မော့မိသားစုဝင်တွေက ထိန်းချုပ်ရခက်တယ်
Vol. 11 Ch. 138
နန်ဟန်က အခန်းအပြင်ဘက်ဆီသို့ လျှောက်သွားခဲ့သော်လည်း မုတ်ဆိတ်မွေးနှင့်လူက ခေါင်းတစ်ချက်မှ မလှုပ်ဘဲ ဆက်ထိုင်နေသေးသည်။
ဤပုံစံသည် ရုပ်သေးကူအဆိပ်မိနေစဉ်က မော့ချူဟန်နှင့် အနည်းငယ် ဆင်တူသော်လည်း ကွဲပြားမှု ရှိသည်။
မော့ချူဟန်သည် ရုပ်သေးကူအဆိပ်မိနေစဉ် အသိစိတ်မရှိသော်လည်း လှုပ်ရှားနိုင်သေးသည်။ ယခု သူတို့ရှေ့ကလူသည် အခုဆို သတိမရှိရုံသာမက သူ့ခန္ဓာကိုယ်ကလည်း တောင့်တင်းနေပုံပေါ်သည်။
ယခုအချိန်တွင် သူတို့သည် မုတ်ဆိတ်မွေးနှင့်လူကို လျစ်လျူရှုကာ နန်ဟန်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့ကြသည်။
မကြာမီ လှေငယ်သည် ပန်းလှေနှင့် နီးကပ်လာခဲ့ပြီး နန်ဟန်က သူ့လူတွေကို တော်ဝင်နည်းပြဆရာအား ကြိုဆိုဖို့ လှေခါးကို ချပေးစေခဲ့သည်။
မမျှော်လင့်ထားစွာပင် တော်ဝင်နည်းပြဆရာက လှေခါးပေါ် မတက်လာခဲ့ပေ။ သူမ၏ ခန္ဓာကိုယ်က ပေါ့ပေါ့ပါးပါး ခုန်လွှားလိုက်ပြီး နန်ဟန်၏ ရှေ့သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။
နန်ဟန်က မျက်နှာလိုမျက်နှာရဟန်ဖြင့် ရယ်မောလိုက်သည်။
“ဒီမင်းသားက တော်ဝင်နည်းပြဆရာကို ဒီမှာ စောင့်နေတာကြာပြီ။ ကျေးဇူးပြုပြီး အထဲကို ဝင်ထိုင်ပါဦး။”
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် ပဲ့ပိုင်းထိပ်ရှိ တော်ဝင်နည်းပြဆရာအား ဂရုတစိုက် ကြည့်လိုက်ကြသည်။
သူမသည် အမှန်တကယ်ကိုပင် အမျိုးသမီးတစ်ဦးဖြစ်သည်၊ သူမသည် အသက်လေးဆယ်ဝန်းကျင်ခန့်ရှိပုံရသည်၊ သူမ၏ အဝတ်အစားများသည် တာ့ရွှင်းလူမျိုးများ၏ ဝတ်ဆင်ပုံနှင့် မတူညီပေ။ သူမ၏ မျက်နှာသည် အချိန်ကာလ တစ်ခု ဖြတ်သန်းသွားပြီးပုံပေါ်ကာ ကျက်သရေရှိနေဆဲဖြစ်သည်။
ဟဲကျစ်ယန်က တိုးတိုးလေး မေးလိုက်သည်၊ “ရှင် အဲဒီတော်ဝင်နည်းပြဆရာကို သိလား။”
မော့ကျိုးယွီ၏ အနက်ရောက်မျက်လုံးများသည် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ပြည့်နှက်နေသည်၊ “ဒါပေါ့။ ကိုယ်သေသွားရင်တောင် သူမကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။”
မော့ကျိုးယွီ၏ အမူအရာမှတဆင့် ဟဲကျစ်ယန်သည် သူက သူတို့ရှေ့က အမျိုးသမီးကို ဘယ်လောက်တောင် မုန်းတီးနေတယ်ဆိုတာကို ပြောနိုင်ပေသည်။
ဒါပေမယ့် ယခုအချိန်သည် ဤအကြောင်းများကို မေးရမည့်အချိန် မဟုတ်ပေ။
သူတို့၏ တည်နေရာကို ဖော်ထုတ်နိုင်ခြင်းမှ တားဆီးရန်အတွက် နှစ်ယောက်သား အသက်ခပ်ဖွဖွပဲရှုသွင်းကာ အောက်ကို ငုံ့ကြည့်နေကြသည်။
နန်ဟယန်သည် တော်ဝင်နည်းပြဆရာအား အခန်းထဲသို့ လေးလေးစားစား ဖိတ်ခေါ်ကာ ခေါင်းရင်းဖက်ထိုင်ခုံဆီသို့ ဖိတ်ခေါ်သည့် လက်ဟန်ပြခဲ့သည်။
တော်ဝင်နည်းပြဆရာသည် ခပ်ပေါ့ပေါ့ ဝင်ထိုင်ပြီး သူ့လက်တစ်ဖက်က နဖူးကို ထောက်ကာ အနည်းငယ် လေးနက်သော ကိုယ်ဟန်ရှိ၏။
“မော့မိသားစုဝင်တွေရဲ့ စိတ်ဓာတ်က အရမ်းခေါင်းကြောမာပြီး ထိန်းချုပ်ရခက်တယ်လို့ ငါ အစကတည်းက ပြောထားပြီးသားပါ၊ ဒါပေမယ့် မင်းက နားမထောင်ခဲ့ဘူး။”
“မော့မိသားစုဝင်တွေ” ဟူသော စကားကိုကြားတော့ ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့၏ နှလုံးသားများသည် တစ်ချိန်တည်းတွင် တင်းကြပ်လာခဲ့သည်။
မော့ကျိုးယွီသည် မုတ်ဆိတ်မွေးနှင့်လူဆီသို့ သူ့အလိုလို လှမ်းကြည့်လိုက်မိသည်။
ပိုပြီး ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ သူ့အနေအထားကို နည်းနည်းရွှေ့ပြီး တခြားထောင့်ကနေ ကြည့်ရှုလိုက်သည်။
ဒါပေမယ့် သူ သေချာပြန်ကြည့်လိုက်သောအခါ ပင့်သက်မရှိုက်ဘဲ မနေနိုင်ခဲ့ပေ။ သူ့မှာ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနိုင်တဲ့ စိတ်သာ မရှိခဲ့လျှင် ထိုသူကို ကယ်တင်ရန် အခုချက်ချင်း ခုန်ဆင်းသွားမိပေလိမ့်မည်။
ဟဲကျစ်ယန်က သူ့စိတ်ခံစားချက်အပြောင်းအလဲကို ခံစားမိပြီး သူမ၏ စိတ်ထဲတွင် မရေမတွက်နိုင်သော သံသယစိတ်များ ရှိနေပေသည်။
မော့ကျိုးယွီက စိတ်မြန်လက်မြန် လုပ်ဆောင်ခြင်းကို တားဆီးရန်အတွက် သူမသည် သူ့လက်ကို ဆုပ်ကိုင်ဖို့ အစပြုခဲ့သည်။
သူမ သူ့လက်ကိုဆုပ်ကိုင်လိုက်သည်နှင့် ဟဲကျစ်ယန်သည် သူ့လက်ဖဝါးမှ ချွေးစေးများပြန်နေတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
မော့ကျိုးယွီက တိုးတိုးလေး ပြောလိုက်သည်၊ “အဲဒီလူက ကိုယ့်တတိယအစ်ကိုပဲ။”
ဟဲကျစ်ယန်က ဒီဖြစ်နိုင်ခြေကို တွေးမိပြီးသားမို့ အရမ်းကြီး မအံ့ဩခဲ့ပေ။
မော့ကျိုးယွီကဲ့သို့ပင် သူမ စိတ်ထဲမှာ မရေမတွက်နိုင်သော မေးခွန်း အမှတ်အသားများ ရှိနေသည်။
သို့သော် ဤမေးခွန်းများအတွက် အဖြေရှာဖွေရမည့်အချိန် မဟုတ်ကြောင်း သူတို့နှစ်ဦးစလုံး သိရှိကြပြီး အောက်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များကို ဆက်လက်စစ်ဆေးခဲ့ကြသည်။
နန်ဟန်က လှောင်ရယ်သလို ရယ်မောလိုက်သည်။ သူက လူသေလို မလှုပ်မယှက် ထိုင်နေဆဲဖြစ်တဲ့ မော့ယွင်ဖုန့်ကို တစ်ချက်လှမ်းကြည့်ပြီး ဆက်ပြောခဲ့သည်၊ “တော်ဝင်နည်းပြဆရာ ခင်ဗျားသိပါတယ်၊ ကျွန်တော်က ဆားဂိုဏ်းကို တည်ထောင်ဖို့ ကျွန်တော့်ရဲ့ ခွန်အားတွေ ဉာဏ်အားတွေအကုန် စိုက်ထုတ်ထားခဲ့တယ်၊ ဒါကို မော့ယွင်ဖုန့်နဲ့ သူ့လူတွေက အမြစ်ပြတ် ချေမှုန်းလိုက်ကြတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကျွန်တော် ဆားဂိုဏ်းကို ပြန်လည်ထူထောင်ဖို့ အရမ်း ကြိုးစားအားထုတ်ခဲ့တယ်၊ ဒါကို ခင်ဗျားလည်း မြင်ဖူးပါတယ်။
အခုအချိန် ဆားဂိုဏ်းမှာ သိုင်းပညာမြင့်မားတဲ့ အစောင့်အရှောက် တစ်ဦးမှ မရှိဘူး။ မော့ယွင်ဖုန့်က ဒီအလုပ်အတွက် အသင့်တော်ဆုံးလို့ ကျွန်တော်ထင်တယ်။
သူက တစ်ချိန်တုန်းက ကျွန်တော့်ရဲ့ ဆားဂိုဏ်းကို ပျက်စီးအောင် ဆောင်ရွက်ခဲ့သလိုမျိုး နောင်မှာ သူက ကျွန်တော့်အတွက် ဆားဂိုဏ်းကို အရင်ကထက် ပိုပြီး ခမ်းနားထည်ဝါစွာ ပြန်လည်တည်ဆောက်ပေးရမယ်။
ဆားဂိုဏ်းက နောက်တစ်ဖန် ကြမ္မာငင်ခဲ့ရင်တောင် မော့မိသားစုဝင်တွေ အပြစ်ပေးခံရလိမ့်မယ်။”
တော်ဝင်နည်းပြဆရာက မော့ယွင်ဖုန့်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ ထို့နောက် သူမက အေးစက်သော လေသံဖြင့် ပြောလိုက်သည်၊ “ဒီတော်ဝင်နည်းပြဆရာက မော့ယွင်ဖုန့်ကို ဖမ်းဆီးခဲ့တာက မင်း လက်စားချေဖို့အတွက် မဟုတ်ဘူး။”
နန်ဟန်က ခယဝပ်တွားဟန် ပြုံးလိုက်သည်၊ “ထုံးစံအတိုင်း တော်ဝင်နည်းပြဆရာရဲ့ ရည်ရွယ်ချက်ကို ဒီမင်းသား သိပါတယ်။ ဒါပေမယ့် မော့ယွင်ဖုန့်ကို ဒီမှာ ထားတာက ပိုအကျိုးရှိမယ်လို့ မထင်ဘူးလား။”
တော်ဝင်နည်းပြဆရာက မျက်လွှာချလိုက်သည်၊ “သူ့စိတ်စွမ်းအားက ပြင်းထန်လွန်းတယ်။ ဒီတော်ဝင်နည်းပြဆရာက နောက်ဆုံးအကြိမ်အနေနဲ့ ကြိုးစားကြည့်လိုက်ဦးမယ်။ တကယ်လို့ ကျရှုံးနေဆဲပဲဆိုရင် ငါ သူ့ကို သခင့်ဆီ ခေါ်သွားပေးရလိမ့်မယ်။”
သူမ ထိုသို့ပြောပြီးသည်နှင့် တော်ဝင်နည်းပြဆရာသည် သူ့အင်္ကျီရင်ဘတ်ထဲမှ ကြွေပုလင်းလေးကို ထုတ်ယူခဲ့ပြီးပြီဖြစ်သည်။
သူမ ပုလင်းကို ဖွင့်ခါနီးတွင် ခေါင်မိုးပေါ်ကနေ မြှားနှစ်စင်း တစ်ပြိုင်နက် ပစ်ခွင်းလာခဲ့သည်။
တော်ဝင်နည်းပြဆရာသည် လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ ကြွေပုလင်းလေးကို သူမရင်ဘတ်ထဲ အမြန်ပြန်ထည့်ရင်း မြှားတွေကို သူမ ခန္ဓာကိုယ်က ခပ်သွက်သွက် ရှောင်ထွက်သွားခဲ့သည်။
နန်ဟန်က “အစောင့်တွေ ဒီမှာ လုပ်ကြံသတ်ဖြတ်သူတွေရှိတယ်” ဟု အော်ဟစ်လိုက်သည်။
အခန်းတံခါးများကို အပြင်ဘက်မှ အမြန်တွန်းဖွင့်ဝင်လာခဲ့သည်။ မူလက လောင်းကစားလုပ်ပြီး လက်မောင်းလှဲနေကြသည့် ဆားဂိုဏ်းဝင်များနှင့်အတူ လက်နက်ကိုင် အစောင့်တစ်ဖွဲ့သည် ဆူညံ့စွာ ဝိုင်းအုံလာခဲ့သည်။
နန်ဟန်က အပေါ်ကို လက်ညွှန်းပြသည်။ “လုပ်ကြံသတ်ဖြတ်သူတွေက အပေါ်မှာ ရှိတယ်။ သူတို့ကို လိုက်ရှာ၊ တစ်ယောက်မှ အသက်ရှင်လျက် လွတ်မသွားစေနဲ့။”
တော်ဝင်နည်းပြဆရာသည် သူ့ခါးမှ ဓါးပျော့ကို ဆွဲထုတ်ကာ အခန်းခေါင်မိုးပေါ်သို့ ခုန်တက်သွားခဲ့သည်။
အခြေအနေမဟန်တာကိုမြင်တော့ ဟဲကျစ်ယန်သည် မြှားပစ်ပြီးနောက် မော့ကျိုးယွီကို နေရာလွတ်ထဲသို့ ဆွဲသွင်းလိုက်သည်။
ယနေ့ညတွင် ပြင်းထန်သော တိုက်ပွဲဖြစ်မည်ကို သူမ စိတ်ထဲတွင် သိနေခဲ့သည်။ သူသေ ကိုယ်သေ တိုက်ပွဲဟုပင် ဆိုနိုင်ပါသည်။
ဒါပေါ့၊ ဟဲကျစ်ယန်ရဲ့ ဒီလိုတွေးတာက သူတို့ရဲ့ နောက်ထပ် လုပ်ဆောင်မှုအတွက် စိတ်ဓာတ်ရေးရာကြံ့ခိုင်ဖို့ပါပဲ။
သူတို့ဘက်မှာ မိုးကောင်းကင်ကို အံတုနိုင်တဲ့ နေရာလွတ်တစ်ခုရှိနေတာကြောင့် သေသွားရမယ့်သူများဟာ တစ်ဖက်လူတွေပဲ ဖြစ်မှာ သေချာသည်။
သူတို့နှစ်ဦးသည် နေရာလွတ်ထဲတွင် အနက်ရောင်ဝတ်စုံများကို အမြန်ဆုံး ပြောင်းလဲဝတ်ဆင်ကာ သူတို့၏ မျက်နှာပေါ်တွင် အနက်ရောင်မျက်နှာဖုံးများဖြင့် ဖုံးအုပ်လိုက်သည်။ ဆယ်မိနစ်ခန့် အောင့်အီးစောင့်ဆိုင်းပြီးနောက် ရှာဖွေသူများသည် အခန်းခေါင်မိုးပေါ်မှာ ဘာကိုမှ မတွေ့ရသဖြင့် အခြားနေရာများကို အရင်ဆုံး လိုက်ရှာကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဘယ်နေရာမှာမှ မတွေ့သေးရင် ဒီနေရာကို ပြန်လာပြီး စစ်ဆေးကြည့်မည်။
ထို့ကြောင့် ဟဲကျစ်ယန်သည် အခြေအနေကို လေ့လာစမ်းစစ်ရန် သူမ အရင်ဆုံး အပြင်ထွက်ကြည့်ဖို့ကို စီစဉ်ထားပြီး အန္တရာယ်ရှိနေသေးပါက သူမ နေရာလွတ်ထဲသို့ ပြန်ဝင်လာမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုလူများက သူမကို ရှာတွေ့သွားခဲ့လျှင်ပင် အမြင်မှောက်တာဟု မှတ်ယူနိုင်ပေသည်။
မော့ကျိုးယွီသည် သူမကို အန္တရာယ်တောထဲ တစ်ယောက်တည်း စွန့်စားခွင့်မပေးနိုင်ဘူးဆိုတာကိုတွေးမိပြီး ဟဲကျစ်ယန်သည် သူ့ကို အသိပေးခြင်း မရှိဘဲ နေရာလွတ်ထဲမှ တိတ်တဆိတ် ထွက်သွားခဲ့သည်။
သေချာတာကတော့ မော့ကျိုးယွီသည် သူ့ရှေ့ကနေ ဟဲကျစ်ယန် ရုတ်တရက် ပျောက်သွားတာကို မြင်လိုက်ရတာနဲ့ စိုးရိမ်ပူပန်စိတ်တွေက သူ့နှလုံးသားကို လွှမ်းခြုံသွားခဲ့သည်။
ဒါပေမယ့် ယခုအချိန်တွင် သူ ဘာမှ မလုပ်ဆောင်နိုင်လောက်အောင် အားနည်းနေခဲ့တယ်။
မော့ကျိုးယွီ စိုးရိမ်တကြီး ဟိုလျှောက်ဒီလျှောက် ဖြစ်နေချိန်မှာပဲ ဟဲကျစ်ယန်က သူ့ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။
“သူတို့ အောက်မှာ စရှာနေကြပြီ။ ကျွန်မတို့ အခုပဲ ထွက်သွားကြရအောင်။”
သူမ ပြောပြီးသည်နှင့် နှစ်ဦးသား၏ ပုံရိပ်က အခန်းခေါင်မိုးပေါ်တွင် ပေါ်လာခဲ့သည်။
ဟဲကျစ်ယန်ပြောသည့်အတိုင်းပင် အစောင့်များသည် မီးတိုင်များ ကိုင်ဆောင်ကာ အောက်တွင် ရှာဖွေနေကြသည်။
အခန်းတွင်းကို ကြည့်လိုက်တော့ မော့ယွင်ဖုန့်သည် ယခင်ကဲ့သို့ မလှုပ်မယှက် ထိုင်နေပြီး တံခါးဝတွင် အစောင့်နှစ်ယောက် ရှိနေ၏။
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်ပြီး အခန်းခေါင်မိုးပေါ်မှ ဓားရှည်ကို ကိုင်ပြီး ခုန်ဆင်းကာ တံခါးဝရှိ အစောင့်များကို ဖယ်ထုတ်ရန် လုပ်ခဲ့သည်။
မော့ယွင်ဖုန့်ရှေ့သို့ ရောက်ရှိသွားပြီး မော့ကျိုးယွီက သူ့ကို နှစ်ကြိမ်တိုင်တိုင် အော်ခေါ်ကြည့်ပေမယ့် မော့ယွင်ဖုန့်ဆီမှာ မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ဘူး။
ဟဲကျစ်ယန်က သူမလက်ကို ဝှေ့ယမ်းပြီး မော့ယွင်ဖုန့်ကို နေရာလွတ်ထဲသို့ တိုက်ရိုက်ပို့ဆောင်လိုက်သည်။
မော့ယွင်ဖုန့်၏ အခြေအနေကို သုံးသပ်ကြည့်လျှင် သူသည် ရုပ်သေးကူအဆိပ်မိထားသော မော့ချူဟန်နှင့် အတူတူပင် ဖြစ်လိမ့်မည်။
မော့ယွင်ဖုန့် သတိပြန်မဝင်ခင် နေရာလွတ်ထဲသို့ လူကို ပို့ထားသရွေ့ ဒီအချိန်မှာ ဖြစ်ပျက်ခဲ့တာတွေကို သူ မှတ်မိမှာ မဟုတ်ဘူး။
ဟဲကျစ်ယန်က တတိယအစ်ကိုကို နေရာလွတ်ထဲသို့ အောင်မြင်စွာ ပို့ဆောင်လိုက်သည်ကို မြင်လိုက်ရသဖြင့် မော့ကျိုးယွီသည် သူမနှင့်အတူ အခန်းတွင်းမှ အပြင်သို့ ဆွဲခေါ်လာခဲ့သည်။
အခန်းတံခါးဝသို့ ရောက်သည်နှင့် တော်ဝင်နည်းပြဆရာနဲ့ ပက်ပင်းတိုးမိသွားခဲ့သည်။
“လုပ်ကြံသတ်ဖြတ်သူတွေက ဒီမှာ” ဟု တော်ဝင်နည်းပြဆရာက လှမ်းအော်လိုက်သည်။ သူမသည် ဓါးပျော့ကို ဝှေ့ယမ်းပြီး သူမတို့နှစ်ယောက်ဆီသို့ ဦးတည်ခုတ်ပိုင်းလိုက်သည်။
မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို ခါးကို ပွေ့ဖက်ပြီး သူ့နောက်တွင် ထား၍ ကာကွယ်ပေးပြီးနောက် တော်ဝင်နည်းပြဆရာ၏ တိုက်ခိုက်မှုကို တားဆီးရန် ဆွဇ်စစ်တပ်ဓားကို သူ့လက်ထဲတွင် ကိုင်ဆောင်ထားသည်။
မကြာခင် နှစ်ယောက်သား အချင်းချင်း တိုက်ခိုက်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် တော်ဝင်နည်းပြဆရာ၏ အော်သံကို ကြားလိုက်ရသော အစောင့်များလည်း ဝင်လာခဲ့သည်။
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် အကြည့်ချင်း ဖလှယ်ပြီးနောက် ရန်သူအား ထိပ်တိုက်ရင်ဆိုင်ရန် တိတ်တဆိတ် အတူတကွ လုပ်ဆောင်ခဲ့ကြပြန်သည်။
တော်ဝင်နည်းပြဆရာသည် မော့ကျိုးယွီနှင့် တိုက်ကွက် အနည်းငယ်မျှ ဖလှယ်ပြီးနောက် သူသည် သူမအတွက် ပြိုင်ဖက်မဟုတ်ကြောင်း သိလိုက်ရသည်။
ထို့အပြင် သူ့အဖော်ဖြစ်သူက အမှုန့်တစ်ထုပ်ကို ထုတ်ယူပြီး ဖြန့်ကြဲလိုက်သည်ကို မြင်တွေ့ရပြီးနောက် အစောင့်များသည် ချက်ချင်းဆိုသလို လဲပြိုကျသွားခဲ့သည်။
***