မိစ္ဆာမျိုးစေ့၏ ကြောက်မက်ဖွယ်စွမ်းအား၊ တတိယအဆင့် တားမြစ်ချက်ဖျက်ဆီးခြင်းအဆောင်ကို ချိုးဖျက်ခြင်း(၁)။
Vol. 22 Ch. 264
နာရီ အနည်းငယ် ကြာပြီးနောက်...။
ရှန်ကွမ်းရွှီသည် ရွှေအမြုတေ အစောင့်နှစ်ဦး ဖြစ်သော လီဟူနှင့် ကျန်းဝမ်တို့ ခြံရံလျက် ၎င်းတို့၏လှေပျံဖြင့် အင်မော်တယ်ရှားမြို့တော်မှ အလျင်အမြန် ထွက်ခွာလာခဲ့ကြသည်။
မိုင်ထောင်ပေါင်းများစွာ ခရီးနှင်လာခဲ့ကြပြီး၊ အင်မော်တယ်ရှားမြို့တော်၏ မြင်ကွင်းကို အမြင်အာရုံမှ အပြည့်အဝ ဖုံးကွယ်သွားသည်အထိ သတိလက်လွတ် မနေခဲ့ကြပေ။
"သေစမ်း... အဲ့ဒီ အင်မော်တယ်ရှားမြို့တော်ကွာ… ဒီတစ်ခါ ဖြစ်ပျက်ခဲ့သမျှကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး.."
ရှန်ကွမ်းရွှီသည် အံတင်းတင်းကြိတ်ထားပြီး နာကျည်းမုန်းတီးမှုများဖြင့် တစ်ကိုယ်လုံး တုန်ရီနေမိသည်။
သူ၏ ဘဝသက်တမ်း တစ်လျှောက်လုံးတွင် ဤမျှ အရှက်ခွဲခံရခြင်း၊ သို့မဟုတ် ဤမျှ ကြီးမားသော ဆုံးရှုံးမှုကို မည်သည့်အခါကမျှ မကြုံတွေ့ခဲ့ဖူးပေ။
သေမင်းလက်တွင်းမှ သီသီလေး လွတ်မြောက်လာခဲ့ရပြီး ရန်သူလက်ချက်ဖြင့် သေဆုံးရန် ဆံခြည်တစ်မျှင်အလိုလောက်သာ လိုတော့သည်။ ရန်သူများက ဖခင်ဖြစ်သူ ရှန်ကွမ်းချင်ကို ကြောက်ရွံ့ခဲ့ကြ၍သာ သူ အသက်ရှင် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူ သေချာပေါက် အသတ်ခံလိုက်ရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ယခုအချိန်၌မူ သူသည် ထိုအကောင်စုတ်များကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေတော့သည်။
"သခင်လေး... အဲ့ဒီမိန်းမက အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် လန်ယွဲ့ရှီဖြစ်ဖို့ များတယ်.. အဆောင်ဆိုင်က မိန်းမကလည်း အင်မော်တယ်ရှားဂိုဏ်းက ကျင့်ကြံသူပဲ.."
"အဲ့ဒီကောင်က လန်ယွဲ့ရှီရဲ့ တာအိုလက်တွဲဖော် ဖြစ်နိုင်တယ်…"
"သူတို့ရဲ့ နယ်မြေက ကြယ်သုံးပွင့်ကျွန်းစုထဲမှာ ရှိတာပါ… သူတို့က ဝူကျိမဟာမိတ်အဖွဲ့ကို မှီခိုပြီး အသက်မွေးနေကြရတာမို့.. သဘာဝအတိုင်း သခင်လေးရဲ့ အသက်ကို ရန်ရှာရဲကြမှာ မဟုတ်ပါဘူး.."
အစောင့်ဖြစ်သူ ကျန်းဝမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် အင်မော်တယ်ရှားဂိုဏ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပြန်လည် အမှတ်ရလိုက်ပြီး၊ သူတို့ တွေ့ကြုံခဲ့ရသော ရွှေအမြုတေအဆင့် အမျိုးသမီးကျင့်ကြံသူသည် ဂိုဏ်းချုပ်လန်ယွဲ့ရှီမှလွဲ၍ အခြားသူ မဟုတ်ကြောင်း သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။
"သခင်လေး... ဒီလို ရှုံးနိမ့်ရတာက တော်တော် အရှက်ရစရာ ကောင်းတယ်…"
"ဝူကျိမဟာမိတ်အဖွဲ့ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အဲ့ဒီလူစိမ်းတစ်သိုက်.. အဲ့ဒီ ခွေးမသားတွေက ငါတို့ကို ဒီလို ဆက်ဆံရဲတယ်ပေါ့…"
"ငါတို့ ဘာကောင်ဆိုတာ သူတို့ကို မပြနိုင်ရင်.. ငါတို့က ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ရယ်စရာ ဖြစ်လာတော့မှာ…"
အစောင့်လီဟူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ပြီး၊ နှလုံးသားထဲတွင် ဒေါသအမျက်များ ပြည့်နှက်နေလေသည်။
သေမင်းနှင့် ရင်ဆိုင်ခဲ့ရသော ကြောက်ရွံ့ဖွယ် အခိုက်အတန့်ကို ပြန်လည် အောက်မေ့လိုက်မိသည့်အခါ၊ အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူအားလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်လိုစိတ်များ ဖြစ်ပေါ်လာတော့သည်။
သူကဲ့သို့သော ဂုဏ်သရေရှိ ရွှေအမြုတေဆရာသခင် တစ်ဦးသည် ခွေးတစ်ကောင်ကဲ့သို့ အသက်ချမ်းသာပေးရန် တောင်းပန်ခဲ့ရသည်။ ဤသည်မှာ ခွင့်လွှတ်၍ မရနိုင်သော အရှက်ခွဲခံရမှုပင် မဟုတ်လော။
မည်သို့ပင်ဆိုစေကာမူ သူ လက်စားချေရပေမည်၊ မဟုတ်ပါက ဤအရှက်တရားကို သူ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
"မင်း ပြောစရာ လိုလို့လား.. ငါ ရှန်ကွမ်းရွှီကို ပြစ်မှားမိတဲ့သူ ဘယ်သူကများ သက်သာဖူးလို့လဲ…"
"ဒါပေမဲ့ ဒီကိစ္စအတွက် ငါတို့ ဉာဏ်ရှိရှိ စီစဉ်ဖို့ လိုတယ်.. အဲ့ဒီ အကောင်စုတ်တွေက အလွယ်တကူ ပစ်မှတ်ထားလို့ရတဲ့သူတွေ မဟုတ်ဘူး.. သူတို့က ရွှေအမြုတေဆရာသခင်တွေ.. သတ်ဖို့ မလွယ်ဘူး.."
ရှန်ကွမ်းရွှီ၏ မျက်နှာသည် တင်းမာခက်ထန်နေသည်။
သူသည် ဤကိစ္စနှင့် ပတ်သက်၍ ဖခင်ဖြစ်သူ ရှန်ကွမ်းချင်အား အနှောင့်အယှက် မပေးလိုပေ။ ထို့အပြင် ရန်သူများက သူ့ကို တကယ်တမ်း သတ်ဖြတ်ခြင်း မရှိသေးသရွေ့ သူ့ဖခင်က ကူညီမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ၊ သူ့ဖခင်၌ သားသမီးများစွာ ရှိသည် မဟုတ်ပါလော။
လူတိုင်း ပြဿနာ အသေးအဖွဲလေးများအတွက် သူ့ထံ ပြေးလာနေလျှင်၊ သူ သေချာပေါက် နိုင်နင်းမည် မဟုတ်ပေ။
"သခင်လေး... သခင်လေး တစ်ခု မေ့နေတာများလား.."
"ကျုပ်တို့ အင်မော်တယ်ရှားမြို့တော်ကို သွားရတဲ့ အကြောင်းရင်းက သွေးစွန်းမိစ္ဆာအိုကြီးကြောင့်လေ…"
"အဲ့ဒီ လူယုတ်မာက မြို့တော်ကို မျက်စိကျနေတာ.. သူ့နောက်လိုက်တွေကို စုစည်းပြီး လုယက်ဖို့ စီစဉ်နေတယ်.. အင်မော်တယ်ရှားမြို့တော်တော့ သွားပြီပဲ.."
အစောင့်ကျန်းဝမ်၏ မျက်လုံးများ အေးစက်စွာ တောက်ပနေလေသည်။
သူတို့ အင်မော်တယ်ရှားမြို့တော်သို့ သွားရသည့် အကြောင်းရင်းမှာ အခြေအမြစ်မရှိ သွားခြင်း မဟုတ်ပေ၊ သွေးစွန်းမိစ္ဆာအိုထံမှ သတင်းကို အခြေခံထားခြင်း ဖြစ်သည်။
ထိုသွေးစွန်းမိစ္ဆာအိုသည် ဤသမုဒ္ဒရာဒေသတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ဓားပြတစ်ဦး ဖြစ်ပြီး ဝူကျိမဟာမိတ်အဖွဲ့၏ အလိုရှိစာရင်းတွင် ပါဝင်သူဖြစ်သည်။
သို့သော် သူသည် ရွှေအမြုတေ ပြီးပြည့်စုံမှုအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး၊ ကြောက်မက်ဖွယ် တိုက်ခိုက်ရေး အစွမ်းသတ္တိဖြင့် ဝူကျိမဟာမိတ်အဖွဲ့ကို မကြာခဏ ရှောင်တိမ်းလေ့ ရှိသည်။
ပို၍ အရေးကြီးသည်မှာ သွေးစွန်းမိစ္ဆာအိုသည် ဝူကျိမဟာမိတ်အဖွဲ့၏ အဆင့်မြင့်ပုဂ္ဂိုလ် အချို့နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။
သူသည် ဤအာဏာပိုင်များအတွက် ကြေးစားလူသတ်သမား တစ်ဦး ဖြစ်ပြီး၊ သူတို့၏ မသန့်ရှင်းသော အလုပ်များကို လုပ်ဆောင်ပေးသူ ဖြစ်သည်။
ဤလူသည် အားနည်းသော အင်အားစုများကို မကြာခဏ ပစ်မှတ်ထားပြီး ရက်စက်စွာ သုတ်သင်ရှင်းလင်းလေ့ ရှိသည်။
ဤသတင်းကို ရရှိပြီးနောက်၊ အင်မော်တယ်ရှားမြို့တော်ကို သွေးစွန်းမိစ္ဆာအိုက ပစ်မှတ်ထားနေကြောင်း သူတို့ သိရှိခဲ့ရသည်။ မြို့တော် မည်မျှ ချမ်းသာကြွယ်ဝသည်ကို သိရှိထားသဖြင့် သူတို့လည်း အကျိုးအမြတ် တစ်စိတ်တစ်ပိုင်း ရလိုခဲ့ကြခြင်း ဖြစ်သည်။
သို့သော်ငြား၊ အင်မော်တယ်ရှားမြို့တော်သို့ ရောက်ပြီး မကြာမီမှာပင် သူတို့ အရိုက်ခံရလိမ့်မည်ဟု မည်သူက ထင်ထားနိုင်မည်နည်း။
သေလုနီးပါးပင် ဖြစ်ခဲ့ရချေသည်။
"ဒါဆို မင်း ပြောချင်တာက အင်မော်တယ်ရှားမြို့တော် တကယ် သွားပြီပေါ့…"
"သွေးစွန်းမိစ္ဆာအိုက သူ နိုင်မယ်လို့ မသေချာရင် ဘယ်တော့မှ မတိုက်ခိုက်ဘူး.. ငါ ကြားတာတော့ သူက ရွှေအမြုတေ ပြီးပြည့်စုံမှုအဆင့်ကို ရောက်နေပြီ.. ပြီးတော့ ဝိညာဉ်သန္ဓေသားအဆင့်ကိုတောင် စတင် ကြိုးပမ်းနေပြီတဲ့.."
"ဒီကာလအတွင်းမှာ သူက ရာဇဝတ်မှုတွေ မကြာခဏ ကျူးလွန်ခဲ့ပြီး အင်အားစု အများအပြား သူ့လက်ချက်နဲ့ ကျဆုံးခဲ့ရတယ်… သွေးစွန်းမိစ္ဆာအိုရဲ့ ပစ်မှတ်ထားခြင်း ခံရတဲ့ အင်အားစုတွေရဲ့ ကံကြမ္မာကို စိတ်ကူးကြည့်ဖို့ မခက်ပါဘူး…"
"ငါတို့ ဒီအခွင့်အရေးကို အသုံးချပြီး သွေးစွန်းမိစ္ဆာအိုနောက်ကို လိုက်ပြီးတော့.. အင်မော်တယ်ရှားမြို့တော်ကို ထိုးနှက်ချက်ကြီးကြီး ပေးလို့ရတယ်.."
ရှန်ကွမ်းရွှီ၏ မျက်လုံးများ အေးစက်စက် အလင်းရောင်ဖြင့် တောက်ပနေပြီး၊ အလွန် စိတ်လှုပ်ရှားနေသည်။ ပြန်ရောက်သည်နှင့်တပြိုင်နက်၊ သူ၏ မိတ်ဆွေအချို့ကို စုစည်းပြီး သွေးစွန်းမိစ္ဆာအိုနှင့် ပူးပေါင်းကာ အင်မော်တယ်ရှားမြို့တော်ကို တိုက်ခိုက်ရန် စီစဉ်ထားသည်။
ဤတစ်ခေါက်တွင်မူ အင်မော်တယ်ရှားမြို့တော်မှ ထိုခွေးကောင်များ၏ အစအနပင် မကျန်အောင် လုပ်ပစ်ရန် သူ ရည်ရွယ်ထားသည်။
ထို့အပြင် ဟိုအမျိုးသမီး ကျင့်ကြံသူများအား သူ မည်မျှ ကြောက်စရာ ကောင်းသည်အား နားလည်အောင် သင်ပေးရပေမည်။
ထိုယောက်ျားလည်း အတူတူပင်ဖြစ်သည်။ ၎င်းအား ဖမ်းပြီး၊ ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးကို ခံစားစေကာ၊ သေချင်လျှင်တောင် မသေနိုင်အောင် ခံစားရစေမည်။
ဟူးလား…။
ရှန်ကွမ်းရွှီ၊ ကျန်းဝမ်နှင့် လီဟူတို့သည် ၎င်းတို့၏ လက်စားချေ စိတ်ကူးယဉ်များဖြင့် လွှမ်းမိုးခံနေရစဉ်၊ ခန္ဓာကိုယ်များ အတွင်း၌ ပုန်းအောင်းနေသော မိစ္ဆာမျိုးစေ့များ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး၊ အနက်ရောင် မြူခိုးများက သူတို့ကို လွှမ်းခြုံသွားလေသည်။
"ဘာ..."
ရှန်ကွမ်းရွှီနှင့် အခြားသူများ အံ့အားသင့်သွားကြပြီး၊ ဘာဖြစ်သွားမှန်း နားမလည်နိုင် ဖြစ်သွားကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲမှ ပြင်းထန်သော နာကျင်မှုလှိုင်းကြီး ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး၊ မရေမတွက်နိုင်သော ပုရွက်ဆိတ်များ ကိုက်ခဲနေသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ပြင်းထန်သော နာကျင်မှုသည် ကြာရှည်မခံခဲ့ပေ။
တစ်စက္ကန့်အကြာတွင် သူတို့ သုံးဦးစလုံး အမှောင်ထု ချောက်နက်ကြီးထဲသို့ ကျဆင်းသွားကြသည်။ သူတို့၏ ဝိညာဉ်များသည် စိတ်မိစ္ဆာများ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး၊ ခန္ဓာကိုယ်များကို ဟာလာဟင်းလင်း ဖြစ်နေသော အနက်ရောင်မျက်လုံးများဖြင့် အခွံလွတ်များအဖြစ် ချန်ထားရစ်ခဲ့သည်။
၎င်းတို့၏ ခန္ဓာကိုယ်များကို မိစ္ဆာများက အပြီးတိုင် သိမ်းပိုက်လိုက်ပြီး ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲပစ်လိုက်သကဲ့သို့ပင် ရှိနေတော့သည်။
ထိုအချိန်တွင် အင်မော်တယ်ရှားဂိုဏ်း၏ အင်မော်တယ်ရှားတောင်ထွတ်သို့ ပြန်ရောက်နေပြီ ဖြစ်သော ကျိုးစွေ့သည် မိစ္ဆာမျိုးစေ့များ၏ ပုံမှန်မဟုတ်မှုကို ချက်ချင်း အာရုံခံမိလိုက်သည်။
ဤသည်မှာ မိစ္ဆာမျိုးစေ့၏ အထင်ကြီးဖွယ်ရာ အင်္ဂါရပ်တစ်ခု ဖြစ်သည်။ အကွာအဝေး မည်မျှပင် ဝေးကွာစေကာမူ၊ အသေးဖွဲဆုံး မူမမှန်မှုကိုပင် လွယ်ကူစွာ အာရုံခံနိုင်သည်။
"ဟမ်... မိစ္ဆာမျိုးစေ့က ဒီလောက် မြန်မြန် အသက်ဝင်လာတာလား.. နည်းနည်းတော့ မြန်လွန်းမနေဘူးလား.."
ကျိုးစွေ့ မျက်တောင်ခတ်လိုက်သည်။
မိစ္ဆာမျိုးစေ့ အသက်ဝင်ရန် အနည်းဆုံး ရက်အနည်းငယ်၊ သို့မဟုတ် လပေါင်းများစွာ ကြာလိမ့်မည်ဟု မူလက ထင်ထားခဲ့သည်။ သို့သော် သူသည် လူဆိုးတစ်ယောက်၏ လက်စားချေလိုစိတ် ပြင်းထန်မှုကို အကြီးအကျယ် လျှော့တွက်ခဲ့မိသည်။
'လူကြီးလူကောင်း တစ်ယောက်က လက်စားချေဖို့ ဆယ်စုနှစ် တစ်ခုလောက် စောင့်နိုင်ပေမယ့်၊ လူဆိုးတွေကတော့ တစ်စက္ကန့်တောင် မစောင့်နိုင်ကြဘူး' ဆိုသည်မှာ မှန်ကန်လှပေသည်။
ထွက်ခွာပြီး နာရီအနည်းငယ် အကြာမှာပင် ရှန်ကွမ်းရွှီနှင့် သူ့အပေါင်းအပါများသည် သူတို့၏ ကတိများကို ဖောက်ဖျက်ပြီး လက်စားချေရန် စတင်ကြံစည်နေကြပြီ ဖြစ်သည်။
ရလဒ်အနေဖြင့်၊ သူတို့သည် မိစ္ဆာမျိုးစေ့၏ ကတိစာချုပ်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး စိတ်မိစ္ဆာကို လှုပ်နှိုးလိုက်မိကြသည်။
ရုတ်တရက်၊ သူတို့၏ ဝိညာဉ်များသည် မိစ္ဆာမျိုးစေ့၏ လုံးဝ ဝါးမျိုခြင်းကို ခံလိုက်ရပြီး၊ သူတို့၏ ကိုယ်ပိုင် အသိစိတ်ကို ဖယ်ရှားပစ်လိုက်ချေသည်။
ယခုအခါ ကျိုးစွေ့ထံမှ ရိုးရှင်းသော အမိန့်ပေးလိုက်ရုံဖြင့်၊ ထိုသုံးဦးသည် ဤလောကတွင် ထပ်မံတည်ရှိတော့မည် မဟုတ်ပေ။
"မဆိုးဘူး.. မဆိုးဘူး… မိစ္ဆာမျိုးစေ့ကို ပြန်ယူဖို့ အလျင်လိုစရာ မလိုဘူး…"
"လောလောဆယ် ဒီသုံးယောက်ထဲမှာပဲ ထားလိုက်ဦးမယ်…”
"ရှန်ကွမ်းရွှီ အသက်ရှင်နေသရွေ့.. ဝိညာဉ်သန္ဓေသားအဆင့်ဘိုးဘေး ရှန်ကွမ်းချင်က အင်မော်တယ်ရှားမြို့တော်ကို ဆန့်ကျင် လှုပ်ရှားစရာ အကြောင်းပြချက် ရှိမှာ မဟုတ်ဘူး…"
"ဒါ့အပြင်.. ငါ ရှန်ကွမ်းရွှီရဲ့ သြဇာအာဏာကို အသုံးချပြီး ဝူကျိမဟာမိတ်အဖွဲ့ရဲ့ အထက်ပိုင်း ပုဂ္ဂိုလ်တွေရဲ့ ထောက်လှမ်းရေး သတင်းတွေကို စုံစမ်းနိုင်သေးတယ်.."
ကျိုးစွေ့သည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း အလွန် ကျေနပ်နေမိသည်။
သူ၏ ဤအစီအစဉ်သည် အင်မော်တယ်ရှားမြို့တော်၏ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ရုံသာမက ဝူကျိမဟာမိတ်အဖွဲ့၏ အထက်တန်းအလွှာများကြားတွင် နယ်ရုပ်တစ်ရုပ်ကိုလည်း ပျိုးထောင်ထားနိုင်သဖြင့် အပြစ်အနာအဆာကင်းသည်ဟု မှတ်ယူနိုင်သည်။
မှန်ပေသည်၊ ရှန်ကွမ်းရွှီတို့ သုံးယောက်သည် အခြေခံအားဖြင့် တစ်ဝက်သေနေပြီ ဖြစ်သောကြောင့်၊ သူတို့သည် ကြိုးကိုင်ခြယ်လှယ်ရန် လိုအပ်သော ရုပ်သေးရုပ်များနှင့် တူသည်။
ကံကောင်းစွာဖြင့်၊ ကျိုးစွေ့ အတွက် ဤအရာသည် ကလေးကစားစရာမျှသာ ဖြစ်သည်။
'စာအုပ်ကူ'နှင့် ‘ကိုယ်ပွားကူ’တို့၏ အကူအညီဖြင့် သူသည် အလုပ်များစွာကို တပြိုင်နက် လုပ်ဆောင်နိုင်သော အတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်သည်။
ရုပ်သေးရုပ် သုံးရုပ်ကို ထိန်းချုပ်ဖို့ အသာထား၊ ဒါဇင်နှင့်ချီ၍ ထိန်းချုပ်ရလျှင်ပင် သူ့အတွက် ပြဿနာ မဟုတ်ပေ။