ထူးဆန်းသည့် နေရာ (၃)
Vol. 8 Ch. 108
လင်ကျဲ မိန်းမငယ်လေး၏ သွယ်လျသည့် ခြေထောက်များကို ထိန်းကိုင်လိုက်ရင်း သူမ၏ ဒဏ်ရာများကို ဂရုပြု ရှောင်ရှားကာ လှေကားထစ်များဆီသို့ ဦးတည်သွားသည်။
"ဒီမှာ အပိုအခန်း မရှိဘူး... မင်း ငါ့အိပ်ရာကို ခဏယူသုံးနိုင်တယ်... ငါကတော့ နောက်မှီကုလားထိုင်ပေါ်မှာ အိပ်လိုက်မယ်... မနက်ဖြန်ကျရင်တော့ အိပ်ရာအသစ် သွားဝယ်လိုက်မယ်"
မိန်းကလေးမှာ လူငယ်၏ နောက်ကျောဘက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိ၏။ လူငယ်၏ နောက်ကျောဆီမှ ထွက်လာသည့် အပူချိန်က သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဖိကပ်လာရာ လုံးဝဆန်းသစ်သော အတွေ့အကြုံပင် ဖြစ်သည်။
‘အရမ်းကို နွေးတယ်... ငါ သူ့နှလုံးခုန်သံကိုတောင် ကြားရတယ်...’
အိပ်ခန်းထဲသို့ ရောက်သောအခါ မိန်းမငယ်လေး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းလာကာ လက်များက သူ၏ ပခုံးများကို ပို၍ပင် တင်းကျပ်စွာ ဆုပ်ကိုင်လာသည်ကို သတိပြုမိလိုက်သည်။
"ဘာဖြစ်လို့လဲ... ကလေးမ..."
လင်ကျဲ ခေါင်းလှည့်ကြည့်လိုက်သောအခါ မိန်းမငယ်လေး၏ အကြည့်များမှာ အိပ်ရာဘောင်ပေါ်ရှိ အိပ်မက်ဖမ်းစက် ပေါ်တွင် ရှိနေသည်ကို သတိပြုလိုက်မိသည်။ သူ ပြုံးလိုက်၏။
"လှတယ် မဟုတ်လား... ငါ့ဖောက်သည် တစ်ယောက် ပေးထားတဲ့ လက်ဆောင်လေ... ချိုမြိန်တဲ့ အိပ်မက်တွေကို မြင်မက်စေတဲ့ ဒေသထွက် ပစ္စည်းပါ... အိပ်မက်ဖမ်းစက်လို့ ခေါ်တယ်... ပြီးတော့ တော်တော်လေးလည်း ထိရောက်တယ်"
‘ချိုမြိန်တဲ့ အိပ်မက်...’
မိန်းကလေးမှာ ထိတ်လန့် သွားခဲ့၏။ ဓာတ်ခွဲခန်းတွင် အမှတ်စဉ် ၂၇၇ အဖြစ် ရှိနေစဉ်တုန်းက အလားတူ ရောင်ဝါရှိသည့် ပစ္စည်းတစ်ခုကို မြင်တွေ့ခဲ့ရဖူးသည်။ ၎င်းကို လုံခြုံရေး တင်းကျပ်စွာ တပ်ဆင်ထားသည့် အထပ်လိုက် အကာအကွယ်များဖြင့် သိမ်းဆည်းထားခဲ့သည်။
သတင်းများအရ... ၎င်းမှာ အိပ်မက်ဘုံများကို ရက်လုပ်နိုင်စွမ်းရှိပြီး သတ္တဝါများကို ထိတ်လန့်ဖွယ် ကောင်းလှသည့် အိပ်မက်များထဲသို့ ဆွဲသွင်းကာ ဖြည်းညှင်းစွာ သတ်ပစ်နိုင်စွမ်းရှိသည်ဟု ဆိုသည်။ ထိုကဲ့သို့ ပစ္စည်းမျိုးမှာ အသူရာ ချောက်ကြီးထဲမှ သားရဲဆင့်ခေါ် အိပ်မက်နတ်ဆိုးထံမှ ဆင်းသက်လာသည်ဟု ဆိုသည်။
ဤနေရာတွင်မူ ၎င်းကို တစ်မျိုးမျိုးသော မှော်အတတ်သုံး ကိရိယာအဖြစ် ဖန်တီးထားပုံရသည်။ သူ၏ ဖောက်သည် ဆိုသူက မည်သို့သော သတ္တဝါမျိုးနည်း။
မိန်းမငယ်လေး၏ စိတ်ထဲ အတွေးများ ဖြတ်သန်းသွားစဉ်တွင်... စားပွဲပေါ်တွင် တင်ထားသည့် ဓားကိုလည်း သတိထားလိုက်မိတော့သည်။ လင်ကျဲက သူမ၏ အကြည့်များကို ချက်ချင်းပင် သတိပြုမိကာ ရှင်းပြလိုက်သည်။
"ဟိုဓားကလည်း ဖောက်သည်ဆီက ရတဲ့ အမှတ်တရပစ္စည်းလေးပါပဲ... သူတို့ မိသားစုရဲ့ ဂုဏ်ကျက်သရေကို ကိုယ်စားပြုနေတဲ့ သင်္ကေတတစ်ခုပါ... တကယ့်ကို တန်ဖိုးရှိပါတယ်"
မိန်းကလေး၏ ထိတ်လန့်မှုမှာ ပိုမို၍ တိုးလာခဲ့၏။ ဓား၏ တောက်ပမှုမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော ကြီးကျယ်ခမ်းနားသည့် အဖြူရောင် မီးလျှံနှင့် တူညီနေသည်။
ဤကဲ့သို့ ဓားမျိုးကို စားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါး ထားခြင်းဖြင့်... အခန်းပိုင်ရှင်မှာ သတ်ဖြတ်ခြင်း အတတ်ပညာတွင် ကျွမ်းကျင်သော သူရဲကောင်းတစ်ဦး ဖြစ်ကြောင်း ထင်ရှားစေသည်။ အိပ်နေသည့်အခါတွင်ပင် လက်နက်မှာ အမြဲတစေ အနီးကပ် ရှိနေပြီး ဝင်ရောက်ရန် ရဲဝံ့သည့် မည်သည့် ရန်သူကို မဆို ချက်ချင်း ခေါင်းဖြတ်ရန် အသင့်ပြင်ဆင်ထားပုံ ပေါက်နေသည်။
လူငယ်မှာ သူမကို အိပ်ခန်းထဲတွင် ထားရှိခြင်း ဖြစ်ဟန်တူသော်ငြား၊ တကယ်တမ်းတွင်မူ တင်းမာပြတ်သားသော သတိပေးချက်တစ်ခု ဖြစ်နေသည့်ပုံ ပေါက်လေသည်။
လင်ကျဲမှာ မိန်းကလေး၏ အမူအရာက တဖြည်းဖြည်း ပြောင်းလဲ နေကြောင်း သတိထားလိုက်မိလေရာ ပတ်ဝန်းကျင် အသစ်ကြောင့် ထိတ်လန့်သွားတာပဲ ဖြစ်ရမည်ဟု ယူဆလိုက်သည်။ သူမကို အိပ်ရာပေါ်တွင် နေရာ ချထားပေးလိုက်ပြီးနောက် ဗီရိုထဲမှ အပိုအဝတ်အချို့ကို ထုတ်ယူကာ လှမ်းပေးလိုက်သည်။
"စိတ်အေးအေးထားပါ... ကလေး... ဒီမှာ မင်းကို ဘယ်သူမှ ထိခိုက်အောင် မလုပ်ပါဘူး... ကြောက်ရင် ငါ့ကို အော်ခေါ်လိုက်... အဆင်ပြေလား..."
ထိုမိန်းမငယ်လေးသည် အဝတ်များကို ယူလိုက်၏။ အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီးနောက် သူမက ခေါင်းမော့ကာ ရုတ်တရက် မေးလိုက်သည်။
"လူသားတွေရဲ့ ကိုယ်အပူချိန်က... အားလုံး အတူတူပဲ ပူတာလား..."
ဖြစ်သမျှ အကြောင်း အကောင်းသာ ဖြစ်သည်။ လောလောဆယ်တွင် ထိုလူငယ်မှာ လူသားတစ်ဦး ဖြစ်သည်ဟုသာ သူမ သတ်မှတ်ထားလိုက်တော့မည်။
"ပူတယ်လေ..."
လင်ကျဲ ရယ်မောလိုက်ရင်း သူမ၏ နဖူးကို စမ်းကြည့်သည်။
"မင်းက သွေးထွက်လွန်သွားလို့ အေးနေတာပါ... ညဆိုရင် စောင်ကို သေချာခြုံဖို့ မမေ့နဲ့... ဒီက ပစ္စည်းတွေ အားလုံးက ငါသုံးတဲ့ဟာတွေချည်းပဲ... လောလောဆယ်တော့ ဒါတွေကိုပဲ သုံးနေလိုက်ပါ"
မိန်းမငယ်လေးမှာ အဝတ်အသစ်များ လဲပြီးနောက် အိပ်ရာပေါ် လှဲလျောင်းလိုက်ကာ စောင်ကို နာခံစွာ ခြုံလိုက်သည်။
သူမ၏ မျက်လုံးနက်ကလေးများက လင်ကျဲကို စိုက်ကြည့်နေ၏။ ၎င်းမှာ မွေးခါစ သားပေါက်လေးက ပထမဆုံး မြင်တွေ့ရသည့် ပုံရိပ်ကို ဦးနှောက်ထဲ စွဲမှတ်ထားသကဲ့သို့ပင် ဖြစ်သည်။
လင်ကျဲမှာ ကလေး ကြောက်လန့်နေမည်ကို စိုးရိမ်သဖြင့် ဓားကို ဖယ်ရှား သိမ်းဆည်းလိုက်၏။ ရုတ်တရက် သူ တစ်ခုခုကို သတိရသွားကာ လှည့်၍ မေးလိုက်သည်။
"မင်းမှာ နာမည်မရှိတော့ဘူးဆိုရင် နာမည်သစ် တစ်ခု သတ်မှတ်ကြတာပေါ့... ဘယ်လို သဘောရလဲ”
မိန်းကလေးက ခေါင်းညိတ်သည်။
"မင်းစိတ်ထဲ နာမည်တစ်ခုခု ရှိလား... မရှိရင် ငါ ကူပြီး စဉ်းစားပေးမယ်လေ"
လင်ကျဲသည် ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ကို ကြည့်လိုက်သည်။ နော်ဇင်မြို့ကို တစ်လကျော်ကြာအောင် ဖုံးအုပ်ထားသည့် တိမ်မည်းများ ကင်းစင်သွားသဖြင့် လမင်းထိန်ထိန်ကို မြင်တွေ့ရသည်။
"မွန်း (လ) ကောင်းတယ် မလား... ဒီနေ့ကစပြီး မင်းကို မွန်းလို့ ခေါ်မယ်..."
...
မွန်းကို နေရာချထားပေးပြီးနောက် လင်ကျဲ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ ထို့နောက် မွန်းကို တွေ့ရှိခဲ့သည့် နေရာတွင် ခြေရာလက်ရာများ ကျန်ရှိနေသေးသလားဆိုသည်ကို စစ်ဆေးကြည့်ရှုလိုက်သည်။
ကံကောင်းစွာပင်... ယခုအချိန်ထိ မခမ်းခြောက်သေးသည့် ရေစီးများက ကျန်ရှိသော သွေးစွန်းရာများ အားလုံးကို ဆေးကြောသွားခဲ့သည်။
လင်ကျဲ သတိထားကာ ပတ်ဝန်းကျင်ကို ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ ခြုံ၍ ကြည့်ပါက သတိပြုစရာ ဘာတစ်ခုမှ မကျန်ပါချေ။
ဤကလေးမှာ အမှန်တကယ်ပင် လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးနိုင်ခဲ့ခြင်း ဖြစ်သည်။ သူမကို ရှာဖွေနေသည့်သူများ၏ လက္ခဏာကိုပင် လင်ကျဲ မတွေ့ခဲ့ရပေ။ ထို့အပြင် သူ နေထိုင်သည့် လမ်းမှာ လူနေနည်းပါးပြီး အလှမ်းကွာသည့် သဘာဝကြောင့်လည်း ဖြစ်နိုင်သည်။
ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ရပ် ပြီးဆုံးသွားသည်မှာ အတန်ကြာခဲ့ပြီ ဖြစ်လေရာ စိတ်ဝင်စားမှုများမှာလည်း ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ လူအများစု၏ သိချင်စိတ် အာသီသ ပြေလည်သွားပြီးနောက် ဤနေရာမှာ ဧည့်သည်များစွာကို မဆွဲဆောင်နိုင်တော့သည့် မူလ အခြေအနေသို့ ပြန်ရောက်သွားသည်။
လင်ကျဲ စာအုပ်ဆိုင် အတွင်း ပြန်ဝင်လာခဲ့ပြီးနောက် နောက်မှီကုလားထိုင်ပေါ်တွင် ချိတ်ထားသည့် သွေးစွန်းနေသော မျက်နှာသုတ်ပဝါ အပါအဝင် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။
သွေးစွန်းနေသည့် သဘက်ကို လျှော်ဖွပ်ကာ သန့်ရှင်းရေးလုပ်ပြီးနောက် သူ မြေအောက်ခန်းမှ ပြန်တက် လာခဲ့သည်။ အပြင်ဘက် ကောင်းကင်မှာ အတော်လေး မိုးလင်းစပြုနေပြီ ဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။
မွန်းကို ကယ်တင်၍ နေရာချထားပေးခဲ့သည့်အချိန်မှစ၍ အချိန် ဘယ်လောက် ကုန်သွားသည်ကို မသိလိုက်ဘဲ တစ်ညတာ ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
လင်ကျဲ စာအုပ်ဆိုင် အတွင်း ကျန်ရှိနေသေးသည့် ခြေရာလက်ရာများကို ဆက်လက် သန့်ရှင်းရေး လုပ်နေခဲ့သော်လည်း နောက်မှီကုလားထိုင်ပေါ်ရှိ သွေးစွန်းရာများက ဖျက်ရန် ခက်သဖြင့် နောက်ဆုံးတွင် လောလောဆယ်အတွက် လက်လျှော့လိုက်ရသည်။
ကံကောင်း ထောက်မစွာပင်... ထိုနောက်မှီကုလားထိုင်မှာ အနည်းငယ် အိုနေပြီ ဖြစ်လော သွေးစွန်းနေသည့် အမည်းကွက်များမှာ သိပ်ပြီး ထင်ရှားခြင်း မရှိပေ။
လင်ကျဲ ထိုင်လိုက်ရင်း... ဆက်သွယ်ရေး ကိရိယာတွင် သိမ်းဆည်းထားသည့် တစ်ခုတည်းသော ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
ထိုဖုန်းနံပတ်ကို နော်ဇင်မြို့သို့ သူ စတင် ရောက်ရှိပြီး စာအုပ်ဆိုင်ဖွင့်စဉ်က ပထမဆုံး ဝန်ဆောင်မှုပေးခဲ့သည့် ဖောက်သည်မှ ပေးခဲ့ခြင်းဖြစ်သည်။ ထိုဖောက်သည်မှာ သူ၏ လိုင်စင်မဲ့ ဆိုင်ကို လုပ်ငန်းလည်ပတ်ခွင့် မှန်ကန်စွာရှိသည့် ဆိုင်အဖြစ်သို့ ပြောင်းလဲပေးရာတွင် အကူအညီပေးခဲ့ပြီး များစွာသော အခြား အထောက်အပံ့များကိုသာ ပေးခဲ့သည့် ဖောက်သည်လည်း ဖြစ်သည်။
ထိုအရာအားလုံးသည် လင်ကျဲ စာအုပ်တစ်အုပ်ကို အကြံပြုပြီး သူမအား နှစ်သိမ့်ပေးခဲ့ခြင်းအတွက် ပြန်လည်ကျေးဇူးဆပ်ခြင်းပင် ဖြစ်သည်။
ထိုစဉ်က လင်ကျဲမှာ ပုံမှန် အားပေးစကားများနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုအချို့ကို ပေးခဲ့ခြင်းမျှသာ ဖြစ်သည်။ သို့သော်လည်း... ဖောက်သည်၏ နောက်ပိုင်း ပြုမူပုံများအရ ထိုစကားဝိုင်းမှာ သူမ ဘဝကို ပြောင်းလဲစေခဲ့သည့် ကိစ္စဖြစ်ဟန် တူသည်။
ထို့အပြင်... ထိုအချိန်ကာလမှာ လင်ကျဲ အမှန်တကယ် အကူအညီ လိုအပ်နေသည့် ကာလလည်း ဖြစ်သည်။ ထို့ကြောင့်ပင် ဖောက်သည်က သူ့ကို ကျေးဇူးရှင်ကဲ့သို့ သဘောထားပြီး ကျေးဇူးတင်ကြောင်း ပြသသောအခါ လင်ကျဲကလည်း လက်ခံရန် ရွေးချယ်ခဲ့သည်။
ဖုန်းနံပါတ်ကို ပေးစဉ်က သူမက လင်ကျဲကို ပြောခဲ့သည်။ ဤနံပါတ်မှာ သူ့အတွက် နေ့ရောညပါ ၂၄ နာရီ အသင့်ရှိနေမည်။ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ... လင်ကျဲ အကူအညီလိုအပ်သရွေ့ မည်သည့်အချိန်တွင်မဆို ဤနံပါတ်ကို ခေါ်ဆိုလိုက်ရုံဖြင့် အဖြေတစ်ခုကို သေချာပေါက် ရရှိမည်ဟု ဆိုသည်။
ဖုန်းလာသည်နှင့် ချက်ချင်းပင် သူမမှာ လင်ကျဲ၏ ပြဿနာကို ဖြေရှင်းပေးရန် အစွမ်းကုန် ကြိုးစားပေးမည် ဖြစ်သည်။ သို့သော်လည်း... လွန်ခဲ့သည့် သုံးနှစ်တာ ကာလအတွင်းတွင် လင်ကျဲ ဤနံပါတ်ကို တစ်ခါမျှ မခေါ်ဆိုခဲ့ဖူးပေ။
သူ အခြားသူများကို အနှောင့်အယှက် မပေးလိုပေ။ သူ့အမြင်တွင် ထိုစဉ်က လိုင်စင်မဲ့ ဆိုင်ပြဿနာကို ဖြေရှင်းပေးခဲ့ခြင်းကပင်လျှင် သူ ပေးခဲ့သည့် အကြံဉာဏ်အတွက် လုံလောက်သော ကျေးဇူးဆပ်မှု ဖြစ်နေပြီ ဖြစ်သည်။
နောက်ထပ် တစ်ချက်က... လင်ကျဲမှာ အမှန်တကယ် ပြဿနာများနှင့် မကြုံတွေ့ခဲ့ရခြင်းပင် ဖြစ်သည်။ ကမ္ဘာသစ်ကို ကူးပြောင်းလာခဲ့ပြီးနောက် သုံးနှစ်တာ ကာလအတွင်းတွင် သူ စာအုပ်ဆိုင်ကို ဖွင့်လှစ်ကာ သာမန်ဘဝကို နေထိုင်ခဲ့ပြီး တစ်ခါတစ်ရံ ရောက်ရှိလာသော ဖောက်သည်များကို နွေးထွေးမှုနှင့် ဂရုစိုက်မှုတို့ကိုသာ ပေးအပ်ခဲ့သည်။
သို့သော်လည်း... ယခုအခါတွင်တော့ သူ ဆိုင်အကူအသစ် တစ်ဦးကို ခန့်အပ်ခဲ့ပြီ ဖြစ်သည်။ သူမ ဤနေရာတွင် စိတ်အေးချမ်းသာစွာ အလုပ်လုပ်နိုင်ရန် လိုအပ်သည်။
မွန်းမှာ သူမ၏ ဆုံးဖြတ်ချက်ကို တိတိကျကျ မပြောသေးသော်ငြား... စဉ်းစားပြီးသည့်နောက် နေထိုင်ရန် ရွေးချယ်မည်ကို လင်ကျဲ အခြေခံအားဖြင့် သေချာနေခဲ့သည်။ အလိုလို သိနေသည့် ဤကဲ့သို့သော သေချာမှုမှာ ယခင်က ဘယ်သောအခါမျှ မှားယွင်းခဲ့ခြင်း မရှိခဲ့ပါချေ။
***