ့်မယ်လို့ ကိုယ် မထင်ခဲ့ဘူး။”
မော့ကျိုးယွီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဟဲကျစ်ယန်၏ ပထမဆုံး အတွေးမှာ ဆားဂိုဏ်းသည် တော်ဝင်တရားရုံးမှ သုတ်သင်ခြင်းခံရပြီးနောက် အချိန်တိုလေးအတွင်း ဆားဂိုဏ်းတစ်ဖန်ပြန်လည်ကြီးထွားသည်မှာ ဒီကိစ္စအားလုံး၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူတစ်ဦး ရှိရပေမည်။
“အပေါ်ယံမှာ ဆားဂိုဏ်းဟာ ငွေရေးကြေးရေးအရ အကျိုးစီးပွားရှာလိုသူတွေ ဖွဲ့စည်းထားတာလို့ ရှင် အမြဲတွေးထားတယ်မလား၊ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီအရာအားလုံးကို နောက်ကွယ်ကနေ အမှန်တကယ် ထိန်းချုပ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက် ရှိနေနိုင်လောက်တယ်။”
ဤအချက်သည် ဟဲကျစ်ယန်၏ ပေါ့ပေါ့ဆဆ ထင်မြင်ချက် မဟုတ်ပေ။ ရှေးခေတ်မှ မော်ဒန်ခေတ်အထိ မည်သည့်မင်းဆက်၏ ဆားဂိုဏ်းမဆို သူတို့၏ နောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက် မရှိခဲ့သနည်း။
မော့ကျိုးယွီက ခဏလောက် စဉ်းစားပြီး ခေါ်ငးညိတ်ပြသည်၊ “ဒါက မဖြစ်နိုင်တာ မဟုတ်ဘူး။”
သို့သော် ဆားဂိုဏ်း၏ နောက်ကွယ်မှ ပိုက်ရှင်အစစ်အမှန်မှာ မည်သူမည်ဝါဖြစ်သည်ကို သူ မမှန်းဆနိုင်ပေ။
ယခု ဆားဂိုဏ်းသည် တစ်ဖန် ပြန်လည်ကြီးထွားလာသောကြောင့် ၎င်းကို စိတ်ပူရန် လိုအပ်သောသူမှာ ဧကရာဇ်ရွှင်းဝူသာ ဖြစ်သည်။
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် ဤအကြောင်းအရာများနှင့် ပတ်သက်၍ စကားစမြည်ပြောဆိုရုံသာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် မနက်ဖြန် မနက်စောစောမှာ သူတို့ ဒီကနေ ထွက်သွားရတော့မည်ဖြစ်ကာ ဆားဂိုဏ်းကိစ္စက သူတို့နဲ့ မဆိုင်ဘူး။
မော့ကျိုးယွီက ကောင်းကင်ကို မော့ကြည့်ပြီး အချိန်ကို စစ်ဆေးလိုက်သည်၊ “နောက်ကျနေပြီ။ ကိုယ်တို့ မနက်ဖြန် ခရီးထွက်ရဦးမှာမို့ စောစောအိပ်ကြရအောင်။”
ဟဲကျစ်ယန်သည် အနည်းငယ် ပင်ပန်းနေပြီး နှစ်ယောက်သား သိပ်မကြာခင် သပ်ရပ်စွာ အိပ်ပျော်သွားခဲ့ကြသည်။
ညဉ့်နက်သန်းခေါင်တွင် ဆူညံအော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် စစ်ဆေးကြည့်ရှုရန် တဲထဲမှ ထွက်လာခဲ့ကြသည်။
တောအုပ်အပြင်ဘက်တွင် မီးတောက်များ ကောင်းကင်သို့တိုင် တောက်လောင်မြင့်တက်လာခဲ့သည်။
“ဟေ့ အရာရှိတွေ၊ မင်းတို့ ဓားကိုင်ထားတဲ့ လူတွေကို တွေ့လိုက်ကြလား။”
ကျန်းချင်းသည် အခုမှ အဆိုင်းပြောင်းပြီး အနားယူနေတာ ဖြစ်သည်။ ဒီအချိန်မှာ သူ အနှိုးခံလိုက်ရတော့ သူ့စိတ်အခြေအနေက ဆိုးရွားနေသည်။
“မင်းက ဘယ်သူလဲ။ ဘာဖြစ်လို့ ဒီမှာ လာအော်နေတာလဲ။”
ဆားဂိုဏ်းခေါင်းဆောင်သည် မကျေမနပ်ဖြစ်ကာ ကြာပွတ်ကို မြှောက်ပြီး ကျန်းချင်၏ ခေါင်းနှင့် မျက်နှာကို လှမ်းရိုက်လိုက်သည်။
“မင်းက ငါတို့ ဆားဂိုဏ်းနယ်မြေမှာ ဒီလောက် မာနကြီးနေတာ မင်း ဘယ်လောက်တောင် သတ္တိရှိနေတာလဲ။ မင်းကိုကြည့်ရတာ အသက်ရှင်ရတာ ပင်ပန်းနေပုံပဲ။”
ကျန်းချင်းတစ်ယောက် အရေးနိမ့်တော့မည်ကို မြင်လိုက်ရသဖြင့် ဖမ်းဝမ်သည် ရှေ့သို့ အလျင်အမြန် ပြေးတက်သွားခဲ့သည်။
“ရန်မဖြစ်ပါနဲ့၊ စကားကောင်းကောင်း ပြောရအောင်ပါ၊ စကားကောင်းကောင်း ပြောရအောင်။”
ဖမ်းဝမ်သည် ထိုသို့ ပြောလိုက်သော်လည်း သူ့မှာ ယုံကြည်မှုမရှိတာ သိသာသည်။
နယ်ခံမြွေကို မဖိနှိပ်သင့်ဟူသော ဆိုရိုးစကားရှိပေသည်။ ဆားဂိုဏ်းနယ်မြေတွင် အရာရှိတစ်ဦး၏ စကားက အရေးအရာမရောက်ပေ။
ဆားဂိုဏ်းက လူတွေကို မျက်တောင်မခတ်ဘဲ သတ်ဖြတ်ခဲ့တာကို သူ ကြားဖူးပြီး သူတို့မှာ ကျောထောက်နောက်ခံ တစ်ယောက်ယောက်ရှိနေတာ ဖြစ်ရမည်။ သူ့လို အဋ္ဌမအဆင့် အရာရှိငယ်တစ်ယောက် ဆန့်ကျင်ဖို့ တတ်နိုင်တဲ့သူ မဟုတ်တာ သေချာပါသည်။
ဖမ်းဝမ်က ပြေပြေလည်လည်ပြောနေတာကို မြင်တော့ ဆားဂိုဏ်းခေါင်းဆောင်က နှာခေါင်းရှုံ့ပြီး သူ့ကြာပွတ်ကို ပြန်သိမ်းလိုက်သည်။
“ဟမ့်၊ မင်းတို့ ဒီလိုမျိုး ကိုယ့်အနေအထားကိုယ်သိနေရင် ကောင်းတယ်။ ငါ ဒီနေ့ မင်းတို့နဲ့ အချင်းမများတော့ဘူး။”
ဆားဂိုဏ်းခေါင်းဆောင်သည် သူ့လူတွေကို မီးတုတ်တွေနဲ့ စခန်းကို ရှာခိုင်းခဲ့သည်။ သူတို့ရှာနေတဲ့လူတွေကို ရှာမတွေ့တဲ့အခါ ထွက်ခွာဖို့ အမိန့်ပေးခဲ့သည်။
ဆားဂိုဏ်းသားများ ထွက်သွားသည်ကို မြင်လိုက်ရတော့ ဖမ်းဝမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
သူက ကျန်းချင်းကို လှည့်ပြီး ကြိမ်းမောင်းလိုက်ပေမယ့် တကယ်က သူက မော့ကျိုးယွီက တိတ်တဆိတ် သတိပေးနေတာပဲဖြစ်သည်။
“မင်းတို့ အပြင်ထွက်တဲ့အခါ ပြဿနာမရှာဖို့ ငါ မင်းတို့ကို ဘယ်နှစ်ခါ ပြောခဲ့ပြီးပြီလဲ၊ မင်းတို့တွေ ဘာဖြစ်လို့ မမှတ်မိရတာလဲ။”
ကျန်းချင်းသည် စိုးရွံ့စွာ ခေါင်းကုတ်လိုက်သည်။
“လောင်တ၊ ကျွန်တော် မှားသွားပါတယ်။”
ဖမ်းဝမ်က သူ့ခေါင်းနောက်ကို ပုတ်လိုက်သည်။
“တကယ်လို့ မင်းအမှားကို သိရင် ပြင်သင့်တယ်။”
“ကျွန်တော် သေချာပေါက် ပြင်ပါ့မယ်။”
***
အရေးကိစ္စများကို ဖြေရှင်းပြီးသည်ကိုမြင်တော့ အားလုံး အနားယူရန် တဲဆီသို့ ပြန်သွားကြသည်။
မနက်မိုးလင်းတာနဲ့ ဒီနေရာကနေ တတ်နိုင်သမျှ စောစော ထွက်သွားဖို့အတွက် ကောင်းကင်က အနည်းငယ် အလင်းရောင် တောက်ပနေချိန်မှာပင် ဖမ်းဝမ်ရဲ့ ညွှန်ကြားချက်အတိုင်း လမ်းလျှောက်ရင်း စားသောက်ဖို့ အရာရှိတွေက လူတိုင်းကို တိုက်တွန်းခဲ့သည်။
အထုပ်အပိုးများကို သယ်ဆောင်ရင်း ဆိပ်ခံသို့ ရောက်ရှိသော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်က အကြီးတန်းအရာရှိတစ်ဦး အလည်အပတ် ရောက်ရှိလာခြင်းကြောင့် ဆိပ်ခံတံတားအား ယနေ့တွင် ပိတ်ထားကြောင်း သိလိုက်ရသည်။
အခုအချိန်မှာ ဖမ်းဝမ်က ဘယ်လောက်ပဲ ထွက်သွားချင်နေပါစေ သူ မထွက်သွားနိုင်တော့ဘူး။
သူ့မှာ ရွေးစရာလမ်းမရှိတော့ဘဲ အံကြိတ်ပြီး လူတွေကို ပြန်ခေါ်သွားကာ ဒီမှာ တစ်ရက်လောက် အနားယူပြီးမှ မနက်ဖြန်မနက်စောစောဖို့ ပြင်ဆင်ခဲ့သည်။
ဤအခိုက်အတန့်တွင် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် ဆိပ်ခံတံတားစောင့် ပြောသော အကြီးတန်းအရာရှိက ဘယ်သူဖြစ်မလဲဆိုတာကို မှန်းဆနေကြသည်။
ဒါပေမယ့် ဒီမေးခွန်းက သူတို့အတွက် ဖြေရခက်ပါသည်။
အကြီးတန်းအရာရှိဟု ခေါ်ဆိုနိုင်သည့် အရေအတွက်မှာ မနည်းလှပါ။
မြို့တော်ရှိ အဆင့်မြင့် အရာရှိများကို အားလုံးက ဤကဲ့သို့ ခေါ်ဆိုကြသည်။
အဖြေကို မစဉ်းစားနိုင်သောကြောင့် သူတို့ရဲ့ ဦးနှောက်ဆဲလ်များကို ဆက်လက် အလုပ်မပေးတော့ဘဲ အနားယူဖို့ တိတ်တဆိတ် သဘောတူညီမှု ရယူလိုက်သည်။
စူးစမ်းချင်စိတ်ကြောင့် ညဘက်တွင် စုံစမ်းကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
အလျင်စလိုလုပ်စရာမလိုတာက ရှားရှားပါးပါးမို့ ဟဲကျစ်ယန်သည် တစ်နေ့လုံးကို ကောင်းကောင်းအနားယူဖို့ စီစဉ်ထားသည်။
ညဘက်တွင် လှုပ်ရှားဖို့ ရှိနိုင်တာကြောင့် စွမ်းအင်ကို ထိန်းသိမ်းထားဖို့ လိုအပ်သည်။
သူတို့သည် ဤနေရာမှာ ထွက်ခွာရန် ပျက်ကွက်ခဲ့ကြပြီး ထန်မင်လွေ့သည်လည်း ထိုအတိုင်းပင်။
လက်ရှိတွင် သူသည် ထန်မိသားစု အိမ်ဟောင်း၏ မြေအောက်ခန်းထဲတွင် ပုန်းအောင်းနေပြီး သိမ်းဆည်းရန် အချိန်မရှိခဲ့သော မိသားစုဝင် အမျိုးသမီးတချို့၏ အလှကုန်တချို့နှင့် အမျိုးသမီး အဝတ်အစား အနည်းငယကို ရှာဖွေတွေ့ရှိခဲ့သည်။
သူသည် အချိန်အတော်ကြာအောင် ဖြီးလိမ်းပြင်ဆင်ပြီး သူ့ဆံပင်ကို အမျိုးသမီးဆံထုံးပုံစံ ထုံးဖွဲ့ကာ ဆံထိုးထိုးပြီး အမျိုးသမီး အဝတ်အစား ပြောင်းလဲဝတ်ဆင်ပြီးနောက် ပြီးပြည်စုံသည်ဟု ခံစားရကာ နောက်ဆုံးတွင် သူသည် မြေအောက်ခန်းထဲကနေ ထွက်လာခဲ့သည်။
သူ ပထမဆုံး တွေးမိတာက သူ ဒီနေ့ ဒီနေရာကနေ လွတ်လွတ်ကင်းကင်း မထွက်သွားနိုင်ရင် သူ့ကျေးဇူးရှင်တွေ ဘေးဖြစ်မှာကိုပင်။ တကယ်လို့ ဆားဂိုဏ်းက သံသယဖြစ်ဖွယ် တစ်စုံတစ်ရာကို တွေ့ရှိသွားပါက အန္တရာယ်ရှိနိုင်ပေသည်။
ထို့ကြောင့် သူ သူတို့ကို သတိသွားပေးရန် ဆုံးဖြတ်လိုက်သည်။
ရလဒ်အနေဖြင့် သူ စခန်းသို့ ရောက်ရှိသွားသောအခါတွင် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ တဲထဲတွင် အနားယူနေကြသဖြင့် ထန်မင်လွေ့က သူတို့နှင့် မတွေ့လိုက်ရပေ။
သို့သော်လည်း ဤလူအုပ်စု၏ အဆင်ပြေချောမွေ့စွာ လှုပ်ရှားသွားလာနေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် ထန်မင်လွေ့သည် သူ့ကျေးဇူးရှင်တွေ ဘေးမဖြစ်ကြောင်း သိသွားကြောင့် စိတ်သက်သာရာရပြီး စိတ်အေးလက်အေး ထွက်ခွာသွားခဲ့သည်။
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် သူတို့ကို မည်သူမျှ လာမနှောင့်ယှက်စေရန် သူတို့ အနားယူအိပ်စက်တော့မည်ဖြစ်ကြောင်း အပြင်ဘက်က လူတွေကို ပြောထားခဲ့သည်။
နှစ်ယောက်သား နေရာလွတ်ထဲသို့ အတူတူ ဝင်ပြီး အရသာရှိတဲ့ အစားအသောက်တွေကို စားသောက်ရင်းနဲ့ အထူးတလည် အေးချမ်းမှုကို တွေ့ကြုံခံစားနိုင်သည်။
ဤစိုက်ပျိုးနယ်မြေသည် အမှန်တကယ် မှော်ဆန်သည်ဟု ဆိုရမည်ဖြစ်သည်။ စိုက်ပျိုးထားသော ကောက်နှံပင်များနှင့် ဟင်းသီးဟင်းရွက်များ၏ အရည်အသွေး အရမ်းမြင့်ပေသည်။
တောင်ပေါ်ရှိ အသီးအနှံပင်များသည် ပိုရှည်လာပြီး အဝေးမှကြည့်လျှင် စိမ်းလန်းစိုပြေနေသည်ကို တွေ့ရသည်။
ကျွဲ၊ နွား၊ သိုးတို့သည် စားကျက်မြေတွင် ပျော်ရွှင်စွာ ပြေးလွှားနေကြပြီး သူတို့ နေရာလွတ်ထဲသို့ ထည့်လိုက်သော မြည်းသည်ပင် ဤနေရာနှင့် အလျင်အမြန် လိုက်လျောညီထွေရှိပြီး မြက်ခင်းပြင်မှာ ပျင်းရိစွာ လှည့်ပတ်သွားလာနေသည်။
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့အတွက် ထိုသို့သော မြင်ကွင်းများသည် သုခဘုံနှင့်တူပေသည်။
နေရာလွတ်ထဲတွင် တစ်နေ့တာ အပန်းဖြေအနားယူပြီးနောက် နောက်ဆုံးတွင် သူတို့ နှစ်ယောက်သား ညဉ့်နက်သည်အထိ အနားယူအိပ်စက်ခဲ့ကြသည်။
***