← Chapters

ဓာတ်ခွဲခန်း အခြေအနေ

Vol. 8 Ch. 99

ဓာတ်ခွဲခန်း အခြေအနေ

Vol. 8 Ch. 99

ဘုန်း… ဝရုန်း…

သံမဏိဘောင်များ ပြိုကျ၍ ပေါက်ကွဲသံများ ဆူညံသွားသည်။ မီးလောင်ထားသော အဆောက်အအုံ အပျက်အစီးများမှ မီးတောက်များ ဟုန်းခနဲ ထိုးတက်လာကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အသာငမ်းငမ်း နီရဲသော လျှာကြမ်းကြီးဖြင့် လျက်နေသကဲ့သို့ ရှိသည်။ လေထုထဲတွင်လည်း မီးခိုးနံ့များက မွမ်းကြပ်ဖွယ် လွှမ်းခြုံနေ၏။

မြေပြင်အနှံ့ ပြန့်ကျဲနေသည့် ဓာတ်ပြု အရည်များနှင့် မီးလောင်လွယ်သော ပစ္စည်းများက မီးတောက်များ၏ အဟုန်ကို ပိုမိုပြင်းထန်စေသည်။

ခွမ်း… ခွမ်း… ခွမ်း…

ဖန်ပုလင်း အကြည်တစ်လုံးချင်းစီမှာလည်း အစိတ်စိတ် အမွှာမွှာ ကွဲအက်နေချေပြီ။ ပျက်စီးသွားသော ထိုဖန်ပုလင်းများမှ အပြာနုရောင် သန္ဓေသားရည်များ စီးကျလာကာ ကြမ်းပြင်ပေါ်တွင် ဖန်ကွဲစများနှင့် အတူ ပြန့်ကျဲလျက်ရှိသည်။

အချို့သော ဖြူဖျော့ဖျော့ သန္ဓေသားများမှာ အသက်ဓာတ် လုံးဝ ကင်းမဲ့နေသော်လည်း… သန္ဓေသား အနည်းငယ်မှာမူ တွယ်ကပ်ထားသည့် အာဟာရပြွန်များမှ တစ်ဆင့် အရည်များ တစက်စက် စီးကျလျက် ရှိနေဆဲဖြစ်သည်။

“မြန်မြန်… မြန်မြန်… ဖလော်ဆိုဖာ ကျောက်တုံးများ ကျန် မကျန် အရင် စစ်ဆေး… ပြီးရင် ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ရှာဖွေပြီး ရှေးဦးသူနာပြုစုနည်း လုပ်ကြပါ… သင့်လျော်တဲ့ စီမံဆောင်ရွက်မှုတွေ လုပ်ပါ”

ဘုန်း…

တံခါးမှာ ရိုက်ချိုးခံလိုက်ရပြီး လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် အဖွဲ့တစ်ဖွဲ့ ဝင်ရောက်လာ၏။ သူတို့ ဝတ်ဆင်ထားသော စက်ရုပ်ဝတ်စုံများမှာ မဟူရာ မီးခိုးပြာရောင် သန်းနေကာ ကြံ့ခိုင်သည့် ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်ကို ဖော်ဆောင် ပြသထား၏။

ပထမဦးဆုံးအနေဖြင့် ထူးခြားအဆင့် အီသာ လှုပ်ရှားမှုများ မရှိကြောင်း သေချာစေရန် ဘယ်ညာ လျင်မြန်စွာ စစ်ဆေးပြီးနောက်တွင်မှ လက်နက်များကို ချကာ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် မီးငြှိမ်းသတ်ခြင်းများကို စတင်လုပ်ဆောင် လိုက်ကြသည်။

“သေချာ စစ်ဆေးပြီး တွေ့ရှိချက်တွေကို ငါ့ဆီ တင်ပြပါ… အသေးစိတ် ဘာတစ်ခုမှ မလွတ်စေနဲ့”

တံခါး၌ ရပ်နေသူမှာ ဤအဖွဲ့၏ တာဝန်ခံပုဂ္ဂိုလ် ဖြစ်သည်။ ဓာတ်ခွဲခန်းအတွင်းရှိ ဖျက်ဆီးခံရမှုများကို ကြည့်ရင်း သူ၏မျက်နှာမှာ အလွန်ပင် ပျက်ရွင်းနေ၏။ တစ်စုံတစ်ယောက်က ဤနေရာကို ဖောက်ထွင်းဝင်ရောက်ပြီး ဖန်တီးထားသည့် လူသား သန္ဓေသား စမ်းသပ်နမူနာ အားလုံးကို ဖျက်ဆီးပစ်ခဲ့လေသည်။

“သတင်းပို့ပါတယ်… သုတေသီ ခြောက်ဦး တွေ့ရှိပါတယ်… ငါးဦး သေဆုံးသွားပါပြီ… တစ်ဦးကတော့ အသက်ရှူနေတုန်းပါပဲ… အရေးပေါ် ကုသမှုတွေ အခုပဲ လုပ်ပေးနေပါတယ်”

“သတင်းပို့ပါတယ်… အီသာ အကြွင်းအကျန် တစ်ချို့ တွေ့ရှိပါတယ်… ပုံရိပ်ဖော်ခွဲခြမ်းစိတ်ဖြာမှုကို အပ်လုဒ်တင် နေပါတယ်”

“သတင်းပို့ပါတယ်၊ စမ်းသပ်နမူနာ ၁၃၇၄၊ ၁၃၈၃၊ ၅၆၇၊ နဲ့ ၂၇၇ တို့ ပျောက်ဆုံးနေပါတယ်… စမ်းသပ်မှု အချက်အလက်တွေကို ပို့နေပါတယ်”

ဓာတ်ခွဲခန်း၏ ဒေတာဘေ့စ်မှ စမ်းသပ်နမူနာ လေးခု၏ အချက်အလက်များကို မြင်လိုက်ရသောအခါ တာဝန်ခံ၏ မျက်နှာ အမူအရာမှာ ပြောင်းလဲသွားသည်။

ဓာတ်ခွဲခန်း အတွင်း၌ ထိုစမ်းသပ်နမူနာ လေးခု၏ အချက်အလက်များကို အထူးထူးကဲဆုံးသော အမျိုးအစားအဖြစ် သတ်မှတ်ထားသည်။ ၎င်းတို့ အနက် သုံးခုမှာ စမ်းသပ်နမူနာ တတိယအသုတ်မှ ဖြစ်ပြီး၊ နောက်ဆုံးတစ်ခုကတော့ ဒုတိယအသုတ်မှ ဖြစ်သည်။ ၎င်းတို့အနက် တတိယအသုတ်မှ တစ်ခုကို လက်ရှိတွင် အပြည့်စုံဆုံး စမ်းသပ်နမူနာ အဖြစ် သတ်မှတ်ထားသည်။

ဖောက်ထွင်းဝင်ရောက်လာသူတွင် ရှင်းလင်းပြတ်သားသော ရည်ရွယ်ချက် တစ်ခု ရှိနေတာ ရှင်းလင်း နေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် အီသာ အကြွင်းအကျန်များမှာ ဓာတ်ခွဲခန်း၏ အလယ်ဗဟိုတွင် ရှိနေသည့် ဖလော်ဆိုဖာ ကျောက်တုံးများ ပေါက်ကွဲမှုမှ ဖြစ်သည်။ ဓာတ်ခွဲခန်း၏ ဘေးကင်းရေး အစီအမံများကို ထည့်သွင်းစဉ်းစားပါက၊ အပြင်လူတစ်ဦးအနေဖြင့် ဤဓာတ်ခွဲခန်း၏ အလယ်ဗဟိုတွင် ရပ်၍ ထိုသို့သော အရာမျိုးကို လုပ်ဆောင်ရန် လုံးဝ မဖြစ်နိုင်ချေ။

ဆိုလိုသည်က...

ဓာတ်ခွဲခန်းကို ဖျက်ဆီးပြီး လုယက်သွားသူမှာ ကျူးကျော်သူ တစ်ယောက် မဟုတ်ဘဲ အမှန်တရား အသင်းတော် အတွင်းမှ အဖွဲ့ဝင် တစ်ဦးဦး ဖြစ်ကောင်း ဖြစ်နိုင်သည်။

..

“ဟူး... ဆိုးရွားလိုက်တာ”

ပညာရှင်တစ်ဦးက ဒဏ်ရာရသူကို လက်တွန်း ခုတင်ပေါ်သို့ တင်ကာ အပြင်ဘက်သို့ တွန်းလာရင်း ရေရွတ်လိုက်၏။ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများမှ စိုစွတ်တောက်ပနေသည့် သွေးများကို ကြည့်ရသည်မှာ မသတီ စရာ ကောင်းလွန်းလှသည်။

“ငါတို့တွေ ဆေးကုသမှု အတွက်ပဲ တာဝန်ယူရတာ ကံကောင်းတယ်… ဒီလို အန္တရာယ် အလွန်များတဲ့ ဓာတ်ခွဲခန်းမျိုးမှာ အလုပ်လုပ်ရတာ တကယ် ခက်ခဲတယ်”

သူက ထပ်မံ၍ ညည်းညူ လိုက်၏။ ရှေ့ဘက်ရှိ အဖော် ပညာရှင်က နောက်လှည့်၍ တစ်ချက် ကြည့်လိုက်သည်။ ဒဏ်ရာရသူ၏ မျက်နှာတစ်ဝက်နီးပါး ပျက်စီးနေခဲ့သော်လည်း အတော်လေး ငယ်ရွယ်သည့် အမျိုးသမီးလေး တစ်ဦး ဖြစ်ကြောင်းကို သူ ရေရေရာရာ မြင်နိုင်သည်။

“အမှားတစ်ခု လုပ်လိုက်တာနဲ့ အသက်အတွက် ရုန်းကန်ရတော့တာပဲ”

သူက သက်ပြင်းချလိုက်၏။ နောက်ဖက်ရှိ ပညာရှင်က သိချင်စိတ်ဖြင့်…

“ဒီမိန်းကလေးကို ခင်ဗျား အရင်က မြင်ဖူးလား… ဓာတ်ခွဲခန်းမှာ ဒီလောက် ငယ်ရွယ်တဲ့ ကောင်မလေးမျိုး မတွေ့ဖူးဘူးလား လို့”

ထိုသို့ ပြောလိုက်ရင်း သူက ဒဏ်ရာရသူ၏ လည်ပင်းတွင် ဆွဲထားသည့် လုပ်ငန်းခွင် တံဆိပ်ကို လှမ်းဆွဲလိုက်သည်။

စွပ်…

ရုတ်တရက် ဖြူဖြူနုနု လက်တစ်ချောင်းမှာ ဓားကဲ့သို့ ရုတ်တရက် ထိုးထွက်လာပြီး သူ၏ လည်ချောင်းကို ဖောက်ထွင်းသွားသည်။

သွေးများ ပန်းထွက်လာချိန်တွင် ဒဏ်ရာရသူက ခုန်ထလိုက်ပြီး အရှေ့ဘက်မှ သုတေသီ၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ရင်း ကျိုးသွားအောင် ရစ်ပတ်ချိုးလိုက်သည်။

ဘုတ်… ဘုတ်…

အသက်မဲ့နေသည့် ရုပ်အလောင်းနှစ်ခုမှာ ပျော့ခွေစွာပင် ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။

အဖြူရောင် ကုတ်အင်္ကျီ ဝတ်ဆင်ထားသည့် ဒဏ်ရာရသူမှာ ကြောင်တစ်ကောင်ကဲ့သို့ ဖျတ်လတ်သွက်လက်စွာ ခုန်ထွက်သွားပြီး လေဝင်လေထွက်ပိုက် အတွင်းသို့ တိတ်ဆိတ်စွာ ဝင်ရောက် ပျောက်ကွယ်သွား၏။ သူမက လတ်ဆတ်သော သွေးရနံ့များကိုသာ ချန်ထားခဲ့လေသည်။

…

ဂျိန်း…

မိုးကြိုးပစ်သံနှင့် အတူ လျှပ်စီးလက်သွားကာ၊ လှိုင်းထန်နေသည့် ကောင်းကင်ယံကို ချက်ချင်း လင်းထိန် သွားစေခဲ့သည်။

နတ်ဘုရား၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ အမှောင်ထုထဲတွင် လုံးလုံးလျားလျား ပျောက်ကွယ်သွားချေပြီ ဖြစ်သည်။ အဝေးပစ် တိုက်ခိုက်ရန် စတင်ခဲ့သည့် အမည်မသိ အရာဝတ္ထုထံမှ မည်သည့် လှုပ်ရှားမှု လက္ခဏာမျှ မရှိတော့ချေ။

“ဒီ ဘော့စ် (BOSS) တိုက်ပွဲက ဒီလောက်နဲ့ပဲ ပြီးသွားတာလား”

လင်ကျဲ ဓားကို ချကာ ဂရစ်ဖင်ကို ရှေ့သို့ သွားရန် စေခိုင်းလိုက်၏။ မီးတောက်မီးလျှံနှင့်တူသည့် ဓားသည် ရှေ့ဧရိယာကို လင်းစေသော်လည်း ပတ်ပတ်လည်ရှိ မြူခိုးများမှာ အရင်ကကဲ့သို့ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေဆဲဖြစ်သည်။

နောက်ဆုံး တိုက်ခိုက်မှုအား စတင်ခဲ့သော ရန်သူမှာ သူ့အား အမှန်ပင် အနည်းငယ် အံ့အားသင့်စေခဲ့သည်။ အထူးသဖြင့် ၎င်းမှာ အလွန် ရုတ်ချည်းဆန်စွာ ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

လင်ကျဲ တစ်ယောက် ဤအသက်ဝင်လှသော ‘ဗီအာ ဂိမ်း’ အတွေ့အကြုံတွင် ဆက်လပ် နစ်မြုပ်နေဆဲပင် ဖြစ်သည်။ ကန်ဒယ်လာ၏ ခန္ဓာကိုယ်နှင့် ယခု ဓားဝိညာဉ် ဖြစ်နေသည့် သူ၏ ဝိညာဉ်တို့မှာ ဤတိုက်ပွဲ အတွက် အစပြုသူ လမ်းညွန် (beginner’s tutorial) ကဲ့သို့ ဖြစ်စေခဲ့ကာ အခက်အခဲကို အများကြီး လျှော့ချပေးခဲ့သည်။

လင်ကျဲမှာ သူကိုယ်တိုင်က အေးအေးဆေးဆေး ဖြစ်နေကာ အမှန်တကယ် တိုက်ခိုက်နေသူမှာ ကန်ဒယ်လာသာ ဖြစ်နေသည်ဟု ခံစားရသည်။ သူ လုပ်ဆောင်ခဲ့သမျှက လမ်းညွှန်မှု အချို့ ပေးခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းသာ ဖြစ်သည်။

ထို့အပြင် ဤအိပ်မက်ထဲမှ ‘နတ်ဘုရား’ ဆိုသူမှာ ကန်ဒယ်လာကို တစ်ချက် ကြည့်ရုံနှင့်ပင် ရူးသွပ်သွားစေခဲ့သည့် ‘နတ်ဘုရား’ မဟုတ်သည်မှာ ရှင်းနေသည်။

လက်ရှိ ‘နတ်ဘုရား’ မှာ ကြောက်မက်ဖွယ် ကောင်းသော်လည်း… အီးပေါလောကြီး ဖြစ်နေကာ ကန်ဒယ်လာ၏ မှတ်ဉာဏ်များထဲမှ နတ်ဘုရားနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။

သို့သော်လည်း… ကန်ဒယ်လာ၏ ပြောစကားများအရ နှစ်ပေါင်း တစ်သောင်းကြာပြီးနောက် ထပ်မံ ပေါ်လာသည့် ဤနတ်ဘုရား အသစ်မှာ သူ၏ လူမျိုးများအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း သိရသည်။

ကန်ဒယ်လာမှာ လင်ကျဲ၏ အကြံပြုချက်ကို နားထောင်ခဲ့ပြီး အတိတ်မှ အမှားများကို ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ဤနတ်ဘုရားကို စိန်ခေါ်ခြင်းဖြင့် ဝိညာဉ် မပျက်သုဉ်းမီ သူ၏ လူမျိုးများအတွက် အစွမ်းကုန် ကူညီရန် ရွေးချယ်ခဲ့သည်။

ကန်ဒယ်လာ၏ နားထောင်လိုစိတ်၊ အမှားကို ဝန်ခံစိတ်နှင့် ပိုမိုကောင်းမွန်လာအောင် ပြောင်းလဲလိုစိတ်တို့မှာ ချီးကျူးထိုက်သည်ဟု လင်ကျဲ ခံစားရသည်။ ထို့အပြင် သူ၏ အိပ်မက်များအတွင်းမှ စိတ်ကူးစိတ်သန်းများမှာ အမှန်တကယ်ပင် ပြိုင်စံရှားအောင် အဆင့်အတန်း မြင့်မားသည်ဟု ခံစားရသည်။

အသွင်အပြင်အားဖြင့် အံ့မခန်း ကြီးကျယ် ခမ်းနားလှသော ဘော့စ် (BOSS) မှာ အလွန် အင်အားကြီးမားပုံ ပေါ်ခဲ့သော်လည်း အမှန်တကယ်တွင်တော့ ၎င်း၏ တိုက်ခိုက်နိုင်စွမ်းမှာ အရေးကြီးလောက်စရာ မရှိပေ။ အီးပေါလောကြီး၊ ဝိတ်ပေါကြီး စသည့် စကားလုံးများက သူနှင့် သင့်တော် ပေလိမ့်မည်။

သို့သော်လည်း… ဤအရာမှာ အိပ်မက်တစ်ခုဖြစ်သောကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ကျိုးကြောင်းဆီလျော်ပေသည်။

***

All Chapters