← Chapters

ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ပစ္စည်း ငါးခု၊ ကြီးမားသော ရိတ်သိမ်းမှု(၃)။

Vol. 22 Ch. 270

ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ပစ္စည်း ငါးခု၊ ကြီးမားသော ရိတ်သိမ်းမှု(၃)။

Vol. 22 Ch. 270

ကျိုးစွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး၊ သူ့နှလုံးသားထဲတွင် အရေးတကြီး ခံစားမှုတစ်ခု မြင့်တက်လာသည်။

မူလက သူ အေးအေးဆေးဆေး ကျင့်ကြံနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် သူ နှစ်တစ်ထောင်လျှင် တစ်ကြိမ်သာ ကြုံရသော သားရဲလှိုင်းနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူသာ သူ့ခွန်အားကို မမြှင့်တင်နိုင်ပါက၊ ပုန်းအောင်းစရာ နေရာ ရှိမည် မဟုတ်ချေ။

ဤအခိုက်အတန့်တွင် လန်ယွဲ့ရှီ၊ လင်းယာကျူနှင့် ရှန်ပိချန်တို့က သူ့ကို ဝိုင်းရံထားကြသည်။

သူတို့သည်လည်း အဖိုးကြီးများ ချန်ထားခဲ့သော သိုလှောင်အိတ် ငါးခုကို ကောက်ယူလိုက်ကြပြီး၊ ၎င်းတို့အပေါ်ရှိ တားမြစ်အစီအရင်များကို ပေါ့ပေါ့ပါးပါး ဖျက်သိမ်းလိုက်ကာ၊ အတွင်းမှ ရတနာများကို စိတ်လှုပ်ရှားစွာ စတင် စစ်ဆေးနေကြသည်။

"သူတို့က နာမည်ကျော် ရာဇဝတ်ကောင်တွေ ဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ဘူး.."

"သိုလှောင်အိတ်တွေထဲမှာ ရတနာတွေ အများကြီး သိုလှောင်ထားတာပဲ…"

"ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး (၁၅၀၀၀၀)တောင် ပါတာပဲ.."

"ဒီလောက်များတဲ့ ရတနာတွေ စုဆောင်းမိဖို့ ကျင့်ကြံသူ ဘယ်နှယောက်လောက်ကို သူတို့ ဓားပြတိုက် သတ်ဖြတ်ခဲ့ကြမလဲ.. ဟူး.."

လန်ယွဲ့ရှီ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

လူယုတ်မာများ၏ သိုလှောင်အိတ်မှ ဤမျှ များပြားသော ထိပ်တန်း ဝိညာဉ်ကျောက်တုံးများကို တွေ့ရှိရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ယင်းသည် ညတွင်းချင်း သူဌေးဖြစ်သွားသကဲ့သို့ပင် မဟုတ်လော။

ထိုအဖိုးကြီးများသည် အင်မော်တယ်ရှားမြို့တော်ကို ဓားပြတိုက်ချင်ခဲ့ကြသော်လည်း၊ သူတို့ မသိခဲ့သည်မှာ ၎င်းတို့၏ ကိုယ်ပိုင်ရတနာများ ချန်ရစ်ခဲ့ရမည် ဆိုသည်ပင်။

ဤမျှ များပြားသော ထိပ်တန်း ဝိညာဉ်ကျောက်တုံး ပမာဏကို ရရှိရန် အင်မော်တယ်ရှားမြို့တော်အနေဖြင့် နှစ်ပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။

ဤ ပင်လယ်ပြင် ဧရိယာရှိ ဝူကျိမဟာမိတ်အဖွဲ့၏ ရွှေအမြုတေဆရာသခင်များသည် အလွန်အမင်း ချမ်းသာကြွယ်ဝကြသည်ဟုသာ ဆိုရပေမည်။ ၎င်းတို့၏ အရင်းအမြစ်များသည် အင်မော်တယ်မြူခိုးကျွန်းထက် မရေမတွက်နိုင်အောင် ပိုမို ကြွယ်ဝသည်။

"ဒီ သိုလှောင်အိတ်တွေထဲမှာ သူတို့ ဘဝတစ်ခုလုံးရဲ့ ကြွယ်ဝမှုတွေ ပါဝင်နေမယ်လို့ ပြောလို့ရမယ်.."

"ဘာပဲဖြစ်ဖြစ်.. သူတို့က ဝူကျိမဟာမိတ်အဖွဲ့ရဲ့ အလိုရှိ ရာဇဝတ်ကောင်တွေလေ.. အခြေစိုက်စခန်း မရှိဘဲ အလိုရှိစာရင်းဝင်နေတဲ့ ရာဇဝတ်ကောင်တွေဟာကို…"

"ဒီတော့ သူတို့ရဲ့ ရတနာအားလုံးကို ကိုယ်နဲ့မကွာ သယ်ဆောင်သွားတာ သဘာဝပါပဲ…"

"ဒါမှသာ သူတို့ လိုက်လံ ဖမ်းဆီးခံရရင်တောင်… ပိုင်ဆိုင်မှု အားလုံးနဲ့အတူ ဆုံးရှုံးမှု မရှိဘဲ ထွက်ပြေးနိုင်မှာပေါ့.."

လင်းယာကျူက လေးနက်စွာ ပြောလိုက်သည်။

သူမလည်း အံ့အားသင့်နေသည်။ အဘယ်ကြောင့်ဆိုသော် သိုလှောင်အိတ်များ အတွင်း၌ ဝိညာဉ်ကျောက်တုံး အမြောက်အမြား သာမက၊ အလွန်တန်ဖိုးရှိသော မရေမတွက်နိုင်သည့် တတိယအဆင့် ပစ္စည်းများနှင့် တတိယအဆင့် စိတ်ဝိညာဉ်ဆေးဝါးများလည်း ပါဝင်နေသောကြောင့် ဖြစ်သည်။

ချမ်းသာသူ တစ်ယောက်ပင် ဝယ်လို့ရချင်မှ ရနိုင်မည့် အမျိုးအစားများ ဖြစ်သည်။ သို့သော် ယခု ထိုအရာအားလုံးအား သူတို့ အခမဲ့ ရရှိလိုက်ချေပြီ။

"နေပါဦး.. ဒါ ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါး မဟုတ်ဘူးလား…"

"ဒီ ရွှေအမြုတေ အဖိုးကြီး တစ်ယောက်စီတိုင်းမှာ ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါး တစ်ခုစီ တကယ် ရှိနေတာလား…"

ရှန်ပိချန်၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားပြီး၊ သူမ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

သူမသည် မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံးများ၊ ပစ္စည်းများ စသည်တို့ကို စိတ်မဝင်စားပေ။ မည်သို့ပင်ဖြစ်စေ၊ ထိုအရာများအား ရရှိရန် လွယ်ကူပေသည်။

ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါးသည်သာ အမှန်တကယ် ရှားပါးသည် မဟုတ်လော။

၎င်းသည် မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခု ဖြစ်ပြီး၊ လေလံပွဲများတွင်ပင် ဝယ်ယူ၍ မရနိုင်သော ရတနာတစ်ခု ဖြစ်သည်။

ဝိညာဉ်သန္ဓေသားအဆင့် အင်အားစုတစ်ခု၏ အဓိက အဖွဲ့ဝင်တစ်ဦး ဖြစ်လာမှသာ ဝယ်ယူရန် ဖြစ်နိုင်ခြေ ရှိသည်။

မည်သို့ပင်ဖြစ်စေ၊ ဝူကျိမဟာမိတ်အဖွဲ့ကဲ့သို့ ဝိညာဉ်သန္ဓေသားအဆင့် အင်အားစုများ အတွင်းတွင် ရွှေအမြုတေဆရာသခင်များ များစွာ ရှိသည်။ လူတိုင်းလိုလို ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါးအား လိုချင်နေကြသည် ဖြစ်ရာ၊ မည်ကဲ့သို့ ရောင်းချနိုင်မည်နည်း။

သို့သော် ယခု၊ သူမသည် ဤ ရွှေအမြုတေ အဖိုးကြီးများထံတွင် ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါး ငါးခုကို အမှန်တကယ် တွေ့ရှိခဲ့ရသည်။ ယင်းသည် ကောင်းကင်ပေါ်မှာ အစားအသောက်မိုး ရွာချသကဲသို့ပင် ဖြစ်သည်။

အကယ်၍ အခြား ရွှေအမြုတေဆရာသခင်များ သူတို့ထံတွင် ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါး ငါးခု ရှိနေသည်ကို သိသွားပါက၊ သေချာပေါက် ဝိုင်းအုံလာကြပေလိမ့်မည်။

ထင်ရှားသည်မှာ၊ သွေးစွန်းမိစ္ဆာအိုကဲ့သို့သော သူများသည် သူတို့၏ လုပ်ရပ်များတွင် အလွန် သတိကြီးကြသည်။

သူတို့သည် ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါး၏ တန်ဖိုးကို သဘာဝကျကျ နားလည်ကြသည်။ ထို့ကြောင့် သူတို့ ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါး ရရှိခဲ့လျှင်ပင်၊ သူတို့ အုတ်အော်သောင်းတင်း လုပ်ကြမည် မဟုတ်ဘဲ၊ ငွေအများကြီးကိုသာ တိတ်တဆိတ် ရှာဖွေကြမည်ဖြစ်သည်။

ရလဒ်အနေဖြင့် သူတို့တွင် ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါး ရှိနေသည်ကို မည်သူမျှ မသိခဲ့ကြပေ။ သို့သော် ဤ ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါးများသည် ယခုအခါ ကျိုးစွေ့နှင့် အခြားသူများ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"သူတို့က တကယ့်ကို လာဘ်ကောင်အဖွဲ့ပဲ…"

"လိုလိုလားလားနဲ့ ဒီမှာ လာသေပေးတာကိုပဲ ကျေးဇူးတင်ရမယ်.."

"ဒီ ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါးတွေနဲ့ဆိုရင်… မင်းတို့ရဲ့ ဝိညာဉ်သန္ဓေသား အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခြေက အများကြီး တိုးတက်လာလိမ့်မယ်.."

ကျိုးစွေ့က အနည်းငယ်ပြုံးကာ ပြောလိုက်သည်။ ယုမိသားစု၏ အကြီးအကဲထံမှ ရရှိသော ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါးကို ပေါင်းထည့်လိုက်လျှင်၊ ယခု စုစုပေါင်း ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါး ခြောက်ခု ရှိနေပြီ ဖြစ်သည်။

သူ့တွင် တာအိုလက်တွဲဖော် ငါးယောက်သာ ရှိသည်ဖြစ်ရာ၊ ယင်းသည် လုံးဝလုံလောက်ပေသည်။

"ကျေးဇူးတင်ပါတယ်.. ယောက်ျား.."

"ယောက်ျားသာ မရှိရင်.. ကျွန်မတို့ ဘယ်လိုလုပ် ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါးကို ဒီလောက် လွယ်လွယ်ကူကူ ရနိုင်မှာလဲ.."

ရှန်ပိချန် စိတ်လှုပ်ရှားနေသည်။

အမှန်အတိုင်း ပြောရလျှင် သူမသည် ရွှေအမြုတေ နှောင်းပိုင်းအဆင့်တွင် ဆယ်စုနှစ် တစ်ခုကျော်ကြာ ရှိနေခဲ့ပြီး၊ ဆေးလုံး အမျိုးမျိုး၏ အကူအညီဖြင့် သူမ၏ ကျင့်ကြံမှု ထိုးတက်လာကာ၊ ယခု ရွှေအမြုတေ ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိရန် နီးစပ်နေပြီ ဖြစ်သည်။ သူမသည် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရန် စဉ်းစားဖို့ အဆင်သင့် ဖြစ်လုနီးပါး ဖြစ်နေပြီဟု ပြောနိုင်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ရွှေအမြုတေ အစောပိုင်းအဆင့်သို့ ဝင်ရောက်ခဲ့ပြီး၊ တစ်နှစ် နှစ်နှစ် အတွင်း ရွှေအမြုတေ အလယ်အလတ်အဆင့်သို့ ဝင်ရောက်မည်ဟု ခန့်မှန်းရကာ၊ ရွှေအမြုတေ နှောင်းပိုင်းအဆင့်နှင့် မဝေးတော့သော လန်ယွဲ့ရှီ အတွက်လည်း အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းခြင်း ကိစ္စကို ယခု စဉ်းစားခြင်းသည် စောလွန်းသည် မဟုတ်ပေ။

လင်းယာကျူအတွက်မူ၊ သူမသည် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရန် အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူမသည် ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ဆေးဝါး၊ နှစ်တစ်ထောင်လရောင်မြက်ကိုပင် ရရှိထားပြီး ဖြစ်သည်။

"ဟုတ်လို့လား။ အဲ့ဒီလောက်နဲ့ ရိုးသားတယ်လို့ မခေါ်နိုင်ဘူး။"

ကျိုးစွေ့ သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး၊ အချိန်ကြာလာသည်နှင့်အမျှ ပိုမို ဆွဲဆောင်မှု ရှိလာသော ရှန်ပိချန်၏ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်လိုက်သည်။ သူမ၏ ကျင့်ကြံမှု အဆင့် မြင့်တက်လာသည်နှင့်အမျှ ရှန်ပိချန် သည် ပို၍ ပို၍ ဆွဲဆောင်မှု ရှိလာပုံရသည်။

“ယောက်ျား... အင်မော်တယ်ရှားမြို့တော်က သိပ်မကြာသေးခင်က မိစ္ဆာလမ်းစဉ်ရဲ့ အခြေခံ တူနှစ်ကိုယ်ကျင့်ကြံသူ လက်စွဲစာအုပ်တွေကို စုဆောင်းထားတယ်..."

ရှန်ပိချန် တခစ်ခစ် ရယ်မောလိုက်သည်။

"အဟမ်း အဟမ်း... ကောင်းပြီ.. ဒီလောက် လူမြင်ကွင်းမှာ ဘာတွေ ပြောနေတာလဲ…"

"မင်း မရှက်ဘူးလား…"

"ငါတို့ အစီအရင်ထဲမှာ ရှိနေတာ ကြာနေပြီ…"

"ငါတို့ အပြင်မထွက်ရင်.. အပြင်က ကျင့်ကြံသူတွေက ငါတို့ သေပြီလို့ ထင်နေကြလိမ့်မယ်…"

လင်းယာကျူ ဒေါသတကြီး ပြောလိုက်ပြီး၊ သူမ၏ လှပသော မျက်နှာ ရဲတွတ်နေသည်။

‘သောက်ကျိုးနည်း.. ဒီ အရှက်မရှိတဲ့နှစ်ယောက်.. ဒီလိုကိစ္စမျိုးကို အိပ်ခန်းဆောင်ထဲမှာပဲ ပြောလို့ရတာလေ.. ဒီမှာ လာပြောနေကြတယ်… နံရံတိုင်းမှာ နားတွေ ရှိတယ်ဆိုတာ သူတို့ မသိကြဘူးလား..’

"အတိအကျပဲ…"

လန်ယွဲ့ရှီလည်း မျက်နှာ ရဲသွားသည်။ သူမနှင့် ကျိုးစွေ့ လက်ထပ်ထားသည်မှာ ကြာပြီ ဖြစ်သော်လည်း၊ သူမသည် အနည်းငယ် ရှက်တတ်သေးသည်။ မိစ္ဆာလမ်းစဉ်မှ အမျိုးသမီး တစ်ယောက်လို ဖြစ်နေသော ရှန်ပိချန်နှင့် မတူချေ။

"ဟုတ်ပါပြီ.. ဟုတ်ပါပြီ…”

"ဒါက တကယ် စကားပြောဖို့ နေရာ မဟုတ်ဘူး…"

"ငါတို့ ပြန်ရောက်မှ ဒီကိစ္စကို ဖြေရှင်းကြတာပေါ့…"

ကျိုးစွေ့ သဘောတူလိုက်သည်။

ဟိန်းဟောက်သံ တစ်ချက်နှင့်အတူ လက်ဝှေ့ယမ်းလိုက်ပြီး၊ မူလက အင်မော်တယ်ရှားမြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားသော အစီအရင် အတားအဆီးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။

အဆုံးမရှိသော ရောင်စုံတိမ်တိုက်များ ဝန်းရံထားသည့် ပင်လယ်ပြင် ဧရိယာသည်လည်း မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။ ဘာမှ မဖြစ်ခဲ့သကဲ့သို့ အရာအားလုံးသည် ယခင် ငြိမ်သက်မှုသို့ ပြန်လည် ရောက်ရှိသွားပုံ ရသည်။

ဝှစ်…ဝှစ်…ဝှစ်…။

ဤအခိုက်အတန့်တွင် အင်မော်တယ်ရှားဂိုဏ်း၊ တန်တိန်ဂိုဏ်းနှင့် ချင်မုဂိုဏ်း အဓိကဂိုဏ်းကြီးသုံးခုမှ အခြေတည်အဆင့် အကြီးအကဲများအားလုံး မြို့ထဲမှ အလျင်အမြန် ပျံထွက်လာကြပြီး၊ အပြင်ဘက်ရှိ လန်ယွဲ့ရှီနှင့် အခြားသူများ၏ ဘေးသို့ ရောက်ရှိလာကြသည်။

"ဂိုဏ်းချုပ်... အားလုံး ပြီးသွားပြီလား…

"

ထိခိုက်မှု မရှိသော လန်ယွဲ့ရှီနှင့် အခြားသူများကို ကြည့်ပြီး များပြားလှသော အခြေတည်အဆင့် အကြီးအကဲများ များစွာ စိတ်သက်သာရာ ရသွားကြသည်။ သူတို့ ရလဒ်ကို အကြမ်းဖျင်း သိရှိကြသော်လည်း၊ သေချာစေရန်အတွက် မသိစိတ်ဖြင့် မေးမြန်းလိုက်ကြသည်။

"ဟုတ်တယ်.. ပြီးသွားပြီ…"

"ဒီတစ်ခေါက် လာတိုက်တဲ့ သွေးစွန်းမိစ္ဆာအို အပါအဝင် ရွှေအမြုတေဆရာသခင် ငါးယောက်စလုံး အသတ်ခံလိုက်ရပြီ…"

လင်းယာကျူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဘာ... "

ဤစကားကြောင့် အခြေတည်အဆင့် အကြီးအကဲများ၏ မျက်နှာများတွင် ကြီးမားသော ဝမ်းမြောက်မှုများ ပေါ်လာသည်။ ရွှေအမြုတေဆရာသခင် ငါးဦး အသတ်ခံလိုက်ရခြင်းသည် သံသယ ဖြစ်ဖွယ် မလိုဘဲ အကောင်းဆုံး ရလဒ် ဖြစ်သည်။

မည်မျှပင် အစွမ်းထက်သနည်း။ သွေးစွန်းမိစ္ဆာအိုနှင့် သူ့အဖွဲ့အကြောင်း သူတို့ ကြားဖူးသည်။ သူတို့သည် ဝူကျိမဟာမိတ်အဖွဲ့၏ ရေပိုင်နက်များတွင် နှစ်ပေါင်း ရာနှင့်ချီ၍ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သော်လည်း၊ ယခု သူတို့၏ ဂိုဏ်းချုပ် လက်ချက်ဖြင့် အသတ်ခံလိုက်ရချေပြီ မဟုတ်လော။

ဤသည်မှာ အစီအရင်၏ အကူအညီဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သော်လည်း၊ သူတို့၏ ဂိုဏ်းချုပ်၏ အစွမ်းသတ္တိကို သက်သေပြရန် လုံလောက်နေပါသေးသည်။

ရွှေအမြုတေဆရာသခင် ငါးဦး တိုက်ခိုက်လျှင်ပင်၊ သေချာပေါက် ကိုယ့်ကိုယ်တွင်းကိုယ် လာတူးခြင်းပင် မဟုတ်ပါလော..။

[ စကားချပ်၊ ကျွန်တော် အတော်လေးကို ဖျားနာနေလို့ စာကောင်းကောင်း မရေးနိုင် ဖြစ်သွားပါတယ်။ ဒီအတွက် တောင်းပန်တဲ့အနေနဲ့ အားပေးသူရောင်းရင်းတွေကို ယခုစာအုပ်ကို အခမဲ့ ပေးလိုက်ပါတယ်. နောက်စာစဉ်များကိုလည်း အတိုးချပြီး ရေးပေးမှာ ဖြစ်လို့ ဆက်လက်အားပေးကြပါ ခင်ဗျာ။]

All Chapters