နံပါတ် ၂၇၇ (၂)
Vol. 8 Ch. 104
ဘုန်း...
နံပတ် ၂၂၇ မျှော်လင့်ထားသည့် အတိုင်းပင် အဆောက်အအုံ တစ်ခုလုံးကို လှုပ်ခါသွားစေသည့် ကျယ်လောင်သော ပေါက်ကွဲသံ ဖြစ်ပေါ်လာသည်။ မီးတောက်များက အရာအားလုံးကို ဝါးမြိုလိုက်သည်။ ပေါက်ကွဲမှုကြောင့် ဓာတ်ခွဲခန်း အတွင်းရှိ ဖန်သား သန္ဓေတည်စက်များ အားလုံး ကွဲကြေသွားပြီး ဖန်ကွဲစများက အရပ်မျက်နှာ အသီးသီးသို့ လွင့်ပျံသွားခဲ့သည်။
ပြစ်မှုကျူးလွန်သူသည် လိုအပ်သည့် သန္ဓေတည်စက်များကို တစ်ချိန်တည်းတွင် ရရှိပြီး လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
နံပတ် ၂၇၇ မြေပြင်မှ ထရပ်လိုက်ရင်း ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်သည်။ မီးတောက်များ ပြင်းထန်စွာ တောက်လောင်နေပြီး အပူရှိန်ကြောင့် သူမ၏ ဆံပင်ထိပ်ဖျားများ ကောက်ကွေးသွားသည်။ သူမ အသက်ရှူကျပ်ပြီး တုန်ယင်နေ၏။ တစ်ခါမှ မကြုံဖူးသည့် ပြင်းထန်သော နာကျင်မှုက ခန္ဓာကိုယ် အတွင်းသို့ စီးဆင်းသွားပြီး နှလုံးသားကို လျင်မြန်စွာ ခုန်စေခဲ့သည်။
သူမ လဲကျမလို ဖြစ်ပြီး ရှေ့သို့ တိုးသွားလိုက်သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သန္ဓေသားရည်များဖြင့် စိုစွတ်နေဆဲဖြစ်ပြီး ခါးအထိ ရှည်လျားသော ဆံပင်များမှာ ခန္ဓာကိုယ်ပေါ်တွင် ကပ်နေသည်။
သူမ လက်များကို ငုံ့ကြည့်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အခြောက်ခံရန် အီသာစွမ်းအင်ကို အသုံးပြုလိုက်သည်။ ထို့နောက် သေဆုံးနေသော ရုပ်အလောင်းများထဲမှ အဝတ်အစားများနှင့် တံဆိပ်ကို ရွေးထုတ်လိုက်သည်။
ဟူး... ဟူး...
ရုပ်အလောင်းကို မီးထဲသို့ ပစ်ထည့်လိုက်သည်။ အီသာ စွမ်းအင်ကို ထောက်ပံ့ပေးလိုက်သဖြင့် ချက်ချင်း လောင်ကျွမ်းသွားခဲ့သည်။
သူမ လဲလျောင်းလိုက်ပြီး ပြိုကျနေသော မျက်နှာကျက်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမ ဘေးဘက်သို့ တိတ်ဆိတ်စွာ လှည့်ကာ ကွေးလိုက်ရင်း စိတ်ထဲမှ စတင် ရေတွက်လိုက်သည်။
တစ်...
နှစ်...
သုံး...
ဘုန်း...
လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က တံခါးကို ဖြိုခွင်းဝင်ရောက်လာသည်။ ထို့နောက်တွင်တော့...
...
ဟူး... ဟူး...
နံပတ် ၂၇၇၏ နံဘေးမှ အေးမြပြီး စိုစွတ်သည့် လေတိုက်ခတ်သွားသည်။ လေထဲတွင် သွေးနံ့ ပြင်းထန်နေသော်လည်း လူအများစုမှာ ရွှံ့၊ မိုးနှင့် ကျပန်း အနံ့များ ရောနှောထားသည့် မြေကြီးနံ့ကိုသာ ခွဲခြားသိနိုင်ပေလိမ့်မည်။
နံပတ် ၂၇၇ ၏ အဖြူရောင် ကုတ်အင်္ကျီမှာ လေထဲတွင် လှုပ်ခတ်နေသည်။ သူမက သတိရှိသော ကြောင်တစ်ကောင်ကဲ့သို့ လူများကို ရှောင်ရှားကာ ကြီးမားသော မြို့ကြီးကို လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။
သို့သော်လည်း... တိတ်ဆိတ်ငြိမ်သက်နေသည့် လမ်းတစ်လျှောက်တွင် နံပတ် ၂၇၇ သည် မူးဝေလာသလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ် အပူချိန်မှာ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
သို့သော်လည်း ထိုမှောင်မိုက်သော လမ်းပေါ်ရှိ နူးညံ့လှသည့် မှိတ်တုတ်မှိတ်တုတ် အလင်းရောင်သည် သူမ၏ ခြေလှမ်းများကို ရပ်တန့်စေခဲ့သည်။
ဝှီး... ဖုတ်...
နံပတ် ၂၇၇ ခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်သည်။ သူမ၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး အမြင်အာရုံမှာ စတင် ဝေဝါးလာသည်။ ရင်ဘတ်ထက်၌ ကြီးမားသော ဒဏ်ရာကြီး တစ်ခု ရှိနေကြောင်း သူမ ရုတ်တရက် ခံစားလိုက်ရသည်။
ခန္ဓာကိုယ် တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် အာဟာရအရည် ထိုးသွင်းရန် သူမ အတွက် လိုအပ်နေဆဲဖြစ်သည်။ အတွေးများ မပြီးဆုံးမီမှာပင် သူမ၏ အမြင်အာရုံမှာ ရုတ်တရက် မှောင်မိုက်သွားပြီး သတိလစ်သွားခဲ့တော့သည်။
...
အိပ်မက် ပြီးဆုံးသွားပြီးနောက် ထူးထူးခြားခြားပင် လင်ကျဲ တစ်ယောက် ညည့်သန်းခေါင်တွင် လန့်နိုးလာခဲ့သည်။ သူ အိပ်ရာမှ ထထိုင်လိုက်ပြီး ဘေးနားက စားပွဲပေါ်ရှိ ဓားကို စိုက်ကြည့်လိုက်သည်။
“ကန်ဒယ်လာ...”
လင်ကျဲ နားထင်များကို နှိပ်နယ်လိုက်ပြီး အိပ်ရာမှ ဆင်းလိုက်သည်။ ထိုအသက်ဝင်နေသော အိပ်မက်သည် သူ၏ စိတ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်၏။
ကန်ဒယ်လာ၏ ရင်ဘတ်တွင် စိုက်ဝင်နေသော ဓားကို ထိမိသောအခါ ထိုတိုတောင်းလှသည့် အခိုက်အတန့်တွင် လင်ကျဲ ကန်ဒယ်လာ၏ ဘဝ တစ်ခုလုံးကိုပင် စိတ်ကူးဖြင့် မြင်ယောင်လာခဲ့သည်။ ယခု ဓားကို ကြည့်လိုက်သောအခါ ရင်းနှီးကျွမ်းဝင်မှု ခံစားချက် တစ်ခုက ပြန်လည်၍ လွှမ်းမိုးလာသလို လင်ကျဲ ခံစားလိုက်ရသည်။
“ငါ အိပ်ချင်မူးတူး ဖြစ်နေသေးတာပဲ... မျက်နှာ သွားသစ်တာ ပိုကောင်းမယ်”
ရေချိုးခန်းထဲတွင် မျက်နှာ သွားသစ်ပြီးနောက် အပြင်ဘက်၌ မိုးတိတ်သွားပုံရကြောင်း လင်ကျဲ ရုတ်တရက် သတိပြုမိလိုက်သည်။
သို့သော်... အခြား တစ်ခုခု ဖြစ်ပေါ်နေပုံရသည်။ ပြတင်းပေါက် အပြင်ဘက်တွင် မီးတောက်၏ အလင်းရောင် လာဟပ်နေကာ ဝေးလံသော အရပ်တွင်လည်း ဆူညံသံ တစ်မျိုးမျိုး ရှိနေပုံရသည်။
ဘယ်လိုပဲဖြစ်ဖြစ်... ကောင်းတာ တစ်ခုက မိုးတိတ်သွားခြင်း ဖြစ်သည်။ ဆိုးရွားလှသော ရာသီဥတုကို လင်ကျဲ တကယ်ပဲ ငြီးငွေ့နေပြီဖြစ်လေရာ အနည်းငယ် ပျော်ရွှင်မှုနှင့် အတူ အောက်ထပ်သို့ ဆင်း၍ တံခါးကို ဖွင့်လိုက်သည်။
မိုးရွာပြီးနောက် အေးမြပြီး လန်းဆန်းသော လေက သူ့အား တိုက်ခတ်လာ၏။ ချမ်းစိမ့်သဖြင့် ခန္ဓာကိုယ် တစ်ခုလုံးကို တုန်ယင်သွားခဲ့သည်။
မိုးက တကယ်ပဲ တိတ်သွားခဲ့သည်။ လမ်းဘေးတစ်လျှောက်တွင် ရေအိုင်မျာ ကျန်ရှိနေပြီး လေတိုက်ခတ်မှုကြောင့် လှိုင်းများ ရိုက်ခတ်နေသည်။
လင်ကျဲသည် အသက်ပြင်းပြင်း ရှူလိုက်ရင်း လန်းဆန်းမှုကို ခံစားလိုက်ရသည်။ ဝေးလံသော အရပ်တွင် မီးလောင်နေပုံရသည်။ မီးခိုးခဲများ ကောင်းကင်သို့ တလိပ်လိပ် တက်နေပြီး ကြီးမားသော အဆောက်အအုံ တစ်ခု ပြိုကျသွားကာ မြေပြင်ကို အနည်းငယ် တုန်ခါသွားစေသည်။
“ဟင်...”
သေသေချာချာ မြင်ရအောင် အပြင်ထွက်ဖို့ ဟန်ပြင်လိုက်စဉ်တွင်ပင် ရုတ်တရက် သူ့ အနီးနားရှိ မြေပြင်ပေါ် လူတစ်ဦး လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူမ ဝတ်ဆင်ထားသည့် ကုတ်အင်္ကျီပေါ်တွင် သွေးစွန်းနေသည်ကိုလည်း သတိပြုမိလိုက်၏။
...
ဘုန်း...
လင်ကျဲ လက်မအားလေရာ စိနေသည့် စာအုပ်ဆိုင် တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သည်။ ထို့နောက် သူက ပွေ့ချီလာသည့် မိန်းကလေးကို ကုလားထိုင် ပေါ်သို့ တင်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ဆက်သွယ်ရေး ကိရိယာကို ထုတ်ယူလိုက်ကာ စိုးရိမ်စရာ တစ်ခုခုနှင့် ကြုံတွေ့ရပြီဟု ကိုယ့်ကိုယ်ကိုယ် တွေးနေမိသည်။
သို့သော်လည်း... သူ ဘာမှ မလုပ်ပါက ရေလွှမ်းမိုးမှုများ ကျဆင်းသွားသည်နှင့် ညစ်ပတ်ပေကျံနေသည့် ပတ်ဝန်းကျင်မှာ ပိုမို ပြင်းထန်သည့် ရောဂါပိုး ကူးစက်မှုကို အလွယ်တကူ ဖြစ်စေနိုင်သည်။
လင်ကျဲ အဖြူရောင် ကုတ်အင်္ကျီ ဝတ်ဆင်ထားသည့် မိန်းကလေးကို သတိထား၍ ကြည့်လိုက်သည်။ သူမ၏ ရှည်လျား စိုစွတ်နေသော ဆံပင်များမှာ မျက်နှာပေါ်တွင် ကပ်နေသော်လည်း ပါးပြင်ပေါ်ရှိ သွေးများကတော့ ထင်ရှားနေဆဲဖြစ်သည်။
သူမ၏ အသားအရေက ခေါင်းအစ ခြေအဆုံး နှင်းကဲ့သို့ ဖြူဖွေး နေသော်လည်း သွေးစသွေးနများ၊ ဒဏ်ရာများနှင့် ဖုံးလွှမ်းလို့ နေသည်။ ထို့အပြင် မီးလောင်ရာများကိုလည်း တွေ့ရသည်။ များများစားစား စဉ်းစားစရာ မလိုပါပဲ ဤမိန်းမလေးလေးမှာ ပေါက်ကွဲမှု၏ သားကောင် ဖြစ်နိုင်ကြောင်း လင်ကျဲ ခန့်မှန်းမိခဲ့သည်။
သို့သော်လည်း... အသက်ရှင် လွတ်မြောက်နေခြင်းကို ကြည့်ပါက သူမမှာ ပေါက်ကွဲမှု ဗဟိုချက်မှ အနည်းငယ် ဝေးကွာသော နေရာတွင် ရှိနေခဲ့ခြင်း ဖြစ်ရမည်။
လင်ကျဲ မျက်မှောင်ကြုတ်လိုက်၏။ ပေါက်ကွဲမှုများမျာ များသောအားဖြင့် ပြင်းထန်သည့် အတွင်းပိုင်း ဒဏ်ရာများနှင့် အလယ်အလတ်အဆင့် ပြင်ပ ဒဏ်ရာများကို ဖြစ်ပေါ်စေသည်။ ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသည့် လှိုင်းများသည် ကိုယ်တွင်း ကလီစာများ ပေါက်ပြဲခြင်းကို အလွယ်တကူ ဖြစ်စေနိုင်ပြီး အတွင်းပိုင်း သွေးယိုစီးမှုနှင့် အရိုးကျိုးနိုင်ခြေကိုလည်း မြင့်မားစေသည်။
သူ သေချာ စစ်ဆေးကြည့်ရသလောက်... ထိုမိန်းမငယ်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ သေးငယ်လှပေသည်။ အတွင်းပိုင်း သွေးယိုစီးမှုများ ဖြစ်ပေါ်လာလျှင်ပင် ထိုမျှ များပြားလှသော သွေးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေမည် မဟုတ်ပေ။
သို့သော်လည်း... သူမ၏ ကုတ်အင်္ကျီ တစ်ခုလုံးမှာ သွေးများနှင့် စိုရွှဲနေပြီး သွေးကွက် စွန်းထင်းမှုကလည်း သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများနှင့် တစ်ထပ်တည်း ကျပုံ မရပေ။ ဆိုလိုသည်က... ဤသွေးများမှာ သူမ၏ သွေး ဖြစ်နိုင်ခြေ မရှိပေ။
ထိုမိန်းကလေး အမှန်တကယ် ဘာဖြစ်ခဲ့သည်ကို ဆုံးဖြတ်ရန် လင်ကျဲထံတွင် နည်းလမ်း မရှိပေ။
ထို့ကြောင့်ပင်... သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ မိန်းကလေးကို ဆေးရုံသို့ ခေါ်သွားရန်အတွက် ဆက်သွယ်ရေး ကိရိယာကို အသုံးပြုရန် ဖြစ်သည်။ သို့သော်လည်း...
***