ပန်းလှေကို မီးရှို့ခြင်း
Vol. 11 Ch. 139
တော်ဝင်နည်းပြဆရာသည် ကိစ္စရပ်များက သူ မျှော်မှန်းသည့်အတိုင်း ဖြစ်မလာသည်ကို တွေ့လိုက်ရသဖြင့် တိုက်ကွက်အချို့ကို အယောင်ပြတိုက်ခိုက်ပြီး လက်တစ်ဖက်က သူမ၏ ဝတ်ရုံထဲသို့ ရောက်ရှိသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ဟဲကျစ်ယန်သည် သူမကိုယ်တိုင် ဖော်စပ်ထားသော ‘သေမင်းခေါ်သံ’ ဒုတိယလှိုင်းကို ဖြန်းပက်ပြီးသွားခဲ့သည်။ သူမ ခေါင်းကို လှည့်ကြည့်လိုက်တော့ တော်ဝင်နည်းပြဆရာ၏ လှုပ်ရှားမှုများကို မြင်ပြီး တစ်ခုခု မှားနေပြီဆိုတာကို သိလိုက်ရသည်။
သူမ၏ ခန့်မှန်းချက် မှန်ပါက၊ တော်ဝင်နည်းပြဆရာသည် လျှို့ဝှက်လက်နက်အချို့ကို ထုတ်ယူရန် ကြိုးပမ်းနေတာမျိုး ဒါမှမဟုတ် အဆိပ်သုံးရန် ကြံရွယ်နေတာမျိုး ဖြစ်နိုင်သည်။
ဟဲကျစ်ယန်က သူမကို ဒီလို အခွင့်အရေးမျိုး ဘယ်ပေးနိုင်ပါ့မလဲ။
သူမသည် နေရာလွတ်ထဲမှ မေ့ဆေးသေနတ်တစ်လက်ကို အမြန်ထုတ်ယူပြီး တော်ဝင်နည်းပြဆရာ၏ ခြေသလုံးကြွက်သားကို ပစ်ခတ်လိုက်သည်။
တိုးသဲ့သော အသံကို ကြားလိုက်ရပြီးနောက် တော်ဝင်နည်းပြဆရာသည် တစ်ကိုယ်လုံး ပျော့ခွေလဲကျသွားခဲ့သည်။
ဟဲကျစ်ယန်သည် ရှေ့သို့ လှမ်းပြီး လူကို နေရာလွတ်ထဲသို့ အလျင်အမြန် ထည့်သွင်းလိုက်ကာ မော့ကျိုးယွီနှင့်အတူ ပန်းလှေ၏ ပထမထပ်ဆီသို့ ဦးတည်သွားခဲ့သည်။
အမှတ်မထင် လှေကားထစ်တွင် ဆားဂိုဏ်းသားများနှင့် အစောင့်များ ဝန်းရံလျက်ရှိသော နန်ဟန်နှင့် သွားတိုးမိခဲ့သည်။
ဟဲကျစ်ယန်က မော့ကျိုးယွီကို တိုးတိုးလေး ပြောလိုက်သည်၊ “ရှင်က နန်ဟန်ကို ကိုင်တွယ်လိုက်။ ကျွန်မက တခြားသူတွေကို ကိုင်တွယ်လိုက်မယ်။”
မော့ကျိုးယွီက အသာလေး ခေါင်းညိတ်ပြသည်။ သူသည်လည်း မေ့ဆေးသေနတ်ကို မြှောက်ကာ နန်ဟန်၏ ပခုံးကို ချိန်ရွယ်ပြီး ပစ်ခတ်လိုက်သည်။
နန်ဟန် မြေပြင်ပေါ်သို့ လဲကျသွားသည့်အခိုက်တွင် ဟဲကျစ်ယန်သည် အစောင့်များနှင့် ဆားဂိုဏ်းသားများထံ ‘သေမင်းခေါ်သံ’ ဆေးလက်တစ်ဆုပ်ကို ပက်ဖြန်းလိုက်သည်။
အစောင့်များနှင့် ဆားဂိုဏ်းသားများသည် ဘာဖြစ်နေမှန်း မသိလိုက်ခင်မှာပင် အလဲလဲ အပြိုပြို လဲကျသွားခဲ့သည်။
ဟဲကျစ်ယန်သည် အခွင့်အရေးကို အရယူပြီး ရှေ့သို့ အပြေးတက်ကာ နန်ဟန်၏ လက်တစ်ဖက်အား ဖမ်းဆုပ်ကာ နေရာလွတ်သို့ ပစ်ထည့်လိုက်သည်။
သူတို့ ဒီနေ့ ဒီနေရာကို ဆားဂိုဏ်းနောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကို သိချင်စိတ်ကြောင့် ရောက်ရှိလာခဲ့ကြတာဖြစ်သည်။
ဒါပေမယ့် ဒီလောက် ကြီးကြီးမားမား ရိတ်သိမ်းရရှိခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။
အခု သေဆုံးသွားတဲ့ အစောင့်များနှင့် ဆားဂိုဏ်းသားများကိုကြည့်ပြီးတော့ သူတို့နှစ်ယောက်သည် ဒီအခြေအနေကို လျှော့မတွက်ဝံ့ပေ။
ယနေ့ နန်ဟန်မင်းသားနှင့် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနှင့် ပတ်သက်ပြီး ဘယ်သူ့ကိုမှ အသက်ရှင်လျင် ထားဖို့ မဖြစ်နိုင်ဘူးဆိုတာကို သူတို့ နားလည်တယ်။
ထို့ကြောင့် သူတို့နှစ်ဦးသည် ပန်းလှေတစ်စင်းလုံးကို မီးတုတ်များ ကိုင်ဆောင်ပြီး ပိုက်စိပ်တိုက်
ရှာဖွေခဲ့ကြသည်။ ပန်းလှေပေါ်ရှိ အဆိုတော်များနှင့် ကချေသည်များမှလွဲ၍ မည်သူမျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိခဲ့ရပေ။
မော့ကျိုးယွီရော ဟဲကျစ်ယန်ပါ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်တတ်သည့် လူစားမျိုးတွေ မဟုတ်ကြပေ။
ဒီအမျိုးသမီးကချေသည်များသည် ပန်းလှေပေါ်မှာ စီးပွားရေးလုပ်တဲ့သူတွေဆိုတာကို သူတို့နှစ်ဦးစလုံး ရှင်းရှင်းလင်းလင်း သိသည်။
သို့ပေမယ့်လည်း သူတို့ သတိလက်လွတ်မနေရဲဘူး။ ထိုကချေသည်များထဲတွင် နန်ဟန်၏ လူများ ရှိ မရှိကို မည်သူမျှ အာမခံနိုင်မည်မဟုတ်ပေ။
ရွေးချယ်စရာ မရှိတော့ ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ အာရုံကြောများကို ထိခိုက်စေသော ဆေးတစ်မျိုး ထုတ်ယူကာ ကောင်မလေးများကို သောက်စေပြီး သူတို့အားလုံး၏ မှတ်ဉာဏ်များကို ဖျက်ပစ်ခဲ့သည်။
သူတို့အသက်ကို ကယ်တင်ဖို့အတွက် ကချေသည်မိန်းကလေးတွေက သူတို့ပေးခဲ့တဲ့ ဆေးကို မျိုချဖို့ မငြင်းဆန်ခဲ့ကြဘူး။
အရေးကိစ္စကို ဖြေရှင်းပြီးသည်နှင့် ဟဲကျစ်ယန်သည် မိန်းကလေးအားလုံးကို တော်ဝင်နည်းပြဆရာ လိုက်ပါလာသည့် လှေငယ်ပေါ်သို့ စေလွှတ်လိုက်သည်။
ထို့နောက် ဟဲကျစ်ယန်သည် သူမ၏ နေရာလွတ်ထဲမှ အရက်ပုလင်းများစွာကို ထုတ်ယူကာ မော့ကျိုးယွီနှင့်အတူ လှေပတ်ပတ်လည်တွင် လိုက်လံလောင်းချခဲ့သည်။
တစ်ချိန်တည်းမှာပင် ဟဲကျစ်ယန်သည် အဖိုးတန်တယ်လို့ ထင်ရတဲ့ ပန်းလှေထဲက ပစ္စည်းမှန်သမျှကို သူမရဲ့ နေရာလွတ်ထဲသို့ တစ်ခုပြီးတစ်ခု သိမ်းဆည်းခဲ့သည်။
ဤပစ္စည်းများသည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူမ၏ ဆိုင်တွင် ရှေးဟောင်းပစ္စည်းအဖြစ် ရောင်းချနိုင်ပါသေးသည်။
အရာအားလုံးကို ကိုင်တွယ်ပြီးနောက် ဟဲကျစ်ယန်သည် သူမ၏ နေရာလွတ်ထဲမှ ရာဘာလှေကိုထုတ်ပြီး ရေထဲသို့ ပစ်ချလိုက်သည်။ မော့ကျိုးယွီက လက်တစ်ဖက်ဖြင့် သူမခါးလေးကို ပွေ့ဖက်ပြီး လှေပေါ်ကို ပေါ့ပေါ့ပါးပါး ခုန်ချလိုက်သည်။
မော့ကျိုးယွီသည် သူ့လက်ထဲမှ မီးတိုင်ကို ပန်းလှေပေါ်သို့ ပေါ့ပေါ့ပါးပါး လှမ်းပစ်လိုက်သည်။
မှောင်မိုက်နေတဲ့ ညကောင်းကင်ယံမှာ မီးတောက်တွေက ကောင်းကင်သို့ ထိလုမတတ် တောက်လောင်နေခဲ့တယ်…
ဤနေရာရှိ အလင်းရောင်က ကောင်းမွန်လွန်းသောကြောင့် ကမ်းပေါ်ရှိ လူများထံမှ ရှာဖွေတွေ့ရှိသွားမှာကို ရှောင်ရှားရန်အတွက် မော့ကျိုးယွီသည် သူ့အတွင်းအားကို အသုံးပြုပြီး ရာဘာလှေကို အရှိန်ပြင်းပြင်းဖြင့် လှော်ခတ်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့နှစ်ယောက်သား ကမ်းပေါ်သို့ ရောက်ရှိသွားခဲ့ကြသည်။
အဝေးက လှမ်းလာတဲ့ ခြေသံတွေကို သူတို့ ကြားလိုက်ရတယ်။
ဒါက လှေပေါ်ရှိ မီးတောက်များသည် ကမ်းပေါ်ရှိ လူများ၏ အာရုံကို စွဲဆောင်သွားမိပြီဟု ပြသနေသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့ရဲ့ အရှိန်ကို မြင့်လိုက်တာကြောင့် ဘယ်သူမှ သူတို့ကို ရှာမတွေ့ခဲ့ဘူး။
ဟဲကျစ်ယန်က ရာဘာလှေကို သိမ်းဆည်းလိုက်သည်။ မော့ကျိုးယွီက ကိုယ်ဖော့ပညာကို အသုံးပြု၍ သူမအား ပွေ့ချီကာ ဤနေရာမှ အမြန်ထွက်လာခဲ့သည်။
သူတို့စခန်းနှင့် မီတာတစ်ရာခန့်အကွာတွင် မော့ကျိုးယွီသည် သူ့ရှေ့တွင် ရွေ့လျားနေသော အရိပ်မည်းတစ်ခုကို သတိပြုမိလိုက်သည်။
ညသည် အလွန်မှောင်ပြီး လေထန်နေသောကြောင့် တစ်ယောက်နှင့်တစ်ယောက် သဲကွဲစွာ မမြင်ရသောကြောင့် ထိုလူ၏ အနားသို့ သတိရှိရှိ ချဉ်းကပ်သွားရုံသာ တတ်နိုင်ခဲ့သည်။
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ အနားမရောက်ခင် မော့ချူဟန်က လှမ်းအော်မေးခဲ့သည်၊ “နဝမညီလေးနဲ့ ခယ်မလေးလား။”
“အဋ္ဌမအစ်ကိုလား။ အစ်ကို ဒီမှာ ဘာလုပ်နေတာလဲ” သူတို့နှစ်ယောက်သား အလွန်တုန်လှုပ်သွားသည်မှာ သိသာထင်ရှားသည်။
သူတို့ ထွက်ခွာလာသောအခါတွင် အနားပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးခဲ့ကြပြီး ပုံမှန်မဟုတ်သည့်အရာများကို မတွေ့မိခဲ့ကြပေ။
“နင်တို့နှစ်ယောက် တိတ်တိတ်လေး ထွက်သွားတာကို ငါမြင်လိုက်တယ်လေ။ မင်းတို့တွေ အန္တရာယ်ဖြစ်မှာကို ငါစိုးရိမ်တာကြောင့် ဒီမှာ စောင့်နေတာပဲ။”
ဒါကိုကြားတော့ ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ထုတ်ဖော်ပြောဖို့ မလိုအပ်ဘဲ နှစ်ယောက်စလုံး အတွေးတူနေကြသည် - မော့ချူဟန်ကို သူတို့ တွေ့ကြုံခဲ့တာတွေကို ပြောပြသင့်သလား။
တကယ်လို့ သူတို့ ဘာမှ မပြောခဲ့ပါက၊ မော့ယွင်ဖုန့်ကို အနာဂတ်တွင် အိမ်သို့ ပြန်ခေါ်လာသည့်အခါ ဆင်ခြေမျိုးစုံပေးနေရဦးမှာပဲ။
အမှန်အတိုင်းပြောရရင် မော့ယွင်ဖုန့်ရဲ့ လက်ရှိနေထိုင်နေတဲ့နေရာကို ဘယ်လိုရှင်းပြမလဲ။
ထို့အပြင် ဟဲကျစ်ယန်သည် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သူမ၏ ကိုယ်ပိုင်ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားလိုခြင်း မရှိပေ။ နောက်ဆုံးမှာတော့ ဒါက မော့ညီအစ်ကိုတွေကြားက ကိစ္စရပ်ပင် ဖြစ်သည်။
မော့ကျိုးယွီက ခဏလောက် စဉ်းစားပြီးတော့ ပြောလိုက်သည်၊ “အဋ္ဌမအစ်ကို ကျွန်တော်တို့တွေ ခုနတုန်းက ဆားကန်မှာ ရွက်လွှင့်နေတဲ့ ပန်းလှေပေါ်ကို သွားကြည့်ခဲ့ကြတာ၊ အဲဒီမှာ နန်ဟန်ကို တွေ့ခဲ့တယ်…”
မော့ကျိုးယွီသည် လှေပေါ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့် မော့ယွင်ဖုန့် အသက်ရှင်နေသေးသည့် သတင်းကို အမှန်အတိုင်း ပြောပြသည်။
ဟုတ်ပါတယ်၊ သူတို့နှစ်ယောက်ရဲ့ လှည့်စားတဲ့ နည်းလမ်းတွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။
အကျိုးအကြောင်းကို ကြားသိရပြီးနောက် မော့ချူဟန်၏ အမူအရာသည် မော့ကျိုးယွီတစ်ယောက် မော့ချူဟန်အား အသက်ရှင်လျင်တွေ့ရှိခဲ့သည့်အချိန်နှင့် တူညီလုနီးပါးပင်။
“နဝမညီလေး၊ တတိယအစ်ကို မသေသေးဘူးလို့ မင်းပြောလိုက်တာလား။ သူ ဘယ်မှာလဲ။ သူ့ကိုတွေ့ဖို့ ငါ့ကို မြန်မြန်ခေါ်သွားပေးချေ။”
မော့ယွင်ဖုန့်သည် ယခုလောလောဆယ်တွင် ဟဲကျစ်ယန်၏ နေရာလွတ်ထဲတွင် ရှိသောကြောင့် မော့ကျိုးယွီသည် မော့ချူဟန်အား မည်သို့ခေါ်ဆောင်သွားနိုင်ပါ့မည်နည်း။
သူ့မှာ အခြားရွေးချယ်စရာမရှိဘဲ လိမ်ပြောရန်သာ တတ်နိုင်ခဲ့သည်။
“အဋ္ဌမအစ်ကို၊ ကျွန်တော်တို့တွေ ပန်းလှေကို မီးရှို့လိုက်တဲ့အတွက် လူတွေရဲ့ အာရုံကို ဆွဲဆောင်လိုက်နိုင်တယ်။ တတိယအစ်ကိုကို ကျွန်တော်တို့နဲ့ တွဲတွေ့ရင် တခြားသူတွေရဲ့ အာရုံကို အလွယ်တကူ ဆွဲဆောင်နိုင်မှာဆိုးလို့ သူ့ကို အခုလောလောဆယ် လူသူကင်းမဲ့တဲ့ နေရာတစ်ခုမှာ ဝှက်ထားခဲ့တယ်။
မနက်ဖြန် ပိုလုံခြုံသွားတဲ့အခါကျရင် ယန်ယန်ကို ကျွန်တော်နဲ့ အတူ ခေါ်သွားလိုက်မယ်၊ တတိယအစ်ကိုဆီက ကူအဆိပ်ကို ဖယ်ရှားပြီးရင် ပြန်ခေါ်လာခဲ့ပေးမယ်။”
မော့ချူဟန်သည် သူ့ရှင်းပြချက်ကို လုံးဝ သံသယ မရှိခဲ့ပေ။ သူ့စိတ်ထဲက ပူပန်စိတ်ကို ထိန်းချုပ်ကာ ခေါင်းညိတ်လိုက်သည်၊ “ကောင်းပြီ။ မနက်ဖြန်ကျရင် တတိယအစ်ကိုကို ပြန်ခေါ်လာဖို့ ငါ မင်းတို့နဲ့အတူ လိုက်ခဲ့မယ်။”
မော့ကျိုးယွီက အလျင်စလို ဖျောင်းဖျတားမြစ်ခဲ့သည်၊ “မဖြစ်ဘူး၊ သိပ်မကြာသေးခင်က ဆားကန်အနီးမှာ မငြိမ်မသက်မှုတွေ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့မိသားစုရဲ့ လုံခြုံရေးအတွက် ကျွန်တော် စိတ်ပူတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေထဲက တစ်ယောက်ယောက်ကတော့ သူတို့ကို ကာကွယ်ပေးဖို့ နေခဲ့မှ ဖြစ်မယ်။”
ယခုအခါမှာ မော့ကျိုးယွီ၏ လူတွေကို လှည့်ပတ်ပြောဆိုနိုင်စွမ်းသည် နှယ်နှယ်ရရ မဟုတ်ပေ။ မော့ချူဟန်သည် အနည်းငယ် တွန့်ဆုတ်နေသော်လည်း သူ့နဝမညီလေး၏ ပြောစကားက ကျိုးကြောင်းဆီလျော်ကြောင်းကိုတော့ ဝန်ခံရမည်။
“အဲဒါဆို ငါ မိသားစုကို ကာကွယ်ဖို့ နေခဲ့မယ်။ နဝမညီလေးနဲ့ ခယ်မလေးတို့က အပြင်ထွက်တဲ့အခါ အထူးသတိထားရမယ်။”
မော့ချူဟန် လှည့်ပြန်သွားတော့မည်ကို မြင်လိုက်ရသဖြင့် ဟဲကျစ်ယန်က သူ့ကို အမြန်သတိပေးလိုက်သည်။
“အဋ္ဌမအစ်ကို၊ တတိယအစ်ကိုကို ညီမတို့ပြန်မခေါ်လာခင် အမေနဲ့ မရီးတွေကို ဒီအကြောင်း မပြောထားနဲ့ဦး။ မဟုတ်ရင် သူတို့ အရမ်းစိတ်ပူနေလိမ့်မယ်။”
အမှန်တော့ ဟဲကျစ်ယန်က သတိကြီးကြီး ထားနေခြင်း ဖြစ်သည်။ နန်ဟန်ပျောက်ဆုံးမှုကဲ့သို့ ကြီးမားသော ကိစ္စရပ်အတွက် နေရာတိုင်းတွင် တာဝန်ရှိသူများ လိုက်လံရှာဖွေနေမည်မှာ သေချာပါသည်။ အမျိုးသမီးတွေ အရမ်းစိုးရိမ်နေတာကိုမြင်တော့ တာဝန်ရှိသူများက သံသယဝင်ပြီး သဲလွန်စရှာလျှင် ဆုံးရှုံးမှုက သာလွန်သွားပေလိမ့်မည်။
မော့ချူဟန်က ခေါင်းညိတ်သည်၊ “အင်း၊ ငါ နားလည်ပါတယ်။”
သုံးယောက်သား တိတ်တိတ်ဆိတ်ဆိတ် ကိုယ့်တဲသို့ ပြန်သွားခဲ့ကြသည်။ ဟဲကျစ်ယန်သည် မော့ကျိုးယွီအား သူမ၏ နေရာလွတ်ထဲသို့ အတူတူဝင်ရန် ခေါ်ဆောင်သွားတော့မည့်အချိန်တွင် လျန့်ဟောက်၏ အသံကို တဲအပြင်ဘက်မှ ကြားလိုက်ရသည်။
“နဝမသခင်လေး၊ သင့်ငယ်သားမှာ အရေးတကြီး သတင်းပို့စရာ ရှိပါတယ်။”
မော့ကျိုးယွီသည် လျန့်ဟောက် သတင်းပို့မည့် ကိစ္စရပ်များကို သူ သိပေမယ့် သူလုပ်ခဲ့တာလို့ မပြောနိုင်ဘူး။
မော့ကျိုးယွီသည် အခုလေးတင်မှ အိပ်ရာနိုးလာသလို ဟန်ဆောင်ကာ တဲထဲမှ ထွက်သွားခဲ့သည်။
“ဘာကိစ္စလဲ။”
လျန့်ဟောက်သည် အနားပတ်ဝန်းကျင်ကို လှည်ပတ်ကြည့်ရင်း တိုးတိုးလေး ပြောလာခဲ့သည်၊ “နဝမသခင်လေး၊ ဆားကန်ရဲ့ အကြီးဆုံး ပန်းလှေ မီးရှို့ခံလိုက်ရတယ်။ ဒီငယ်သားက မင်းသားဟန် လူတွေကို လှေပေါ်ခေါ်ဆောင်သွားတာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့တယ်။”
မော့ကျိုးယွီက ခေါင်းညိတ်သည်၊ “အင်း၊ မင်း ဆက်ပြီးတော့ စောင့်ကြည့်ထားဦး။ အကြောင်းထူးတာနဲ့ ချက်ချင်းသတင်းပို့ပါ။”
ဒီတစ်ကြိမ်မှာတော့ မော့ကျိုးယွီသည် လျန့်ဟောက်ကို ဝတ်ကျေတန်းကျေ တာဝန်ပေးလိုက်တာ မဟုတ်ပါ။ ပန်းလှေမီးလောင်ပြီး မင်းသားဟန်ပျောက်ဆုံးသွားပြီးနောက် ဘာတွေ ဆက်ဖြစ်ခဲ့လဲဆိုတာကို သူ တကယ်သိချင်သည်။
လျန့်ဟောက်သည် နောက်တစ်ကြိမ် ထပ်ထွက်သွားခဲ့သည်။ ထိုအခါမှသာ မော့ကျိုးယွီသည် တဲထဲသို့ ပြန်ဝင်လာခဲ့သည်။
ဟဲကျစ်ယန်က သူ့ကို နေရာလွတ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
***