← Chapters

ထူးဆန်းသည့် နေရာ

Vol. 8 Ch. 106

ထူးဆန်းသည့် နေရာ

Vol. 8 Ch. 106

မိန်းကလေးမှာ သူမ၏ လက်အား နွေးထွေးစွာ ကိုင်ဆိုင်ထားသည်ကို ကြည့်ရင်း မကြုံစဖူး ခံစားနေခဲ့ရသည်။ သူမ တိတ်ဆိတ်စွာပင် ခေါင်းညိတ်ကာ သဘောတူလိုက်၏။

“ဒါဆိုရင် အဆင်မပြေဘူးလို့ ခံစားရရင် ငါ့ကို အသံပေးနော်”

လင်ကျဲ လက်ကို လှမ်း၍ ကိုယ်တွင်း ကလီစာ ရှိနိုင်သည့် နေရာအချို့ကို ဖိလိုက်သည်။

“နာလား”

မိန်းမငယ်လေးက ခေါင်းခါလိုက်သည်။ လင်ကျဲ ခန္ဓာကိုယ်၏ အခြား နေရာများကို ဖိနှိပ်ရင်း ခန့်မှန်ခြေ ရောဂါ ရှာဖွေခြင်းကို ဆက်လက် လုပ်ဆောင် နေခဲ့သည်။

တကယ်ပဲ ထူးဆန်းနေသည်။ မိန်းမငယ်လေးမှာ ပေါက်ကွဲမှဒလှိုင်းတွင် ကြီးမားစွာ ထိခိုက်ခဲ့သည့် လက္ခဏာများကို ရှင်းလင်းစွာ ပြသနေသော်လည်း အတွင်းအင်္ဂါများ ပေါက်ပြဲခြင်း မရှိချေ။ အနည်းငယ်သော အရိုးကျိုး ဒဏ်ရာများသာ ရှိနေသည်။

“ပြင်းထန်တဲ့ အတွင်းပိုင်း ဒဏ်ရာတွေ မရှိဘူးဆိုရင် ဆေးရုံသွားဖို့ မလိုပါဘူး... ဒါပေမဲ့ သင့်တော်တဲ့ ကုသမှုကိုတော့ ခံယူရဦးမယ်...”

မိန်းမငယ်လေးက လင်ကျဲကို တွေဝေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ မလုပ်ချင်သော်လည်း... မကြာသေးမီကမှ ရရှိခဲ့သည့် လွတ်လပ်မှုကို တွေးလိုက်မိသောအခါ အစီအစဉ်အတိုင်း ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

လင်ကျဲက ထိုင်ရာမှ ထရပ်လိုက်၏။

“တခြား လိုအပ်တာတွေ ရှိသေးလား... မင်းရဲ့ ပြင်ပ ဒဏ်ရာတွေကို ကုသဖို့အတွက် လိုအပ်တာတွေ ယူဖို့ မြေအောက်ခန်းကို သွားတော့မယ်... ခဏနေ ပြန်လာခဲ့မယ်”

“ချမ်းတယ်”

မိန်းမငယ်လေးက ဖွင့်ထားသော ပင်မတံခါးဘက်သို့ ကြည့်လိုက်သည်။

“ဪ... ပိတ်ဖို့ မေ့သွားတယ်...ခဏလေးနော်”

လင်ကျဲက ရယ်မောလိုက်ရင်း ထရပ်ကာ တံခါးဆီသို့ သွားလိုက်သည်။ မိန်းကလေး၏ မျက်လုံးများထဲရှိ အသွင်အပြင်က ချက်ချင်း အေးစက်သွားသည်။

လင်ကျဲ၏ ကျောပြင်ကို စိုက်ကြည့်ရင်း သူမ၏ ခန္ဓာကိုယ်က လှဲလျောင်းနေရာမှ ထထိုင်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်က ဆွဲထားသည့် လေးကြိုး ကဲ့သို့ တင်းမာနေကာ မည်သည့် အခိုက်အတန့်တွင်မဆို လွှတ်ပေးရန် အသင့်ဖြစ်နေသည်။ သူမ ထိုလူငယ်ကို လှပစွာ ခုန်အုပ်ပြီး သတ်ပစ်ရန် အသင့်ပင်...

ရုတ်တရက် သူမ ရပ်တန့်သွားသည်။ သူမ၏ အကြည့်များက ကောင်တာပေါ်မှ ကျောက် ဂါးဂွိုင်း ဆီသို့ ရောက်သွားသည်။

ကျောက် ဂါးဂွိုင်း၏ မှိတ်တုတ်မှိတ်တုတ် အနီရောင် မျက်လုံးများကို မြင်လိုက်ရသောအခိုက်၌ ထူးဆန်းသည့် အေးစက်မှု တစ်ခုက သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်း သွားခဲ့သည်။ ဤသည်မှာ စောင့်ကြည့်ခံနေရသည့် ခံစားမှုတစ်ခု ဖြစ်သည်။

ကျောက် ဂါးဂွိုင်းမှာ အသက်ရှိနေသည်။

မိန်းကလေးမှာ ချက်ချင်းပင် အိပ်မက်ဆိုးမှ နိုးထလာသကဲ့သို့ ခံစားလိုက်ရ၏။ သူမ၏ မျက်လုံးများက ပြူးကျယ်လာကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်သည်။ ဒဏ်ရာများကြောင့် အပြည့်အဝ ပြန်မကောင်းသေးသည့် အီသာစွမ်းအင် ချိတ်ဆက်မှုက သူမထံသို့ ရေလွှမ်းမိုးသကဲ့သို့ ပြန်ရောက်လာသည်။

ဤနေရာရှိ အရာအားလုံးမှာ အသက်ရှိနေသည်။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ တံခါးပိတ်နေသော လင်ကျဲဘက်သို့ ကြည့်လိုက်သည်။

‘သူက သာမန်လူတစ်ဦး ဟုတ်လို့လား...’

သူမ ကုလားထိုင်ပေါ်တွင် စိတ်ရှည်လက်ရှည်ဖြင့် ပြန်လှဲလိုက်တော့သည်။

...

လင်ကျဲ တံခါးကို ပိတ်လိုက်ပြီးနောက် ပြန်လှည့်ကြည့်လိုက်၏။ ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသည့် မိန်းမငယ်လေးကို မြင်လိုက်ရသည့် အခါ သူ မပြုံးဘဲ မနေနိုင်ခဲ့ပေ။

ထိုကလေးငယ်၏ မျက်လုံးများက မျက်နှာကျက်ကို စိုက်ကြည့်နေ၏။ ထိုကဲ့သို့ ကြောင်တောင်တောင် အမူအရာက ချိုးငှက်တစ်ကောင်ကိုပင် လင်ကျဲအား သတိရစေသည်။ ချစ်စရာကောင်းပြီး အနည်းငယ် ဥာဏ်နီဥာဏ်နက် ကင်းမဲ့သူ။

လင်ကျဲ ထိုကုလားထိုင်ကို မြေအောက်ခန်းမှ ယူလာခဲ့ပြီးနောက် တစ်ခါမှ မလဲလျောင်းခဲ့ဖူးသော်လည်း ၎င်းပေါ်တွင် အနားယူခဲ့သူ နှစ်ဦး ရှိပေသည်။ နှစ်ဦးစလုံးကလည်း ဝေဒနာသည်များ ဖြစ်သည်။

စာအုပ်ဆိုင် လုပ်ငန်းအတွက် အရောင်းအဝယ် နည်းပါးခြင်းအပြင် လင်ကျဲမှာ ဆရာဝန်အဖြစ်ပါ နှစ်ဆ တာဝန်ယူနေရသည်ဟု ခံစားမိသည်။ အကယ်၍ ဘေးတွင် ဆေးစင် တစ်ခုသာ ရှိပါက အရာရာက ပြီးပြည့်စုံ သွားပေလိမ့်မည်။

လင်ကျဲသည် အရှေ့တိုင်းနှင့် အနောက်တိုင်း ဆေးပညာ နှစ်မျိုးလုံးတွင် ဗဟုသုတ အများအပြား ရှိပြီး လက်တွေ့ အတွေ့အကြုံလည်း ကြွယ်ဝသူ ဖြစ်သည်။ သို့သော်လည်း သူ၏ စံနှုန်းကတော့ တကယ့် ဆရာဝန်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။

ထိုဗဟုသုတနှင့် အတွေ့အကြုံ အားလုံး၏ တစ်စိတ်တစ်ပိုင်းမှာ အားလပ်ချိန်များတွင် ဆေးပညာ ဂျာနယ်များကို တစ်ခါတစ်ရံ ဖတ်ရှုခြင်းမှ ရရှိခဲ့ခြင်းဖြစ်ပြီး၊ ကျန်တစ်စိတ်တစ်ပိုင်းမှာ ယခင်ဘဝ သုတေသန ခရီးစဉ်များအတွင်း ဝေးလံခေါင်သီသော ကျေးရွာများနှင့် ရှေးဦး လူမျိုးစုများထံ သွားရောက်ခဲ့သည့် အတွေ့အကြုံများမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ဤသို့သော ဝေးလံခေါင်သီသည့် နေရာမျာ်... အထူးသဖြင့် ဧည့်သည် မမြင်ဖူးသည့် ရှေးဟောင်းရွာကြီးများတွင် သုတေသန လုပ်ဆောင်ခြင်းမှာ အလွန် အန္တရာယ်များသော အလုပ်တစ်ခုဖြစ်သည်။

ထိုကဲ့သို့ ပြင်ပကမ္ဘာနှင့် ဝေးကွာသည့် နေရာများတွင် ပထဝီဝင် ပတ်ဝန်းကျင်မှာ အလွန် ရှုပ်ထွေးနေတတ်သည်။ တစ်ခါတစ်ရံတွင် ဆေးရုံများ၊ စာသင်ကျောင်းများပင် မရှိဘဲ ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံများမှာလည်း လုံးဝ ချို့တဲ့နေသည်။

လင်ကျဲ ငယ်ရွယ်စဉ်က ဆရာဖြစ်သူတို့၏ အဖွဲ့နှင့်အတူ သုတေသနအတွက် နေရာများစွာကို လိုက်ပါခဲ့သည်။ ထိုအချိန်က သူ၏ တာဝန်မှာ မှတ်တမ်းများ ပြုလုပ်ရန်သာ ဖြစ်သော်လည်း ထိုကဲ့သို့ လိုက်ပါသွားရုံဖြင့် လက်တွေ့ အတွေ့အကြုံများစွာ ရရှိခဲ့သည်။

တစ်ခါတစ်ရံတွင် အဖွဲ့မှာ ဦးတည်ထားသည့် ပန်းတိုင်သို့ ရောက်ရှိရန် တောင်များကို ဖြတ်ကျော်ရခြင်း သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသော ချောက်ကမ်းပါးများကို ကျော်လွှားရခြင်းတို့ လိုအပ်သည်။ ဤကဲ့သို့သော နေရာများတွင် ခြေလှမ်းတစ်ချက် မှားယွင်းခြင်းမှာ အရိုးကျိုးခြင်း၊ အပြင်းအထန် ဒဏ်ရာ ရရှိခြင်း၊ သေဆုံးခြင်းတို့ပင် ဖြစ်စေနိုင်သည်။ ရုတ်တရက် ပေါ်လာနိုင်သော သားရဲရိုင်းများ၏ အန္တရာယ် ဆိုလျှင် ပြောရန်ပင် မလိုတော့ပေ။

လင်ကျဲ တွေ့ကြုံဖူးသမျှ ကြောက်မက်ဖွယ် အကောင်းဆုံး အဖြစ်အပျက်မှာ တောင်တက်နေစဉ်တွင် မြူထူများ ရိုက်ခတ်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။ မြူထူများကြောင့် အမြင်အာရုံမှာ ပြင်းထန်စွာ ထိခိုက်ခဲ့ရကာ မျက်တောင် တစ်ခတ်အတွင်းတွင်ပင် အဖွဲ့ဝင်တစ်ဦး ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်တွင် အဖွဲ့တစ်ခုလုံး မှင်တက်သွားပြီး ဂရုတစိုက် စူးစမ်း ရှာဖွေခဲ့ရာ သူတို့ ရောက်ရှိနေသော ကုန်းပြင်မြင့်မှာ အောက်ခြေကိုပင် မမြင်နိုင်သည့် ချောက်ကမ်းပါးကြီး တစ်ခုနှင့် မီတာ အနည်းငယ်သာ ကွာဝေးကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

မြူထူထဲတွင် ခြေလှမ်းတစ်ချက် မှားယွင်းရုံဖြင့်ပင် ထိုသူမှာ ချောက်နက်ကြီး အတွင်း တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။

မှန်ပေသည်။ ထိုကဲ့သို့ အခြေအနေမျိုးကတော့ ရှားပါးလှသည်။

လင်ကျဲ အဓိက ကြုံတွေ့ခဲ့ရသည့် ပြဿနာများမှာ တောရိုင်းတွင် မကြာခဏ ကြုံတွေ့ရလေ့ ရှိသည့် အခြေအနေများဖြစ်သည်။ ဒဏ်ရာရရန် လက်တွေ့အားဖြင့် အာမခံချက် ရှိသည်။ သုတေသန အဖွဲ့ဝင်များမှာ သူတို့ စာရင်းသွင်းစဉ်ကပင် အန္တရာယ်များကို သိရှိခဲ့ကြသည်။

ဤသို့ဖြင့်... အချိန်ကြာလာသည်နှင့်အမျှ လင်ကျဲမှာ ပြင်ပဒဏ်ရာများနှင့် မကြာခဏ ဖြစ်ပေါ်လေ့ရှိသော ရောဂါများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတော်လေး ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ သို့သော်လည်း... ထိုထက် ကျော်လွန်လာလျှင်တော့ သူလည်း မတတ်နိုင်ချေ။

လင်ကျဲမှာ ဆေးပညာနှင့် သက်ဆိုင်သည့် စာအုပ်များစွာကို ဖတ်ဖူးသော်လည်း ဆေးပညာမှာ လက်တွေ့ ကျင့်သုံးမှုမှ မွေးဖွားလာသည့် ဘာသာရပ်တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

“ကလေးမ... မင်းရဲ့ ဒဏ်ရာတွေကို ကုသဖို့ ငါ ခဏနေ ပြန်လာခဲ့မယ်... သိပ် မလှုပ်ရှားနဲ့... ငါ့ကို ငြိမ်ငြိမ်လေး စောင့်နေ”

လင်ကျဲ မိန်းမငယ်လေးအား နွေးထွေးစွာ ပြုံးပြလိုက်ပြီးနောက် သူမ စိတ်ရှည်လက်ရှည် ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသော အခါ မြေအောက်ခန်းသို့ ဦးတည် ထွက်ခွာ လာခဲ့သည်။

မိန်းမငယ်လေးမှာ လင်ကျဲ လှေကားအောက်သို့ ပျောက်ကွယ်သွားသည်ကို မြင်တွေ့နေရသော်လည်း တစ်လက်မမျှပင် လှုပ်ရှားရဲခြင်း မရှိပေ။

သူမ စာအုပ်ဆိုင်ကို မျက်လုံးတစ်ချက် ဝှေ့ကြည့်လိုက်မိ၏။ စာအုပ်ဆိုင်အတွင်းရှိ အချို့သော အရာများမှာ တွန့်လိမ်နေခြင်း၊ အသက်ရှူနေခြင်းနှင့် စိုက်ကြည့်နေခြင်းတို့ ပြုလုပ်နေကြောင်း သူမ ခံစားနိုင်သည်။ သေသပ်စွာ စီထားသည့် စာအုပ်စင်များ၏ တိုင်များမှာ အရိပ်များထဲတွင် ပုန်းအောင်းနေသော ဧရာမ သားရဲကြီးကဲ့သို့ ဖြစ်နေသည်။

အခိုက်အတန့်တိုင်းတွင် မရေမတွက်နိုင်သည့် မျက်လုံးများက သူမ၏ အသားအရေပေါ်တွင် ဝဲပျံနေသကဲ့သို့ ခံစားရသည်။ လူများစွာမှာ သူမ၏ မျက်နှာရှေ့တွင် ရပ်နေကာ စိုက်ကြည့်နေကြပြီး သူတို့၏ နွေးထွေးသော အသက်ရှူသံများက သူမအား ထိမှန်နေသကဲ့သို့ ဖြစ်သည်။

ထိုအခိုက်၌... သူမ၏ နောက်ကျောမှာ ချွေးအေးများဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဆံပင် တစ်ပင်ချင်းစီသည် ထောင်မတ်နေ၏။

‘ဒါတွေက ဘာတွေလဲ... ဘာလို့ ဒီလောက်တောင် ကြောက်စရာ ကောင်းတာလဲ...’

သို့သော်လည်း.. လူငယ်မှာ ဤ ကြောက်မက်ဖွယ်ကောင်းသည့် အရာများ အားလုံးကြားတွင် ရှိနေသော်လည်း ပေါ့ပေါ့ဆဆ စိတ်အေးလက်အေး ရှိနေပုံရသည်။ သူ၏ နွေးထွေးပြီး နူးညံ့သော အပြုံးက သူမ၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းပြီး လှည့်ဖြားတတ်သော သတိပေးချက်တစ်ခု ဖြစ်လာခဲ့သည်။

‘ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ... ဒါပေမဲ့ ဒီလို ကြောက်စရာကောင်းတဲ့ သတ္တဝါက ငါ့ကို ဘာလို့ ကယ်တင်ရတာလဲ...’

မိန်းမငယ်လေး တွေးနေစဉ်မှာပင် လင်ကျဲ မြေအောက်ခန်းမှ ပြန်လည် တက်လာသည်ကို မြင်လိုက်ရသည်။ ယခုတစ်ကြိမ်တွင် သူက ရှေးဦးသူနာပြု သေတ္တာကို လက်ထဲတွင် ကိုင်ထားခဲ့ပေသည်။

***

All Chapters