← Chapters

မနက်ခင်းအချိန်မှ အရှင်မင်းကြီးနှင့် စစ်သေနာပတိချုပ်

Vol. 13 Ch. 206

မနက်ခင်းအချိန်မှ အရှင်မင်းကြီးနှင့် စစ်သေနာပတိချုပ်

Vol. 13 Ch. 206

ထိုညက လူဘယ်နှယောက် အိပ်မပျော်ဘဲ နေခဲ့ကြသလဲဆိုတာ နဉ်ရှောင်ယောင်း မသိပေ။ သူမ အိပ်ရာနိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကုတင်ဘေးတွင် ထိုင်နေသော စစ်သေနာပတိချုပ်လိုနှင့် ပြတင်းပေါက်မှ ဖြာကျလာသော နေရောင်ခြည်ကို တွေ့လိုက်ရသည်။

နေရောင်ခြည် ရှိနေသည်ကို ကြည့်ပြီး နဉ်ရှောင်ယောင်း မျက်လုံးပွတ်ကာ တွေးလိုက်သည်။ ဒီနေ့ ရာသီဥတု ကောင်းမယ့်ပုံပဲ။

လိုကျစ်ကွေ့ ကိုယ်ကိုကိုင်းလိုက်ပြီး နဉ်ရှောင်ယောင်းကို ကြည့်ကာ မေးလိုက်သည်။

"နိုးပြီလား။"

နဉ်ရှောင်ယောင်း မျက်လုံးမှိတ်ထားလျက် ပြောလိုက်သည်။

"ဒီနေ့ ညီလာခံ မတက်ဘဲ နေလို့မရဘူးလား။"

ညဘက်ဆို မအိပ်ချင်၊ မနက်ဘက်ဆို မထချင်တာ လူသားတွေရဲ့ ထုံးစံပါပဲ။

"ဒီနေ့တော့ မရဘူး။ မနက်ဖြန်ကျရင် တစ်နေကုန် အိပ်ချင်အိပ်လေ။"

နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ မနက်ဖြန်ကျရင် အိပ်ချင်မှ အိပ်ချင်တော့မှာ။

"လိမ္မာစမ်းပါ။" လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။

"Morning Kiss လေး ပေးပါလား။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"အိပ်ရာထဖို့ အားဆေးလေးပေါ့။"

"အားဆေး?"

လိုကျစ်ကွေ့ မေးလိုက်သည်။

"အင်းလေ... ခွန်အားပေါ့။ အားအင်လို့ ပြောရင်လည်း ရပါတယ်။"

နဉ်ရှောင်ယောင်း နှုတ်ခမ်းဆူပေးလိုက်သည်။ ခံတွင်းထဲတွင် အစိမ်းရောင်အလင်းတန်းလေး လှည့်ပတ်သွားပြီး သွားများကို ဖြူဖွေးစေကာ ခံတွင်းနံ့ သင်းပျံ့သွားစေသည်။

လိုကျစ်ကွေ့ ပြုံးလိုက်သည်။ ဒီကောင်မလေးက အုတ်ခဲကိုင်ပြီး လူရိုက်တာမျိုး၊ နားမလည်နိုင်တဲ့ စကားတွေပြောတာမျိုးမလုပ်ဘဲ စောင်ပုံထဲမှာ အိပ်မှုန်စုန်ဖွား ဖြစ်နေတဲ့အချိန်ကျတော့ အကောင်ပေါက်စလေးတစ်ကောင်လို ချစ်စရာကောင်းနေသည်။ လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ ဖောင်းနေသော ပါးလေးကို ဆွဲလိုက်ပြီး ဆူနေသော နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်သည်။ သင်းပျံ့သော သစ်ပင်ပန်းမန်ရနံ့လေးကြောင့် အပေါ်ယံလေး နမ်းမည်ဟု ကြံရွယ်ထားသော လိုကျစ်ကွေ့သည် မသိလိုက်ဘာသာ အနမ်းကို နက်ရှိုင်းစေလိုက်သည်။

နဉ်ရှောင်ယောင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ လိုကျစ်ကွေ့၏မျက်နှာက သူမနှင့် အလွန်နီးကပ်နေသည်။ မျက်ခုံးနက်နက်၊ မျက်လုံးနက်နက်၊ နှာတံပေါ်ပေါ်နှင့် ပါးလွှာသော နှုတ်ခမ်းများ။

"လူချောလေး။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏ မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ မနက်စောစောစီးစီး ဒီလိုမျက်နှာချောချောလေးကို ကြည့်လိုက်ရတာ ကျန်းမာရေးအတွက် ကောင်းမွန်လိုက်တာ။

လိုကျစ်ကွေ့ ပြုံးနေဆဲပင်။ တကယ်တမ်းတော့ 'လူချောလေး' ဆိုတဲ့ အခေါ်အဝေါ်ကို ကြားရရင် ပြုံးရုံကလွဲပြီး စစ်သေနာပတိချုပ် ဘာမှပြန်မလုပ်တတ်ပေ။ နောက်တစ်ခါ ဒီလိုမခေါ်ရဲအောင် ဒီကောင်မလေးကို ပညာပေးလိုက်ရမလား။ တစ်ချက်က သူလက်မပါရက်ဘူး၊ နှစ်ချက်က လက်ပါရင်တောင် ဒီကောင်မလေးကို သူနိုင်မှာ မဟုတ်ဘူး။

နဉ်ရှောင်ယောင်း ထထိုင်လိုက်ပြီး လိုကျစ်ကွေ့၏ပါးကို "မွ" ခနဲ မြည်အောင် နမ်းလိုက်ကာ ဟန်ဆောင်နှုတ်ဆက်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ"

နဉ်ရှောင်ယောင်း၏ ဝိုင်းစက်သော မျက်လုံးလေးများ လခြမ်းကွေးလေးများ ဖြစ်သွားသည်ကို ကြည့်ပြီး လိုကျစ်ကွေ့သည် ထိုလခြမ်းကွေးလေးများပေါ်တွင် ထပ်မံနမ်းလိုက်ကာ နဉ်ရှောင်ယောင်းကို ရင်ခွင်ထဲ ထည့်ဖက်ထားပြီး တိုးတိုးလေး မေးလိုက်သည်။

"ဒီနေ့ မနက်ညီလာခံမှာ ဘာလုပ်ရမလဲဆိုတာ သိလား။"

"သိတာပေါ့။ အမတ်ချုပ်ကြီးနဲ့ ဆက်ပြီး စကားနိုင်လုရမှာလေ။"

ဒီစကားကတော့ မမှားပါဘူး။ လိုကျစ်ကွေ့က ဆက်မေးလိုက်သည်။

"အသေးစိတ်ကရော။"

"မြို့တံခါးကိုးပေါက် တပ်မှူးကိစ္စရယ်၊ ထောင်ယွီကိစ္စရယ်လေ။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"ကျွန်မထင်တာတော့ ဒီကိစ္စနှစ်ခုနဲ့တင် အမတ်ချုပ်ကြီးနဲ့ တစ်နေကုန် ရန်ဖြစ်လို့ ရလောက်တယ်။"

"ထောင်ချန်မှာ ဒုတိယအဆင့် စစ်သူကြီးရာထူးရှိတယ်။"

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"သူ့သားနှစ်ယောက်လုံး သေသွားပြီဆိုတော့ ဒီရာထူးကို သူ့ညီအစ်ကိုတွေဆီ လွှဲပေးလို့ရတယ်။ ထောင်ယွီကို ပေးလိုက်ကြစို့။"

"ကောင်းပြီ။"

နဉ်ရှောင်ယောင်း ချက်ချင်း သဘောတူလိုက်သည်။

"ဒုတိယအဆင့် လောက်လား။ မဟုတ်ဘူး၊ ကျွန်မ သူ့ကို ပထမအဆင့် စစ်သူကြီးရာထူး ပေးလိုက်မယ်။"

လိုကျစ်ကွေ့ ခဏတာ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။

"ဒုတိယအဆင့်ပဲ ထားလိုက်ပါ။"

ထောင်ယွီအတွက် ဒုတိယအဆင့် စစ်သူကြီးရာထူး ရဖို့တောင် မလွယ်ကူတာ၊ ပထမအဆင့်ဆိုရင် ဘယ်ဖြစ်နိုင်မှာလဲ။

"လူဝယ်ဖို့ လုပ်နေတာ မဟုတ်ဘူးလား။"

နဉ်ရှောင်ယောင်း မေးလိုက်သည်။

"ဒါပေမဲ့ ပထမအဆင့် စစ်သူကြီးက လစာပိုရတယ်လေ။"

လိုကျစ်ကွေ့က "မင်းက သူ့ကို ပထမအဆင့် စစ်သူကြီးလစာ ပေးချင်လို့လား။"

"ဪ၊ ဒါဆို ဒုတိယအဆင့်ပဲ ထားလိုက်ပါတော့။"

စစ်သေနာပတိချုပ်လို၏စကားကြောင့် သေကွင်းသေကွက် ထိသွားသော နဉ်ရှောင်ယောင်းသည် ချက်ချင်း စကားပြင်ပြောလိုက်သည်။

"ကောင်းပြီ။"

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ဆံပင်ဖြီးပေးရန် ဘီးရှာလိုက်သည်။

"အရှင်မင်းကြီး"

တံခါးပြင်မှ ယင်းဖုန်း၏အသံ ထွက်ပေါ်လာသည်။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို လွှတ်ပေးလိုက်ပြီး ကုတင်ပေါ်မှ ထရပ်လိုက်သည်။

"သာ့ဖုန်း၊ ဝင်ခဲ့လေ။"

နဉ်ရှောင်ယောင်း အခန်းပြင်သို့ လှမ်းအော်လိုက်သည်။

နဉ်ရှောင်ယောင်းကို အိပ်ရာထ၊ အဝတ်အစားလဲဖို့ ပြောရန် ပြင်လိုက်သော လိုကျစ်ကွေ့... ကုတင်ပေါ်မှာထိုင်ပြီး ဧည့်သည်တွေ့တဲ့ မိန်းကလေး ရှိလို့လား။ (စစ်သေနာပတိချုပ်၊ ခင်ဗျားကိုယ်ခင်ဗျား မိန်းကလေးနဉ်ရဲ့ အိမ်သူသက်ထားလို့ သတ်မှတ်ထားလိုက်ပြီလား။)

လိုကျစ်ကွေ့သည် စောင်ဖြင့် နဉ်ရှောင်ယောင်းတစ်ကိုယ်လုံးကို လုံအောင်ပတ်ပေးလိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ယင်းဖုန်း အခန်းထဲ ဝင်လာသောအခါ လိုကျစ်ကွေ့ ရောက်နှင့်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။ ဒီလူက ဘယ်အချိန်ကတည်းက အရှင်မင်းကြီးအခန်းထဲ ရောက်နေတာလဲ။

"သာ့ဖုန်း၊ မင်္ဂလာနံနက်ခင်းပါ။"

နဉ်ရှောင်ယောင်း စောင်ပတ်လျက်သားဖြင့် ယင်းဖုန်းကို နှုတ်ဆက်လိုက်သည်။

ယင်းဖုန်းသည် ဒူးထောက်ဂါရဝမပြုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အရှင်မင်းကြီးက နဂါးအစောင့်တပ်သားများကို ခြိမ်းခြောက်ထားပြီးပြီဖြစ်သည်။ နောက်တစ်ခါတွေ့လို့ဒူးထောက်ရင် အရှင်မင်းကြီး သေပြမယ်တဲ့။

ယင်းဖုန်း ခါးကိုင်းပြီး နဉ်ရှောင်ယောင်းကို လျှောက်တင်လိုက်သည်။

"အရှင်မင်းကြီး၊ နန်းတော်အပြင်က သတင်းရပါတယ်။ မနေ့ညက ထောင်အိမ်တော်မှာ မိသားစုအစည်းအဝေးလုပ်ပြီး ထောင်ယွီနဲ့ သူ့မိသားစုကို ဆွေမျိုးစာရင်းကနေ ထုတ်ပယ်လိုက်ပါတယ်တဲ့။"

"ဘာ..."

နဉ်ရှောင်ယောင်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လိုကျစ်ကွေ့ကို လှည့်ကြည့်ကာပြောလိုက်သည်။

"သွားပြီ။ ဒီလိုဆိုရင် ဒုတိယအဆင့် စစ်သူကြီးရာထူးကိစ္စ ဖြစ်ပါ့မလား။"

"ဒီကိစ္စကို ထောင်ယွီကို သွားပြောပြလိုက်။"

လိုကျစ်ကွေ့က ယင်းဖုန်းကို ပြောလိုက်သည်။

"အရှင်မင်းကြီး ရှိနေတယ်၊ စိတ်မပူနဲ့လို့ ပြောလိုက်။"

"ဟုတ်တယ်၊ ဒီကိစ္စကို ထောင်ယွီကို ပြောပြရမယ်။"

နဉ်ရှောင်ယောင်းလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

"သာ့ဖုန်း၊ မင်း စကားပြောရင် ညင်ညင်သာသာ ပြောနော်။ ထောင်ယွီ ဝမ်းနည်းနေရင် နည်းနည်းလောက် နှစ်သိမ့်ပေးလိုက်။"

ပြောရင်းနှင့် နဉ်ရှောင်ယောင်း နဖူးကို ရိုက်လိုက်သည်။

"ဒီကိစ္စက ဘယ်လို နှစ်သိမ့်ရမှာလဲ။ ဒီအဖေက မင်းကို မလိုချင်တော့ဘူး၊ ငါ နောက်ထပ် အဖေတစ်ယောက် ရှာပေးမယ်လို့ ပြောရမလား။"

ယင်းဖုန်း သူ့အရှင်သခင်ကို ကြည့်လိုက်သည်။ သူသာ အဲဒီလိုပြောလိုက်ရင် ထောင်ယွီက ထပြီး သူ့ကို ထိုးလောက်တယ်။

"သာ့ဖုန်း၊ မင်း သူ့နားမှာ ခဏလောက် နေပေးလိုက်ပါ။"

နဉ်ရှောင်ယောင်း မျက်နှာငယ်လေးဖြင့် စဉ်းစားပြီးနောက် ပြောလိုက်သည်။

"တိတ်တဆိတ် အဖော်ပြုပေးလိုက်ပေါ့။"

"အမိန့်တော်အတိုင်းပါ။"

ယင်းဖုန်း အမိန့်နာခံပြီး ထွက်ခွာသွားသည်။ ဆက်နားမထောင်နိုင်တော့ဘူး။ တိတ်တဆိတ် အဖော်ပြုပေးတယ်ဆိုတာ ဘာလဲ။ ထောင်ယွီမှာ မိန်းမနဲ့ သမီးရှိတယ်လေ။ သူက ဘာသွားလုပ်ပေးရမှာလဲ။ သူနဲ့ ထောင်ယွီက ရင်းမှမရင်းနှီးတာ။

"ထောင်မိသားစုက ရှဲ့ဝမ်ယွမ်နောက်ကို တကောက်ကောက်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီပဲ။"

ယင်းဖုန်း ထွက်သွားပြီးနောက် လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"လိုက်ချင်လိုက်ပါစေ။ သူတို့ ဘယ်လောက်ကြာကြာ လိုက်နိုင်မလဲ ကြည့်ရသေးတာပေါ့။ ကျွန်မကိုတော့ ထိခိုက်မှာ မဟုတ်ပါဘူး။ ဘာလို့လဲ သိလား။"

လိုကျစ်ကွေ့ ပြန်ထိုင်လိုက်ပြီး ခေါင်းခါလိုက်သည်။

"ဟားဟား..."

နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။

"ဘာလို့လဲဆိုတော့ ထောင်မိသားစုက ကျွန်မနဲ့ ဘယ်တုန်းကမှ မပေါင်းဖက်ခဲ့ဖူးလို့လေ။"

ဒီစကားကို လိုကျစ်ကွေ့ ပြန်မပြောနိုင်တော့ပေ။

"ထောင်ယွီ ဝမ်းနည်းမှာပဲ။"

နဉ်ရှောင်ယောင်း ရယ်မောပြီးနောက် မျက်နှာပြန်ညှိုးသွားသည်။

"ကျွန်မတို့က မကောင်းမှု လုပ်မိသလိုပဲလို့ ခံစားရတယ်။ ကောင်းကောင်းနေနေတဲ့ မိသားစုကို အိမ်ကနေ မောင်းထုတ်ခံရအောင် လုပ်လိုက်သလို ဖြစ်နေတယ်။"

"သူ ထောင်မိသားစုမှာ ဆက်နေရင် ဘယ်တော့မှ ခေါင်းမော့နိုင်မှာ မဟုတ်ဘူး။"

လိုကျစ်ကွေ့သည် ဘီးကိုယူပြီး နဉ်ရှောင်ယောင်း၏ဆံပင်ကို ဖြီးပေးရင်း တိုးတိုးလေး ပြောလိုက်သည်။

"ခဏတာ ဝမ်းနည်းရတာက တစ်သက်လုံး စိတ်ဆင်းရဲရတာထက် ပိုကောင်းပါတယ်။"

နဉ်ရှောင်ယောင်း ငြိမ်ငြိမ်လေး ထိုင်နေပြီး လိုကျစ်ကွေ့ ဆံပင်ဖြီးပေးတာကို ခံယူရင်း သက်ပြင်းချလိုက်သည်။

"ဖြစ်ပြီးမှတော့ ဘာပြောပြော မထူးတော့ပါဘူး။ ထောင်မိသားစုက ဘာလို့ ဒီလိုလုပ်ရတာလဲ။"

"ဒီလိုလုပ်လိုက်တော့ ထောင်ယွီက ထောင်ချန်ရဲ့ရာထူးကို ဆက်ခံခွင့် မရှိတော့ဘူးပေါ့။"

"ရာထူးတစ်ခုတည်း အတွက်နဲ့လား။"

"အင်း..."

တကယ့်ကို ပြောစရာမရှိအောင် ဆိုးရွားလွန်းတယ်။ နဉ်ရှောင်ယောင်း ဘယ်ကနေ စပြောရမှန်းမသိအောင် ဖြစ်သွားသည်။ ရာထူးတစ်ခုတည်းအတွက်နဲ့ အဖေလုပ်တဲ့သူက သားကို စွန့်ပစ်လိုက်တယ်တဲ့လား။ တကယ်ပဲ ဒီလိုဖြစ်ရသလား။

"ရှဲ့ဝမ်ယွမ်က ထောင်ချန်သေဆုံးမှုကို ထောင်ယွီခေါင်းပေါ် ပုံချလိုက်တာဖြစ်မယ်။"

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ပြောပြလိုက်သည်။

"ဒီစကားကို ထောင်ယွီရဲ့အဖေက ယုံတယ်လား။"

နဉ်ရှောင်ယောင်း မေးလိုက်သည်။

"သူ ယုံမယုံက အရေးမကြီးဘူး။"

နဉ်ရှောင်ယောင်း၏ဆံပင်ရှည်များကို သိမ်းတင်ပေးရင်း လိုကျစ်ကွေ့ ပြောလိုက်သည်။

"ထောင်စစ်တုန်းက ထောင်ယွီကို အိမ်ကနှင်ထုတ်ဖို့ အကြောင်းပြချက် လိုနေတာ။ အစ်ကိုရင်းကို လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ အကြောင်းပြချက်က အကောင်းဆုံးပဲ။"

နဉ်ရှောင်ယောင်း ရုတ်တရက် လှည့်ကြည့်ပြီး လိုကျစ်ကွေ့ကို လေးလေးနက်နက် မေးလိုက်သည်။

"ကျွန်မ မေးပါရစေဦး။ ထောင်ယွီက သူ့အဖေရဲ့ သားအရင်း ဟုတ်ရဲ့လား။"

နဉ်ရှောင်ယောင်း၏မေးခွန်းကြောင့် လိုကျစ်ကွေ့ ကြောင်သွားပြီးနောက် ပြုံးလိုက်သည်။

"သူတို့က သားအဖအရင်းတွေပါ။ ဒါပေမဲ့ ထောင်စစ်တုန်းက ရှဲ့ဝမ်ယွမ်ရဲ့ခွေးလုပ်ချင်နေတော့ ဒီသားကို သူ မလိုချင်တော့တာပါ။"

နဉ်ရှောင်ယောင်း ချောင်းဟန့်လိုက်သည်။

"ဟိုလေ... ဘာပဲဖြစ်ဖြစ် စစ်သူကြီးထောင်ရဲ့ အဖေအရင်းပဲဟာ။ စစ်သေနာပတိချုပ် စကားကို ဆင်ခြင်ပါဦး။ ပြီးတော့ ခွေးက ရှင့်ကို ဘာလုပ်မိလို့လဲ။"

လိုကျစ်ကွေ့"..."

အခြားအခန်းတစ်ခန်းတွင် ယင်းဖုန်းသည် ပြောသင့်တာများကို ပြောပြီးနောက် တိတ်ဆိတ်နေသော ထောင်ယွီကိုကြည့်ကာပြောလိုက်သည်။

"အရှင်မင်းကြီးက ပြောပါတယ်၊ အရှင်မင်းကြီး ရှိနေသရွေ့ စစ်သူကြီး မပူပါနဲ့တဲ့။"

ထောင်ယွီ ခေါင်းတစ်ချက် ညိတ်လိုက်သည်။

"ငါ အခန်းဝမှာ ရှိနေမယ်။"

ယင်းဖုန်းက ပြောလိုက်သည်။

"ကိစ္စရှိရင် လှမ်းခေါ်လိုက်။"

"ကောင်းပြီ။"

ထောင်ယွီ အားမပါစွာ ပြန်ဖြေလိုက်သည်။

ယင်းဖုန်း အခန်းပြင်ထွက်ပြီး တံခါးပိတ်လိုက်သည်နှင့် အခန်းထဲမှ ထောင်ယွီကတော် အမျိုးသမီးဟယ်၏ ငိုသံကို ကြားလိုက်ရသည်။

အမျိုးသမီးဟယ်သည် ကန့်လန့်ကာနောက်မှ ထွက်လာသည်။ မျက်ရည်များ စီးကျနေသော်လည်း ၆ နှစ်သမီးအရွယ် သမီးလေးကတော့ ဘာမှနားမလည်ဘဲ အမေလုပ်သူ ဘာလို့ငိုနေလဲဆိုတာ မသိရှာပေ။

"ဘယ်လိုလုပ်ကြမလဲ။"

အမျိုးသမီးဟယ်က ထောင်ယွီကို ငိုယိုမေးလိုက်သည်။

"ဖေဖေ..."

သမီးလေးက ကုတင်ပေါ်တက်ပြီး ထောင်ယွီကို ခေါ်လိုက်သည်။

ဇနီးနှင့် သမီး ရှေ့ရောက်လာသောအခါ ထောင်ယွီ၏အမူအရာ ပြန်လည်အသက်ဝင်လာသည်။ ပြုံးပြီး သမီးလေး၏ခေါင်းကို ပုတ်ပေးလိုက်ကာ အမျိုးသမီးဟယ်ကို ပြောလိုက်သည်။

"အဲဒီအိမ်က ငါတို့ကို လက်မခံတော့မှတော့ ငါတို့ ထွက်သွားလိုက်ရုံပေါ့။ မငိုပါနဲ့တော့။"

အမျိုးသမီးဟယ်သည် သမီးလေးကို ဖက်ပြီး ကုတင်စွန်းတွင် ဝင်ထိုင်လိုက်ကာ ရှိုက်ကြီးတငင် မေးလိုက်သည်။

"ရှင် ဆုံးဖြတ်လိုက်ပြီလား။"

ထောင်ယွီ ခေါင်းညိတ်လိုက်သည်။

"ငါ ဘာစဉ်းစားစဉ်းစား အလကားပါပဲ။ ထောင်မိသားစုက ငါ့ကို မလိုချင်တော့တာ။"

အမျိုးသမီးဟယ်က မေးလိုက်သည်။

"တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ။"

မနေ့က လင်မယားနှစ်ယောက် တွေ့တုန်းက ထောင်ယွီက ဆေးသောက်ထားလို့ အိပ်ချင်မူးတူး ဖြစ်နေသဖြင့် စကားကောင်းကောင်း မပြောဖြစ်ခဲ့ပေ။ ယခုအချိန်အထိ အမျိုးသမီးဟယ် ဘာဖြစ်ခဲ့မှန်း မသိသေးပေ။

"ငါက အရှင်မင်းကြီးနောက် လိုက်နေတာလေ။ အဖေကတော့ အမတ်ချုပ်ကြီးရဲ့ စောင့်ရှောက်မှုကို အမြဲရယူထားသူ ဖြစ်နေတော့... ဒါပါပဲ။"

"အရှင်မင်းကြီးနောက်လိုက်တာ မမှားဘူးမလား။"

အမျိုးသမီးဟယ် နားမလည်နိုင် ဖြစ်နေသည်။ ဧကရာဇ်မင်းကို သစ္စာစောင့်သိတာ အမှားလား။

"ဆက်မမေးပါနဲ့တော့။"

ထောင်ယွီ မတ်တတ်ရပ်လိုက်ပြီး အဝတ်အစားများကို ပြင်ဆင်လိုက်ကာ ပြောလိုက်သည်။

"ဒီရက်ပိုင်း မင်းနဲ့ ရှို့အာ နန်းတော်ထဲမှာ ခဏနေလိုက်ကြဦး။"

အမျိုးသမီးဟယ် ခေါင်းညိတ်လိုက်သည်။ ဒီခေတ်က မိန်းမဆိုတာ ယောက်ျားလုပ်သူ ပြောသမျှ နာခံရတာပဲလေ။ ထောင်ယွီ ပြောသမျှ သူ လုပ်ရမှာပဲ။

.....

နဉ်ရှောင်ယောင်းသည် နဂါးဝတ်ရုံကို ဝတ်ဆင်ပြီး ကြေးမှန်ရှေ့တွင် လှည့်ပတ်ကြည့်ရှုနေသည်။

"မိုက်တယ်! ဒီနေ့လည်း မိုးထိအောင် မိုက်နေပြန်ပြီ!"

ကိုယ့်ကိုယ်ကိုယ် Like ပေးပြီးနောက် နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ပြောလိုက်သည်။

"သွားမယ်၊ မနက်စာ သွားစားမယ်။"

လိုကျစ်ကွေ့သည် ရေနွေးလာပို့သော အဘွားယာကို လက်ကာပြလိုက်ပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"လာ၊ မျက်နှာသစ်မယ်။"

နဉ်ရှောင်ယောင်း "..."

ငါ့မျက်နှာ သန့်နေတာကို စစ်သေနာပတိချုပ် မမြင်ဘူးလား။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း မလှုပ်ဘဲ ရပ်နေသည်ကို မြင်သောအခါ ရှေ့တိုးသွားပြီး လက်ဆွဲကာ ရေဇလုံစင်ရှေ့သို့ ခေါ်သွားလိုက်သည်။ နဉ်ရှောင်ယောင်း၏မျက်နှာကို ကိုယ်တိုင် သစ်ပေးလိုက်ပြီး ပါးကိုပါ ဆွဲလိုက်သေးသည်။

နဉ်ရှောင်ယောင်း မျက်နှာတည်ထားပြီး ပြောလိုက်သည်။

"မျက်နှာသစ်ရင်းနဲ့ မေးခွန်းတစ်ခု စဉ်းစားမိတယ်။ ဖေ့ယင် ဒီနေ့ လာပါ့မလား။ သူ မလာရင် ကျွန်မက မြို့တံခါးကိုးပေါက် တပ်မှူးကိစ္စကို အမတ်ချုပ်ကြီးနဲ့ ဘယ်လို ငြင်းခုံရမှာလဲ။"

"သူမလာရင် ရှောင်ယောင်းက အမိန့်ထုတ်ပြီး ဟုကော်ကုန်းအိမ်တော် တစ်မိသားစုလုံးကို သတ်ပစ်လိုက်ပေါ့။"

လိုကျစ်ကွေ့ မျက်နှာသုတ်ပဝါကို ရေဇလုံထဲ ပစ်ထည့်လိုက်သည်။

"ဘာ..."

နဉ်ရှောင်ယောင်း လန့်သွားတော့သည်။

***

All Chapters