← Chapters

ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ပစ္စည်း ငါးခု၊ ကြီးမားသော ရိတ်သိမ်းမှု(၂)။

Vol. 22 Ch. 269

ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ပစ္စည်း ငါးခု၊ ကြီးမားသော ရိတ်သိမ်းမှု(၂)။

Vol. 22 Ch. 269

ချက်ချင်းပင် မြူခိုး နတ်ဘုရားအလင်းတန်းများက မိုးစက်များကဲ့သို့ ရွာချလာတော့သည်။

"နဂါးကိုးကောင် မီးလျှံကြေးမုံ…"

သေရေးရှင်ရေး ဘေးအန္တရာယ်ကို အာရုံခံမိသဖြင့် သွေးစွန်းမိစ္ဆာအို ဟိန်းဟောက်လိုက်သည်။

သူ၏ ရွှေအမြုတေ ကျင့်ကြံမှု စွမ်းအားကို အသုံးချပြီး ထိပ်တန်းအဆင့် မှော်ရတနာ နဂါးကိုးကောင် မီးလျှံကြေးမုံကို ထိန်းချုပ်ကာ၊ ကျဆင်းလာသော မြူခိုး နတ်ဘုရားအလင်းတန်းများကို တန်ပြန်ရန် မီးနဂါးများကို ဆင့်ခေါ်လိုက်သည်။

ဝမ်းနည်းစရာကောင်းသည်မှာ၊ သူသည် ယခင်တိုက်ပွဲတွင် သူ၏ မှော်စွမ်းအား အများအပြားကို ကုန်ဆုံးခဲ့ပြီး ဖြစ်သည်။

ကုန်ခမ်းသွားသော အားအင်များအား အသစ်ပြန်လည် မဖြည့်တင်းနိုင်မီ၊ သူသည် ဤမျှ များပြားသော မြူခိုး နတ်ဘုရားအလင်းတန်းများကို မည်သို့ ခုခံနိုင်မည်နည်း။

အခိုင်မာဆုံးသော ကာကွယ်ရေးသည်ပင် ချို့ယွင်းချက် ရှိစမြဲ မဟုတ်ပါလော။

ဘန်း…။

မြူခိုး နတ်ဘုရားအလင်းတန်း အများအပြားသည် ကာကွယ်ရေး အလွှာများကို ဖောက်ထွင်းဝင်ရောက်သွားပြီး၊ နတ်ဘုရား၏ အပြစ်ပေးခြင်းကဲ့သို့ သွေးစွန်းမိစ္ဆာအိုကို ဝင်ဆောင့်လိုက်ရာ၊ ချက်ချင်းပင် ကြောက်မက်ဖွယ် ပျက်စီးခြင်းကို ဖြစ်ပေါ်စေပြီး အရာအားလုံးကို စုတ်ဖြဲပစ်လိုက်တော့သည်။

"အားးး"

သွေးစွန်းမိစ္ဆာအိုတစ်ယောက် တစ္ဆေငိုညည်းသည့်အလား အော်ဟစ်လိုက်ရသည်။

ခန္ဓာကိုယ် ဖောက်ထွင်းခံလိုက်ရပြီး နှစ်ပိုင်းကွဲသွားကာ၊ သူ၏ ကာကွယ်ရေး ပစ္စည်းများကို အသုံးမဝင် ဖြစ်သွားစေခဲ့သည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်သည် လေထဲမှ ကျဆင်းလာပြီး ပင်လယ်ထဲသို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။

"မလုပ်... မလုပ်ပါနဲ့.."

ရေခဲလူဝံမိစ္ဆာသည်လည်း တူညီသောကံကြမ္မာနှင့်ပင် ကြုံတွေ့ခဲ့ရသည်။

သူ၏ အင်အားသည် သွေးစွန်းမိစ္ဆာအိုလောက် မကြီးမားသဖြင့်၊ သူသည် ပြန်လည် တိုက်ခိုက်နိုင်စွမ်းပင် မရှိဘဲ မြူခိုး နတ်ဘုရားအလင်းတန်း၏ တိုက်ခိုက်မှုအောက်တွင် ပိုမို လျင်မြန်စွာ ကျဆုံးသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင်၊ သူ၏ ခန္ဓာကိုယ်သည် မြူခိုး နတ်ဘုရားအလင်းတန်း ဒါဇင်ပေါင်းများစွာ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး၊ ပျားအုံကဲ့သို့ အပေါက်များ ဖြစ်သွားကာ၊ သွေးများ အဆက်မပြတ် စီးဆင်းလာသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်သည်လည်း လေထဲမှ ကျဆင်းလာပြီး ပင်လယ်ထဲသို့ ပြင်းထန်စွာ ပြုတ်ကျသွားကာ အသက်လက္ခဏာ မရှိတော့ပေ။

ရွှေအမြုတေဆရာသခင် ငါးဦးစလုံး ဤသို့ဖြင့် သုတ်သင်ရှင်းလင်းခံလိုက်ရသည်။ တစ်ဦးတစ်ယောက်မျှ အသက်ရှင် ကျန်ရစ်ခြင်း မရှိပေ။

"ယောက်ျား... ရှင်က သိပ်ကို ထူးခြားတာပဲနော်.."

လန်ယွဲ့ရှီ သူမဘေးရှိ ကျိုးစွေ့ကို ကြည့်လိုက်သည်။

သူမ၏ မျက်နှာတွင် လေးစားအားကျမှုများ ပြည့်နှက်နေသည်။ အမှန်အတိုင်း ပြောရလျှင် ရွှေအမြုတေဆရာသခင် ငါးဦးလာနေကြောင်း ကြားသိလိုက်ရသောအခါ၊ ဤတစ်ကြိမ်တွင် အင်မော်တယ်ရှားမြို့တော်သည် ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုကို ခံစားရလိမ့်မည်ဟု သူမ ထင်မှတ်ခဲ့သည်။

သို့သော် မည်သူမျှ လက်တစ်ချက် မလှုပ်ရှားရဘဲ၊ သူမ၏ ယောက်ျားသည် စိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ် တစ်ခုနှင့် တတိယအဆင့် အစီအရင်တစ်ခုကိုသာ အသုံးပြုပြီး ရွှေအမြုတေ မိစ္ဆာအိုကြီး ငါးဦးကို အလွယ်တကူ ရှင်းလင်းပစ်လိမ့်မည်ဟု မည်သူက ထင်ထားနိုင်မည်နည်း။

သူတို့သည် ဤ ရွှေအမြုတေ မိစ္ဆာအိုကြီးများနှင့် မျက်နှာချင်းဆိုင်ပင် မတွေ့ဆုံခဲ့ရဘဲ၊ ခြေရာလက်ရာ မကျန်အောင် သတ်ဖြတ်နိုင်ခဲ့ကြသည်။

ဤ အစွမ်းသတ္တိသည် ရိုးရှင်းစွာပင် လောကကို တုန်လှုပ်စေနိုင်သည်။ သူမ၏ ခင်ပွန်းဖြစ်သူသည် ရွှေအမြုတေကျင့်ကြံသူ မဟုတ်သေးဘဲ အခြေတည်အဆင့်တွင်သာ ရှိသေးကြောင်း သိထားရန် အရေးကြီးသည်။

ဤသတင်းသာ ပေါက်ကြားသွားခဲ့ပါက၊ ချန်လန်ပင်လယ် ဒေသတစ်ခုလုံးကို သေချာပေါက် တုန်လှုပ်သွားစေလိမ့်မည်။

“တတိယအဆင့် အစီအရင်ပညာရှင်တစ်ယောက်က ပြောစမှတ် ပြုရလောက်အောင် တကယ် စွမ်းတာပ်…"

လင်းယာကျူသည်လည်း မယုံနိုင်လောက်အောင် အံ့အားသင့်နေသည်။

အစီအရင်ပညာရှင်များသည် သူတို့ထက် အဆင့်မြင့်သူများကို စိန်ခေါ်နိုင်ကြောင်း သူမ ကြားဖူးသော်လည်း၊ ကျင့်ကြံခြင်းလောကတွင် သံမဏိ စည်းမျဉ်းတစ်ခု ရှိသည်။

အစီအရင်ပညာရှင်တစ်ဦးနှင့် အစီအရင်အတွင်း မည်သည့်အခါမျှ မတိုက်ခိုက်နှင့်၊ သို့မဟုတ်ပါက သေဆုံးခြင်းက နောက်ဆက်တွဲ လိုက်ပါလာလိမ့်မည် ဟူသတည်း။

သို့သော် ဤမတိုင်မီက အင်မော်တယ်မြူခိုးကျွန်းတွင် ထင်ရှားသော အစီအရင်ပညာရှင် များများစားစား မရှိခဲ့ပေ။

ထို့ကြောင့် စစ်မှန်သော အစီအရင်ပညာရှင်များ မည်မျှ အစွမ်းထက်သည်ကို သူမ မသိခဲ့ပေ။ ယခု၊ သူမ၏ ခင်ပွန်းသည်သည် အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်သော်လည်း၊ သူသည် ရွှေအမြုတေ မိစ္ဆာအိုကြီး ငါးဦးကို ရုပ်သေးရုပ်များကဲ့သို့ ကစားခဲ့သည်။ သူသည် ချွေးတစ်စက် မထွက်ဘဲ သူတို့ကို သတ်ဖြတ်ခဲ့သည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် တတိယအဆင့် အစီအရင်ပညာရှင်တစ်ဦး၏ အစွမ်းသတ္တိကို စိတ်ကူးကြည့်နိုင်သည်။ အစီအရင်ပညာရပ်သည် ကျင့်စဉ်ပညာရပ်ကြီးလေးခုတွင် နောက်ဆုံး အဆင့်သတ်မှတ်ခံရသော်လည်း၊ တိုက်ခိုက်ရေး စွမ်းအားနှင့် ပတ်သက်လာလျှင် ပထမ နေရာတွင် ရှိနေချေသည်။

သို့သော် အစီအရင်ပညာရပ်ကို လိုက်စားသူမှာမူ အလွန် နည်းပါးလှသည်။

"ယောက်ျား..."

ရှန်ပိချန် အလွန် စိတ်လှုပ်ရှားနေပြီး၊ ဤ ရွှေအမြုတေ မိစ္ဆာအိုကြီးများ ချန်ထားရစ်ခဲ့သော သိုလှောင်အိတ်များကို ကောက်ယူရန် အဆင်သင့် ဖြစ်နေသည်။

မည်သို့ပင်ဖြစ်စေ၊ ဤကဲ့သို့သော ရွှေအမြုတေ မိစ္ဆာအိုကြီးများအတွက် ၎င်းတို့၏ သိုလှောင်အိတ်များတွင် ရတနာများစွာ ပါဝင်နေမည်မှာ သေချာပေသည်။ သူတို့ ဤအခွင့်အရေးကို ယူ၍ ကြီးပွားချမ်းသာနိုင်သည် မဟုတ်ပါလော။

"မလောနဲ့… ဘာပဲဖြစ်ဖြစ်.. သူတို့ကို အရင် ပြာဖြစ်အောင် လုပ်လိုက်ကြစို့…"

ကျိုးစွေ့ လက်ဝှေ့ယမ်းလိုက်ပြီး၊ ရှန်ပိချန်ကို ရှေ့မတိုးရန် တားဆီးလိုက်သည်။

"ဒါ..."

ဤသည်ကို ကြားလိုက်ရသောအခါ လန်ယွဲ့ရှီ၊ ရှန်ပိချန်နှင့် လင်းယာကျူတို့ မျက်တောင် ခတ်လိုက်မိကြသည်။

ဤ ရွှေအမြုတေဆရာသခင် ငါးဦး၏ ခန္ဓာကိုယ်များသည် ဇကာကွက်အလား ဖြစ်နေပြီး၊ ယခုအချိန်တွင် သေဆုံးလောက်ပြီ ဖြစ်ကြောင်း သူတို့အားလုံး မြင်တွေ့ခဲ့ရသည်။

သို့တိုင် သူတို့၏ ခင်ပွန်းဖြစ်သူသည် သတိကြီးစွာ ထားနေဆဲ ဖြစ်ပြီး၊ ရန်သူများ သေချင်ယောင် ဆောင်နေမည်ကို စိုးရိမ်နေသေးသည်။

သူတို့၏ ခင်ပွန်းဖြစ်သူသည် အမှန်တကယ်ပင် အစွန်းရောက် သတိရှိသော ဆရာသခင်တစ်ဦး ဖြစ်သည်ဟုသာ ပြောနိုင်ပြီး၊ သူ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မည့် မည်သည့် ကြိုးပမ်းမှုမဆို အိပ်မက်တစ်ခုသာ ဖြစ်ရပေတော့မည်။

ဟူးလား…။

ချက်ချင်းဆိုသလိုပင် ကျိုးစွေ့သည် ခရမ်းမြူခိုးယင်ယန်အစီအရင်ကို နောက်တစ်ကြိမ် ကိုင်တွယ်လိုက်ပြီး မြူခိုး နတ်ဘုရားအလင်းတန်းများကို ပိုမို ထုတ်လွှတ်ကာ၊ ဤ ရွှေအမြုတေ မိစ္ဆာအိုကြီး ငါးဦး၏ အလောင်းများကို တိုက်ခိုက်လိုက်ရာ၊ ကြောက်မက်ဖွယ် ပျက်စီးခြင်းကို ဖြစ်ပေါ်စေသည်။

အသက်ရှူချိန် တစ်ခဏ အတွင်းမှာပင် ရွှေအမြုတေ မိစ္ဆာအိုကြီး ငါးဦး၏ ခန္ဓာကိုယ်များသည် ပြာအဖြစ် ပြောင်းလဲသွားပြီး၊ မည်သည့် ခြေရာလက်ရာ တစ်ခုမျှ မကျန်ရစ်တော့ပေ။

"ကောင်းတယ်.. သူတို့ တကယ် သေသွားပြီ…"

ထိုမှသာ ကျိုးစွေ့ အတော်လေး ကျေနပ်သွားသည်။ ပြာဖြစ်သွားပြီ ဆိုမှတော့ ၎င်းတို့ သေချာပေါက် သေဆုံးသွားကြပြီ မဟုတ်လော။

မှန်ပေသည်၊ ဤအခွင့်အရေးကို အသုံးချပြီး ထိုရွှေအမြုတေဆရာသခင် ငါးယောက်၏ ဝိညာဉ် မှတ်ဉာဏ်များအား ဝါးမျိုရန် 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားကိုလည်း အသုံးပြုလိုက်သည်။

မှတ်ဉာဏ် အများအပြားအား 'အိပ်မက်ဝိညာဉ်ကူ'က ချက်ချင်း ဝါးမျိုလိုက်ပြီး၊ သတင်းအချက်အလက် အများအပြားကိုလည်း ရရှိခဲ့သည်။

"ဒီလိုကိုး.. ဒီအဖိုးကြီးတွေက ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ပစ္စည်းတွေအတွက် ဝိညာဉ်ကျောက်တုံးတွေ ရဖို့ အင်မော်တယ်ရှားမြို့တော်ကို တိုက်ခိုက်ခဲ့ကြတာပဲ…"

"ဘာပဲဖြစ်ဖြစ်.. ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ပစ္စည်း တစ်ခုတည်းရဲ့ ဈေးနှုန်းက တော်တော် မြင့်တယ်.. ဝါရင့် အမြုတေဖွဲ့စည်းခြင်း ဆရာသခင်တွေအနေနဲ့တောင် သူတို့ မတတ်နိုင်ကြဘူးပဲ…"

"အရေးအကြီးဆုံးကတော့.. သူတို့အားလုံး နောက်နှစ်အနည်းငယ်အတွင်း ဖြစ်လာမယ့် သားရဲလှိုင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ သူတို့ရဲ့ ဝိညာဉ်သန္ဓေသားကို အမြန်ဆုံး ဖွဲ့စည်းချင်နေကြတာပဲ…"

"ဒီသားရဲလှိုင်းက အရင်က ဘယ်အရာနဲ့မှ တူမှာ မဟုတ်ဘူး.. ပြီးတော့ ဆယ်စုနှစ်..ရာစုနှစ်တွေအထိတောင် ကြာရှည်နိုင်တယ်…."

"ဒါက ပင်လယ်မျိုးနွယ်စုထဲမှာ ဝိညာဉ်သန္ဓေသားအဆင့် မိစ္ဆာဘုရင်တချို့ မွေးဖွားလာတာကြောင့်… သူတို့ရဲ့ အင်အားကို အများကြီး တိုးမြှင့်ပေးလိုက်တယ်.. သူတို့က သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည် သိမ်းပိုက်ချင်နေကြတာပဲ…"

ကျိုးစွေ့၏ မျက်ဆံများ ကျုံ့သွားသည်။ ချန်လန်ပင်လယ်တွင် ဤကဲ့သို့သော အခြေအနေမျိုး၊ မကြုံစဖူးသော သားရဲလှိုင်းတစ်ခု ဖြစ်ပွားတော့မည်ကို သူ မမျှော်လင့်ထားခဲ့ပေ။

ယင်းသည် လူသားမျိုးနွယ်စုနှင့် ပင်လယ်မျိုးနွယ်စုကြား စစ်ပွဲပင် ဖြစ်ချေသည်။

ဤစစ်ပွဲသည် ချန်လန်ပင်လယ် ဧရိယာတွင် နှစ်သောင်းပေါင်းများစွာကြာ ဖြစ်ပွားနေခဲ့သည်ဟု ဆိုနိုင်ပေသည်။ အချိန်တိုင်းလိုလို၊ လူသားမျိုးနွယ်စုနှင့် ပင်လယ်မျိုးနွယ်စု အကြား စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလေ့ ရှိသည်။

ဝိညာဉ်သန္ဓေသားအဆင့် မိစ္ဆာဘုရင်များသည် သမုဒ္ဒရာ အနက်ပိုင်းထဲမှ မရေမတွက်နိုင်သော သားရဲများနှင့် ပင်လယ်မိစ္ဆာများကို မောင်းနှင်လာပြီး၊ ချန်လန်ပင်လယ်ရှိ ကျွန်းတိုင်းကို အဆက်မပြတ် တိုက်ခိုက်ကာ၊လမ်းတစ်လျောက် လူသားအားလုံးကို ဝါးမျိုပစ်ကြသည်။

မကြုံစဖူးသော သားရဲလှိုင်း တစ်ခုကို ဖွဲ့စည်းလိုက်သည်ဟု ဆိုရပေမည်။

ခံနိုင်ရည် ရှိလျှင် ရှင်သန်နိုင်မည် ဖြစ်ပြီး၊ ခံနိုင်ရည် မရှိပါက သုတ်သင်ခံရမည်သာ ဖြစ်၏။

စစ်မြေပြင်တွင် ရှင်သန်နိုင်ရန် အနည်းဆုံး ဝိညာဉ်သန္ဓေသားအဆင့်တွင် ရှိနေရန် လိုအပ်ပေသည်။

ရွှေအမြုတေဆရာသခင်များသည်ပင် ဤသို့သော တိုက်ပွဲများတွင် အမြောက်စာသာ ဖြစ်ပြီး ထည့်ပြောရန် မထိုက်တန်ချေ။

မှန်ပေသည်၊ အရေးအကြီးဆုံးမှာ စစ်ပွဲတစ်ခု စတင်သည်နှင့် အဆောင်၊ ဆေးလုံး၊ မှော်လက်နက်များနှင့် အခြားသော ကျင့်ကြံခြင်းပစ္စည်းများ၏ ဈေးနှုန်းများက လျင်မြန်စွာ မြင့်တက်လာပေလိမ့်မည်။

ထိုအခါတွင်၊ တူညီသော အရင်းအမြစ်များအား ဝယ်ယူရန်ပင် လက်ရှိဈေးနှုန်းထက် အဆပေါင်းများစွာ ပိုမို လိုအပ်ပေလိမ့်မည်။

ထိုအချက်ကြောင့်ပင် သွေးစွန်းမိစ္ဆာကဲ့သို့သော အဖိုးကြီးများနှင့် အခြားသူများသည် စစ်ပွဲ မဖြစ်ပွားမီ အရင်းအမြစ်များအား စောစီးစွာ စုဆောင်းထားလိုပြီး၊ ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ပစ္စည်းများအား ဝယ်ယူထားချင်ကြခြင်းပင် ဖြစ်၏။

ကံမကောင်းစွာဖြင့်၊ သူတို့ အင်မော်တယ်ရှားမြို့တော်ကို လျှော့တွက်ခဲ့ကြပြီး၊ ရလဒ်အနေဖြင့် သူတို့ ဤနေရာတွင် အသတ်ခံလိုက်ရသည်။

"ပင်လယ်မျိုးနွယ်စု ကျူးကျော်လာတော့မယ် ဟုတ်လား…"

"ကြည့်ရတာ ငါ ရွှေအမြုတေနယ်ပယ်ကို အမြန်ဆုံး တက်လှမ်းဖို့ တကယ် လိုအပ်နေပုံပဲ…"

"မဟုတ်ရင်… ပင်လယ်မျိုးနွယ်စု စစ်ပွဲ စတင်တာနဲ့… ချန်လန်ပင်လယ်ရဲ့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်.. ဒုက္ခက ရှောင်လွှဲလို့ ရမှာ မဟုတ်ဘူး…"

"ငါ့ရဲ့ ကျင့်ကြံမှုကို အမြန်ဆုံး မြှင့်တင်ရမယ်… ဒါမှ သားရဲတွေရဲ့ အကြီးစား ကျူးကျော်မှု ရှိလာရင်တောင်… ငါ အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်မှာ.."

All Chapters