နံပါတ် ၂၇၇
Vol. 8 Ch. 103
“သခင်မလေး… ဖော်မြူလာကို ကျွန်မ တွေ့ပြီ”
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာကာ မျက်နှာကျက် စင်မြင်ပေါ်မှ ပိန်သွယ်သွယ် အရိပ်တစ်ခု ခုန်ဆင်းလာ၏။ ခိုင်ယီက သေတ္တာတစ်လုံးကို ကျိကျစ်ရှို့ထံ လှမ်းပေးလိုက်သည်။
ကျိကျစ်ရှို့က ခေါင်းညိတ်လိုက်ရင်း သေတ္တာကို လက်ခံကာ စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ… ၎င်း၏ မျက်နှာပြင်ထက်၌ သွေးနီရောင် သင်္ကေတ တစ်ခုကို ရေးဆွဲထားကြောင်း တွေ့ရ၏။ ၎င်းမှ လွဲ၍ ကျန်အရာ အားလုံးက သာမန်သာ ဖြစ်သည်။
သူမ သေတ္တာကို ဖွင့်ရန် ကြိုးစားလိုက်သော်လည်း မတတ်နိုင်ခဲ့ပေ။
“ဒါက အထက်လမ်း မှော်ပညာရှင် တစ်ယောက်ရဲ့ ချိပ်တံဆိပ် အမှတ်အသား ဖြစ်နိုင်တယ်”
ကျိကျစ်ရှို့က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
“မစ္စတာ ဟေးဝုဒ်ကို ကြည့်ခိုင်းရင်ကော… သူမှာ နည်းလမ်း ရှိကောင်း ရှိနိုင်တယ်”
ခိုင်ယီက စဉ်းစားရင်း အကြံပြုလိုက်၏။
ဟေးဝုဒ်…
ဟေးဝုဒ်မှာ ကျိပိုတုန် ငှားရမ်းထားသည့် အထက် မှော်ပညာရှင် တစ်ယောက် ဖြစ်သည်။ သူက ချမ်းသာကြွယ်ဝသည့် မိသားစုများကိုသာ ဝန်ဆောင်မှုပေးသော သီးသန့် မှော်ပညာရှင် ဖြစ်သည်။ ကျိပိုတုန်က အခကြေးငွေ ပေးပြီး ဟေးဝုဒ်က သူ့အတွက် အလုပ်လုပ်ပေးရသည်။
ကျိကျစ်ရှို့ ကိုယ်တိုင်သာ်လည်း သူ့ထံ၌ မကြာခဏ အကြံဉာဏ် တောင်းခံလေ့ရှိသည်။ သို့သော် ခိုင်ယီက ယခုတစ်ကြိမ် ဟေးဝုဒ် နာမည်ကို ပြောလိုက်သော အခါ ကျိကျစ်ရှို့ တစ်ယောက် သူမ၏ ရင်ထဲ၌ ရှိနေသော သံသယများကို ပြန်စဉ်းစားမိသည်။ အထူးသဖြင့် ကြွက်ရူအန်နှင့် ပတ်သက်နေသည့် ကိစ္စရပ်များတွင်ပင်။
အထက်လမ်း မှော်ပညာရှင် အဖွဲ့အစည်းတိုင်းမှာ လူများ သူတို့ အပေါ် ထားရှိသည့် ပုံရိပ်ကဲ့သို့ ဘေးကင်းပြီး ယုံကြည်ထိုက်သည် မဟုတ်ပေ။
ကျိကျစ်ရှို့ထံတွင် ရူအန်၏ ဝိညာဉ် ရှိသော်လည်း သံမဏိ စိတ်ဓာတ် ကို အသုံးပြု၍ အလွန်အမင်း ထုတ်ယူနိုင်ခြင်း မရှိသေးရာ အခြေအနေကို အတိအကျ မသိနိုင်သေးချေ။
အကယ်၍ ဝံပုလွေဖြူ သွေးရည်ကြည် ဖော်မြူလာသာ ပေါက်ကြားသွားပါက စိတ်ကူးမယဉ်နိုင်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။
ကျိကျစ်ရှို့ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ရင်း သေတ္တာကို ပြန်လည် သိမ်းလိုက်သည်။
“ငါတို့ ပြန်ရောက်မှ စဉ်းစားတာပေါ့… ဒီနေရာမှာ အရမ်း အန္တရာယ်များတယ်”
“အင်း… ဒါဆို ထပ်ပြီး ရှာကြည့်ပါဦးမယ်”
ခိုင်ယီက သိပ်အလေးအနက် မစဉ်းစားပဲ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင်ပင် အခြား မုဆိုးတစ်ဦး ပြေးလာ၏။
“ခေါင်းဆောင်… မြေပုံတစ်ခု တွေ့တယ်”
“မြေပုံလား…”
ကျိကျစ်ရှို့ ယူရင်း ကြည့်လိုက်သောအခါ နော်ဇင်၏ မြေအောက် လမ်းကြောင်းများ၏ မြေပုံဖြစ်ကြောင်း သိလိုက်သည်။ ဝံပုလွေဖြူ အဖွဲ့ ဤလျှို့ဝှက် မြေအောက် လမ်းကြောင်းတွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာနိုင်ခဲ့သည်ကို နောက်ဆုံး၌ သူမ သိလိုက်ရပြီ ဖြစ်သည်။
“မင်းတို့ အားလုံး တော်တယ်”
ကျိကျစ်ရှို့က ချီးကျူးလိုက်၏။ ဤအရာ အားလုံးနှင့် ဆိုပါက ပင့်ကူ အဖွဲ့သစ်မှာ ပိုမို၍ပင် အင်အား တောင့်တင်း လာလိမ့်မည် ဖြစ်သည်။
ဝံပုလွေဖြူ အဖွဲ့၏ ကျန်ရှိနေသော ပစ္စည်းများ အားလုံးကို သိမ်းပိုက်ပြီးနောက် မုဆိုးများမှာ ဖောက်ခွဲရေး ပစ္စည်းများကို ဆင်ရင်း လန်စီ မှော်ကြေးမုံ၏ အကြွင်းအကျန် မှန်သမျှကို လုံးဝ ဖယ်ရှားပစ်ရန် ပြင်ဆင်လိုက်ကြသည်။ သူတို့သည် အိပ်မက်ဘုံမှ မှော်အရာဝတ္ထုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ကျိကျစ်ရှို့က အပေါ်မှ ဆိုးရွားစွာ ပျက်စီးနေသည့် သားဖောက်စက်ကို မော့ကြည့်လိုက်၏။
“အားလုံး နေရာချပြီးပြီလား”
သူမက မေးလိုက်၏။ အတည်ပြုချက် ရရှိပြီး နောက်တွင်တော့ လူတိုင်းမှာ လျင်မြန်စွာ ဆုတ်ခွာသွားကြလေသည်။
ဘုန်း… ဘုန်း… ဘုန်း…
သူတို့၏ နောက်ကျောဘက်၌ ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာကာ လမ်းဆုံလမ်းခွများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ အမိုးခုံးပုံစံ မျက်နှာကျက်ပင်လျှင် ပြိုကျသွားကာ ရေများ လျှံကျလာ၏။
အုန်း… ဝရုန်း…
…
နံပတ် ၂၇၇ တွင် နာမည် မရှိပေ။ ‘ရွှံ့ရုပ် S277’ သည် သူမ၏ ကိုယ်ပိုင် နံပါတ် ဖြစ်ပြီး ဒစ်ဂျစ်တယ် ဘားကုဒ်နှင့်အတူ လည်ကုပ်ပေါ်တွင် ရိုက်နှိပ်ထားသည်။
ရွှံ့ရုပ် ဉာဏ်ရည်တု လူသား ပရောဂျက်၏ ဒုတိယအသုတ်မှ မွေးဖွားလာသော ၂၇၇ ခုမြောက် စမ်းသပ်နမူနာ…
ဤသည်မှာ ထိုနံပါတ်၏ အဓိပ္ပာယ်ဖြစ်သည်။
အမှန်တရား အသင်းတော်၊ စက်မှုဌာန ထိုပရောဂျက်အား စတင်ခဲ့သည့်အချိန်မှစ၍ ရေတွက်ရလျှင် စုစုပေါင်း စမ်းသပ်အသုတ် သုံးသုတ်နှင့် အမှတ်စဉ် ၃၀၅၀ အထိ ရှိခဲ့ပြီ ဖြစ်သည်။
ပထမအသုတ်တွင် စကားလုံးအစ F ဖြင့် ၅၀၊ ဒုတိယအသုတ်တွင် စကားလုံးအစ S ဖြင့် ၁၀၀၀၊ တတိယအသုတ်တွင် စကားလုံးအစ T ဖြင့် ၂၀၀၀ ရှိသည်။
နံပတ် ၂၇၇ သည် ကျရှုံးခဲ့သော ထုတ်ကုန်များစွာထဲမှ တစ်ခုဖြစ်သည်။
သို့သော်လည်း ၂၇၇ စိတ်ပျက်အားငယ်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုနည်း။ ထိုသုံးသုတ်စလုံးမှ စမ်းသပ် နမူနာ ၃၀၅၀ ခုလုံးမှာ ကျရှုံး ထုတ်ကုန်များ ဖြစ်နေသောကြောင့် ဖြစ်သည်။
တစ်ခါတစ်ရံတွင် အပြင်ဘက်မှ ဖြတ်လျှောက်သွားသည့် အဖြူရောင် ကုတ်အင်္ကျီဝတ် သုတေသီများ ရေရွတ်သည့် အသံများကို ဖန်သားလှောင်အိမ်အတွင်းမှ နေ၍ သူမ ကြားခဲ့ရသည်။
“ဒီ စမ်းသပ်မှုက တဖြည်းဖြည်း ပိုပြီး ငြီးငွေ့စရာ ကောင်းလာနေပြီ... မိုးလင်းကနေ မိုးချုပ်အထိ အချက်အလက်တွေ စုဆောင်းရတယ်... အထက်ကလည်း ပိုက်ဆံ ထပ်မသုံးချင်ပုံရတယ်... စမ်းသပ်မှုကလည်း တိုးတက်မှု သိပ်မရှိဘူး”
“အား... ပြီးတော့ လျှို့ဝှက်ချက် စည်းမျဉ်းတွေကြောင့်ပဲ ငါတို့ ဓာတ်ခွဲခန်းထဲမှာပဲ နေနေရတယ်... ငါ သေအောင် ပျင်းနေပြီ”
အခြား သုတေသီ တစ်ယောက်က မေးလိုက်၏။
“တိုးတက်မှု သိပ်မရှိဘူးလား... ငါ အီသာစွမ်းအင် ချိတ်ဆက်မှု အချက်အလက်တွေကို စီစစ်နေရတာ... ၂၀၀ ရာခိုင်နှုန်း ကို ပြည့်မှီနေပြီလေ... မဟုတ်ဘူးလား”
ပထမ သုတေသီက ဖန်ပုလင်းကို လက်သီးဆုပ်ဖြင့် ခေါက်လိုက်ရင်း မွေးမြူရေး အရည်ထဲရှိ မရေမရာ ပုံရိပ်ကို ကြည့်လိုက်သည်။
“အင်း... ဒါက လက်ရှိ အကောင်းဆုံး စမ်းသပ်နမူနာပဲ... အီသာစွမ်းအင် ချိတ်ဆက်မှု အမြင့်ဆုံး ၂၀၀ ရာခိုင်နှုန်း အထိ ရှိမယ်လို့ ခန့်မှန်းထားတယ်... ဒါပေမဲ့ သူ့ရဲ့ အသားနဲ့ သွေးတွေထဲမှာ ဖလော်ဆိုဖာ ကျောက်တုံး စုစည်းမှုက အရမ်း များနေတော့ သက်တမ်းက တစ်နှစ်ပဲ ရှိနိုင်တယ်”
“တစ်နှစ်... တစ်နှစ်ကြာရင် ဘာဖြစ်သွားမလဲ”
ဘုန်း...
ပထမ သုတေသီက သူ၏ လက်များဖြင့် ပေါက်ကွဲမှု အမူအရာကို လုပ်ပြသည်။ ထို့နောက် သူက ရယ်ရင်းမောရင်းပင် ရှင်းပြလိုက်သည်။
“တဖြည်းဖြည်းနဲ့ ဖလော်ဆိုဖာ ကျောက်တုံးရဲ့ စွမ်းအားကို အစားထိုးလို့ မရတော့ဘူး... အီသာစွမ်းအင် ချိတ်ဆက်မှုက လျော့နည်းသွားတယ်... နောက်ဆုံးမှာတော့ ဒီ စမ်းသပ်နမူနာတွေက အီသာ စီးဆင်းမှုကို မထိန်းချုပ်နိုင်ဘဲ ပူဖောင်းလို ပေါက်ကွဲသွားလိမ့်မယ်... ဒါကြောင့် နောက်စမ်းသပ်မှု အသုတ်က ရလဒ် ထွက်လာရင် ဒီအသုတ်ကို မြန်မြန် ဖျက်ဆီးရမှာပဲ”
“ရက်ပိုင်းလောက် ကြာရင် ပထမအသုတ် စမ်းသပ်နမူနာတွေကို ဖျက်ဆီးပစ်တော့မယ်လို့ ကြားထားတယ်”
ထိုစကားဝိုင်းကြောင့်ပင် နံပတ် ၂၇၇ သည် သူမ အသက် ဆက်လက် ရှင်သန်ရန် အများဆုံး တစ်နှစ်သာ ကျန်တော့ကြောင်း သိလိုက်ရသည်။
နံပတ် ၂၂၇ မှာ မွေးမြူရေး အရည်များ ပြည့်နှက်နေသည် ထိုနေရာတွင် အရာ နှစ်ခုကိုသာ ကောင်းစွာ ခွဲခြားနိုင်သည်။
နေ့နှင့်ည...
သုတေသီများ လှုပ်ရှား သွားလာ၍ အလုပ်များနေသည့် အချိန်က နေ့ဖြစ်သည်။ ဓာတ်ခွဲခန်း အတွင်းရှိ မီးများအားလုံး ငြိမ်းသွားပြီး အလိုအလျောက် လမ်းညွှန်မီးများသာ မှိတ်တုတ်မှိတ်တုတ် လက်နေချိန်၊ ပတ်ဝန်းကျင် လုံးဝ တိတ်ဆိတ်နေချိန်က ညဖြစ်သည်။
ထိုနေ့ညတွင် နံပတ် ၂၇၇ သည် သန္ဓေတည်စက် နံရံကို ထိဖို့ အတွက် လက်လှမ်းကြည့်ခဲ့သည်။ သူမ၏ ပိန်သွယ် ဖြူရော်သည့် လက်ချောင်းများမှာ ဖန်သား အကြည်ပေါ် ရောင်ပြန်ဟပ်နေသည့် ပြောင်းပြန် ပုံရိပ်ထံ တဖြည်းဖြည်းချင်း နီးကပ်သွားသည်။ သူမ၌ လက်ဗွေရာ မရှိကြောင်း သတိပြုမိသည်။
ဖန်သား၏ တောင့်တင်းပြီး အေးစက်စက် ခံစားမှုက တစ်မျိုး ဆန်းသစ်နေသည်။ အရည် စီးဆင်းမှု၊ ဆေးထိုးအပ် ထိုးသွင်းခြင်း စသည့် ခံစားချက်များနှင့် လုံးဝ မတူပေ။
နံပတ် ၂၇၇ ရုတ်တရက် သိလိုစိတ် ပေါ်လာပြီး ဖန်ကို ဖိကပ်ကာ အပြင်ဘက်ရှိ အရာအားလုံးကို ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်သည်။ ထိုအခါ အပြင်ဘက်တွင် မတူညီသော မသိသေးသည့် အရာဝတ္ထုများစွာ ပြည့်နေကြောင်း သိလိုက်ရသည်။ ပုံမှန်အားဖြင့် အရည်ထဲမှ နေ၍ အပြင်ဘက်သို့ လှမ်းမြင်ရသည်က ဝေတေဝါးတား အရာများသာ ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ဆုတ်လိုက်သည်။ ဖန်သားမှာ သူမ၏ ခွန်အားကို မခံနိုင်ဘဲ ကွဲထွက်လုနီးပါး ဖြစ်သောကြောင့် တဂျွတ်ဂျွတ် အသံများ ထွက်ပေါ်လာသည်။
ထိုနေ့မှစ၍ နံပတ် ၂၇၇ သည် ညကို တောင့်တလာခဲ့သည်။ သူမသည် အရင်က မမြင်ဖူးသော အသေးစိတ် အချက်အလက်များစွာကို သတိပြုမိလာသည်။ အတွေးအမျိုးမျိုးသည်လည်း သူမ၏ ခေါင်းထဲတွင် ပေါ်လာသည်။ ထူးခြားသော အကြားအာရုံနှင့် အမြင်အာရုံတို့သည် သူမ လိုအပ်သော အချက်အလက်များကို ချက်ချင်း သိရှိစေခဲ့သည်။
နံပတ် ၂၂၇ ဓာတ်ခွဲခန်း၏ ကင်းလှည့်ချိန်ဇယားများနှင့် ဝန်ထမ်း အပြောင်းအလဲ အချိန်များကို လေ့လာခဲ့သည်။ စကားပြောဆိုမှုများကို ခိုးနားထောင်ခြင်းမှ ရရှိလာသည့် သတင်းအချက်အလက်များမှတစ်ဆင့် အခြား ဓာတ်ခွဲခန်းများနှင့် စက်ရုံ အတွင်း ဖြစ်ပျက်နေသည်များကို လေ့လာခဲ့ပြီး မက်ရှင်းလု တစ်ခုလုံး၏ ပုံစံကို နားလည်ခဲ့သည်။
ထို့အပြင် သူမ သိထားသည့် အရာ တစ်ခု ရှိသည်။ ဒီညတွင် တစ်စုံတစ်ယောက် လှုပ်ရှားတော့မည်။
သူက သုတေသီ ပညာရှင် အုပ်စုထဲတွင် ရှိနေသည်။ အပေါင်းအဖော်များနှင့် အတူ ရယ်မောနေချိန်တွင်ပင် နောက်ကွယ်၍ ချက်ချင်း ပေါက်ကွဲသွားမည့် ဖလော်ဆိုဖာ ကျောက်တုံး အနည်းငယ်ကို ပြင်ဆင်နေခဲ့လေသည်။
***