နောက်ထပ် လုပ်ကြံမှုတစ်ခု
Vol. 13 Ch. 199
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ရှာဖွေရန် ထိုက်ဟွာနန်းဆောင်အနှံ့ လှည့်ပတ်နေချိန်တွင် နဉ်ရှောင်ယောင်းသည် ဘယ်ဘက်ပခုံးပေါ်တွင် လောင်တ၊ ညာဘက်ပခုံးပေါ်တွင် မာတျန့်ကို တင်လျက် မြို့တော်လမ်းမများပေါ်တွင် အပြေးအလွှား သွားလာနေသည်။ ညနက်နေပြီဖြစ်၍ လမ်းသွားလမ်းလာများ ကျဲပါးနေသဖြင့် နဉ်ရှောင်ယောင်း၏ အရူးတစ်ပိုင်း အပြုအမူကို သတိထားမိသူ နည်းပါးလှသည်။
ညလေအေးကြောင့် လောင်တ နှာချေလိုက်သည်။ မျက်နှာကို လက်သည်းဖြင့် ပွတ်ရန် ပြင်လိုက်စဉ် နဉ်ရှောင်ယောင်း ရုတ်တရက် ရပ်တန့်လိုက်သဖြင့် အရှိန်မထိန်းနိုင်ဘဲ လွင့်စင်သွားလေသည်။
"မြောင်!"
လောင်တ အော်ဟစ်လိုက်သည်။
နဉ်ရှောင်ယောင်းသည် ခြံစည်းရိုးနံရံတစ်ခုရှေ့တွင် ရပ်တန့်နေသည်။ နံရံပေါ်တွင် တရားရုံးတော်မှ ထုတ်ပြန်ထားသော ကြေညာချက်တစ်စောင် ကပ်ထားသည်။
"လူသတ်ဓားပြဂိုဏ်း..."
နဉ်ရှောင်ယောင်း ပုံအောက်မှ စာသားများကို ဖတ်လိုက်သည်။
"ရှောင်ယောင်း၊ နင် ဒီလူတွေကို သိလို့လား။"
မာတျန့်က မေးလိုက်သည်။
နဉ်ရှောင်ယောင်းသည် ပုံတစ်ပုံကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ဒါ ယန်ဟုန် မဟုတ်ဘူးလား။ ရှဲ့လိုင်ပေါင်ရဲ့ မယားငယ်လေ။"
"ဒါဆို သူက ဘာလို့ လူသတ်ဓားပြ ဖြစ်သွားတာလဲ။"
မာတျန့် နားမလည်နိုင် ဖြစ်နေသည်။
"ဒါက အကွက်ဆင်မှုပဲ။"
နဉ်ရှောင်ယောင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။ ဒါက အမတ်ချုပ်ကြီးရှဲ့ရဲ့လက်ချက်ပဲ ဖြစ်ရမယ်။
ထိုအချိန်တွင် လောင်တ ပြန်ရောက်လာပြီး နဉ်ရှောင်ယောင်းကို အော်ဟစ်လိုက်သည်။
"ငတုံးမ၊ ငါ့ကို သေအောင်သတ်မလို့လား။"
နဉ်ရှောင်ယောင်း ပုံတူများကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
"နင် သေသွားပြီလား။"
လောင်တသည် ဒီငတုံးမလေးကို ကိုက်သတ်ချင်စိတ် ပေါက်လာပြန်သည်။
"ကြောင်တွေမှာ အသက်ကိုးချောင်း ရှိတယ်လေ။"
နဉ်ရှောင်ယောင်းသည် မျက်နှာများကို မှတ်မိအောင် ကြည့်ပြီးနောက် လောင်တဘက်လှည့်ကာ လှောင်ပြောင်လိုက်သည်။
"ကြောင်ဝတုတ်၊ နင့်မှာ အသက်ကိုးချောင်းတောင် ရှိတာကို သေမှာကြောက်နေတာလား။ နင် ဘယ်လိုလုပ်ပြီး ကြောင်ခေါင်းဆောင် ဖြစ်လာတာလဲ။"
လောင်တ "..."
ဘယ်သူက ကြောင်တွေမှာ အသက်ကိုးချောင်း ရှိတယ်လို့ ပြောတာလဲ။
လောင်တသည် နဉ်ရှောင်ယောင်းနှင့် (N+1) ကြိမ်မြောက် အသေအကြေ တိုက်ခိုက်ရန် ပြင်လိုက်စဉ် အနီးနားလမ်းမပေါ်မှ အော်ဟစ်သံများ ကြားလိုက်ရသည်။
"ရပ်လိုက်!"
"ဖမ်းကြ!"
"လူသတ်သမားတွေကို လွတ်မသွားစေနဲ့!"
...
အသံများက သူတို့ရှိရာဘက်သို့ ဦးတည်လာနေသဖြင့် နဉ်ရှောင်ယောင်းသည် နံရံကပ်ရပ်လိုက်သည်။ ဘာဖြစ်တာလဲ။ နန်းတော်အပြင် တစ်ခါထွက်တာနဲ့ ပြဿနာတက်ရတာလား။ ဒီကမ္ဘာကြီးရဲ့ငြိမ်းချမ်းမှုကို ငါ ဘယ်တော့မှ ခံစားခွင့်မရတော့ဘူးလား။ စိတ်ပျက်စရာ ကောင်းလိုက်တာ။
မာတျန့်သည် နဉ်ရှောင်ယောင်း၏ပခုံးပေါ်မှ ပျံတက်သွားပြီး ရှေ့သို့ ကင်းထောက်ထွက်သွားသည်။
လောင်တသည် နဉ်ရှောင်ယောင်း၏ရှေ့တွင် ရပ်လိုက်ပြီး လမ်းထိပ်ဘက်သို့ စူးစိုက်ကြည့်နေသည်။
ခြေသံများနှင့် အော်ဟစ်သံများ ပိုမိုနီးကပ်လာသည်။ နဉ်ရှောင်ယောင်း လည်ဆန့်ပြီး ကြည့်လိုက်သည်။
မာတျန့်သည် အခြားစာကလေးတစ်ကောင်နှင့်အတူ ပြန်ရောက်လာသည်။ နဉ်ရှောင်ယောင်း ကြည့်လိုက်ရာ မင်းသားကျီအိမ်တော်တွင် နေထိုင်သော မိုက်ကျစ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"မိုက်ကျစ်၊ ဘယ်လိုလုပ် ရောက်လာတာလဲ။"
နဉ်ရှောင်ယောင်း လက်ပြနှုတ်ဆက်လိုက်သည်။
မိုက်ကျစ်နှင့် မာတျန့်တို့သည် နဉ်ရှောင်ယောင်း၏ ညာဘက်ပခုံးပေါ်တွင် နားလိုက်ကြသည်။
"ရှောင်ယောင်း၊ ငါ လမ်းလျှောက်ထွက်လာတာ။"
နဉ်ရှောင်ယောင်း "... "
ဒီစာကလေးက လမ်းလျှောက်ထွက်ရတာ ကြိုက်တာပဲ။
"လိုက်ဖမ်းနေတာ တရားရုံးတော်က ရဲမက်တွေပဲ။"
မာတျန့်က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"ငါ သူတို့ ဝတ်စုံကို မှတ်မိတယ်။"
မိုက်ကျစ်ကလည်း အလျင်အမြန် ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ငါလည်း မှတ်မိတယ်။ သူတို့က လူသတ်ဓားပြတွေကို လိုက်ဖမ်းနေတာ။"
နဉ်ရှောင်ယောင်း လမ်းထိပ်ဘက်မှ ပြေးလာသော လူများကို ကြည့်ပြီး ပြောလိုက်သည်။
"အင်း... လူသတ်ဓားပြတွေပဲ။ ယန်ဟုန်ကို ငါ မြင်လိုက်တယ်။"
"အဆိပ်ဂိုဏ်းက လူတွေလား။"
လောင်တ မေးလိုက်သည်။
"ဟုတ်တယ်။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"နင်တို့ ပြောကြပါဦး။ ငါ ဝင်ပါသင့်လား၊ မပါသင့်ဘူးလား။"
"မသိဘူး။"
မာတျန့်နှင့် မိုက်ကျစ်တို့ ပြိုင်တူ ဖြေလိုက်ကြသည်။
လောင်တသည် နဉ်ရှောင်ယောင်းကို ကုတ်လိုက်ပြီး ပြောလိုက်သည်။
"သူတို့က စစ်သေနာပတိချုပ် တမင်လွှတ်ပေးလိုက်တဲ့ လူတွေလေ။ နင် ကယ်ရမှာပေါ့။"
နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်ပြီး မလှုပ်မယှက် ရပ်နေသည်။
"ငါ သိတယ်၊ နင်က ပါးစပ်ကသာ မဟုတ်ဘူးပြောနေတာ၊ စိတ်ထဲမှာတော့ စစ်သေနာပတိချုပ်ကို အပြစ်တင်နေတာမလား။ ငတုံးမ!"
လောင်တ အော်ဟစ်လိုက်သည်။
"ရှောင်ယောင်းကို မဆဲနဲ့!"
မိုက်ကျစ် ဒေါသထွက်သွားပြီး လောင်တ၏ခေါင်းကို နှုတ်သီးဖြင့် ဆိတ်လိုက်သည်။
မိုက်ကျစ် စတင်တိုက်ခိုက်သည်ကို မြင်သောအခါ မာတျန့်လည်း ဝင်ကူလိုက်သည်။
စာကလေးနှစ်ကောင်နှင့် ကြောင်ဝတုတ်ကြီးတစ်ကောင်သည် နံရံအောက်ခြေမှ လမ်းမလယ်ခေါင်အထိ ရောက်အောင် လုံးထွေးသတ်ပုတ်နေကြသည်။
နဉ်ရှောင်ယောင်းသည် ဖောင်းနေသော ပါးလေးဖြင့် ကြည့်နေသည်။ ဒီသုံးကောင် တိုက်ခိုက်နေမှတော့ သူမ မသိချင်ယောင်ဆောင်ပြီး နေလို့မရတော့ဘူး။
ကြောင်နှင့် စာကလေးများ ရန်ဖြစ်နေသံသည် ထွက်ပြေးနေသော အဆိပ်ဂိုဏ်းသားများ၏အာရုံကို ဖမ်းစားလိုက်သည်။ ထူးဆန်းသော မြင်ကွင်းကြောင့် အသက်လုပြေးနေရသည့်ကြားမှ သူတို့ အံ့သြသွားကြသည်။
နဉ်ရှောင်ယောင်း မျက်နှာကို လက်ဖြင့်အုပ်ထားသော်လည်း ယန်ဟုန်က သူမကို ချက်ချင်း မှတ်မိလိုက်သည်။ ကြောင်နက်ကြီးနှင့် မဖွံ့ဖြိုးသေးသော ခန္ဓာကိုယ်... ဒါ အရှင်မင်းကြီးပဲ!
ယန်ဟုန် မျက်လုံးကစားလိုက်ပြီး နဉ်ရှောင်ယောင်းရှေ့သို့ ပြေးသွားကာ တိုးတိုးလေး ခေါ်လိုက်သည်။
"အရှင်မင်းကြီး"
နဉ်ရှောင်ယောင်း လက်ဖယ်လိုက်သည်။
"ငါ့ခန္ဓာကိုယ်က အဲဒီလောက်တောင် ထူးခြားနေလို့လား။ မျက်နှာမကြည့်ဘဲနဲ့တောင် မှတ်မိနေရအောင်။"
ယန်ဟုန်သည် နဉ်ရှောင်ယောင်း၏ ပိန်ပါးသော ခန္ဓာကိုယ်ကို ကြည့်ပြီး အားနာပါးနာ ပြုံးပြလိုက်သည်။ ထို့နောက် လောင်တကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ဟိုကြောင်နက်ကြီးက အရှင်မင်းကြီး မွေးထားတဲ့ ကြောင်မလား။"
နဉ်ရှောင်ယောင်း လောင်တကို မျက်စောင်းထိုးကြည့်လိုက်သည်။ ဒီကြောင်ဝတုတ်ကြီးက သိပ်ထူးခြားနေတာကိုး။
"အဲဒီမိန်းမ ပြောသမျှ မယုံနဲ့နော်။"
လောင်တ သတိပေးလိုက်သည်။
ထိုအချိန်တွင် လူအုပ်ကြားမှ အဆိပ်ဂိုဏ်းချုပ်ကို နဉ်ရှောင်ယောင်း မြင်လိုက်ရသည်။
"ဂိုဏ်းချုပ်လည်း ပါတာပဲ။ အမတ်ချုပ်ကြီးရဲ့ မျက်နှာဖုံးကို ခွာချနိုင်ခဲ့ပြီပေါ့။"
အဆိပ်ဂိုဏ်းချုပ်က နဉ်ရှောင်ယောင်းကို အေးစက်စွာ ကြည့်လိုက်သည်။
ယန်ဟုန်သည် ဂိုဏ်းချုပ်က နဉ်ရှောင်ယောင်းကို ရိုင်းစိုင်းမည့်စကားများ ပြောမိမှာ စိုးရိမ်သဖြင့် နဉ်ရှောင်ယောင်းနှင့် ဂိုဏ်းချုပ်ကြား ဝင်ရပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"အရှင်မင်းကြီး၊ တရားရုံးတော်က လူတွေ ကျွန်မတို့ကို လိုက်ဖမ်းနေကြတယ်။"
နဉ်ရှောင်ယောင်းသည် ယန်ဟုန်တို့အနောက်မှ လိုက်လာသော ရဲမက်များကို ကြည့်ပြီး ပြောလိုက်သည်။
"ငါ မြင်ပါတယ်။ ပြောစရာ မလိုပါဘူး။ ကျေးဇူးပဲ။"
"အရှင်မင်းကြီး၊ ကျွန်မတို့က လူသတ်ဓားပြတွေ မဟုတ်ပါဘူး။"
ယန်ဟုန်က ပြောလိုက်သည်။
နဉ်ရှောင်ယောင်း ယန်ဟုန်ကို ကြည့်ပြီး ရယ်မောလိုက်သည်။
"လူသတ်ဓားပြ မဟုတ်ပေမယ့် မင်းတို့က လူကောင်းတွေမှ မဟုတ်တာ။"
ယန်ဟုန် မျက်နှာပျက်သွားသည်။
"အဲဒီရာဇဝတ်သားတွေကို ဖမ်းထားလိုက်။"
ရဲမက်ခေါင်းဆောင်က အော်ဟစ်လိုက်သည်။
နဉ်ရှောင်ယောင်း စဉ်းစားနေသည်။ ငါ ဒီလူဆိုးတွေကို ကယ်သင့်လား။
ယန်ဟုန်သည် နဉ်ရှောင်ယောင်းအနောက်သို့ ဝင်ပုန်းလိုက်သည်။ ဂိုဏ်းချုပ်နှင့် အဖွဲ့သားများလည်း နဉ်ရှောင်ယောင်းအနောက်သို့ လိုက်ပုန်းကြသည်။
"နောက်တစ်ယောက် ထပ်တိုးလာပြန်ပြီ။"
ရဲမက်ခေါင်းဆောင်က နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောလိုက်သည်။
"ဟင်..."
နဉ်ရှောင်ယောင်း ဘယ်ညာကြည့်လိုက်ရာ သူမတစ်ယောက်တည်း ရဲမက်များနှင့် ရင်ဆိုင်နေရမှန်း သတိထားမိလိုက်သည်။
လောင်တသည် နဉ်ရှောင်ယောင်းရှေ့သို့ ပြေးထွက်လာပြီး ခါးကုန်းကာ အမွှေးများထောင်လျက် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
မာတျန့်နှင့် မိုက်ကျစ်တို့သည် ခေါင်းပေါ်တွင် ပျံဝဲနေကြသည်။ စစ်ကူသွားခေါ်ရမလား၊ ဝင်ကူရမလား ဝေခွဲမရ ဖြစ်နေကြသည်။
နဉ်ရှောင်ယောင်း မကြောက်ပေ။ ဒါတွေက သူမရဲ့တပ်ဖွဲ့တွေပဲ။ ကိုယ့်တပ်သားတွေက ဧကရာဇ်ကို ဖမ်းလို့မဖြစ်ဘူးလေ။
"မင်းတို့ ငါ့ကို မသိကြဘူးလား။"
နဉ်ရှောင်ယောင်းက မေးလိုက်သည်။
ရဲမက်ခေါင်းဆောင် နဉ်ရှောင်ယောင်းကို အကဲခတ်ကြည့်လိုက်သည်။ ဧကရာဇ်မင်းရဲ့ မျက်နှာတော်ကို ရဲမက်ခေါင်းဆောင်လေးတစ်ယောက်က ဘယ်လိုလုပ် ဖူးမြော်ခွင့်ရမှာလဲ။
"မင်းက သူတို့ကို လာကြိုတဲ့လူလား။"
ရဲမက်ခေါင်းဆောင်က မေးလိုက်သည်။
"ဘာ... ငါတစ်ယောက်တည်း လာကြိုစရာလား။ ငါ့ပုံစံက ငတုံးနဲ့ တူနေလို့လား။"
"မင်းက မတုံးပါဘူး။ ဒါပေမဲ့ ရုပ်က သူခိုးရုပ် ပေါက်နေတယ်။ ကြည့်ရတာ လူကောင်းမဟုတ်ဘူး။"
ကြောင်တစ်ကောင်၊ စာကလေးနှစ်ကောင် "..."
အဆိပ်ဂိုဏ်းသားများ "..."
နဉ်ရှောင်ယောင်းသည် ဧကရာဇ်မင်းတစ်ပါးအနေနဲ့ ဂုဏ်သိက္ခာမဲ့နေပြီဟု ခံစားလိုက်ရသည်။
"မင်းရုပ်ကျတော့ ချောနေတာကိုး။ ဝက်ခေါင်းနဲ့ နားရွက်ကားကား၊ ကြည့်ရတာ ကျက်သရေမရှိလိုက်တာ။"
နဉ်ရှောင်ယောင်း ပြန်ဆဲလိုက်သည်။
"သေချင်နေတာလား!"
ရဲမက်ခေါင်းဆောင် ဓားထုတ်ပြီး နဉ်ရှောင်ယောင်းဆီ ပြေးဝင်လာသည်။
ထိုအချိန်တွင် လမ်းထိပ်ဘက်မှ မြင်းခွာသံများ ကြားလိုက်ရသည်။
"မြို့တံခါးကိုးပေါက် တပ်မှူးရုံးက လူတွေ ရောက်လာပြီ။"
ယန်ဟုန်က နဉ်ရှောင်ယောင်းကို တိုးတိုးလေး ပြောလိုက်သည်။
တပ်ဖွဲ့တစ်ဖွဲ့သည် မျက်စိတစ်မှိတ်အတွင်း နဉ်ရှောင်ယောင်းရှေ့ ရောက်လာကြသည်။
"မင်းကရော ဘယ်သူလဲ။"
နဉ်ရှောင်ယောင်းက ဦးဆောင်လာသော စစ်သူကြီးကို မေးလိုက်သည်။
"သူက ရှဲ့အန်းယွမ်။"
ယန်ဟုန်က ပြောလိုက်သည်။
"အမတ်ချုပ်ကြီးရဲ့ တူတော်မောင်။"
နဉ်ရှောင်ယောင်း မျက်လုံးပြူးသွားသည်။ ဒီလူရဲ့ ရုပ်ရည်က ရှဲ့အန်းရှီနဲ့ တော်တော်တူတာပဲ။ အမတ်ချုပ်ကြီးမှာ တူတွေတောင် ရှိသေးတာလား။
ရှဲ့အန်းယွမ်သည် မြင်းပေါ်တွင်ထိုင်လျက် မျက်နှာကြွက်သားများ တင်းမာနေပြီး ခန္ဓာကိုယ်လည်း တောင့်တင်းနေသည်။ နဉ်ရှောင်ယောင်းကို ကြည့်သောမျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် တွေဝေမှုများ ရောနှောနေသည်။
နဉ်ရှောင်ယောင်း တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ ရှဲ့မိသားစုဝင်တွေက သူမကို မသိဘဲမနေဘူး။ ဒီတူတော်မောင်က သူမကို ဘာလို့ ဒီလိုအကြည့်မျိုးနဲ့ ကြည့်နေတာလဲ။ ဘာလုပ်ချင်နေတာလဲ။
"ရှောင်ယောင်း"
လမ်းထိပ်ဘက်မှ မာတျန့်၏ အသံ ထွက်ပေါ်လာသည်။
"အမတ်ချုပ်ကြီး၊ အမတ်ချုပ်ကြီးက ငါ့နောက်က လမ်းကြားထဲမှာ ရှိနေတယ်။ သူက နင့်ကိုသတ်ဖို့ အမိန့်ပေးလိုက်ပြီ။ ရှောင်ယောင်း သတိထား!"
မာတျန့် အသံကုန် အော်ဟစ်လိုက်သည်။
သောက်ကျိုးနည်း!
နဉ်ရှောင်ယောင်း လောင်တကို ကောက်မပြီး ရင်ခွင်ထဲထည့်လိုက်သည်။ ယန်ဟုန်တို့ကို ပြေးဖို့ အော်ပြောလိုက်ပြီး မြင်းပေါ်မှ ရှဲ့အန်းယွမ်ကို ခုန်ကန်လိုက်သည်။
နဉ်ရှောင်ယောင်း လှုပ်ရှားလိုက်သည်နှင့် ရှဲ့အန်းယွမ်နောက်မှ စစ်သည်များလည်း ရှေ့တိုးလာကြသည်။
ရှဲ့အန်းယွမ် မြင်းပေါ်မှ ပြုတ်ကျသွားသည်။
"ရှောင်ယောင်း သတိထား!"
လောင်တ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
လမ်းတစ်ဖက်ခြမ်းရှိ ဆိုင်ခန်းခေါင်မိုးအောက်မှ အမည်းဝတ်လူနှစ်ဦးသည် နဉ်ရှောင်ယောင်းကို ဒူးလေးဖြင့် ပစ်လိုက်ကြသည်။
နဉ်ရှောင်ယောင်း လေထဲတွင် ကိုယ်ကိုလှည့်ပြီး မြားတစ်စင်းကို ရှောင်လိုက်ကာ နောက်တစ်စင်းကို လက်ဖြင့် ဖမ်းလိုက်သည်။
"မြားမှာ အဆိပ်ပါတယ်!"
အဆိပ်ဂိုဏ်းချုပ်သည် စစ်သည်များနှင့် တိုက်ခိုက်နေရင်း နဉ်ရှောင်ယောင်းကို အော်ပြောလိုက်သည်။
နဉ်ရှောင်ယောင်း လက်ထဲမှ မြားကို ကြည့်လိုက်ရာ မြားခေါင်းနှင့် မြားတံတို့သည် အပြာရောင်သန်းနေသည်။
"လွှတ်ချလိုက်လေ!"
နဉ်ရှောင်ယောင်းက မြားကို ကိုင်ကြည့်နေဆဲဖြစ်သဖြင့် ဂိုဏ်းချုပ် စိတ်ပူသွားသည်။
နဉ်ရှောင်ယောင်း မြားကို လွှတ်ချလိုက်ပြီး သူမကို ခုတ်ရန် ပြေးဝင်လာသော စစ်သည်နှစ်ဦးကို မကာ လမ်းတစ်ဖက်ခြမ်းသို့ ပစ်လိုက်သည်။ အမည်းဝတ်လူနှစ်ဦးက ရှောင်လိုက်သဖြင့် နဉ်ရှောင်ယောင်း နောက်ထပ်နှစ်ယောက်ကို ထပ်ပစ်လိုက်ပြန်သည်။ ကမ္ဘာပျက်ကပ်က လူသားဆိုတော့ ရန်ဖြစ်ရမှာ မကြောက်ပါဘူး။
"မြောင်!"
ထိုအချိန်တွင် ရှဲ့အန်းယွမ် ထထိုင်ပြီး နဉ်ရှောင်ယောင်းကို ညာလက်ဖြင့် ချိန်ရွယ်လိုက်သည်ကို လောင်တ မြင်လိုက်သည်။ လောင်တ လျှပ်စီးလက်သလို ခုန်တက်သွားပြီး ရှဲ့အန်းယွမ်၏ ညာလက်မောင်းပေါ်သို့ ရောက်သွားကာ လက်သည်းဖြင့် အားကုန်ကုတ်လိုက်သည်။
ရှဲ့အန်းယွမ်၏ ညာလက်မောင်း ယိုင်သွားပြီး အောက်သို့ကျသွားသည်။
လောင်တသည် အင်္ကျီလက်စကို ဖောက်ပြီး ရှဲ့အန်းယွမ်၏လက်ကို ကိုက်လိုက်သည်။ လူယုတ်မာ၊ ငါ့ရှောင်ယောင်းကို ဒုက္ခပေးချင်တာလား!
ရှဲ့အန်းယွမ် နာကျင်သွားပြီး လက်ကို ကွေးလိုက်ရာ အင်္ကျီလက်စထဲတွင် ဝှက်ထားသော လက်ပစ်ဒူးလေး ခလုတ်ပြုတ်သွားလေသည်။
လောင်တ၏ ပါးစပ်ထဲသို့ သွေးများ ဝင်ရောက်လာသော်လည်း မလွှတ်ပေးပေ။ ဒီကောင့်လက်ချောင်း ပြတ်သွားအောင် ကိုက်ပစ်မယ်!
ဒူးလေးမြားတိုတစ်စင်းသည် ရှဲ့အန်းယွမ်၏ ညာဘက်ပေါင်ကို စိုက်ဝင်သွားသည်။ အကွာအဝေးနီးကပ်လွန်းသဖြင့် မြားတိုသည် ပေါင်ကို ဖောက်ထွက်ပြီး မြေကြီးထဲသို့ စိုက်ဝင်သွားလေသည်။
"အား!"
ရှဲ့အန်းယွမ် နာကျင်စွာ အော်ဟစ်လိုက်သည်။
လောင်တ ကျေနပ်သွားသည်။ တွေ့လား၊ ငါ ကိုက်လိုက်တာ ဘယ်လောက်ထိရောက်လဲ။
အဆိပ်ဂိုဏ်းချုပ်သည် မြေပြင်ပေါ်တွင် လူးလှိမ့်နေသော ရှဲ့အန်းယွမ်ကို အေးစက်စွာ ကြည့်လိုက်သည်။ မြားတိုပေါ်တွင် အရိုးအထိ စိမ့်ဝင်စေသော အဆိပ်သုတ်ထားသည်။ ရှဲ့အန်းယွမ် အသက်ရှင်တော့မည် မဟုတ်ပေ။
ထိုအချိန်တွင် စစ်ကူသွားခေါ်သော မိုက်ကျစ်သည် အရှိန်ပြင်းပြင်းဖြင့် ပြေးနေသော စစ်မြင်းနီလေးကို အော်ပြောလိုက်သည်။
"မြန်မြန်! မြန်မြန်လုပ်! ရှောင်ယောင်း အန္တရာယ်ရှိနေပြီ!"
စစ်မြင်းနီလေး အသက်လုပြေးနေသည်။ နောက်မှလိုက်ပါလာသော မြင်းများလည်း စစ်မြင်းနီလေးလောက် မမြန်သော်လည်း အစွမ်းကုန် ပြေးလိုက်နေကြသည်။
လိုကျစ်ကွေ့သည် စစ်မြင်းနီလေး အမိန့်မနာခံသည်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။ အစပိုင်းတွင် မြင်းလန့်နေသည်ဟု ထင်ခဲ့သော်လည်း နဉ်ရှောင်ယောင်း ရန်ဖြစ်နေသော လမ်းနားသို့ ရောက်သောအခါ တိုက်ခိုက်သံများ၊ အော်ဟစ်သံများ ကြားလိုက်ရသဖြင့် မြင်းကို မတားတော့ပေ။
ရှောင်ယောင်း ရှေ့ကလမ်းမှာ ရှိနေတာလား။
စစ်သေနာပတိချုပ်လို၏ရင်ထဲတွင် ရုတ်တရက် စိုးရိမ်စိတ်များ ဝင်ရောက်လာသည်။
***