ကျိကျိရှို့၏ ရည်ရွယ်ချက်
Vol. 8 Ch. 102
နတ်ဘုရား သေဆုံးခြင်း၏ ရလဒ်အဖြစ် ရေများစွာမှာ လျှံကျခဲ့လေရာ ၅၂ လမ်းမကြီး၏ ပတ်ဝန်းကျင် ဧရိယာ တစ်ခုလုံးမှာ ရေကြီးရေလျှံမှုများ ဖြစ် ပေါ်နေခဲ့သည်။
အပျက်အစီးများနှင့် အမှိုက်များမှာ ရေစီးကြောင်းဖြင့် မျောပါသွားကာ ရေမြောင်းဝများဆီသို့ ဦးတည်သွားခဲ့ကြပြီး တစ်ခါတစ်ရံ ပိတ်ဆို့နေသည်။ ၎င်းတို့ကို ရှင်းလင်းရသည်က လွယ်ကူသည့် အလုပ် မဟုတ်ပါချေ။
ဗွမ်း… ဗွမ်း…
ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပုံပျက်နေသည့် ရုပ်အလောင်းတစ်လောင်းကို ဆယ်ယူလိုက်ရာ ထိုရုပ်အလောင်း၏ မျက်နှာထက်၌ ပြင်းထန်သော ကိုးကွယ်မှု ယုံကြည်မှု အရိပ်အငွေ့များ ရှိနေသည်ကို ထင်ရှားစွာ မြင်ရသည်။
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူအိုကြီး တစ်ဦးက ထီးကို သိမ်းလိုက်ရင်း ဒူးထောက်ထိုင်ချလိုက်၏။ မြွေမျက်လုံးကဲ့သို့ စူးရှရှ မျက်လုံးများက အနက်ရောင် သံမဏိ မျက်နှာဖုံးနောက်ကွယ်တွင် အေးစက်စွာ လင်းလက်နေသည်။
သူက လက်လှမ်း၍ ဟဲရစ်၏ ရုပ်အလောင်းကို ဆွဲမလိုက်၏။
“သူ့ကို ဒီလောက်ကြာအောင် လမ်းပြပေးခဲ့တာ အလဟဿ မဖြစ်ဘူး… တကယ့်ကို စံနမူနာယူစရာ နည်းလမ်းပဲ”
ထိုလူစုမှာ သူ့ကို လုပ်ကြံဖို့ အတွက် သူ၏ တပည့်လေးကို ပြန်လည် အသက်သွင်းဖို့ ကြိုးပမ်းခဲ့ကြစဉ်ကပင် ဝယ်လ်မှာ သူတို့ အားလုံး မည်သို့ သေဆုံးရမည်ကို ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်သည်။
ဆရာလင်က သူ့ကို ရှင်းလင်းစွာပင် ညွှန်ကြားခဲ့သည်။
“ခင်ဗျားဟာ ပြတ်သားဖို့ လိုအပ်တယ်... မဇ္ဈိမ ပဋိပဒါတွေ လုပ်မနေနဲ့... ဒီလိုလူမျိုးတွေကို ကိုင်တွယ်တဲ့အခါ ရက်စက်မှုကို သုံးသင့်သုံးရတယ်... မဟုတ်ရင် သူတို့က အလွယ်တကူ ပြန်လာပြီး ခင်ဗျားကို ခြောက်လှန့်နိုင်တယ်”
ထို့ကြောင့်ပင် သူ နော်ဇင်၏ မိလ္လာပိုက်လိုင်း စနစ် ပုံစံကို ဟဲရစ်အား ပေးကာ အသက်ကို လောင်စာအဖြစ် အသုံးပြု၍ ပူဇော်ခြင်း နည်းလမ်းကိုလည်း သင်ကြားပေးခဲ့သည်။ ထို့နောက်… သူတို့ အချင်းချင်း သတ်ဖြတ်ကြသည်ကို သူ ကြည့်ခဲ့သည်။ နောက်ဆုံးတွင် စကားလက် ဝါဒီဂိုဏ်းနှင့် ဝံပုလွေဖြူတို့မှာ ကိုယ့်ကိုယ်ကိုယ် အတွင်းပိုင်းမှ လှိုက်၍ ဖျက်ဆီးခဲ့ကြသည်
ဝယ်လ် တစ်ယောက် စာအုပ်ဆိုင်ပိုင်ရှင်၏ မျှော်လင့်ချက်များကို အမှန်တကယ်ပင် ဖြည့်ဆည်းပေးခဲ့နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်ပြီ ဖြစ်သည်။
…
အထက်ကောင်းကင်မှ နတ်ဘုရားများ၏ တိုက်ပွဲ ပြီးဆုံးသွားသည့် အချိန်တွင် ကျိကျစ်ရှို့မှာ အသက်ရှင် ကျန်ရစ်နေသေးသော သူမ၏ လူများနှင့် အောက်ဘက်ရှိ ရေနုတ်မြောင်းများဆီသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။
အခရာ အဆင့် တိုက်ပွဲ၏ အနီးအနားတွင် နေထိုင်ခြင်းမှာ မိမိ၏ အသက်ကို စွန့်စားခြင်းနှင့် အတူတူပင် ဖြစ်သည်။ ဆက်လက် အသက်ရှင်သန်နိုင်ချေ အနည်းငယ် ရှိသော်ငြား သူမ ထိုသို့သော အန္တရာယ်ကို မစွန့်စားလိုပေ။
ထို့ကြောင့်ပင်… သူမ အစောကြီးကတည်းကပင် တိတ်တဆိတ် ထွက်ပြေးခဲ့သည်။
ဝံပုလွေဖြူ အဖွဲ့ကို ချေမှုန်းလိုက်နိုင်ပြီ ဖြစ်သောကြောင့် သူမ၏ လက်စားချေမှုက ပြီးမြောက်ခဲ့ပြီဟု ဆိုနိုင်ပေသည်။
ဟယ်ရစ်က ‘ဘုရားသခင်’ ဟု ခေါ်ဆိုသည့် အခရာအဆင့် အိပ်မက်သားရဲကို ကိုင်တွယ်ဖြေရှင်းရန်မှာ သူမ၏ တာဝန် မဟုတ်ပဲ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် နှင့် အမှန်တရား အသင်းတော်တို့၏ တာဝန်သာ ဖြစ်သည်ဟု သူမ ခံယူထားသည်။
အကယ်၍ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်နှင့် အမှန်တရား အသင်းတော်တို့ပင်လျှင် ၎င်းကို မကိုင်တွယ်နိုင်ပါက .. သူမ၏ အစွမ်းအစဖြင့် စိုးရိမ်ပူပန်ရန် အခွင့်အရေးပင် ရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း… သူမအတွက် ပို၍ အရေးကြီးသည့် အရာတစ်ခု ကျန်ရှိနေသေးသည်။ ဝံပုလွေဖြူ အဖွဲ့ ချန်ထားခဲ့သော အရာအားလုံးကို သိမ်းပိုက်ရန်ပင်။
အဖွဲ့အစည်းသစ် တစ်ခုမှာ မည်မျှပင် အစွမ်းထက်စေကာမူ… အခြား အဖွဲ့အစည်းများ၏ အသိအမှတ်ပြုခြင်းကို အလွယ်တကူ ရရှိနိုင်မည်မဟုတ်သလို၊ လျင်မြန်စွာ အခြေချရန် နည်းလမ်းလည်း ရှိမည် မဟုတ်ပေ။ သူမ အနေဖြင့် ဝံပုလွေဖြူ အဖွဲ့ ချန်ထားခဲ့သည့် ရင်းမြစ်များ၏ အကူအညီကို လိုအပ်သည်။
ဝံပုလွေဖြူ အဖွဲ့မှာ နှစ်ပေါင်းများစွာ ကြာအောင် အခိုင်အမာ ရပ်တည် နိုင်ခဲ့ခြင်းမှာ သူတို့၏ အင်အားကြီး အဖွဲ့ဝင်များကြောင့် သက်သက်သာ မဟုတ်ပေ။ သူတို့ထံ၌ ၎င်းထက် ပိုမိုသော သတင်းအချက်အလက်၊ လျှို့ဝှက်ချက်များနှင့် ဆက်သွယ်မှုများ ရှိနေသေးသည်။
သို့သော်လည်း… အရေးအကြီးဆုံး အရာကတော့ ကောင်းကင် ဝံပုလွေ သွေးရည်ကြည် ဖော်မြူလာပင် ဖြစ်သည်။
မုဆိုးအဖွဲ့တစ်ခု တည်ထောင်ရန် အတွက် အခြေခံ အကျဆုံးမှာ ထိုအဖွဲ့အစည်းနှင့် သက်ဆိုင်သည့် သွေးရည်ကြည် ဖော်မြူလာ ဖြစ်သည်။
အိပ်မက်သားရဲများ၏ သွေးများမှာ အလွန်ပင် ‘အဆိပ်အတောက်’ ပြင်းထန်သည်။ သင့်လျော်သည့် ဖော်မြူလာ၏ အကူအညီမပါပါက ဤသွေးမှာ အဆိပ်နှင့် တူပေလိမ့်မည်။
ထိုသို့သော ဖော်မြူလာများကို ရယူရန် နည်းလမ်းနှစ်သွယ် ရှိသည်။
ပထမနည်းလမ်းမှာ ရှေးခေတ် မုဆိုးများ ကဲ့သို့ပင်… ဖော်မြူလာကို ရရှိရန်အတွက် မျက်စိစုံမှိတ် ကိုယ်တိုင် စမ်းသပ်မှုများစွာ ပြုလုပ်ခြင်းဖြစ်ပြီး… ၎င်းနောက် ရာစုနှစ်နှင့် ချီ၍ ဆက်ခံခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော ဖော်မြူလာမျိုးမှာ ခန္ဓာကိုယ်အတွင်းရှိ မူလ သွေးများကို လွန်ကဲစွာ အားနည်းစေခြင်း မရှိဘဲ ခွန်အားကို အဆပေါင်း များစွာ မြှင့်တင်ပေးနိုင်သည်။ သို့သော်လည်း… ၎င်းမှာ အတော်လေး အကြမ်းထည် ဆန်လွန်းသောကြောင့် ဘေးထွက်ဆိုးကျိုးများ ပိုမို၍ ကြီးမားပြီး ဒုတိယအကြိမ် ထိုးသွင်းမှုကို မခံနိုင်တော့တာမျိုး ဖြစ်နိုင်ခြေ အတော်လေး မြင့်မားသည်။
ဒုတိယမြောက် နည်းလမ်းကတော့ ဓာတုဗေဒပညာရှင်များ စမ်းသပ်ထားသည့် ဖော်မြူလာ မှတစ်ဆင့် ဖြစ်သည်။
ခေတ်မီ ကိရိယာများကို အသုံးပြု၍ တိကျသော ပေါင်းစပ်မှုမှတစ်ဆင့် ရရှိလာသည့် ထိုသို့သော ဖော်မြူလာများမှာ ပိုမို ဘေးကင်းကာ နူးညံ့ပျော့ပြောင်းသော်လည်း တစ်ချိန်တည်းမှာပင် အာနိသင်မှာလည်း လျော့နည်းလှသည်။
မုဆိုးအဖွဲ့ အများအပြားသည် ဤသို့သော ဖော်မြူလာမျိုးကို အသုံးပြု၍ များပြားလှသော ချီးရောသေးရော အဖွဲ့ဝင်များကို လေ့ကျင့် ပျိုးထောင်ပေးကြသည်။
ခြုံငုံ၍ ကြည့်ရပါက… မူလ ဖော်မြူလာများမှာ လူတစ်ဦးကို အံ့မခန်း စွမ်းအားများ ချီးမြှင့်ပေးနိုင်လေရာ အလွန် အဖိုးထိုက်တန်သည်။ အနည်းဆုံး စမ်းသပ် ဖော်မြူလာ အများစုထက် အဆပေါင်းများစွာ ပို၍ အဖိုးတန်သည်။
ပြီးပြည့်စုံသည့် မူလ ဖော်မြူလာ တစ်ခုကို ပိုင်ဆိုင်ထားခြင်းမှာ အင်အားကြီး မုဆိုးအဖွဲ့တိုင်း၏ အခြေခံ အုတ်မြစ်ပင် ဖြစ်သည်။
ဝံပုလွေဖြူ အဖွဲ့မှာ လန်စီ မှော်ကြေးမုံ ပေါ်မလာခင်က အတော်လေး အင်အား ကြီးမားခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။ သူတို့က အင်အား အကြီးမားဆုံး မုဆိုးအဖွဲ့များထဲမှ တစ်ခု ဖြစ်လာနိုင်ရန်ပင် အလားအလာ ရှိခဲ့သည်။
အဘယ်ကြောင့်နည်း။ အဖြေက ရှင်းလင်းပေသည်။ ကောင်းကင် ဝံပုလွေ၏ သွေးရည်ကြည် မူလ ဖော်မြူလာကို ပိုင်ဆိုင်ထားသောကြောင့်ပင်။
ကျိကျစ်ရှို့မှာ ပင့်ကူ အဖွဲ့ကို တည်ထောင်၍ ဝံပုလွေဖြူ အဖွဲ့ကို ပုန်ကန်ခဲ့သော်လည်း၊ အကယ်၍ ကောင်းကင် ဝံပုလွေ ဖော်မြူလာကို ထိန်းချုပ်ထားပါက၊ ထိုအဖွဲ့၏ အစစ်အမှန် အခရာ ဖြစ်လာလိမ့်မည် ဖြစ်သည်။
ထို့အပြင်… ကိုယ်ပိုင် သတင်းအချက်အလက် စုဆောင်းမှု ရင်းမြစ်ကို ဖုံးကွယ်ရန်နှင့် ရူအန်၏ နာမည်ကို အသုံးပြု၍ သတင်းအချက်အလက် ရယူရာတွင် အဆင်ပြေစေရန် ဝံပုလွေဖြူ အဖွဲ့၏ ထောက်လှမ်းရေး အချက်အလက်များ လိုအပ်သည်။
“ဒီနေရာပဲ…”
ကျိကျစ်ရှို့ တစ်ယောက် ခပ်တိုးတိုး ရေရွတ်လိုက်ရင်း အူတွင်းကလီစာများနှင့် ပြည်တည်နာများ ပြည့်နှက်နေသည့် စိုတိစိုစက် ခပ်ကျဉ်းကျဉ်း လမ်းကြားလေးကို သေချာစွာ စစ်ဆေးလိုက်သည်။
ထိုနေရာတွင် သိပ်မသိသာသည့် အပေါက်တစ်ခု ရှိနေခဲ့ကာ လေစီးဆင်းမှုကြောင့် မှိန်ဖျော့ဖျော့ လေချွန်သံများပင် ထွက်ပေါ်နေသည်။
မုဆိုးများက ရှေ့သို့ တက်လာပြီး အပေါက်ကို လျင်မြန်စွာ ချဲ့လိုက်ရာ ဝံပုလွေဖြူ အဖွဲ့ နောက်ဆုံး ပုန်းအောင်းခဲ့သည့် အစစ်အမှန် နေရာမှာ ပေါ်လွင် လာခဲ့တော့သည်။
ပုပ်သိုးနေသော အလောင်းများ၏ ပြင်းထန်သော အနံ့ဆိုးမှာ သူတို့၏ နှာသီးဝများဆီသို့ ရိုက်ခတ်လာ၏။
ကျိကျစ်ရှို့ မျက်မှောင်ကြုတ်လိုက်ရင်း သူမ၏ အနံ့ခံအာရုံကို ပိတ်လိုက်ကာ အတွင်းပိုင်းသို့ ဦးတည်လိုက်သည်။
အထဲကို ဝင်ရောက်လိုက်သည်နှင့် နင်းထားသော ကြမ်းပြင်မှာ စိုစွတ်ပြီး စေးကပ်နေကြောင်း သတိထားမိလိုက်သည်။
သူမ အောက်သို့ ငုံ့ကြည့်လိုက်ရာ မြေပြင်မဗာ အသားစများ ရောနှောထားသော သွေးများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။
သူမ ပတ်ဝန်းကျင် တစ်ဝိုက်တွင်လည်း အရည်များ စီးကျနေဆဲဖြစ်သည့် အလောင်းပုံကြီးများ ရှိနေသည်။
ကျိကျစ်ရှို့၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။ ထို ဝံပုလွေဖြူ အဖွဲ့ မုဆိုးများ၏ ရူးသွပ်မှုက အံ့မခမ်း ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းလှသည်။ တော်ရုံတန်ရုံ ပုံမှန် စိတ်ဓာတ်ဖြင့် ဤလို နေရာမျိုးတွင် နေထိုင်ဖို့ မည်သူက သတီမည်နည်း။
သူမ အတွင်းပိုင်းသို့ လျှောက်လာခဲ့ရာ အမိုးခုံးပုံစံ မျက်နှာကျက်၏ အလယ်ဗဟို၌ တပ်ဆင်ထားသော သားဖောက်စက်ကို တွေ့လိုက်ရသည်။
ထိုစက်ပစ္စည်းကြီးမှာ လုံးဝ ကွဲအက်နေကာ ပုံသဏ္ဌာန်မှာလည်း ဆိုးဆိုးရွားရွား ပျက်ယွင်းနေသည်။ ဝံပုလွေဖြူများမှာ လန်စီ မှော်ကြေးမုံကို သားဖောက်ရန် အတွက် ၎င်းကို အသုံးပြုခဲ့ကြောင်း သံသယ ရှိစရာ မလိုပါချေ။
“သခင်မလေး… ဖော်မြူလာကို ကျွန်မ တွေ့ပြီ”
***