အမတ်ချုပ်ကြီးရဲ့ အစီအစဉ်
Vol. 13 Ch. 194
ခြံဝင်းထဲတွင် ပြင်ပလူများ မရှိတော့သည့်အခါ အမတ်ချုပ်ကြီးရှဲ့က အမိန့်ပေးလိုက်သည်။
"သခင်မကို သူ့အခန်းထဲ ပြန်ပို့ပေးလိုက်ပါ။"
"အမတ်ချုပ်ကြီး..."
သခင်မဝမ်က ငိုယိုပြောလိုက်သည်။
"ကျွန်မ..."
"ဘာမှပြောမနေနဲ့တော့။"
အမတ်ချုပ်ကြီးရှဲ့က ဖြတ်ပြောလိုက်သည်။
"အရာရာကို ငါစီစဉ်ထားတယ်။ မင်း ဘာမှစဉ်းစားမနေနဲ့။ အခန်းပြန်ပြီး နားလိုက်တော့။"
အမတ်ချုပ်ကြီးရှဲ့၏စကားက ပုံမှန်အတိုင်း ဖြစ်သော်လည်း သခင်မဝမ်ကတော့ မသွားရဲပေ။
"မြေးမလေးတွေရော။"
သခင်မဝမ် ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်တော့ဘဲ ရှဲ့မိသားစု သမီးပျိုတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကိုပဲ သိချင်နေသည်။
အမျိုးသားတစ်ဦး၏အလောင်းသည် ကြမ်းပြင်ပေါ်တွင် ရှိနေဆဲပင်။ အမတ်ချုပ်ကြီးရှဲ့သည် အလောင်းကို တစ်ချက်ကြည့်ပြီး သခင်မဝမ်ကို ပြောလိုက်သည်။
"ငါတို့ ရှဲ့မိသားစုက ကောင်မလေး ခြောက်ယောက်လောက်ကိုတော့ ကျွေးထားနိုင်ပါတယ်။"
ဒူးထောက်နေသော သခင်မဝမ်သည် အမတ်ချုပ်ကြီးရှဲ့၏စကားကြောင့် နောက်သို့ လဲကျသွားသည်။
ခြံဝင်းထဲရှိ လူများသည် ခေါင်းငုံ့ထားကြပြီး မည်သူမျှ စကားမပြောရဲကြပေ။
ရှဲ့မိသားစုက ကောင်မလေးခြောက်ယောက်ကို ကျွေးထားနိုင်တာ မှန်ပေမယ့် သူတို့က အရွယ်ရောက်ရင် အိမ်ထောင်ပြုရမှာလေ။ တစ်သက်လုံး ကျွေးထားရမှာလား။ အမတ်ချုပ်ကြီးက သမီးပျို ခြောက်ယောက်လုံးရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာပဲ။
"သခင်မကြီးရဲ့ ခြံဝင်းထဲမှာ ဘုရားခန်းရှိတယ်။"
အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။
"အဲဒီဘုရားခန်းကို သန့်ရှင်းရေးလုပ်လိုက်။ ကောင်မလေး ခြောက်ယောက်လုံးကို အဲဒီကို ပို့လိုက်။ နောက်ဆို အဲဒီခြံဝင်းထဲကနေ အပြင်ထွက်ခွင့် မပေးနဲ့။"
"အမတ်ချုပ်ကြီး!"
သခင်မဝမ် အော်ဟစ်လိုက်သည်။
"သူတို့အားလုံးကို သီလရှင်ဝတ်ခိုင်းမလို့လား။ သူတို့က ငယ်ပါသေးတယ်။"
အမတ်ချုပ်ကြီးရှဲ့က အေးစက်စွာ ပြောလိုက်သည်။
"ဟုတ်တယ်၊ သူတို့က ငယ်သေးတယ်။ ငယ်ငယ်လေးနဲ့ သူများကို ဒုက္ခပေးတတ်နေပြီ။"
အပျိုစင်ဆောင်ထဲမှလည်း ငိုသံများ ထွက်ပေါ်လာသည်။
"စာကြည့်ဆောင်ကို ပြန်ပို့ပေးကြ။"
အမတ်ချုပ်ကြီးရှဲ့က အစေခံနှစ်ဦးကို အမိန့်ပေးလိုက်သည်။
အစေခံနှစ်ဦးသည် ထမ်းစင်ကို မပြီး လှည့်ထွက်ရန် ပြင်လိုက်ကြသည်။
"အမတ်ချုပ်ကြီး၊ ဒီကိစ္စကို ဘယ်လိုလုပ်မှာလဲ။"
သခင်မဝမ်သည် ကြမ်းပြင်မှ ထလာပြီး အမတ်ချုပ်ကြီးရှဲ့နောက်သို့ လိုက်ကာ မေးလိုက်သည်။ အိမ်ဦးနတ်အနေနဲ့ ဖြေရှင်းချက်တစ်ခုခု ပေးသင့်တယ်မလား။
"နောက်ဆို အိမ်မှုကိစ္စတွေကို မော့ရှီကို လွှဲပေးလိုက်မယ်။ မင်းက ကောင်းကောင်းနားနေလိုက်တော့။ အပြင်လူတွေကိုတော့ မင်း နေမကောင်းဖြစ်နေတယ်လို့ ပြောလိုက်မယ်။ ကိစ္စမရှိရင် အပြင်မထွက်နဲ့တော့။"
အမတ်ချုပ်ကြီးရှဲ့က အမိန့်တစ်ခု ထပ်ပေးလိုက်သည်။
မော့ရှီသည် အမတ်ချုပ်ကြီးရှဲ့၏ မယားငယ်ဖြစ်ပြီး သားတစ်ယောက်၊ သမီးတစ်ယောက် မွေးဖွားပေးထားသူ ဖြစ်သည်။ ငယ်စဉ်က သခင်မဝမ်နှင့် အပြိုင်အဆိုင်ဖြစ်ခဲ့သူဖြစ်သည်။ အိမ်မှုကိစ္စ စီမံခန့်ခွဲခွင့်အာဏာကို မော့ရှီလက်ထဲ ထည့်ပေးလိုက်ပြီး သူမကို အိမ်တွင်းအောင်းခိုင်းလိုက်သည်ကို ကြားလိုက်ရသောအခါ သခင်မဝမ် မေ့လဲသွားလေသည်။
အစေခံနှင့် အပျိုတော်များ အော်ဟစ်သံကို ကြားလိုက်ရသော်လည်း အမတ်ချုပ်ကြီးရှဲ့ လှည့်မကြည့်တော့ပေ။
"သွားကြစို့။"
ခြံဝင်းအပြင်ဘက်တွင် ရှဲ့အန်းကျီနှင့် မိသားစုဝင်များ စောင့်နေကြသည်။ ဒုတိယသခင်လေးရှဲ့သည် အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော်လည်း အမတ်ချုပ်ကြီးရှဲ့က သူ့သား၏ မကျေမနပ်ဖြစ်နေမှုကို ရိပ်မိလိုက်သည်။
"အဖေ။"
ရှဲ့အန်းကျီ ဂါရဝပြုလိုက်သည်။
"မင်းအမေကို အခန်းပြန်ပို့ပေးလိုက်။"
အမတ်ချုပ်ကြီးရှဲ့က မှာကြားလိုက်သည်။
ပြဿနာတက်သော သမီးပျို ခြောက်ယောက်ထဲတွင် ရှဲ့အန်းကျီ၏သမီးလည်း ပါဝင်သည်။ ဒုတိယသခင်လေးရှဲ့သည် အသနားခံသော မျက်လုံးများဖြင့် အမတ်ချုပ်ကြီးရှဲ့ကို ကြည့်လိုက်သည်။
အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။
"မင်းက အဲဒီခြောက်ယောက်အတွက်နဲ့ ရှဲ့မိသားစု သမီးပျိုတွေ အကုန်လုံးကို ဒုက္ခရောက်စေချင်တာလား။"
ထိုစကားတစ်ခွန်းတည်းဖြင့် ရှဲ့အန်းကျီ ပါးစပ်ပိတ်သွားရသည်။ ရှဲ့မိသားစုတွင် မိန်းမပျို အယောက် ၂၀ ကျော် ရှိသည်။ ခြောက်ယောက်အတွက်နဲ့ ကျန်တဲ့လူတွေ အိမ်ထောင်မပြုရတော့ရင် ဘယ်လိုလုပ်မလဲ။
"သွားကြစို့။"
အမတ်ချုပ်ကြီးရှဲ့က ထမ်းစင်ကို ခြေထောက်ဖြင့် ပုတ်လိုက်သည်။
အစေခံနှစ်ဦး ထမ်းစင်ကို ထမ်းပြီး ထွက်ခွာသွားကြသည်။
ရှဲ့လိုင်ပေါင်သည် လမ်းတစ်ဝက်တွင် စောင့်နေသည်။ အမတ်ချုပ်ကြီးရှဲ့ ရောက်လာသည်ကို မြင်သောအခါ တိုးတိုးလေး လျှောက်တင်လိုက်သည်။
"သခင်ကြီး၊ စားပွဲသောက်ပွဲ ပြင်ဆင်ပြီးပါပြီ။ ဘယ်လိုလုပ်မလဲ။"
ပဉ္စမသခင်မလေးခြံဝင်းထဲမှ အသံများကို အိမ်တော်ထိန်းရှဲ့ ကြားပြီးသားဖြစ်သည်။ သို့သော် အနားမကပ်ရဲခဲ့ပေ။ အခု အဆိပ်ဂိုဏ်းကို ရှင်းပစ်မယ့်ကိစ္စ ဆက်လုပ်ရမလားဆိုတာ သူ မသိတော့ပေ။
"လုပ်လိုက်။"
အမတ်ချုပ်ကြီးရှဲ့က ချက်ချင်း ပြောလိုက်သည်။
ရှဲ့လိုင်ပေါင်က မေးလိုက်သည်။
"ဒါဆို သခင်မနဲ့ သခင်မလေးတွေကရော။"
"မိန်းမတွေကိစ္စကြောင့်နဲ့ အရေးကြီးကိစ္စကို ဖျက်ပစ်ရမှာလား။"
အမတ်ချုပ်ကြီးရှဲ့က ပြန်မေးလိုက်သည်။
ရှဲ့လိုင်ပေါင် ခေါင်းငုံ့လိုက်သည်။
"ကျွန်တော်မျိုး နားလည်ပါပြီ။"
အမတ်ချုပ်ကြီးရှဲ့ ဆက်သွားခိုင်းလိုက်သည်။ ရှဲ့သော်ယင်းကိစ္စက ရှဲ့မိသားစု သမီးပျို ၇ ယောက်ရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်သလို၊ ကျန်တဲ့ သမီးပျိုတွေရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေခဲ့သည်။ ဒါက အရေးကြီးပေမယ့် တစ်နေ့ကျရင် သူသာ အာဏာပြန်ရလာရင် အကျိုးအမြတ်ကြည့်တတ်တဲ့ အထက်တန်းလွှာ မိသားစုတွေက သားချင်းပြုဖို့ လာကမ်းလှမ်းကြမှာ အသေအချာပဲ။ ဂုဏ်သိက္ခာနဲ့ အာဏာ၊ စည်းစိမ်ချမ်းသာ ဘယ်ဟာက ပိုအရေးကြီးလဲ။
အမတ်ချုပ်ကြီးရှဲ့ ယခုအချိန်တွင် သီလရှင်ဝတ်သွားသော မြေးမလေးကိုရော၊ သူ့မိန်းမကိုပါ ထည့်မစဉ်းစားတော့ပေ။ သူစဉ်းစားနေသည်မှာ လူတစ်ယောက်တည်းအကြောင်းသာဖြစ်သည်။ နဉ်ယွီ... ဒီမြေးမစုတ် သေကိုသေမှ ဖြစ်တော့မယ်။
နဉ်ရှောင်ယောင်းသည် မြင်းပေါ်တွင် ထိုင်ရင်း နှာချေလိုက်သည်။
"အေးလို့လား။"
လိုကျစ်ကွေ့ မေးလိုက်သည်။
"မအေးပါဘူး။ စစ်သေနာပတိချုပ်၊ အခု နန်းတော်ပြန်တော့မလို့လား။"
"အင်း၊ ပြန်မယ်။"
"ဒါဆို ဘဲဥနှစ်ဆန်မုန့်ကြွပ်ကရော။"
နဉ်ရှောင်ယောင်း မေးလိုက်သည်။
လိုကျစ်ကွေ့ ခဏတာ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။
"မင်း စားချင်စိတ် ရှိသေးလို့လား။"
ဟုကော်ကုန်းအိမ်တော်ကို သွားပြီး ထမင်းစားဖို့ စိတ်မပါဘူးဆိုပြီး ဘဲဥနှစ်ဆန်မုန့်ကြွပ်ကျတော့ စားချင်နေတာလား။
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"ဘဲဥနှစ်ဆန်မုန့်ကြွပ်စားတာနဲ့ ထမင်းစားတာနဲ့ ဘာဆိုင်လို့လဲ။ ကျွန်မ ထမင်းမစားချင်ပေမယ့် မုန့်တော့ စားချင်တာပေါ့။"
လိုကျစ်ကွေ့ "..."
ဒီစကားက အဓိပ္ပာယ်ရှိသလိုလိုပဲ။
"စစ်သေနာပတိချုပ်၊ ကျွန်မကို လိမ်တာလား။"
နဉ်ရှောင်ယောင်း မကျေမနပ် ပြောလိုက်သည်။
"ကျွန်တော် လိုက်ဝယ်ပေးပါ့မယ်။"
လိုကျစ်ကွေ့ ပြောလိုက်ရသည်။
လမ်းဆုံတစ်ခုသို့ ရောက်သောအခါ လိုကျစ်ကွေ့သည် နန်းတော်ဘက်သို့ မသွားဘဲ ညာဘက်ကွေ့ပြီး ဈေးတန်းဘက်သို့ ဦးတည်သွားလိုက်သည်။
နဂါးအစောင့်တပ်သားများသည် အရှင်မင်းကြီး ဘဲဥနှစ်ဆန်မုန့်ကြွပ်အကြောင်း ပြောနေသည်ကို ကြားလိုက်ရသဖြင့် စစ်သေနာပတိချုပ် ဘယ်သွားမလဲဆိုတာ သိလိုက်ကြသည်။ ထို့ကြောင့် ဘာမှမမေးဘဲ နောက်မှ လိုက်ပါသွားကြသည်။
လူစည်ကားသော ဈေးတန်းသို့ ရောက်သောအခါ နဉ်ရှောင်ယောင်းက ထပ်တောင်းဆိုလိုက်ပြန်သည်။
"ကျွန်မ တခြားဟာတွေပါ ဝယ်ချင်တယ်။"
"ကောင်းပြီ။"
လိုကျစ်ကွေ့ သဘောတူလိုက်သည်။ မုန့်ဖိုးလောက်က ဘယ်လောက်ကုန်မှာမို့လို့လဲ။
"ဘဲဥနှစ်ဆန်မုန့်ကြွပ် အရင်သွားဝယ်မယ်။"
"ကောင်းပြီ။"
လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။ ဒီလမ်းပေါ်မှာ သူ ဈေးမဝယ်ဖူးပေမယ့် ဒီလိုမုန့်မျိုးက နေရာတိုင်းမှာ ရှိတာပဲလေ။ ရှာရတာ နည်းနည်းကြာမယ် ဆိုပေမယ့်ပေါ့။
စစ်သေနာပတိချုပ်က သူမပြောသမျှ နာခံနေသည်ကို မြင်သောအခါ နဉ်ရှောင်ယောင်း ကျေနပ်သွားသည်။ စစ်သေနာပတိချုပ်လိုလူမျိုးကို ဒီလောက် လိမ်မာအောင် လုပ်နိုင်တဲ့လူ ဒီလောကမှာ ဘယ်နှယောက်ရှိမလဲ။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ပွေ့ချီပြီး မြင်းပေါ်မှ ဆင်းပေးလိုက်ရင်း ယင်းဖုန်းကို ပြောလိုက်သည်။
"ငါတို့ လမ်းလျှောက်သွားလိုက်မယ်။ မင်းတို့လည်း လျှောက်ကြည့်ကြပေါ့။"
"ဟုတ်တယ်။"
နဉ်ရှောင်ယောင်းက ဝင်ပြောလိုက်သည်။
"သာ့ဖုန်း၊ မင်း ဘာစားချင်လဲ။ ငါ ဝယ်ကျွေးမယ်။"
စိတ်ညစ်စရာရှိရင် စားကောင်းသောက်ကောင်း စားလိုက်ရမယ်။ ဒါ ကမ္ဘာပျက်ကပ်က လူတွေရဲ့ ခံယူချက်ပဲ။
ယင်းဖုန်းက ခါးကိုင်းပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုး ဘာမှမစားချင်ပါဘူး။"
"ဟင်..."
နဉ်ရှောင်ယောင်း ယင်းဖုန်းကို ကြည့်လိုက်သည်။ စိတ်ထိခိုက်လွန်းလို့ အစားအသောက်တောင် မစားချင်တော့ဘူးလား။
"သွားကြစို့။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ဆွဲခေါ်သွားလိုက်သည်။
နဉ်ရှောင်ယောင်းသည် ပါသွားသော်လည်း ယင်းဖုန်းကို လှည့်ကြည့်ပြီး လိုကျစ်ကွေ့ကို ပြောလိုက်သည်။
"သာ့ဖုန်း ဘယ်လိုလုပ်မလဲ။"
လိုကျစ်ကွေ့ နားမလည်နိုင် ဖြစ်နေသည်။ ဒီကောင်မလေးက ဘာတွေ စိတ်ပူနေတာလဲ။
"ယောက်ျားကောင်းတစ်ယောက်က မိန်းမ,မရမှာ ပူစရာမလိုပါဘူး။"
လိုကျစ်ကွေ့က ပြောလိုက်သည်။
"ဘာ..."
"ကမ္ဘာပေါ်မှာ မိန်းကလေးတွေ အများကြီးရှိတာပဲ။ ယင်းဖုန်းက တစ်သက်လုံး လူပျိုကြီး ဖြစ်နေမှာ မဟုတ်ပါဘူး။"
နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။
"ရှင် အရင်တုန်းက အဲဒီလို တွေးခဲ့တာလား။"
"ဘာကိုလဲ။"
လိုကျစ်ကွေ့ နားမလည်လိုက်ပေ။
"ဒါကြောင့် ရှင် ဒီနေ့အထိ လူပျိုကြီး ဖြစ်နေတာပေါ့။"
လိုကျစ်ကွေ့ "..."
"ခွေးတူဝက်တူ..."
နဉ်ရှောင်ယောင်းက ခွေးဟောင်သံ လုပ်ပြလိုက်သည်။
"ဝုတ်... ဝုတ်..."
"တော်ပြီ၊ ဆက်မပြောနဲ့တော့။"
လိုကျစ်ကွေ့ တားလိုက်သည်။
"ကျွန်မ မပြောရင် ဒီကိစ္စက ပျောက်သွားမှာလား။"
"ရှဲ့ပဉ္စမသခင်မလေးက မသင့်တော်ဘူး။"
လိုကျစ်ကွေ့ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ဘာလို့လဲ။"
နဉ်ရှောင်ယောင်း အော်မေးလိုက်သည်။
ဘေးနားမှ လမ်းသွားလမ်းလာများ လှည့်ကြည့်ကုန်ကြသည်။
လိုကျစ်ကွေ့ ရှေ့တိုးပြီး နဉ်ရှောင်ယောင်းကို ကွယ်ထားလိုက်သည်။
လူများ ပြန်လှည့်သွားမှ လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။
"သူက ရှဲ့မိသားစုက သမီးပျိုလေ။ ကျွန်တော်တို့ ရှဲ့မိသားစုကို တိုက်ခိုက်တဲ့အခါ သူက ရှဲ့မိသားစုဘက် မပါဘူးလို့ ဘယ်လိုအာမခံနိုင်မှာလဲ။ အဲဒီကျရင် ယင်းဖုန်း ဘယ်လိုလုပ်မလဲ။ သူ့မိန်းမကို သတ်မလား၊ ဒါမှမဟုတ် ရှဲ့ဝမ်ယွမ်ဘက် ပါသွားမလား။"
နဉ်ရှောင်ယောင်း ပါးစပ်ပိတ်သွားသည်။
လိုကျစ်ကွေ့ ဆက်ပြောလိုက်သည်။
"ယင်းဖုန်းက သူ့ကို တစ်ကြိမ်ကယ်ခဲ့ပေမယ့် ဒီမိန်းကလေးက ကျေးဇူးသိတတ်တဲ့ မိန်းကလေးလို့ ကျွန်တော်တို့ ဘယ်လိုသိနိုင်မှာလဲ။"
နဉ်ရှောင်ယောင်း "..."
သောက်ကျိုးနည်း၊ ငါ့မှာ သူများစိတ်ကို ဖတ်နိုင်တဲ့စွမ်းရည် မရှိဘူးလေ။
"ပြီးတော့ သူက နန်းတွင်းဝင်ပြီး မိဖုရားလုပ်ဖို့ ရှဲ့သခင်မကြီး ပြုစုပျိုးထောင်ထားတဲ့ မိန်းကလေးလေ။"
လိုကျစ်ကွေ့က ထပ်ပြောလိုက်သည်။
"ရှောင်ယောင်း၊ သူက ယင်းဖုန်းနဲ့ ရိုးရိုးသားသား ပေါင်းသင်းမယ်လို့ မင်း ဘယ်လိုအာမခံနိုင်မှာလဲ။"
"ဒါပေမဲ့ သခင်မကြီး သေသွားပြီလေ။ အမတ်ချုပ်ကြီးကလည်း သူ့ကို မလိုချင်တော့ဘူး။"
နဉ်ရှောင်ယောင်း ပြန်ပြောလိုက်သည်။
"သူက အခု လမ်းပျောက်နေတာ။ ယင်းဖုန်းက အခုချိန်မှာ သူ့ကို လက်ထပ်မယ်ဆိုရင် လူတွေက အခွင့်ကောင်းယူတယ်လို့ ပြောကြလိမ့်မယ်။"
လိုကျစ်ကွေ့က ပြောလိုက်သည်။
"ဘယ်သူက အဲဒီလိုပြောရဲလဲ။ ကျွန်မ သတ်ပစ်မယ်!"
နဉ်ရှောင်ယောင်း ဒေါသထွက်သွားသည်။
"ကမ္ဘာပေါ်က လူတိုင်းရဲ့ပါးစပ်ကို ဘယ်လိုပိတ်မလဲ။ လူတိုင်းကို လိုက်သတ်မလို့လား။"
"လူတိုင်း ဟုတ်လား။ လူတိုင်းက ဒီကိစ္စကို စိတ်ဝင်စားနေကြတာလား။"
ဒီကမ္ဘာက လူတွေက တော်တော် အားနေကြတာပဲ။
"ရှိမှာပေါ့။"
လိုကျစ်ကွေ့ ရပ်တန့်လိုက်ပြီး နဉ်ရှောင်ယောင်း၏ ရှုပ်ပွနေသော ဆံပင်များကို သပ်ပေးလိုက်သည်။
နဉ်ရှောင်ယောင်း ခေါင်းငုံ့ပြီး စဉ်းစားလိုက်သည်။
"အဓိကအချက်က သူက ရှဲ့မိသားစုဝင် ဖြစ်နေလို့မလား။"
လိုကျစ်ကွေ့ "အင်း" ဟု ပြန်ဖြေလိုက်သည်။
"ငြိမ်ငြိမ်နေ၊ ဆံပင် ပြန်စည်းပေးမယ်။"
နဉ်ရှောင်ယောင်း မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဒါဆို ကျွန်မကလည်း မယ်တော်ကြီး မွေးထားတာပဲလေ။ ကျွန်မကိုယ်ထဲမှာလည်း ရှဲ့မိသားစုသွေးတွေ တစ်ဝက် စီးဆင်းနေတာပဲ။"
နဉ်ရှောင်ယောင်း၏ ဆံပင်ကို ကိုင်ထားသော လိုကျစ်ကွေ့၏လက် တောင့်ခဲသွားသည်။
"တကယ်လို့ သာ့ဖုန်းက ရှဲ့သော်ယင်းကို တကယ်သဘောကျနေရင်ကော။"
လိုကျစ်ကွေ့ ပြန်လည်လှုပ်ရှားလိုက်သည်။ မျက်လုံးထဲတွင် နားလည်ရခက်သော အရိပ်အယောင်များ ဖြတ်သန်းသွားပြီး ပြောလိုက်သည်။
"ဘယ်သူပြောပြော အလကားပါပဲ။ ယင်းဖုန်းရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်။ သူက တကယ်ပဲ ရှဲ့ပဉ္စမသခင်မလေးကို ချစ်တယ်ဆိုရင် ကျွန်တော်က သူတို့ဖူးစာကို ဖျက်ဆီးမှာ မဟုတ်ပါဘူး။"
နဂါးအစောင့်တပ်သားခေါင်းဆောင်တစ်ယောက်က ရှဲ့မိသားစုရဲ့ သမက်ဖြစ်လာမယ် ဟုတ်လား။ လိုကျစ်ကွေ့ တွေးလိုက်မိသည်။ ဒါဆိုရင် ငါ ရှဲ့သော်ယင်းကို သတ်ပစ်လိုက်မယ်။ လူသေနဲ့ ဘယ်လိုလုပ် ဖူးစာဆုံလို့ရမှာလဲ။
***