← Chapters

အခန်း (၆၀၃-၆၀၄)

Vol. 40 Ch. 603-604

အခန်း (၆၀၃-၆၀၄)

Vol. 40 Ch. 603-604

အပိုင်း (၆၀၃)

ငါးရက်ခန့် ကြာပြီးသည့်နောက် မဟာပညာရှင် လန်တိုက သူ၏ ဘီးတပ်ကုလားထိုင်တွင် အသာ လဲလျောင်းပြီး ပတ်ဝန်းကျင်ရှိ လူပေါင်း ၃၉၀၀ ကို ကြည့်ရှုနေ၏။ သူ၏ ကျောရိုးမကြီး တစ်ခုလုံးကလည်း စိမ့်တက်လျက် ရှိနေ၏။ ယုံကြည်နိုင်စရာဟူ၍ မရှိချေ။

ရှမ့်လန်က တကယ်ပဲ အောင်မြင်ခဲ့၏။ ရှမ့်လန်က ဗလာသွေးမျိုးဆက်ပိုင်ရှင်များကို တကယ်ပဲ သွေးမျိုးဆက်များ ပြောင်းလဲပေးခဲ့၏။ လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ဤလူပေါင်း ၃၉၀၀ ကျော်တို့က မည်သူနှင့်မှ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အားနည်းလွန်းခဲ့ကြ၏။

သို့ပေမည့် ယခု အချိန်မှာတော့ တစ်ယောက်ချင်းစီတိုင်းက ကြီးမားလွန်းသည့် ကီလိုဂရမ် ၅၀၀ ကျော် ကျောက်တုံးကြီးများကို အလွယ်တကူ မနိုင်၏။ သူတို့က နှစ်ပိဿာလေးကိုဆွဲကာ ခြေလှမ်း ၁၅၀ ထိ ပြေးနိုင်၏။ ဤကဲ့သို့ ပြုလုပ်နိုင်သည့် စစ်တပ်ကြီးက လောကကြီးတွင် မရှိချေ။ စစ်မှန်သည့် နိဗ္ဗာန တပ်တော်။ စစ်မှန်သည့် နိဗ္ဗာနမှ ပြန်လည်မွေးဖွားနိုင်ခဲ့သည့် လူများသာလျှင် ပြုလုပ်နိုင်မည့် အရာမျိုးပင်။

မဟာပညာရှင် လန်တိုက ပြန်လည်မကောင်းမွန်သေးသော်လည်း ဒုတိယ နိဗ္ဗာန တပ်သားများကို သင်ပြပေးရန် သင်တန်းနည်းပြများ ရှိနေ၏။ ထို့ကြောင့် နိဗ္ဗာနတပ်သားများက အခြေခံမြားပစ်ခြင်းကို သင်ယူနိုင်ကြပြီဖြစ်သည်။

ဟုတ်ပေ၏။ ခွန်အား၊ အရှိန်၊ ကျွမ်းကျင်မှုတို့က အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် သူတို့က နန်အိုနိုင်ငံထဲသို့ ဝင်ရောက်ပြီး သဲကန္တာရလူရိုင်းမျိုးနွယ်များနှင့် ယှဉ်ပြိုင် တိုက်ခိုက်ရမှာ ဖြစ်သောကြောင့်ပင်။ ထို့ပြင် ဤကဲ့သို့ယှဉ်ပြိုင်တိုက်ခိုက်သည့် နေရာမျိုးတွင် ပထဝီ မြေပြင် တည်နေရာ တစ်ခုလုံးက ပြောင်းလဲသွားမှာ ဖြစ်၏။

သဲကန္တာရ လူရိုင်းမျိုးနွယ်များက ရိုင်းစိုင်းသည့် သားရဲများကဲ့သို့ပင် ကြမ်းတမ်းပြီး မျောက်များကဲ့သို့ပင် သွက်လက်လွန်းလှ၏။ သူတို့က သေခြင်းတရားကို လုံးဝ မကြောက်ရွံ့ဘဲ သေးငယ်သည့် ခန္ဓာကိုယ်များဆီမှ မယုံကြည်နိုင်လောက်အောင် ကောင်းလွန်းလှသည့် အားအင်များက ထွက်ပေါ်နေတတ်သည်။

ဒုတိယ နိဗ္ဗာန တပ်သားများအတွက် နေ့တိုင်း လေ့ကျင့်ရေး နှစ်ကြိမ် ရှိနေ၏။ အလွန်ခက်ခဲသည့် ပတ်ဝန်းကျင်သို့ လေးလံသည့် အလေးချိန်များဖြင့် လမ်းလျှောက်သွားရခြင်း၊ မြားကို အဆက်မပြတ် ပစ်ခတ်ရခြင်း၊ သို့သော်ငြား တိကျသည့် ပစ်မှတ်ဟူ၍ မရှိခဲ့ချေ။ သူတို့က ခံစားချက်အရ ဖြစ်ပေါ်လာခဲ့သည့် မြားပစ်မှတ်များကိုသာ လိုက်လံရှာဖွေပြီး ပစ်ခတ်ရခြင်းပင်။

နိဗ္ဗာနကျွန်း၏ အပြင်ဘက်ဧရိယာက စတူရန်းကီလိုမီတာ ရာဂဏန်းမျှ ရှိ၏။ နေရာတိုင်းတွင် သစ်တောများ တည်ရှိနေပြီး တည်နေရာအများစု၌ လမ်းဟူ၍ မရှိပေ။ နေရာတိုင်းက နက်ရှိုင်းလွန်းသည့် ချောက်ကမ်းပါးများ နှင့် ပြည့်နှက်နေ၏။ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးက နန်အိုနိုင်ငံ၊ သဲကန္တာရ လူရိုင်းမျိုးနွယ်တို့နှင့် နှိုင်းယှဉ်လျှင် ပိုမိုကာ ခက်ခဲကြမ်းတမ်း၏။ ထို့ပြင် ဤနေရာက တကယ့်ကို ပူပြင်းလွန်း၏။ တောထဲတွင် အဆိပ်ရှိမြွေများ၊ အင်းဆက်ပိုးမွှားများ၊ သတ္တဝါများ အများအပြား ရှိ၏။

“ပထမဦးဆုံး စစ်ရေးလေ့ကျင့်မှုအတွက် အလေးချိန်ပေါင် ၂၀၀ သယ်ဆောင်ပြီး ၃၅၀ ကီလိုမီတာ ခရီးသွားရမယ်။ ပြီးစီးဖို့အတွက် လိုအပ်တဲ့ အချိန်ကာလက ၂ ရက်နဲ့ ၂ ညပဲ။ နောက် ၂ ရက်နေရင် ငါ မင်းတို့ကို ဒီနေရာမှာ စောင့်နေမယ်။ နေထွက်ချိန်မှာ တပ်ကို ပြန်မရောက်ဘူးဆိုရင် မင်းတို့ကို စောင့်မှာ မဟုတ်ဘူး။ နိဗ္ဗာနစစ်သည်တွေအဖြစ်ကနေ ချက်ချင်း ထုတ်ပယ်ခံရမယ်။ ထွက်သွားတော့။”

အမိန့်ကိုလိုက်နာပြီးနောက် လူပေါင်း ၃၉၀၀ တို့က ပေါင် ၂၀၀ လေးသည့် ပစ္စည်းများကို သယ်ဆောင်ကာဖြင့် မြောက်ဘက်သို့ ဦးတည်သွားခဲ့၏။ သူတို့က ကျွန်း၏ မြောက်ဘက်အဆုံးတွင် ရှိနေသည့် တည်နေရာဆီသို့ ဆက်လက်ကာ သွားရမည်။ ပြီးနောက် တောင်ဘက်ကို တက်ပြီး ပြန်လှည့်ရပေလိမ့်မည်။

ကီလိုမီတာ ၃၅၀ ခရီးကို ၄၈ နာရီ ကြာ၏။ ခက်ခဲသည့် အရာမဟုတ်ဟု ထင်ရ၏။ သို့သော်ငြား ဤအရာက ထွက်ပေါက်ဟူ၍ မရှိချေ။ မြစ်များ၊ သစ်တောများ၊ ချောက်ကမ်းပါးများကို ဖြတ်ကျော်သွားရမည်။ လမ်းဖြောင့်ဟူ၍ ရှားမှရှားပင်။

လူတိုင်းတွင် လေးတစ်ခုစီရှိ၏။ သို့သော်ငြား သူတို့က လေးနှင့်မြား ပစ်ခတ်ခြင်းအတွက် သင်ပြပေးနေခြင်း မဟုတ်ချေ။ သေခြင်းတရားကို ရင်ဆိုင်နိုင်ရန် လေ့ကျင့်ခြင်းမျိုးပင် ဖြစ်၏။ သို့သော်ငြား လူ ၃၉၀၀ လုံးက ကန့်ကွက်မှု တစ်စုံတစ်ရာမှ မရှိဘဲ ရှေ့ဆီသို့ လှမ်းလျှောက်ထွက်သွားခဲ့ကြ၏။

၂ ရက်ကြာမြင့်ပြီးနောက် ရှမ့်လန်က လီရှင်းချိုး၊ မဟာပညာရှင် လန်တိုတို့နှင့် လေ့ကျင့်ရေးကွင်းတွင် အချိန်တော်ကြာ စောင့်ဆိုင်းနေခဲ့၏။ သူတို့၏ ပုံမှန်စဉ်းစားမှုအရဆိုလျှင် လူပေါင်း ၃၉၀၀ တို့က တစ်ယောက်ပြီးတစ်ယောက် သေချာပေါက် ပြန်လာပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တစ်ဦးချင်းစီ၏ ကွဲပြား ခြားနားလျက်ရှိနေသည့် စွမ်းဆောင်ရည်များကြောင့်ပင်။

ထိုအရာက ရှောင်လွှဲ၍မရနိုင်သည့်အရာမျိုး ဖြစ်ပြီး မာရသွန်ပြေးပွဲတွင်ပင် အကောင်းဆုံးနှင့် အဆိုးဆုံးကြား ခြားနားချက်က နာရီ အနည်းငယ် ရှိ၏။ လက်ရှိလေ့ကျင့်မှုက ကီလို ၃၅၀ ခရီးကို အမြန်ချီတက်မှု ဖြစ်သောကြောင့် ပြောနေစရာပင် မလိုအပ်ချေ။ ကောင်းကင်ကြီးက တဖြည်းဖြည်း လင်းလက်လာခဲ့၏။ နေရောင်တော့ မထွက်သေးချေ။ သို့သော်ငြား ကောင်းကင်ယံက ပိုမိုကာ လင်းလက်လာ၏။

ရှမ့်လန်၏ နှလုံးသားကလည်း အဆုံးမဲ့သည့် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။ “ဘာလို့ လူပေါင်း ၃၉၀၀ လုံးက ပြန်မလာသေးတာလဲ။ တစ်ယောက်ယောက်ကတော့ ပြန်လာသင့်နေပြီ”

တွက်ချက်မှုအရဆိုရင် လူဦးရေ၏ အနည်းဆုံး ၉၅ ရာခိုင်နှုန်းက အချိန်မှီ ပြန်ရောက်လာရပေမည်။ ၄၀ နာရီအတွင်း ပြန်လာနိုင်သော ထူးခြားသူတချို့ပင် ရှိနိုင်၏။ နောက်ဆုံးမှာတော့ တစ်ဦးတစ်ယောက်မှ ပြန်မလာနိုင်ခဲ့ကြချေ။

“ဒါဆိုရင် ဘာလုပ်ကြမလဲ။”

အကယ်၍ ထိုသူတို့ အချိန်မှီ ပြန်မလာပါက အမိန့်ကို အတည်လိုက်နာပြီး လူတိုင်းကို နိဗ္ဗာနတပ်သားများအဖြစ်မှ ထုတ်ပယ်ရမည်လား။ ထိုသို့ဆိုလျှင် ဒုတိယ နိဗ္ဗာနတပ်သား ဟူ၍ ရှိတော့မည် မဟုတ်ချေ။ သို့သော်ငြား အမိန့်အတိုင်းမလုပ်ပါက ပထမဦးဆုံးအမိန့်ပင်လျှင် အကျိုးမရှိသလို ဖြစ်မည်ဖြစ်ပြီး သက်ရောက်မှု မရှိပေ။ ထိုသို့ဆိုလျှင် စစ်တပ်၏ အမိန့်ဩဇာအာဏာ ဆိုသည်က ပျောက်ကွယ် သွားပေလိမ့်မည်။

ကောင်းကင်ယံက ပိုမိုကာ လင်းလာခဲ့၏။ နေထွက်တော့မည် ဖြစ်၏။ ယုံကြည်ချက် အပြည့်ရှိသော ရှမ့်လန်ပင်လျှင် နှလုံးသားတစ်ခုလုံးက စိုးရိမ်မှုများနှင့် ပြည့်နှက်နေ၏။ “ဆိုးရွားတာမျိုးတွေတော့ မဖြစ်နိုင်ပါဘူး”

တစ်ယောက်မှ အချိန်မီ ပြန်မလာနိုင်ခဲ့လျှင် မည်သို့လုပ်မည်နည်း။

သို့သော်ငြား ထိုအချိန်မှာပဲ မြေပြင်တစ်ခုလုံးက စတင်တုန်ခါလာခဲ့၏။ မဝေးသည့် တည်နေရာမှ အိပ်တန်းဝင်နေသည့် ငှက်တွေက ကောင်းကင်ယံပေါ်သို့ ပျံတက်သွားခဲ့၏။

ပြီးနောက် အလွန် စည်းကမ်း ပြည့်ဝသည့် စစ်တပ်ကြီးတစ်ခုက ထွက်ပေါ်လာသည်။ လူပေါင်း ၃၉၀၀ တို့က စည်းကမ်းရှိစွာ ထွက်ပေါ်လာခဲ့၏။ ပြန်လာသည့်အချိန်တွင်လည်း သူတို့က သပ်သပ်ရပ်ရပ်နှင့် စည်းကမ်းရှိနေဆဲပင်။ ရှုပ်ထွေးမှု၊ ဖရိုဖရဲ ထိုကဲ့သို့သော ပုံစံမျိုးနှင့် ပြန်မလာခဲ့ကြချေ။

သူတို့၏အားအင်များက ကုန်ဆုံးလုနီးပါး ဖြစ်နေသော်လည်း သူတို့က အကြွင်းမဲ့သည့် စည်းကမ်းတရားကို ထိန်းသိမ်းထားနိုင်ဆဲပင်။

နေမထွက်မီ နာရီဝက်သာ ကျန်ရှိတော့၏။ နိဗ္ဗာနတပ်သား ၃၉၀၀ လုံးက အချိန်မီ စစ်စခန်းဆီသို့ ပြန်လာခဲ့ကြ၏။ ၄၇ ဒသမ ၅ နာရီအတွင်း ၃၅၀ ကီလိုမီတာ ခရီးကို သွားခဲ့၏။ ရှမ့်လန်က စစ်သည်အားလုံး နောက်ကျမှ ပြန်ရောက်ရခြင်း၏ အကြောင်းရင်းကို နောက်ဆုံး၌ သိရှိသွားခဲ့ပြီ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် လူပေါင်း ၃၉၀၀ ထဲမှ တစ်ဝက်က ဒဏ်ရာရရှိခဲ့ကြ၏။ ဒဏ်ရာပြင်းထန်သူ၊ လုံးဝ မသန်မစွမ်းဖြစ်သွားသူ ရာဂဏန်းမျှပင် ရှိ၏။ ထိုသူအားလုံးကို သယ်ဆောင်ကာဖြင့် ပြန်လာခဲ့ကြ၏။ လူတချို့ သေဆုံးသွားခဲ့ကြ၏။ သို့သော်ငြား သူတို့က ပြန်လာချိန်၌ ထိုအလောင်းများကိုပင် သယ်ဆောင်လာခဲ့ကြ၏။

တချို့က စောစီးစွာ ပြန်လာနိုင်သော်လည်း သူတို့၏ အဖော်များကို မထားရစ်ခဲ့ချင်သောကြောင့် သေဆုံးသူများကိုပါ ပြန်လည် သယ်ဆောင်လာခဲ့ကြခြင်းပင်။ ဤလူများ သယ်ဆောင်လာသည့် အလေးချိန်က ပိုမိုကာ များပြားခဲ့သည်။

မြင်ကွင်းကို မြင်ရချိန်မှာတော့ အားလုံးက ထိတ်လန့်သွားခဲ့၏။ တချို့က မျက်ရည်များပင် ကျဆင်းလာခဲ့၏။ ခန္ဓာကိုယ်များပင် တုန်ယင်လာခဲ့၏။ ရှမ့်လန် အပါအဝင်ပင်။ သူက နိဗ္ဗာနတပ်သားများက ထူးချွန်လိမ့်မည် ဖြစ်ကြောင်း သိရှိပြီး ဖြစ်၏။ သို့သော်ငြား ဤမျှလောက် ထူးချွန်ပြီး ကောင်းမွန်သည့်စိတ်ဓာတ်မျိုးကို ပိုင်ဆိုင် နေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

ဤအချိန် လေ့ကျင့်မှုက ရက်စက်သော်လည်း သူတို့က တုန်လှုပ်ဖွယ်ရာ ကောင်းသည့် အသက်ရှင်သန်နိုင်စွမ်းနှင့် စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသခဲ့ကြသည်။

မဟာပညာရှင်လန်တိုကပင်လျှင် အလွန်တုန်လှုပ်သွားခဲ့ပြီး သူ့ကိုသူ ဘာဖြစ်နေသည်ကိုပင် မေ့လျော့ သွားခဲ့၏။ တုန်ယင်နေသည့် ခြေထောက်များဖြင့် ရုတ်တရက် ဘီးတပ်ကုလားထိုင်ပေါ်မှ ထရပ်မိ၏။

ဒုတိယ နိဗ္ဗာနစစ်သည် ၃၀၀၀ ကျော်တို့က လေ့ကျင့်ရေးကွင်းတွင် သပ်သပ်ရပ်ရပ်နှင့် မတ်တပ်ရပ်နေကြ၏။ ညည်းညူသံ ဟူ၍ တစ်ချက်မထွက်၊ အော်ဟစ်သံ ဟူ၍ တစ်ချက်မထွက်၊ မည်သည့် အသံဗလံမှ မထွက်ဘဲ ငြိမ်သက်စွာ ရပ်တန့်လျက် ရှိနေ၏။ သို့သော်ငြား သူတို့၏ ခန္ဓာကိုယ်မှ ကြွက်သားများက တုန်ယင်နေ၏။ လူတိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် အလေးအပင်များ ရှိနေဆဲပင်။

“အလေးတွေ ချ။ စစ်စခန်းကို ပြန်ပြီး ဆေးဖက်ဝင်ရေတွေ စိမ်မယ်။ သေဆုံးသူတွေကို အလောင်းထားတဲ့ အခန်းကို ပို့ဆောင်ကြ။ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိတဲ့သူတွေက ဆေးခန်းကို သွား။ အနည်းငယ် ဒဏ်ရာရရှိတဲ့သူတွေကို ဒဏ်ရာအသေးစား ကုသတဲ့ အခန်းကိုပို့။”

အမိန့်ရသည်နှင့် လူပေါင်း ၃၀၀၀ ကျော်တို့က သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အလေးများကိုချ၏။ ပြီးနောက် အထဲသို့ ပြန်ဝင်သွားခဲ့၏။ ပြီးနောက် အသေးစိတ်အမိန့်များကို ထပ်မံပေးအပ်ရန် မလိုတော့ဘဲ လူတိုင်းက လိုအပ်သည့် အရာများကို တတ်သိနားလည်စွာ ပြုလုပ်သွားခဲ့ကြ၏။

သေဆုံးသူများကို အလောင်းထားရာ အခန်းဆီသို့ ပို့ဆောင်ပြီး ဒဏ်ရာပြင်းသည့် လူများနှင့် အနည်းငယ် ဒဏ်ရာရရှိသည့် လူများကို မတူညီသည့် ဆေးကုသခန်းများဆီသို့ အသီးသီး ပို့ဆောင်ကြ၏။ သမားတော်ပေါင်း ဒါဇင်ချီတို့က ဤလူများကို ကုသရန် အလျင်အမြန် ပြေးထွက်သွား၏။ အန်းစိုက်ရှီက သူ၏ တပည့်များနှင့်အတူ ပြင်းထန်ဒဏ်ရာ အခန်းသို့ ဝင်ရောက်သွားသည်။

အတွင်း၌ တချို့သော လူများက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိ၍ တချို့က အရိုးကျိုးခဲ့၏။ တချို့က အဆိပ်ရှိသည့် မြွေများ ကိုက်ခံရပြီး တချို့ကတော့ ဆိုးဆိုးဝါးဝါး ခန္ဓာကိုယ်များ ပျက်စီးနေ၏။ ခွဲစိတ်မှု အများအပြားကို ရှမ့်လန်ကိုယ်တိုင် ဦးဆောင်ကာ လုပ်၏။

အချိန်အတော်ကြာပြီးနောက် ဓားဘုရင်၏ မိန်းမ သခင်မချိုးက ရောက်ရှိလာခဲ့သည်။

“အစ်ကိုတော် လန်တို .... ရှင်... ရှင် မတ်တပ်ထရပ်လိုက်ပြီ။” သူမက အံ့အားသင့်စွာပင် ပြောလိုက်၏။

လန်တိုကလည်း ထိတ်လန့်သွားခဲ့၏။ သူကိုယ်တိုင် မတ်တပ်ထရပ်လိုက်ရသည်ကို ယခုမှ သတိပြုမိ၏။ ဘယ်တုန်းက ဖြစ်သွားခဲ့သနည်း။ သူ လုံးဝ မသိရှိချေ။ ခွဲစိတ်မှု ပြီးစီးပြီး ၇ ရက် သို့မဟုတ် ၈ ရက်နီးပါး ရှိနေပြီဖြစ်၏။ ပထမရက် အနည်းငယ်က သူ အိပ်ရာထဲတွင် လဲလျောင်းနေခဲ့ရ၏။ ပြီးနောက် ဘီးတပ် ကုလားထိုင်တွင် ထိုင်ကာဖြင့် လျှောက်သွားမိ၏။ ခွဲစိတ်ခဲ့ခြင်းနှင့် မခွဲစိတ်ခြင်းတို့၏ ခြားနားမှုက လုံးဝ မရှိသကဲ့သို့ပင်။

သို့သော်ငြား ဒုတိယ နိဗ္ဗာန တပ်တော် ပြန်လည်ရောက်ရှိလာသည်ကို ကြည့်ရှုရင်း အံ့အားသင့်ခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် အပူလှိုင်းတစ်ခုက ဖြစ်ပေါ်လာခဲ့၏။ ပြီးနောက် သူက ခန္ဓာကိုယ်၏ အလိုလို တုံ့ပြန်မှုအရ ထရပ်လိုက်မိ၏။ တကယ်ပင် ထိတ်လန့်ပြီး ဝမ်းသာအားရလည်း ဖြစ်မိ၏။

သူ တကယ်ပင် မတ်တပ်ရပ်နိုင်ခဲ့လေပြီ။ ယခင်က မလုပ်နိုင်ခဲ့ချေ။ သူ၏ ခြေ၊ လက်ရှိ အရွတ်များ ပြုတ်ထွက်သွားခဲ့ပြီးနောက် သူ၏ လက်များက လုံးဝ အားမရှိသလို တွဲကျနေခဲ့၏။ လက်ကို အနည်းငယ် သာလျှင် မြှောက်တင်နိုင်၏။ သို့သော်ငြား ယခင်က သူ လုံးဝ ထရပ်လို့ မရခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် အရွတ်များက ပျက်စီးသွားခဲ့ပြီးနောက် ခန္ဓာကိုယ်ထဲတွင် ရှိလေသည့် အကြောများ ကလည်း ရှုပ်ထွေး လိမ်ယှက်နေသောကြောင့်ပင်။ ရုတ်တရက် ထရပ်လိုက်သည့် အချိန်တွင် သူ၏ အရွတ်များက အနည်းငယ် လိမ်နေသေး၏။ ပြင်းထန်သည့် နာကျင်မှုက သေးငယ်သည့် ကိစ္စလေး တစ်ခုလိုသာ သူ့အတွက် ခံစားရစေ၏။

သူ့အနေနှင့် ယခင်တုန်းက မတ်တပ်ထရပ်ဖို့ကို မဆိုနှင့် ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်လိမ့်မည်ဟုပင် မထင်မှတ် ခဲ့ချေ။ ယခု သူက တကယ်ပင် ထရပ်နိုင်ခဲ့၏။ ဟုတ်ပေ၏။ နာကျင်မှု အနည်းငယ်တော့ ရှိနေသေး၏။ သို့ပေမည့် သူ့အတွက် ဤအရာက ကိစ္စမရှိချေ။ ရှမ့်လန်က ခွဲစိတ်မှုတွင် အဓိက အရွတ်များကို သေချာစွာ ပြန်လည် ချိတ်ဆက်ပေးခဲ့ပြီး ဖြစ်သည်။

“ဟား ဟား ဟား... ငါ ထရပ်နိုင်ပြီ။ ငါ ထရပ်နိုင်ပြီကွ။” မဟာပညာရှင် လန်တိုက ဝမ်းမြောက်သွားခဲ့၏။ သူ၏ မျက်လုံးများတွင် မျက်ရည်များနှင့် ပြည့်နှက်နေခဲ့၏။

“စိတ်မလှုပ်ရှားနဲ့အုံး။ ထိန်းချုပ်ပါအုံး။ စိတ်ကို ထိန်းထားပါအုံး။”

ရှမ့်လန်က ပြောလိုက်သည်။ “ပျော်ရွှင်ခြင်း၊ ဝမ်းသာခြင်း အရာအားလုံးကို ချက်ချင်းကြီး ခံစားလို့ မဖြစ်ဘူး။ မဟုတ်လို့ရှိရင် ကျန်းမာရေး ထိခိုက်လိမ့်မယ်။ ကောင်းပြီ။ အခု ထိုင်လို့ရပြီ။ သိပ်ပြီးတော့ ကြာကြာ မရပ်နဲ့အုံး။ ဖြည်းဖြည်းချင်း ထိုင်ရမယ်။”

ရှမ့်လန်က နောက်ပြောင်နေခြင်း မဟုတ်ချေ။ စိတ်လှုပ်ရှားမှု ပြင်းထန်လွန်းသည် ဆိုပါက ကျိန်းသေပေါက် ဤကဲ့သို့ ဒုက္ခရောက်သည့် အခြေအနေမျိုးကို ရောက်ရှိနိုင်၏။ မဟာပညာရှင်လန်တိုက သူ၏ မျက်လုံးများကို မှိတ်လိုက်၏။ သူက နှလုံးသား ကျမ်းစာကို ပြန်လည်ကာ ရွတ်ဖတ်လျက် ရှိနေ၏။ သို့နှင့် စိတ်တည်ငြိမ်သည့် အခြေအနေဆီသို့ ချက်ချင်း ရောက်ရှိသွား၏။

မဟာပညာရှင် လန်တိုက သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ “သခင်လေးရှမ့်... ကျုပ် လက်တွေကို ခွဲစိတ်ဖို့ လုပ်ပါ။ ကျုပ် ဒီစစ်တပ်ကို သင်ပေးမယ်။ သူတို့က လောကမှာ အကောင်းဆုံးတပ်သားတွေပဲ။ ကျုပ် တစ်ခါမှ မမြင်ဖူးတဲ့ အကောင်းဆုံး လူတွေပဲ။ သူတို့က ကျုပ် ဘဝရဲ့ ဂုဏ်ကျက်သရေတွေ ဖြစ်လာလိမ့်မယ်။ ကျုပ် အရင်က ထူးချွန်တဲ့တပည့် ဘယ်နှယောက်ကို သင်ပြပေးခဲ့ဖူးတယ်ဆိုတာ မသိတော့ဘူး။ ဒါပေမဲ့ အဲလူတွေ အကုန်လုံးက ဒီကောင်လေးတွေနဲ့ နှိုင်းယှဉ်လို့ မရဘူး။ သခင်လေးရှမ့်ပြောတာ မှန်တယ်။ ကျုပ် သူတို့နဲ့ အတူတူ အသစ်တဖန်ပြန်ပြီး မွေးဖွားချင်တယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ ခင်ဗျားရဲ့ ခြေထောက်တွေ အတိုင်းအတာတစ်ခုထိ ပြန်လည် ကောင်းမွန်လာတဲ့ အချိန်ကျရင် ခင်ဗျားရဲ့ လက်တွေကို ထပ်ပြီး ခွဲပေးတာပေါ့။”

...................

နောက်တစ်ရက်.. ဒုတိယ နိဗ္ဗာန စစ်သည်များက သေဆုံးသူ ဆယ့်ငါးဦးအတွက် လေးနက်သည့် အခမ်းအနား တစ်ခုကို ကျင်းပပေးခဲ့၏။ အလောင်းများကို တိုက်ရိုက် မီးရှို့ပြီး ပြာဖြစ်စေ၏။ ပြာ၏ တစ်ဝက်ကို ပင်လယ်ထဲ ကျဲချပြီး ကျန်တစ်ဝက်ကို မြေကြီးထဲ မြှုပ်နှံ၏။ အုတ်ဂူများကို စီစဉ်ပေးခဲ့၏။ လူပေါင်း ၃၀၀၀ ကျော်တို့က တိတ်တဆိတ်ပင် ငိုယိုလျက် ရှိသည်။

လူတိုင်း၏ နှလုံးသားများက သူတို့၏ စိတ်ထဲတွင် ခိုင်ကျည်စွာ ကျိန်ဆိုခဲ့၏။ သူတို့ ပို၍ အားကောင်းရ ပေမည်။

“နောက်တစ်ကြိမ် ထိခိုက်ဒဏ်ရာ ရရှိမှုဟူ၍ မရှိစေရဘူး။ လေ့ကျင့်မှုမှာ ငါတို့ရဲ့ ညီအစ်ကိုတွေ ငါတို့ဆီကနေ ခွဲခွာပြီး ထွက်ခွာသွားရတဲ့ ကိစ္စရပ်မျိုးကို နောက်ဘယ်တော့မှ ခွင့်မပြုတော့ဘူး။”

..............

နောက်ပိုင်းအချိန်မှာတော့ အရူးအမူး လေ့ကျင့်ခြင်းကိုသာလျှင် ပြုလုပ်ကြတော့၏။ လူပေါင်း ၃၀၀၀ ကျော် တို့က အရူးအမူး လေ့ကျင့်မှုကို ပြုလုပ်ကြ၏။ တစ်နေ့လျှင် ၁၈ နာရီ၊ ၂၄ နာရီ လေ့ကျင့်၏။ တကယ့်ကို အရူးများကဲ့သို့ပင်။ တစ်ပိသာခွဲကျောက်လေးကို တင်ဆွဲလေ့ကျင့်ခဲ့ပြီးနောက် နှစ်ပိသာကျောက်လေးကို တိုက်ရိုက် လေ့ကျင့်ကြ၏။

နှစ်ပိဿာကျောက်လေးက ပေါင် ၂၅၀ ကျော်လေးပြီး အားလုံးကို သံများဖြင့် ဖန်တီးထား၏။ သူတို့က လေးကို ကျောက်ခဲများဖြင့်ဆွဲကာ ထပ်မံ အသုံးပြုကြ၏။ လေးဆွဲတိုင်း တစ်မိနစ်ကြာအောင် ထိန်းထားပြီးမှ ပြန်ချ၏။ တစ်နာရီလျှင် အကြိမ် ၃၀ လေ့ကျင့်ခဲ့၏။ တစ်နေ့လျှင် အကြိမ် ၃၀၀ လေ့ကျင့်၏။ ဤ အံ့အားသင့်စရာကောင်းသည့် ပြင်းထန်စွာ လေ့ကျင့်နိုင်မှုက ခန္ဓာကိုယ်ကို ဖျက်ဆီးတော့မည့်သကဲ့သို့ပင်။

ကံကောင်းစွာဖြင့် ဤလူများက ဗလာသွေးမျိုးဆက် ပိုင်ရှင်များ ဖြစ်ပြီး သွေးမျိုးဆက်ကို ပြုပြင် ထားခဲ့ပြီး ဖြစ်သောကြောင့် ခံနိုင်ရည်ကလည်း ကောင်းမွန်၏။ သာမန်လူသားသာ ဆိုပါက အရွတ်နှင့် သွေးကြောများ ပြတ်တောက်ပြီး အရိုးများပင် လွဲသွားနိုင်သည်။

သို့သော်ငြား ထိုသို့ အားကောင်းလှပါသည်ဆိုသော လူများဖြစ်သည် ဆိုလျှင်တောင် နေ့စဉ်နေ့တိုင်း ဆေးဖက်ဝင်အပင်များကို လိုအပ်၏။ သူတို့က ထိုဆေးဖက်ဝင် အပင်များကို စားသုံးခြင်း၊ ဟင်းချိုအဖြစ် သောက်သုံးခြင်းတို့ဖြင့် အာဟာရကို ဖြည့်တင်းလျက် ရှိ၏။ မဟုတ်ပါက သွေးမျိုးဆက် ပြောင်းလဲထားသည့် စစ်သည်တော်များဖြစ်သည် ဆိုလျှင်တောင် ကြောက်မက်ဖွယ်ရာကောင်းသည့် လေ့ကျင့်မှုများက သူတို့၏ သွေးမျိုးဆက် စွမ်းအင်အားလုံးကို အဆုံးစွန်ထိ ညှစ်ထုတ်ကာ အသုံးပြုနေသကဲ့သို့ပင် ဖြစ်စေ၏။

ခက်ခဲစွာ လေ့ကျင့်နေသော နောက်တစ်ဦးမှာတော့ မဟာပညာရှင်ကြီး လန်တိုပင် ဖြစ်၏။ သူက လမ်းလျှောက် လေ့ကျင့်၍ မရသေးချေ။ သို့သော်ငြား သူ၏ ခြေထောက်များကို အပေါ်သို့ မြှောက်ပြီး လေ့ကျင့်နိုင်ခဲ့၏။ ထိုသို့ လေ့ကျင့်သည်ဆိုလျှင်တောင် အလွန်အကျွံ လေ့ကျင့်၍ မရသေးချေ။ သို့နှင့် သူက နိဗ္ဗာန စစ်သည်ကို မည်သို့ လေ့ကျင့်ရမည် ဖြစ်ကြောင်း တွေးတောရင်း နေ့စဉ်နေ့တိုင်း အချိန်ကုန်လျက် ရှိနေသည်။

တစ်လခွဲ ကြာမြင့်ပြီးနောက် .....

ဒုတိယ နိဗ္ဗာန စစ်သည်များက အမြန်ဆန်ဆုံး ချီတက်လေ့ကျင့်မှုကို တစ်ဖန် စတင်ခဲ့၏။ ဤတစ်ကြိမ်မှာတော့ ၃၅၀ မိုင် ရှိနေဆဲ ဖြစ်သော်လည်း သူတို့ သယ်ဆောင်ထားခဲ့သည့် အလေးချိန်က ပေါင် ၂၈၀ ကျော် ဖြစ်၏။ သူတို့က ၄၈ နာရီအတွင်း ပြန်လာရန် အလျင်စလို ပြုလုပ်ရပေမည်။

ဤတစ်ကြိမ်မှာတော့ နိဗ္ဗာနစစ်သည်များက လမ်းကြောင်းကို မှတ်သားရန်၊ ထိခိုက်ဒဏ်ရာရရှိမှုများကို မည်သို့ ရှောင်ရှားရန် စသည်ဖြင့် အရာအားလုံးကို ရင်ဆိုင်ရန် စိတ်အားတတ်ကြွလျက် ရှိ၏။ အထူးသဖြင့် ချောက်ကမ်းပါးများ ပြုတ်ကျခြင်း၊ အဆိပ်မြွေ ကိုက်ခံရလျှင် မည်ကဲ့သို့ ကုသရမည် ဖြစ်ကြောင်း စသည်ဖြင့် အရာအားလုံး ပါဝင်၏။

သူတို့က စကားကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ကာ မပြောကြားသော်လည်း နှလုံးသားထဲတွင် တစ်စုံတစ်ခုသော အကြောင်းအရာကို ကျိန်ဆိုထားခဲ့၏။

ဤတစ်ကြိမ်တွင် မည်သူမှ ထိခိုက်ဒဏ်ရာ လုံးဝ မရရှိစေရပေ။ ဒဏ်ရာရခြင်း သို့မဟုတ် မသန်မစွမ်း ဖြစ်ခဲ့လျှင် ကိစ္စမရှိချေ။ အဘယ်ကြောင့်ဆိုသော် သူတို့က မသန်မစွမ်း ဖြစ်ခဲ့လျှင်ပင် နိဗ္ဗာနစစ်သည်များ ဖြစ်နေဆဲဖြစ်ပြီး ထိုစစ်တပ်ကြီး၏ စာရေးအရာရှိ သို့မဟုတ် သမားတော်အကူများဖြင့် ဝင်ရောက်ကာ ပြုလုပ်နိုင်စွမ်း ရှိနေသေး၏။

ဤအချိန်မှာတော့ ရှမ့်လန်က ထိုသူတို့အပေါ်တွင် ယုံကြည်ချက် ကြီးကြီးမားမား ထားထားသည်။

ထင်ထားသည့် အတိုင်းပင်။ ၄၅ နာရီ ကြာပြီးနောက် လူတိုင်း ၃၈၀၀ လုံးက စည်းကမ်းတကျနှင့် ပြန်လည် ရောက်ရှိလာခဲ့၏။ စစ်သည်များက စည်းကမ်းသေသပ်မှုရှိစွာ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ဒဏ်ရာရရှိမှုများ ရှိသော်လည်း အရေအတွက်မှာတော့ လျော့နည်းသွားခဲ့၏။

...............

အပိုင်း (၆၀၄)

တစ်လကြာမြင့်ပြီးနောက် ရှမ့်လန်က မဟာပညာရှင်လန်တို၏ လက်များကို ခွဲစိတ်ကုသပေးခဲ့၏။ ထိုအရာကလည်း အောင်မြင်ခဲ့၏။ ၇ နာရီ ကြာပြီးနောက် ရှမ့်လန်က ထိုသူ၏ လက်တွင် ရှိနေသည့် အရွတ်များကို ခွဲစိတ်ပြီး ပြန်လည် ချိတ်ဆက်ပေးခဲ့၏။

သို့သော်ငြား ရှမ့်လန်က မဟာပညာရှင်ကြီးကို သိုင်းပညာ ပြန်လည်ကောင်းမွန်လာဖို့ စိတ်ကူးယဉ်ခြင်း မပြုရန် ထပ်တလဲလဲ မှာကြားထားခဲ့၏။ ပုံမှန် လမ်းလျှောက်နိုင်ပြီး လက်များကို ပုံမှန် အသုံးပြုနိုင်ခြင်းကပင် အလွန်ကံကောင်းနေပြီ ဖြစ်သည်။

ဤအချိန်မှာတော့ မဟာပညာရှင် လန်တိုက ရှမ့်လန်ထက်ပင် ပိုမိုကာ ယုံကြည်ချက် ရှိနေ၏။ သူကလည်း သူ့၌ ခံစားချက်များ ရှိကြောင်း၊ ယုံကြည်ချက်များ ရှိကြောင်းကိုလည်း အစဉ်အမြဲ ပြော၏။

ဒုတိယ တော်ဝင်တပ်မတော်က လေ့ကျင့်ခန်းများကို အဆက်မပြတ် ပြုလုပ်လျက် ရှိ၏။ အလုံးစုံ ရူးသွပ်လုနီးပါး အခြေအနေမျိုးဖြင့် ပြုလုပ်နေခဲ့ခြင်းပင်။ မည်သို့သော စစ်သည်များမှ ဤကဲ့သို့ အားကောင်းပြီး လေးလံလွန်းသည့် လေးများဖြင့် လေ့ကျင့်ခြင်း မရှိကြချေ။ ထို့အပြင် အားကောင်းသည့် လေးမျိုးကိုလည်း အရေအတွက်များများ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ရှမ့်လန်ကတော့ ကာဗွန်သံမဏိ ပြုလုပ်နည်းကို အသုံးပြုကာဖြင့် သင့်တော်သည့် လေးကြိုးများကို အသုံးပြုပေးခဲ့၏။ ထိုလေးကြိုးများက ပိုးထက် ပိုမိုကာ အားကောင်း၏။

ဤနိဗ္ဗာနစစ်သည်များ၏ အရေးကြီးဆုံး‌လေ့ကျင့်မှုက လေးကို အမြန်ဆွဲခြင်းပင်။ တစ်မိနစ်လျှင် အကြိမ် ၂၀၊ တစ်နာရီလျှင် အကြိမ် ၁၀၀၀၊ တစ်နေ့လျှင် အကြိမ်ပေါင်း တစ်သောင်းကျော် လေးဆွဲသည်။

ဤကဲ့သို့သော လေ့ကျင့်မှုများက သာမန်စစ်သည်များသာ ဆိုပါက ရူးသွပ်သွားမှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က မြားတစ်စင်းကိုမှ မပစ်ရသေးသောကြောင့်ပင်။ လေးဆွဲခြင်း အတတ်ကိုသာလျှင် တောက်လျှောက် လေ့ကျင့်ခဲ့ရ၏။

လေ့ကျင့်မှု၏ ပြင်းထန်ပုံက တကယ့်ကို ကြမ်းတမ်းလွန်းလှချေ၏။ သို့သော်ငြား ဤသွေးမျိုးဆက် ပိုင်ရှင်များက အာရုံစူးစိုက်နိုင်ကြပြီး ထပ်တလဲလဲ လေ့ကျင့်နိုင်ကြ၏။ ညည်းညူသံဟူ၍ ထွက်ပေါ် မလာခဲ့ချေ။ သူတို့က ဤကဲ့သို့ မြားဆွဲခြင်း အတတ်ပညာတွင်သာ နစ်မြုပ်နေခဲ့သည်။

မြားဆွဲတိုင်း သူတို့နှင့် လေးနှင့်ကြား ဆက်နွယ်မှုကို ခံစားလျက် ရှိ၏။ လေးကြိုး၏ စွမ်းအား၊ လေး၏ စွမ်းအား၊ ပတ်ဝန်းကျင် လေထု၏ စွမ်းအား၊ အရာအားလုံးက သူတို့၏ ခန္ဓာကိုယ်ထဲတွင် ကိန်းဝပ်လျက် ရှိနေ၏။ လေးပစ်မည့် လုပ်ငန်းစဉ်တစ်ခုချင်း၏ အစိတ်အပိုင်းများက သူတို့၏ ခန္ဓာကိုယ် ခြေလက်များ ကဲ့သို့ပင် ဖြစ်လာခဲ့ကြ၏။

တစ်လ ထပ်မံကုန်ဆုံးသွားခဲ့၏။ မဟာပညာရှင် လန်တိုက မတ်တပ်ရပ်နိုင်ပြီး သူ၏ ခြေထောက်များက ခက်ခက်ခဲခဲဖြင့် လမ်းလျှောက်နိုင်ခဲ့၏။ သူက ဒုတိယ နိဗ္ဗာန တပ်တော်ကို တာဝန်ယူခဲ့ပြီး နိဗ္ဗာနစစ်တပ်ကြီး၏ အကြီးမားဆုံး သင်တန်းနည်းပြဆရာကြီး ဖြစ်လာ၏။ မည်သည့် ဖျောင်းဖြမှုမှ မလိုအပ်သလို မည်သည့် အားပေးမှုမှ မလိုအပ်ချေ။

နှစ်လအတွင်း သူက နိဗ္ဗာနစစ်သည်များနှင့် လုံးဝ‌ ပေါင်းစပ်သွားခဲ့၏။ သူက နိဗ္ဗာနတပ်သား ၃၀၀၀ ကျော်ကို ပင်လယ်ကမ်းစပ်သို့ ခေါ်ဆောင်သွား၏။ “ပုံမှန်လူတွေက အမြင်အာရုံကို အားကိုးပြီး မြားကို ပစ်ကြတယ်။ ထိပ်တန်းမြားပစ်သမားတွေနဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို အားကိုးပြီး မြားကိုပစ်ကြတယ်။ ဒီကိစ္စက လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတစ်ခု မဟုတ်ဘူး။ မင်းတို့အားလုံးက ဒီကိစ္စနဲ့ ပတ်သက်ရင် အားကောင်းပြီးသားပဲ။ အာရုံစူးစိုက်နိုင်စွမ်း ကောင်းတယ်။ အဆုံးစွန်အထိ အရာအားလုံးကို ပြုလုပ်နိုင်တယ်။

ဒါတောင်မှ မလုံလောက်သေးဘူး။ ထိပ်တန်း မြားပစ်သမား တစ်ဦးဆိုတာ ရန်သူကို ထိမှန်အောင် ပစ်ခတ်ဖို့ လိုအပ်ရုံတင်မကဘူး၊ ရန်သူကို ရှာဖွေတွေ့ရှိနိုင်ဖို့၊ ရောက်ရှိလာနိုင်တဲ့ အန္တရာယ်ကို အာရုံခံနိုင်ဖို့လည်း လိုအပ်တယ်။ မင်းတို့က လူပေါင်း ၃၀၀၀ လောက် အတူတူ ရှိနေရင် တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ လူအင်အား နည်းလာပြီ ဆိုရင်လည်း ဆက်လက် တိုက်ခိုက်နိုင်ဖို့ လိုအပ်သေးတယ်။ နောက်ဆုံး လူသုံးယောက်ပဲ ကျန်ခဲ့မယ် ဆိုရင်တောင် မင်းတို့မှာ ကြောက်စရာ တိုက်ခိုက်နိုင်မှု စွမ်းအင်ကို ထုတ်ဖော်နိုင်ဖို့လိုတယ်။

ဒီတော့ အချိန်ကြာမြင့်လာပြီဆိုရင် ငါ မင်းတို့ကို ရှေးဟောင်း စိတ်ပိုင်းဆိုင်ရာ ပျိုးထောင်နည်း သင်တန်းတွေ ပေးမယ်။ လျှို့ဝှက်ကျမ်းစာတွေက မင်းတို့ရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းအားနဲ့ အာရုံခံနိုင်စွမ်းကို ပိုပြီး မြင့်တက် လာစေလိမ့်မယ်။ မန္တာန်တွေ ရွတ်ဖတ်ရလိမ့်မယ်။ ပြီးတော့ မန္တာန်တွေကို လေ့ကျင့်ပြီးတဲ့နောက်မှာ မင်းတို့ရဲ့ အချိန်တွေက နှေးကွေးသွားသလို ခံစားရမယ်။ အမြင်အာရုံရဲ့ အကွာအဝေးတွေကိုလည်း လျှော့ချ နိုင်လိမ့်မယ်။ အာရုံခံနိုင်စွမ်းရဲ့ အကွာအဝေးကိုလည်း ချဲ့ထွင်နိုင်လိမ့်မယ်။

ဒီလိုမန္တာန်တွေကို မသင်ယူခင်မှာ မင်းတို့က အသက်ရှုရပ်ပြီး သေတဲ့ခံစားချက်မျိုးကိုလည်း ခံစားတတ်ဖို့ လိုအပ်တယ်။ ဒါမှသာ မင်းတို့က ထူးခြားတဲ့ စိတ်အခြေအနေတစ်ခုထဲကို ဝင်သွားလိမ့်မယ်။ လူတိုင်းရေငုပ်၊ ငါ အမိန့်မပေးမချင်း ဘယ်သူမှ ရေထဲကနေ အပေါ်ပြန်မတက်ရဘူး။ မင်းတို့က အသက်ရှုကြပ်ပြီး သေခြင်းတရား ကို နက်နက်နဲနဲ ခံစားကြ။ ရေငုပ်ကြ။” လန်တိုက အမိန့်ပေးလိုက်၏။

လူပေါင်း ၃၈၀၀ လုံးက ပင်လယ်ထဲတွင် ရေငုပ်လျက်ရှိ၏။ သူတို့က အသက်ရှု ကြပ်လာခဲ့၏။ အသက်ရှုကြပ်မှု အတိုင်းအတာတစ်ခုထိ ရောက်သည့်အချိန်တွင် သတိလစ်မသွားသေးဘဲ တကယ့်ကို ထူးခြားသည့် အခြေအနေတစ်ခု ဆီသို့ ဝင်ရောက်သွားခဲ့ကြသည်။

လောကကြီးတစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီး တည်နေရာတွင် သူတို့သာလျှင် ရှိတော့၏။ ပိုမိုနက်ရှိုင်းသည့် အဆင့်တစ်ခုဆီသို့ ရောက်ရှိသွားသကဲ့သို့ပင်။ သူတို့က သူတို့၏နှလုံးခုန်သံနှင့် သွေးစီးဆင်းသံ ကိုပင် ရှင်းရှင်းလင်းလင်း ကြားနေရ၏။

ဤသို့ပင် မဟာပညာရှင်လန်တိုက နိဗ္ဗာနစစ်သည်များ၏ အသက်ရှုခြင်း အကန့်အသတ်ကိုပင် ညှစ်ထုတ်ခဲ့၏။ သူတို့ ရေထဲတွင် အချိန်တော်ကြာ နေထိုင်ခဲ့ရ၏။ ထိုကဲ့သို့ လေ့ကျင့်ပြီး တစ်လခွဲခန့် ကြာမြင့်ခဲ့ပြီးနောက် ရှေးမန္တာန်တစ်ခုကို စတင်ကာ လေ့ကျင့်ခဲ့သည်။

လုပ်ငန်းစဉ်တစ်ခုလုံးမှာတော့ ရှမ့်လန်က တကယ်ပဲ စိုးရွံ့မိ၏။ နိဗ္ဗာနစစ်သည်များထဲမှ တချို့က ပင်လယ်ထဲတွင် တကယ်ပဲ ရေနစ်ကာ သေဆုံးသွားမည်ကို စိုးရိမ်သောကြောင့်ပင်။

နောက်ထပ် တစ်လခွဲ ကုန်ဆုံးသွား၏။ မဟာပညာရှင်လန်တိုက အနှောင့်အယှက်မရှိဘဲ လမ်းလျှောက်နိုင်ပြီဖြစ်၏။ သူ၏လက်လှုပ်ရှားမှုကလည်း ၇၀ ရာခိုင်နှုန်းနီးပါးခန့် ပြန်လည်ကာ ကောင်းမွန်လာခဲ့၏။

ဒုတိယ နိဗ္ဗာန စစ်သည်အားလုံးက နောက်ဆုံးတွင် မြားပစ်ခြင်းကို စတင်ကာ သင်ယူနိုင်ခဲ့၏။ တကယ်ပဲ မလွယ်ခဲ့ကြချေ။ သွေးမျိုးဆက် ပြောင်းလဲမှုပြုလုပ်ပြီးနောက် သူတို့က မြားပစ်သည့်နည်းစနစ်နှင့် နိယာမများကို နှစ်လကျော် လေ့လာခဲ့ရ၏။ မြားနှင့်လည်း အလွန်ပဲ ရင်းနှီးခဲ့ကြ၏။ ပြီးနောက် မြားကို မတပ်ရဘဲ လေးကိုသာ အကြိမ် တစ်သိန်းကျော် ဆွဲခဲ့ရသည်။

ပြီးနောက်မှာမှ ကျောက်လေးများဖြင့် စတင်ကာ ပစ်ခတ်ရ၏။

မီတာ ၂၃၀။ ရလဒ်က မကောင်းခဲ့ချေ။ အိုလံပစ်ပြိုင်ပွဲတွင်ပင် မီတာ ၇၀ အကွာအဝေး ရှိ၏။ မီတာ ၂၃၀ ဆိုသည့် အကွာအဝေးက လူများကို စိတ်ပျက်အားငယ်စေနိုင်သည့် အကွာအဝေးပင်။ ထိုအကွာအဝေးက လူတစ်ဦး ထိန်းချုပ်နိုင်သည့် အကွာအဝေးထက် အဆမတန် များပြားနေသည်။

လေအနည်းငယ် သို့မဟုတ် ပစ်ခတ်သည့် တည်နေရာ၏ထောင့် အနည်းငယ် သွေဖယ်လိုက်သည်နှင့် သို့မဟုတ် လောကကြီး၏ မြေဆွဲအားကို နားမလည်နိုင်လျှင် လွှဲချော်နိုင်သည့် အရာမျိုးပင်။ ထို့အပြင် ကိုင်ဆွဲထားသည့် လေးများကလည်း တကယ့်ကို လေးလံလွန်းလှ၏။

မဟာပညာရှင်လန်တိုက ဤမျှလောက် အကွာအဝေးကို ပစ်ခတ်ရန် အမိန့်ချမှတ်ပေးခဲ့၏။ ထိုအရာက သူ့အနေနှင့် အကြီးကျယ်ဆုံးသော အရာတစ်ခုကို ပြုလုပ်ချင်သောကြောင့်ပင်။ သို့ပေမည့် အားလုံးသော သူတို့က ကြိုးစားခဲ့ကြသည်။

လီချင်းချိုးက ပထမဆုံးသော နိဗ္ဗာနစစ်သည်များ၏ လေ့ကျင့်မှုကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့၏။ သို့ပေမည့် သူက လေ့ကျင့်မှုဖြစ်စဉ်တစ်ခုလုံးကို မကြည့်ခဲ့ချေ။ နှလုံးသားထဲတွင်တော့ မယုံကြည်နိုင်သည့် အလှည့်အပြောင်း တစ်ခု ဖြစ်တည်ခဲ့၏။

လေးလအတွင်း ဤလူအားလုံးက အသုံးမဝင်သည့် အမှိုက်များအဖြစ်မှ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည့် တပ်သားများ အဖြစ်သို့ ပြောင်းလဲလာခဲ့၏။ လက်ရှိအချိန်တွင်တော့ သူက သူ၏ မျက်လုံးဖြင့် ဤလူအားလုံးကို သေချာမြင်နေရ၏။ ဤအရာက တကယ့်ကို လောက အလှည့်အပြောင်းတစ်ခု ဖြစ်ကြောင်း လီရှင်းချိုးက ခံစားမိသည်။

လေ့ကျင့်ရသည့် အချိန်ကာလက တိုတောင်းပြီး သုံးလမှ လေးလနီးပါးခန့်သာ ရှိခဲ့၏။ သို့ပေမည့် လေ့ကျင့်မှုကြောင့် ဖြစ်တည်လာခဲ့သည့် အကျိုးရလဒ်ကတော့ အလွန်အမင်း မြင့်မားလွန်း၏။ ဤလေ့ကျင့်မှု အခြေအနေတစ်ခုက တခြားသော စစ်သည်များအနေနှင့် သုံး၊ လေးနှစ်လောက် လေ့ကျင့်ရမည့် အရာမျိုးပင်။ သွေးမျိုးဆက်များ ပြောင်းလဲပြီးနောက် သူတို့၏ အာရုံစူးစိုက်မှုက တကယ့်ကို ကောင်းမွန်လွန်းသောကြောင့် ဤမျှ အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ခြင်းသာ ဖြစ်၏။

အချိန်အနည်းငယ်ကြာပြီးနောက် ဒုတိယ နိဗ္ဗာနစစ်သည်အားလုံးက မီတာ ၂၀၀ အကွာအဝေးတွင်ရှိနေသည့် ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ကြ၏။ သို့ပေမည့် ထိုအရာက လုံလောက်အောင် နီးကပ်လျက် ရှိနေသေးသလိုပင်။

မဟာပညာရှင် လန်တိုက သူတို့ကို ပင်လယ်ကမ်းစပ်ဆီသို့ ထပ်မံခေါ်ဆောင်သွား၏။ ဒီရေလှိုင်းများ တက်နေသည်ကို အခွင့်အရေးယူပြီး ဒီရေလှိုင်းများထဲတွင် သွားရောက်ကာ ကူးခတ်စေခဲ့၏။ ထိုကဲ့သို့သော ဒီရေလှိုင်းများ ကြားထဲတွင် မြားပစ်ခြင်းကိုလည်း လေ့ကျင့်စေခဲ့သည်။

လန်တိုက တကယ်ပင် စိတ်အားတက်ကြွလျက် ရှိနေ၏။ အံ့အားသင့်စရာ ကောင်းလွန်းလှချေသည်။ ပြင်းထန်လွန်းသည့် ရေလှိုင်းများကြားထဲတွင် မြားကိုပစ်ခတ်နိုင်စွမ်း ရှိနေ၏။ ပစ်မှတ်ကို ထိမှန်ရန် မလိုချေ။ သူတို့အနေနှင့် ပစ်မှတ်ကို ခံစားမိရန်သာ လို၏။

မိုးများ သည်းသည်းမဲမဲ ရွာချနေသည့်အချိန်တွင် မြားပစ်ခြင်းဆိုသည်မှာ သူတို့အတွက် သေးငယ်သည့် ကိစ္စရပ်လေးသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လေပြင်းမုန်တိုင်းများကြားထဲတွင်ပင် မြားကို မှန်ကန်အောင် ပစ်ခတ်လာနိုင်သောကြောင့်ပင်။

ဒုတိယ နိဗ္ဗာနတပ်တော်၏ လေ့ကျင့်မှုက အလှည့်အပြောင်း များလွန်းလှ၏။ မဟာပညာရှင် လန်တို၏ ခြေလက်အားလုံးက မျှော်လင့်ထားသည်ထက် ပိုမိုကာ ကောင်းမွန်လာခဲ့၏။ သူ၏သိုင်းပညာကို ပြန်လည် မရရှိသေးသော်လည်း သူက တောင်များကို တက်နိုင်၏။ ရေကူးနိုင်၏။ ပြေးပင် ပြေးနိုင်နေပြီ ဖြစ်သည်။

သို့နှင့် သူက အလုံးစုံ ပြောင်းလဲသွားခဲ့၏။ ယခင်က ရှိခဲ့သည့် မာနကြီးမှုများ ပျောက်ကွယ်သွားခဲ့၏။ သူက ကလေးဆိုးကြီး တစ်ယောက်လို၊ အဘိုးကြီးတစ်ယောက်လို အခြေအနေမျိုးက ပျောက်ကွယ်သွားပြီ ဖြစ်၏။ သူက အေးစက်ပြီး ကြီးမားသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုသည့် လူတစ်ယောက်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့၏။

မဟာပညာရှင်များထက်ပင် ပိုမိုကာ မောက်မာ၏။ သူ၏ သိုင်းပညာကို ပြန်လည်ကာ မရရှိသေးချေ။ သို့ပေမည့် မဟာပညာရှင် တစ်ယောက်၏ မောက်မာမှုမှာတော့ လောက၏ အဆုံးသတ်သို့ ရောက်ရှိနေသည်။

တခြားတစ်ဖက်တွင် ရှိနေသည့် ဓားဘုရင် လီချင်းချိုးကလည်း အစစ်အမှန် မဟာပညာရှင် တစ်ယောက်ပင် ဖြစ်၏။ သူ၏ မိန်းမကတော့ သိုင်းပညာများကို အဆုံးစွန်အထိ ပြန်လည် မရရှိသေးချေ။ သို့ပေမည့် လီချင်းချိုး က တဖြည်းဖြည်းနှင့် မဟာပညာရှင်တစ်ယောက်အစား လယ်သမားအိုကြီး တစ်ယောက်နှင့် ပိုပို တူလာခဲ့၏။

ယခု စစ်သည်များကို လေ့ကျင့်ပေးသည့်နေရာတွင် မဟာပညာရှင်လန်တိုက အာဏာရှင်ကြီးတစ်ဦးကဲ့သို့ပင် သူ ထုတ်ဖော်လိုက်သည့် အမိန့်တစ်ခုကို မည်သူကမှ ငြင်းဆန်နိုင်စွမ်း မရှိကြချေ။

သခင်မချိုးက တီးတိုးပြောလိုက်သည်။ “အဘိုးကြီးလန်တိုက တကယ့်ကို မောက်မာလာခဲ့ပြီ။ သူ့သိုင်းပညာတွေ တကယ့်ကို အားကောင်းတဲ့ အချိန်တုန်းကဆိုရင် ဟုတ်ပါတယ်။ ဒါပေမဲ့ အခု သူက ကျန်တဲ့လူတွေ အားလုံးကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မထင်တဲ့ပုံပဲ။”

ဟုတ်ပေ၏။ ရှမ့်လန်ကလည်း ထိုအရာကို သိရှိ၏။ ယခင်တုန်းက အိပ်ယာပေါ်တွင် လဲလျောင်းလျက် ရှိနေသည့် မဟာပညာရှင် လန်တိုက လောကကြီးကို အရှုံးပေးပြီး ဖြစ်၏။ သူက သေခြင်းတရားကိုသာ စောင့်မျှော်နေခဲ့၏။ အခု သူက ခြေလက်များ ပြန်လည်ကောင်းမွန်လာခဲ့၏။ သိုင်းပညာများကို ပြန်လည် မရရှိသေးသည် ဆိုလျှင်တောင်မှ မဟာပညာရှင် လန်တိုက အလွန်တရာ မောက်မာလာခဲ့၏။

ဟုတ်ပေ၏။ မဟာပညာရှင် လန်တိုအနေနှင့် လက်ရှိအခြေအနေတွင် ကောင်းကောင်းမွန်မွန်ဖြင့် မောက်မာ ဝင့်ကြွားစွာ သင်ကြားပြသပေးလျက် ရှိနေ၏။ ဤသို့နှင့်ပင် လေးလက ကုန်လွန်သွားခဲ့၏။ ဒုတိယ နိဗ္ဗာနစစ်သည်များ အားလုံးက တဖြည်းဖြည်း ပိုမိုအားကောင်းလာသည်။

ရှမ့်လန်၏ မျက်လုံးထဲတွင် အားလုံးသောသူများက တကယ့်ကို အထင်ကြီးလောက်စရာပင်။ သို့ပေမည့် မဟာပညာရှင် လန်တိုက ထိုအရာကို မလုံလောက်သေးဘဲ အလွန်ဝေးကွာလျက် ရှိနေသည်ဟု အစဉ်အမြဲ ပြောဆိုလျက် ရှိနေ၏။

မည်သို့ပင်ဆိုစေကာမူ ရှမ့်လန်က ဤကျွန်းမှ ထွက်ခွာရတော့မည်။ အဘယ်ကြောင့်ဆိုသော် မူလန် ကလေးမွေးဖွားတော့မည် ဖြစ်သောကြောင့်ပင်။ လွန်ခဲ့သည့်တစ်ကြိမ် ပင်းအာ မွေးဖွားစဉ်တုန်းက ရှမ့်လန်က ဘေးတစ်ဖက်တွင် မရှိနိုင်ခဲ့သည့်အတွက် နောင်တရခဲ့မိ၏။ သို့ပေမည့် လက်ရှိအချိန်မှာတော့ သူက မူလန်၏ ဘေးတစ်ဖက်တွင်ရှိပြီး ကလေးမွေးဖွားရာ၌ အဖော်ပြုရပေမည်။

ရှမ့်လန်က ဓားဘုရင် လီချင်းချိုးနှင့် သူ၏ဇနီး၊ မဟာပညာရှင် လန်တိုတို့ကို နှုတ်ဆက်၏။ မဟာပညာရှင် လန်တို၏ သိုင်းပညာက အပြည့်အဝ ပြန်လည်မကောင်းမွန်သေးသော်လည်း ဤနေရာကို ကြီးကြပ်ရန် အတွက် ထိပ်တန်းကျွမ်းကျင်သူ၊ စီမံခန့်ခွဲသူ တစ်ယောက်ပင်။ သခင်မချိုးကလည်း ဤနေရာတွင် နေခဲ့ရန် ဆုံးဖြတ်ချက် ချခဲ့သည်။

မထွက်ခွာခင်မှာတော့ သခင်မချိုးက ပြောလိုက်၏။ “ရှမ့်လန်... နေအုံး။ ငါနဲ့ လိုက်ခဲ့”

ရှမ့်လန်က အံ့အားသင့်သွား၏။ ပြီးနောက် သူက သခင်မချိုး၏ အနောက်သို့ လိုက်ခဲ့၏။ သခင်မချိုးက အနည်းငယ် တွေဝေပြီးသည့်နောက် သူမ၏ မျက်နှာပေါ်ရှိ ပုဝါကို ချွတ်လိုက်သည်။ “အဒေါ်ရဲ့ မျက်နှာကိုကြည့်၊ သူ့ကို ပြလို့ ရနိုင်လား”

ရှမ့်လန်က အံ့အားသင့်သွား၏။ “အဒေါ်… ခင်ဗျားတို့က ပေါင်းသင်းဆက်ဆံခဲ့တာလည်း နှစ်ပေါင်း မနည်းတော့ဘူး။ ဘယ်လောက်ဖြစ်ပြီး ဒီလောက်ကြီး စိုးရိမ်နေတာလဲ။”

ရှမ့်လန်တစ်ယောက် သခင်မချိုးကို ကုသပေးခဲ့သည်မှာ တစ်နှစ်နီးပါးရှိ၏။ တစ်နှစ်အတွင်း သခင်မချိုးက အလှကုန်ပစ္စည်းများကို အစဉ်အမြဲ အသုံးပြု၏။ အာဟာရ ဖြည့်တင်းပေးနိုင်သည့် အစားအစာများကို စားသုံး၏။ သူမ၏ အသွင်အပြင်ကို ထိန်းသိမ်းရန်အတွက်ပင်။

သူမက ပြင်ပလူများ၏ရှေ့တွင်သာ ပုဝါကို ဝတ်ဆင်ထားသည်ဟု ရှမ့်လန်က ထင်ခဲ့၏။ သို့ပေမည့် မထင်မှတ်ဘဲ လီချင်းချိုး၏အရှေ့တွင်လည်း သူမက ပုဝါကို ဝတ်ဆင်ခဲ့၏။ သူမ ပုဝါဝတ်ဆင်ရခြင်း အကြောင်းရင်းက သူမ၏ ရုပ်ဆိုးခြင်းကို လီချင်းချိုး မမြင်စေရန်ပင်။

ရှမ့်လန်က သခင်မချိုးကို ကြည့်လိုက်၏။ မျက်နှာတွင် အမဲစက်တချို့ရှိ၏။ သို့သော်ငြား အနောက်တိုင်းရှိ မိန်းမလှလေးများ၏ ခန္ဓာကိုယ်တွင် ထိုကဲ့သို့ တင်းတိမ်အမဲစက်များ ရှိနေတတ်၏။ တစ်နှစ်တာလုံး သေသေချာချာ ထိန်းသိမ်းပြီးသည့်နာက် သခင်မချိုး၏ မျက်နှာက ကြောက်လန့်စရာဟူ၍ မရှိတော့ချေ။ အလှတရားတချို့ကိုပင် ပြန်လည် ရရှိလာခဲ့၏။ သို့သော်ငြား လီချင်းချိုးအတွက်တော့ သူမက ပြိုင်ဘက်ကင်း မိန်းကလေးတစ်ယောက် ဖြစ်နေပြီးသားပင်။

ရှမ့်လန်က သူမကို အချိန်အတော်ကြာ ကြည့်ရှု၏။

သခင်မချိုးက စိတ်လှုပ်ရှားလျက် ရှိနေသည်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း... ကျုပ်အဒေါ်က ဒီလောက်တောင် လှတာကိုး။ ဦးရီးလီက ကျုပ်အဒေါ်နဲ့ မထိုက်တန်ဘူး။”

သခင်မချိုးက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ “ဒါဆိုရင် နောက်ထပ် အချိန်တစ်နာရီလောက်ပေးအုံး။” ပြီးနောက် သူမက ပြုံးကာပြောလိုက်၏။ လီချင်းချိုးကို ဘေးရှိအခန်းထဲသို့ ဆွဲခေါ်လာခဲ့၏။

လီချင်းချိုး၏ မျက်နှာက နီမြန်းသွားခဲ့၏။ “မိန်းမ... ဒီလို မလုပ်နဲ့လေ။ နေ့ခင်းကြောင်တောင်ကြီး။ ဒါကြီးက မကောင်းဘူး။ ငါတို့က အိုမင်းတဲ့လူတွေ ဖြစ်နေပြီ။”

သို့သော် နောက်သို့လှည့်ကြည့်သည့် အချိန်မှာတော့ ရှမ့်လန်နှင့် မဟာပညာရှင် လန်တိုတို့က ပျောက်ကွယ် သွားခဲ့၏။ အရိုးသားဆုံးပြောရမည်ဆိုလျှင် ရှမ့်လန်က ဤအရာကို အလွန်ခက်ခဲသည်ဟု ခံစားမိ၏။ နောက်ဆုံးမှာတော့ ထိုသူတို့က လူကြီးများပင် ဖြစ်သည်။

ခပ်ဝေးဝေးကို ရှောင်ရှားပြီးနောက် ရှမ့်လန်က ချောင်းဟမ့်လိုက်၏။ “ဆရာကြီး... ဒီနေ့ ရာသီဥတုက မဆိုးဘူး မဟုတ်လား”

မဟာပညာရှင်လန်တိုက ပြောလိုက်၏။ “ဟုတ်တယ်။ ရာသီဥတုက မဆိုးဘူး”

“ဂျိန်း...”

ကောင်းကင်ယံဆီမှ မိုးခြိမ်းသံကြီး ထွက်ပေါ်လာခဲ့သည်။ သောက်ခွေး။

ဤအချိန်က ဩဂုတ်လ ရောက်နေပြီဖြစ်၏။ ရာသီဥတုကလည်း အပူဆုံးအချိန်၌ ရှိနေ၏။ နန်းမြို့တော်က ဆောင်းဦးရာသီကို အနည်းငယ် ကြုံတွေ့နေရ၏။ နန်အိုနိုင်ငံက အပူဆုံးသော အခြေအနေတွင် ရှိနေသေး၏။

“စစ်ပွဲတွေ ဘယ်လိုဖြစ်နေပြီလဲ မသိဘူး။ နိုင်ငံတော်ရဲ့ ကံကြမ္မာအတွက် ဖြစ်တည်လာမယ့့်် စစ်ပွဲက ဘယ်လိုဖြစ်နေပြီလဲ”

ခဏအကြာမှာတော့ ကောင်းကင်က ရှင်းလင်းသွားခဲ့၏။ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ ပြီးသည့်နောက် မိုးများ သည်းထန်စွာ ရွာသွန်းလာခဲ့၏။ မိုးရွာသည်ကကောင်း၏။ အနည်းဆုံး အသံတချို့ကို ဖုံးကွယ်ထားနိုင်၏။ ထိုအသံက သူတို့အတွက် တကယ့်ကို ခက်ခဲလွန်းလှချေ၏။ ရှမ့်လန်နှင့် မဟာပညာရှင် လန်တိုတို့က မိုးခိုရန် အဝေးဆုံးနေရာသို့ ထွက်သွားခဲ့သည်။

နိဗ္ဗာနစစ်သည် သုံးထောင်ကျော်တို့ကလည်း လေ့ကျင့်မှုကို တစ်ဖန် ပြုလုပ်လျက်ရှိ၏။ ဒီတစ်ကြိမ်မှာတော့ သူတို့က နာရီ လေးဆယ်ကြာ ကီလိုမီတာ ၄၀၀ ခရီးကို သွားရမှာဖြစ်ပြီး ၃၃၀ ကီလိုဂရမ် အလေးချိန်ကို သယ်ဆောင်သွားရမှာဖြစ်၏။ တကယ့်ကို ထိတ်လန့်စရာ ကောင်းလွန်းလှချေ၏။ မိုးသည်းထန်စွာရွာပြီး မိုးကြိုးပစ်ခြင်းများ ကြားထဲတွင် လေ့ကျင့်မှုများကို ထပ်မံ ပြုလုပ်ဦးမှာ ဖြစ်၏။ သေချာပေါက် ငရဲခန်း လေ့ကျင့်မှု ကဲ့သို့ပင်။

“ဆရာကြီး... ဒီလူတွေ အဆင်သင့် ဖြစ်ဖို့ ဘယ်လောက်လောက် ကြာအုံးမလဲ”

“နှစ်လ။”

မဟာပညာရှင်လန်တိုက ပြောလိုက်၏။ “သူတို့ရဲ့ ၆ လလေ့ကျင့်မှုက တခြားစစ်သည်တွေအတွက် လေးနှစ်ကနေ ငါးနှစ်လောက် လေ့ကျင့်တာနဲ့ ညီမျှတယ်။”

All Chapters