← Chapters

မင်းရဲ့အကြံအစည်၊ ငါ့ရဲ့အကြံအစည်

Vol. 13 Ch. 197

မင်းရဲ့အကြံအစည်၊ ငါ့ရဲ့အကြံအစည်

Vol. 13 Ch. 197

နဉ်ရှောင်ယောင်းသည် ယင်းဖုန်း ဝယ်ပေးသော ဘဲဥနှစ်ဆန်မုန့်ကြွပ်ကို ပျော်ရွှင်စွာစားနေခဲ့သည်။ လမ်းမှာ သူမကိုယ်တိုင် ဝယ်စားခဲ့တာထက် ပိုအရသာရှိသည်ဟု ခံစားနေရသဖြင့် ယင်းဖုန်းကို ကြည့်သောမျက်လုံးများက ပိုမိုတောက်ပနေသည်။ ဒါကို ဘေးမှမြင်နေရသော လိုကျစ်ကွေ့ စိတ်ထဲတွင် မအီမသာ ဖြစ်နေသည်။ ဒီကောင်မလေးက မုန့်နည်းနည်းကျွေးလိုက်တာနဲ့ ပါသွားမယ့်ပုံပဲ။ စိတ်ပျက်စရာ ကောင်းလိုက်တာ။

နဉ်ရှောင်ယောင်း ပျော်ရွှင်နေသည်ကို မြင်သောအခါ ယင်းဖုန်း စိတ်သက်သာရာ ရသွားသည်။ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေအတွက် ရလဒ်ဘယ်လိုပဲထွက်ထွက် အကြီးအကဲယင်းကတော့ အရှင်မင်းကြီးကို အားနာမိသည်။

"အရှင်မင်းကြီး ကြိုက်တယ်ဆိုရင် နောက်တစ်ခါ ကျွန်တော်မျိုး ထပ်ဝယ်ပေးပါ့မယ်။"

ယင်းဖုန်းက ပြောလိုက်သည်။

"ကောင်းတယ်!"

နဉ်ရှောင်ယောင်း မျက်လုံးများ အရောင်တောက်လာသည်။

ယင်းဖုန်း ခါးကိုင်းပြီး ပြောလိုက်သည်။

"အမိန့်တော်အတိုင်းပါ။"

"ငါ မှတ်ထားတယ်နော်။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို လှမ်းကြည့်ပြီး ဘဲဥနှစ်ဆန်မုန့်ကြွပ်တစ်ကိုက် ကိုက်ကာ ပြောလိုက်သည်။

"ရှင် ကျွန်မကို လိမ်တယ်။"

လိုကျစ်ကွေ့ ပိုပြီး စိတ်ဆင်းရဲသွားသည်။

......

ဒီအချိန်မှာ စိတ်ဆင်းရဲနေသူက စစ်သေနာပတိချုပ်လို တစ်ယောက်တည်း မဟုတ်ပေ။ အမတ်ချုပ်ကြီးအိမ်တော်တွင် အမတ်ချုပ်ကြီးရှဲ့သည် ထိုင်ခုံပေါ်တွင် မှီနေပြီး ရှေ့တွင် ကျုံ့ကျုံ့လေးထိုင်ကာ ခေါင်းမမော့ရဲသော ရှဲ့လိုင်ပေါင်ကို ကြည့်နေသည်။

"စောစောက စကားကို ပြန်ပြောစမ်း။"

အမတ်ချုပ်ကြီးရှဲ့က အိမ်တော်ထိန်းကို အမိန့်ပေးလိုက်သည်။

ရှဲ့လိုင်ပေါင် စကားမပြောခင် ကိုယ့်ပါးကိုယ် တစ်ချက်အရင်ရိုက်လိုက်ပြီး ငိုမဲ့မဲ့ မျက်နှာဖြင့် ပြောလိုက်သည်။

"ကျွန်တော်မျိုး သေဒဏ်နဲ့ ထိုက်တန်ပါတယ်။ အဆိပ်ဂိုဏ်းသားတွေ အကုန်မသေဘဲ အချို့ လွတ်သွားကြပါတယ်။ သခင်ကြီး၊ ကျွန်တော်မျိုး သေဒဏ်နဲ့ ထိုက်တန်ပါတယ်။"

"မသေသေးပါနဲ့ဦး။"

အမတ်ချုပ်ကြီးရှဲ့ ဒေါသထွက်ဖို့တောင် အားမရှိတော့သလို ပြောလိုက်သည်။

"ဘယ်လိုလုပ် လွတ်သွားတာလဲ။"

"ကျွန်တော်မျိုး... ကျွန်တော်မျိုး သေဒဏ်နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်မျိုး မသိပါဘူး။"

ရှဲ့လိုင်ပေါင်က ပြောလိုက်သည်။

"လူစုံပြီဆိုတာ သေချာမှ၊ စားပွဲစပြီဆိုမှ ကျွန်တော်မျိုး ထွက်လာတာပါ။ စစ်သူကြီးထောင်ဘက်က အမှားမရှိလောက်ပါဘူး။ မိုးရွာသလို မြားမိုးရွာနေတာကို ဘယ်လိုလုပ်ပြီး အသက်ရှင်ကျန်ရစ်ခဲ့တာလဲ။ သခင်ကြီး၊ ကျွန်တော်မျိုး တကယ် စဉ်းစားလို့ မရပါဘူး။"

အမတ်ချုပ်ကြီးရှဲ့ ရှဲ့လိုင်ပေါင်ကို ကြည့်လိုက်သည်။

ရှဲ့လိုင်ပေါင် ငိုမဲ့မဲ့ မျက်နှာဖြင့် ကိုယ့်ပါးကိုယ် ထပ်ရိုက်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော်မျိုး သေဒဏ်နဲ့ ထိုက်တန်ပါတယ်။"

"မင်း မြားမိုးရွာတာ မြင်လိုက်လား။"

အမတ်ချုပ်ကြီးရှဲ့ မေးလိုက်သည်။

ရှဲ့လိုင်ပေါင် ကြောင်သွားပြီး ပြောလိုက်သည်။

"သခင်ကြီး၊ အလောင်းတွေကို ကျွန်တော်မျိုး ကြည့်ပြီးပါပြီ။ လူတစ်ယောက်စီမှာ မြားဆယ်စင်းလောက် စိုက်နေတာပါ။ မြားတွေက မျက်လုံးပါနေတာများလား မသိဘူး။"

မြားတွေက မျက်လုံးမပါပေမယ့် မြားပစ်တဲ့လူတွေက မျက်လုံးပါတယ်။ အဆိပ်ဂိုဏ်းသားတွေက တစ်နေရာတည်း စုဝေးနေကြတာဆိုတော့ မြားမိုးရွာနေတဲ့အောက်မှာ အထိအခိုက်မရှိ လွတ်မြောက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။

"ထောင်ယွီက လူလွှတ်ပြီး လိုက်ဖမ်းခိုင်းသေးလား။"

အမတ်ချုပ်ကြီးရှဲ့က မေးလိုက်သည်။

"ကျွန်တော်မျိုး စစ်သူကြီးထောင်ကို မေးကြည့်ပါတယ်။ သူပြောတာက လူအင်အား ဒီလောက်ပဲရှိလို့ ထပ်မလွှတ်နိုင်တော့ဘူးတဲ့။"

အိမ်တော်ထိန်းရှဲ့က မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။

"ကျွန်တော်မျိုးလည်း စစ်သူကြီးထောင်နဲ့ သွားရန်ဖြစ်လို့ မရဘူးလေ။ သခင်ကြီး၊ အဲဒီလူတွေ ဒဏ်ရာရပြီး ထွက်ပြေးသွားတာဆိုရင် သွေးကွက်တွေ ကျန်ခဲ့မှာပေါ့။ ကျွန်တော်မျိုး လူခေါ်ပြီး လိုက်ရှာကြည့်ပေမယ့် ထူးဆန်းတာက စားပွဲကျင်းပတဲ့ မိန်ဥယျာဉ်ကလွဲရင် တခြားနေရာတွေမှာ သွေးကွက် မတွေ့ရပါဘူး။"

"ဒါဆို သူတို့ ဒဏ်ရာမရဘူးပေါ့။"

အမတ်ချုပ်ကြီးရှဲ့ တိုးတိုးလေး ပြောလိုက်သည်။

ရှဲ့လိုင်ပေါင်က ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်မျိုး အပြင်ကနေ တောက်လျှောက် စောင့်ကြည့်နေတာပါ။ မိန်ဥယျာဉ်ထဲကနေ ဘယ်သူမှ ထွက်မသွားပါဘူး။"

"မင်း တစ်ခဏလေးတောင် ထွက်မသွားဘူးလား။"

အမတ်ချုပ်ကြီးရှဲ့ မေးလိုက်သည်။

ရှဲ့လိုင်ပေါင် ခေါင်းညိတ်ရန် ပြင်လိုက်သော်လည်း မျက်လုံးကစားလိုက်ပြီး ပြောလိုက်သည်။

"စစ်သူကြီးထောင်က ကျွန်တော်မျိုးကို စကားပြောဖို့ ခေါ်လိုက်သေးတယ်။ ဒါပေမဲ့ ခဏလေးပါပဲ။"

အဆိပ်ဂိုဏ်းသားတွေက သိုင်းပညာကောင်းကြတယ်။ ခဏလေးဆိုတာ သူတို့ထွက်ပြေးဖို့ လုံလောက်တယ်။ အမတ်ချုပ်ကြီးရှဲ့ ရှဲ့လိုင်ပေါင်ကို အေးစက်စွာ ကြည့်ပြီး ရုတ်တရက် မေးလိုက်သည်။

"ယန်ဟုန် သေလား၊ ရှင်လား။"

ရှဲ့လိုင်ပေါင်သည် ပြန်မဆက်သေးသော အရိုးများကို ဂရုမစိုက်နိုင်တော့ဘဲ ကြမ်းပြင်ပေါ် လှိမ့်ချလိုက်ပြီး အမတ်ချုပ်ကြီးရှဲ့၏ ကုတင်ဘေးသို့ တွားသွားကာ ငိုယိုပြောဆိုလိုက်သည်။

"သခင်ကြီး၊ ယန်ဟုန် ထွက်ပြေးသွားပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုး လွှတ်ပေးလိုက်တာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးသာ အဲဒီလိုလုပ်ခဲ့ရင် မိုးကြိုးပစ်ပါစေ၊ ကျွန်တော်မျိုး တစ်မိသားစုလုံး သေပါစေ သခင်ကြီး။"

ရှဲ့လိုင်ပေါင်၏ ကျိန်ဆိုမှုများကို အမတ်ချုပ်ကြီးရှဲ့ ဂရုမစိုက်ဘဲ ပြောလိုက်သည်။

"မင်း အရင်ထွက်သွားလိုက်။ ထောင်ယွီကို ဝင်လာခိုင်းလိုက်။"

ရှဲ့လိုင်ပေါင်က "အမိန့်အတိုင်းပါ" ဟု ပြန်ပြောပြီး မျက်ရည်သုတ်ကာ အစေခံများကိုခေါ်ပြီး သူ့ကို ထမ်းထုတ်သွားခိုင်းလိုက်သည်။

မကြာမီ ထောင်ယွီသည် အမတ်ချုပ်ကြီးရှဲ့၏ စာကြည့်ဆောင်ထဲသို့ ဝင်လာပြီး ဒူးထောက်ဂါရဝပြုလိုက်သည်။

"ထတော့။"

အမတ်ချုပ်ကြီးရှဲ့ တိုးတိုးလေး ပြောလိုက်သည်။

ထောင်ယွီ ထရပ်လိုက်သည်။ အမတ်ချုပ်ကြီး ပိုးကောင်ကိုက်ခံရပြီး အဆိပ်သင့်နေသည်ဟု ကြားထားသော်လည်း ယခု ကိုယ်တိုင်မြင်လိုက်ရသောအခါ လန့်သွားသည်။ အဆိပ်သင့်တာပဲ ဖြစ်ရမယ်။ ဘယ်ပိုးကောင်က ကိုက်လိုက်ရင် ဒီလောက်အထိ ဖြစ်သွားမှာလဲ။

"ရှဲ့လိုင်ပေါင် ပြောတာတော့ မိန်ဥယျာဉ်ထဲကနေ လူအချို့ ထွက်ပြေးလွတ်မြောက်သွားတယ်တဲ့။"

အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။

ထောင်ယွီက ကိုယ့်လိပ်ပြာကိုယ်လုံသဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။

"သခင်ကြီး၊ ကျွန်တော်မျိုးနဲ့ အိမ်တော်ထိန်းချုပ် လူစာရင်း အတူတူ စစ်ဆေးခဲ့ပါတယ်။ မြားပစ်ဖို့ အမိန့်မပေးခင်မှာလည်း နောက်ထပ်တစ်ခေါက် ထပ်စစ်ဆေးခဲ့ပါတယ်။ လူမလိုပါဘူး။"

"ဒါဆို ရှဲ့လိုင်ပေါင် မှားတာပေါ့။"

ထောင်ယွီ ဘာမှပြန်မပြောဘဲ ရပ်နေသည်။

"အိမ်တော်ထိန်းချုပ်နဲ့အတူ လူစာရင်းစစ်တုန်းက ဘယ်သူတွေ ပါသေးလဲ။"

အမတ်ချုပ်ကြီးရှဲ့ ထပ်မေးလိုက်သည်။

"အိမ်တော်က အစေခံအချို့ရယ်၊ ကျွန်တော်မျိုးရဲ့ ကိုယ်ရံတော်နှစ်ယောက်ရယ် ပါပါတယ်။"

ထောင်ယွီ ဖြေလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့ ထောင်ယွီကို ကြည့်လိုက်သည်။ အိမ်တော်က အစေခံတွေက ရှဲ့လိုင်ပေါင်ဘက်ပါမှာ သေချာသလို၊ ထောင်ယွီရဲ့ ကိုယ်ရံတော်တွေကလည်း ထောင်ယွီဘက်ပါမှာ သေချာတယ်။ ဒီလူတွေက သက်သေလုပ်လို့မရဘူး။

"သခင်ကြီး၊ ကျွန်တော်မျိုးအနေနဲ့ အဲဒီလူတွေကို လွှတ်ပေးစရာ အကြောင်းမရှိပါဘူး။ သူတို့က သိုင်းလောကသားတွေဆိုတာပဲ သိပါတယ်။ ကျန်တာ ဘာမှမသိပါဘူး။"

မျက်နှာရောင်ရမ်းနေသဖြင့် အမူအရာကို မမြင်ရသော်လည်း အမတ်ချုပ်ကြီးရှဲ့က ထောင်ယွီကို ပြုံးပြပြီး ပြောလိုက်သည်။

"ငါ့အိမ်တော်ထိန်းချုပ်က အလုပ်မလုပ်တတ်လို့ပါ။"

ထောင်ယွီ စကားမပြောသော်လည်း မျက်နှာထား ပြေလျော့သွားသည်။

"အိမ်မှာ အဆင်ပြေရဲ့လား။"

အမတ်ချုပ်ကြီးရှဲ့ မေးလိုက်သည်။

ထောင်ယွီ ခေါင်းငုံ့ပြီး ပြောလိုက်သည်။

"အဖေနဲ့အမေ ကျန်းမာရေး သိပ်မကောင်းပါဘူး။"

အမတ်ချုပ်ကြီးရှဲ့ သက်ပြင်းချလိုက်သည်။

"ငါ ထောင်ချန်အတွက် ဖြေရှင်းချက်တစ်ခု ပေးပါ့မယ်။"

ထောင်ယွီသည် မယားငယ်က မွေးသောသားဖြစ်ပြီး တရားဝင်သားဖြစ်သူ၊ ရှဲ့မိသားစု သမက်ဖြစ်သူ ထောင်ချန်နှင့် ငယ်စဉ်ကတည်းက မရင်းနှီးခဲ့ပေ။ ယခု အမတ်ချုပ်ကြီးရှဲ့၏စကားကို ကြားသောအခါ ထောင်ယွီသာ ဟန်ဆောင်ကောင်းသူဆိုရင် ကျေးဇူးတင်ကြောင်း ပြောဆိုလောက်သည်။ သို့သော် စစ်သူကြီးထောင်က ထိုသို့သောလူစားမျိုး မဟုတ်သဖြင့် အမတ်ချုပ်ကြီးရှဲ့ကို ဦးညွှတ်ပြီး တိုတိုတုတ်တုတ် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်ကြီး။"

"သွားတော့။ အားရင် အိမ်ပြန်ပြီး မိဘတွေကို ပြုစုလိုက်ပါဦး။"

အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။

ထောင်ယွီ အမိန့်နာခံပြီး ထွက်ခွာသွားသည်။ အမတ်ချုပ်ကြီးရှဲ့၏စကားကို စိတ်ထဲမထားပေ။ သူက မယားငယ်သားလေ။ မယားငယ်ဖြစ်တဲ့ သူ့အမေ သေတာ ၁၀ နှစ်ကျော်ပြီ။ ထောင်ယွီက အပြင်မှာ စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်နေပေမယ့် ထောင်မိသားစုအိမ်တော်ထဲမှာတော့ မရှိမဖြစ်လူ မဟုတ်ဘူး။ ထောင်ယွီအမြင်မှာတော့ အိမ်ပြန်စရာ မလိုဘူး။

ထောင်ယွီ ထွက်သွားသည်ကို ကြည့်ပြီး ရှဲ့လိုင်ပေါင်သည် စာကြည့်ဆောင်တံခါးဝတွင် ကြောက်ကြောက်ရွံ့ရွံ့ စောင့်ဆိုင်းနေသည်။ တစ်နာရီခန့်ကြာမှ စာကြည့်ဆောင်ထဲမှ အမတ်ချုပ်ကြီးရှဲ့၏ အသံ ထွက်ပေါ်လာသည်။

"ဝင်ခဲ့။"

ရှဲ့လိုင်ပေါင်သည် အစေခံနှစ်ဦးကိုခေါ်ပြီး သူ့ကို စာကြည့်ဆောင်ထဲ ထမ်းသွင်းခိုင်းလိုက်သည်။ အမတ်ချုပ်ကြီးရှဲ့၏ကုတင်ဘေးတွင် ထိုင်ရင်း အသက်ပင် မရှူရဲပေ။

"လူလွှတ်လိုက်။"

အမတ်ချုပ်ကြီးရှဲ့က ရှဲ့လိုင်ပေါင်ကို ပြောလိုက်သည်။

"ထောင်ယွီကို ဖမ်းလိုက်။"

ရှဲ့လိုင်ပေါင် မျက်လုံးပြူးသွားသည်။ အသံတုန်တုန်ဖြင့် မေးလိုက်သည်။

"သ... သခင်ကြီး?"

"ငါ သူ့ကို စစ်ဆေးမယ်။"

အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။

ရှဲ့လိုင်ပေါင်က မေးလိုက်သည်။

"သခင်ကြီး၊ ထောင်ယွီက အဆိပ်ဂိုဏ်းသားတွေကို တိတ်တဆိတ် လွှတ်ပေးလိုက်တာလား။"

"ငါ့မှာ သက်သေမရှိဘူး။ ဒါပေမဲ့ ငါ သူ့ကို သံသယရှိတယ်။ ရှဲ့အန်းဝူလို သားမိုက်တောင် ရှိသေးတာပဲ။ ထောင်ယွီလို မယားငယ်သားကလည်း ရာထူးတက်ဖို့အတွက် အရှင်မင်းကြီးဘက် ခိုလှုံသွားတာ ဖြစ်နိုင်တယ်။"

"အရှင်မင်းကြီး။ အဆိပ်ဂိုဏ်းသားတွေက အရှင်မင်းကြီးနဲ့..."

စကားမဆုံးခင် အိမ်တော်ထိန်းရှဲ့ ကိုယ့်ပါးကိုယ် ထပ်ရိုက်လိုက်ပြန်သည်။ အဆိပ်ဂိုဏ်းထဲမှာ အရှင်မင်းကြီးရဲ့ သူလျှိုရှိတယ်လို့ သံသယမဝင်ရင် သူ့သခင်ကြီးက သူလျှိုကို ရှာမတွေ့ဘဲနဲ့ သူပျိုးထောင်ထားတဲ့ အဆိပ်ဂိုဏ်းတစ်ခုလုံးကို သတ်ပစ်ပါ့မလား။

"ဒီကိစ္စကို လျှို့ဝှက်လုပ်။"

အမတ်ချုပ်ကြီးရှဲ့က မှာကြားလိုက်သည်။

"ကျွန်တော်မျိုး နားလည်ပါပြီ။ ဒါပေမဲ့ သခင်ကြီး၊ ထောင်ယွီက ထောင်မိသားစုဝင်လေ။ ဒီအတိုင်း ဖမ်းလိုက်ရင် ထောင်မိသားစုဘက်က..."

"သူ အရှင်မင်းကြီးနဲ့ မပတ်သက်ရင် အကောင်းဆုံးပဲ။"

အမတ်ချုပ်ကြီးရှဲ့ အေးစက်စွာ ပြောလိုက်သည်။

"သူသာ အရှင်မင်းကြီးဘက်ကလူဆိုရင် ထောင်ချန်သေဆုံးမှုက သူနဲ့ သက်ဆိုင်နေလိမ့်မယ်။ အစ်ကိုရင်းကို လုပ်ကြံတဲ့ မယားငယ်သားကို ဒီလောကကြီးက ခွင့်လွှတ်မှာ မဟုတ်ဘူး။"

ရှဲ့လိုင်ပေါင် ကြောက်လန့်သွားသည်။ ဒါက သူ့သခင်ကြီး လူတွေကို ရှင်းပစ်တဲ့ နည်းလမ်းပဲ။ သေသွားရင်တောင် နာမည်ပျက်နဲ့ သေရအောင်လုပ်တာ။ သူသစ္စာဖောက်မှန်း သခင်ကြီး သိသွားရင် သူ့မိသားစု ဘယ်လိုအဖြစ်ဆိုးနဲ့ ကြုံရမလဲဆိုတာ အိမ်တော်ထိန်းရှဲ့ မတွေးရဲပေ။ စိတ်ကို ငြိမ်အောင် ထားလိုက်ပြီး ရှဲ့လိုင်ပေါင်က မေးလိုက်သည်။

"သခင်ကြီး၊ ထွက်ပြေးသွားတဲ့ အဆိပ်ဂိုဏ်းသားတွေကို ဘယ်လိုလုပ်မလဲ။"

"သူလျှိုက သူတို့ထဲမှာပဲ ရှိရမယ်။ ဒါပေမဲ့ ငါ သူတို့ကို အသုံးမပြုတော့ရင် သူတို့က ငါ့ကို ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး။ သူတို့ပုံတူတွေကို တရားရုံးတော်ကို ပို့လိုက်။ လူသတ်တရားခံတွေအဖြစ် ဖမ်းခိုင်းလိုက်။"

"ဟုတ်ကဲ့။"

ရှဲ့လိုင်ပေါင် အမိန့်နာခံလိုက်သည်။

"သခင်ကြီး။"

တံခါးပြင်မှ ကိုယ်ရံတော်တစ်ဦး၏အသံ ထွက်ပေါ်လာသည်။

"ပြော။"

အမတ်ချုပ်ကြီးရှဲ့က ခွင့်ပြုလိုက်သည်။

ကိုယ်ရံတော်က တံခါးအပြင်ဘက်မှနေ၍ လျှောက်တင်လိုက်သည်။

"မိဖုရားခေါင်ကြီးရဲ့ တင်းမားမားကို မယ်တော်ကြီးရဲ့ လူတွေ ဖမ်းသွားပါပြီ။"

ရှဲ့လိုင်ပေါင် လန့်သွားပြီး အမတ်ချုပ်ကြီးရှဲ့ကို ကြည့်လိုက်သည်။

အမတ်ချုပ်ကြီးရှဲ့ မျက်လွှာပင် မပင့်ဘဲ ပြောလိုက်သည်။

"သိပြီ။"

ကိုယ်ရံတော် ထွက်ခွာသွားသည်။

"သခင်ကြီး"

ရှဲ့လိုင်ပေါင် တိုးတိုးလေး ခေါ်လိုက်သည်။

"မယ်တော်ကြီးကို စစ်ဆေးခိုင်းလိုက်။"

အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။

"မိဖုရားခေါင်ကြီး တကယ် ကိုယ်ဝန်ရှိမရှိ ငါလည်း သိချင်တယ်။"

ရှဲ့လိုင်ပေါင်က မယုံကြည်နိုင်သလို ဟန်ဆောင်ပြီး ပြောလိုက်သည်။

"ဒီကိစ္စက အတုဖြစ်နိုင်လို့လား။"

"ဒါက အရှင်မင်းကြီးရဲ့ နောက်ထပ် လှည့်ကွက်တစ်ခု မဟုတ်ဘူးလို့ မင်း ဘယ်လိုသိလဲ။"

အမတ်ချုပ်ကြီးရှဲ့က ရှဲ့လိုင်ပေါင်ကို ပြန်မေးလိုက်သည်။ ဒီသံသယသာ မရှိရင် တင်းမားမားကို သံဘုရားကျောင်းကနေ ထွက်ခွင့်ပေးခဲ့မှာ မဟုတ်ဘူး။

ရှဲ့လိုင်ပေါင် ခေါင်းခါလိုက်သည်။ ဒီကိစ္စကို သူ တကယ်မသိဘူး။

အိမ်တော်ထိန်းရှဲ့ ထွက်သွားပြီးနောက် အမတ်ချုပ်ကြီးရှဲ့ သက်ပြင်းချလိုက်သည်။ သမီးကြီးက သူနဲ့ စိတ်ဝမ်းကွဲနေပြီ။

နံရံထောင့်တွင် ထိုင်နေသော အားမော့က ဘေးနားမှ ညီအစ်ကိုကို မေးလိုက်သည်။

"ထောင်ယွီက လူကောင်းလား၊ လူဆိုးလား။"

ပုရွက်ဆိတ်လေးက ပြောလိုက်သည်။

"သူ လူသတ်တယ်။"

အားမော့က "ဒါဆို သူက လူဆိုးပေါ့။"

"ဒါပေမဲ့ အမတ်ချုပ်ကြီးရှဲ့ဆိုတဲ့ လူဆိုးကြီး ဒုက္ခပေးချင်တဲ့လူက လူဆိုး ဖြစ်နိုင်ပါ့မလား။"

ပုရွက်ဆိတ်လေးက ပြန်မေးလိုက်သည်။

အားမော့ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"လူသားတွေက ရှုပ်ထွေးလွန်းတယ်။"

"ရှောင်ယောင်းကို သွားပြောလိုက်။"

ပုရွက်ဆိတ်လေးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"လူသားတွေကိစ္စကို ရှောင်ယောင်းပဲ စိတ်ပူပါစေတော့။"

အားမော့ နှာမောင်းဖြင့် တို့ထိလိုက်ပြီး နံရံအောက်ခြေအတိုင်း အပြင်သို့ တွားသွားလိုက်သည်။ ရှောင်ယောင်းပဲ စိတ်ပူပါစေတော့။

ရှဲ့လိုင်ပေါင်သည် ထောင်ယွီကို ဖမ်းမည့်လူများကို စေလွှတ်လိုက်ပြီး၊ လိုကျစ်ကွေ့ထံ သတင်းပို့ရန် လူလွှတ်လိုက်သည်။ ပြီးနောက် အိမ်တော်ထိန်းရှဲ့သည် အိမ်ပြန်အနားယူလို့မရသေးဘဲ ပန်းချီဆရာငှားကာ ယန်ဟုန်တို့အဖွဲ့၏ ပုံတူများကို ရေးဆွဲစေပြီး တရားရုံးတော်သို့ ပို့ကာ ယန်ဟုန်တို့ကို လူသတ်ဓားပြများအဖြစ် ဖမ်းဆီးခိုင်းရဦးမည်။

....

"ထောင်ယွီလား"

ထိုက်ဟွာနန်းဆောင်တွင် ဖန်းထန် ခေါင်းရှုပ်နေသည်။

"ချန်လုက အခုထိ ရှဲ့ဝမ်ယွမ်အပေါ် သစ္စာရှိနေတုန်းပဲ။"

လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။

"ဒါကြောင့် ချန်လုနဲ့ ယှဉ်ပြိုင်နိုင်မယ့်လူတစ်ယောက်ကို မြို့တော်စစ်တပ်ထဲမှာ ရှာတာ ပိုကောင်းတယ်။"

"ဘာလို့ ထောင်ယွီ ဖြစ်ရတာလဲ။"

တန့်ရုံလည်း ခေါင်းရှုပ်နေသည်။

"သူက ထောင်မိသားစုထဲမှာ မျက်နှာငယ်ရပေမယ့် ထောင်မိသားစုဝင်ပဲလေ။"

အနက်ရောင်နှင်းခဲ မြင်းတပ်မှ စစ်သူကြီးများအားလုံး လိုကျစ်ကွေ့ကို ကြည့်နေကြသည်။ ကွပ်မျက်ကွင်းကို တစ်ခေါက်ရောက်ပြီး အသားလွှာခံရပြီးကတည်းက သူတို့စစ်သေနာပတိချုပ်ကို နားလည်ဖို့ ပိုခက်ခဲလာသလိုပဲ။

***

All Chapters