← Chapters

ကျောက်တုံးနှလုံးသားပိုင်ရှင် ဖေ့မိသားစု ဒုတိယသခင်လေး

Vol. 13 Ch. 207

ကျောက်တုံးနှလုံးသားပိုင်ရှင် ဖေ့မိသားစု ဒုတိယသခင်လေး

Vol. 13 Ch. 207

"သူ မလာဘဲ နေမှာမဟုတ်ပါဘူး။"

လိုကျစ်ကွေ့သည် ရက်စက်သောစကားကို ပြောပြီးနောက် ပြုံးကာ နဉ်ရှောင်ယောင်းကို လေသံပျော့ဖြင့် ပြောလိုက်သည်။

"ကျွန်တော်က နောက်ပြောင်လိုက်တာပါ။"

နဉ်ရှောင်ယောင်းက မျက်နှာတည်ထားလျက် ပြောလိုက်သည်။

"ရှင်က အတည်ပြောရင်တောင် ကျွန်မက အဲဒီလို လုပ်လို့မရပါဘူး။"

လိုကျစ်ကွေ့ "..."

"နေပါဦး၊ နင်က တကယ် နောက်တာရောဟုတ်ရဲ့လား။"

နဉ်ရှောင်ယောင်းက သံသယမျက်လုံးများဖြင့် မေးလိုက်သည်။ ဘာလို့ သူမက နောက်ပြောင်တယ်လို့ မခံစားရတာလဲ။

ရှားရှားပါးပါး နောက်ပြောင်မှုတစ်ခု လုပ်မိကာမှ စိတ်ပျက်သွားရသော စစ်သေနာပတိချုပ်လိုက ပြောလိုက်သည်။

"ထမင်းသွားစားကြစို့။"

သူ အခန်းပြင်သို့ ထွက်ခွာသွားသည်။ နောက်နောင် ဒီလိုမျိုး မကြိုးစားတော့ဘူးဟု တွေးလိုက်မိသည်။

"ကျွန်မတို့ ကောင်လေးတစ်ယောက်ယောက်ကို လွှတ်ပြီး ဖေ့ယင်ကို နန်းတော်ထဲ ခေါ်ခိုင်းလိုက်ရမလား။"

နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့နောက်မှ လိုက်ရင်း မေးလိုက်သည်။ သူမ စိတ်မချနိုင်ပေ။ ဖေ့ယင် မလာရင် ခဏနေ ညီလာခံကျရင် ဘယ်လိုလုပ် ဇာတ်လမ်းခင်းရမှာလဲ။

"မလိုပါဘူး။"

နဉ်ရှောင်ယောင်း၏ စိတ်ပူပန်မှုများနှင့် ယှဉ်လျှင် လိုကျစ်ကွေ့က အလွန်တည်ငြိမ်နေသည်။

"တကယ် မလိုဘူးလား။"

"မလိုပါဘူး။"

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ မလိုဘူးဆိုလည်း နေပါစေတော့။ ဖေ့ယင် တကယ်မလာရင်လည်း သူမမှာ လုပ်စရာနည်းလမ်း မရှိတာပဲလေ။

.....

ထိုအချိန်တွင် ဟုကော်ကုန်းအိမ်တော်၌ သခင်မကြီးသည် ဧည့်ခန်းမဆောင်၏ ထိပ်ဆုံးခုံတွင် ထိုင်နေသည်။ ဟုကော်ကုန်းက သခင်မကြီး၏ ဘယ်ဘက်အောက်တွင် ထိုင်နေပြီး ဖေ့ယင်က ညာဘက်အောက်တွင် ထိုင်နေသည်။ မိသားစုသုံးဦးသည် ခြေသုံးချောင်းထောက်အနေအထားဖြင့် ထိုင်ကာ တစ်ယောက်ကိုတစ်ယောက် စကားမပြောဘဲ စိုက်ကြည့်နေကြသည်မှာ အတော်ကြာပြီဖြစ်သည်။

ဖေ့ယင်၏အနောက်တွင် လူငယ်အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေသည်။ သူမ၏ ဝတ်စားဆင်ယင်မှုမှာ အဝတ်အစားပုံစံနှင့် အသားအရည် ကောင်းမွန်သော်လည်း အရောင်အသွေးမှာ ရိုးရှင်းပြီး ခေါင်းပေါ်နှင့် ကိုယ်ပေါ်တွင် အဆင်တန်ဆာ နည်းပါးလှသည်။ အကြောင်းစုံ မသိသူများအဖို့ သူမ၏အဆင့်အတန်းကို ခန့်မှန်းရ ခက်ခဲပေလိမ့်မည်။

ဟုကော်ကုန်းသည် အရင်ဆုံး သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။

"ညီလေး၊ ဒီကိစ္စကို မင်း ဘယ်လိုသဘောရလဲ။"

"အစ်ကိုကြီးက အခုမှ ကျွန်တော့်သဘောထားကို မေးတတ်တော့တယ်ပေါ့။"

ဒုတိယသခင်လေးဖေ့သည် လူတိုင်းက သူ့ကို ငွေတစ်သန်း အကြွေးတင်နေသကဲ့သို့ မျက်နှာထားဖြင့် မျက်လွှာပင် မပင့်ဘဲ ပြောလိုက်သည်။

ဟုကော်ကုန်း မျက်နှာကိုလက်ဖြင့်ပွတ်သပ်လိုက်သည်။ သူ့စိတ်ရှိတိုင်းသာဆိုရင် စားပွဲခုံကိုလှန်ပြီး ထွက်သွားလောက်ပြီ။ သို့သော် သူ ဒီလိုလုပ်လို့မရပေ။ သူ့ညီက ဒီနည်းလမ်းကို ကြောက်မည့်သူ မဟုတ်ဘူးလေ။

"ဒါဆို မင်း ညီလာခံတက်မှာလား၊ မတက်ဘူးလား။"

ဟုကော်ကုန်းက လေသံပျော့ဖြင့် မေးလိုက်သည်။

ဖေ့ယင်က "ကျွန်တော်က သာမန်အရပ်သားတစ်ယောက်ပဲလေ။ ဘာညီလာခံ သွားတက်ရမှာလဲ။"

"မဟုတ်ဘူးလေ။ ငါ မင်းကို ပြောပြီးသားပဲ။ အရှင်မင်းကြီးက မင်းကို မြို့တံခါးကိုးပေါက် တပ်မှူး ဖြစ်စေချင်နေတာ။"

"ကျွန်တော့်မှာ ဘာအရည်အချင်း ရှိလို့လဲ။"

ဒုတိယသခင်လေးဖေ့က မေးလိုက်သည်။

ဟုကော်ကုန်း "..."

ငါလည်း မင်းမှာ ဘာအရည်အချင်း ရှိလဲဆိုတာ မသိပါဘူးကွာ။

"အစ်ကိုကြီးကမှ ဟုကော်ကုန်းလေ။ ညီဖြစ်တဲ့ သာမန်အရပ်သားတစ်ယောက်က နန်းတွင်းရေးရာတွေကို ဝင်မပါတော့ပါဘူး။"

ဖေ့ယင်သည် ပြောပြောဆိုဆိုနှင့် ထထွက်ရန် ပြင်လိုက်သည်။

ဟုကော်ကုန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ ဘာမှလုပ်မရ ဖြစ်နေသည်။

"ဒုန်း!"

ထိုအချိန်တွင် သခင်မကြီးသည် စားပွဲကို ရိုက်လိုက်သည်။

ဖေ့ယင်၏ခြေလှမ်းများ ရပ်တန့်သွားသည်။

စားပွဲကို ရိုက်ရုံနှင့် ဒေါသ မပြေနိုင်သေးသဖြင့် သခင်မကြီးသည် ဘေးနားရှိ စားပွဲကို တွန်းလှန်ပစ်လိုက်ရာ စားပွဲပေါ်မှ ပစ္စည်းများ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကျသွားလေသည်။

ဒီတစ်ခါတော့ ဟုကော်ကုန်း ထိုင်မနေနိုင်တော့ပေ။ ထရပ်ပြီး သခင်မကြီးရှေ့သို့ အပြေးသွားကာ မျက်နှာငယ်လေးဖြင့် ဖျောင်းဖျလိုက်သည်။

"အမေ၊ စကားကို ကောင်းကောင်းပြောကြရအောင်လေ။ စိတ်မဆိုးပါနဲ့။"

"အဖြူရောင်ဝတ်စုံ အစုံလိုက် သွားယူချေ။"

သခင်မကြီးက ဟုကော်ကုန်းကို ပြောလိုက်သည်။

"အမေအိုကြီးက မင်းတို့မိသားစုကိုခေါ်ပြီး နန်းတော်ထဲ သွားမလို့။"

ဟုကော်ကုန်းက မေးလိုက်သည်။

"အဖြူရောင်ဝတ်စုံ ဝတ်ပြီး နန်းတော်ထဲ သွားမယ် ဟုတ်လား။"

"ငါတို့က သေဒဏ်သွားခံယူမလို့လေ။"

သခင်မကြီးက ပြောလိုက်သည်။

"အရှင်မင်းကြီး အပြစ်ပေးတာကို စောင့်နေမယ့်အစား ကိုယ့်ဘာသာကိုယ် သွားသေတာက ပိုကောင်းတယ်။"

ဟုကော်ကုန်း ခေါင်းညိတ်လိုက်သည်။

"ဒါဆို သား အရင်သွားနှင့်လိုက်မယ်။"

"သွားတော့။"

သခင်မကြီးက လက်ကာပြလိုက်သည်။

သူ့အစ်ကိုကြီးက တကယ်ပဲ အခန်းပြင်ထွက်သွားတော့မည်ကို မြင်သောအခါ ဖေ့ယင် ဒေါသတကြီး ပြောလိုက်သည်။

"အမေ၊ ဒါ ကျွန်တော့်ကို အကျပ်ကိုင်နေတာပဲ။"

"ဟုတ်တယ်။ ငါ မင်းကို အကျပ်ကိုင်နေတာ။ ငါ့လို အသုံးမကျတဲ့ အဘွားအိုတစ်ယောက်က မင်းလိုကောင်မျိုးကို မွေးထားမိတာကိုး။ ငါက မင်းကို မရိုက်နိုင်ဘူး၊ မဆဲနိုင်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ သေရေးရှင်ရေးကိစ္စကိုတော့ ငါ့ဘာသာ ဆုံးဖြတ်နိုင်ပါသေးတယ်။ သားကြီး၊ မင်း ဘာရပ်လုပ်နေတာလဲ။ အဖြူရောင်ဝတ်စုံ သွားယူလေ။ အိမ်တော်ထိန်းကို မြင်းရထားပြင်ခိုင်းလိုက်။ ငါတို့ အခုချက်ချင်း သွားမယ်။"

"အမေ့"

ဖေ့ယင် အော်ဟစ်လိုက်သည်။

"ငါ မင်းကို မေးမယ်။"

သခင်မကြီးက ဖေ့ယင်ကို မေးလိုက်သည်။

"ငါတို့အိမ်တော်ရဲ့ ရန်သူက ဘယ်သူလဲ။"

ဖေ့ယင်က ဖြေလိုက်သည်။

"ရှဲ့ဝမ်ယွမ်။"

"အခု မင်း လက်စားချေလို့ရနေပြီ။ ဘာလို့ လက်စားမချေတာလဲ။ ရှဲ့ဝမ်ယွမ်ကို ကြောက်နေတုန်းပဲလား။"

"ကျွန်တော်က အဲဒီအဘိုးကြီးကို ဘယ်လိုလုပ် ကြောက်ရမှာလဲ။"

ဖေ့ယင် ချက်ချင်း ငြင်းလိုက်သည်။

"ဒါဆိုရင် မင်းက အရှင်မင်းကြီးကို အပြစ်တင်နေတာပဲ။"

သခင်မကြီးက ပြောလိုက်သည်။

"အမေ..."

ဟုကော်ကုန်းက သူ့အမေကို အလျင်အမြန် ခေါင်းခါပြလိုက်သည်။ ဒီစကားမျိုး ပြောလို့မဖြစ်ဘူးလေ။

"ငါ့လို အဘွားအိုက သေဖို့သွားတော့မှာပဲ၊ ဘာကြောက်စရာ ရှိတော့မှာလဲ။"

သခင်မကြီးက သားငယ်ကိုကြည့်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။

"ငါသာ မင်းနေရာမှာဆိုရင်၊ နှောင်းဧကရာဇ် ရှိတုန်းက ငါ့ရင်ထဲမှာ အငြိုးရှိနေရင် အသားလွှာခံရပါစေ နှောင်းဧကရာဇ်ကို သွားတွေ့ပြီးပြောလိုက်မယ်။ အခု လက်ရှိအရှင်မင်းကြီးက ဘယ်လောက် အသက်ကြီးသေးလို့လဲ။ မင်းက အစွမ်းထက်တဲ့လူကို သွားမတွေ့ရဲဘဲ အသက်ငယ်ပြီး မင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံတဲ့လူကိုမှ ရွေးပြီး အနိုင်ကျင့်ချင်နေတာလား။ ငါတို့ ဖေ့မိသားစုက ဘယ်လိုလုပ်ပြီး မင်းလို သတ္တိမရှိတဲ့ကောင်မျိုး မွေးလာရတာလဲ။"

"အမေ၊ တော်ပါတော့။"

ဟုကော်ကုန်းက ညီဖြစ်သူ ဒေါသထွက်စရာကောင်းမှန်း သိသော်လည်း အမေလုပ်သူက ဒီလောက်ထိ ဆဲဆိုနေတာ လွန်လွန်းသည်ဟု ထင်သဖြင့် ဝင်ရောက်ဖျောင်းဖျလိုက်သည်။

"သူ့ကို ကောင်းကောင်း ပြောပြလိုက်ပါ။"

"သူက လူမှ မဟုတ်တာ။"

သခင်မကြီးသည် လှန်ပစ်စရာ စားပွဲမရှိတော့သဖြင့် ထိုင်ခုံလက်တန်းကို အားကုန်ရိုက်လိုက်သည်။

ဖေ့ယင်သည် ငယ်စဉ်ကတည်းက ဒုက္ခရောက်ခဲ့ရသူဖြစ်၍ သခင်မကြီး၏ အလိုလိုက်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ ယနေ့ ပထမဆုံးအကြိမ်အဖြစ် သခင်မကြီး၏ ဆဲဆိုခြင်းကို ခံလိုက်ရသဖြင့် ဒုတိယသခင်လေးဖေ့ မခံမရပ်နိုင် ဖြစ်သွားသည်။ မျက်နှာမည်းကြီးဖြင့် ပြောလိုက်သည်။

"အမေ၊ ကျွန်တော်က အရာရှိ မလုပ်ချင်တာနဲ့ပဲ သေသင့်တဲ့သူ ဖြစ်သွားရောလား။"

"အရှင်မင်းကြီးက မင်းရောဂါကို ကုပေးလိုက်တယ်လေ!"

သခင်မကြီးက အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။

"ဒါဆို ကျွန်တော် ဘာလို့ ရောဂါရခဲ့တာလဲ။"

ဖေ့ယင်၏အသံက သခင်မကြီးထက် မလျော့ပေ။

"ကောင်းပြီလေ၊ မင်းက အဲဒီလို တွက်မယ်ဆိုရင် အရှင်မင်းကြီးက မင်းကို အဖေတစ်ယောက် ပေးဆပ်ဖို့ ကျန်သေးတာပေါ့။ ငါနဲ့ မင်းအစ်ကိုမိသားစုက အရင်သွားသေပေးမယ်။ မင်းက လက်စားချေလိုက်တော့။"

"ညီလေး..."

ဟုကော်ကုန်းက မေးလိုက်သည်။

"မင်း ပုန်ကန်ချင်နေတာလား။"

"ဟား..."

သခင်မကြီး အေးစက်စွာ ရယ်မောလိုက်သည်။

"သူ့မှာ အဲဒီစွမ်းရည် ရှိလို့လား။ ဒီနှစ်တွေတစ်လျှောက်လုံး ငါတို့က အိမ်တံခါးပိတ်၊ ခေါင်းငုံ့ပြီး ရှဲ့ဝမ်ယွမ်ကိုမြင်ရင် ပြုံးပြနေခဲ့ရတာ။ သူ ဘာလုပ်ခဲ့ဖူးလို့လဲ။ ရှေးစကားက မှန်တာပဲ။ တချို့လူတွေကို မျက်နှာသာ ပေးလို့မရဘူး။"

ဖေ့ယင် သခင်မကြီး၏ကြမ်းတမ်းသောစကားများကြောင့် မျက်နှာနီရဲနေသည်။

"ဒီနှစ်တွေတစ်လျှောက်လုံး မင်း စားတာ၊ သောက်တာ၊ ဝတ်တာ၊ နေတာ အကုန်လုံး မင်းအစ်ကိုဆီကပဲ။"

သခင်မကြီးက ဖေ့ယင်ကို ကြည့်ပြီး ဆက်ပြောလိုက်သည်။

"မင်းက မင်းအစ်ကို မိသားစုတစ်ခုလုံးကိုပါ ဒုက္ခပေးပြီး သတ်ချင်နေတာလား။ မင်းအစ်ကိုက မင်းလေးနှစ်သားလောက်ကတည်းက မင်းကို ကျွေးမွေးစောင့်ရှောက်လာတာ ဒီနေ့အထိပဲ။ မင်း ဆူချင်ပူချင်ရင် သူနဲ့ မင်းမရီးက လွှတ်ထားပေးတယ်၊ ချော့မော့ပေးတယ်၊ အလိုလိုက်ပေးတယ်။ မင်းမှာ ကျောက်တုံးနှလုံးသား ရှိရင်တောင် မင်းအစ်ကို လင်မယားကြောင့် နွေးထွေးလာသင့်ပြီ။ မင်းမှာ နှလုံးသားဆိုတာရော ရှိရဲ့လား။ ဟမ်!"

ဟုကော်ကုန်း၏ဇနီးသည် အမျိုးသမီးကျန်းသည် အခန်းပြင်တွင် တိုးတိုးလေး သက်ပြင်းချလိုက်ပြီး သားသမီးများကို လက်ယပ်ခေါ်ကာ ထွက်ခွာသွားစေလိုက်သည်။ ဖေ့ယင်၏စရိုက်က မှောင်မိုက်ပြီး ပေါင်းသင်းရ ခက်ခဲသည်။ ဒီနှစ်တွေတစ်လျှောက်လုံး မရီးဖြစ်သူ သူမသည် ပင်ပင်ပန်းပန်း ဂရုစိုက်ပေးခဲ့သော်လည်း ဖေ့ယင်ဆီက ကောင်းကျိုးတစ်စုံတစ်ရာ မရခဲ့ပေ။ သို့သော် သခင်မကြီး၏ဆဲဆိုသံကို ကြားလိုက်ရသောအခါ အမျိုးသမီးကျန်း၏ရင်ထဲမှ အဖုအထစ်များ ပြေပျောက်သွားသလို ခံစားလိုက်ရသည်။ သူမ၏ခံစားချက်များကို ယောက္ခမဖြစ်သူ နားလည်ပေးပါလား။

"ဟုတ်တယ်၊ မင်းက မင်းအစ်ကိုကို တောင်းဆိုတာ မဟုတ်ဘူး။"

သခင်မကြီးက ဧည့်ခန်းမဆောင်ထဲတွင် သားဖြစ်သူကို ဆက်လက်ဆုံးမနေသည်။

"မင်းအစ်ကိုက မင်းကို အကြွေးတင်နေတာ။ ဘယ်သူက သူ့ကို မင်းအစ်ကို ဖြစ်ခိုင်းလို့လဲ။ သူ ခံရမှာပေါ့။"

ဖေ့ယင် မျက်နှာနီရဲနေပြီး ပြောလိုက်သည်။

"ကျွန်တော် အဲဒီလို မပြောပါဘူး။"

"မင်းအဖေ ဆုံးပါးသွားပြီးနောက်ပိုင်း..."

သခင်မကြီးက ဖေ့ယင်ကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။

"မင်းအဖေရဲ့ နောက်လိုက်တွေ အကုန်လုံး ရှဲ့ဝမ်ယွမ်ရဲ့ ဖိနှိပ်မှုကိုခံရပြီး နေရာမရကြတော့ဘူး။ သူတို့ကိုယ်တိုင် နေရာမရတာ ထားပါတော့၊ သူတို့ သားသမီးတွေလည်း အနာဂတ် ပျောက်နေကြပြီ။ အခု အရှင်မင်းကြီးက မင်းကို အသုံးပြုချင်တယ်၊ မင်းအဖေအတွက် လက်စားချေဖို့ အခွင့်အရေးပေးနေတယ်။ ဒါက မင်းအဖေရဲ့ နောက်လိုက်ဟောင်းတွေအတွက်လည်း ပြန်လည်ဦးမော့လာနိုင်မယ့် အခွင့်အရေးပဲ။ ဒါပေမဲ့ မင်း ဘာလုပ်နေလဲ။ မင်းရင်ထဲက မကျေနပ်ချက်တစ်ခုတည်းအတွက်နဲ့ မင်း မျက်စိကန်းနေတယ်။ မင်းက ဒီလူအုပ်စုကြီးကို မမြင်ဘူး။ မြေအောက်က မင်းအဖေ မျက်လုံးမမှိတ်နိုင်တာကိုလည်း မမြင်ဘူး။ စိတ်ထားမည်းမှောင်တဲ့ ကောင်စုတ်! မင်း ဒီလိုဖြစ်လာမယ်မှန်း သိရင် အဲဒီတုန်းက မင်းအဖေနဲ့အတူ လိုက်သွားပြီး သေလိုက်တာ ပိုကောင်းတယ်။ မင်းအဖေလည်း အဖော်ရတာပေါ့။"

သခင်မကြီး စကားဆုံးသောအခါ မျက်ရည်များ စီးကျလာသည်။

"အမေ..."

ဟုကော်ကုန်း သခင်မကြီးရှေ့တွင် ဒူးထောက်လိုက်သည်။ မျက်ဝန်းများ နီရဲနေပြီး ပြောလိုက်သည်။

"ညီလေးက အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ အမေ မပြောပါနဲ့တော့။"

"ထွက်သွား!"

သခင်မကြီးက ဖေ့ယင်ကို ငိုယိုမောင်းထုတ်လိုက်သည်။

"သ... သခင်မကြီး..."

စောစောက ဖေ့ယင်အနောက်တွင် ရပ်နေသော လူငယ်အမျိုးသမီးသည်လည်း သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။

"နင်းယန်..."

သခင်မကြီးက ပြောလိုက်သည်။

"မင်းက ဒီကောင်စုတ်အတွက် ဝင်မပြောနဲ့။ မင်းက ဒီကောင်စုတ်ကို ဒီနှစ်တွေအများကြီး စောင့်ရှောက်ပေးခဲ့တာ၊ ဒီကောင်စုတ်က မင်းအတွက် စဉ်းစားပေးဖူးလို့လား။"

"သခင်မကြီး၊ ဒုတိယသခင်လေးက အဲဒီလိုလူမျိုး မဟုတ်ပါဘူး။"

နင်းယန်ဟုခေါ်သော အမျိုးသမီးသည် သခင်မကြီးရှေ့တွင် ဒူးထောက်လိုက်သည်။

"အဲဒီတုန်းက မင်းအဖေနဲ့ လော့မိသားစု စီစဉ်ထားတဲ့ ငယ်ဘဝလက်ထပ်ပွဲ..."

သခင်မကြီးက ဖေ့ယင်ကို ကြည့်ပြီး ပြောလိုက်သည်။

"ငါတို့ ဟုကော်ကုန်းအိမ်တော် ဒုက္ခရောက်တော့ လော့မိသားစုက လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်တယ်။ ပြီးတော့ မင်းရဲ့အဖြစ်အပျက်ကို တစ်လောကလုံး သိအောင် လျှောက်ပြောပြီး နောက်ဆုံးကျတော့ သူတို့သမီးကို ရှဲ့အန်းရှီနဲ့ ပေးစားလိုက်တယ်။"

ဖေ့ယင်က ပြောလိုက်သည်။

"ကျွန်တော် သိပါတယ်။ ကျွန်တော် ဟုကော်ကုန်းအိမ်တော်ရဲ့ သိက္ခာကို ကျဆင်းစေခဲ့ပါတယ်။"

"ဘယ်သူက သိက္ခာအကြောင်း ပြောနေလို့လဲ။"

သခင်မကြီးက ပြောလိုက်သည်။

"ငါက မင်းကို နင်းယန်အကြောင်း တွေးခိုင်းနေတာ။"

"သခင်မကြီး..."

ဒူးထောက်နေသော နင်းယန်က အလျင်အမြန် ပြောလိုက်သည်။

"နင်းယန်က အစေခံတစ်ယောက်ပါပဲ။"

"ထတော့ ကလေးမလေး။"

သခင်မကြီး ထရပ်လိုက်ပြီး နင်းယန်ကို ကိုယ်တိုင် တွဲထူပေးလိုက်သည်။ နင်းယန်၏လက်ကို ပုတ်ပေးပြီး မျက်ရည်စက်လက်ဖြင့် ပြောလိုက်သည်။

"အစက ငါထင်ထားတာ အရှင်မင်းကြီးက ဒီကောင်စုတ်ရဲ့ ရောဂါကို ကုပေးလိုက်တော့ မင်းနဲ့ ဒီကောင်စုတ် ပေါင်းဖက်လို့ရပြီ၊ မင်းလည်း ဒုက္ခပြီးလို့ သုခရောက်ပြီပေါ့။ ဒါပေမဲ့ လူ့အကြံကို ဘုရားသခင် ဖျက်တယ်ဆိုသလိုပဲ ဖေ့ယင်က လူစိတ်မရှိတဲ့ကောင် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ငါ မင်းကို အားနာလိုက်တာ ကလေးရယ်။"

"ကျွန်တော် ညီလာခံ တက်ပါ့မယ်။"

ထိုအချိန်တွင် ဖေ့ယင်က ပြောလိုက်သည်။

"ကျွန်တော် သွားပါ့မယ်။ အမေ ဆက်မပြောပါနဲ့တော့လို့ တောင်းပန်ပါတယ်။"

သခင်မကြီး ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်သည်။

ဖေ့ယင် ခြေဆောင့်လိုက်ပြီး အခန်းပြင်သို့ ထွက်ခွာသွားသည်။

ဟုကော်ကုန်းက အလျင်အမြန် မေးလိုက်သည်။

"မင်း ညီလာခံမတက်ဘူးလား။ ဘယ်သွားမလို့လဲ။"

"အဝတ်အစား သွားလဲမလို့။"

ဖေ့ယင် မျက်နှာမည်းကြီးဖြင့် ပြန်ဖြေလိုက်သည်။

"သွားတော့။"

သခင်မကြီးက မျက်ရည်မခြောက်သေးဘဲ ကြောင်တောင်တောင် ရပ်နေသော နင်းယန်ကို ပြုံးပြလိုက်သည်။

နင်းယန် အနောက်မှ အပြေးလိုက်သွားသည်။

ဟုကော်ကုန်း ကြမ်းပြင်မှ ထရပ်လိုက်ပြီး ခေါင်းကို ပွတ်သပ်လိုက်သည်။ ခဏလေးအတွင်းမှာတင် ခေါင်းတစ်ခုလုံး ချွေးတွေ ရွှဲနေပြီ။

"မင်းလည်း ပြင်ဆင်ပြီး အဲဒီကောင်စုတ်နဲ့အတူ ညီလာခံတက်လိုက်ချေ။"

သခင်မကြီးက ပြောလိုက်သည်။

ဟုကော်ကုန်း စိတ်မချသဖြင့် မေးလိုက်သည်။

"အမေ၊ ညီလေးရဲ့ အခုပုံစံနဲ့ အရှင်မင်းကြီးအတွက် အလုပ်တာဝန် ကျေပွန်ပါ့မလား။ ရွှေခေါင်းလောင်းခန်းမရောက်မှ သူက ဂျစ်ကန်ကန်ပြန်လုပ်ရင် ဘယ်လိုလုပ်မလဲ။"

"သူက အရှင်မင်းကြီးရဲ့ပြိုင်ဘက် မဟုတ်ပါဘူး။"

သခင်မကြီးသည် ကုတင်ဘေးတွင် မှီထားသော တုတ်ကောက်ကို ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"သူက လက်ထောက်လောက်ပဲ လုပ်တတ်တဲ့ အရည်အချင်းရှိတာ။ မင်း အဲဒါကို စိတ်ပူမနေနဲ့။"

ဟုကော်ကုန်းက "သားက သူ့ပါးစပ်ကို စိတ်ပူနေတာပါ။"

"အရှင်မင်းကြီးက ရှဲ့ဝမ်ယွမ်ကိုတောင် ထိန်းချုပ်နိုင်တာ၊ မင်းညီရဲ့ ပါးစပ်လောက်တော့ မနိုင်ဘဲ နေပါ့မလား။"

သခင်မကြီး မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး ပြောလိုက်သည်။

"သူ့ဘာသာ လုပ်ချင်ရာ လုပ်ပါစေ။ ခလုတ်တိုက်ပါများရင် သူ့အကျင့် ပြင်သွားမှာပါ။"

မနေ့က အမတ်ချုပ်အိမ်တော်မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်ပြီး ဟုကော်ကုန်း ခေါင်းညိတ်လိုက်သည်။ ဟုတ်သားပဲ၊ အရှင်မင်းကြီးလို လူမျိုးအတွက်တော့ သူ့ညီလေးလောက်က အေးဆေးပါပဲ။

"ညီလာခံပြီးရင် ငါ မိဖုရားခေါင်ကြီးကို သွားတွေ့မယ်။"

သခင်မကြီးက ထပ်ပြောလိုက်သည်။

"ဟမ်..."

ဟုကော်ကုန်း ခေါင်းကုတ်လိုက်သည်။

"ငါ လက်ထပ်ခွင့် အမိန့်တော် သွားတောင်းမလို့။ နင်းယန်က အစေခံဆိုပေမယ့် ဒီကောင်မလေးက ဒီနှစ်တွေအများကြီး ညီလေးကို စောင့်ရှောက်ပေးခဲ့တာ။ ငါတို့ ဖေ့မိသားစုက သူ့ကို နေရာတစ်နေရာ ပေးသင့်တယ်။" (ဒါပေမဲ့ မိဖုရားခေါင်ကြီးက နန်းတော်ထဲမှာ မရှိဘူးလေ...)

***

All Chapters