← Chapters

ချယ်ရီ

Vol. 8 Ch. 109

ချယ်ရီ

Vol. 8 Ch. 109

ခဏအကြာတွင် ဖုန်းခေါ်ဆိုမှုမှာ အဆက်အသွယ် ရသွား၏။ အသံတစ်သံ ထွက်ပေါ်လာသည်။ မိန်းကလေးသံ ဖြစ်ပြီး လေးစားမှုရှိသော်လည်း အကြောတင်းသည့် မိန်းကလေး တစ်ဦး၏ ပုံရိပ်ကို စိတ်ကူးရလောက်အောင် အနည်းငယ် အေးစက်နေသည်။

"ဟဲလို မစ္စတာ လင်..."

"ဟဲလို..."

လင်ကျဲ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ထိုထူးခြားသည့် အသံပိုင်ရှင်၏ ဇစ်မြစ်ကို ဆုံးဖြတ်ဖို့ ကြိုးစားလိုက်သည်။

"ချယ်ရီကို လာခေါ်သွားတဲ့ တစ်ယောက်လားဗျ..."

"ဟုတ်ပါတယ်... ကျွန်မကို ဘယ်လာလို့ ခေါ်နိုင်ပါတယ်... မစ္စတာလင်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိနေခွင့် ရတဲ့ အတွက် ဂုဏ်ယူပါတယ်ရှင်... လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး သခင်မရဲ့ ညွှန်ကြားချက်နဲ့ အတူ မစ္စတာလင်ရဲ့ ဖုန်းခေါ်ဆိုမှုကို ကျွန်မ အမြဲစောင့်ဆိုင်းနေခဲ့တာပါ... သခင်မကို အသိပေးလိုက်ရမလားရှင်..."

"ရပါတယ်... မလိုပါဘူး... သူ အိပ်ပါစေ"

ဘယ်လာက ပရော်ဖက်ရှင်နယ် ဆန်ဆန် လေသံကို ဆက်လက် ထိန်းထားရင်း ပြောလိုက်၏။

"ကောင်းပါပြီရှင်... သခင်မ နိုးတဲ့အခါ ကျွန်မ အသိပေးပါ့မယ်... မစ္စတာလင်ရဲ့ ညွှန်ကြားချက်က ဘာများ ဖြစ်မလဲဆိုတာ သိပါရစေရှင်... သခင်လေးရဲ့ တောင်းဆိုချက်မှန်သမျှဟာ ကျွန်မတို့အတွက် နံပါတ်တစ် ဦးစားပေးပါပဲ..."

‘ခါတိုင်းလို အလွန်အကျွံပါလား...’

လင်ကျဲ ကြက်သီးထသွားသလိုပင် ခံစားလိုက်ရ၏။ သို့သော်လည်း... သူတို့မှာ ကုန်သည် မိသားစုမှ ဖြစ်လေရာ ကတိတစ်လုံးကို ဘုရားတစ်ဆူ ကဲ့သို့ လေးစားကာ ကျေးဇူးသိတတ်ခြင်း ဆိုသည့် တန်ဖိုးကို ကိုးကွယ်ကြသူများ ဖြစ်သည်။ သို့သော်လည်း... သုံးနှစ်ကြာပြီးနောက်တွင်ပင် သူတို့၏ သဘောထားက အနည်းငယ်မျှ မပြောင်းလဲသေးကြောင်းကို သူ မတွေးမိခဲ့ပေ။

"ဇာစ်မြစ်မသိရသေးတဲ့ ကလေးတစ်ဦးကို ကျွန်တော် ကယ်ဆယ်လိုက်မိတယ်... သူ့အတွက် ကိုယ်ပိုင် အထောက်အထားသစ် တစ်ခု လိုအပ်ပါတယ်... လိုအပ်ရင် လမ်း ၂၀ နဲ့ ၅၀ ကြားက မီးလောင်တဲ့ ကိစ္စကို စစ်ဆေးကြည့်ပါ"

"ခဏလေးပါရှင်..."

ဘယ်လာဘက်မှ ခဏမျှ တိတ်ဆိတ်သွား၏။ လင်ကျဲ၏ တောင်းဆိုချက်အရ သူမက စုံစမ်းစစ်ဆေးနေဟန် တူသည်။

ခဏအကြာတွင် သူမက ပြန်ဖြေလိုက်၏။

"နားလည်ပါပြီရှင်... ဒါပေမယ့် ဒီကိစ္စက နည်းနည်းလေး စိစစ်ရမယ့် အခြေအနေ ဖြစ်နေလို့ ရက်အနည်းငယ်လောက်တော့ စောင့်ရပါလိမ့်မယ်... ခွင့်လွှတ်ပေးပါရှင်... အချိန်ကျရင် ကျွန်မတို့ လူတွေ လာရောက်ပြီး အကူအညီ ပေးပါလိမ့်မယ်... လုံးဝ ဘေးကင်းလုံခြုံမှု ရှိစေရမယ်လို့ ကျွန်မတို့ဘက်က အာမခံပါတယ်ရှင်"

"ကောင်းပါပြီ"

လင်ကျဲက လက်ခံလိုက်၏။

"ဒါနဲ့ ခင်ဗျားရဲ့ လေသံက သုံးနှစ်ကြာပြီးတဲ့နောက်မှာတောင် မပြောင်းလဲ သေးသလိုပဲ”

ဘယ်လာက ညင်သာစွာပင် ပြန်ဖြေလိုက်၏။

"သခင်လေးအတွက်တော့ ဘာမှ မပြောင်းလဲဘူးလို့ ထင်ရနိုင်ပါတယ်... ဒါပေမယ့် ကျွန်မတို့အတွက်ကတော့ ဒီသုံးနှစ်တာကာလဟာ ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်... ဒါပေမယ့် မပြောင်းလဲတဲ့ တစ်ခုတည်းသောအရာကတော့ မစ္စတာလင် အပေါ်ထားရှိတဲ့ ကျွန်မတို့ရဲ့ ကျေးဇူးတရားနဲ့ လေးစားမှုပါပဲ"

"သခင်မဟာ ဒီအချိန်တွေ အတွင်း မစ္စတာလင်ကိုပဲ တွေးနေခဲ့တာပါ... မစ္စတာလင်ရဲ့ အကြံဉာဏ်ကို ထပ်မံ နားထောင်ဖို့ မျှော်လင့်နေခဲ့တာပါ... ဒါပေမယ့် သခင်လေးက သုံးနှစ်အတွင်း ကျွန်မတို့ကို လုံးဝ မဆက်သွယ်ခဲ့တဲ့အတွက် တောင်းဆိုဖို့ မရဲပါဘူးရှင်"

"သခင်လေး မငြင်းဘူးဆိုရင် သခင်မ ကိုယ်စား လာရောက်ခွင့်လေး ပြုပါလို့ ကျွန်မဘက်က တောင်းဆိုချင်ပါတယ်ရှင်..."

လင်ကျဲ တစ်ယောက် ထိုစကားလုံးများကို ကြားလိုက်ရသောအခါ အပြစ်ရှိသလိုပင် ခံစားလိုက်ရသည်။ တကယ်တော့ သူက သူတို့ကို အနှောက်အယှက်ပေးမိမှာ စိုးရိမ်တာကြောင့် မဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ထိုလုပ်ရပ်ကပင် သူတို့၏ မျှော်လင့်ချက်များကို စိတ်ပျက်စေသလို ဖြစ်စေခဲ့ကြောင်း နားမလည်နိုင်ခဲ့ပါချေ။

လင်ကျဲသည် သက်ပြင်းချလိုက်သည်။

"ရပါတယ်ဗျာ... ကျွန်တော့် စာအုပ်ဆိုင်ကို အချိန်မရွေး လာရောက်လည်ပတ်ဖို့ ကြိုဆိုပါတယ်... အရင်တုန်းကလိုပဲ ကျွန်တော်လည်း ခင်ဗျားနဲ့ ချယ်ရီကို ထပ်တွေ့ခွင့်ရဖို့ မျှော်လင့်နေပါတယ်"

ဘယ်လာက လေးစားစွာ နှုတ်ဆက်ပြီးနောက် လင်ကျဲ ဖုန်းကို ချလိုက်သည်။ ထို့နောက် သူက နောက်တစ်ကြိမ် ခေါင်းခါလိုက်မိသည်။ ချယ်ရီမှာ ထိုစဉ်က သူ့အပေါ် အလွန်အမင်း ခင်တွယ် တန်ဖိုးထားခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း... အရွယ်မရောက်သေးသည့် မြီးကောင်ပေါက် အရွယ်တွင် အခြားသူ တစ်ယောက် အပေါ် အလွန်အကျွံ ကိုးကွယ်ခြင်းသည် ကောင်းသောအရာ မဟုတ်ပေ။

သူမ လာရောက်လည်ပတ်သည့်အခါ စကားကောင်းကောင်း ပြောဆိုရပေဦးမည်။

လင်ကျဲသည် ဖုန်းကို သိမ်းဆည်းလိုက်ပြီးနောက် အပြင်ဘက်ကောင်းကင်က ပိုမိုလင်းထင်း လာသည်ကို ငေးမော ကြည့်နေလိုက်သည်။ သူ အိပ်ရာတစ်စုံ ထွက်ဝယ်ဖို့ ဟန်ပြင်လိုက်သည့် အချိန်တွင်ပင် ဘေးဆိုင်ရှိ တီဗီမှာ ပုံမှန်အချိန်အတိုင်း ပွင့်လာပြီး အမင်္ဂလာ သတင်းတစ်ခုကို ထုတ်လွှင့်ခဲ့သည်။ ၎င်းမှာ အနီးနားရှိ ဈေးဝယ်စင်တာအား ယာယီပိတ်ထားကြောင်းပင်။

လင်ကျဲ၏ အကြည့်များမှာ ထောင့်တစ်နေရာရှိ လျှပ်စစ်လွှငယ် တစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်။

‘ကြည့်ရတာ ငါ ကိုယ်တိုင် အလုပ်ဆင်းရတော့မယ် ထင်တယ်...’

...

ဘယ်လာက ဆက်သွယ်ရေး ကိရိယာကို အစေခံဝတ်စုံ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီးနောက် ဝတ်စုံကို ပြန်လည်ပြင်ဆင်လိုက်သည်။

ထို့နောက်... သူမက မတ်တပ်ရပ်လိုက်ကာ စားပွဲပေါ်ရှိ ဖိုင်များစွာကို စိုက်ကြည့်လိုက်သည်။ ထို့နောက် လှည့်၍ အခန်းထဲမှ ထွက်ခွာသွားတော့၏။

ဖျပ်... ဖျပ်.... ဖျပ်...

စင်္ကြန်လမ်းပေါ်၌ သူမ၏ သားရေ ဖိနပ်သံမှာ ပြတ်သားပြီး စည်းချက်ညီနေသည်။ သူမက ဇာပန်း ဦးထုပ်ဖြင့် မီးခိုးရောင် ဆံပင်များကို တစ်မျှင်မျှပင် မကျန်အောင် ဖုံးအုပ်ထားသည်။ ကောင်းမွန်စွာ မီးပူတိုက်ထားသည့် အနက်ရောင် အစေခံ ဝတ်စုံက တွန့်ကြေ မနေပဲ စမတ်ကျလျှက် ရှိနေသည်။

သူမက အရပ်ရှည်သည်။ ပါးရိုးများက သူမ၏ တင်းမာသော အမူအရာကို ပိုမို ထင်ရှားစေသည်။ သူမက လုံ့လရှိပြီး ယုံကြည်စိတ်ချရသည့်... တစ်နည်းအားဖြင့် ထက်ထက်မြက်မြက် ရှိသည့် အိမ်ဖော်ကြီး တစ်ဦး၏ ပုံရိပ်ကို ဖော်ဆောင်နေသည်။

အမှန်တကယ်တွင်လည်း... သူမ၏ အဆင့်အတန်းသည် ရိုးရိုး အစေခံတစ်ဦး၏ အဆင့်ထက် များစွာ ကျော်လွန်နေသည်။ ချက်ပ်မန်း မိသားစု သုံးဆက်လုံးကို အစေခံခဲ့လေရာ သူမမှာ မိသားစုဝင် တစ်ယောက်လိုပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သူတို့က သဘာဝတရားကို ယုံကြည်ကြသည့် ရှေးအကျဆုံး ဂျူးဝှစ် မိသားစု တစ်ခု ဖြစ်ကာ အက်ရှ် စီးပွားရေး အဖွဲ့အစည်းကြီး၏ အဓိက အစုရှယ်ယာရှင်လည်း ဖြစ်သည်။

သူမ၏ သခင်မဖြစ်သူ ချယ်ရီ ချက်ပ်မန်းမှာ လက်ရှိ မျိုးဆက်တွင် မိသားစုကို ဆက်ခံမည့်သူ ဖြစ်ပြီး... အက်ရှ် စီးပွားရေး အဖွဲ့အစည်းကြီး၏ ဌာနခွဲ အကြီးအကဲ သုံးဦးထဲမှ တစ်ဦးလည်း ဖြစ်သည်။

သုံးနှစ်တာကာလအတွင်းတွင်ပင်... ချယ်ရီ ချက်ပ်မန်းသည် လူမျိုးကွဲ၏ တရားမဝင် ကလေးတစ်ဦး ဖြစ်ခဲ့ရာမှ ရေတွက်လို့ မရနိုင်သည့် နောက်လိုက်နောက်ပါများနှင့် အစွမ်းထက် သြဇာအာဏာရှိသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။

အချို့သူများက ချယ်ရီမှာ စကားလုံးများမှတစ်ဆင့် အခြားသူများ၏ စိတ်ဝိညာဉ်များကို ဖမ်းစား ထိန်းချုပ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ကောလာဟလ သတင်းများ ဖြန့်ဝေခဲ့ကြပြီး သူမကို ‘စုန်းမ ချက်ပ်မန်း ' ဟု ခေါ်ဝေါ်ကြသည်။

သို့သော်လည်း... ချယ်ရီ၏ အယုံကြည်ဆုံး လက်ထောက်နှင့် အစေခံဖြစ်သည့် ဘယ်လာကတော့ ချယ်ရီ ကြီးထွားလာခဲ့သည့် အရာအားလုံး၏ လျှို့ဝှက်ချက်ကို သဘာဝအတိုင်း သိရှိထားသည်။

အမှန်စင်စစ်... သူမမှာ ထို 'လျှို့ဝှက်ချက်' နှင့် အခုလေးတင်မှ ဖုန်းပြောဆိုမှု ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

ဒေါက်... ဒေါက်...

ဘယ်လာက သခင်မ၏ တံခါးကို ခေါက်လိုက်၏။ ထို့နောက်... လက်နှစ်ဖက်ကို သူ၏ ဝမ်းဗိုက်အောက်တွင် ယှက်ထားရင်း လေးစားစွာ စောင့်ဆိုင်းနေလိုက်သည်။

တံခါး၏ တစ်ဖက်မှ နွမ်းနယ်သော်လည်း နုပျိုလှသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

"ဘယ်လာလား... ဝင်ခဲ့လေ... ဘာကိစ္စလဲ"

***

All Chapters