← Chapters

သနားစရာ ကလေး

Vol. 8 Ch. 111

သနားစရာ ကလေး

Vol. 8 Ch. 111

ဆိုင်နီးနားချင်း ကိုလင် တစ်ယောက် စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်နေပြီး သရဲတစ္ဆေနှင်ဖို့ အတွက် အထူးကု သမားတော်များကိုပင် ရှာဖွေနေကြောင်း လင်ကျဲ မသိခဲ့ချေ။

အကယ်၍ သိခဲ့လျှင်ပင် လင်ကျဲ ရယ်မောကာ မလိုအပ်သော ငွေများကို မဖြုန်းတီးဖို့ အကြံပေးပေလိမ့်မည်။ ထိုတစ်ချိန်တည်းမှာပင် နွေးထွေးသည့် စကားလုံးများနှင့် ယုံကြည်စိတ်ချရသည့် ပုံရိပ်တို့ကို အသုံးပြု၍ ဆိုင်နီးနားချင်း၏ နားလည်မှုလွဲမှားမှု မှန်သမျှကို ဖယ်ရှားပေးပေလိမ့်မည်။

လက်ရှိတွင် လင်ကျဲမှာ ခုတင် ပြုလုပ်ရန် အတွက် သူ ကိုယ်တိုင် မြေအောက်ခန်းမှ ယူဆောင်လာခဲ့သော သစ်သားအချို့ကို ဖြတ်တောက်ရန် လျှပ်စစ်လွှငယ်ကို အသုံးပြုနေခြင်း ဖြစ်သည်။

၎င်းကို ခုတင်ဟု ခေါ်သော်လည်း တကယ်တမ်းတွင် ရိုးရှင်းပြီး အကြမ်းထည် သစ်သားဘောင်တစ်ခု ဖြစ်ပေါ်လာစေရန် သစ်သားပြားအချို့ကို သံများဖြင့် ရိုက်၍ တွဲဆက်ထားခြင်းသာ ဖြစ်သည်။

အရင်ဘဝမှာတုန်းက နည်းပညာဆိုင်ရာ သင်တန်းအချို့ကို တက်ရောက်ခဲ့လေရာ လင်ကျဲ အတွက် ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။ လက်မှုပညာရပ်တွင် သူက အားနည်းခြင်းမရှိပေ။ သူ၏ မြေအောက်ခန်းတွင်လည်း ကိရိယာတန်ဆာပလာများ မရှားပါးပေ။ သို့မဟုတ်ပါက လင်ကျဲ တစ်ယောက် ဤကဲ့သို့သော အိပ်ရာမျိုးကိုပင် ပြုလုပ်နိုင်မည် မဟုတ်ပေ။

ထိုနည်းဖြင့် သုံးနာရီလုံးလုံး အချိန်ကုန်လွန်သွားခဲ့သည်။ အပြင်ဘက် လမ်းတစ်ခုလုံးမှာ ထင်ထင်ရှားရှား မြင်နိုင်လောက်အောင် လင်းနေခဲ့ပြီ ဖြစ်သည်။

ရာသီဥတုက အနည်းငယ် မှိုင်းညို့နေသေးသော်လည်း တစ်လလုံး ရွာသွန်းခဲ့သည့် စိတ်ပျက်ဖွယ်ရာ မိုးကတော့ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

"ဟူး... နောက်ဆုံးတော့ ပြီးသွားပြီ"

လင်ကျဲ တစ်ယောက် ကျေနပ်စွာဖြင့် ပြီးစီးသွားသော ခုတင်ကို ကြည့်ရင်း လက်များကို အကြောလျှော့ကာ တီးတိုးရေရွတ်သည်။

"ငါ ထင်ထားတာထက် ပိုပင်ပန်းတယ်..."

လင်ကျဲ တစ်ယောက် အကျင့်အတိုင်းပင် မေးစေ့ကို ပွတ်သပ်ချင်သော်လည်း သူ၏ လက်များပေါ်တွင် သစ်သားမှုန့်များ အပြည့်ဖုံးနေသည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် သူက လက်များပေါ်မှ ဖုန်မှုန့်များကို ရိုက်ခါလိုက်၏။ ကြမ်းပြင်ပေါ်တွင်လည်း ရှုပ်ပွနေသည်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဟူး... ပြန်ရှင်းရဦးမှာပဲ..."

"ကျွန်မ ကူညီပေးရမလား..."

ထိုအခိုက်တွင်ပင် လင်ကျဲ တစ်ယောက် မိန်းမငယ်လေး၏ အသံကို ကြားလိုက်ရ၏။ လှည့်ကြည့်လိုက်သောအခါ မွန်းမှာ လှေကားထစ်မှ ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

"အင်း... မင်း လုပ်နိုင်လို့လား... မွန်း..."

လက်ထောက် တစ်ယောက်ကို ခေါ်ထားခြင်းမှာ အလုပ် ဝန်ထုပ်ဝန်ပိုးကို ဝေမျှရန် ဖြစ်သော်လည်း ဤလက်ထောက်အသစ်မှာ လွန်ခဲ့သည့် နာရီအနည်းငယ်အကြာကမှ ကယ်တင်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့်... အားနည်းနေဦးမည်ကို သူ စိုးရိမ်သည်။ သစ်သားမှုန့်များထက် ပို၍ ရှင်းလင်းရမည့် အခြေအနေမျိုး ဖြစ်သွားမည်ကို သူမ စိုးရိမ်နေသည်။

မွန်းက ခေါင်းညိတ်လိုက်၏။ ခဏတာမျှ စဉ်းစားပြီးနောက် သူမက လက်မောင်းတစ်ဖက်ကို မြှောက်ကာ ကြွက်သားများကို ဖျစ်ညှစ်ပြလိုက်သည်။ သို့သော်လည်း သူမ၏ လက်ကလေးက ပိန်လှီလှကာ ပတ်တီးများနှင့်လည်း ပြည့်နှက် နေခဲ့သည်။

သူမကို ကြည့်ကာ လင်ကျဲ ရယ်မောလိုက်မိ၏။

"ကောင်းပြီလေ... ဒါဆိုရင် ကြမ်းပြင်ပေါ်က အမှိုက်တွေရှင်းဖို့ ကူညီပေးပါလား... တံမြက်စည်း၊ ဂေါ်နဲ့ အမှိုက်အိတ်က နောက်ဘက် ဗီရိုထဲမှာ ရှိတယ်... သတိထားဦးနော်... ဘာကိုမှ..."

"ဘာကိုမှ မဖျက်ဆီးမိစေနဲ့...”

မွန်းက ကြားဖြတ်ကာ ပြောလိုက်၏။ လက်ကျဲက မျက်နှာကို လက်ဖြင့် အုပ်လိုက်ရင်း သက်ပြင်းချလိုက်သည်။

"မင်း မဖျက်ဆီးဘူး ဆိုတာ ငါ ယုံပါတယ်... ငါ ပြောချင်တာက မင်းရဲ့ ဒဏ်ရာတွေ ပိုမဆိုးအောင် သတိထားဖို့... ကျန်းမာရေးက အမြဲတမ်း... နားလည်လား"

"တံမြက်စည်း တစ်ချောင်း ကြိုးသွားရင် ကြိုက်သလောက် ပြန်ဝယ်လို့ ရတယ်... ဒါပေမဲ့ မင်းက တစ်ယောက်တည်းပဲ ရှိတယ်"

မွန်းက လက်ကို ပြန်ချလိုက်ရင်း သုတေသီများ ပြောခဲ့သည့်အတိုင်း... ‘ဉာဏ်ရည်တု လူသားများကို အစုလိုက် အပြုံလိုက် ထုတ်လုပ်နိုင်သည်’ ဟူ၍ အဆိုဖြင့် ပြန်လည် ချေပရန် စဉ်းစားလိုက်သည်။ သို့သော်လည်း... လင်ကျဲ၏ စိတ်ရင်းမှန် အကြည့်ကို မြင်လိုက်ရသောအခိုက်၌ ဤအဓိပ္ပာယ်နှစ်ခုတွင် ကွာခြားချက်များ ရှိကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။

မှန်သည်။ တကယ်ကို ကွာခြားသည်။ ရှင်းပြဖို့ ခက်ခဲသော်လည်း လင်ကျဲ၏ ကျောပြင်ပေါ်တွင် ရှိစဉ်က ခံစားခဲ့ရသည့် နွေးထွေးမှုကို နောက်တစ်ကြိမ် ပြန်လည် ခံစားနေရသကဲ့သို့ ဖြစ်နေသည်။

မွန်း ဖြည်းညင်းစွာပင် ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင်တော့ လင်ကျဲမှာ အသစ်လုပ်ထားသည့် ခုတင်ကို အပေါ်ထပ်သို့ ထမ်း၍ သယ်သွားခဲ့သည်။

“ဪ... ဒါနဲ့ ငါ့ကို ဘော့စ်လို့ ခေါ်ချင်ခေါ်... မခေါ်ချင် ဆိုင်ပိုင်ရှင်လို့ ခေါ်လို့ရတယ်... မင်း သုံးနှုန်းရတာ လွယ်အောင်”

လှေကားတစ်ဝက်သို့ အရောက်၌ လင်ကျဲက နောက်သို့ လှည့်ကြည့်ရင်း ပြောလိုက်၏။

“ဟုတ်ကဲ့... ဘော့စ်...”

မွန်းက လက်ခံစွာပင် ခေါင်းညိတ်လိုက်သည်။ ဤလူငယ်က တကယ့်ကို ထူးဆန်းသည့် လူသားတစ်ဦးပင်။ သူက ကြောက်မက်ဖွယ်ကောင်းသည်မှာ အလွန်ပင် ရှင်းလင်းသော်လည်း ယခုလို အချိန်များတွင်မူ သူမ၏ ပထမဆုံး အကဲဖြတ်ချက်အတိုင်း သာမန်လူသား တစ်ဦးနှင့် အလွန်တူညီနေသည်။

သို့သော်လည်း ဤထင်ယောင်ထင်မှားဖြစ်စဉ်ကို သူမ လုံးဝ ယုံကြည်မည်မဟုတ်ပေ။

မွန်း နောက်ဘက်ရှိ ဗီရိုဆီသို့ ဂရုတစိုက် လျှောက်သွားလိုက်၏။ ကြက်သီးတဖျန်းဖျန်း ထစေသည့် စာအုပ်စင်များကို သတိထား၍ ကြည့်ရှုပြီးနောက် ဗီရိုထဲမှ သန့်ရှင်းရေး ကိရိယာများကို ရွေးထုတ်လိုက်သည်။

ဓာတ်ခွဲခန်း သန့်ရှင်းရေး ဝန်ထမ်းများ ဤကိရိယာများအား အသုံးပြုဖူးသည်ကို မြင်ခဲ့ဖူးလေရာ ၎င်းတို့ကို မည်ကဲ့သို့ ကိုင်တွယ် အသုံးပြုရမည်ကို မွန်း သိရှိထားသည်။ ပထမ၌ ကျွမ်းကျင်ခြင်းမရှိသော်လည်း ဖြည်းဖြည်းချင်း အသုံးပြုတတ်လာခဲ့သည်။

...

လင်ကျဲ ခုတင်ကို အခန်း အတွင်း ချလိုက်၏။ ထို့နောက် သူ၏ မူလအိပ်ရာပေါ်ရှိ စောင်နှင့် ခေါင်းအုံးများကို သပ်သပ်ရပ်ရပ် ခေါက်ထားကြောင်း သတိပြုမိလိုက်သည်။

‘ဟား... တကယ့်ကို အသိတရားရှိတဲ့ ကလေးပဲ...’

အသစ်တစ်ထည် စောင်ထားသည့် မွေ့ရာကို ခုတင်ပေါ်တွင် တင်လိုက်ပြီးနောက် ပြတင်းပေါက်မှ ဖြာကျနေသည့် နေရောင်ခြည်များကို ငေးကြည့်ရင်း လင်ကျဲ လေကို ခပ်ပြင်းပြင်းရှူလိုက်သည်။ အရာရာက ပိုမို ကောင်းလာနေပြီဟု သူ ခံစားလိုက်ရသည်။

ထို့နောက် လင်ကျဲ အောက်ထပ်သို့ ပြန်လည် ဆင်းလာခဲ့ပြီး မွန်းကို သန့်ရှင်းရေးလုပ်ရာတွင် ကူညီပေးလိုက်သည်။ ထို့နောက် စာအုပ်ဆိုင်ကို ရိုးရှင်းစွာ လှည့်လည်ပြသပေးခဲ့၏။ နောက်ဆုံး၌ သူ ရေချိုးကာ စီးပွားရေးလုပ်ငန်းအတွက် တံခါးများကို ဖွင့်လိုက်သည်။

"ဒီနေ့တော့ ဖောက်သည်ရှိမှာ မဟုတ်လောက်ဘူး ထင်တယ်"

လင်ကျဲက ကောင်တာရှိ ပုံမှန်ထိုင်ခုံတွင် ထိုင်ရင်း စာရင်းစာအုပ်ကို လှန်ကြည့်လိုက်၏။

"ဪ... ဟုတ်သားပဲ... မွန်းရေ... မင်း နောင်ဆိုရင် ဖောက်သည်ရဲ့ အချက်အလက်တွေ၊ စာအုပ် ငှားတဲ့ရက်စွဲနဲ့ စာအုပ်ခေါင်းစဉ်တွေကို မှတ်တမ်းတင်ရမှာနော်... လေ့လာကြည့်ဦး"

လင်ကျဲက ပြောလိုက်ပြီးနောက် စာရင်းစာအုပ်ကို မွန်းထံလှမ်းပေးလိုက်သည်။ မိန်းမငယ်လေးက ၎င်းကို စိတ်ဝင်တစား လက်ခံယူလိုက်၏။ တစ်ချက်ကြည့်ပြီးနောက် သူမ တိတ်ဆိတ်သွားသည်။

"ဘာဖြစ်လို့လဲ... မေးစရာရှိရင် လွတ်လွတ်လပ်လပ်..."

မေးခွန်းအား မဆုံး မသတ်ရသေးခင်မှာပင် လင်ကျဲ ပြဿနာကို နားလည်သွားသည်။ သူ၏ လက်ထောက်အသစ်မှာ ဗဟုသုတများ အမှန်တကယ် ချို့တဲ့နေသည်။ တနည်းအားဖြင့်ဆိုသော် သူမက ပုံမှန် ပညာရေးကို မရရှိခဲ့ပေ။

မှန်ပေသည်။ မွန်း ပိုင်ဆိုင်ထားသည့် နားလည်မှုများမှာ အခြားသူများကို မြင်တွေ့ခြင်းမှ ရရှိထားခြင်း ဖြစ်သည်။ သူမထံတွင် စနစ်တကျ ပညာသင်ကြားမှု မရှိသေးပေ။

လင်ကျဲ နားထင်ကို ပွတ်လိုက်၏။ ဤကိစ္စက အလွန်ခေါင်းကိုက်စရာ ကောင်းလိမ့်မည်ဟု သူ ခံစားလိုက်ရသည်။

‘ဟူး... ဒီကလေးက ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာခဲ့တာလဲ...’

***

All Chapters