ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ပစ္စည်း ငါးခု၊ ကြီးမားသော ရိတ်သိမ်းမှု(၁)။
Vol. 22 Ch. 268
ဤအခိုက်အတန့်တွင် လန်ယွဲ့ရှီ၊ ရှန်ပိချန်နှင့် လင်းယာကျူတို့သည် ဖြစ်ပျက်သမျှကို အဝေးမှ သဘာဝကျကျ မြင်တွေ့နေကြရသည်။
"ဒါ ငါ့ယောက်ျား ပိုင်ဆိုင်ထားတဲ့ စိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်လား…"
"ဒါကို အိပ်မက်နယ်မြေအဖြစ် ပြောင်းလဲပြီး.. လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နိုင်တာ… တကယ့်ကို အံ့ဩစရာပဲ…"
"သူက ဒီ ရွှေအမြုတေ အကြီးအကဲတွေနဲ့ ကစားနေတာပဲ…"
ရှန်ပိချန်၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားသည်။ သွေးစွန်းမိစ္ဆာအိုနှင့် အခြားသူများသည် အိပ်မက်နယ်မြေ အတွင်း၌ တယောက်ကိုတယောက် ရက်စက်စွာ သတ်ဖြတ်နေကြပြီး၊ ၎င်းတို့၏ မှော်စွမ်းအားနှင့် အဆောင်များကို အချည်းနှီး ဖြုန်းတီးနေကြသည်ကို သူမ မြင်တွေ့နေရသည်။
သူမတို့ လက်လေး တစ်ချက်ပင် လှုပ်လိုက်စရာမလိုဘဲ၊ ဤ ရွှေအမြုတေ အကြီးအကဲများက ၎င်းတို့ကိုယ်တိုင် အပေါင်းအပါများအား သတ်ပစ်ကြပေလိမ့်မည်။
"တကယ်ကို အထင်ကြီးစရာပဲ…"
"အိပ်မက်နယ်မြေရဲ့ စွမ်းအားနဲ့ ဖွဲ့စည်းထားတဲ့ ထင်ယောင်ထင်မှားဖြစ်မှုက ရန်သူရဲ့ ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်တာ မဟုတ်ဘူး…"
"အဲ့ဒီအစား… ရန်သူရဲ့ အာရုံငါးပါးကို သက်ရောက်စေပြီး.. သူတို့ကို ထိန်းချုပ်တာပဲ… ထင်ယောင်ထင်မှားနဲ့ လက်တွေ့ကို ခွဲခြားနိုင်စွမ်း ပျောက်ဆုံးသွားစေတာကိုး.."
"ဘာဆိုဘာမှမသိလိုက်ဘဲ… ထင်ယောင်ထင်မှား ဖြစ်မှုထဲကို ကျရောက်သွားကြတာပဲ.."
"ဝိညာဉ်ကို ကာကွယ်ပေးတဲ့ ရတနာတွေ ဆောင်ထားရင်တောင် ဘာမှအသုံးမဝင်ဘူး.."
"သူတို့ အထွတ်အထိပ် မျက်လုံးပညာရပ်ကို လေ့ကျင့်ထားမှသာ အိပ်မက်နယ်မြေကို ဖောက်ထွင်းမြင်နိုင်မယ့် အခွင့်အလမ်း ရှိမယ်…"
"ဝမ်းနည်းစရာက… အထွတ်အထိပ် မျက်လုံးပညာရပ်ကို အောင်မြင်အောင် လေ့ကျင့်ဖို့ဆိုတာ အဲ့ဒီလောက် မလွယ်ဘူး…"
"အနည်းဆုံးတော့.. ဒီ ရွှေအမြုတေ အကြီးအကဲ ငါးယောက်ထဲမှာ ထင်ယောင်ထင်မှား ဖြစ်မှုတွေကို ဖောက်ထွင်းမြင်နိုင်တဲ့ မျက်လုံးပညာရပ် လေ့ကျင့်ထားသူ တစ်ယောက်မှ မရှိဘူး…"
လင်းယာကျူက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ သူမသာ ထိုကဲ့သို့သော စိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်မျိုးနှင့် ကြုံတွေ့ရပါက၊ သူမသည်လည်း အကူအညီမဲ့ ဖြစ်သွားပေလိမ့်မည်။ ၎င်းတွင် ဖြေရှင်းနည်း မရှိသလောက်ပင် ဖြစ်၏။
ထင်ရှားသည်မှာ၊ ဤစွမ်းရည် အသက်ဝင်လာသောအခါ ခြေရာလက်ရာ မကျန်သလောက် ဖြစ်သည်။
မိမိကိုယ်တိုင်ပင် မသိလိုက်ဘဲနှင့် ၎င်းထဲသို့ ဆွဲသွင်းခံလိုက်ရပေမည်။ သွေးစွန်းမိစ္ဆာအိုနှင့် အခြား ရွှေအမြုတေဆရာသခင်များ၏ တိုက်ပွဲအတွေ့အကြုံများ များပြားကြသူများ ဖြစ်ရာ၊ မည်သူက ၎င်းတို့နှင့် တိုက်ရိုက် ထိပ်တိုက် တွေ့နေမည်နည်း။ သဘာဝအတိုင်း၊ စိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်ကို အသုံးပြု၍သာ ခြုံခိုတိုက်ခိုက်မည် မဟုတ်ပါလော။
"ဟားဟား... သေလိုက်ကြစမ်း…"
ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်ရင်း သွေးစွန်းမိစ္ဆာအိုသည် ၎င်း၏ ထိပ်တန်းအဆင့် မှော်ရတနာ၊ နဂါးကိုးကောင် မီးလျှံကြေးမုံကို ထိန်းချုပ်လိုက်သည်။ မီးလျှံနဂါး ကိုးကောင် စုစည်းသွားပြီး ကြောက်မက်ဖွယ် မီးလှံတစ်ချောင်းအဖြစ် ဖွဲ့စည်းကာ၊ ပြိုင်ဘက်ကို ချက်ချင်း ထိမှန်သွားသည်။
ဘန်း...။
မီးလှံသည် ရန်သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး၊ သွေးများ နေရာအနှံ့ စီးဆင်းသွားသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"
သွေးစွန်းမိစ္ဆာအို၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုအချိန်တွင် မြေပြင်ပေါ်၌ လဲလျောင်းနေသူမှာ အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းချုပ်လန်ယွဲ့ရှီ မဟုတ်ဘဲ၊ သူ၏ ကိုယ်ပိုင် အပေါင်းအပါ ရွှေမြွေသခင် ဖြစ်နေသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိလိုက်ရသည်။
ရွှေမြွေသခင်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လဲကျနေပြီး၊ မီးလှံတစ်ချောင်းက သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းထားသည်။ သွေးများ အလကား ရသကဲ့သို့ စီးကျနေပြီး၊ သူ၏ ပြူးကျယ်နေသော မျက်လုံးများသည် မတရားသော သေဆုံးရမှုကို ကန့်ကွက်နေသကဲ့သို့ပင် ဖြစ်နေချေသည်။
ရန်သူနှင့် တိုက်ခိုက်ရ၍ သေဆုံးရခြင်း မဟုတ်ဘဲ၊ မိမိ၏ အပေါင်းအပါ လက်ချက်ဖြင့် သေဆုံးရခြင်းကို မယုံကြည်နိုင်သကဲ့သို့ ဖြစ်နေသည်။
"ရပ်... မင်းတို့ တိုက်ခိုက်နေတာတွေ အကုန် ရပ်လိုက်ကြ…"
"ငါတို့ ထင်ယောင်ထင်မှား ဖြစ်မှုထဲမှာ ပိတ်မိနေတာပဲ… စိတ်ကူးယဉ်ကမ္ဘာထဲမှာ ပိတ်မိနေတာကွ…"
သွေးစွန်းမိစ္ဆာအို ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ ငတုံး မဟုတ်ပေ၊ သူ ထင်ယောင်ထင်မှား ဖြစ်မှု၏ သားကောင် ဖြစ်သွားကြောင်း သူ သိလိုက်သည်။
သူ တိုက်ခိုက်နေခဲ့သူမှာ အင်မော်တယ်ရှားမြို့တော်၏ ရွှေအမြုတေဆရာသခင် သုံးဦး မဟုတ်ဘဲ၊ သူ၏ အပေါင်းအပါ ရွှေမြွေသခင် ဖြစ်နေသည်။
ထို့အပြင် သူသည် ရွှေမြွေသခင်ကို ကိုယ်တိုင် သတ်ဖြတ်လိုက်မိပြီး၊ မိမိ၏ အရေးပါသော ဗိုလ်ချုပ်တစ်ဦးကို ဆုံးရှုံးလိုက်ရသည်။ သူ ဒေါသထွက်လွန်းသဖြင့် တစ်စုံတစ်ခုကို ဆုတ်ဖြဲပစ်လုနီးပါး ဖြစ်နေသည်။
"ဟားဟား... သေစမ်း.. ချင်မုဂိုဏ်းခေါင်းဆောင်…"
သို့သော် သူ၏ သတိပေးချက်မှာ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ နွားစိမ်းသခင်သည် ရန်သူ၏ အားနည်းချက်ကို နောက်ဆုံးတွင် တွေ့ရှိသွားပုံ ရသည်။
ထိပ်တန်းအဆင့် မှော်ရတနာ မိစ္ဆာနွယ်ပင်လက်စွပ်ကို အသုံးပြု၍ ရက်စက်ကြမ်းကြုတ်သော အနက်ရောင် နွယ်ပင်တစ်ခုသည် တိတ်ဆိတ်လျင်မြန်လှသော အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းလဲသွားသည်။
ဘန်း…။
သူ့ရှေ့မှ ရန်သူသည် အနက်ရောင် နွယ်ပင်၏ ထိုးဖောက်ခြင်းကို ချက်ချင်း ခံလိုက်ရပြီး၊ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ သွေးများ ပန်းထွက်လာပြီး ပင်လယ်ကိုပင် စွန်းထင်းသွားစေသည်။
"နေပါဦး... မင်းက ချင်မုဂိုဏ်း ဂိုဏ်းချုပ် မဟုတ်ဘူး… မင်းက ခရမ်းအမွေးသခင်ပဲ…"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ငါ တိုက်ခိုက်နေမိတာက တကယ်တမ်း ခရမ်းအမွေးသခင်လား.."
နွားစိမ်းသခင်သည် သွေးအိုင်ထဲတွင် လဲနေသော ခရမ်းအမွေးသခင်ကို တွေ့လိုက်ရသဖြင့် မှင်တက်သွားသည်။ ယင်းသည် မျက်လုံးများ ပြူးကျယ်နေပြီး၊ နွားစိမ်းသခင်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသည်ကို မယုံကြည်နိုင်ပုံ ရသည်။
"ဟားဟား... တန်တိန်ဂိုဏ်းခေါင်းဆောင်… မင်းရဲ့ အားနည်းချက်ကို ငါ နောက်ဆုံးတော့ တွေ့ပြီ…"
"သေစမ်း…"
သို့သော် ထိုအချိန်၊ နွားစိမ်းသခင် မှင်တက်နေစဉ် ရေခဲလူဝံမိစ္ဆာသည် နွားစိမ်းသခင်၏ အားနည်းချက်ကို တွေ့ရှိသွားပုံရပြီး၊ ၎င်းအား တန်တိန်ဂိုဏ်း၏ ခေါင်းဆောင် ရှန်ပိချန်ဟု လုံးဝ မှတ်ယူလိုက်တော့သည်။
ထိပ်တန်းအဆင့် မှော်ရတနာ ရေခဲနှင်းတောင်ဝှေးကို ကိုင်ဆောင်လျက်၊ သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ရေခဲစွမ်းအားများ ပေါက်ကွဲထွက်လာပြီး၊ ကြီးမားသော ရေခဲလှံတစ်ချောင်းအား ဖွဲ့စည်းလိုက်သည်။
ထို့နောက် အသံ၏ အမြန်နှုန်းထက် အဆများစွာ ပိုမြန်သော အရှိန်ဖြင့် ၎င်းသည် နွားစိမ်းသခင်ထံသို့ တိုက်ခိုက်လိုက်သည်။
ဘုန်း...။
နွားစိမ်းသခင် မထင်မှတ်ဘဲ အလစ်အငိုက် မိသွားပြီး၊ ဖြူဖွေးသော ရေခဲလှံ၏ ထိုးဖောက်ခြင်းကို ရုတ်တရက် ခံလိုက်ရသည်။ ပြင်းထန်သော နာကျင်မှုသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး၊ သွေးများ လွတ်လပ်စွာ စီးဆင်းလာသည်။
သူ၏ မျက်လုံးများသည် အံ့အားသင့်သော အမူအရာကို ပြသနေပြီး၊ သူ့ရှေ့မှ ရေခဲလူဝံမိစ္ဆာကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
ဤအခိုက်အတန့်တွင် မသေဆုံးမီ ခရမ်းအမွေးသခင် ခံစားခဲ့ရသော တုန်လှုပ်မှုကို သူ အနည်းငယ် နားလည်သွားပုံ ရသည်။
ရိုးရိုးသားသားဝန်ခံရလျှင်၊ ရန်သူ့လက်ချက်ဖြင့် သေဆုံးရခြင်းအား လက်ခံနိုင်ပေမည့်၊ မဟာမိတ် လက်ချက်ဖြင့် သေဆုံးရခြင်းမှာမူ မည်သည်နှင့်မျှ မယှဉ်နိုင်အောင် စိတ်ပျက်စရာ ကောင်းလွန်းလှချေသည်။
သို့သော် ယခု သူ ဘာမှ မလုပ်နိုင်တော့ပေ၊ သူ့အတွင်းမှ အသက်စွမ်းအား လျင်မြန်စွာ ကုန်ခမ်းနေသည်ကိုသာ ခံစားနေရတော့သည်။
ဗွမ်း…။
သူ၏ ခန္ဓာကိုယ်သည် လေထဲမှ ကျဆင်းလာပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားရာ၊ ကြီးမားသော ရေပွက်သံတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
ဤအချိန်တွင် နွားစိမ်းသခင်၊ ခရမ်းအမွေးသခင်နှင့် ရွှေမြွေသခင်တို့ အားလုံး သေဆုံးသွားကြပြီ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေသော ရွှေအမြုတေဆရာသခင် သုံးဦး၏ အလောင်းများ မျောပါနေကြသည်။
ဤအခိုက်အတန့်တွင် သွေးစွန်းမိစ္ဆာအိုနှင့် ရေခဲလူဝံမိစ္ဆာ နှစ်ဦးစလုံး နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။
သူတို့၏ သွေးစွန်းနေသော လက်များကို ကြည့်ပြီး ဘာဖြစ်ခဲ့သည်ကို သူတို့ သိလိုက်ကြသည်။ သူတို့သည် ရန်သူ၏ ထင်ယောင်ထင်မှား ဖြစ်မှုတွင် သားကောင် ဖြစ်သွားခဲ့ကြပြီး၊ သူတို့၏ အပေါင်းအပါများကို ရန်သူဟု ထင်မှတ်ကာ အားလုံးကို သတ်ဖြတ်မိခဲ့ကြသည်။
ယခု ရွှေအမြုတေဆရာသခင် ငါးဦးအနက် နှစ်ဦးသာ ကျန်ရစ်တော့သည်။ ရန်သူသည် လက်တစ်ဖက်မျှ မြှောက်စရာ မလိုဘဲ၊ အရိပ်ထဲမှ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ရုံသာ ဖြစ်၏။ ထိုကဲ့သို့သော နည်းဗျူဟာများသည် လုံးဝ ကျောချမ်းစရာ ကောင်းလှသည်။
"ယုတ်မာလိုက်တဲ့ အင်မော်တယ်ရှားမြို့တော်…"
"သူတို့က ငါတို့ကို တိတ်တဆိတ် တိုက်ခိုက်ဖို့ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ နည်းလမ်းတွေကို တကယ် အသုံးပြုခဲ့တာပဲ…"
"မင်းတို့မှာ ဂုဏ်သိက္ခာ ရှိရင်… ထင်ယောင်ထင်မှား ဖြစ်တာတွေ မသုံးနဲ့.. ငါတို့နဲ့ မျှမျှတတ တိုက်ခိုက်စမ်းပါ.."
သွေးစွန်းမိစ္ဆာအို ထိတ်လန့် ဒေါသထွက်နေသည်။ သူ ယခု နောင်တရနေချေပြီ။
ဤပြင်ပ ရွှေအမြုတေဂိုဏ်း သုံးခုသည် ဤမျှ ကြောက်မက်ဖွယ် ကောင်းသည်အား သိရှိခဲ့ပါက၊ သေအောင် ရိုက်သတ်ခံရသည့်တိုင် သူ ရန်စဝံ့မည် မဟုတ်ချေ။
သို့သော်ငြား ယခုအခါ နောင်တသည် နောင်မှသာ တရသည် မဟုတ်ပါလော။ ဤပင်လယ်ပြင်များကို နှစ်ပေါင်း ရာနှင့်ချီ၍ လွှမ်းမိုးထားပြီးနောက်၊ သူ နောက်ဆုံးတွင် အုတ်နံရံနှင့် ဝင်တိုက်မိပြီ ဖြစ်သည်။
"ကောင်းပြီလေ... ဒီလိုဆိုရင်လည်း ဖြစ်စေရမှာပေါ့…"
ဤအချိန်တွင် လေဟာနယ်ထဲမှ နေရာအတိအကျ မသိရှိနိုင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ဘုန်း…။
ချက်ချင်းဆိုသလိုပင် တတိယအဆင့် ထိပ်တန်း ခရမ်းမြူခိုးယင်ယန်အစီအရင်၏ စွမ်းအား ပေါက်ကွဲထွက်လာပြီး၊ ပြိုင်ဘက်ကင်းစွမ်းအားများ ပါဝင်သည့် ကြောက်မက်ဖွယ် မြူခိုး နတ်ဘုရားအလင်းတန်းတန်းများ ဖွဲ့စည်းရန် မရေမတွက်နိုင်သော သဘာဝစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းများကို စုစည်းလိုက်တော့သည်။
မြူခိုး နတ်ဘုရားအလင်းတန်း တစ်ခုစီသည် ရွှေအမြုတေတစ်ဦး၏ တိုက်ခိုက်မှုကဲ့သို့ အစွမ်းထက်သည်။
"သေစမ်းကွာ... လူယုတ်မာ…"
"မင်းက ညစ်ပတ်တာပဲ.. တကယ်ကြီး တတိယအဆင့်အစီအရင်ကို သုံးနေတာပဲ…"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သွေးစွန်းမိစ္ဆာအိုသည် မနာလိုဝန်တိုမှုဖြင့် မျက်နှာ စိမ်းဖန့်သွားသည်။
သူ ဆိုလိုသော တရားမျှတသော ပြိုင်ပွဲဆိုသည်မှာ တစ်ဦးချင်း တိုက်ခိုက်ခြင်း ဖြစ်ပြီး၊ တတိယအဆင့် အဆင့်မြင့် အစီအရင်ကို အသက်သွင်းခြင်း မဟုတ်ပေ။
သဘာဝစွမ်းအင်များနှင့် တတိယအဆင့် ဝိညာဉ်ကြော၏ စွမ်းအားကို ငှားရမ်း အသုံးပြုနိုင်သော ထိုကဲ့သို့သော နည်းလမ်းသည် အနိုင်ကျင့်ခြင်း မဟုတ်ပါလော။
သို့သော် တတိယအဆင့် အစီအရင်ပညာရှင် ကျိုးစွေ့ အတွက်မူ၊ တတိယအဆင့်အစီအရင်၏ စွမ်းအားကို အသုံးပြုခြင်းသည် သဘာဝကျသော ကိစ္စတစ်ခုမျှသာ ဖြစ်သည်။
အစီအရင်ကို အသုံးပြု၍ သူတစ်ပါးအား အနိုင်ကျင့်၍ ရနေမှတော့ အဘယ်ကြောင့် တစ်ဦးချင်း တိုက်ခိုက်ရန် သဘောတူနေရပါမည်နည်း။ ယင်းက မိုက်မဲသောလုပ်ရပ် ဖြစ်သွားမည် မဟုတ်ပါလော။