← Chapters

မပြီးဆုံးသေးသော ပြဿနာ

Vol. 8 Ch. 101

မပြီးဆုံးသေးသော ပြဿနာ

Vol. 8 Ch. 101

“ဒု - ဥက္ကဌ အင်ဒရူး... စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှုကြောင့် သင့်ရဲ့ အခွင့်အာဏာကို ယာယီ ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်… စစ်ဆေးမှုကို ခံယူရပါမယ်… ကျေးဇူးပြုပြီးတော့ လှုပ်ရှားခြင်း မပြုဘဲ လက်ရှိ နေရာမှာပဲ နေပေးပါ...”

တိတ်ဆိတ်နေသည့် အခန်းထဲတွင် ဆက်သွယ်ရေး ကိရိယာထဲမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာ၏။ အင်ဒရူး၏ မျက်လုံးများက ပြူးကျယ်လာကာ ရုတ်တရက် လှည့်ကြည့်လိုက်၏။

ဘုန်း…

အစည်းအဝေးခန်းမ တံခါးမှ တွန်းဖွင့်ခံလိုက်ရသည်။ အနက်ရောင် စက်ဝတ်စုံများ ဝတ်ဆင်ထားသည့် ဖျက်ဆီးခြင်း အဆင့် အဖွဲ့တစ်ဖွဲ့ ဝင်ရောက်လာပြီး သေနတ်များဖြင့် အင်ဒရူးဘက်သို့ ထိုးချိန်ထားသည်။

အခြား ဌာနများမှ အမှုဆောင် အရာရှိများမှာလည်း ဆက်တိုက် ရောက်ရှိ လာကြ၏။ အမှန်တရား အသင်းတော်၏ အခြား ဒု-ဥက္ကဋ္ဌ တစ်ဦးက သူတို့အထဲမှ ရှေ့သို့ ထွက်လာသည်။

“အင်ဒရူး…”

ဒိုင်းယမန်တေက မျက်မှန်ကို နှာတံပေါ်သို့ သိမ်မွေ့စွာ တွန်းတင်လိုက်ရင်း…

“ခင်ဗျား အကြီးအကျယ် အမှားလုပ်ခဲ့ပြီးတော့ အမှန်တရား အသင်းတော် အပေါ် မခန့်မှန်းနိုင်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်ဆိုတာ ခင်ဗျား သိလိမ့်မယ်လို့ ကျုပ် ထင်တယ်”

အင်ဒရူးက တည်ငြိမ်စွာပင် မကြာသေးမီကမှ ရာထူးတိုးမြှင့်ခံရသည့် တန်းတူ အဆင့်ရှိသူကို စိုက်ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး ပုံမှန်အတိုင်း အပြုံးဖြင့်…

“ငါ့ဘက်က မဟာဗျူဟာပိုင်း လွဲချော်မှု ဖြစ်ခဲ့တာတော့ အမှန်ပဲ… ဒါပေမဲ့ ဘာအမှားမှ မလုပ်ခဲ့ပါဘူး… ငါ့ ဆုံးဖြတ်ချက်ချတွေက အကုန်လုံး လုပ်သင့်တာ ချည်းပဲ… ငါ့ရဲ့ တစ်ခုတည်းသော ကျရှုံးမှုက ရန်သူရဲ့ ခွန်အားကို မှားယွင်း ခန့်မှန်းမိတာပဲ… ဒီတစ်ခုပဲ အပြစ်တင်စရာ ရှိတယ်”

မိမိ၏ ကိုယ်ပိုင် အမြင်ကျဉ်းမြောင်းမှုနှင့် စာအုပ်ဆိုင်အား စုံစမ်းစစ်ဆေးရန် ကြိုးစားရာတွင် ဆက်တိုက် ကျရှုံးခဲ့မှုများမှာ သူ၏ စိတ်ဓာတ်ကို ထိခိုက်စေခဲ့ပြီး အရေးကြီးသည့် စီမံ ခန့်ခွဲမှုများကိုပါ လွဲချော်စေခဲ့ကြောင်းကိုတော့ သူ လုံးဝ ဝန်ခံမည် မဟုတ်ပေ။

ထိုကဲ့သို့ စိတ်ထွေပြားမှုများကြောင့်သာ မဟုတ်ပါက အင်ဒရူးမှာ ပုံမှန် လုပ်ဆောင်မှုအတိုင်း ပိုမို သတိထားပြီး အသေးစိတ် ဆောင်ရွက်မည်မှာ သေချာသည်။

ဒိုင်းယမန်တေက ပခုံးတွန့်ပြလိုက်၏။

“ခုချိန်မှာ ဒါတွေ ခင်ဗျား ကျွန်တော့်ကို ပြောပြဖို့ မလိုပါဘူး… ခင်ဗျား လုပ်ခဲ့တဲ့ ဒီဖြစ်ရပ်ကနေ ဖြစ်လာတဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကိုပဲ စဉ်းစားသင့်တယ်… ဥပမာ အမြောက်တပ်ဖွဲ့ သုံးခုလို ပြဿနာမျိုးပေါ့… နောက်ပြီး ခင်ဗျား ရှင်းပြဖို့ လိုအပ်မယ့် တခြား ကဏ္ဍ တစ်ချို့လည်း ရှိသေးတယ်... ကျုပ် သိသလောက် ခင်ဗျား အဲဒီ S-အဆင့် စာအုပ်ဆိုင်ကို တော်တော် ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးနေပုံရတယ်… နောက်ပြီး ရန်လိုမှုတွေလည်း ရှိနေပုံပဲ”

အင်ဒရူးက မျက်မှောင်ကြုတ်လိုက်၏။ မကောင်းသော ခံစားချက်များကို သူ စတင် ရရှိလာသည်။

“ဒီတစ်ခေါက် အိပ်မက်သားရဲကို ဆင့်ခေါ်ခဲ့တာက ဝံပုလွေဖြူတွေ မလား… စာအုပ်ဆိုင်နဲ့ ဘာဆိုင်လို့လဲ”

သူက တင်းမာစွာပင် မေးလိုက်၏။ ဒိုင်းယမန်တေက သူနှင့် အကြည့်ချင်း ဆုံအောင် ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“ခင်ဗျား မသိသေးပုံရတယ်… လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က ခုနလေးကတင် ဆက်သွယ်လာတယ်… သူတို့က ကန်ဒယ်လာကို ဆင့်ခေါ်ခဲ့တာ စာအုပ်ဆိုင်ပိုင်ရှင် ဖြစ်တဲ့ အကြောင်း အတည်ပြုခဲ့တယ်”

ထိုသတင်းအချက်အလက်က လျှပ်စစ်စီးသကဲ့သို့ ထိမှန်သွားကာ အင်ဒရူး၏ မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အငွေ့အသက်များ ပေါ်ပေါက်လာသည်။ ဒိုင်းယမန်တေက ဆက်လက်၍ ပြောလိုက်၏။

“ဒါကြောင့် ခင်ဗျားက ကိုယ်ကျိုးစီးပွား အတွက် ဒီလို လုပ်ခဲ့တယ်လို့ သံသယရှိဖို့ ကျွန်တော်တို့မှာ အကြောင်းပြချက် ရှိတယ်… နောက်ပြီး ခင်ဗျားကြောင့်ပဲ ဖော်ရွေတဲ့ စာအုပ်ဆိုင်ပိုင်ရှင်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကျွန်တော်တို့ကို တန်ပြန် တိုက်ခိုက်ခဲ့တာ… ဒါကပဲ နောက်ဆုံးမှာ အမှန်တရား အသင်းတော်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တာပဲ”

အင်ဒရူးက ဒေါသတကြီး ငြင်းဆိုဖို့ ကြိုးစားလိုက်၏။

“လုံးဝ အဓိပ္ပာယ်မရှိဘူး… ငါ...”

သို့သော်လည်း တစ်ဝက်တစ်ပျက်မှာပင် ဒိုင်းယမန်တေက ကြားဖြတ် ပြောလိုက်သည်။

“ကျွန်တော် ခုနက ပြောခဲ့သလိုပဲ… ဒါတွေ အားလုံး ကျွန်တော့်ကို ပြောနေတာ အသုံးမဝင်ဘူး”

အင်ဒရူး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ဒိုင်းယမန်တေ၏ မျက်လုံးထဲရှိ လှောင်ပြောင်မှုကို မြင်လိုက်ရသောအခါ သူ ရုတ်တရက် နားလည်လိုက်သည်။

အင်ဒရူး၏ စိတ်ထဲတွင် သူ့ထက် ငယ်ရွယ်သည့် ထိုဒုဥက္ကဋ္ဌ အပေါ် မနာလိုမှုများ ရှိနေပြီး… တစ်ဖက်လူကလည်း အင်ဒရူးအပေါ် အလားတူ ခံစားချက်များ ရှိနေပုံရသည်။

ထို့ကြောင့်ပင် သူ့ကို ပြစ်ဒဏ်ပေးဖို့အတွက် ရှာတွေ့သမျှ အကြောင်းပြချက်များကို ထုတ်ပြောကာ အရသာခံနေခြင်း ဖြစ်သည်။

ထို့အပြင် ယခုတစ်ကြိမ် အင်ဒရူး၏ ကျရှုံးမှုများမှာ သူ ကိုယ်တိုင် စီစဉ်ခဲ့သော ရလဒ်များသာ ဖြစ်သည်။ အင်ဒရူးမှာ ရုတ်တရက် အကူအညီမဲ့သလို ခံစားလိုက်ရ၏။

ထိုအခိုက်အတန့်တွင်ပင် လူတိုင်းမှာ သူတို့၏ ဆက်သွယ်ရေး ကိရိယာများ၌ သတင်းစကားအသစ်တစ်ခုကို လက်ခံရရှိလိုက်ကြလေသည်။

“မက်ရှင်းလု တိုက်ခိုက်ခံရပြီ...”

အင်ဒရူး၏ မျက်လုံးများထဲတွင် အရောင်တောက်သွားကာ ခြေလှမ်း ရပ်တန့်လိုက်၏။

စက္ကန့်အနည်းငယ်အတွင်းမှာပင် သူသည် ထိုသတင်းစကားကို စီမံပြီးနောက် စိတ်တည်ငြိမ်စွာ ပြောလိုက်သည်။

“ပထမ အမျိုးအစား သတိပေးချက် အခြေအနေ မှာ အဖြူရောင် အဆင့် အကဲဖြတ် ဝန်ထမ်းတွေဟာ စောင့်ကြည့်မှုကို ထိန်းသိမ်းဖို့နဲ့ ယန္တရားတွေ ပုံမှန်အတိုင်း လည်ပတ်နိုင်စေဖို့ သူတို့ရဲ့ နေရာတွေမှာ ဆက်လက် နေရမယ်... ငါ ပြောတာ မှန်ရဲ့လား… ဒုဥက္ကဋ္ဌ ဒိုင်းယမန်တေ”

…

“ခင်ဗျား ပြောတော့ မစ္စတာလင်က စိတ်မတိုတတ်ဘူးဆို…”

ဝင်စတန်က လက်အောက်ငယ်သားများကို တိုက်ခိုက်ရေး နယ်မြေအား ရှင်းလင်းရန် အမိန့်ပေးပြီးနောက် ဆက်သွယ်ရေး ကိရိယာကို နှိပ်ရင်း ပြောလိုက်သည်။

“တကယ်လို့ ခွေးရူးတစ်ကောင်က ခင်ဗျားရဲ့ အိမ်ထဲကို ရုတ်တရက် ပြေးဝင်လာပြီး ဆူပူသောင်းကျန်းမယ်… မြက်ခင်းတွေကို နင်းခြေသွားမယ်… နောက် ခွေးကောင်းတွေကို ရန်ရှာမယ် ဆိုရင် ခင်ဗျားလည်း ဒေါသထွက်မှာပဲ”

ရုတ်တရက်… ဂျိုးဇက်၏ အသံက နောက်ဖက်မှ ရောက်လာ၏။

ဝင်စတန်သည် ချက်ချင်း လှည့်ကြည့်လိုက်ရာ ထိုရင်းနှီးသည့် လူအိုကြီး၏ မျက်နှာကို မြင်လိုက်ရသည်။

“ဒါဆို အဲဒီ အခရာအဆင့် အိပ်မက်သားရဲက ခွေးရူးဖြစ်ပြီး ကျုပ်တို့က ခွေးကောင်းတွေပေါ့ ဟုတ်လား…”

ဝင်စတန်က အနည်းငယ် ပြုံးရင်း ပြောလိုက်သည်။

ဂျိုးဇက်က ပိုမို၍ နီးကပ်လာကာ ဝင်စတန်၏ ပခုံးကို ပုတ်လိုက်ရင်း ပြုံးရယ်လျက်…

“ဟေ့လူ… ခင်ဗျား အများကြီး တွေးနေတယ်… ခင်ဗျားတို့ အားလုံးက သာမန် ပိုးဟတ်လေးတွေချည်းပဲ”

“...”

ဝင်စတန် တစ်ယောက် ထိုလူအိုကြီး၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုသည့် စိတ်ဆန္ဒအား ထိန်းချုပ်ကာ အသက်ပြင်းပြင်း ရှူလိုက်ရင်း သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ်… ဒီဇာတ်လမ်းက အဆုံးသတ်ကို ရောက်သွားတာတော့ ကောင်းပါတယ်…”

ဂျိုးဇက်က ကောင်းကင်ယံရှိ တဖြည်းဖြည်း ပြန့်ကျဲစ ပြနေသော တိမ်တိုက်များကို မော့ကြည့်လိုက်သည်။

“ကျုပ် အထင် မပြီးသေးဘူး ထင်တယ်…”

ထောက်လှမ်းရေး ဌာနမှာ လွန်ခဲ့သည့် ကာလ တစ်လျှောက်လုံး လန်စီ မှော်ကြေးမုံ ၏ ရင်းမြစ်ကို စုံစမ်းစစ်ဆေးနေခဲ့သော်လည်း မည်သည့် ရလဒ်မှ မရရှိခဲ့ပေ။ ထိုအရာကို နော်ဇင်သို့ ပစ်ချခဲ့သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှာ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းသော၊ မမြင်နိုင်သော ရန်သူ ဖြစ်သည်။

ဝင်စတန်သည် သူ့ ဘေးတွင် ရပ်နေသည့် ရောင်စဉ် သူရဲကောင်းဟောင်း၏ မျက်နှာကို သေသေချာချာ ကြည့်လိုက်သည်။ တည်ငြိမ် ရင့်ကျက်လှသည့် သူ၏ မျက်နှာပေါ်ရှိ မျက်လုံးများမှည ထက်မြက် တိကျသော အလင်းရောင်ဖြင့် တောက်ပနေသည်။

တစ်ချိန်တုန်းက မြင့်မြတ်သည့် မီးလျှံကို တစ်ဖန် ပြန်ကြည့်နေသည်ဟုပင် သူ ရုတ်တရက် ခံစားလိုက်ရလေသည်။

***

All Chapters