← Chapters

ထူးဆန်းသည့် နေရာ (၂)

Vol. 8 Ch. 107

ထူးဆန်းသည့် နေရာ (၂)

Vol. 8 Ch. 107

လင်ကျဲ မိန်းမငယ်လေး၏ ဘေးသို့ လျှောက်သွားလိုက်၏။ ထို့နောက် သူ အချိန်အကြာကြီး အသုံးမပြုရသေးသည့် ရှေးဦးသူနာပြု သေတ္တာထဲမှ ပိုးသတ်ဆေး အချို့ကို ဦးစွာ ပြင်ဆင်လိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါးဖြင့် မေးလိုက်၏။

“ဟုတ်သားပဲ... ငါ မင်း နာမည်ကို မသိသေးဘူး... ငါ့နာမည် လင်ကျဲ... စာအုပ်ဆိုင် ဖွင့်ထားတယ်... ဒါပေမဲ့ မင်း မြင်တဲ့အတိုင်းပဲ လုပ်ငန်းက သိပ်မကောင်းဘူး”

“ကျွန်မမှာ နာမည် မရှိပါဘူး”

မိန်းကလေးက အိညှက်အိညှက် အသံကလေးနှင့် ပြောလိုက်၏။

“...”

လင်ကျဲ မလှုပ်မယှက် ဖြစ်သွားသည်။ သူမက အတိတ်မှ ဝေဒနာနှင့် ဆင်းရဲဒုက္ခ အားလုံးကို နှုတ်ဆက်ဖို့ ကြိုးစားနေသည်လား။ သူမကို ကြည့်ရသည်က အသက် ၁၅ နှစ်၊ ၁၆ နှစ် ဝန်းကျင်သာ ရှိနိုင်သည်။ သူမတွင် နာမည် မရှိတာ လုံးဝ မဖြစ်နိုင်ပေ။

ဖြစ်နိုင်ချေရှိတာက မိန်းမငယ်လေးမှာ သူမ၏ ကိုယ်ပိုင် အထောက်အထားကို ထုတ်ဖော်လိုမှု မရှိခြင်းပင်။ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ မည်မျှ စိတ်ဒဏ်ရာ ခံစားခဲ့ရပြီးပြီနည်း။

လင်ကျဲ မိန်းမငယ်လေးအပေါ် ရုတ်တရက် သနားစိတ် ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း... သူမ မငိုချေ။ ကြောက်မက်ဖွယ် အဖြစ်ဆိုးများ ကြုံတွေ့ရပြီး နောက်တွင်ပင် ကြံ့ကြံ့ခံနေနိုင်သည်ကို ကြည့်ပါက ခေါင်းလည်း မာပုံရသည်။

“အတိတ်က အတိတ်မှာပဲ ရှိနေတာ... အရင်က ဖြစ်ခဲ့တာတွေ အားလုံး မဖြစ်ခဲ့ဖူးသလိုပဲ သဘောထားလိုက်ပါ... လွှတ်ချဖို့ ဆန္ဒရှိသရွေ့ အတိတ် နေ့ရက်တွေဟာ အရေးပါမှု မရှိတဲ့ နံပါတ်တွေသက်သက်ပဲ... ပစ္စုပ္ပန်နဲ့ အနာဂတ်ကသာ အမြဲတမ်း အရေးအကြီးဆုံးပဲ”

လင်ကျဲ သူမ၏ ပြင်ပဒဏ်ရာများကို စတင် ကုသရင်း နှစ်သိမ့်လိုက်သည်။

“ဒါက နည်းနည်း စပ်မယ်... သည်းခံနော်”

မိန်းမငယ်လေးက ခေါင်းညိတ်လိုက်ရင်း လူငယ်၏ ရိုးသားသော ဘေးတိုက် ပုံသဏ္ဌာန်ကို တိတ်တဆိတ် ကြည့်လိုက်သည်။

မှန်ပေသည်။ သူမ၏ အတိတ်မှာ တကယ်ပဲ ထို နံပါတ်များသက်သက်သာ ဖြစ်သည်။

၂၇၇ မှာ ဖန်သား သန္ဓေတည်စက် အတွင်းရှိ သူမ၏ ဘဝကိုသာ ကိုယ်စားပြုသည်။ သူမကို ကိုယ်စားမပြုပေ။

လင်ကျဲသည် ပိုးသတ်ခြင်း၊ ဆေးထိုးခြင်းနှင့် ပတ်တီးစည်းခြင်းတို့ကို သတ်မှတ်ထားသည့် ပုံစံများ အတိုင်းပင် သူမ၏ ခန္ဓာကိုယ် တစ်လျှောက်ရှိ ဒဏ်ရာများအားလုံးကို လုပ်ဆောင်ခဲ့သည်။

ထို့နောက် သူမက မိန်းကလေး၏ ခေါင်းကို အနည်းငယ် ကြွစေရင်း ခေါင်းအုံးအဖြစ် အသုံးပြုရန် ခေါင်းနောက်ဖက်၌ ထားရှိသည့် သဘက်ကို ဖယ်ရှားလိုက်သည်။ သဘက်ပေါ်တွင် စိမ့်ဝင်နေသည့် သွေးပမာဏကို မြင်လိုက်ရသောအခိုက်၌ သူ၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့သည်။

မိန်းမငယ်လေး၏ လည်ကုပ်နောက်ဘက်တွင်လည်း သွေးထွက်နေသော ဒဏ်ရာများစွာ ရှိနေသည်။ သူမ၏ ကျောဘက်တွင်လည်း သွေးများ အများအပြား စွန်းထင်းနေသည်။ ပေါက်ကွဲမှုလှိုင်းကြောင့် လဲကျပြီးနောက် ရရှိလာသည့် ပွန်းပဲ့ဒဏ်ရာများကြောင့် ဖြစ်နိုင်ချေရှိသည်။

လင်ကျဲ အကြည့်ကို ဖယ်ရှားလိုက်ရင်း အလုပ်ကို ဆက်လုပ်လိုက်သည်။ မြင်သာသော ဒဏ်ရာများ အားလုံးကို ကိုင်တွယ်ပြီးနောက် သူမကို နှစ်သိမ့်ရန်အတွက် သူမ၏ ခေါင်းကို ပုတ်လိုက်သည်။

“မင်း ဘယ်လို ဘဝမျိုး လိုချင်တယ်ဆိုတာ စဉ်းစားပြီးပြီလား... မင်းရဲ့ အနာဂတ် အစီအစဉ်တွေက ဘာတွေလဲ...”

မိန်းမငယ်လေးက သူ့ကို သတိကြီးစွာ ကြည့်လိုက်ရင်း ခေါင်းခါလိုက်သည်။ လင်ကျဲမှာ သူမ၏ ရှက်ရွံ့တတ်သော မျက်လုံးများထဲတွင် ဆုံးရှုံးမှု ခံစားချက်ကို သတိပြုမိလိုက်သည်။ မိန်းမငယ်လေးမှာ မကြာသေးမီက ကြုံတွေ့ခဲ့ရသည့် အရာများကြောင့် သိသိသာသာ ပြောင်းလဲ သွားခဲ့ကာ လက်တွေ့တွင်လည်း ဦးတည်ချက် ပျောက်ဆုံးသွားပုံ ရသည်။

“ဒါဆိုရင် မင်း အထောက်အထားအသစ် တစ်ခု လိုအပ်လိမ့်မယ်... ဒီဆိုင်မှာ ငါလည်း လက်ထောက် တစ်ယောက် လိုအပ်နေတာနဲ့ တိုက်တိုင်ဆိုင်ဆိုင်ပဲ... မင်း ဆန္ဒရှိရင် ဒီမှာ နေတာက ပိုပြီး ဘေးကင်းလိမ့်မယ်လို့ ငါ အာမခံနိုင်ပါတယ်”

“နောက်ပြီး မင်း တခြား တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်မယ် ဆိုရင် အချိန်မရွေး ထွက်သွားနိုင်တယ်... ငါ တားဆီးမှာ မဟုတ်ဘူး”

လင်ကျဲ ထိုကိစ္စနှင့် မစိမ်းချေ။ အတိတ်က ဖောက်သည်ကို အထောက်အထားသစ် တစ်ခု ဖန်တီးပေးရန် ကူညီခိုင်းခြင်းမှာ လုပ်ဆောင်နိုင်သော အရာဖြစ်သည်။

“လက်ထောက် ဟုတ်လား”

မိန်းကလေးက စာအုပ်ဆိုင်၏ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

“အင်း... စာအုပ်ဆိုင် ပိုင်ရှင်ရဲ့ လက်ထောက်ပေါ့... ဒါက တော်တော် လွယ်ပါတယ်... စာအုပ်စင်တွေကို သေချာ စီပေးဖို့... သန့်ရှင်းရေးမှာ ကူညီပေးဖို့နဲ့ မှတ်တမ်းတချို့ လုပ်ပေးဖို့ပဲ လိုတယ်”

လင်ကျဲ အတွက်လည်း ၎င်းတို့က ကြီးလေးသည့် အလုပ်များ မဟုတ်ချေ။ သို့သော်လည်း ထိုအလုပ်များကိုသာ ဤကလေးအား လွှဲပြောင်းပေးနိုင်ပါက သူ့ အနေဖြင့် မပြီးဆုံးနိုင်သည့် စာအုပ်များကို စိတ်အေးလက်အေး ဖတ်နိုင်မည် ဖြစ်သည်။

...

‘စာအုပ်စင် စီတာ၊ သန့်ရှင်းရေးလုပ်တာ၊ မှတ်တမ်းရေးတာ... တော်တော်လေး လွယ်ကူတဲ့ အလုပ်...’

ပတ်ဝန်းကျင်ရှိ စာအုပ်စင်များဆီသို့ လှမ်းကြည့်လိုက်သောအခါ မိန်းမငယ်လေးမှာ မရည်ရွယ်ဘဲ တုန်ယင်သွားခဲ့သည်။

ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေရုံမျှဖြင့် ထိုမျှ ထူထဲပြီး ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာများကို သူမ ခံစားသိရှိနေရပြီ ဖြစ်သည်။ ဤစာအုပ်များ၊ စင်များနှင့် စာအုပ်ဆိုင်တစ်ခုလုံးမှာ မည်သည့်အရာများ ဖြစ်နေမည်ကိုပင် သူမ စိတ်ကူး၍ မရနိုင်ချေ။ ၎င်းက အလွန် ထူးဆန်းနေသည်။

ယခုအခါတွင် သူမ မျက်စိပင် မှိတ်ရဲခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် မျက်လုံးများအား မှိတ်လိုက်သည့် အခိုက်အတန့်တိုင်းတွင် ထိုကျောချမ်းစဖွယ် ခံစားမှုက ပိုမိုကြီးမားလာသောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် အမိုက်မှောင်ထဲမှ မြင်ကွင်းမှာ ဤရိုးရှင်းပြီး ယိုယွင်းနေသည့် စာအုပ်ဆိုင်လေး ဖြစ်နေတော့မည် မဟုတ်ပေ။

ထိုမျှ ကြောက်မက်ဖွယ် ကောင်းလှသည့် အရာများနှင့် နေ့စဉ် ထိတွေ့ဆက်ဆံရမည်ကို သူမ မလိုချင်ပေ။ ထိုအကြောင်းကို တွေးလိုက်ရုံနှင့်ပင် သူမ၏ သွေးကြောများမှာ အေးခဲသွားသည်။

သို့သော်လည်း အကယ်၍ သူမ သဘောမတူခဲ့လျှင်...

အမှန်တရား အသင်းတော်၏ လိုက်လံဖမ်းဆီးခြင်းအား ခံနေရခြင်းသည်သာ အကောင်းဆုံး အခြေအနေ ဖြစ်လိမ့်မည်။ သူမ သူတို့ လက်မှ ကံကောင်း ထောက်မစွာ လွတ်မြောက်သွားနိုင်လျှင်ပင် အနာဂတ် နေ့ရက်များမှာ မရေရာမှုများဖြင့် ပြည့်နှက်နေဦးမည်။

ဓာတ်ခွဲခန်းထဲတွင် ခိုးနားထောင်ခဲ့ရသည့် အကြောင်းအရာများမှလွဲ၍ အပြင်လောကနှင့်ပတ်သက်သည့် သူမ၏ ဗဟုသုတမှာ အခြေခံအားဖြင့် သုညဖြစ်သည်။

သို့သော်လည်း... ထိုလိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါက... သူမ၏ အမှန်တကယ် ဘဝမှာ နောက်ထပ် ရက်အနည်းငယ်မျှသာ ဆက်လက် တည်တံ့ပြီး အဆုံးသတ်သွားပေလိမ့်မည်။

ပိုမို၍ အဆိုးမြင်စိတ်ဖြင့် တွေးကြည့်ပါက... သူမ အနေဖြင့် လူငယ်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါက စာအုပ်ဆိုင်ထဲမှာပင် အဆုံးသတ်သွားနိုင်ခြင်းမျိုး ဖြစ်နိုင်ချေ ရှိသည်။

ယခုလို ရှုပ်ရှုပ်ထွေးထွေး အခြေအနေမျိုးနှင့် မကြုံတွေ့ ဖူးသေးသည့် ဉာဏ်ရည်တု လူသား တစ်ဦး အနေဖြင့် သူမ၏ စိတ်မှာ စိုးရိမ် ထိတ်လန့်ခြင်းများနှင့် အတူ အကြံအိုက် နေခဲ့သည်။

သို့သော်လည်း... အခြေအနေများကို ချိန်ဆကြည့်ရလျှင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်အတိုင်းအတာက ခန့်မှန်းခြေအားဖြင့် အတူတူလောက်သာ ဖြစ်သည်။ ဤနေရာတွင် ဆက်လက်နေထိုင်ခြင်းကသာလျှင် သူမ အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ဟန်ပင် ရှိနေသည်။

အထောက်အထားသစ် တစ်ခုကို ရရှိခြင်း၊ ခိုလှုံရာနေရာကို ပေးအပ်ခံရခြင်း... သို့သော် ၎င်း၏ တန်ဖိုးက...

"မင်း မလိုလားရင် ငါ အတင်းအကျပ် မခိုင်းဘူးနော်... မင်းမှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိရင်လည်း ငါ ဝင်ပြီး စွက်ဖက်မှာ မဟုတ်ဘူး..."

"ဒီလောက် စိတ်ဖိစီးနေစရာ မလိုပါဘူး..."

လင်ကျဲမှာ မိန်းမငယ်လေး၏ စိုးရိမ်စိတ်နှင့် တုံ့ဆိုင်းနေပုံတို့ကို သတိပြုမိလေရာ နူးညံ့စွာ ပြုံးပြလိုက်သည်။

"လောလောဆယ် ဘာမှ သိပ်ပြီး စဉ်းစားပူပန်နေစရာ မလိုပါဘူး... ဒဏ်ရာတွေ ပိုကောင်းလာတဲ့အထိ စောင့်လို့ရတယ်"

"မင်းရဲ့ ဒဏ်ရာတွေ လုံးဝ ပျောက်ကင်းသွားတဲ့အထိတော့ ငါ ဆက်ပြီး ခေါ်ထားပေးမှာပါ... အဲဒီနောက်မှာ နေမလား၊ ထွက်သွားမလားဆိုတာကတော့ မင်းရဲ့ လုံးဝ လွတ်လပ်ခွင့်ပါပဲ"

လင်ကျဲ မိန်းမငယ်လေးကို ကူညီထူမပေးလိုက်ပြီး သူမ၏ လက်များကို သူ့ ပခုံးများပေါ် တင်လိုက်ရင်း ကျောပေါ် သို့ တက်ရန် အချက်ပြလိုက်သည်။

"ဒါပေမဲ့ တစ်ခုတော့ သတိပေးထားရဦးမယ်... အထောက်အထားသစ်နဲ့ ပတ်သက်ပြီး နောက်ပေါ်လာနိုင်တဲ့ ပြဿနာတွေကိုတော့ မင်းဘာသာမင်း ဖြေရှင်းရမယ်နော်... ငါက သာမန် စာအုပ်ဆိုင်ပိုင်ရှင်လေး တစ်ယောက်ပါ... ပရဟိတသမား မဟုတ်ဘူး”

တတ်နိုင်သမျှ ကူညီပေးခြင်း၊ ဖောက်သည်များအား အကြံဉာဏ်ပေးခြင်းတို့မှာ ရေရှည် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပြီး ပိုမိုရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ကာ ယုံကြည်မှုကို ရရှိစေသည်။ စာအုပ်ဝယ်ရန် ရည်ရွယ်ချက် မရှိစေကာမူ ရိုးရိုးစကားစမြည် ပြောဆိုခြင်းဖြင့်ပင် စာအုပ်ဝယ်ယူရန် စဉ်းစားလာအောင် လုပ်ဆောင်နိုင်သည်။ တနည်းအားဖြင့်ဆိုသော်... ဤအရာအားလုံးမှာ တန်ဖိုးချင်း တူညီသည့် လဲလှယ်မှု ပုံစံတစ်မျိုးပင် ဖြစ်ပေသည်။

သို့သော်... ဤမိန်းကလေးကတော့ ခြားနားပေသည်။ သူမက တည်ငြိမ်သည့် ဖောက်သည် ရင်းမြစ် မဟုတ်သလို မမျှော်လင့်ထားသည့် ပြဿနာများကိုပင် သယ်ဆောင်လာနိုင်သူဖြစ်သည်။

လင်ကျဲမှာ ကြင်နာတတ်သူ တစ်ယောက် ဖြစ်သော်ငြားလည်း ကိုယ်မတတ်နိုင်သည့် ကိစ္စရပ်များကိုတော့ ကူညီပေးနိုင်ခြင်း မရှိချေ။

မိန်းမငယ်လေးမှာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လက်နှစ်ဖက်ဖြင့် လင်ကျဲ၏ ပခုံးကို ဆုပ်ကိုင်လိုက်ရင်း အနည်းငယ် တုန်ယင်စွာဖြင့် ကျောပေါ်သို့ တက်လိုက်လေတော့သည်။

***

All Chapters