ကျေးဇူးတင်စရာ မလိုပါဘူး
Vol. 8 Ch. 100
ဟူး... ဟူး...
မိုင်ပေါင်းများစွာ ကျယ်ပြန့်နေသည့် မဟူရာ မြူခိုးများ၏ အပြင်ဘက်တွင် လေတိုက်ခတ်သံ သဲ့သဲ့ကိုသာ ကြားနေရတော့သည်။ ထိုအခိုက်တွင်ပင် လင်ကျဲ တစ်ယောက် စိတ်ထဲမှ နေ၍ ကန်ဒယ်လာ၏ စိတ်သက်သာရာရသည့် အသံကို ရုတ်တရက် ကြားလိုက်ရလေသည်။
“ပြီးသွားပြီ... အရှင့်ရဲ့ အကူအညီကြောင့်ပဲ ကျုပ်ရဲ့ နောက်ဆုံး ဆန္ဒကို ပြီးမြောက်ခဲ့ပြီ… ကျုပ်ဆီမှ ကျန်ရှိနေတဲ့ နောက်ဆုံး ခွန်အားတွေကို အသုံးပြုပြီး ကျုပ် လူတွေနဲ့ သူတို့ရဲ့ နယ်မြေကို ကာကွယ်ပေးနိုင်ခဲ့ပြီ…”
“နှစ်တစ်သောင်း ကြာခဲ့ပြီ… အရာအားလုံးက လေနဲ့အတူ ပျောက်ကွယ်သွားခဲ့ပြီ… ကျုပ် လုပ်နိုင်တာက ဒီလောက်ပဲ ရှိတယ်…”
“အပြစ်တွေကို ရင်ဆိုင်တာထက် ထာဝရ ထွက်ပြေးနေတာက ပိုလွယ်ကူတယ်… အရှင့်ရဲ့ လမ်းညွှန်မှုသာ မရှိရင် ကျုပ် နောက်ဆုံး ပေးဆပ်မှုကို ဘယ်တော့မှ လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး…”
“ကျေးဇူးတင်ပါတယ်”
လင်ကျဲ တစ်စုံတစ်ရာ ပြောင်းလဲ သွားသလို ခံစားလိုက်ရလေရာ လက်ထဲမှ ဓားကို ငုံ့ကြည့်လိုက်သည်။ ထိုအခါ သေသပ်လှပသော လက်အိတ်များမှာ မှိန်ဖျော့ဖျော့ အလင်းရောင်ကို ထုတ်လွှတ်နေပြီး၊ သူ၏ လက်မောင်းတစ်ခုလုံး စတင်၍ ရွှေမှုန်များအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားကာ လေထဲတွင် လွင့်စင်သွားခဲ့လေသည်။
“ဟူး... တကယ်ပဲ ဒီလို အဆုံးသတ်မျိုးပါပဲလား...”
လင်ကျဲသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ကန်ဒယ်လာမှာ ဟိုးယခင် အစတည်းက သေဆုံးသွားပြီ ဖြစ်သော်လည်း… သူ၏ နာကြည်းမှုနှင့် ခါးသီးမှုတို့က ဓားနှင့် ကပ်တွယ်နေသောကြောင့် ဝိညာဉ်မှာ နှစ်တစ်သောင်းကြာအောင် ကျန်ရစ်နေခြင်း ဖြစ်သည်။
ဘဝ တစ်သက်တာ မှတ်ဉာဏ်များမှ တစ်ဆင့် ကန်ဒယ်လာမှာ ရူးသွပ်မသွားခင်က စစ်မှန်သော ပညာရှိဘုရင် တစ်ပါး ဖြစ်ခဲ့ကြောင်း လင်ကျဲ ခံစားမိသည်။
အတိတ်ကို ရင်ဆိုင်ဖို့ ကြောက်လန့်ခဲ့သော်လည်း လက်ကျန် ခွန်အားအားလုံးကို စတေး၍ နိုင်ငံတော်ကို တစ်ဖန် ပြန်လည် ကာကွယ်နိုင်ခြင်းမှာ ကန်ဒယ်လာ အတွက် အမှန်တကယ်ပင် ကောင်းချီးတစ်ပါး ဖြစ်သည်။
ဆရာ လင်ကျဲ၏ ယခုတစ်ကြိမ် အားဆေးစကားသည်လည်း အလွန် အစွမ်းထက်ခဲ့သည်။ ၎င်းမှာ ကန်ဒယ်လာ၏ နှလုံးသားကို ဖွင့်ပေးနိုင်ရုံသာမက ဓားပေါ်၌ ကျန်ရစ်နေသည့် ခါးသီး ဝိညာဉ်ကိုပါ ငြိမ်းချမ်းစွာ အနားယူစေခဲ့သည်။
မိမိ အသက်ကို စတေး၍ ကိုယ်ပိုင် ဇာတိမြေနှင့် နိုင်ငံတော်ကို ပြန်လည် ကာကွယ်နိုင်ခြင်းမှာ ကန်ဒယ်လာ အတွက် အကောင်းဆုံး အဆုံးသတ်ပင် ဖြစ်သည်။
လင်ကျဲ စဉ်းစားရင်း အနည်းငယ် ပြုံးလိုက်ကာ လက်နှစ်ဖက်ဖြင့် ဟန်အမူအရာ ပြုလိုက်၏။
“ကျေးဇူးတင်စရာ မလိုပါဘူး…”
ကန်ဒယ်လာ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး ရွှေမှုန်များမှာ တောက်ပသည့် အလင်းများအဖြစ်သို့ ပြောင်းလဲ၍ အရပ်လေးမျက်နှာသို့ လွင့်စင်သွားခဲ့သည်။
အလင်းရောင်များ ရောက်ရှိရာ အရပ်တိုင်းတွင် အမှောင်ထုက ကျုံ့ဝင်သွား၏။ ထူထပ်သော မြူခိုးများ ဖုံးလွှမ်းနေသည့် မြေဆီလွှာက ဖြည်းဖြည်းချင်း ပေါ်လာကာ လတ်ဆတ်သော ပန်းပွင့်များ ပေါက်ရောက်လာပြီး လေထုထဲတွင် ယိမ်းထိုးနေကြသည်။
လွန်ခဲ့သော နှစ်တစ်သောင်းက နိုင်ငံတော်မှာ စည်ပင်ဝပြောသော နယ်မြေတစ်ခု ဖြစ်ခဲ့သည်။
မီးလောင်ထားသော စစ်မြေပြင်၏ အထက် ကောင်းကင်ယံရှိ ကျန်ရှိနေသော ရေငွေ့များမှာ မိုးဖွဲဖွဲလေးအဖြစ် စုစည်းသွားသည်။
မီးခိုးနှင့် ဖုန်မှုန့်များမှာ လေထုထဲသို့ ပျံ့နှံ့သွားပြီး လေနှင့်အတူ တိုက်ခတ် ပျောက်ကွယ်သွားသည်။
ကောင်းကင်ယံ တစ်ခုလုံးကို ပိတ်ဖုံးထားသည့် ထူထပ်သော တိမ်တိုက်များမှာ ကြီးမားသော အီသာ စွမ်းအင် ပေါက်ကွဲမှုကြောင့် ပြန့်ကျဲသွားပြီး တစ်လကြာ ရွာသွန်းခဲ့သော မိုးများမှာလည်း နောက်ဆုံးတွင် ပြီးဆုံးသွားချေပြီ။
ဂရစ်ဖင် စီးနင်းထားသော အဲလ်ဖ်သည် အိပ်မက်နှင့် လက်တွေ့ ဆုံရာ အစွန်းဘက်တွင် တည်ရှိနေသော နတ်ဘုရားတစ်ပါး အလား ထင်ရ၏။ သူ၏ လက်ထဲရှိ ဓားမှာ အရှေ့ရှိ တွင်းနက်ကြီးနှင့် ကမ္ဘာပျက်ကပ် ကဲ့သို့သော အပျက်အစီးများကို ရောင်ပြန်ဟပ်နေသည်။
ဤရင်ဆိုင်တိုက်ခိုက်မှုမှာ မိနစ်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သော်လည်း တိုက်ပွဲ၌ ပါဝင်သူတိုင်း၊ အဝေးမှ ကြည့်ရှုသူတိုင်းကတော့ ဤအဲ့လ်ဖ်မှာ အီသာ ဖျက်ဆီးရေး အမြောက်ကို တိုက်ရိုက် ရင်ဆိုင်ပြီး အမှန်တရား အသင်းတော်၏ အမြောက်တပ်ဖွဲ့ သုံးခုလုံးကို ဖျက်ဆီးခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည်။
လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှ သူရဲကောင်းများမှာ မှင်တက် တွေဝေလျက် ရှိနေကြကာ နိုးထလာဖို့ စက္ကန့်အနည်းငယ်မျှ အချိန် ယူခဲ့ရလေသည်။
“စိတ်အေးအေးထား… သတိဝီရိယရှိရှိ နေကြ…”
ဝင်စတန်က သူ၏ ဆက်သွယ်ရေး ကိရိယာမှတစ်ဆင့် အော်ဟစ်လိုက်၏။ သို့သော်လည်း… အိပ်မက်ဘုံ၏ အစွန်များ၌ ရှိနေသူများမှာ မည်ကဲ့သို့ မထိတ်လန့်ပဲ နေနိုင်ပါမည်နည်း။
ထိုအတောအတွင်း အမှန်တရား အသင်းတော်မှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်ပြီး အလွန်အမင်း ကမောက်ကမ ဖြစ်နေသည့် အခြေအနေတွင် ရှိသည်။
ဤအခြေအနေများအောက်တွင် အမိန့်များက အခြေအနေကို ထိန်းချုပ်ရန် များများစားစား အထောက်အကူပြုမည် မဟုတ်ကြောင်း ဝင်စတန် သိသည်။ သူ့ကိုယ်၌ပင် ကျောပြင်၌ ချွေးအေးများ ရွှဲနေကာ ဆက်သွယ်ရေး ကိရိယာကို ကိုင်ထားသော လက်ဖဝါးမှာလည်း စိုစွတ်နေသည်။
“ဟူး...”
ဒဏ္ဍာရီများထဲမှ အဲ့လ်ဖ်ဘုရင်ကို ကြည့်ရင်း သူ အသက်ကို ပြင်းပြင်း ရှူထုတ်လိုက်၏။
သူကြည့်နေစဉ်မှာပင် အဲလ်ဖ်၏ ခန္ဓာကိုယ်မှာ အလင်းစက်များအဖြစ်သို့ စတင် ပြောင်းလဲသွားပြီး ခဏအကြာတွင် ပျောက်ကွယ်သွားကြောင်း တွေ့ရှိလိုက်ရသည်။ ဝင်စတန်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။
ထို့နောက်… အိပ်မက်ဘုံ ကျုံ့ဝင်သွားသည်ကို သူ ခံစားလိုက်ရပြီး အီသာစွမ်းအင် လှုပ်ရှားမှုများ စတင် အားနည်းလာသည်။
နှစ်ပေါင်းများစွာ အတွေ့အကြုံအရ နတ်ဘုရား သဏ္ဌာန် အိပ်မက်သားရဲ သေဆုံးပြီးနောက် အိပ်မက်ဘုံ ကွဲအက်မှုမှာ ပြန်လည် ပိတ်ရန် စတင်နေပြီဖြစ်ကြောင်း ဝင်စတန် ဆုံးဖြတ်နိုင်ခဲ့သည်။ သို့သော်လည်း သူ၏ မျက်လုံးများက အဲ့လ်ဖ်ပေါ်တွင် မြဲမြံစွာ စူးစိုက်နေဆဲဖြစ်သည်။
ဤသည်မှာ ဆန္ဒအလျောက် ပျောက်ကွယ်ခြင်း ဖြစ်သောကြောင့်.. ဤ ရှေးဟောင်း သူရဲကောင်း၏ ဝိညာဉ်ကို တစ်စုံတစ်ယောက်က ဆင့်ခေါ်ခဲ့ပြီး အမိန့်များ ပေးခဲ့သည်ဟု ဆိုလိုသည်။ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ထို စာအုပ်ဆိုင်ပိုင်ရှင် ဖြစ်ရန် အလွန် ဖြစ်နိုင်ခြေ မြင့်မားသည်။
‘သူ နောက်ထပ် ဘာများ လုပ်ဦးမလဲ မသိဘူး…’
ထိုအခိုက်တွင်ပင် ပျောက်ကွယ်လုနီးပါး အဲ့လ်ဖ်မှာ လက်များကို ကာလိုက်ရင်း “ကျေးဇူးတင်စရာ မလိုပါဘူး” ဟု ပြောနေကြာင်း သတိပြုမိလိုက်သည်။
‘ကျေးဇူးတင်စရာ မလိုပါဘူး…’’
၎င်းက တစ်စုံတစ်ဦး၏ ကျေးဇူးသိတတ်မှုကို တုန့်ပြန်သည့် စကားမျိုး ဖြစ်သည်။
ဝင်စတန် အဲလ်ဖ်၏ မျက်နှာမူနေသည့် အရပ်ကို လှမ်းကြည့်လိုက်၏။ ၎င်းမှာ သူ၏ တိုက်ခိုက်မှု ခံခဲ့ရသည့် အမှန်တရား အသင်းတော်၏ အရပ်ပင် ဖြစ်သည်။
ထိုသို့ဆိုလျှင် ဤစကားစု၏ အဓိပ္ပာယ်မှာ 'မင်းတို့ကို ရိုက်နှက် ချေမှုန်းပစ် ပေးရတဲ့ အတွက် ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး… ဒါက ငါ လုပ်သင့်တဲ့ အရာပဲ' ဟူ၍ပင်။
ဘုန်း… ခွမ်း… ခလွမ်…
စားပွဲခုံပေါ် လက်ဖြင့် ရိုက်ချလိုက်သံနှင့် ကြမ်းပြင်ပေါ် ပစ္စည်းများ အစုလိုက် တိုက်ခတ် လဲကျသံများ ဆူညံစွာ ထွက်ပေါ်လာသည်။
အစည်းအဝေးခန်းမ အတွင်းရှိ ပြသထားသော ဖန်သားပြင်ပေါ်တွင် ပြုံးရွှင်နေသည့် အဲလ်ဖ်၏ လက်ကာပြခြင်း အမူအရာနှင့် “ကျေးဇူးတင်စရာ မလိုပါဘူး” ဟု ပြောလိုက်ခြင်းမှာ အထူးပင် မနှစ်မြို့ဖွယ် မြင်ကွင်း ဖြစ်နေသည်။
အင်ဒရူး၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်လုနီးပါး ဖြစ်နေ၏။ တင်းတင်းကြိတ်ထားသည့် အံသွားများ၊ ဖုထွက်နေသည့် သွေးကြောများနှင့် တုန်ရီနေသော ခန္ဓာကိုယ်တို့က သူ မည်မျှ ဒေါသထွက်နေကြောင်းကို ဖော်ပြနေသည်။
အမှန်စင်စစ်...
အဲ့လ်ဖ်မှာ စိတ်ရင်းအမှန်ဖြင့် “ကျေးဇူးတင်စရာ မလိုပါဘူး” ဟု ပြောခဲ့ပါက…
သို့မဟုတ် အမှန်တရား အသင်းတော်သာ အီသာ ဖျက်ဆီးရေး အမြောက်ကို မပစ်ခတ်ခဲ့ပါက…
ဤကိစ္စမှာ ‘ဒဏ္ဍာရီလာ ဘုရင် ကန်ဒယ်လာ ပြန်ပေါ်လာကာ အခရာအဆင့် အိပ်မက်သားရဲကို သုတ်သင်လိုက်သည်’ ဟူသည့် ကိစ္စမျှသာ ဖြစ်လိမ့်မည်။
ထိုအခါ သူ၏ စကားများကို “ဒီ အခရာအဆင့် အိပ်မက်သားရဲကို ဖယ်ရှားပေးတဲ့အတွက် ကျေးဇူးတင်စရာ မလိုပါဘူး” ဟု ရှင်းပြနိုင်ပေလိမ့်မည်။
သို့သော်လည်း… လက်တွေ့တွင် အီသာစွမ်းအင် ထိပ်တိုက်တွေ့ဆုံမှုများ၏ အကြွင်းအကျန်များ ကျန်ရှိနေဆဲဖြစ်ကာ ဖျက်ဆီးခံထားရသော စစ်မြေပြင်မှာလည်း အမြောက်ပေါက်ကွဲမှုကြောင့် ပူနွေးနေဆဲ ဖြစ်သည်။
ထိုသို့သော အခြေအနေတွင် ပြုံးရွှင်နေသော ကန်ဒယ်လာက အမှန်တရား အသင်းတော်၏ အရပ်ဘက်သို့ လက်ဝှေ့ယမ်းကာ “ကျေးဇူးတင်စရာ မလိုပါဘူး” ဟု ပြောခဲ့သည်။
အမှန်တရား အသင်းတော်ကို လှောင်ပြောင်ခြင်းမှတပါး အခြား ရှင်းပြချက် မရှိတော့ချေ။
ပိုအရေးကြီးသည်က ဒဏ္ဍာရီလာ ဘုရင် ကန်ဒယ်လာအပေါ် လူအများစု၏ အထင်အမြင်မှာ ပေါ့ပေါ့တန်တန် မဟုတ်ခဲ့ပေ။ ထို့ကြောင့် သူတို့၏ စိတ်ထဲတွင် အတွေးများနှင့် ထင်ကြေးများ စတင် ပေါ်ပေါက်လာခဲ့သည်။
ထိုအမူအရာမှာ နောက်ကွယ်တွင် ပုန်းအောင်းနေသော ဆင့်ခေါ်သူ၏ ညွှန်ကြားချက်အောက်တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်။
ထို့အပြင် ၎င်းမှာ သူတို့အား ပိုမို ကြောက်မက်ဖွယ်ကောင်းသော အချက်တစ်ခုကို တွေးစေခဲ့သည်။
နောက်ကွယ်မှ ပုဂ္ဂိုလ်သည် သူ၏ အစစ်အမှန် စွမ်းရည်ကို မပြခဲ့သော်လည်း သူ ဆင့်ခေါ်ထားသည့် ဝိညာဉ်ကပင် အမှန်တရား အသင်းတော်ကို အကြီးအကျယ် ထိခိုက်အောင် လုပ်နိုင်ခဲ့သည်။ ဆိုလိုသည်က သူဆန္ဒရှိလျှင် အမှန်တရား အသင်းတော်ကို အသာကလေး ချေမှုန်းပစ်နိုင်သည်။
အင်ဒရူး၏ လက်သီးများမှာ စားပွဲခုံကို ရိုက်ချိုးပြီးသည်အထိ တင်းတင်းဆုပ်ထားဆဲ ဖြစ်သည်။ သူ၏ ကြွက်သားများမှာ တဆတ်ဆတ် တုန်ခါနေ၏။
ထိုတုန်ခါမှုမှာ သူ ဝန်ခံသည်ဖြစ်စေ၊ မဝန်ခံသည်ဖြစ်စေ ရင်ထဲရှိ ကြောက်ရွံ့မှု၏ ရလဒ်လည်း ဖြစ်ကြောင်း သူ့ကို သတိပေးနေသည်။
ကြောက်ရွံ့မှုမှာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသောအခါ ဒေါသအဖြစ်သို့ ပြောင်းလဲသွားတတ်သည်။
အင်ဒရူး တစ်ယောက် ၎င်းကို သဘောပေါက်လိုက်သောအခါ မျက်နှာ အမူအရာမှာ ပို၍ပင် ညိုမှိုင်းသွားခဲ့သည်။ သူ အချိန် အကြာကြီး ငေးကြောင်ကာ ငြိမ်သက် နေမိ၏။
နောက်ဆုံး ဆက်သွယ်ရေး ကိရိယာဆီမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည် အထိ…။
***