← Chapters

ချယ်ရီ (၂)

Vol. 8 Ch. 110

ချယ်ရီ (၂)

Vol. 8 Ch. 110

ကျွီ...

ဘယ်လာ တံခါးကို ညင်သာစွာ ဖွင့်လိုက်ပြီးနောက် ပါးလွှာပြီး ပုံသဏ္ဌာန်မရှိသည့် အီသာ စွမ်းအင် အတားအဆီးကို ဖြတ်ကျော်ကာ ဝင်ရောက်လာခဲ့သည်။

ကျယ်ဝန်းလှသည့် အခန်းကြီး၏ နံရံများတွင် သပ်ရပ်လှပသော လိုက်ကာများ ချည်နှောင်ထားသည်။ အခန်း၏ တစ်နေရာတွင် ချက်ပ်မန်း မိသားစု၏ ငွေရောင် အမှတ်တံဆိပ်ကို ချိတ်ဆွဲထားသည်။ ကြီးမား၍ နူးညံ့လှသည့် အိပ်ရာမှာ ခေါင်းအုံး အမျိုးမျိုးဖြင့် ပြည့်နေသည်။ အခန်း တစ်ခုလုံးကို သိုးမွေး ကော်ဇောဖြင့် ခင်းကျင်းထားကာ ထိုအပေါ်တွင် ဆိုဖာနှင့် ကော်ဖီစားပွဲ အစုံအလင်ကို ထားရှိသည်။

မိန်းမငယ်လေးက အိပ်ရာပေါ်မှ ထထိုင်လိုက်၏။ သူမက ဆယ့်တစ်နှစ်သားမျှသာ ရှိသေးပုံရသည်။ နုပျိုပြီး အပြစ်ကင်းစင်စွာ ဆွဲဆောင်မှုရှိသည်။ သူမက နက်နဲသည့် အရောင်အဝါဖြင့် တောက်ပနေသည့် ငွေရောင်မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ မည်းနက်သည့် အသားအရေနှင့် ဆန့်ကျက်ဘက်ပင် သူမ၏ ဆံပင်များ၊ မျက်တောင်မွေးများ၊ မျက်ခုံးမွှေးများ အားလုံးမှာ စင်ကြယ်သည့် အဖြူရောင် အဆင်းကို ပိုင်ဆိုင်ထားသည်။

ချယ်ရီ ချက်ပ်မန်းမှာ လူသားနှင့် ဂျူးဝှစ်မျိုးစပ်ဖြစ်သည်။ သူမ၏ ရုပ်ရည်မှာ မိန်းမငယ်လေး တစ်ဦးနှင့် တူသော်လည်း အမှန်တကယ်တွင် အသက်တစ်ရာကျော် ရှိနေပြီဖြစ်သည်။

ဘယ်လာမှာ သူမ ယခုထိ မအိပ်ရသေးကြောင်း သတိထားလိုက်မိ၏။ ချက်ပ်မန်း စုန်းမက မျက်လုံးများကို ပွတ်သပ်လိုက်ရင်း သမ်းဝေလိုက်၏။

သူမက သိမ်မွေ့သည့် အဖြူရောင် ညဝတ်ဂါဝန်ကို ဝတ်ဆင်ထားကာ သေးသွယ်သော ပါးရိုးများနှင့် ပါးလျသော ကိုယ်ခန္ဓာကို ပေါ်လွင်စေသည်။ ခေါင်းအုံးပုံများကြားတွင် ထိုင်နေသောကြောင့်ပင် သူမမှာ ပိုမို၍ သေးငယ်နေဟန်ရှိသည်။

ဘယ်လာက သူမထံ ချဉ်းကပ်လာခဲ့ပြီး ဝတ်စုံအနားကို မတင်ကာ ဦးညွှတ်အရိုအသေ ပြုလိုက်သည်။

"သခင်မကို အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်ရှင်..."

ချယ်ရီက နောက်တစ်ကြိမ် သမ်းလိုက်၏။

"ဘာလဲ... ငါ အိပ်ချင်နေပြီ..."

"ဒီနေ့တော့ သခင်မ အိပ်နိုင်တော့မယ် မထင်ဘူး..."

ဘယ်လာက ပြုံးလိုက်ရင်း ဆက်သွယ်ရေး ကိရိယာကို လှမ်းပေးလိုက်သည်။

"မစ္စတာလင် ခုနလေးတင် ဖုန်းခေါ်ခဲ့တဲ့အကြောင်း ကျွန်မ သတင်းလာပို့တာပါ”

"ဘယ်လို..."

ချယ်ရီ တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားကာ ခုတင်ပေါ်မှ ရုတ်တရက် ခုန်ဆင်းလိုက်၏။

"သူ... သူက ငါ့ကို ဆက်သွယ်ခဲ့တယ် ဟုတ်လား..."

သူမက အော်ဟစ်လိုက်၏။ ထို့နောက် ခုတင်ပေါ်သို့ ပြန်ခုန်တက်ကာ ခေါင်းအုံးပုံကြားထဲ ငုပ်လျှိုးသွားသည်။ သူမက နီမြန်းနေသော မျက်နှာဖြင့် ခေါင်းအုံးကို တင်းကျပ်စွာ ဖိအုပ်ထားရင်း နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။

“သူက ငါ့ကို ဆက်သွယ်ခဲ့တယ်...”

ထို့နောက် ခေါင်းအုံးကို ကိုက်လိုက်ကာ လူးလိမ့်နေရင်း "မစ္စတာ လင်... မစ္စတာ လင်.." ဟု ထပ်တလဲလဲ အော်ဟစ် နေခဲ့၏။

ဘယ်လာ တစ်ယောက်ကတော့ သူ၏ သခင်မ အရူးတစ်ယောက် ကဲ့သို့ ပြုမူနေသည်ကို ငြိမ်သက်စွာပင် ကြည့်နေခဲ့သည်။ သခင်မမှာ ခါတိုင်းလို သြဇာအာဏာရှိသည့် လူတစ်ယောက် မဟုတ်တော့ပဲ မိမိ ကြိတ်ကာ သဘောကျနေရသူဆီမှ ဖုန်းခေါ်လာလို့ ပျော်ရွှင်နေသည့် မိန်းမငယ်လေးတစ်ဦးနှင့် ပိုတူနေသည် ဟူ၍ သူမ တွေးမိသည်။

သို့သော်လည်း... ထိုစကားလုံးများမှာ ပရော်ဖက်ရှင်နယ် အိမ်ဖော်တစ်ဦးအနေဖြင့် အသံထွက်ပြောနိုင်သည့် စကားများ မဟုတ်ပေ။

လူးလိမ့်ရာမှ အေးဆေး ငြိမ်သက်သွားပြီးနောက် ချယ်ရီက ထထိုင်လိုက်ရင်း အမူအရာမဲ့ မျက်နှာကို ပြန်လည် ဖန်တီးလိုက်သည်။ ထို့နောက် သူမက ဆက်သွယ်ရေး ကိရိယာကို လှမ်းယူလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။

"သူ မင်းကို ဘာပြောလိုက်လဲ..."

သို့သော်လည်း... သူမ၏ ရှုပ်ပွနေသော ဆံပင်များက အပြင်ပန်း တည်ငြိမ်မှုကို သစ္စာဖောက်ကာ စိတ်လှုပ်ရှားမှုကို ဖော်ပြလို့နေသည်။

ဘယ်လာက ချက်ချင်းပင် ပြန်လည် အဖြေပြန်ပေး၏။

"မစ္စတာ လင်က ကလေးမလေးတစ်ဦးကို ကယ်ဆယ်လိုက်မိပြီး သူ့အတွက် ကိုယ်ပိုင် အထောက်အထား တစ်ခု ဖန်တီးပေးဖို့ ကျွန်မတို့ကို မျှော်လင့်နေပါတယ်... ကျွန်မရဲ့ ကနဦး စုံစမ်းစစ်ဆေးမှုတွေ အရ ဆိုရင် မစ္စတာ လင် ပေးခဲ့တဲ့ အချက်အလက်တွေအရ ဒီမိန်းကလေးဟာ နော်ဇင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အိပ်မက်သားရဲ ကျူးကျော်မှုအပြင် အမှန်တရား အသင်းတော်ရဲ့ မက်ရှင်းလု တိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်နေနိုင်ပါတယ်... ပိုပြီး တိကျတဲ့ အချက်အလက်တွေ ရဖို့ အတွက်တော့ လူတွေ စေလွှတ် စုံစမ်းပြီးမှပဲ သိရှိနိုင်မှာပါရှင်"

ချယ်ရီ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ သူမ၏ လက်ထဲမှ ဆက်သွယ်ရေး ကိရိယာကို ကြည့်လိုက်သည်။

"မိန်းကလေးလား..."

ဘယ်လာ နားကြားလွဲတာတော့ မဖြစ်နိုင်လောက်ချေ။ သို့သော်လည်း သူမ များစွာ မတွေးနိုင်ခင်မှာပင် ဘယ်လာ ဆက်ပြောလိုက်သည်။

"ခွင့်လွှတ်ပါ သခင်မ... သခင်မရဲ့ ခွင့်ပြုချက် ကြိုတင်မယူဘဲ မစ္စတာလင်ဆီမှာ လာရောက်လည်ပတ်ခွင့် တောင်းခဲ့ပါတယ်ရှင်...”

ချယ်ရီက သူမကို စိုက်ကြည့်လိုက်ပြီး အမူအရာမဲ့ မျက်နှာဖုံးမှာ ကွာကျသွား၏။ သူမက ဆက်သွယ်ရေး ကိရိယာကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း အထစ်ထစ်၊ အငေါ့ငေါ့ဖြင့် အော်ဟစ်လိုက်သည်။

"ဘယ်... ဘယ်... ဘယ်လိုလုပ်လိုက်တာလဲ... နင်... နင်... နင် စည်းကျော်သွားပြီ... နင်... နင်... မှတ်ထား... ဒီကိစ္စကို ငါ... ငါ... ငါ...”

ချယ်ရီ၏ အသံက တိုးသွား၏။ သူမက မျက်လုံးများကို ပုန်းလျှိုးကွယ်လျှိုး ကြည့်လိုက်ရင်း တီးတိုး မေးလိုက်သည်။

"ဒါဆို... သူ လက်ခံခဲ့လား..."

ဘယ်လာက ပြုံးလိုက်သည်။

"လက်ခံခဲ့ပါတယ်ရှင်... ပြီးတော့ သခင်မ ရောက်ရှိလာမှာကို သူ မျှော်လင့်နေတယ်လို့ ပြောခဲ့ပါတယ်..."

"အား..."

ချက်ပ်မန်း စုန်းမ တစ်ယောက် နှလုံးသားကို မှော်ကျည်ဆံ ထိမှန်သွားသည့် အလား ရင်ဘတ်ကို ဖိလိုက်၏။ ထို့နောက် သူမ အိပ်ရာပေါ် လဲလျောင်းလိုက်ရင်း အသက်ရှူမှားကာ မျက်နှာကျက်ကို စိုက်ကြည့်နေလိုက်သည်။

"မစ္စတာ လင်ရဲ့ တောင်းဆိုချက်ကို သေချာ ဂရုတစိုက် ဖြည့်ဆည်းပေးရမယ်... ဒီကာလအတွင်း နော်ဇင်မြို့ရဲ့ ဖြစ်ရပ်တွေအကြောင်း အချက်အလက်တွေကို ငါ့အတွက် စုစည်းပေးပါ... လေလံပွဲနဲ့ အသင်းရဲ့ ကိစ္စတွေ ပြီးစီးတဲ့အခါ မစ္စတာလင်ဆီကို သွားရောက်လည်ပတ်ဖို့ ငါ့အတွက် အချိန် စီစဉ်ပေးပါ"

ချယ်ရီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းသွားပြီး ဆက်ပြောလိုက်၏။

"ဒါနဲ့ ကွန်ဂရီ့ဗ်ကလည်း ခုလတ်တလောမှာ အထက်လမ်း မှော်ဆရာတွေနဲ့ အရမ်း နီးစပ်လာတယ် လို့ ထင်ရတယ်နော်..."

"ဟုတ်ကဲ့ရှင်... စုံစမ်းဖို့ တစ်ယောက်ယောက် ကျွန်မ စေလွှတ်လိုက်ပါ့မယ်... သခင်မ စိတ်ပူစရာ မလိုပါဘူး... သူ့ရဲ့ လှည့်ကွက်သေးသေးလေးတွေက သခင်မရဲ့ ဆက်ခံသူ ရာထူးကို မလှုပ်ခါနိုင်ပါဘူးရှင်"

"သတိထားတာ ပိုကောင်းတယ်... အဲဒါက မစ္စတာ လင် ငါ့ကို သင်ပေးခဲ့တဲ့ မူဝါဒပဲ..."

ချယ်ရီသည် အနည်းငယ် ပြုံးလိုက်ရင်း ကျေနပ်စွာဖြင့် သက်ပြင်းချလိုက်သည်။

"သုံးနှစ်တောင် ရှိသွားခဲ့ပြီ..."

ဘယ်လာ ဆက်သွယ်ရေး ကိရိယာကို ပြန်ယူလိုက်၏။ သူမ၏ အတွေးများက လွန်ခဲ့သည့် သုံးနှစ်ကာလကို ပြန်လည် ရောက်ရှိသွားခဲ့သည်။ အိမ်မှ ထွက်ပြေးနေခဲ့သည့် ချယ်ရီကို ထိုယိုယွင်းနေသော စာအုပ်ဆိုင်ကလေးမှ ပြန်လည် ခေါ်ယူခဲ့သည့် အဖြစ်အပျက်ကို သူမ မှတ်မိနေဆဲ ဖြစ်သည်။ ထိုအချိန်က ဤမိန်းမငယ်လေး၏ မျက်လုံးများမှာ စာအုပ်ဆိုင် ပိုင်ရှင်ကို ကြည့်ရင်း တဖျပ်ဖျပ် တောက်ပနေခဲ့သည်။

ထိုစဉ်က ချယ်ရီထံတွင် အဘယ်ကြောင့် ထိုကဲ့သို့ အမူအရာမျိုး ရှိနေခဲ့ရသည်ကို ဘယ်လာ နားမလည်ခဲ့ပေ။ သို့သော်လည်း... သုံးနှစ်အကြာတွင်တော့ ထိုရိုးသားပုံရသော လူငယ်မှာ မည်မျှ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသည်ကို အံ့သြချီးကျူးမိခြင်းမှ တစ်ပါး အခြား မတတ်နိုင်ခဲ့ပါတော့ချေ။

...

ကိုလင် တစ်ယောက် သူ့ ရှေ့ရှိ နံရံကို ထိတ်လန့်တကြား စိုက်ကြည့်ရင်း တုန်ယင်နေ၏။ ထိုနံရံကို ဖောက်ထွင်း၍ အိမ်နီးချင်း စာအုပ်ဆိုင်၏ ပုံရိပ်ကို မြင်တွေ့နေရသကဲ့ သူ ခံစားနေရသည်။

ဂျစ်... ဂျစ်...

ဂျွမ်... ဂျွမ်း...

နံရံ၏ တစ်ဖက်မှ နေ၍ လျှပ်စစ်လွှ၏ ကျယ်လောင်သော ဆူညံသံများ အလွန် နီးကပ်စွာ ထွက်ပေါ်နေသည်။ ကိုလင်မှာ ချွန်ထက်သည့် လွှသွားများ လျင်မြန်စွာ လည်ပတ်နေပုံ၊ အသွေးအသားများအား ဆွဲဖြဲနေပုံနှင့် နံရံတစ်ခုလုံးကို သွေးများ ပက်ဖြန်းပြီး သွေးအိုင်များ ဖြစ်ပေါ်နေပုံကို စိတ်ကူးထဲတွင် မြင်ယောင်နေမိခဲ့သည်။

လွှသံများမှာ ကိုလင်၏ မျက်စိရှေ့တွင် ရှိနေသကဲ့သို့ ပို၍ ပို၍ နီးကပ်လာသည်။

"မေမေရေ... ကယ်ပါဦး..."

ကိုလင် တစ်ယောက် ရုပ်မြင်သံကြားကို ပိတ်ပစ်ရန် မဝံ့ရဲချေ။ ထိုကျပန်း ထွက်နေသည့် အသံများက သူ၏ နောက်ဆုံးသော သတ္တိကို ဖော်ပြနေသကဲ့သို့ ရှိသည်။

ကိုလင် တစ်ယောက် တုန်ယင်နေပြီး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေစဉ်တွင် နှာရည်များ ယိုစီးကျလာသည်။ ဤအချိန်တွင် သူ့ တစ်ပတ်ရစ် ဖုန်းကလေး၏ စခရင်မှာ လင်းလင်လာလေရာ တုန်တုန်ရီရီဖြင့် ထုတ်ကြည့်လိုက်သည်။

[လကို နားထောင်ပါ... လက သင့်အား ကရုဏာနှင့် ငြိမ်သက်ခြင်းကို ပြသလိမ့်မည်]

[သင့် ဆုတောင်းများကို အမိုးခုံး ဘုရားကျောင်းမှ ကြားသိရပြီး ဖြစ်သည်... ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးမှုကို ဆက်လက် ဆောင်ရွက်ပါမည်... ဤကာလအတွင်း ဉာဏ်မဲ့စွာ မပြုလုပ်ပါနှင့်]

[အကယ်၍ ထူးဆန်းသည့် အရာတစ်ခုခုကို တွေ့ရှိပါက အောက်ပါ နည်းလမ်းကို အသုံးပြု၍ ပရိတ်ရေကို ဖော်စပ်ပါ... သင့်အိမ်၏ တံခါးနှင့် ထောင့်လေးခုတွင် နေ့စဉ် ပရိတ်ရေကို ပက်ဖြန်းပြီး သက်ဆိုင်ရာ မန္တန်ကို အသုံးပြု၍ ဆုတောင်းပါ ]

[ဤစာသည် ကုဒ်ဝှက်ထားဖြစ်သည်။ ဖတ်ပြီးနောက် ဖျက်ဆီးပါမည် ]

[ ပရိတ်ရေ ဖော်မြူလာ- ညနေခင်း မြက်နှင်းဆီ ၅ ဂရမ်၊ အရိပ်ပန်း ၃ ဂရမ်၊ ပုလဲ ၁ ဂရမ်၊ ရွှေသစ်ရွက် ၀.၀၂ ဂရမ်၊ ရေ ၅၀၀ မီလီမီတာ... ရောစပ်ပြီး ကောင်းစွာ ရောမွှေပါ ]

[မန္တန်... ]

[ဗင်းဆင့် ]

***

All Chapters