← Chapters

သားမိုက်၊ သားယုတ်၊ တိရစ္ဆာန်ကောင်

Vol. 13 Ch. 205

သားမိုက်၊ သားယုတ်၊ တိရစ္ဆာန်ကောင်

Vol. 13 Ch. 205

ဖန်းထန်သည် စာအိတ်ကိုယူ၍ အခန်းပြင်ထွက်သွားပြီးမှ တံခါးဝတွင်ရပ်ကာ မိုးပေါ်မော့ကြည့်ပြီး တစ်စုံတစ်ခုကို စဉ်းစားမိသွားသဖြင့် ပြန်လှည့်ပြေးလာခဲ့သည်။

"ကိစ္စရှိသေးလို့လား။"

လိုကျစ်ကွေ့ မေးလိုက်သည်။

"အရှင်မင်းကြီးက နတ်သမားတော်လား။"

ဖန်းထန်က ပြောလိုက်သည်။

"ဟုတ်တယ်၊ အရှင်မင်းကြီးရဲ့ ဆေးပညာက အရမ်းတော်တယ်။"

"ဒါဆိုရင် စစ်သေနာပတိချုပ်၊ ကျွန်တော်မျိုး ဓားအထိုးခံရပြီး ခြေထောက်ကျိုးသွားရင်တောင် အရှင်မင်းကြီးက ချက်ချင်း ပြန်ကောင်းအောင် ကုပေးလိုက်မှာပေါ့။ ဒီလိုဆိုရင် ကျွန်တော်မျိုးက ဒဏ်ရာရလို့ အနားယူနေပါတယ်ဆိုပြီး ဘယ်လိုလုပ် ဟန်ဆောင်လို့ရတော့မှာလဲ။"

လိုကျစ်ကွေ့က အေးဆေးစွာ ပြောလိုက်သည်။

"မင်းက ရှဲ့အန်းကျီကို တမင်သွားရန်စမှာလေ။ မင်းမှာ အပြစ်ရှိတဲ့အတွက် အရှင်မင်းကြီးက မင်းကို အပြစ်ပေးတဲ့အနေနဲ့ ကုပေးမှာ မဟုတ်ဘူး။"

ဖန်းထန် "..."

စစ်သေနာပတိချုပ်က အစကတည်းက အကုန်စီစဉ်ပြီးသားပါလား။

"မနက်ဖြန်ကျရင် မင်း တမင်သက်သက်ကြီး လုပ်စရာမလိုပါဘူး။"

ဖန်းထန် ပြန်ရောက်လာသည်နှင့် လိုကျစ်ကွေ့က နောက်ထပ် မှာကြားစရာများကို ပြောလိုက်သည်။

"မင်းရဲ့ပါးစပ်က ပုံမှန်အချိန်မှာတင် လူမုန်းစရာ ကောင်းပြီးသားပါ။"

ဖန်းထန် သူ့စစ်သေနာပတိချုပ်ကို တိတ်တဆိတ် ကြည့်နေမိသည်။ ကျွန်တော့်ပါးစပ်က အဲဒီလောက်တောင် ဆိုးလို့လား။

"သွားတော့။"

လိုကျစ်ကွေ့ လက်ကာပြလိုက်သည်။

"စစ်သေနာပတိချုပ်။"

တံခါးဝမှ ယင်းယွီ၏အသံ ထွက်ပေါ်လာသည်။

"ဝင်ခဲ့။"

လိုကျစ်ကွေ့ ခွင့်ပြုလိုက်သည်။

ယင်းယွီ အခန်းထဲ ဝင်လာသည်။

ဖန်းထန်က ယင်းယွီကို မြင်သည်နှင့် မေးလိုက်သည်။

"ယင်းယွီ၊ မင်း ဘယ်သူနဲ့ ရန်ဖြစ်လာတာလဲ။"

ယင်းယွီ၏ပခုံးတွင် အင်္ကျီစုတ်ပြဲနေပြီး ဓားဖြင့် အခုတ်ခံထားရသည့်ပုံ ပေါက်နေသည်။

လိုကျစ်ကွေ့ မျက်ခုံးပင့်လိုက်သည်။ သူက ယင်းယွီကို ထောင်ယွီ၏ ဇနီးနှင့်သမီးကို သွားကြိုခိုင်းလိုက်တာ ဖြစ်သည်။ ယခု ယင်းယွီ၏ပုံစံကိုကြည့်ပြီး မေးလိုက်သည်။

"ထောင်ယွီရဲ့ ဇနီးနဲ့သမီးကို ခေါ်လာနိုင်ခဲ့လား။"

"စစ်သေနာပတိချုပ် စိတ်ချပါ။"

ယင်းယွီ အလျင်အမြန် ပြောလိုက်သည်။

"သူတို့ ဘာမှမဖြစ်ပါဘူး။ အစ်ကိုကြီးက လူလွှတ်ပြီး သူတို့ကို စစ်သူကြီးထောင်ဆီ ပို့ခိုင်းလိုက်ပါပြီ။"

ဖန်းထန် ယင်းယွီအနားသို့ လျှောက်သွားပြီး အင်္ကျီမှ ဓားရာကို သေချာကြည့်ကာ ပြောလိုက်သည်။

"ရှဲ့ဝမ်ယွမ်ဆီမှာ မင်းကို ဓားနဲ့ခုတ်နိုင်တဲ့လူ ရှိသေးတာလား။"

ယင်းယွီ ခေါင်းခါလိုက်ပြီး လိုကျစ်ကွေ့နှင့် ဖန်းထန်ကို ပြောပြလိုက်သည်။

"ကျွန်တော် လူသွားကြိုတော့ ထောင်အိမ်တော်ကလူတွေလည်း အဲဒီသားအမိနှစ်ယောက်ကို လာကြိုနေတာနဲ့ တိုးတယ်။ စကားမပြောဖြစ်ဘဲ တိုက်ခိုက်ကြတော့တာပဲ။"

"ထောင်မိသားစုက လူတွေလား။"

ဖန်းထန် အံ့သြသွားသည်။

ယင်းယွီ ခေါင်းညိတ်လိုက်သည်။

"မှောင်လည်းမှောင်နေ၊ စစ်သူကြီးထောင်ရဲ့ သမီးလေးကိုလည်း ကာကွယ်ပေးနေရတော့ သတိမထားမိလိုက်ဘဲ ဓားတစ်ချက် ထိသွားတာပါ။ ဒါပေမဲ့ တော်သေးတယ်၊ ရှောင်လိုက်နိုင်လို့ အသားမထိသွားဘူး။"

ဖန်းထန် ယင်းယွီ၏ ပခုံးကို ပုတ်လိုက်သည်။

လိုကျစ်ကွေ့က မေးလိုက်သည်။

"အဲဒီသားအမိနှစ်ယောက်က မင်းနဲ့လိုက်ခဲ့ဖို့ သဘောတူရဲ့လား။"

"မတူပါဘူး။"

အဲဒီအကြောင်းပြောတော့ ယင်းယွီ စိတ်မကြည်မလင် ဖြစ်သွားသည်။

"ထောင်မိသားစုကလူတွေက စစ်သူကြီးထောင် အိမ်ကြီးမှာ စောင့်နေပါတယ်လို့ ပြောတော့ သူတို့က ထောင်အိမ်တော်ကို ပြန်မယ်လုပ်နေကြတယ်။"

"ဒါဆို မင်းက အတင်းဖမ်းခေါ်လာတာလား။"

လိုကျစ်ကွေ့ မေးလိုက်သည်။

"စစ်သေနာပတိချုပ်၊ အတင်းမခေါ်ရင် ပါမလာဘူးလေ။"

"ဒါလည်း ကောင်းတာပါပဲ။"

လိုကျစ်ကွေ့ ပြုံးလိုက်သည်။

"ပင်ပန်းသွားပြီ။ သွားနားကြတော့။"

ယင်းယွီသည် ဖန်းထန်နောက်မှလိုက်ပြီး အခန်းပြင်ထွက်လာကာ တိုးတိုးလေး မေးလိုက်သည်။

"စစ်သေနာပတိချုပ်ပြောတဲ့ 'ဒါလည်း ကောင်းတာပါပဲ' ဆိုတာ ဘာသဘောလဲ။ ငါက ထောင်မိသားစုနဲ့ တိုက်ခိုက်ခဲ့ရတာ ကောင်းတယ်လို့ ပြောတာလား။"

ဖန်းထန်သည် မနက်ဖြန် ဘာလုပ်ရမလဲဆိုတာကိုပဲ တွေးနေသဖြင့် ယင်းယွီ မေးသည်ကို ခဏစဉ်းစားပြီးနောက် ဖြေလိုက်သည်။

"မသိဘူး။"

ယင်းယွီ "..."

မသိဘူးဆိုတာကို ဒီလောက် အကြာကြီး စဉ်းစားနေရသေးလား။

......

လိုကျစ်ကွေ့သည် အခန်းထဲတွင် ထိုင်လျက် စားပွဲကို လက်ချောင်းဖြင့် ခေါက်နေသည်။ ထောင်ယွီ အဖမ်းခံထားရမှန်း သိရက်နဲ့ ထောင်မိသားစုက ထောင်ယွီ အိမ်ကြီးမှာ စောင့်နေပါတယ်လို့ သူ့ဇနီးနဲ့သမီးကို လာပြောတယ်။ ဒါက သားအမိနှစ်ယောက်ကို လက်ထဲထည့်ပြီး ထိန်းချုပ်ချင်တဲ့ သဘောပဲ။ ထောင်မိသားစုက ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ထောင်ယွီဆိုတဲ့ မယားငယ်သားကို သူတို့နဲ့ ဝေးကွာသွားအောင် တွန်းပို့လိုက်တာပဲ။

ဒါ အကောင်းဆုံးပဲ။ လိုကျစ်ကွေ့ စားပွဲပေါ်မှ မီးအိမ်ကို ကြည့်ရင်း မျက်လုံးများ အေးစက်သွားသည်။ ထောင်ယွီ လုံးဝ စိတ်နာသွားမှ မိန်းကလေးနဉ်အတွက် သစ္စာရှိရှိ အလုပ်လုပ်ပေးမှာ မဟုတ်လား။

.....

အမတ်ချုပ်အိမ်တော်။

အမတ်ချုပ်ကြီးရှဲ့၏ စာကြည့်ဆောင်တွင် ထောင်မိသားစုခေါင်းဆောင်၊ တော်ဝင်စစ်ဆေးရေးမှူး ထောင်စစ်တုန်းသည် အမတ်ချုပ်ကြီးရှဲ့၏ ကုတင်ဘေးတွင် ထိုင်နေသည်။

"အားလုံး ထွက်သွားကြ။"

အမတ်ချုပ်ကြီးရှဲ့သည် ကုတင်ပေါ်တွင် လဲလျောင်းရင်း အမိန့်ပေးလိုက်သည်။

စာကြည့်ဆောင်ထဲရှိ အစေခံများအားလုံး ခေါင်းငုံ့ပြီး ထွက်ခွာသွားကြသည်။

"အမတ်ချုပ်ကြီး၊ ထောင်ယွီက ဘာအပြစ်ကျူးလွန်ခဲ့လို့လဲ။"

ထောင်စစ်တုန်းက မေးလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့ သက်ပြင်းချလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒီကိစ္စကို ငါ မင်းကို မသိစေချင်ပါဘူး။ ဒါပေမဲ့ ထောင်ယွီကို အရှင်မင်းကြီးရဲ့လူတွေ ကယ်ထုတ်သွားပြီဆိုတော့ မင်းကို ဖုံးကွယ်ထားလို့ မရတော့ဘူး။"

ထောင်ယွီကို အရှင်မင်းကြီးရဲ့လူတွေ ကယ်ထုတ်သွားတယ်ဆိုတာ ကြားလိုက်ရတော့ ထောင်စစ်တုန်း စိတ်ထဲ ထင့်သွားသည်။

"ထောင်ချန်ရဲ့သေဆုံးမှုက ထောင်ယွီနဲ့ ပတ်သက်နေတယ်။"

အမတ်ချုပ်ကြီးရှဲ့က ထိုစကားတစ်ခွန်းတည်း ပြောပြီး ဆက်မပြောတော့ပေ။

ထောင်စစ်တုန်း မတ်တတ်ရပ်လိုက်ပြီးမှ ထိုင်ခုံပေါ် ပြန်ပြုတ်ကျသွားသည်။ အချိန်အတော်ကြာအောင် ကြောင်ငေးနေပြီး စကားမပြောနိုင်ပေ။

အမတ်ချုပ်ကြီးရှဲ့သည် ကုတင်ပေါ်တွင် လဲလျောင်းရင်း စောင့်ဆိုင်းနေသည်။

"ဒီ... ဒီကောင်စုတ်၊ သားမိုက်!"

ထောင်စစ်တုန်း၏အသံသည် ရင်ဘတ်ထဲမှ ထွက်လာသကဲ့သို့ နာကျင်မှုနှင့် ဒေါသများ ပြည့်နှက်နေသည်။ ထောင်ယွီသာ သူ့ရှေ့မှာရှိနေရင် ဖခင်ဖြစ်သူအနေနဲ့ ကိုယ့်လက်နဲ့ကိုယ် သတ်ပစ်မိမှာ သေချာသည်။

"အခု သူ့ဇနီးနဲ့သမီးကိုလည်း အရှင်မင်းကြီးက နန်းတော်ထဲ ခေါ်သွားပြီ။"

အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။

"ဒါဆို သူ ဘာမှဂရုစိုက်စရာ မလိုတော့ဘူးပေါ့။"

"သူ... သူ ဘာလုပ်ချင်သေးလို့လဲ။"

ထောင်စစ်တုန်း အသံကျယ်ကြီးဖြင့် မေးလိုက်သည်။ ဒေါသထွက်လွန်းသဖြင့် အမတ်ချုပ်ကြီးရှဲ့ကို ရန်သူလို ကြည့်နေမိသည်။

အမတ်ချုပ်ကြီးရှဲ့ သက်ပြင်းချလိုက်သည်။

"အခု သူ့ကို အရှင်မင်းကြီးက ကာကွယ်ပေးထားတော့ မင်း ဒေါသထွက်လို့ ဘာထူးမှာလဲ။"

ဒေါသထွက်နေသော ထောင်စစ်တုန်းသည် ရေအေးနှင့် ပက်ခံလိုက်ရသလို ရင်ထဲ အေးစက်သွားသည်။

"ထောင်ချန်ရဲ့ ရာထူးကို..."

အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။

"အရှင်မင်းကြီးက ထောင်ယွီကို ဆက်ခံခိုင်းလိမ့်မယ်။ မနက်ဖြန် အရှင်မင်းကြီးက အဲဒီလိုလုပ်လိမ့်မယ်။ မင်း ဘာလုပ်မလဲ။"

"အဲဒီတိရစ္ဆာန်က မယားငယ်သားပဲလေ။"

ထောင်စစ်တုန်းသည် စိတ်မရှည်တတ်သူ မဟုတ်သော်လည်း ဒီတစ်ခါတော့ စိတ်မထိန်းနိုင်တော့ဘဲ မတ်တတ်ရပ်ကာ ပြောလိုက်သည်။

"တရားဝင်သားတွေရှိနေရက်နဲ့ သူ့လို မယားငယ်သားက ရာထူးဆက်ခံဖို့ စဉ်းစားစရာလား။"

အမတ်ချုပ်ကြီးရှဲ့က "သဘောတရားကတော့ မှန်ပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက အမိန့်ထုတ်လိုက်ရင် မင်းက အရှင်မင်းကြီးကို သွားပြီး သဘောတရားအကြောင်း ရှင်းပြနေမှာလား။"

အမိန့်တော်ဆိုတာ အမိန့်တော်ပဲ။ အမိန့်ကို ဖီဆန်ရင် သေဒဏ်ပဲ။ အရှင်မင်းကြီးနဲ့ ဘာသဘောတရား သွားဆွေးနွေးမှာလဲ။

ထောင်စစ်တုန်း ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်ပြီး အမတ်ချုပ်ကြီးရှဲ့ကို မေးလိုက်သည်။

"အရှင်မင်းကြီးက တကယ်ပဲ အဲဒီတိရစ္ဆာန်ကောင်ကို ရာထူးပေးမလို့လား။"

"သေချာစဉ်းစားကြည့်ရင် ဒုတိယအဆင့် စစ်သူကြီးရာထူးဆိုတာ ရာထူးငယ်လေးပါပဲ။ ဆုံးရှုံးသွားလည်း ကိစ္စမရှိပါဘူး။"

"ကျွန်တော်မျိုး အဲဒီတိရစ္ဆာန်ကောင်ကို ဆွေမျိုးစာရင်းကနေ ထုတ်ပယ်လိုက်မယ်။"

ထောင်စစ်တုန်း တိုးတိုးလေး ပြောလိုက်သည်။

"ဒီတိရစ္ဆာန်ကောင်က သူ့အစ်ကိုကို သတ်ပြီး အစ်ကို့ရာထူးကို လိုချင်နေသေးတယ် ဟုတ်လား။"

အမတ်ချုပ်ကြီးရှဲ့ လိုချင်တာက ထောင်စစ်တုန်းရဲ့ ဒီဆုံးဖြတ်ချက်ပါပဲ။ သို့သော် ပါးစပ်ကတော့ ပြောလိုက်သည်။

"မင်း သေချာစဉ်းစားပြီးပြီလား။ ဘာပဲဖြစ်ဖြစ် သားအဖတွေပဲလေ။ မင်း..."

"အမတ်ချုပ်ကြီး ကျွန်တော်မျိုးကို ဖျောင်းဖျမနေပါနဲ့တော့။"

ထောင်စစ်တုန်းက အမတ်ချုပ်ကြီးရှဲ့၏စကားကို ဖြတ်ပြောလိုက်သည်။

"အိမ်မှုကိစ္စ ကံမကောင်းလို့ ဒီလိုသားမိုက် မွေးလာမိတာပါ။ ကျွန်တော်မျိုး သူ့ကို လက်မခံနိုင်ပါဘူး။"

အမတ်ချုပ်ကြီးရှဲ့ သက်ပြင်းချလိုက်သည်။

"ဒါက မင်းရဲ့ အိမ်တွင်းရေးပါပဲ။ ငါ ဝင်မပြောသင့်ပါဘူး။ ဒါပေမဲ့ မင်း သေချာ စဉ်းစားစေချင်တယ်။ သူ့နောက်မှာ အရှင်မင်းကြီး ရှိနေတယ်။ မင်းက သူ့ကို အိမ်က နှင်ထုတ်လိုက်ရင် အရှင်မင်းကြီးကို ဘယ်လိုမျက်နှာပြမလဲ။"

ထောင်စစ်တုန်း မတ်တတ်ရပ်လိုက်ပြီး အမတ်ချုပ်ကြီးရှဲ့ကို ဦးညွှတ်လိုက်သည်။

"အမတ်ချုပ်ကြီးက ကျွန်တော်မျိုးကို အမြဲ ကူညီစောင့်ရှောက်ပေးခဲ့တာပါ။ ကျွန်တော်မျိုး ဘာလုပ်ရမလဲဆိုတာ သိပါတယ်။"

အမတ်ချုပ်ကြီးရှဲ့ နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။

ထောင်စစ်တုန်း နှုတ်ဆက်ထွက်ခွာသွားသည်။ အမတ်ချုပ်အိမ်တော်မှ ထွက်လာသောအခါ ကျောကုန်းများ ကိုင်းကျနေပြီး တစ်ညတည်းနှင့် ခါးကိုင်းသွားသကဲ့သို့ ဖြစ်နေသည်။

.......

"သခင်ကြီး။"

ထောင်စစ်တုန်း ထွက်သွားပြီးနောက် အမတ်ချုပ်ကြီးရှဲ့၏ အယုံကြည်ရဆုံး အကြံပေးပုဂ္ဂိုလ် ရွှီယိမင်သည် ပြတင်းပေါက်နောက်မှ ထွက်လာသည်။

ရွှီယိမင်သည် အမတ်ချုပ်ကြီးရှဲ့၏အမိန့်အရ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ မြို့တော်ဝန်းကျင်က စစ်တပ်တွေကို လိုက်သွားပြီး အမတ်ချုပ်ကြီးရှဲ့ရဲ့ မျက်စိ၊ နား အဖြစ်ဆောင်ရွက်ကာ စစ်သူကြီးတွေကို သစ္စာမဖောက်ဖို့ သတိပေးခဲ့ရသည်။ သူ မရှိတဲ့အချိန်လေးအတွင်းမှာ အမတ်ချုပ်ကြီးနဲ့ အရှင်မင်းကြီးကြားက ဆက်ဆံရေး ဒီလောက်ထိ ဆိုးရွားသွားလိမ့်မယ်လို့ ရွှီယိမင် ထင်မထားခဲ့မိပေ။

"ထိုင်ပါ။"

အမတ်ချုပ်ကြီးရှဲ့ ကုတင်ပေါ်မှ ပြောလိုက်သည်။

ရွှီယိမင်သည် စောစောက ထောင်စစ်တုန်းထိုင်ခဲ့သော ခုံပုလေးပေါ်တွင် ဝင်ထိုင်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။

"သခင်ကြီး၊ ဒီလိုလုပ်လိုက်ရင် ထောင်ယွီက အရှင်မင်းကြီးကို စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုသွားတော့မှာ မဟုတ်ဘူးလား။"

အမတ်ချုပ်ကြီးရှဲ့ အေးစက်စွာ ပြောလိုက်သည်။

"ငါ ဒီလိုမလုပ်ရင်လည်း သူက အရှင်မင်းကြီးကို စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုမှာပါပဲ။ ဒီကောင်စုတ်က ရှဲ့အန်းဝူလိုပဲ ရည်မှန်းချက်ကြီးပြီး ဖောက်ပြန်ချင်နေတာ။"

ရွှီယိမင် မျက်မှောင်ကြုတ်လိုက်သည်။ ထောင်ယွီကိစ္စက တကယ်ရော ဟုတ်ရဲ့လားလို့ မေးချင်ပေမယ့် ထောင်မိသားစုက ဒီည ထောင်ယွီကို အိမ်က နှင်ထုတ်တော့မယ်ဆိုတာ တွေးမိတော့ မေးခွန်းထုတ်နေလို့လည်း ဘာထူးမှာလဲ။

"ငါ ထောင်ယွီကို လက်လွှတ်လိုက်ရရင် ထောင်မိသားစုကို မြဲမြံအောင် ဆုပ်ကိုင်ထားရမယ်။"

အမတ်ချုပ်ကြီးရှဲ့က ဆက်ပြောလိုက်သည်။

"ဒီအထက်တန်းလွှာ မိသားစုတွေက အကျိုးအမြတ်ကိုပဲ ကြည့်တတ်ကြတာ။ ငါက သူတို့ကို အခု ပြတ်ပြတ်သားသား မရွေးချယ်ခိုင်းရင် နောင်ကျရင် သူတို့ အရှင်မင်းကြီးဘက် ပါသွားမှာ စိုးရိမ်ရတယ်။"

ရွှီယိမင် ခေါင်းညိတ်လိုက်သည်။

"သခင်ကြီးရဲ့ အမြော်အမြင် ကြီးမားပါတယ်။"

"အရှင်မင်းကြီးက ဟုကော်ကုန်း ဖေ့ယိကို မြို့တံခါးကိုးပေါက် တပ်မှူး ခန့်လိမ့်မယ်။"

အမတ်ချုပ်ကြီးရှဲ့က ခေါင်းစဉ်ပြောင်းလိုက်သည်။

"ဆရာ ဘယ်လိုမြင်လဲ။"

"ဟုကော်ကုန်းက သစ္စာရှိပြီး ရဲရင့်ပေမယ့် ဉာဏ်ရည်မမီပါဘူး။"

ရွှီယိမင်က ပြောလိုက်သည်။

"သူ တပ်မှူးဖြစ်လာရင်တောင် တပ်မှူးရုံးမှာ ဘာမှ ထူးထူးခြားခြား လုပ်နိုင်မှာ မဟုတ်ပါဘူး။"

"ဒါပေမဲ့ ငါ သူ့ကို တပ်မှူးအဖြစ်မခံနိုင်ဘူး။ အရှင်မင်းကြီး မှားတာကို ငါ ဆက်မှားခွင့်မပေးနိုင်ဘူး။"

ရွှီယိမင်က မေးလိုက်သည်။

"သခင်ကြီးက ဒုတိယသခင်လေးကို တင်မြှောက်ချင်တာလား။"

"ဆရာ မဖြစ်နိုင်ဘူးလို့ ထင်လား။"

ရှဲ့အန်းကျီရဲ့ဉာဏ်ရည်က ဟုကော်ကုန်းလောက်တောင် မရှိဘူး။ အမတ်ချုပ်ကြီးရဲ့သားဖြစ်လို့ စကားနားထောင်တာ တစ်ခုပဲ ရှိတာ။ ရွှီယိမင် စဉ်းစားလိုက်ပြီး အမတ်ချုပ်ကြီးရှဲ့ကို တိုးတိုးလေး အကြံပေးလိုက်သည်။

"ဟုကော်ကုန်းရဲ့ အားနည်းချက်တွေကို များများပြောရမယ်။ ဘာမှအသုံးမကျတဲ့လူတစ်ယောက်က မြို့တံခါးကိုးပေါက် တပ်မှူးရာထူးကို ဘယ်လိုလုပ် တာဝန်ယူနိုင်မှာလဲ။ အရှင်မင်းကြီး သဘောမတူရင် တော်ဝင်စစ်ဆေးရေးမှူးတွေက ကန့်ကွက်ကြလိမ့်မယ်။ အဲဒီအခါကျရင် ကိစ္စက တန့်သွားလိမ့်မယ်။ သခင်ကြီးအနေနဲ့ အခွင့်ကောင်းယူပြီး ဒုတိယသခင်လေးကို တပ်မှူးရုံးထဲ ယာယီထည့်ထားလို့ရတယ်။ ဒါဆိုရင် နောင်ကျလို့ အရှင်မင်းကြီးက ဟုကော်ကုန်းကို တပ်မှူးခန့်လိုက်ရင်တောင် ဒုတိယသခင်လေးက အာဏာရပြီးသားဖြစ်နေလိမ့်မယ်။"

အမတ်ချုပ်ကြီးရှဲ့ ကုတင်ပေါ်တွင် ဘာမှပြန်မပြောပေ။

"သခင်ကြီး။"

ရွှီယိမင်က ထပ်မံ အကြံပေးလိုက်သည်။

"အခုချိန်မှာ အရှင်မင်းကြီးနဲ့ ထိပ်တိုက်တွေ့ဖို့ မသင့်တော်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးက ရှင်ဘုရင်လေ။ ရှင်ဘုရင်က သေစေချင်ရင် အမတ်က မသေလို့ မရဘူးဆိုတဲ့စကား ရှိတယ်မလား။"

"ငါက အရှင်မင်းကြီးကို အကွက်ဆင်ပြီး ငါ့ကို ပြန်တိုက်ခိုက်လာအောင် လုပ်မှာကို မင်း စိုးရိမ်နေတာလား။"

အမတ်ချုပ်ကြီးရှဲ့ မေးလိုက်သည်။

"သခင်ကြီးလက်ထဲမှာ မြို့တော်ဝန်းကျင်က စစ်တပ်တွေရှိလို့ အရှင်မင်းကြီးကို ထိန်းချုပ်ထားနိုင်ပေမယ့်..."

ရွှီယိမင် အသံကို တိုးသထက်တိုးအောင် လျှော့လိုက်ပြီး ပြောလိုက်သည်။

"လိုကျစ်ကွေ့လက်ထဲမှာ အနက်ရောင်နှင်းခဲ မြင်းတပ်ရှိနေတယ်။ အဲဒီတပ်ကြီးက အခု အဝေးကြီးမှာ ရှိနေပေမယ့် တစ်နေ့ကျရင် မြို့တော်ကို ချီတက်လာပြီး တိုက်ခိုက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် သခင်ကြီး ဘယ်လိုတုံ့ပြန်မလဲ။"

အမတ်ချုပ်ကြီးရှဲ့ တိတ်ဆိတ်နေပြန်သည်။

"အရှင်မင်းကြီး တစ်ခုခုဖြစ်သွားရင် လိုကျစ်ကွေ့က 'အရှင်မင်းကြီးဘေးက လူယုတ်မာတွေကို ရှင်းလင်းမယ်' ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး စစ်တပ်ကို ဦးဆောင်လာလိမ့်မယ်။"

ရွှီယိမင်က ဆက်ပြောလိုက်သည်။

"တစ်လောကလုံး ဘယ်သူကများ လိုကျစ်ကွေ့ကို သူပုန်လို့ ပြောရဲမှာလဲ။ ဒီလိုဆိုရင် သခင်ကြီး နိုင်မယ်လို့ အာမမခံနိုင်တဲ့အပြင် နာမည်ဆိုးနဲ့ ကျော်ကြားသွားလိမ့်မယ်။"

အမတ်ချုပ်ကြီးရှဲ့ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြန်ပြောလိုက်သည်။

"အခုက ငါက အရှင်မင်းကြီးကို ဖိအားပေးနေတာ မဟုတ်ဘူး။ အရှင်မင်းကြီးက ငါ့ကို ဖိအားပေးနေတာ။"

"သခင်ကြီး၊ ခဏလောက် သည်းခံလိုက်ပါဦး။"

ရွှီယိမင် ဖျောင်းဖျလိုက်သည်။

"ဆရာ့ ဆိုလိုရင်းက..."

"အနက်ရောင်နှင်းခဲ မြင်းတပ်ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာတွေ့တဲ့အထိ စောင့်လိုက်ပါ။ အဲဒီအချိန်ရောက်ရင် သခင်ကြီး သည်းခံစရာ မလိုတော့ဘူး။ မြို့တံခါးကိုးပေါက် တပ်မှူးကိစ္စကိုတော့ ဒုတိယသခင်လေးကို တပ်မှူးရုံးထဲ အရင်ဝင်ခိုင်းလိုက်ပါ။ တပ်မှူးရာထူးအတွက်တော့ တော်ဝင်စစ်ဆေးရေးမှူးတွေကို အရှင်မင်းကြီးနဲ့ ငြင်းခုံခိုင်းလိုက်ပါ။ ဒုတိယသခင်လေး နေရာခိုင်မာသွားပြီဆိုမှ အရှင်မင်းကြီး သဘောကျ လုပ်ပါစေတော့။ သခင်ကြီး ဘယ်လိုသဘောရလဲ။"

***

All Chapters