← Chapters

တတ်လွယ်သော ကျောင်းသူ

Vol. 8 Ch. 112

တတ်လွယ်သော ကျောင်းသူ

Vol. 8 Ch. 112

မွန်းမှာ လင်ကျဲ၏ အမူအရာကို သတိပြုလိုက်မိလေရာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။

"ကျွန်မ သင်ယူနိုင်ပါတယ်"

လင်ကျဲ တစ်ယောက် မိန်းကလေး စိတ်အားငယ်သွားသည်ကို ခံစားလိုက်မိရာ မျက်နှာ အမူအရာကို ချက်ချင်း ပြန်ပြင်လိုက်သည်။

"သင်ယူချင်စိတ်ရှိတာ အရမ်းကောင်းတယ်... မင်းက ထက်မြက်ပါတယ်... မကြာခင်မှာ အားလုံးကို သင်ယူနိုင်လိမ့်မယ်လို့ ငါ ယုံတယ်"

လင်ကျဲက နှစ်သိမ့်ပေးလိုက်သည်။

"အလျင်လိုစရာ မလိုပါဘူး... မင်းရဲ့ ဒဏ်ရာတွေ အားလုံး ပျောက်သွားတဲ့အချိန်လောက်ဆို ဒါတွေကိုလည်း သင်ယူပြီးသွားလောက်ပြီ... အဲဒီအခါကျမှ ငါ့ကို ကူညီလည်း အဆင်ပြေပါတယ်"

"ဒီလို လုပ်ကြရအောင်... စာအုပ်တစ်ချို့ ငါရွေးပေးမယ်... အဲ့တာတွေကို အရင်ဖတ်ပြီး မင်း အရင်က သင်ယူဖူးတဲ့ ဟာတွေနဲ့ ဆက်စပ်ကြည့်ဖို့ ကြိုးစားကြည့်... နောက်ပြီး နားမလည်တာ တစ်ခုခုရှိရင် ငါ့ကို လာမေးလို့ ရတယ်"

လင်ကျဲ စာအုပ်စင်များဘက်သို့ ရွေ့လျားသွားကာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ‘ကလေးများ အတွက် အသံထွက် စွယ်စုံကြမ်း’ စာအုပ်နှင့် ‘ကလေး အဘိဓာတ်’ တစ်ခုတို့ကို ရွေးချယ်လိုက်သည်။ ထိုနှစ်အုပ်စလုံးကို မွန်းအား ပေးလိုက်သည်။

မွန်းက မယူခင် စာအုပ် မျက်နှာဖုံးကို လှမ်းကြည့်လိုက်၏။

‘သော့ချက်... ဗဟုသုတ’ နှင့် ‘သင်္ကေတ အခြေခံများ’

သူမ မရည်ရွယ်ဘဲ နောက်သို့ ဆုတ်လိုက်မိသည်။

လင်ကျဲမှာ မွန်း၏ အမူအရာကို သတိထားလိုက်မိရာ လက်ထဲရှိ စာအုပ်များကို သံသယဖြင့် ပြန်လည်၍ ကြည့်လိုက်သည်။

‘ငါ ယူလာတာလည်း မှန်ပါတယ်...’

သို့သော်လည်း ကလေးသူငယ်များ အတွက် အထူးထုတ် စာအုပ်များမှာ မွန်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့်ပင် သူက ကြင်နာစွာ ပြုံးပြလိုက်ရင်း စိတ်ရင်းမှန်ဖြင့်...

"ပြေးနိုင်ဖို့အတွက် ဆိုရင် ပထမဆုံး လမ်းလျှောက်တတ်အောင် သင်ယူရတယ်... ဒီစာအုပ်နှစ်အုပ်ကို အခြေခံတွေ ဆိုပြီး အထင်မသေးနဲ့... ဒါတွေအားလုံးဟာ အခြေခံ ဗဟုသုတတွေ... မင်း အတွက် အနာဂတ်မှာ သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်..."

"ကျွန်မ အထင်မသေးပါဘူး..."

မွန်း အလျင်စလို ပြောလိုက်မိ၏။ စာအုပ်နှစ်အုပ်အား မြင်သည်နှင့် နောက်ဆုတ်မိရသည့် အကြောင်းရင်းကို သူမကိုယ်တိုင်လည်း တကယ် မသိချေ။

သို့သော်လည်း... တကယ်တမ်းတွင် သူမကို ကျောချမ်းစေသော စာအုပ်စင်ထက်ရှိ အခြား စာအုပ်များနှင့် နှိုင်းယှဉ်ပါက ဤစာအုပ်နှစ်အုပ်မှာ ပိုမို ပုံမှန်ဖြစ်နေပုံရသည်။

မွန်းမှာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် စာရင်းစာအုပ်ကို ချထားလိုက်သည်။ ထို့နောက်... ပြုံးပြနေသည့် ဆရာ လင်ထံမှ စာအုပ်နှစ်အုပ်ကို ဂရုတစိုက် လက်ခံယူလိုက်သည်။

စာအုပ်များကို ထိကိုင်လိုက်သော အခိုက်၌ မွန်းမှာ ကိုယ်ပိုင် ဝိညာဉ်အတွင်းမှ အနည်းငယ် တုန်ယင်မှုကို ခံစားလိုက်ရသည်။

လင်ကျဲက ကျေနပ်စွာ ပြုံးရင်း သူမ၏ ဦးခေါင်းကို ပုတ်လိုက်သည်။

"ကောင်းတယ်... သင်ယူခြင်းကို ဘယ်တော့မှ မငြင်းနဲ့... နာကျင်မှု ရှိတယ် ဆိုပေမဲ့ တကယ်တမ်းတော့ အရမ်း အသုံးဝင်တယ်... သင်ယူခြင်းဆိုတာ ဘယ်တော့မှ မပြီးဆုံးဘူး ဆိုပေမယ့် ကိုယ့်ဘဝ အတွက် လှေကားတစ်ခုလိုပဲ... ကိုယ့်စိတ်ထဲမှာရှိတဲ့ အမြင်တစ်ခုတည်းနဲ့ မကြည့်နဲ့... အိမ်တစ်အိမ်ဆိုတာ အမိုးတစ်ခုတည်းနဲ့ ဆောက်လို့ မရဘူး... ပြီးပြည့်စုံတဲ့ အိမ်တစ်လုံး ဖြစ်လာဖို့အတွက် ခိုင်မာတဲ့ အုတ်မြစ် လိုတယ်..."

“အခြေခံ ခိုင်မာတဲ့ အိမ်မျိုးသာလျှင် ဘယ်လို လောကဓံကို မဆို ရင်ဆိုင်ရတဲ့အခါ ခိုင်မာဆုံး ခံတပ် ဖြစ်လိမ့်မယ်”

လင်ကျဲ ဆက်ပြောလိုက်သည်။

"ငါပြောတာကို သဘောပေါက်ရဲ့လား... မွန်း... ဉာဏ်ပညာ ဆိုတာက ဘယ်တော့မှ ခိုးလို့ မရတဲ့ ရတနာမျိုးပဲ... ရုပ်ဝတ္ထုပစ္စည်းတွေထက် ဉာဏ်ရည်ဉာဏ်သွေးကသာလျှင် မင်း စိတ်ဓာတ်ကျနေတဲ့ အချိန်တွေမှာ ယုံကြည်မှု ပေးနိုင်တယ်... အောင်မြင်မှုရတဲ့ အချိန်တွေမှာလည်း ကြည်လင်ပြတ်သားတဲ့ စိတ်ကို ထိန်းထားနိုင်စေလိမ့်မယ်"

လင်ကျဲ မိန်းမငယ်လေးကို တည်ငြိမ်သည့် မျက်ဝန်းများနှင့် စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ ပခုံးပေါ်သို့ လက်တစ်ဖက်ကို တင်လိုက်သည်။

"အဲဒါကသာလျှင် မင်းရဲ့ အစစ်အမှန် စွမ်းအားပဲ.."

ဒီတစ်ကြိမ်တွင်တော့ လင်ကျဲမှာ အားပေးစကားသက်သက် ပြောနေခြင်း မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် ယုံကြည်ချက်နှင့် အတွေ့အကြုံတို့ပါ မျှဝေပေးနေခြင်း ဖြစ်သည်။

ဤလောကကြီးသို့ ကူးပြောင်းလာပြီးနောက် သုံးနှစ်တာကာလအတွင်း သူ၏ ဘဝမှာ ယခင်ကနှင့် သိသိသာသာ ကွာခြားခဲ့သည်။ အခြားသူများ နားမလည်နိုင်သည့် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း... လင်ကျဲမှာ ထိုအရာအားလုံးကို ကျော်လွှားနိုင်ခဲ့ပြီး စာအုပ်ဆိုင်ကို ယနေ့လို အခြေအနေအထိ ဖြည်းညှင်းစွာ တည်ထောင်ခဲ့သည်။

နှုတ်မှုရေးရာထက် သူ ပိုမို၍ အားကိုးခဲ့သည်မှာ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် ကျွမ်းကျင်မှုများနှင့် ဗဟုသုတများပင် ဖြစ်သည်။

လင်ကျဲက တည်ငြိမ်သော အမူအရာဖြင့် ဆက်လက် ဟောပြောလိုက်၏။

"မှတ်ထား... မင်း ရရှိထားတဲ့ အရာအားလုံးဟာ ဘယ်တော့မှ အလဟသ ဖြစ်သွားမှာ မမရှိဘူး... မင်း ဒီနေ့ ကြိုးစားအားထုတ်သမျှက မင်းရဲ့ အနာဂတ်အတွက်ပဲ... ခက်ခဲတဲ့ အခြေအနေမျိုး ကြုံလာရင်တောင် ရွေးချယ်စရာတွေ အများကြီး ပေးစွမ်းနိုင်လိမ့်မယ်... နားလည်လား..."

မွန်းကတော့ တစ်ဝက်တစ်ပျက်သာ နားလည်ပြီး မျက်နှာငယ်လေးထက်တွင် အံ့အားသင့်ခြင်းများနှင့် ခေါင်းညိတ်လိုက်သည်။

"ကျွန်မ ကောင်းကောင်း လေ့လာပါ့မယ်..."

ဆရာလင်က သူ့ လက်များကို ပြန်ရုပ်လိုက်ရင်း စကားဆက်ပြောလိုက်။

"လွန်ခဲ့တဲ့ တစ်လနီးပါးလောက်က ငါ့ဆိုင်ကို မင်းအရွယ် ဖောက်သည်လေး တစ်ယောက် ရောက်လာဖူးတယ်... သူက သင်ယူရတာကို အရမ်း သဘောကျပြီး စာအုပ်တွေ အများကြီး ဝယ်သွားခဲ့တယ်... ငါ့ရဲ့ လက်ထောက် တစ်ယောက် အနေနဲ့ စာအုပ်ဆိုင်ထဲက စာအုပ်တွေအားလုံးကို အခမဲ့ ဖတ်ရှုနိုင်တာ မင်းအတွက် အရမ်းကို ကောင်းတဲ့ အခွင့်အရေးပဲ"

မွန်းမှာ ဆရာလင်၏ ဆုံးမစကားများကြောင့် ခေါင်းများ မူးဝေနေကာ မွေးကင်းစ သားပေါက်လေး တစ်ကောင် ကဲ့သို့ မသိစိတ်က ခေါင်းညိတ်နေမိသည်။ သူ ပြောသမျှ အားလုံးက မှန်ကန်နေသည်ဟု သူမ ယေဘုယျအားဖြင့် ယူဆလိုက်သည်။

လင်ကျဲက လည်ချောင်းရှင်းလိုက်၏။

"ကောင်းပြီ... သွားဖတ်တော့... ဒီရက်ပိုင်းထဲမှာ ဖောက်သည်တွေ ရောက်လာမယ် မထင်ဘူး... မင်း ဒီအခြေခံတွေကို အေးအေးဆေးဆေ လေ့လာလိုက်... မင်းရဲ့ တိုးတက်မှုကို ငါ စစ်ချင်တဲ့အချိန် ထစစ်မှာနော်... အပျင်းမထူနဲ့”

မွန်း တစ်ယောက် ဖောက်သည်များအတွက် ချထားသည့် ထိုင်ခံကို ကောင်တာနောက်ဘက်သို့ ရွှေ့လိုက်ရင်း သင်ယူလေ့လာမှု ဘဝကို စတင်လိုက်သည်။

သင်ယူခြင်း လုပ်ငန်းစဉ်မှာ မွန်း ထင်ထားသည်ထက် ပိုမိုလွယ်ကူကြောင်း‌ တွေ့ရှိခဲ့ရသည်။ သူမထံတွင် ယခင်က စနစ်တကျ ပညာသင်ကြားမှုမျိုး မရှိခဲ့ပေ။ ထို့ကြောင့်ပင်... ဤအသိပညာအသစ်များမှာ ယခင် တည်ဆောက်ထားသည့် နားလည်မှုများနှင့် ပြောင်းပြန် ထိပ်တိုက်တွေ့ဆုံခြင်းမျိုး မရှိခဲ့ပေ။ ထို့ကြောင့်ပင် အသိပညာအသစ်များစွာမှာ ယခင် ရရှိသည့် အသိပညာ အနည်းငယ်နှင့် လျင်မြန်စွာ ပေါင်းစပ်သွားခဲ့၏။

အချိန်တစ်ခု ကြာတိုင်း မွန်း လင်ကျဲကို လှည့်ကြည့်ကာ တွေးမိသည်။ ဘော့စ် ပြောတာ မှန်သည်။ ‘သော့ချက် - ဗဟုသုတများ’ သည် အမှန်တကယ်ပင် အခြေခံများသာ ဖြစ်သည်။

သို့သော်လည်း... ဤအခြေခံများ၏ အတိုင်းအတာသည် အလွန်ကြီးမားလွန်း၏။ စာအုပ်ထဲ၌ လူသားများ၏ အခြေခံ နားလည်မှု၊ သိပ္ပံပညာနှင့် စွမ်းရည်များအပြင် အခြားသော လူမဟုတ်သည့် မျိုးစိတ်များ၏ အကြောင်းများပါ ပါဝင်နေသည်။

လူမဟုတ်သည့် မျိုးစိတ် အမျိုးအစားများထဲတွင် တိရစ္ဆာန်များ၊ အပင်များ၊ သဘာဝလွန် သတ္တဝါများ... ပါဝင်သည်။

အကယ်၍ မွန်း တစ်ယောက် ဗဟုသုတ သုညနီးပါး ချို့တဲ့နေခြင်းကြောင့်သာ မဟုတ်ပါက ဤထုထည် ကြီးမားလှသော အချက်အလက် ပမာဏများကြောင့် စိတ်ရှုပ်ထွေးပြီး အသိဉာဏ်ကင်းမဲ့သည့် အခြေအနေသို့ ရောက်သွားနိုင်ဖွယ် ရှိသည်။

ကံကောင်း ထောက်မစွာပင် ဗဟုသုတ အသစ်များကို သိမ်းဆည်းရန် အတွက် မွန်း နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမက စိတ်ထဲတွင် 'မှတ်ဉာဏ် အိုင်' တစ်ခုကို ဖန်တီးကာ ဤကျယ်ပြန့်ပြီး ရှုပ်ထွေးလှသည့် အချက်အလက်အားလုံးကို အမျိုးအစားများအလိုက် ခွဲခြား သိမ်းဆည်းလိုက်သည်။ လိုအပ်သည့်အချိန်များတွင် 'မှတ်ဉာဏ် အိုင်' မှ ပြန်လည် ထုတ်ယူနိုင်ပြီး ၎င်းက အရာများကို ပိုမိုလွယ်ကူစေသည်။

အခြားစာအုပ်ဖြစ်သည့် ‘သင်္ကေတ အခြေခံများ’ ကိုမူ အခြေခံအဆင့်အဖြစ်သာ သတ်မှတ်နိုင်သေးသည်။ သို့သော် ဤအခြေခံများမှာ အထက်လမ်း မှော်ဆရာများ၏ အခြေခံများ ဖြစ်သည်။

မွန်း၏ မှတ်ဉာဏ် အိုင်အတွင်းရှိ အသိပညာအရ ဤသင်္ကေတ ပုံစံများမှာ အထက်လမ်း မှော်ဆရာများ၏ စွမ်းအားအရင်းအမြစ်များ ဖြစ်သည်။

အောက်လမ်း မှော်ဆရာများ၏ စွမ်းအားသည် စကားပြောဆိုခြင်းမှ လာသော်လည်း အထက်လမ်း မှော်ဆရာများ၏ စွမ်းအားကတော့ စာရေးသားခြင်းမှ လာသည်။

တနည်းအားဖြင့်ဆိုသော် အောက်လမ်း မှော်ဆရာများ၏ မန္တန်များမှာ အဖြူရောင် မှော်ဆရာများ၏ သင်္ကေတများလိုမျိုးပင် ဖြစ်သည်။

သို့သော်လည်း... အထက်လမ်း မှော်ဆရာများမှာ သင်္ကေတ သီးသန့်ဖြင့် မတိုးတက်နိုင်ချေ။ အရေးအကြီးဆုံး အပိုင်းက သင်္ကေတများကို ပေါင်းစပ်ခြင်း ဖြစ်သည်။

ဆရာလင်မှာ သူမ၏ စာဖတ်နိုင်စွမ်း အပေါ် ရုတ်တရက် စစ်ဆေးမှုများ ပြုလုပ်လေ့ ရှိသည်။ သူက မူလတန်းအဆင့် ဘာသာစကား ဖတ်စာအုပ် တစ်အုပ်ကို ကောက်ယူလိုက်ပြီး ကျပန်းအပိုင်းတစ်ခုကို လှန်ကာ စကားလုံးတစ်ခုကို လက်ညှိုးထိုးပြသည်။

"ဒီစကားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲ..."

ကျောင်းသူမွန်းက လက်ထောင်လိုက်ပြီး...

"မီးတောက်ရဲ့ အလင်းနဲ့ အပူပါ”

“...”

ဆရာလင် ခေတ္တမျှ ထိတ်လန့်သွားသည်။ သူ လက်ညှိုးထိုးပြနေသည့် 'မီး' ဟူသော စကားလုံးကို နောက်တစ်ကြိမ် ကြည့်လိုက်မိ၏။ သူ၏ ကျောင်းသူမှာ မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ အချိန်တိုလေးအတွင်း တိုးတက်သွားပြီဟု ခံစားလိုက်ရသည်။

‘နည်းနည်းတော့ လွဲနေသလိုပဲ... ဒါပေမယ့် မကောင်းတာတော့ မဟုတ်ဘူး...’

"အဟမ်း... ဒါကရော..."

လင်ကျဲ 'လျှပ်စစ်' ဟူသော စကားလုံးကို လက်ညှိုးထိုးပြသည်။

"လျှပ်စီးရဲ့ တောက်ပမှု"

ကျောင်းသူ မွန်းက တစ်ဖန် ပြန်ဖြေသည်။

"...ဒါကရော"

လင်ကျဲ 'သစ်သား' ဟူသော စကားလုံးကို လက်ညှိုးထိုးပြသည်။

ကျောင်းသူ မွန်းက ခဏမျှ စဉ်းစားပြီးနောက် ယုံကြည်မှုရှိစွာဖြင့်...

"သက်ရှိ သတ္တဝါအားလုံးရဲ့ မူလဇစ်မြစ်"

“...”

လင်ကျဲ ဖတ်စာအုပ်ကို ချထားလိုက်ရင်း...

"မဆိုးဘူး... ကျောင်းသူ မွန်း... မင်း လုံးဝ နားလည်သွားပြီ ထင်ပါတယ်"

သက်ပြင်းချကာ ချီးမွမ်းရုံမှ တစ်ပါး သူ တစ်ခြား ဘာတတ်နိုင်မည်နည်း။

သူ စာရင်းစာအုပ်ကို လှမ်းပေးလိုက်သည်။

"မင်းကို စာအုပ်ဆိုင် လက်ထောက်အဖြစ် တာဝန်ပေးအပ်ဖို့ ငါ စိတ်ချယုံကြည်နိုင်ပြီ"

မွန်းက ခေါင်းညိတ်လိုက်ပြီး မျက်နှာတည်တည် အလေးအနက် အမူအရာဖြင့် လက်ခံလိုက်သည်။ သူမ ဤအရာများအား သင်ယူရသည့် အကြောင်းရင်းကို အကြမ်းဖျဉ်း သိရှိထားပြီး ဖြစ်သည်။ စင်များနှင့် စာအုပ်များအပေါ် သူမ၏ ကြောက်ရွံ့မှုကို ဘော့စ်က သေချာပေါက် သတိပြုမိခဲ့ခြင်း ဖြစ်ရပေမည်။

ထိုကဲ့သို့ ဆိုလျှင် ဖောက်သည်များကို ကောင်းစွာ ဝန်ဆောင်မှု ပေးနိုင်မည် မဟုတ်ပါချေ။ ထို့ကြောင့်ပင် သူမကို ဦးစွာ လေ့ကျင့်ပေးရန်၊ အသုံးပြုတတ်စေရန်နှင့် တစ်ချိန်တည်းမှာပင် သူမ၏ စွမ်းရည်ကို တိုးတက်စေရန် လိုအပ်သည်။

‘အင်း... ဘော့စ်က တကယ်ပဲ ဒါကို သေသေချာချာ စဉ်းစားထားခဲ့တာပဲ...’

***

All Chapters