← Chapters

အခန်း (၆၀၅-၆၀၆)

Vol. 40 Ch. 605-606

အခန်း (၆၀၅-၆၀၆)

Vol. 40 Ch. 605-606

အပိုင်း (၆၀၅)

“နှစ်လ။”

ရှမ့်လန်က ပြောလိုက်၏။ “အဲအချိန်ကျရင် ဒီနေရာမှာ ဆောင်းရာသီ ဖြစ်လိမ့်မယ်။ နန်အိုနိုင်ငံ ကတော့ တစ်နှစ်ပတ်လုံး နွေရာသီပဲ။”

မဟာပညာရှင် လန်တိုက ပြောလိုက်၏။ “ကျုပ်ကိုယုံ၊ ဒီတပ်သားတွေ အကုန်လုံးက တောက်ပတဲ့ စွမ်းဆောင်ရည်နဲ့ လောကကြီးကို အံ့အားသင့်စေလိမ့်မယ်။ ကျုပ်ရဲ့ ဘဝမှာ ဒီလောက်တော်တဲ့ စစ်သည်တွေကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ဒီကလေးတွေက တစ်ဦးချင်းပဲဖြစ်ဖြစ်၊ အုပ်လိုက်ပဲဖြစ်ဖြစ် တိုက်ခိုက်နိုင်စွမ်းရှိတယ်။ ပထမ နိဗ္ဗာနစစ်သည်တွေနဲ့သာ ပေါင်းလိုက်မယ်ဆိုရင် စစ်မြေပြင်မှာ ဘယ်လောက်တောင် အစွမ်းထက်မလဲဆိုတာ စိတ်ကူးတောင် ယဉ်လို့ မရနိုင်တော့ဘူး”

..........

နှစ်နာရီ အနည်းငယ်ကြာမြင့်ပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းခြင်းက ပြီးစီးသွား၏။ ကောင်းကင်ကလည်း ရှင်းလင်းသွားခဲ့၏။ သို့သော်ငြား မြေပြင်က ရှင်းလင်းနေဆဲပင်။

ဓားဘုရင် လီချင်းချိုးက ထွက်လာ၏။ မြေပြင်ကို ငုံ့ကြည့်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက နီရဲလျက် ရှိနေပြီး သူက မြေပြင်ကို အပေါက်ဖောက်ကာ ပုန်းချင်စိတ် ရှိနေပုံပင်။ ဆန့်ကျင်ဘက်အားဖြင့် သခင်မချိုးက တည်ငြိမ်ပြီး အေးစက်နေဆဲပင်။ ဘာမှ မဖြစ်ခဲ့သလိုပင်။ သူမက ပုံမှန်ကဲ့သို့ ခံစားမိ၏။

“သွားကြစို့။” လီချင်းချိုးက ပြောလိုက်သည်။

ပြီးနောက် သူနှင့် ရှမ့်လန်က သင်္ဘောပေါ်တက်ပြီး နိဗ္ဗာနကျွန်းမှ ထွက်ခွာကာ ရွှမ်ဝူမြို့ဆီသို့ ဦးတည်၏။ နှစ်ရက်နှင့်နှစ်ညကြာပြီးသည့်နောက် လီချင်းချိုး၏ရှက်ရွံ့မှုများက နောက်ဆုံးတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူက ရှက်ရွံ့မှုကို ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်သည်။

သင်္ဘောဆိုက်ကပ်လာခဲ့၏။ မြင်းကို စီးနင်းပြီး ရှမ့်လန်က ရွှမ်ဝူမြို့ဆီသို့ အမြန်ဆုံးပြန်၏။

“မူလန်... ငါ့ကို စောင့်နေ။ ငါ့ကို စောင့်နေ။ ကလေးလေး.. ကြိုးစားထား။ ကောင်းကောင်းမွန်မွန်နဲ့ ထွက်လာခဲ့။ ဖေဖေ လာနေပြီ”

ရှမ့်လန်က မြင်းကို အသော့နှင်၏။ သို့ပေမည့် သူက ရွှမ်ဝူနယ်စားအိမ်တော်၏ မျက်နှာစာကို ခြေချလိုက် သည်နှင့် ကျင်းကျန့်နန် နှင့် ပင်းအာတို့က လျင်မြန်စွာ ထွက်လာခဲ့သည်။

“သမက်တော်.. မြန်မြန်၊ မြန်မြန်၊ သခင်မလေး မွေးတော့မယ်။ မွေးတော့မယ်”

..........

မူလန်၏ ဗိုက်ထဲတွင် ရှိသည့် ကလေးက ယောက်ျားလေး ဖြစ်ကြောင်း ရှမ့်လန်က ကြိုတင် သိရှိထားပြီးသား ဖြစ်၏။ ရှမ့်လန်၏မိခင်နှင့် ယောက္ခမဖြစ်သူ စုဖေ့ဖေ့တို့ကလည်း အစတည်းက ကြိုတင်သိရှိပြီး ဖြစ်၏။ သူတို့က ဗိုက်ပုံစံကို ကြည့်ရုံမျှဖြင့် အတိအကျ ခန့်မှန်းနိုင်၏။

သားယောက်ျားလေး လွယ်ထားရမှန်း သိရသောကြောင့် မူလန်က အလွန် ပျော်ရွှင်နေသော်လည်း ရှမ့်လန်က သိပ်ပြီး သဘောမကျချေ။ သူက သမီးမိန်းကလေးကို ပိုမိုကာ လိုချင်၏။ သို့ပေမည့် ရှမ့်မီ ရှိနေပြီးသား ဖြစ်သောကြောင့် သားယောက်ျားလေးရခြင်းကလည်း မဆိုးဟု တွေးမိသည်။

ချောင်ယောင်းအာ ဆိုလျှင်ကော၊ ထားလိုက်ပေတော့။ ရှမ့်လန်နှင့် ဘာမှမဆိုင်သလိုပင်။ ရှမ့်လန်က သုတ်ပိုး လှူဒါန်းလိုက်ရုံသာ ရှိ၏။ ရှမ့်လန်က သူ၏ခြံဝန်းထဲသို့ ဒုန်းစိုင်း ပြေးဝင်သွားခဲ့၏။ ဤနေရာတွင် လူများနှင့် ပြည့်နှက်လျက် ရှိနေပြီး အားလုံးက အမျိုးသမီးများသာ ဖြစ်၏။ သားဖွားဆရာမများနှင့် အမျိုးသမီး သမားတော် တစ်ဒါဇင်ကျော်ခန့် ရှိ၏။ မူလန်၏ ဝမ်းဗိုက်ထဲ၌ရှိသည့် ကလေးငယ်က လူတိုင်း၏ အာရုံစူးစိုက်ရာနေရာ ဖြစ်လာခဲ့၏။

တံခါး၏ အပြင်ဘက်တွင် အမျိုးသမီးတစ်ယောက်က စောင့်ကြပ်လျက် ရှိနေကြောင်း ရှမ့်လန်က တွေ့ရ၏။ သူမ၏ပုံစံက အလွန်အမင်း အေးစက် တည်ငြိမ်၏။ အမျိုးသမီးက ရှမ့်လန်ကို မြင်သည့်အချိန်တွင် မျက်တောင် အနည်းငယ် ခတ်ရုံသာ တုံ့ပြန်သည်။

ရှမ့်လန်က သူမကို မသိရှိသော်လည်း ဘေးတစ်ဖက်တွင် ရပ်နေသည့် ဟွမ်ဖန်၏ ကြောင်တောင်တောင် အမူအရာကို ကြည့်ရှုလိုက်ရုံနှင့် ဤအမျိုးသမီးက နှင်းတောင်သခင်မ လင်းရှန်ဖြစ်ကြောင်း သိရှိနိုင်၏။ သူမက တစ်သက်တာလုံး တိုက်ပွဲများတွင် တစ်ခါမှအနိုင်မရရှိဖူးသည့် ထိပ်တန်းကျွမ်းကျင်သူ ပညာရှင်တစ်ဦး ဖြစ်သည်။ သူမ၏ အစွမ်းသတ္တိက မဟာပညာရှင်အဆင့်နှင့် နီးစပ်နေပြီ ဖြစ်သော်လည်း မဟာပညာရှင် နေရာကို မရရှိနိုင်ပေ။

သူမက ဤနေရာတွင် ဘာလုပ်နေသနည်း။ မကြာခင်မှာပင် ရှမ့်လန်က သဘောပေါက်သွားခဲ့၏။ သူ၏ ယောက္ခထီး ကျင်းကျိုးက မူလန်၏ မွေးဖွားမှု အဆင်မပြေမည်ကို စိုးရိမ်သောကြောင့် ထိပ်တန်းကျွမ်းကျင် ပညာရှင်တစ်ဦးကို ကူညီရန် ခေါ်ထားခြင်းပင်။ “ဂါရဝပြုပါတယ် ဆရာမလင်း။”

လင်းရှန်က ဤသို့ ခေါ်ဝေါ်သုံးစွဲမှုကို မကျေနပ်သလိုလို၊ ကျေနပ်သလိုလို ဖြစ်သွားမိ၏။ သူမက မျက်လွှာကို အနည်းငယ် ပင့်ကာ ခေါင်းညိတ်ပြ၏။ ရှမ့်လန်က သူမကို မဟာပညာရှင်လင်းဟု မခေါ်မိအောင် သတိထားမိ၏။ မဟုတ်ပါက လှောင်ပြောင်သည်ဟု ထင်မှတ်သွားပေလိမ့်မည်။

ဤလောကကြီးထဲတွင် သိုင်းပညာ နိမ့်ပါးလေ ၊ မာနကြီးလေဖြစ်၏။ သိုင်းပညာ မလုံလောက်ပါက ထိုအရာကို မာနဖြင့် အစားထိုးတက်ကြစမြဲပင်။ သို့သော်ငြား ဆရာမကြီးလင်းက မာနကြီးသော်လည်း ရိုးသားဖြောင့်မတ်သူ တစ်ဦး ဖြစ်၏။

ရှမ့်လန်က ဤနေရာတွင် စကားစမည် ပြောချင်သေးသော်လည်း အထဲမှ အခြေအနေကို မသိရသေးချေ။ အခန်းထဲသို့ တန်းတန်းမတ်မတ်သာ ပြေးဝင်သွားခဲ့သည်။

“ယောက်ျား...” ရှမ့်လန် ခြံဝင်းထိပ်သို့ ရောက်သည်နှင့် မူလန်၏ အော်သံကို ကြားရ၏။

“သခင်မလေး... သခင်မလေးရဲ့ ယောက်ျား မရောက်သေးပါဘူး။”

မူလန်က ပြောလိုက်သည်။ “ရောက်နေပြီ။ ရောက်နေပြီ။ အပြင်မှာ ရောက်နေပြီ။”

ရှမ့်လန်က အံ့အားသင့် မင်သက်သွား၏။ မူလန်က ဆယ်မီတာအကွာအဝေးမှ သူ ရောက်ရှိလာသည်ကို အာရုံခံနိုင်လောက်အောင်ပင် အစွမ်းထက်လာပြီလား။ နောက်ဆုံး ရှမ့်လန် အခန်းထဲဝင်လာချိန်မှာတော့ အားလုံးက ကြောင်အသွားခဲ့၏။ လင်မယားနှစ်ယောက်၏ သံယောဇဉ်က မည်မျှ နက်ရှိုင်းနေသည် ဆိုသည်က သိသာလွန်း၏။ အသံပင် မကြားရဘဲ ရှမ့်လန် ရောက်ရှိမည်ကို မူလန်က ကြိုတင်ကာ သိရှိနေ၏။

ရှမ့်လန်က မူလန်၏ လက်ကလေးကို ဆုပ်ကိုင်ကာ မေးမြန်းလိုက်သည်။ “ရေမြွာပေါက်သွားပြီလား။”

သားဖွားဆရာမက ခေါင်းကို ခါယမ်းပြလိုက်၏။ “သခင်မလေးရဲ့ ဗိုက်ကနာနေတာ ကြာပြီ။ ဒါပေမဲ့ ထူးခြား မလာသေးဘူး။”

“အား ...။” ထိုစဉ်မှာပဲ မူလန်က နာကျင်စွာ အော်ဟစ်လိုက်သည်။

ရှမ့်လန်က အံ့အားသင့်သွား၏။ မူလန်က ပင်းအာထက်ပင် ပိုမိုကာ သတ္တိကောင်းသူ ဖြစ်၏။ ဒဏ်ရာရလျှင် နာကျင်ကြောင်း ညည်းညူ အော်ဟစ်တတ်သူ တစ်ယောက် မဟုတ်ချေ။ အမျိုးသမီးတစ်ယောက်အတွက် ကလေးမွေးဖွားခြင်းက နာကျင်ရစမြဲ ဖြစ်သော်လည်း မူလန်၏ ကျင့်ကြံခြင်းအဆင့်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုအရ ဆိုလျှင် သည်းခံနိုင်ရမည့် အရာပင်။ ယခု သူမ သည်းမခံနိုင်ဘူးဆိုလျှင် မည်မျှနာကျင်နေကြောင်း ခံစားကြည့်နိုင်၏။

ရှမ့်လန်က ကလေးကို အလျင်အမြန် စစ်ဆေးကြည့်လိုက်၏။ ကလေးက ကျန်းမာ၏။ အနေအထားကလည်း မှန်၏။ နှလုံးခုန်သံကလည်း သန်မာ၏။ ထို့ကြောင့် သူ၏စိတ်ထဲတွင် အနည်းငယ် စိတ်သက်သာရာ ရသလို ဖြစ်မိသည်။

“လန်အာ... ဒီနေရာမှာ မင်း သိပ်ပြီး ကူညီနိုင်မှာ မဟုတ်ဘူး။ အပြင်ခဏ ထွက်နေ။”

ရှမ့်လန်က အထဲတွင် နေချင်၏။ မူလန်ကလည်း ရှမ့်လန်ကို အနားတွင် ရှိစေချင်၏။ သို့ပေမည့် မိခင် နှစ်ယောက်က ရှမ့်လန်ကို အတင်း အပြင်သို့ တွန်းထုတ်ကြ၏။ မူလန် စဉ်းစားမိသည်က သူမ နာကျင်စွာ အော်ဟစ်နေသည့် အချိန်တွင် သူမ၏ မျက်နှာသွင်ပြင်က ကြည့်ကောင်းမည် မဟုတ်သောကြောင့် ရှမ့်လန်ကို အပြင်ထွက်ခိုင်းခြင်းအား သဘောတူညီလိုက်၏။

ရလဒ်အားဖြင့် ရှမ့်လန်က မိန်းမနှင့် တွေ့ရုံသာလျှင် ရှိသေး၏။ အခန်းအပြင်ဘက် မောင်းထုတ်ခြင်း ခံခဲ့ရသည်။ ပြီးနောက် အခန်းထဲတွင် မူလန်၏ နာကျင်စွာ အော်ဟစ်နေသည့်အသံကိုသာ ကြားရ၏။ တကယ်ကို နာကျင်စရာကောင်းသည့် အဖြစ်ပင်။

မူလန်၏ မွေးဖွားမှု အခြေအနေက စိုးရိမ်ဖွယ်ဖြစ်လာခဲ့သည်။

နန်းမြို့တော်၏ အခြေအနေကလည်း ထိုနည်းလည်းကောင်းပင်။ ဘုရင်မင်းမြတ်ဖြစ်စေ၊ နင်ကျန်း ဖြစ်စေ၊ တခြားသောသူ အားလုံးကလည်း အခြေအနေ ဆိုးရွားနေ၏။ အထူးသဖြင့် နင်ကျန်းပင်။ သူက ထျန်းရွှဲ့ ကာကွယ်ရေးတပ်မှုးအဖြစ် တာဝန်ယူခဲ့သည်မှာ နှစ်ဝက်ကျော် ကြာမြင့်ခဲ့၏။ သူ၏ဘဝတွင် လွတ်လပ် ပေါ့ပါးသည့် အချိန်ဟူ၍ မရှိခဲ့သလို ထင်ပေါ်ကျော်ကြားခဲ့ခြင်းလည်း မရှိခဲ့ပေ။

သူ့ကို တခြားသောသူများက ဖားယားခြင်း၊ ခြေသလုံးဖက်ခြင်းများလည်း မရှိချေ။ နေ့စဉ်နှင့်အမျှ တခြားသူများ၏ အပြစ်တင်ခြင်း၊ ကျိန်ဆဲခြင်းကိုသာ ခံနေရ၏။ အဘယ်ကြောင့်ဆိုသော် ပြဿနာများက တကယ်ကို များပြားလွန်းလှ၏။ အဘယ်ကြောင့် ဤကဲ့သို့ များပြားသည့် ပြဿနာများ ရှိနေကြောင်းကိုပင် သူက နားမလည်နိုင်အောင် ဖြစ်မိ၏။ သူက တာဝန်ကိုသာ ထမ်းဆောင်နေရပြီး အာဏာ၏ စည်းစိမ် အရသာကိုပင် မခံစားခဲ့ရချေ။

ရှမ့်လန် ထွက်ခွာသွားပြီးနောက် နင်ကျန်းက အသုံးမကျသူ တစ်ဦးအဖြစ် တဖန်ပြန်လည် သတ်မှတ်ခြင်းကို ခံရ၏။ ဘုရင်မင်းမြတ်က ရှမ့်လန်၏ ဗျူဟာကို အသုံးပြုပြီး တတိယမင်းသားနင်ချီကို အသည်းအသန် မြှောက်စားခဲ့၏။ အိမ်ရှေ့စံကို နိမ့်ချခဲ့ခြင်းအားဖြင့် နန်းတွင်း၏ အာဏာကို ဟန်ချက်ညီစေပြီး နင်ကျန်းကို ခဏမျှ ကာကွယ်ပေးထားသလို ဖြစ်စေ၏။

သို့သော်ငြား နန်းတွင်းရှိ မှူးမတ်ပေါင်းများစွာက နင်ကျန်းကို အခက်တွေ့အောင် လုပ်ကြစမြဲပင်။ ထိုကဲ့သို့ ကပ်ဘေးများက အထက်သို့ တင်ပြ၍ ရနိုင်သည့် ကိစ္စရပ်များ မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က နင်ကျန်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ နင်းကျန်းကို ဒုက္ခပေးကြသည်။

အိမ်ရှေ့စံနှင့် တတိယ မင်းသားတို့၏ ရည်ရွယ်ချက်က ရိုးရှင်း၏ နင်ကျန်းကို ထျန်းရွှဲ့ကာကွယ်ရေး တပ်မှုးရာထူးမှ တစ်လက်မမျှ ရှေ့သို့မတိုးနိုင်အောင် ပိတ်ဆို့ထားခဲ့ကြပြီး နောက်ဆုံး ထိုရာထူး တည်နေရာဆီမှပင် မောင်းထုတ်ကြပေလိမ့်မည်။

သို့သော်ငြား တစ်လခန့်ကြာပြီးနောက် နင်ကျန်း ထျန်းရွှဲ့ကာကွယ်ရေးတပ်မှုး ဖြစ်လာခြင်းကို လူပေါင်းများစွာက ဝမ်းသာလာခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် လူမုန်းခံရမည့် ကိစ္စမှန်သမျှကို နင်ကျန်း၏ ခေါင်းပေါ်သို့ ပုံချ၍ ရနေသောကြောင့်ပင်။

နန်းကုန်းအိုက စစ်သည်ပေါင်း ရှစ်သောင်းကျော်ကို ဦးဆောင်၍ တောင်ဘက်ပိုင်းသို့ ချီတက်ကာ တိုင်းပြည်၏ အလှည့်အပြောင်းကို ဖြစ်စေနိုင်သည့် စစ်ပွဲကြီးကို ဖွင့်လှစ်လိုက်၏။ သို့သော်ငြား ဤအရာက အစသာလျှင် ရှိသေး၏။ နောက်ပိုင်းတွင် အခြေအနေက ပိုမိုကာ ခက်ခဲလာ၏။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် စစ်ပွဲတစ်ခုအတွက် ပြင်ဆင်ရမည် ဖြစ်သောကြောင့်ပင်။ အနောက်ဘက် ချောင်ပြည်နယ်နှင့် ဖြစ်ပွားမည့် စစ်ပွဲပင်။ ဤစစ်ပွဲက တကယ်တမ်း ဖြစ်မလာသေးသော်လည်း ကြိုတင် ပြင်ဆင်ထားခြင်းက ကောင်း၏။

လောလောဆည် စစ်ရိက္ခာက လုံလောက်မှု ရှိနေသေး၏။ သို့သော်ငြား ထိုအရာများက နေ့စဉ်အသုံးပြုရမည့် အရာမျိုးပင်။ ကုန်သည်များက အမြတ်မယူဘဲ မနေကြသောကြောင့် ကုန်စည် ဈေးနှုန်းမြင့်တက် လာသည့် ကိစ္စရပ်များကိုလည်း ရှောင်လွှဲ၍ မရနိုင်ချေ။

ထို့ကြောင့် နန်းမြို့တော်နှင့် အနီးတဝိုက် ဒေသတစ်ခုလုံးကို စားနပ်ရိက္ခာ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်း လိုက်၏။ လိုအပ်ပါက အစားအစာ ခွဲတန်းစနစ်နှင့် ဖြန့်ဝေပေးမှာ ဖြစ်ပြီး လွတ်လပ်စွာ ရောင်းချခွင့် ရှိလိမ့်မည် မဟုတ်ချေ။ အစားအစာများကို လှောင်ထားခြင်းဖြင့် ဈေးနှုန်းကစားခြင်းကို ဖြိုခွင်းနိုင်သည်။

သို့သော်ငြား ဤဆန်ကုန်သည်များက နန်းတွင်းအရာရှိများနှင့် ရှုပ်ထွေးသော ပတ်သက်ဆက်နွယ်မှုများ ရှိနေကြ၏။ ဆန်ကုန်သည်များကို ဤကဲ့သို့ ပြုလုပ်ခြင်းက လူမုန်းခံရမည့် ကိစ္စမျိုးပင်။ သို့ပေမည့် ထိုကဲ့သို့သော ကိစ္စရပ်များကို နင်ကျန်းက လုပ်ရပေမည်။

လူတစ်ဦးလျှင် တစ်လကို အစားအစာ မည်မျှသာ ဝယ်ယူခွင့်ရှိကြောင်း ကန့်သတ်ခြင်းနှင့် အစားအစာ ဖြန့်ဝေရန် ပြင်ဆင်ခြင်းတို့ကို နင်ကျန်းက လုပ်ရသည်။ ရွှဲ့ပြည်နယ်၏ လက်ရှိ အင်အားနှင့် စစ်ပွဲနှစ်ခုကို တကယ်တမ်း တိုက်ခိုက်ရန် ဆိုသည်မှာ အလွန် ခက်ခဲ၏။ သို့သော်ငြား ချောင်ပြည်နယ်နှင့် စစ်ပွဲအတွက် သူတို့က ကြိုတင် ပြင်ဆင်ထားမှ ဖြစ်ပေလိမ့်မည်။

ထောက်လှမ်းရေးသတင်းများအရဆိုလျှင် ချောင်ပြည်နယ်က လူစုနေပြီဖြစ်ကြောင်း သိခဲ့ရ၏။ ပြီးခဲ့သည့် နယ်စပ်တိုက်ပွဲ၌ ရှုံးနိမ့်ခဲ့ပြီးနောက် ချောင်ပြည်နယ်က နေ့ရောညပါ လက်စားချေရန် တွေးတောလျက် ရှိနေ၏။ ဤအချိန်တွင် သူက အနောက်ဘက်နှင့် မြောက်ဘက်မှ လျံနိုင်ငံ၊ တရုတ်ပြည်သစ်နိုင်ငံနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရ၏။

စစ်သည်များကို ဆက်တိုက် စုဆောင်းလျက် ရှိနေပြီး ချောင် - ရွှဲ့နယ်စပ်တွင် အင်အားပြထားသည်။ သူက မိုင်ပေါင်း ၂၀ ကို စွန့်လွှတ်ခဲ့ရ၏။ လျော်ကြေး ရှစ်သိန်းကို ပေးခဲ့ရ၏။ ပြီးနောက် လူသိရှင်ကြား တောင်းပန်ခဲ့ရသေးသည်။ ဤ ၃ ချက်က ချောင်ဘုရင်ကို လုံးဝကို အရှက်ရစေခဲ့သည့် ကိစ္စရပ်ဖြစ်ပြီး သွေးနှင့် ပြန်လည် ပေးဆပ်ရမည့် အရာမျိုးပင်။

ချောင်ပြည်နယ်က စစ်သည် ၂ သိန်းကို စုဆောင်းထားခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် စစ်သည် ၂ သိန်း။ သို့သော်ငြား ချောင်စစ်တပ်ကြီးက အရှေ့ဘက်သို့ ချီတက်မလာသေးဘဲ စုရုံးနေတုန်း ဖြစ်၏။ ရိုးရိုးသားသားပြောရမည်ဆိုလျှင် ဤအရာက ထိတ်လန့်စရာပင်။ ချောင်ပြည်နယ်က တကယ်ကို ရူးသွပ်သွားပြီ ဖြစ်၏။ ချောင်ဘုရင်က မည်သည့် လှုပ်ရှားမှုကိုမှ မပြုလုပ်သေးဘဲ လူအင်အားသာ စုဆောင်းလျက် ရှိနေသည်။

.....

သို့ပေမည့် လူတွေကို စိတ်မသက်မသာ ဖြစ်စေမည့် လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့၏။ နှစ်တစ်နှစ်၏ ရှစ်လသို့ ရောက်လာ၏။ နွေဦးနှင့် ဆောင်းသီးနှံများ ရိတ်သိမ်းမည်ဖြစ်၏။ ဝူပြည်နယ်တွင် လွန်ခဲ့သည့်နှစ်က ရာသီဥတု မမှန်ကန်ခဲ့ဟု ပြော၍ရ၏။ သို့ပေမည့် သူတို့အတွက် အစာရေစာ ရှားပါးမှုကို အောင်မြင်စွာ ကျော်လွှား နိုင်ခဲ့၏။ သို့သော်ငြား သူတို့က တော်ဝင်ရန်အင်ပါယာဆီမှ အစားအစာ ၁.၃ သန်းကို တိတ်တဆိတ် ချေးငှားခဲ့ရ၏။

ဝူဘုရင်က ဘာလုပ်ချင်နေသနည်း။ ဘာကြောင့် အစားအစာတွေကို များပြားစွာ လှောင်ထားရသနည်း။ ရောင်းစားဖို့တော့ သေချာပေါက် မဟုတ်နိုင်ချေ။ လိုအပ်သည့်အခါ စစ်ရိက္ခာအဖြစ် အသုံးပြုဖို့ ရည်မှန်းထားခြင်းသာ ဖြစ်လိမ့်မည်။

ချောင်ပြည်နယ်က လှုပ်ရှားမှုကြီးကို လုပ်၏။ ဝူပြည်နယ်က လှုပ်ရှားမှု သေးသေးလေးကို လုပ်သည်။ မုန်တိုင်း၏ ဗဟိုချက်ကြီးဖြစ်သည့် ရွှဲ့ပြည်နယ်ကလည်း သေချာပေါက် လှုပ်ရှားမှာ သဘာဝပင်။

အစားအသောက် ထိန်းချုပ်မှုက နန်းမြို့တော်ကနေ တစ်နိုင်ငံလုံးအတိုင်းအတာ မြင့်တက်သွားခဲ့၏။ သို့ပေမည့် ရွှဲ့ပြည်နယ်တွင် အစားအစာ ထိန်းချုပ်မှု အတင်းကျပ်ဆုံးသော နေရာ နှစ်ခု ရှိ၏။ တစ်ခုက ယန်ကျိုးဖြစ်ပြီး နောက်တစ်ခုက နန်းမြို့တော်ပင်။

ယန်ကျိုးက ကုန်သွယ်ရေးဇုန်ဖြစ်ပြီး ပျံ့ရှောင်း အုပ်ချုပ်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သောကြောင့် ကုန်သည်များနှင့် ပြည်သူတို့က စိတ်ထဲတွင်သာ ငြီးငြူရဲကြ၏။

နန်းမြို့တော်မှ လူများကတော့ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် မကျေနပ်မှုများနှင့် ပြည့်နှက်နေ၏။ တံတွေးကသာ လေထဲမှတစ်ဆင့် ရောက်ရှိလာနိုင်သည်ဆိုလျှင် နင်ကျန်းက ရေနစ်သေနေလောက်ပြီ ဖြစ်သည်။

သန်းနှင့်ချီသည့် ပြည်သူများက ကျိန်ဆဲကြ၏။ အစားအစာ ထိန်းချုပ်မှုနှင့် အသား ထိန်းချုပ်မှုကြောင့် ပိုက်ဆံရှိလျှင်တောင် ပစ္စည်း တော်တော်များများကို ဝယ်ယူ၍ မရတော့ချေ။ ကုန်သည်များကလည်း ကျိန်ဆဲနေ၏။ အဘယ်ကြောင့်ဆိုသော် အရက် မရောင်းရ၊ အရက် မချက်ရဟု တားမြစ်ထား သောကြောင့်ပင်။ ပြည့်တန်ဆာများကလည်း နင်ကျန်းကို ကျိန်ဆဲကြ၏။ ညမထွက်ရ အမိန့်ကြောင့် ဆောင်ကြာမြိုင်များက အလုပ်အကိုင်မရှိတော့ပေ။

ထိုတင်သာ မကသေးချေ။ ရွှဲ့ပြည်နယ်က စစ်ပွဲနှစ်ခုကို ရင်ဆိုင်ရပေတော့မည်။ စစ်ရိက္ခာကလည်း မလုံလောက်ချေ။ ထို့ကြောင့် စစ်သည် စုဆောင်းပြီး လေ့ကျင့်ပေးရမည်။ ထျန်းရွှဲ့ကွပ်ကဲမှုဌာနက စစ်သည်လေ့ကျင့်ရေးကို တာဝန်မယူချေ။ သို့ပေမည့် စစ်သည် စုဆောင်းမှုကိုတော့ တာဝန်ယူ၏။

ယောက်ျားကောင်း စစ်ထဲမဝင်၊ သံကောင်း သံမှိုမဖြစ် ဆိုသလိုပင်။ ကျန်သည့် နေရာများကတော့ တော်သေး၏။ နန်းမြို့တော်လိုနေရာမျိုးတွင် စစ်သည်စုဆောင်းရသည်မှာ အခက်ခဲဆုံး ဖြစ်၏။ တခြားနည်းလမ်း မရှိလျှင် အတင်းအဓမ္မ စုဆောင်းဖို့ နည်းလမ်းတစ်ခုသာ ရှိတော့၏။ နင်ကျန်းက ဤကဲ့သို့သောအလုပ်မျိုးကို လုပ်ရမည့်သူပင်။

ယခင်တုန်းက အတင်းအဓမ္မ စစ်သည် စုဆောင်းသည့် ကိစ္စမျိုး ရှိခဲ့ဖူး၏။ သို့သော်ငြား မိသားစုက ပိုက်ဆံ အနည်းငယ် ပေးလျှင် ရုံးက အမည်ကို ပယ်ဖျက်ပေး၏။ သို့ပေမည့် ယခုတော့ မရတော့ချေ။ နင်ကျန်းက မြို့စောင့်တပ်တွေကို စေလွှတ်ပြီး စုဆောင်းရေးကို လုပ်ဆောင်၏။ ပိုက်ဆံပုံပေး၍ မရရုံသာမက ပုံပေးသူပင် အပြစ်ပေးခံရသည်။

နင်ကျန်းက နန်းမြို့တော် တစ်ခုလုံးမှ လူဦးရေ ၅ သောင်းကျော်ကို အတင်းအဓမ္မ စစ်သည် စုဆောင်းခဲ့၏။ ဤအရာက မိသားစုပေါင်း ၅ သောင်းကျော်ဆီမှ ဖြစ်၏။ လူသိန်းချီ၏ ကျိန်ဆဲသံများက နင်ကျန်းကို တကယ်ပင် ဆုံးစမြှုပ်စ မြုပ်စေ၏။ သို့သော်ငြား နင်ကျန်းက တကယ်ပင် ခံနိုင်ရည် ရှိ၏။

ထောင်ပေါင်းများစွာသော လူများ၏ ပြစ်တင်ရှုံ့ချခြင်း၊ သောင်းပေါင်းများစွာသော လူတို့၏ ဆဲဆိုခြင်း၊ အရာအားလုံး တည်ရှိနေသည်ဆိုလျှင်တောင် သူက လုပ်စရာ ရှိသည့် အရာများကို တစ်ခုပြီး တစ်ခု လုပ်ခဲ့၏။ သူ၏ ပုံစံက သနားစရာ ကောင်းပြီး အောင်မြင်မှု ဆိုသည်မှာတော့ ဘာမှ မရှိလျှင်တောင်မှ တာဝန်ကို ကျေပွန်သည်။

သို့သော်ငြား အရှင်မင်းကြီးကတော့ ဤရလဒ်ကိုသိရချိန်တွင် ချက်ချင်း မင်သက်မိ၏။ ရွှဲ့ပြည်နယ်က ဤမျှပင် အစွမ်းထက်နေပြီလားဟု ထင်ယောင်ထင်မှား ဖြစ်မိ၏။ နန်းမြို့တော်တစ်ခုလုံးကနေ အဝတ်အထည်၊ အစားအစာနှင့် စစ်သည်တွေ အများကြီးကို ရလိုက်၏။

သူက လူငယ်တစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် နင်ကျန်း မည်မျှ ကြိုးစားကာ လုပ်ဆောင်ခဲ့မှန်း တစ်ချက် တွေးကြည့်လိုက်ရုံနှင့် သိ၏။ ပြီးနောက် သူက အနည်းငယ် ရှက်ရွံ့သွားမိ၏။ လွန်ခဲ့သည့် နှစ် ၂၀ တုန်းက သူသာ အရမ်းကြီး စိတ်အေးလက်အေး မနေခဲ့သည် ဆိုပါက ရွှဲ့ပြည်နယ် ဤသို့သော အခြေအနေသို့ ရောက်နေမည် မဟုတ်ချေ။ ယခု စစ်ပွဲ နီးကပ်လာသည့် အချိန်ကျမှ ကြိုးစားနေရပြီး ပြည်သူနှင့် နိုင်ငံတော်၏ အင်အားကို အလွန်အကျွံ ထုတ်ယူ သုံးစွဲနေရသည်။

မည်သူမဆိုက အေးအေးသက်သာ နေချင်ကြ၏။ ယခုအချိန်မှာတော့ နန်းတွင်းအရာရှိ အားလုံးက နင်ကျန်းကို ထိုင်ကြည့်နေကြ၏။ အရာရှိတွေကို စော်ကား၊ ကုန်သည်တွေကို စော်ကားပြီး သာမန် ပြည်သူတွေကို စော်ကားသလို ဖြစ်ခဲ့၏။ ထိုပြင် စုဆောင်းရရှိခဲ့သည့် စစ်သည်တွေက နင်ကျန်း ပိုင်ဆိုင်သည့် စစ်သည်များလည်း မဟုတ်ချေ။ တချို့ကို တောင်ဘက်ပို့၏။ တချို့ကို ကျုံးယောင်ရှိရာ မြောက်ဘက်သို့ ပို့၏။ ကျန်တစ်ဝက်ကို မြောက်ဘက်ရှိ နင်ချီဆီသို့ ပို့၏။

ဆိုလိုသည်မှာ နင်ကျန်း စုဆောင်းပေးလိုက်သည့် စစ်သည်များသည် နောက်ဆုံးတော့ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသား တို့ဆီသာ ရောက်ရှိသွားခဲ့၏။ နင်ကျန်းက လုံးဝ ငတုံးပင်။ သို့သော်ငြား သူက လေးလေးစားစား လုပ်ခဲ့သည်။

အပိုင်း (၆၀၆)

အရှင်မင်းကြီးက ထိုအရာများကို မြင်နေရသည့်အချိန်မှာတော့ စိတ်ထဲတွင် သက်ပြင်းသာ ချမိ၏။ ရှမ့်လန်၏ အမြင်၊ အကြည့်က တကယ့်ကို တိကျလွန်း၏။ ကြည့်ရသည်မှာ ရှမ့်လန် ပြောသလို တကယ် မှန်နေ၏။ ဘုရင်တစ်ပါးအနေနှင့် ဉာဏ်ရည်၊ နည်းလမ်းတွေက အရေးမကြီးချေ။ စရိုက်နှင့် စိတ်ဓာတ်ခွန်အားကသာ အခြေခံဖြစ်၏။

စစ်ပွဲ နှစ်ခု တပြိုင်နက်တည်း တိုက်ခိုက်ဖို့ ပြည်သူတွေထံမှ ညှစ်ထုတ်ခဲ့ပြီးနောက် ကောင်းကင်ယံက မိုးတိမ်မဲကြီးများ ဖုံးလွှမ်းလျက် ရှိနေပြီး အချိန်မရွေး မိုးရွာချပေတော့မည်။ ကျုံးယောင်၏ စစ်သည်နှင့် ချောင်ပြည်နယ် တို့က နေ့ရောညပါ စစ်သားများအား စုရုံးကြ၏။ ဤအချိန်မှာတော့ မနှစ်ကလို ပြပွဲမျိုး မဟုတ်တော့ချေ။ သေချာပေါက် သေသလား၊ ရှင်သလား မသိသည်အထိ တိုက်ခိုက်ရမည့် အသေအကြေ တိုက်ပွဲကြီး တစ်ခုပင် ဖြစ်ပေလိမ့်မည်။

နန်အိုစစ်ပွဲက ဤကဲ့သို့ ဖြစ်ပြီး နန်းကုန်းအို၏သားက ကျူးလင်း၏ စစ်တပ်ထဲတွင် ရှိနေ၏။ သူ၏ ပေးစာထဲတွင် သူတို့ဘက်၏ အခြေအနေကို ရှင်းရှင်းလင်းလင်း ရေးသားထား၏။ သို့ပေမည့် နန်းကုန်းအို ကတော့ ရွှဲ့ပြည်နယ်၌ စစ်သည် တစ်သိန်းကျော် ရှိသည်ဟု ခံစားနေတုန်းပင်။

သဲကန္တာရ လူရိုင်းစစ်သည်တွေက မည်မျှပင် သန်မာပါစေ စည်းကမ်းမရှိကြချေ။ သဲပွင့်များ ကဲ့သို့ပင် တကွဲတပြား တိုက်ခိုက်ကြမှာ သေချာ၏။ သူ၏ စစ်တပ်ကတော့ လက်နက်ကရိယာနှင့် စည်းကမ်းပိုင်းတွင် အများကြီး သာလွန်၏။ ထို့ကြောင့် အနိုင်ရရန် မခက်ခဲဟုထင်နေ၏။

သို့သော်ငြား နန်းကုန်းအိုက စစ်မြေပြင်သို့ ရောက်ရှိလာသည့်အချိန်မှသာ ပြဿနာ၏ လေးနက်မှုကို ခံစားမိ၏။ နန်အိုနိုင်ငံက သေးငယ်၏။ ရွှဲ့ပြည်နယ် ပြည်နယ်တစ်ခု၏ ထက်ဝက်လောက်ပင် မရှိချေ။ ခရိုင် အနည်းငယ်လောက်သာ ရှိ၏။ နန်အိုတစ်နိုင်ငံလုံး၌ မြို့ကြီးသုံးမြို့သာ ရှိ၏။ ထိုအရာများက ရွှဲ့ပြည်နယ်၏ လက်အောက်တွင် ရှိ၏။ သို့ပေမည့် ထိုမြို့သုံးမြို့မှလွဲလျှင် နေရာတိုင်းတွင် ရန်သူများ ရှိနေသည်။

နန်အိုအရာရှိအားလုံးနီးပါးက ရွှဲ့ပြည်နယ်ဘက်သို့ ပါလာပြီး ခွေးများကဲ့သို့ပင် ဟိုလျက် ၊ ဒီလျက် ဖြစ်နှင့်ပြီးသားပင်။ ကျူးလင်း၏ အစီရင်ခံစာ အရဆိုလျှင် နန်အိုမြို့တော်နှင့် တခြားမြို့ ၂ မြို့က အမြဲတမ်း သူ၏ လက်ထဲတွင် ရှိသည်ဟု ဆို၏။ သို့ပေမည့် မြို့ပြင်သို့ ထွက်လိုက်သည်နှင့် အရာအားလုံးက ကျင်းမင်းသား၏ နယ်မြေ ဖြစ်သွား၏။

နန်အိုပုန်ကန်မှုက ၂ နှစ်ကျော်ခဲ့ပြီ။ သို့သော်ငြား လူအားလုံးနီးပါးက စစ်သည် ဖြစ်နေကြ၏။ ရွှဲ့ပြည်နယ် စစ်တပ်က လူရာဂဏန်းလောက် မရှိလျှင် မြို့ထဲမှ မထွက်ရဲကြချေ။ အဘယ်ကြောင့်ဆိုသော် အပြင်သို့ ထွက်သည်နှင့် ခြုံခိုတိုက်ခိုက်မှုကို ခံရသောကြောင့်ပင်။

ထို့ပြင် နန်အိုတစ်နိုင်ငံလုံးတွင် မြို့တည်နေရာများမှလွဲ၍ ကျန်သည့်တည်နေရာအားလုံးမှာ တောကြီးများသာ ဖြစ်၏။ ရန်သူအရေအတွက်၊ အကြီး၊ အသေးက ရေတွက်၍ မကုန်နိုင်ချေ။ သူတို့က သဲကန္တာရ လူရိုင်းအုပ်ကြီး ထဲတွင် လုံးဝ ပိတ်မိနေ၏။ အားလုံး၏ ပိတ်ဆို့ခြင်းကို ခံထားရပြီး နယ်မြေလေး သုံးခုထဲတွင် နေထိုင်နေရသည့် သနားစဖွယ် စစ်သည်များ ကဲ့သို့ပင်။

နန်းကုန်းအိုက နန်အိုစစ်မျက်နှာပြင်သို့ ရောက်ရှိလာသည်အထိ ၃ လ ကြာ၏။ တိုက်ပွဲကြီး၊ တိုက်ပွဲငယ် ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတိုင်း နိုင်ခဲ့၏။ သို့ပေမည့် အသုံးမဝင်ခဲ့ချေ။ စစ်ပွဲက သိသာထင်ရှားသည့် တိုးတက်မှုမျိုး မရှိချေ။ အဖိတ်အစင်များသာ ရှိ၏။ ဆေးဝါး၊ ရိက္ခာ၊ မရေမတွက်နိုင်အောင် ကုန်ဆုံး၏။ ရာသီဥတုကလည်း အလွန်ပူ၏။ ထို့ပြင် တောတွင်းတွင် ထောင်ချောက်များ၊ အဆိပ်ငွေ့များနှင့် ပြည့်နေ၏။

မင်းသားကျင်းက လူယုတ်မာ တစ်ယောက်ပင်။ နန်းကုန်းအို၏ စစ်တပ် တောင်ဘက်သို့ လိမ့်ဆင်းလာလျှင် သူက တစ်လှမ်းခြင်း ဖိအားပေးသလို ကြိုဆိုခဲ့၏။ မနက်ဖြန် သဲကန္တာရ လူရိုင်းများကို စုစည်းပြီး ပြန်လည်ကာ ဝင်ရောက်တိုက်ခိုက်တော့မလို၊ စစ်သည်များကို ဦးဆောင်ပြီး တိုင်းပြည်ကို ပြန်လည်ကာ လုယူတော့မလို လုပ်သည်။

ထို့ကြောင့် ရွှဲ့ပြည်နယ်က စစ်သည်တစ်သိန်းနီးပါးကို စုစည်းပြီး တောင်ဘက်ပိုင်းဆီသို့ ဆင်းလာခဲ့ရ၏။ သို့သော်ငြား နန်းကုန်းအို၏စစ်တပ်က နန်အိုမြို့သို့ ရောက်ရှိသည့်အချိန်မှာတော့ ကျင်းမင်းသားက မလောတော့ချေ။ သဲကန္တာရလူရိုင်းမျိုးနွယ်များကို စုစည်းမှု အရှိန်အဟုန်က ပြန်လည်ကာ နှေးကွေးသွားခဲ့၏။

ထို့ကြောင့် နန်းကုန်းအိုနှင့် ကျူးလင်းတို့က ကျိန်ဆဲရုံသာလျှင် တက်နိုင်၏။ ဤလူများ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာလျှင် ရှိနေသည်။

“သောက်ကျိုးနည်း ကျင်းမင်းသား... မြန်မြန် တိုက်စရာရှိရင် တိုက်လိုက်။ အဆုံးအဖြတ် တိုက်ပွဲကို စောစောတိုက်ကြတာပေါ့”

...............

လမုန့်ပွဲတော်နေ့၊ အရှင့်သားတောင့်တသည့် တောင်ဘက်ပိုင်းဆီမှ သတင်းစကားက နောက်ဆုံးတော့ ရောက်ရှိလာခဲ့၏။ ကျင်းမင်းသားက သဲကန္တာရ လူရိုင်းမျိုးနွယ်များကို စုစည်းလိုက်ပြီဆိုသည့် သတင်းကို တစ်လောကလုံးကို ကြေညာခဲ့၏။

တာ့နန်နိုင်ငံကို တရားဝင် ထူထောင်လိုက်၏။ ကျင်းမင်းသားက တာ့နန်နိုင်ငံ၏ ပထမဦးဆုံး နန်းတက်သူ ဖြစ်လာ၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်များကို တစ်ယောက်မကျန် စုစည်းပြီးနောက် အရှေ့တိုင်းလောကတွင် နောက်ထပ် နိုင်ငံငယ်တစ်ခု ထပ်မံ ပေါ်ထွန်းလာခဲ့ခြင်းပင်။

ဟုတ်ပေ၏။ နိုင်ငံငယ်လေး တစ်ခုသာ ဖြစ်၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်များ အားလုံးပေါင်းမှ လူဦးရေ သန်းအနည်းငယ်သာ ရှိ၏။ သို့သော်ငြား နယ်မြေအရဆိုလျှင်တော့ နိုင်ငံကြီးထဲ ပါဝင်၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ နယ်မြေက အရှေ့ဘက်တွင် ပင်လယ်၊ အနောက်ဘက်တွင် ချင်နိုင်ငံနှင့် ထိစပ်နေ၏။ သူ၏ နယ်မြေက ရွှဲ့ပြည်နယ်ထက်ပင် ပို၍ ကျယ်သေး၏။

သို့သော်ငြား နေရာအများစုက တောင်နှင့် သစ်တောများ ဖြစ်၏။ လူအများစုကလည်း ရှေးကျ၏။ မြို့ကြီးများ မရှိသလို နေထိုင်မှုကလည်း မခမ်းနားချေ။

နိုင်ငံတည်ထောင်ပါက နန်းတော်ကြီး တည်ဆောက်ရမည်။ နိုင်ငံ အသီးသီးမှ သံတမန်များကို ဖိတ်ကြားရမည်။ အရာရှိတွေကို ဘွဲ့ထူးတွေ ပေးရမည်။ ပြည်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရမည်။ ထို့ပြင် မင်္ဂလာ နိမိတ်စာများကို ဖတ်ကြားရမည်။

သို့သော်ငြား ကျင်းမင်းသားက ထိုအရာအားလုံးကို မလုပ်ခဲ့ချေ။ နန်းတော်ဆိုလျှင် ရှေးဟောင်း ဘုရားကျောင်း တစ်ခုကို ပြုပြင်မွမ်းမံ၍ နေ၏။ နိုင်ငံခြားသံတမန်ဟူ၍ လုံးဝ မရှိသလောက်ပင်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ခေါင်းဆောင်နှင့် အနောက်တိုင်းဒေသမှ ကုန်သည်တချို့လောက်သာ ချောင်ပြည်နယ်မှ သံတမန်ဟု ဆိုနိုင်သည်။

သို့သော်ငြား တာ့နန်နိုင်ငံ တည်ထောင်ခြင်းက မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် အရှေ့တိုင်း လောက တစ်ခုလုံးကို တုန်လှုပ်စေခဲ့၏။ ဝေးလံခေါင်ဖျားသည့် အနောက်ပိုင်းနိုင်ငံတွေဆီမှတဆင့် မြောက်ဘက်ပိုင်းရှိ တာပင်နိုင်ငံများထိပါ လှုပ်ခတ်သွားခဲ့၏။

ရွှဲ့ပြည်နယ်ကလည်း တုန်လှုပ်မိ၏။ ရွှဲ့ပြည်နယ်တစ်ခုလုံးရှိ ဘုရင်မင်းမြတ်၊ ဝန်ကြီး၊ သာမန်ပြည်သူများ မကျန် အံ့အားသင့်ကုန်ကြ၏။ နောက်ဆုံးသောနေ့ကို ရောက်လာခဲ့၏။ ဤအဆင့်က ရှင်းလွန်းသည်။

တာ့နန်နိုင်ငံ၏ ခေတ်က တကယ်ပဲ အစွမ်းမထက်လာခင် ပျက်စီးသွားမည်လား၊ သို့မဟုတ် ရွှဲ့ပြည်နယ်၏ အလောင်းကောင်များပေါ်တွင် နင်းပြီး တောင်ဘက်ပိုင်း၏ အရှင်သခင်တစ်ပါး ဖြစ်လာလေမည်လား။

ကျင်းမင်းသားက တာ့နန်နိုင်ငံ တည်ထောင်ခြင်း ကြေညာပြီး ထီးနန်းတက်လိုက်သည်နှင့် သူ၏ နိုင်ငံကို ပြန်လည်ရယူဖို့ စစ်ပွဲကို စတင်မှာ သေချာ၏။ သတင်းအရ နန်အိုနိုင်ငံကို ပြန်ယူနိုင်မှသာလျှင် သူက ဘုရင်အစစ်ဖြစ် သတ်မှတ်ခံရပေမည်။ မဟာဗျူဟာအရ နန်အိုနိုင်ငံကို ပြန်လည်ရယူပြီးမှ ရွှဲ့ပြည်နယ် အပေါ် မဟာဗျူဟာ အားသာချက် ရယူနိုင်မှာပင်။

ထင်ထားသည့်အတိုင်းပင် ကျင်းမင်းသားက ထီးနန်းတက်ပြီးသည်နှင့် အောင်ပွဲခံခြင်းမျိုး မလုပ်ပေ။ ချက်ချင်းပဲ စစ်သည်များကို စုဆောင်းတော့၏။ စစ်သည်တစ်သိန်းရှိသည့် စစ်တပ်က အဖွဲ့အများပြားခွဲပြီး နန်အိုနိုင်ငံဆီသို့ ထွက်ခွာလာခဲ့၏။

မင်းသမီးနင်လော့၊ ကျူးလင်းနှင့် နန်းကုန်းအို တို့က သက်ပြင်း မချဘဲ မနေနိုင်တော့ချေ။ နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ကံကြမ္မာ တိုက်ပွဲကြီးက နောက်ဆုံးတွင် ရောက်ရှိလာပြီ။

……………..

ရှမ့်လန်ကတော့ နန်အိုနိုင်ငံ၏ စစ်ပွဲကို စိတ်မဝင်စားချေ။ အဘယ်ကြောင့်ဆိုသော် အချိန်များကုန်ဆုံးသွား ခဲ့သော်လည်း မူလန်က မမွေးသေးသောကြောင့်ပင်။ လူတိုင်းကလည်း အံ့အားသင့် တုန်လှုပ်နေမိ၏။ ဤကဲ့သို့သော အခြေအနေမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ရဘူးချေ။ ကလေးအနေအထားက သိပ်ကောင်း၏။ ဗိုက်နာတာကလည်း စောစောစီးစီး စ၏။ သို့သော်ငြား ကလေးက ထွက်မလာချေ။ ရေမြွှာလည်း မပေါက်သလို သားအိမ်လည်း မပွင့်ချေ။ အဘယ်ကြောင့်မှန်း သူတို့ မသိကြပေ။

ဤအချိန်တွင် ရှမ့်လန်က မူလန်၏ ဘေးတွင်ရှိနေ၏။ သားဖွားဆရာမများနှင့် အမျိုးသမီး သမားတော်များ အားလုံးက မျက်နှာများ ဖြူလျော်လျက် ရှိနေသည်။ ဘာလုပ်ရမှန်း မသိသလိုပင်။ ရှမ့်လန်၏ အမေနှင့် မူလန်၏ အမေတို့က ဘုရားရှေ့၌ ဒူးထောက်ပြီး ဆုတောင်းနေကြ၏။

သို့ပေမည့် မူလန်၏ နာကျင်မှုက ပိုမိုကာ ဆိုးရွားလာခဲ့၏။ နောက်ဆုံး သေချင်လောက်အောင် နာကျင်မှုမျိုးသို့ ရောက်သွား၏။ ထို့အပြင် သူမက အဖျားကြီးလာ၏။ သူမ၏ သိုင်းပညာအရ တကယ့်ကို သန်မာသည်ဟု ပြောဆိုလို့ရသော်လည်း နာကျင်လွန်းသောကြောင့် သူမက မကြာခဏ သတိလစ် မေ့မျောသွားခဲ့၏။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း အားနည်းလာသည်။

ရှမ့်လန်က အားလုံးကို ပြင်ဆင်ထား၏။ ခွဲမွေးဖို့ အဆင်သင့်ပင်။ သို့သော်လည်း ကလေးက အလွန် ကျန်းမာ၏။ နှလုံးခုန်သံကလည်း တည်ငြိမ်နေ၏။ မဖြစ်မနေ လိုအပ်မှသာ ခွဲမွေးချင်၏။ ဤနေရာက ခေတ်သစ် မဟုတ်ချေ။ ဤကဲ့သို့ ခွဲမွေးခြင်းက ကျန်းချုံး အူအတက်ခွဲသည်ထက် ပိုမိုကာ အန္တရာယ် များ၏။

ဟိုတုန်းက ကျန်းချုံးက သေဆုံးလုနီးပါး ဖြစ်ခဲ့၏။ ထို့ကြောင့် မူလန်ကို ရှမ့်လန်က ဤကဲ့သို့သော အန္တရာယ်မျိုးကို မကြုံတွေ့ချင်ပေ။ သူမဘာသာ မွေးနိုင်လျှင် ရိုးရိုးမွေးဖွားခြင်းက အကောင်းဆုံးဖြစ်၏။ သူတို့က နည်းလမ်းမျိုးစုံကို ကြိုးစားခဲ့၏။ ရှမ့်မီလေးကပင်လျှင် မူလန်၏ ဗိုက်ကိုပွတ်ကာ မောင်လေး၊ မောင်လေးဟု ခေါ်နေသည်။

ကိုးလအရွယ် ရှမ့်မီလေးက ဖေဖေဟု မခေါ်တတ်သေးပေမယ့် ပင်းအာက မောင်လေးဟုခေါ်ရန် အစွမ်းကုန် ကြိုးစားသင်ကြားပေးပြီးနောက်မှာတော့ ခေါ်တတ်နေပြီဖြစ်သည်။ သို့ပေမည့် သူမ ဤသို့တတွတ်တွတ် အော်ခေါ်နေသော်လည်း သူမ၏မောင်လေးက ထွက်မလာသေးချေ။

သုံးရက် ကုန်လွန် သွားခဲ့၏။ ရှမ့်လန်က စိတ်လွတ်လုနီးပါး ဖြစ်နေ၏။ မူလန်ကို ခွဲမွေးဖို့ သူက ပိုးသတ်ဆေးများကို အဆင်သင့် ပြင်ထားခဲ့၏။

သို့ပေမည့် မူလန်က တားမြစ်ခဲ့၏။ မူလန်က အားနည်းပြီး နှုတ်ခမ်းများက ဖြူဖျော့နေ၏။ သွေးမရှိတော့ပေ။ “ယောက်ျား... ကလေးက ထွက်မလာချင်ဘူးလို့ ခံစားရတယ်။”

ရှမ့်လန်က သူမ၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။ “ထွက်မလာချင်တဲ့ ကလေးဆိုပြီး မရှိပါဘူး။”

တကယ်တော့ မည်သည့်ကလေးမှ မိခင်၏ ဝမ်းဗိုက်ထဲမှ ထွက်မလာချင်ကြချေ။ လုံခြုံမှုရှိသောကြောင့် မဖြစ်မနေ ထွက်လာရမည့် အချိန်မှသာလျှင် အစွမ်းကုန် ထွက်လာကြ၏။ မဟုတ်ပါက ဗိုက်ထဲတွင် နေရန်သာ စဉ်းစားမိ၏။

ဤတစ်ကြိမ်မှာတော့ ရှမ့်လန်၏ မိခင်က သူ့ကို အပြင်ဘက်သို့ ခေါ်ထုတ်သွားသည်။

“အရူးကြီးရဲ့ အမေ အရူးကြီးကို မွေးတုန်းကလည်း ရက်အကြာကြီး ဒုက္ခရောက်ခဲ့တာ။ နောက်ဆုံး အရူးကြီး မမွေးခင် အသက်ထွက်လုနီးပါး ဖြစ်ခဲ့သေးတယ်။”

ရှမ့်လန်၏ မိခင်က ပြောလိုက်၏။ “ဒီကလေးက အမေ့ဗိုက်ထဲမှာ သုံးလလောက်အထိ ဒုက္ခပေးပြီး ထွက်မလာခဲ့ဘူး။”

ဤစကားကို ကြားတော့ ရှမ့်လန်က ကြက်သီးများပင် ထသွား၏။ သူ့မိခင် ၏စကားက ကြောက်မက်ဖွယ်ရာ ကောင်းသည့် သတင်းစကားကို ဖော်ညွှန်းနေခဲ့၏။ အရူးကြီး၏ မိခင်က အရူးကြီး မမွေးခင် သေလုနီးပါး ဖြစ်ခဲ့၏။ မွေးဖွားပြီးချိန်တွင် အသက်ထွက်သွားခဲ့၏။ ထိုအရာက ဘာကို သက်သေပြနေသနည်း။ ဗိုက်ထဲတွင် ဆက်နေ၍ မရတော့သည့်အချိန်ထိပင် ထွက်မလာခဲ့ဘူးဆိုသည့် အဓိပ္ပာယ်ပင်။

“သား... အမေက မြေးကို ချစ်တယ်။ ဒါပေမဲ့ ချွေးမကို ပိုချစ်တယ်။ ဒီလို အရေးကြီးတဲ့အချိန်မှာ ချွေးမကို ကယ်တင်ဖို့က ပိုပြီး အရေးကြီးတယ်။ မင်း နည်းလမ်း တစ်ခုခုကို စဉ်းစားအုံး။ ငါတို့ စောင့်နေလို့ မဖြစ်တော့ဘူး။”

ရှမ့်လန်၏ မိခင်က ပြောလိုက်သည်။ “ပြောတော့ ကလေးကို ဗိုက်ခွဲမွေးလို့ရတယ်ဆို၊ တခြား နည်းလမ်း မရှိရင် အဲဒါပဲ လုပ်လိုက်တော့။ သူ့ဘာသာသူ ထွက်လာမှာကို စောင့်လို့ မဖြစ်တော့ဘူး။”

ရှမ့်လန်က သူ့မိခင်ကို အကြာကြီး စိုက်ကြည့်၏။ အနည်းဆုံး ဤကဲ့သို့သောစကားမျိုးကို သာမန်လူ၏ မေတ္တာမျိုးနှင့် ပြောလိမ့်မည် မဟုတ်ချေ။ သူ့မိခင်က မြေးချီချင်လွန်းသောကြောင့် ရူးမတတ် ဖြစ်နေသူပင်။ “ကောင်းပြီ။ ကျုပ် နားလည်ပါတယ်”

အခန်းထဲသို့ ဝင်ပြီးနောက် ရှမ့်လန်က ပြောလိုက်၏။ “ခွဲစိတ်ဖို့ ပြင်ကြ။”

ပြီးနောက် ပိုးသတ်ထားသည့် ကိရိယာများကို နောက်တစ်ကြိမ် ထပ်မံကာ ပိုးသတ်၏။ လုံခြုံစေရန်ပင်။ ထိုအချိန်မှာပဲ မူလန်က ဗိုက်ကိုလက်ဖြင့် အုပ်ထားပြီး အားနည်းစွာ အော်ဟစ်လိုက်သည်။ “ယောက်ျား... မလုပ်ပါနဲ့။ ဒီလိုဆိုရင် ကလေး လန့်သွားလိမ့်မယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ဒီကလေးဆိုးက မင်းကို နှိပ်စက်နေတာ။ ငါ သူ့ကို ဆွဲထုတ်ပြီး ကောင်းကောင်း ရိုက်နှက်ဆုံးမရမယ်။”

မူလန်က ငိုယိုနေသည်။ “မရိုက်ပါနဲ့။ ဗိုက်ကို မခွဲပါနဲ့။”

ရှမ့်လန်က ပြောလိုက်၏။ “တခြားနည်းလမ်း မရှိဘူး။ မင်းရဲ့ ဘေးကင်းမှုက အရေးကြီးတယ်။ စိတ်မပူနဲ့။ မင်းကို ဘာမှ အဖြစ်မခံဘူး။ ငါ အကောင်းဆုံး ဓားစွမ်းကို သုံးမှာပါ။ အမာရွတ် မကျန်စေရဘူး။”

မူလန်က ငိုယိုလိုက်သည်။ “အမာရွတ်ကို ဂရုမစိုက်ပါဘူး။ဒါပေမဲ့ ကလေးကို လန့်အောင် လုပ်လို့ မရဘူး။ သူ အရမ်း ကြောက်နေတာကို ကျွန်မ ခံစားမိတယ်။ တခြားနည်းလမ်းကို စဉ်းစားပါ။ ဗိုက်ကို မခွဲပါနဲ့။ ကျွန်မတို့ရဲ့ ကလေးက တခြားကလေးတွေနဲ့ မတူဘူး။ ဗိုက်ခွဲလိုက်မယ်ဆိုရင် သူက သူ့ရဲ့ အိမ်ကြီး ပြိုသွားပြီလို့ ထင်သွားလိမ့်မယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ဘယ်လို ဖြစ်နိုင်မှာလဲ”

ခေတ်သစ်လောကြီးထဲတွင် ကလေး ဘယ်နှယောက် ခွဲမွေးထားသလဲ။ မည်သူက အိမ်ပြိုပြီဟု ခံစားမိသနည်း။

“တကယ်ပါ။ တကယ်ပါ။”

မူလန်က တီးတိုးပြောသည်။ “ကျွန်မတို့ ကလေးက တခြားသူနဲ့ မတူဘူး။ ယောက်ျား... ရှင် ကျွန်မကို ယုံရမယ်။ တခြားနည်းလမ်းကို စဉ်းစားကြည့်ပါအုံး။”

ရှမ့်လန်က ရူးသွပ်ချင်နေပြီ ဖြစ်၏။ သူ မည်သို့ တခြားသော နည်းလမ်းကို စဉ်းစားရမည်နည်း။ မူလန် အန္တရာယ်ရှိသည်ဟု စဉ်းစားမိလိုက်သည်နှင့် သူက ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ နောက်ဆုံး သူက ခွဲမွေးဖို့ အတင်းအကျပ် လုပ်မည်ဆိုသော်လည်း မူလန်က ခွင့်မပြုချေ။ သူမ၏ ဝမ်းဗိုက်ကို အစွမ်းကုန် ကာကွယ်ထား၏။

ရှမ့်လန်က အတင်းကြပ် မေ့ဆေးပေးရန် လုပ်၏။ မူလန်က ကမ္ဘာပျက်လုမတတ် တောင်းပန်နေ၏။ သူမက တစ်ခါမှ မသုံးဘူးသည့် လေသံဖြင့် သုံးကာ အော်သည်။

ရှမ့်လန်၏ နှလုံးသားများက အရည်ပျော်ကျသွား၏။

ထိုအချိန်မှာတော့ အပြင်ဘက်ရှိ မေမေရှမ့်က ပြောသည်။ “သား... ကလေးက ထွက်မလာချင်တာ။ မင်း သူ့ကို အပ်နဲ့ ထိုးလိုက်ရင် သူ ထွက်လာမလား။”

ရှမ့်လန်က ကြောင်အသွားခဲ့၏။ ဤအရာက အလုပ်ဖြစ်ပါမည်လား။ ရယ်စရာ ကောင်းလွန်း၏။

သို့ပေမည့် မူလန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ အဲဒီနည်းလမ်းကို စဉ်းစားကြည့်လို့ရတယ်။ ယောက်ျား... ရှင့်မျက်လုံးတွေက အရမ်းကောင်းတယ်။ ကလေးရဲ့ ဖင်ကို အပ်နဲ့ ထိုးလိုက်။ ဖင်ကို သေချာထိုး၊ တခြားနေရာကို မထိစေနဲ့။”

ရှမ့်လန်နှင့် မူလန်တို့က အမွှာပူးကဲ့သို့ပင် ဖြစ်၏။ မျက်လုံး၏ စွမ်းအင်ကို သေသေချာချာ မပြောဖူးသော်လည်း မူလန်က သိနှင့်နေခဲ့၏။

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ သူက သေးငယ်သည့် အပ်လေး တစ်ချောင်းကို ထုတ်ယူလိုက်၏။ ပြီးနောက် သူ၏ X-Ray အမြင်ကို အသုံးပြု၏။ ရှမ့်လန်က မူလန်၏ဝမ်းဗိုက်ကို ဖောက်ထွင်းကြည့်၏။ အထဲမှ ကလေးကို ကြည့်သည်။

“ကောင်စုတ်လေး... မင်းရဲ့ အမေကို ဒီလို နှိပ်စက်ရဲတယ်ပေါ့။ ဟုတ်လား။ ငါ့ရဲ့ အဖိုးတန်မိန်းမကို မင်း နှိပ်စက်ရဲတယ်။ မင်းက ငါ့ရဲ့ သားအရင်းဖြစ်ပြီး ဗိုက်ထဲမှာ ရှိနေတယ်ဆိုရင်တောင် ငါ မင်းကို ရိုက်ရမယ်။”

ရှမ့်လန်က ကလေး၏ ဖင်နေရာကို ထပ်ကာ၊ ထပ်ကာ အတည်ပြု၏။ အပ်၏ အနက်ကို သေချာချိန်ဖို့ အသက်ကို ပြင်းပြင်းရှူ၏။

“နာစမ်းကွာ...။” ရှမ့်လန်က နှလုံးသားက မပြတ်သားသော်လည်း လက်က ပြတ်သား၏။ သေးငယ်သည့် ငွေအပ်လေးက မူလန်၏ ဗိုက်ကို ဖောက်ထွင်းပြီး ကလေး၏ ဖင်လုံးလုံးလေးပေါ် ကျရောက်သွားသည်။

ထင်မှတ်ထားသည့် အတိုင်းပင် ဗိုက်ထဲမှ ကလေးက လှုပ်ရှားသွားပြီး တကယ်ပင် ကြောက်သွား၏။ နောက်ဆုံးမှာတော့ ရှမ့်လန်က အပ်နှင့် ထိုးလိုက်နိုင်၏။ ရေမြွာပေါက်ပြီး သားအိမ်ပွင့်သွား၏။

၁၅ မိနစ် ကြာတော့ ကလေးဆိုးလေးက မွေးဖွားလာခဲ့ပြီ ဖြစ်၏။ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးနေသည်။ “အူဝဲ... အူဝဲ...။”

ရှမ့်လန်က မြေပေါ်သို့ လဲကျလုမတတ် ဖြစ်နေ၏။ မေမေရှမ့်က ကြမ်းပြင်ပေါ် တန်းကာ ထိုင်ချ၏။ “ကောင်လေး.. မင်း စောင့်နေလိုက်။ မင်း နည်းနည်း ကြီးတာနဲ့ ငါ မင်းကို ရိုက်ပြီ ဆုံးမမယ်။ ဒီလောက် ဆိုးတဲ့ ကောင်လေး... ဗိုက်ထဲမှာတည်းက မလိမ္မာဘူး။ ကြည့်စမ်း... မင်းရဲ့ အစ်မ ဘယ်လောက် လိမ္မာသလဲ”

“ဂုဏ်ယူပါတယ် သခင်လေး၊ ဂုဏ်ယူပါတယ် သခင်မလေး။ သားလေး မွေးပါတယ်။ ၆ပေါင် ၇အောင်စပါ”

ကိုယ်အလေးချိန်က အတိအကျပင်။ လေးလည်းမလေး၊ ပေါ့လည်း မပေါ့ချေ။ အာယုနာနာ မွေးသည့် ကလေးလေးကလည်း ၆ပေါင်ကျော်၏။ အရူးကြီး မွေးတုန်းကလည်း ၆ ပေါင် ကျော်၏။

“ဒီကောင်လေးက သိပ်ချောတာပဲ။” ရှမ့်လန်က ဤကောင်စုတ်လေးကို ကြည့်လိုက်၏။ တကယ်ပင် ချောမော၏။ မွေးကတည်းက ချောမောနေ၏။ ထို့ပြင် အူမြူးလျက်လည်း ရှိနေသေး၏။ မွေးကင်းစ ကလေးတစ်ယောက် ဤကဲ့သို့ မျက်လုံးပြူးကျယ်စွာဖြင့် ဆော့ကစားနေသည်က ရှားပါး၏။ မျက်ဝန်းတစ်စုံက လှပပြီး တောက်ပသည့် အရှိန်အဝါမျိုးလည်း ရှိသည်။

“ဒီကောင်စုတ်လေး ကြီးလာရင် ငါ့ထက်တောင် ပိုချောနေမလားပဲ။” ပြီးနောက် ရှမ့်လန်က X-Ray အမြင်ကို အသုံးပြု၍ ကလေး၏ သွေးမျိုးဆက်ကို ကြည့်၏။ ဟုတ်ပေ၏။ အလွယ်တကူ ကြည့်ရှုလိုက်ရုံဖြစ်၏။ သို့ပေမည့် မည်သည့် မျှော်လင့်ချက်မှ မထားချေ။ ထို့ပြင် ရှမ့်လန်က ကလေးကို အဘယ်သို့ အဆင့်မြင့် သွေးမျိုးဆက်မျိုး လိုအပ်နေမည်နည်း။ သိုင်းပညာ လေ့ကျင့်သူတွေက နိမ့်ကျသည့် လူတွေသာ ဖြစ်၏။

အပြင်မှ နှင်းတောင်နတ်ဆိုးကိုသာ ကြည့်လိုက်။ မဟာပညာရှင် အဆင့်သို့ ရောက်ရှိလုနီးပါးပင်။ သို့ပေမည့် ဂိုဏ်းတစ်ခုလုံးပေါင်း၍ တစ်လလျှင် ရွှေဒင်္ဂါး ၅၀၀ သာ ရှာနိုင်သည်။

သို့သော်ငြား သူက တစ်ချက်သာ ကြည့်ရှုလိုက်၏။ ကြောင်အသွားမိ၏။ အဘယ်ကြောင့်ဆိုသော် ဤမွေးကင်းစကလေးက ရွှေရောင် သွေးမျိုးဆက်ကို ပိုင်ဆိုင်နေသောကြောင့်ပင်။ ပိုမိုတောက်ပသည့် ရွှေရောင် သွေးမျိုးဆက်မျိုးပင်။ ရှမ့်လန်၏ မျက်လုံးများပင် ဝေဝါးသွား၏။ ဘာတွေ ဖြစ်ကုန်သနည်း။

All Chapters