အခန်း (၆၀၉-၆၁၀)
Vol. 40 Ch. 609-610
အပိုင်း (၆၀၉)
ပင်းအာက ကလေးကို ချီပြီး ထွက်ခွာသွား၏။
ဓားဘုရင် လီချင်းချိုးက ဝင်လာခဲ့သည်။ “ရှမ့်လန်... ကောင်းကင်ပင်လယ်နန်းဆောင်က ပညာရှင်နှစ်ယောက် လာတာ မူလန်ကို ကယ်ဖို့ မဟုတ်ဘူး။ သူတို့မှာ တခြား ရည်ရွယ်ချက်၊ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်”
“ကျုပ် သိတယ်”
ရှမ့်လန်က ပြောလိုက်၏။ “သူတို့ ဒီကိုလာတာ ရှမ့်ယီကို လာကြည့်တာပဲ။ ဘယ်လို ရလဒ်မျိုးကို သူတို့ မျှော်လင့်ထားခဲ့တာလဲ။ နောက်ဆုံးကျတော့ ရှမ့်ယီက သူတို့စိတ်ကူးထားသလို ကောင်းကင်ဘုံကို အာခံနိုင်တဲ့ သွေးမျိုးဆက် ပါရမီ ပါမလာတာကိုတွေ့တော့ စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားခဲ့ရတာပဲ။ ဟား ဟား ဟား”
ရှမ့်လန်က စကားမဆုံးသေးချေ။ ကောင်းကင်ပင်လယ် နန်းဆောင်တွင် နောက်ထပ် ရည်ရွယ်ချက်များ ရှိနေ၏။ မူလန် မွေးဖွားပြီး အလုံးစုံ အိပ်ပျော်လျက် ရှိနေသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲ သွားကြောင်း သတင်းပျံ့နှံ့ပြီးနောက် ကောင်းကင်ပင်လယ်နန်းဆောင်မှ ဆယ်ရက်ကျော် စောင့်ဆိုင်းပြီးမှ ရောက်ရှိလာခြင်း ဖြစ်သည်။
ပညာရှင် နှစ်ယောက်တို့ လာရောက်ခြင်းက ရှမ့်ယီတွင် ရွှေရောင်သွေးမျိုးဆက် ရှိလား ဆိုသည်ကို လာရောက် အကဲခတ်ခြင်းသာ ဖြစ်၏။ ကလေးငယ်၏ ခန္ဓာကိုယ်ထဲမှာ ရွှေရောင်သွေးမျိုးဆက် ပျောက်ကွယ် သွားလိမ့်မည်ဟု သူတို့ မထင်မှတ်ထားသောကြောင့် စိတ်ပျက်သွားခြင်းသာ ဖြစ်၏။
ဤရက်ပိုင်းအတွင်း ရှမ့်လန်က မူလန်ကို ကယ်တင်ရန်သာ အာရုံစိုက်ခဲ့ပြီး ရှမ့်ယီကို သတိမထားမိခဲ့ချေ။ ရွှေရောင်သွေးမျိုးဆက်က မည်သည့်အချိန်က ပျောက်ကွယ်သွားကြောင် သူ သတိမထားမိခဲ့ချေ။ ရက်အနည်းငယ်ကြာမှ ပျောက်ကွယ်သွားခဲ့ခြင်းလား။ သို့မဟုတ် မွေးကတည်းက ရွှေရောင်သွေးမျိုးဆက် လက္ခဏာများ ပြသပြီး ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်လား။
လီချင်းချိုးက ပြောလိုက်သည်။ “မူလန်က ကလေးရဖို့ ကောင်းကင်ပင်လယ် နန်းဆောင်မှာ လအနည်းငယ်လောက် သွားနေခဲ့ဖူးတာကို ငါမှတ်မိတယ်။”
ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ သူက ကောင်းကင်ပင်လယ် နန်းဆောင်နှင့် ရင်းနှီးသည့် ဆက်ဆံရေး တစ်ခု ရှိသောကြောင့် ထိုကိစ္စကို ပုံမှန်ဟုသာ ထင်မှတ်ခဲ့၏။ သို့သော်ငြား ယခုအခါမှာတော့ လုံးဝ ပုံမှန် မဟုတ်တော့သလို ခံစားရ၏။
ရှမ့်လန်က သူ့၏ ယောက္ခမ စုဖေ့ဖေ့ကို သွားရှာသည်။ “မူလန်က ဘာလို့ ရုတ်တရက်ကြီး ကောင်းကင်ပင်လယ် နန်းဆောင်ကို သွားခဲ့တာလဲ။”
စုဖေ့ဖေ့က ပြန်လည်ကာ စဉ်းစား၏။ ထိုတုန်းက အခြေအနေများကို ပြန်လည်ကာ စဉ်းစားရင်း ပြောလိုက်၏။ “မင်းနဲ့လက်ထပ်ပြီးနောက်ပိုင်း ပင်းအာက ကိုယ်ဝန်ရသွားတယ်ဆိုပေမယ့် မူလန်က ကိုယ်ဝန်မရခဲ့ဘူး။ အဲဒီတုန်းက သူက အရမ်းစိတ်ပူခဲ့တယ်။ ပြီးတော့ ကျန်းယွီယင်းနဲ့ စကားပြောတုန်း ကောင်းကင်ပင်လယ် နန်းဆောင်က ဒီကိစ္စနဲ့ ပတ်သက်ပြီး သုတေသနတွေ အများကြီး ပြုလုပ်ထားတယ်။ ပညာရပ်ကို အထူးပြု ကျွမ်းကျင်တဲ့ အမျိုးသမီး ပညာရှင်တွေလည်း ရှိတယ်ဆိုပဲ။ မူလန်က မင်းနဲ့ ကောင်းကင်ပင်လယ် နန်းဆောင်က ရင်းနှီးတယ် ဆိုတော့ အဲဒီကို သွားခဲ့တာပေါ့”
တစ်နည်းအားဖြင့် မူလန်က ကောင်းကင်ပင်လယ်နန်းဆောင်သို့ သွားရောက်ကုသခဲ့ခြင်းက ကောင်းကင် ပင်လယ်နန်းဆောင်က လာရောက်ကုသရန် လမ်းဖွင့်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ဤအရာက ထူးဆန်းနေ၏။ သန္ဓေသားမြုံခြင်း ဆိုသည်မှာ ခေတ်သစ်လောကတွင်ပင်လျှင် ဆေးပညာရပ်ဆိုင်ရာ ပြဿနာကြီး တစ်ခု ဖြစ်နေရာ ဤလောကကြီးတွင်ဆိုလျှင် ဆိုဖွယ်ရာဟူ၍ ရှိလိမ့်မည် မထင်ချေ။
အနည်းဆုံး မူလန်က ကောင်းကင်ပင်လယ်နန်းဆောင်တွင် လအနည်းငယ် အနားယူကုသပြီး တကယ်ပင် ပျောက်ကင်းခဲ့၏။ ပြီးနောက် သူမက နန်းမြို့တော်သို့ သွားရောက်ခဲ့ပြီး ရှမ့်လန်နှင့် အတူနေခဲ့၏။ တစ်ချက်တည်းနှင့် သူမက ကိုယ်ဝန် ရရှိလာခဲ့၏။ ပြီးနောက် သူမက ကောင်းကင်ဘုံကို အာခံနိုင်စွမ်း ရှိသည့် ကလေးမျိုးကို မွေးဖွားပေးခဲ့၏။
ပထမဦးဆုံး ရုပ်ရည်သွင်ပြင်မျိုးနှင့် ပြောရမည်ဆိုလျှင် ဤအရာက ရှမ့်လန်နှင့် မူလန်တို့၏ ပေါင်းစပ်မှုပင် ဖြစ်၏။ နှစ်ဦးလုံး၏ အားသာချက်များကို အစွမ်းကုန် ဆွဲထုတ်ထားသကဲ့သို့ပင်။ အရေးအကြီးဆုံး အချက်က ပေါ်လာပြီးမှ ပြန်လည်ပျောက်ကွယ်သွားသည့် ရွှေရောင်သွေးမျိုးဆက်ဖြစ်၏။
ဤနေရာတွင် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့၏။ ရှမ့်ယီ ရွှေရောင်သွေးမျိုးဆက်နှင့် မွေးဖွားလာခြင်းက ကောင်းကင်ပင်လယ် နန်းဆောင်နှင့် သက်ဆိုင်နေသည်လား။ ကောင်းကင်ပင်လယ် နန်းဆောင်က မူလန်၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြောင်းလဲရန် တစ်စုံတစ်ခုသော နည်းလမ်းကို အသုံးပြုခဲ့သည်လား။ သို့မဟုတ် ကောင်းကင်ပင်လယ် နန်းဆောင်က ရှမ့်လန်နှင့် မူလန်ကို အသုံးပြုပြီး ရွှေရောင်သွေးမျိုးဆက် ကလေးတစ်ယောက် မွေးဖွားလာစေရန် စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်လား။ သို့မဟုတ် ထိုထက် ပိုမိုကာ နက်ရှိုင်းသည့် အကြောင်းပြချက်များ ရှိနေမည်လား။
အလွန့်ကို နက်ရှိုင်းလွန်းသည်ဟု ရှမ့်လန်က ခံစားမိ၏။ မူလက ဆန်းကြယ်မှု အနည်းငယ်သာ ရှိသည့် ကောင်းကင်ပင်လယ် နန်းဆောင်က ယခုတွင် ပိုမိုကာ နားလည်ရန် ခက်လာ၏။
ထို့အပြင် နင်ဟန် ဆိုသည့် မိန်းမယုတ်ကလည်း မည်ကဲ့သို့သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သနည်း။ ကောင်းကင်ပင်လယ် နန်းဆောင်က မူလန် အသက်အန္တရာယ်ကြုံနေရခြင်း၏ တရားခံများလား။ ထိုကိစ္စများ အားလုံး၏ နောက်ကွယ်တွင် ပူးပေါင်းကြံစည်မှု တစ်ခုခုများ ရှိနေသည်လား။ ထိုသို့ဆိုလျှင် မည်ကဲ့သို့သော ကြံစည်မှုမျိုး ဖြစ်သနည်း။
ထိုညမှာတော့ ရှမ့်လန်က လုံးဝ အိပ်မပျော်ခဲ့ချေ။ သူက အချက်နှစ်ချက်ကို သေချာပေါက်သိ၏။ ပထမ အချက်အားဖြင့် သူက မူလန်ကို ကယ်တင်ရန် သူမ၏ သွေးမျိုးဆက်စွမ်းအားကို လှုံ့ဆော်ပေးရမည်။ သို့မဟုတ် ပြောင်းလဲပေးရမည်။ ထိုသို့မဟုတ်ပါက မူလန်က ဤလောကထဲမှ ထာဝရ ထွက်ခွာသွားရပေမည်။ အချိန် သိပ်မကျန်တော့ချေ။ တစ်လခန့်သာလျှင် ကျန်တော့သည်။
ဒုတိယအချက်အားဖြင့် သွေးမျိုးဆက်စွမ်းအားနှင့် ပတ်သက်၍ ရှမ့်လန်၏ နားလည်မှုက နည်းပါးသေး၏။ အကယ်၍ ဤအတိုင်းသာ စမ်းသပ်စစ်ဆေးနေမည်ဆိုပါက နောက်ကျသွားပေမည်။ ကမ္ဘာမြေ၏ သမိုင်းကြောင်းတွင် မည်သည့် တီထွင်မှု သို့မဟုတ် စမ်းသပ်မှုမဆို မရေတွက်နိုင်သည့် ကျရှုံးမှုများ ကြုံတွေ့ရ စမြဲပင်။ ကျရှုံးမှုပေါင်း ထောင်ချီ သို့မဟုတ် သောင်းချီမက ရှိနိုင်၏။
သိပ္ပံပညာရှင် အများအပြားက သူတို့၏ တစ်ဘဝလုံးကို ပေးဆပ်ခဲ့သော်လည်း မအောင်မြင်နိုင်ခဲ့သော အရေးကြီး ကိစ္စနှင့် စမ်းသပ်မှုများ ရှိခဲ့ဖူး၏။ နောက်ထပ်တစ်လအကြာတွင် မူလန်၏ အသက်က ကုန်ဆုံးပေတော့မည်။ အကယ်၍ ရှမ့်လန်သာ အောင်မြင်ချင်သည်ဆိုပါက ပိုမို နက်ရှိုင်းများပြားသည့် သတင်း အချက်အလက်များကို ရယူရပေမည်။
ရှေးဟောင်းခေတ်၏ အရာများ သို့မဟုတ် ဤကမ္ဘာ၏ နှစ်ပေါင်းထောင်ချီ၊ သောင်းချီ သုတေသန ပြုလုပ်ထားသည့် အရာများမှ ရယူရမည်။ သူက ကောင်းကင်ပင်လယ် နန်းဆောင်သို့ ခရီးတစ်ခေါက် သွားရမည်။ ယခုလောကကြီး၏ တစ်ချို့သော အကြောင်းအရာများက သူ၏ ဗဟုသုတနှင့် လက်လှမ်းမမီ သည့် နေရာများတွင် ရှိနေသည်။
မူလန်ကို ကယ်တင်နိုင်ရန် ....သူမ၏ သွေးမျိုးဆက်ကို ပြောင်းလဲနိုင်ရန်အတွက် ရှမ့်လန်က ရှေးဟောင်း သွေးမျိုးဆက်နှင့် ပတ်သက်သည့် စာအုပ်တချို့ကို လိုအပ်၏။ ဥပမာအားဖြင့် ရှေးဟောင်းကျမ်းစာများ သို့မဟုတ် ကျန်းလီ သေဆုံးပြီးနောက် ကောင်းကင်ပင်လယ်နန်းဆောင်မှ ရယူထားခဲ့သည့် လျှို့ဝှက် စာအုပ်များဖြစ်၏။
“ဦးရီးတော် ဓားဘုရင်... ကျုပ်နဲ့အတူ ကောင်းကင်ပင်လယ် နန်းဆောင်ကို လိုက်ခဲ့ပေးမလား”
ဓားဘုရင် လီချင်းချိုးက ခေါင်းညိတ်လိုက်သည်။ “အင်း... ငါ မင်းကို ရထားလုံး မောင်းပေးမယ်”
ဤတစ်ကြိမ်မှာတော့ ဓားဘုရင်လီချင်းချိုးက အလွန် လျင်မြန်စွာ မောင်း၏။ ပြီးနောက် သူက သန်မာသည့် မြင်းသုံးကောင်ဆွဲသော မြင်းရထားကို သုံး၏။
တစ်ရက်နှင့်တစ်ဝက် ကြာပြီးနောက် ရှမ့်လန်က ကောင်းကင်ပင်လယ် နန်းဆောင်ဆီသို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာ၏။ လွန်ခဲ့သည့် နှစ်နှစ်ခန့် သူလာခဲ့စဉ်က အပန်းဖြေ ခရီးတစ်ခုကဲ့သို့ပင်။ သို့ပေမည့် ဤတစ်ကြိမ်မှာတော့ မတူတော့ပေ။
ကောင်းကင်ပင်လယ် နန်းဆောင်က ပင်လယ်ကမ်းစပ်တွင် တည်ရှိနေဆဲဖြစ်ပြီး ထူထဲလွန်းသည့် မြူများ ကြားထဲတွင် ခမ်းနားထည်ဝါစွာ တည်ရှိနေ၏။ ပညာရပ်ဆိုင်ရာဗိမ္မာန်ကြီးတစ်ခု၊ ယဉ်ကျေးမှု၏ ခံတပ်ကြီး တစ်ခု၊ သို့သော်ငြား ရှမ့်လန်၏ မျက်လုံးထဲတွင်တော့ အနောက်အရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်းထဲတွင် ဘုန်းတော်ကြီးနှင့် စွန်းဝူခုံးတို့ ဘုရားကျောင်းအတုထဲသို့ ဝင်ရောက်သွားသကဲ့သို့ပင် ထင်မိနေသည်။
ထိုအချိန်မှာတော့ ထျန်းစန်းဘုန်းကြီးက အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ကာ မိုင်ပေါင်း တစ်သိန်းနှင့် ရှစ်ထောင် ခရီးနှင်ခဲ့ပြီး နောက်ဆုံးမှာတော့ ဘုရားကျောင်းထဲသို့ ဝင်ရောက်ပြီး စစ်မှန်သည့် ပိဋကတ်ကျမ်းစာများ ကို ရယူနိုင်တော့မည်ဟု ထင်မှတ်ခဲ့၏။
ထိုအချိန်က ဘုရားကျောင်းကြီးက ခန့်ညားပြီး ထည်ဝါလွန်း၏။ အတွင်းတွင် နတ်ဘုရားအားလုံးက တည်ကြည်ခန့်ညားစွာ ရှိ၏။ သို့ပေမည့် အရာအားလုံးက အတုအယောင်များသာ ဖြစ်၏။ ဘုရားရှင်အပါအဝင် အားလုံးတို့ကလည်း မိစ္ဆာကောင်များ အသွင်ပြောင်းထားခြင်းဖြစ်နေသည်။
ရှမ့်လန်က ရှေ့ကိုတိုးပြီး တံခါးကို ခေါက်၏။ ကောင်းကင်ပင်လယ် နန်းဆောင်၏ တံခါးက ပွင့်လာပြီး မျက်နှာတစ်ခု ပေါ်လာ၏။ ရင်နှီးနေသည့် မျက်နှာတစ်ခုပင်။
လွန်ခဲ့သည့်နှစ်နှစ်က ရှမ့်လန် တွေ့ဆုံခဲ့သည့်လူပင်။ ရှမ့်လန်က ခက်ခဲသည့် ပုစ္ဆာတစ်ခုကို ဖြေရှင်းပြဖူး သောကြောင့် ထိုလူက အံ့အားသင့် တုန်လှုပ်ခဲ့၏။ သူတို့က ရင်းနှီးပြီး ခင်မင်နေခဲ့ကြပြီဖြစ်၏။ သို့သော်လည်း ယခုအခါမှာ ထိုလူက ရှမ့်လန်ကို လုံးဝ မသိသကဲ့သို့ပင်။
“ဘယ်သူလဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် ရှမ့်လန်ပါပဲ။ ရှေးဟောင်းစာအုပ်တချို့ လာငှားတာပါ”
“ရှမ့်လန် ဟုတ်လား”
ထိုသူက ပြောလိုက်သည်။ “ကောင်းကင်ပင်လယ် နန်းဆောင်က ခင်ဗျားကို မကြိုဆိုဘူး။ ကျေးဇူးပြုပြီးတော့ ချက်ချင်းပြန်ပါ”
ပြီးနောက် တံခါးကိုပိတ်၏။
ရှမ့်လန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “အဲဒီ မိန်းမယုတ် နင်ယန်ကို ထွက်ခဲ့ဖို့ ပြောလိုက်စမ်းပါ။ ကျုပ် သူနဲ့ သဘောတူညီချက်တစ်ခု လုပ်စရာရှိတယ်”
........
ခဏအကြာမှာတော့ မင်းသမီးနင်ဟန်က ရှမ့်လန်၏ ရှေ့သို့ရောက်ရှိလာ၏။ ရန်ငြိုးဟူ၍ မည်သည့်အခါကမှ မရှိခဲ့သလိုပင်။ သူမက ရှမ့်လန်ကို ပြုံးပင် ပြုံးပြလိုက်သေး၏။ ရှမ့်လန်က မိန်းမယုတ်ဟု ပြောဆိုခဲ့သည်ကို မကြားလိုက်သကဲ့သို့ပင်။
ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းကင်ပင်လယ်နန်းဆောင်မှာ မကြာသေးခင်က ပုစ္ဆာသစ်တစ်ခုကို ထုတ်ပြန်လိုက်တယ်လို့ ကျုပ်ကြားတယ်။ သင်္ချာပုစ္ဆာဆိုလားပဲ။ ပြီးတော့ အဲဒါက နှစ်ထောင်ချီ သက်တမ်းရှိတဲ့ ပုစ္ဆာတစ်ခုဆို။”
နှစ်ထောင်ချီ သက်တမ်းရှိသည့် ပုစ္ဆာဆိုသည်ကို လက်ရှိယဉ်ကျေးမှု အဆင့်အတန်းအရ ဖြေရှင်းရန် နှစ်ပေါင်း တစ်သောင်းခန့်ကြာမြင့်မည့်ပုစ္ဆာမျိုးကို ဆိုလိုခြင်းပင်။
နင်ဟန်က ခေါင်းညိတ်လိုက်၏။
ရှမ့်လန်က ထပ်ပြောသည်။ “အင်း... သွေးကျမ်းစာလို့ခေါ်တဲ့ ရှေးဟောင်း ကျမ်းစာတစ်အုပ်ရှိတယ်လို့လည်း ကျုပ် ကြားတယ်။ အဲဒါက ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ အဖိုးတန်တဲ့ စာအုပ်တစ်အုပ်မဟုတ်လား။”
မင်းသမီးနင်ဟန်က ခေါင်းညိတ်လိုက်ပြန်၏။ ရှမ့်လန်က ကောင်းကင်ပင်လယ်နန်းဆောင်၏ စာအုပ် စုဆောင်းမှုနှင့် ပတ်သက်၍ အကြီးအကျယ် နားလည်မှုလွဲခဲ့၏။ အဖိုးအနဂ္ဃ အထိုက်တန်ဆုံး အရာက ကြယ်ကြွေဓားသိုင်းကဲ့သို့သော ရှေးဟောင်းသိုင်းကျမ်းများ ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့၏။
ယခုချိန်မှာတော့ ထိုသို့မဟုတ်ကြောင်း သိရှိလိုက်ရ၏။ သိုင်းကျမ်းတစ်အုပ်ချင်းစီက ကောင်းကင်ပင်လယ် နန်းဆောင်အတွက် သိပ်ပြီး အဖိုးမတန်ချေ။ ရှေးဟောင်းယဉ်ကျေးမှုနှင့် ဂမ္ဘီရဆိုင်ရာပညာရပ်များနှင့် ဆက်စပ်နေသည့် စာအုပ်များကသာ တန်ဖိုးအရှိဆုံးဖြစ်၏။ ထို့ကြောင့် ကောင်းကင်ပင်လယ်နန်းဆောင်က ထိုအရာများအား ပြင်ပသို့ ထုတ်ငှားခြင်း လုံးဝမရှိချေ။
ရှမ့်လန်က ပြောလိုက်သည်။ “ဒီကျမ်းစာကို ၂၄ နာရီ ဖတ်ရှုခွင့်ပေးမယ်ဆိုတဲ့ အခွင့်အရေးနဲ့ ခင်ဗျားတို့ရဲ့သ င်္ချာပုစ္ဆာကို ကျုပ် ဖြေရှင်းပေးနိုင်တယ်”
မင်းသမီးနင်ဟန်က ပြောလိုက်၏။ “ခဏလေးစောင့်။ ကျွန်မ အထဲဝင်ပြီး ခွင့်ပြုချက် တောင်းလိုက်အုံးမယ်”
စကားပြောဆိုမှု တလျှောက်လုံးတွင် သူတို့နှစ်ဦးကြား၌ တံခါးတစ်ချက် ခြားနားခဲ့၏။ အသံကိုသာကြားရပြီး မျက်နှာနှင့် အမူအယာကို မမြင်ရပေ။ သို့နှင့် မင်းသမီးနင်ဟန်က ထွက်ခွာသွား၏။ ရှမ့်လန်က စောင့်ဆိုင်းနေ၏။
ကောင်းကင်ပင်လယ်နန်းဆောင်က ထုတ်ပြန်ထားခဲ့သည့် နှစ်တစ်ထောင်တစ်သန်းရှိ သင်္ချာပုစ္ဆာက ရိုးရိုးသင်္ချာပုစ္ဆာတစ်ခု မဟုတ်နိုင်ချေ။
ရှမ့်လန်၏ ခန့်မှန်းချက်အရဆိုလျှင် ထိုအရာက ရှေးဟောင်းအမွေအနှစ်နေရာတစ်ခု၏ အရေးကြီးမားသော သဲလွန်စတစ်ခုဖြစ်လောက်၏။ ထိုအရာက ကောင်းကင်ပင်လယ်နန်းဆောင်အတွက် အလွန်အရေးကြီး၏။ ထိုကြောင့်ပင် ရှမ့်လန်၏ ယခုခရီးစဉ်က စမ်းသပ် အကဲခတ်မှုဟု မှတ်ယူနိုင်သည်။
ခဏအကြာမှာတော့ မင်းသမီးနင်ဟန်က ပြန်လည်ထွက်လာ၏။
“စိတ်မကောင်းပါဘူး။ မရပါဘူး” မင်းသမီးနင်ဟန်က ပြောလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် သွေးကျမ်းစာနဲ့ လဲလှယ်ဖို့အတွက် ကျုပ်ဘာလုပ်ပေးရမလဲ”
မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “စိတ်မကောင်းပါဘူး။ လုံးဝမရပါဘူး”
ရှမ့်လန်က တိတ်ဆိတ်ငြိမ်သက်သွား၏။
မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “တခြားကိစ္စ မရှိဘူးဆိုရင် ကျွန်မ ပြန်သွားတော့မယ်။”
ရှမ့်လန်က ရုတ်တရက်ပြောလိုက်၏။ “ခင်ဗျား ကျုပ်ဆီက ဘာလိုချင်တာလဲ။ ဘာလို့ ကျုပ်ရဲ့မိန်းမကို သွေးမျိုးဆက် ပြောင်းလဲသွားအောင် ဒီနေရာကိုလာဖို့ လမ်းဖွင့်ပေးခဲ့တာလဲ”
မင်းသမီးနင်ဟန်က ပြုံးလိုက်သည်။ “ရှင် အတွေးလွန်နေပြီ။ ရှင်ဆီမှာ ကောင်းကင်ပင်လယ်နန်းဆောင် လိုချင်တဲ့အရာ ဘာတစ်ခုမှမရှိဘူး။ ဒီလောကကြီးထဲမှာ ကောင်းကင်ပင်လယ်နန်းဆောင် လိုချင်တဲ့အရာ ဘာမှမရှိဘူး။”
ပြီးနောက် မင်းသမီးနင်ဟန်က ထွက်ခွာသွားခဲ့၏။ ရှေ့မှ တံခါးချပ်ကြီးက ပိတ်သွားပြီးဖြစ်သော်လည်း နောက်ထပ်တံခါးတစ်ချပ် ထပ်ပိတ်သည့်အသံကို ကြားလိုက်ရ၏။
“လူကြီးမင်း ရှမ့်လန်... ကောင်းကင်ပင်လယ်နန်းဆောင်က ခင်ဗျားကို နောက်ဆို ကြိုဆိုမှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ကိုယ့်ရဲ့အပြုအမူကို ဆင်ခြင်ပါ”
ဤအရာက မဟာပညာရှင်တစ်ယောက်၏အသံဖြစ်သည်။
ရှမ့်လန်က ထွက်ခွာသွားခဲ့၏။ သူက လီချင်းချိုး၏ မြင်းရထားဆီသို့ ပြန်လာခဲ့၏။
“မအောင်မြင်ခဲ့ဘူးလား” လီချင်းချိုးက မေးမြန်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “မလာခင်တုန်းက အောင်မြင်မယ်လို့ မမျှော်လင့်ထားတာ။ ရေလာမြောင်းပေး စမ်းသပ်ကြည့်ရုံပဲ။”
လီချင်းချိုးက ပြောလိုက်သည်။ “မင်းသိချင်တာ သိခဲ့ရပြီလား”
“အင်း”
ရှမ့်လန်ကပြော၏။ “စမ်းသပ်လို့ ပြီးသွားပြီ”
ရှမ့်လန်က သတင်းအချက်အလက် တော်တော်များများကို ရယူခဲ့ပြီးဖြစ်၏။ ပထမဆုံးအချက်အနေနှင့် ကောင်းကင်ပင်လယ်နန်းဆောင်က ထုတ်ပြန်လိုက်သည့် နှစ်တစ်ထောင်ပုစ္ဆာက ရှေးဟောင်းအမွေအနှစ် တည်နေရာ၏ အဓိကသဲလွန်စများနှင့် သေချာပေါက် သက်ဆိုင်နေခြင်းပင်။
အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က ပုစ္ဆာကိုဖြေရှင်းပေးပြီး သွေးကျမ်းစာနှင့် လဲလှယ်လိုသည်ဟု ပြောသည့်အချိန်တွင် မင်းသမီးနင်ဟန်က သူမကိုယ်တိုင် ငြင်းပယ်ဖို့ ဆုံးဖြတ်ချက် ချနိုင်၏။ သို့ပေမည့် သူမက ကောင်းကင်ပင်လယ်နန်းဆောင်သို့ ဝင်ရောက်သွားပြီး နန်းတော်သခင်၏ ခွင့်ပြုချက်ကို တောင်းခံရသကဲ့သို့ ဟန်ဆောင်ရသနည်း။
တကယ်တမ်းတော့ သူမက ဖုံးကွယ်ရန် ကြိုးစားခဲ့ခြင်းဖြစ်၏။ နန်းဆောင်သခင် ကျိုးရှီ မရှိသည့်အချိန်တွင် နင်ဟန်က ကောင်းကင်ပင်လယ်နန်းဆောင်တွင် အာဏာအရှိဆုံးဖြစ်၏။ သူမ ငြင်းပယ်ချင်သည်ဆိုလျှင် အစောကြီးတည်းက ငြင်းပယ်ပြီးဖြစ်ပေလိမ့်မည်။
သူမက နှစ်တစ်ထောင်ပုစ္ဆာပေါ်တွင် ကောင်းကင်ပင်လယ်နန်းဆောင်က မည်မျှ အလေးထားကြောင်းကို ဖုံးကွယ်ထားချင်သောကြောင့်သာ ထိုသို့ပြုမှုပြခဲ့ခြင်း ဖြစ်၏။ လွန်ခဲ့သည့်လအနည်းငယ်တုန်းက ရှေးဟောင်းအမွေအနှစ် သဲလွန်စများကို ဖော်ထုတ်သည့်နေရာ၌ ကူညီရန် နင်ဟန်က သူ့ကို ပြောခဲ့ဖူး၏။ ထိုအချိန်တုန်းက ရှေးဟောင်းအမွေအနှစ်နေရာ၏ ခြေရာများကို ရှာတွေ့ကာစသာ ရှိသေး၏။ မကြာခင်မှာပဲ ကောင်းကင်ပင်လယ်နန်းဆောင်က ထိုပုစ္ဆာကို ထုတ်ပြန်ခဲ့၏။
ဒုတိယအချက်မှာတော့ ရှမ့်လန် သိရှိချင်နေသည်မှာ ကောင်းကင်ပင်လယ်နန်းဆောင်က သူ့ဆီမှ ဘာကို လိုချင်သနည်း။ လိုချင်တာကို ရသွားပြီလား။ မရနိုင်လောက်သေးချေ။ သို့သော်လည်း ကောင်းကင်ပင်လယ် နန်းဆောင်က သူ့ဆီမှ တစ်စုံတစ်ခုကို လိုချင်နေသည်မှာတော့ အမှန်ပင်ဖြစ်သည်။
လွန်ခဲ့သည့် လအနည်းငယ်က ကောင်းကင်ပင်လယ်နန်းဆောင် ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ် တည်နေရာကြီးက တကယ်ပင်ကြီးမား၏။
နင်ဟန်က တကယ့်ကို ကြီးကျယ်ခမ်းနားသည်ဟူသော စကားလုံးနှင့်ပင် တင်စားထားခဲ့ဖူးသည်။ ယခုချိန်တွင် နင်ဟန်နှင့် ကောင်းကင်ပင်လယ်နန်းဆောင်သခင် ကျိုးရှီတို့က ထိုရှေးဟောင်းနေရာကို အတူတကွ တူးဖော်လျက် ရှိနေသည်။
သူမ အဘယ်ကြောင့် ပြန်လာရသနည်း။ ကောင်းကင်ပင်လယ် နန်းဆောင်ကို အဘယ်ကြောင့် ပြန်လာရသနည်း။ အရေးကြီးသည့် ကိစ္စတစ်ခုခု ရှိနေသေးသည်လား။ နန်အိုစစ်ပွဲကြောင့် မဖြစ်နိုင်ချေ။ မူလန် ကလေးမွေးဖွားခဲ့ခြင်းကြောင့်လား။ ထိုအရာက ကောင်းကင်ပင်လယ်နန်းဆောင်၏ မကြုံစဖူး အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့လေသည်လား။
ဤကဲ့သို့ များပြားသည့် ဖြစ်နိုင်ချေများအတွင်း အမှန်တရားက အနည်းငယ် ရှုပ်ထွေးနေသော်လည်း သဲလွန်စများကို ရရှိနေပြီဖြစ်၏။
အပိုင်း (၆၁၀)
ကောင်းကင်ပင်လယ်နန်းဆောင်ထဲတွင်...
“မင်းသမီး... ကျင်းမူလန် မွေးဖွားတဲ့ သားလေးမှာ ရွှေရောင်သွေးမျိုးဆက် မပါလာတာ သေချာသွားပါပြီ”
ကောင်းကင်ပင်လယ်နန်းဆောင်မှ ပညာရှင်နှစ်ဦးက ပြောလိုက်၏။ “ကျုပ်တို့ သုံးကြိမ်တိုင်တိုင် စစ်ဆေးခဲ့တယ်။ အကြောင်းရင်း အားလုံးကိုလည်း စမ်းသပ်ပြီးသွားပါပြီ။ သူ့ရဲ့ သွေးမျိုးဆက် ပါရမီက ရှမ့်လန်ဆီက အမွေကိုရထားပါတယ်။ လုံးဝ ဗလာသွေးမျိုးဆက်လို ဖြစ်နေတာပါ။ ဗလာသွေးမျိုးဆက် အစစ်လည်း မဟုတ်ပြန်ဘူး။”
နင်ဟန်က မေးလိုက်သည်။ “ဒါဆိုရင် ဘာလို့ ကျင်းမူလန် မွေးတော့ ထူးထူးခြားခြား မေ့မျောသွားရတာလဲ”
ပညာရှင်တစ်ယောက်က ပြော၏။ “ကျုပ် အထင်အရတော့ ကောင်းကင်ပင်လယ်နန်းဆောင်က ဆေးဝါးတွေ အလွန်အကျွံ သုံးစွဲခဲ့လို့ဖြစ်လိမ့်မယ်။ အဲဒါက သူမရဲ့အခြေအနေကို ထိခိုက်သွားစေတာပဲ။ ဒါပေမဲ့ ကောင်းကင်ပင်လယ် နန်းဆောင်က ထွက်ခွာပြီးတဲ့နောက် ဆေးဝါးတွေနဲ့ စွမ်းအင်တွေ သုံးစွဲတာ ရပ်တန့် သွားခဲ့တယ်။ ဒါကြောင့် သူမက သွေးမျိုးဆက်စွမ်းအင်တွေ ကုန်ခမ်းသွားရတာပဲ”
မင်းသမီးနင်ဟန်က မည်သည့်စကားကိုမှ မဆိုချေ။
ပညာရှင်တစ်ယောက်က ပြောသည်။ “ရှမ့်လန်က အသုံးမဝင်တော့ဘူးဆိုရင် သူ့ကိုသတ်ပစ်လိုက်ကြမလား”
မင်းသမီးနင်ဟန်က တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် သူမက ခေါင်းခါယမ်းလိုက်၏။ သို့သော်လည်း အဘယ်ကြောင့်ဆိုသည့် အကြောင်းပြချက်ကိုတော့ ထုတ်မပြောခဲ့ချေ။ ဤကိစ္စက ထင်ထားသလောက် မရိုးရှင်းဟု သူမ ခံစားမိသောကြောင့်ပင်။ မျက်မြင်တွေ့နေရသည့်အရာများသည် အမှန်တရား ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။
..................
“ဦးရီးတော် ဓားဘုရင် အင်ပါယာကျန်းလီကို ဘယ်လိုမြင်လဲ”
လီချင်းချိုးက မြင်းရထား မောင်းနေရင်းက ဖြေလိုက်၏။ “သူရဲကောင်းတစ်ယောက်၊ ကြီးကျယ်မြင့်မြတ်တဲ့ လူသားတစ်ယောက်၊ စံပြတစ်ယောက်ပဲ”
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ထိုစကားပြောခဲ့ဖူးသော်လည်း သူက ပိုပြီးတိကျ၏။ အမှန်တကယ်တွင်တော့ ကျန်းလီနှင့်ပတ်သက်သည့် ဒဏ္ဍာရီ အများအပြားရှိသော်လည်း အမှန်တရားမှာတော့ သနားစရာ ကောင်းလောက်အောင် နည်းပါးလွန်းလှ၏။ အားလုံးနီးပါးကို တော်ဝင်ရန်အင်ပါယာက ပိတ်ပင် ထားသောကြောင့်ပေ။
ထိုအရာကလည်း အနည်းငယ် ထူးဆန်း၏။ လူအများအပြား ကျန်းလီကို ကိုးကွယ်နေခြင်းအား တော်ဝင်ရန်အင်ပါယာက ဂရုစိုက်ချေ။ အရှေ့အရပ်မှ ဒဏ္ဍာရီ စာအုပ်ကို ပိတ်ပင်ထားဖို့ကပင် သူတို့က အလေးအနက်ထားခဲ့ပေ။
သို့သော်ငြား အင်ပါယာကျန်းလီနှင့်ပတ်သက်သည့် အမှန်တရားအချို့ကိုတော့ အထူးတလည် တစ်စိတ်တစ်ပိုင်း ပိတ်ပင်ထားခဲ့သည်။ အထူးသဖြင့် ကျန်းလီ၏ အောင်မြင်မှုများနှင့် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများဖြစ်၏။
ဥပမာအားဖြင့် ကျန်းလီက သိုင်းပညာကို မည်သည့်နေရာက သင်ယူခဲ့သနည်း။ အဘယ်ကြောင့် ဤမျှ အစွမ်းထက်ရသနည်း စသည်တို့ပင်။ မူလက ကျန်းလီ၏ ကျန်ရစ်ခဲ့သည့် သွေးမျိုးဆက်ကိစ္စကိုလည်း လုံးဝ ဖုံးကွယ်ထားခဲ့၏။ ကျိုးမျိုးနွယ်စုလျှင် ထိုကိစ္စကြောင့်ပင် မျိုးရိုးဖြတ် သုတ်သင်ခြင်းကို ခံရသည်။
ရုတ်တရက်ဆိုသလိုပဲ ကျန်းလီ၏ ကျန်ရစ်ခဲ့သည့် သွေးမျိုးဆက်ကိစ္စက လုံးဝရှင်းလင်းသွားခဲ့၏။ မျိုးနွယ်စု အများအပြားတို့က ကျန်းလီ၏ သွေးမျိုးဆက်ကျန်ရစ်သူများကို ရှာဖွေခဲ့ကြပြီး ယခု ထိုသူတို့၌ ကျန်းလီ၏ သွေးမျိုးဆက်ရှိကြောင်း လူသိရှင်ကြား ကြေညာလာခဲ့၏။
................
ဓားဘုရင် လီချင်းချိုးနှင့် ရှမ့်လန်တို့က ရုပ်ဖျက်ပြီး အနောက်ဘက်သို့ ဦးတည်၏။ ရှမ့်လန်က မြင်းရထား မစီးတော့ဘဲ မြင်းစီး၍ လိုက်ပါလာ၏။ သူတို့က မနားမနေ ခရီးနှင်ကြ၏။ သူတို့၏ ပန်းတိုင်က မိုင်ထောင်ပေါင်းများစွာ ဝေးကွာသည့် စေတီတောင်ပင် ဖြစ်၏။ ဤသည်က ရှမ့်လန်၏ အစစ်အမှန် အစီအစဉ်ပင် ဖြစ်သည်။
သူတို့နှစ်ဦးက ထျန်းနန်ပြည်နယ်တစ်ခုလုံးကို ဖြတ်ကျော်ခဲ့၏။ ဤအရာ၌ စစ်ရိပ်စစ်ယောင်များ ထူထပ်နေပြီဖြစ်၏။ လမ်းတစ်လျှောက်တွင် တောင်ဘက်သို့ ခရီးသွားလာနေကြသည့် စစ်သည်များနှင့် ပြည်သူများအား အဆုံးမရှိ မြင်ရ၏။ ထို့အတူ မြို့ကြီးများနှင့် မြို့ငယ်အားလုံးတို့ကို ညမထွက်ရ အမိန့်ထုတ်ပြန်ထား၏။
မိုင်အနည်းငယ်ခြားပြီးတိုင်း စစ်သည်များ၊ အရာရှိများနှင့် ပြည်သူစစ်များက လူအများကို စစ်ဆေးနေကြ၏။ မရေမတွက်နိုင်သည့် ရိက္ခာများ၊ အရင်းအမြစ်များက မြစ်ရေများ ပင်လယ်ထဲသို့ စီးဝင်နေသကဲ့သို့ပင် နန်အို နိုင်ငံဘက်သို့ စီးဆင်းနေ၏။
ဤသည်က တိုင်းပြည်တစ်ပြည်လုံးကို ပြိုလဲစေနိုင်စွမ်းရှိသည့် စစ်ပွဲကြီး တစ်ခုပင် ဖြစ်လိမ့်မည်။ ပြင်ဆင်မှုမှသည် ဖြန့်ကျက်မှုအထိ လအနည်းငယ်ကြာမြင့်ခဲ့၏။ စစ်အင်အား တွက်ချက်မှုနှင့် တပ်စွဲမှုက နောက်ထပ် လအနည်းငယ်ကြာပေးဦးမည်။
ကျင်းမင်းသား၏ တပ်မတော်က တဖြည်းဖြည်းနီးကပ်လာကြောင်း ရှမ့်လန်က တကူးတက လိုက်မေးနေရန် မလိုအပ်တော့ချေ။ သဲကန္တာရ လူရိုင်းမျိုးနွယ်စု တစ်သိန်းကျော်တို့က နန်အိုနိုင်ငံနှင့် မိုင်ရာဂဏန်း အနည်းငယ်သာ ဝေး၏။ နှစ်နိုင်ငံအကြား အဆုံးအဖြတ်ပေးမည့် စစ်ပွဲကြီးက မကြာခင် ဖြစ်တည်တော့မည်။
သူတို့က ထျန်းနန်စီရင်စုဆီမှ ထွက်ခွာပြီး ကျန်းရှစ်စီရင်စုသို့ ဝင်ရောက်လာခဲ့၏။ မိုးမရွာဘဲ ရှိနေပြီး တိမ်တိုက်များက ဤနေရာတွင် အုံ့မှိုင်းနေ၏။ မုန်တိုင်းလာတော့မည် ဟူသည့်ခံစားချက်က ပိုမို၍ ပြင်းထန်၏။ အဘယ်ကြောင့်ဆိုသော် ဤစစ်ပွဲ၏အတိုင်းအတာက ပိုမို၍ ကြီးမားလာနိုင်သောကြောင့်ပင်။
ချောင်ပြည်နယ်က စစ်သည်ပေါင်း နှစ်သိန်းသုံးသောင်းကို စုဆောင်းထားပြီးဖြစ်၏။ ရွှဲ့ပြည်နယ်နှင့် ချောင်ပြည်နယ်၏ နယ်စပ်က ဆီအိုးကြီးတစ်ခုကဲ့သို့ လုံးဝဖြစ်တည်နေ၏။ ဆီအိုးက စတင် ဆူပွက်နေပြီး ပေါက်ကွဲလုနီးပါးပင်။ ဤတစ်ကြိမ် ဆီအိုးထဲသို့ မည်သည့်အရာကိုပဲ ပစ်ထည့်ထည့် လုံးဝ လောင်ကျွမ်းသွားမှာ သေချာ၏။
ရွှဲ့ပြည်နယ်ဘက်တွင် ကျုံးယောင်၏စစ်သည်များက ထွက်ခွာနေပြီဖြစ်သော်လည်း လုံလောက်မှု မရှိသေးချေ။ (အရင်တုန်းက ယွဲ့လို့ ပြန်ခဲ့တယ်ထင်တယ်ဗျာ။ ဇာတ်ကွက်ဘက် အာရုံစိုက်နေတာနဲ့ အဲတာလေး ရှန်းသွားတယ်။ တောင်းပန်ပါတယ်။ နောက်ပိုင်း ရွှဲ့ ပဲ ပြန်ပါမယ်။)
ဘုရင်မင်းမြတ်က အံကိုကြိတ်၍ အနောက်ဘက်မြို့ဆီသို့ စစ်သည်ပေါင်း နှစ်သောင်းကို စေလွှတ်လိုက်၏။ တစ်သိန်းနှစ်သောင်း နှင့် ချောင်ပြည်နယ်မှ နှစ်သိန်းသုံးသောင်း၊ အရေအတွက်အားဖြင့် ကြီးမားသည့် ကွာခြားချက် ရှိ၏။ သို့သော်လည်း အနည်းဆုံး ရွှဲ့ပြည်နယ်က ခုခံကာကွယ်ရမည့်ဘက်တွင် ရှိနေ၏။ နင်ယွမ်ရှန်း၏ ကျုံးယောင်အပေါ် အသုံးပြုမှုက ချောင်ပြည်နယ်ကို ထိန်းသိမ်းထားရန်နှင့် မပြိုလဲသွားအောင် ခုခံထားရန်သာဖြစ်၏။
ရှမ့်လန် ကျန်းရှစ်စီရင်စုသို့ ဝင်ရောက်သွားသည့်အချိန်၌ စစ်အုပ်ချုပ်ရေးအောက်သို့ လုံးဝရောက်ရှိနေပြီ ဖြစ်၏။ ကုန်သည်၊ အဖွဲ့အစည်းနှင့် သာမန်သူများကို ဝင်ထွက်သွားလာမှုအား ပိတ်ပင်ထား၏။ မည်သည့် အကြောင်းပြချက်နှင့်မှ သာမန်လူများက မိမိတို့၏ မြို့ရွာများမှ ထွက်ခွာဖို့ မရှိချေ။ လမ်းမကြီးများပေါ်တွင် စစ်တပ်၏ အရာရှိနှင့် သတင်းစကားပေးပို့သူများကိုသာ တွေ့ရသည်။
ယခုချိန်မှာတော့ ရှမ့်လန်နှင့် လီချင်းချိုးတို့က သတင်းစကားပေးပို့သူများဖြစ်၏။ ထို့အပြင် သူတို့က အဆင့်မြင့် သတင်းစကားပေးပို့သူများဖြစ်၏။ အထောက်အထားစာရွက်စာတမ်းများနှင့် အသုံးအဆောင်များ အားလုံးကို ကိုင်ဆောင်ထား၏။
ထို့ကြောင့် စစ်ဆေးရေးဂိတ်တော်တော်များများကို ဖြတ်သန်းပြီးနောက် ရှမ့်လန်နှင့် လီချင်းချိုးတို့က ကျန်းရှစ်စီရင်စုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ သူတို့က ချင်နိုင်ငံကို ဖြတ်သန်းပြီး ချောင်ပြည်နယ်ဆီသို့ ဝင်ရောက်ကာ အနောက်ဘက်ရှိ စေတီတောင်ကို သွားရောက်ပေမည်။
ကျန်းယွမ်မြို့ကို ဖြတ်သန်းစဉ်တွင် ရှမ့်လန်က အနည်းငယ် အံ့အားသင့်လို့နေ၏။ ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူး ကျန်းကျိရှု ဘာလုပ်ဖို့ ကြိုးစားနေသနည်း။ ယခင်က မြို့စားအိမ်တော်ဟောင်းတွင် အဘယ်ကြောင့် ဤမျှများပြားသည့် တပ်ဖွဲ့များကို စစ်စခန်း ချထားရသနည်း။ ချင်နိုင်ငံနယ်စပ်၌ အဘယ်ကြောင့် ကာကွယ်ရေးစည်းမျဉ်းများကို အများအပြား တည်ဆောက်ထားရသနည်း။
ရွှဲ့ပြည်နယ်နှင့် ချင်နိုင်ငံတို့သည် ယခုချိန်တွင် ခိုင်မာသည့် မဟာမိတ်များဖြစ်နေကြသည် မဟုတ်ပါလား။ ထို့ပြင် ရှမ့်လန် ယခင်က တည်ဆောက်ခဲ့သည့် အထူးစစ်စခန်းအားလုံးကိုလည်း ဖျက်ဆီးထား၏။ ဤစစ်စခန်းများက ချင်နိုင်ငံမှ မြင်းသည်တော်များအတွက်ဖြစ်၏။ ချင်နိုင်ငံ၏စစ်မြင်းများက အတော်အတန် ပုသဖြင့် မြင်းစာခွက်၊ ကုန်းနှီးနှင့် ဇက်ကြိုးများက ရွှဲ့ပြည်နယ်၏ မြင်းတပ်ဖွဲ့များနှင့် မတူညီချေ။
လိုအပ်ပါက ချင်နိုင်ငံတပ်မတော်က ရွှဲ့ပြည်နယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ပြီး ရိက္ခာဖြည့်တင်းနိုင်၏။ ယခု ချင်နိုင်ငံ မြင်းတပ်ဖွဲ့များ၏ စစ်စခန်းအားလုံး ဖျက်ဆီးခံထားရ၏။ ကျန်းကျိရှု ဘာကို ကြံစည်နေသနည်း။ ဤမျှ အရေးကြီးမားသည့်အခြေအနေတွင် အဘယ်ကြောင့် ချင်နိုင်ငံကို ကာကွယ်ဖို့ စစ်တပ်များ စေလွှတ်ထားရသနည်း။
ဤအရာက နှစ်နိုင်ငံကြား ပွတ်တိုက်မှုတချို့ကို ဖြစ်ပေါ်စေနိုင်သည် မဟုတ်ပါလား။
……………
ရှမ့်လန် နယ်စပ်ကို ဖြတ်ကျော်နေစဉ်မှာပဲ ကျန်းကျိရှု၏ တပ်ဖွဲ့ဝင်များက တားဆီးကာ မေးမြန်း၏။ “ဘယ်သွားမလို့လဲ”
“ချင်နိုင်ငံ”
“ဘာကိစ္စလဲ”
“လျှို့ဝှက်တာဝန်”
“ဘာတာဝန်လဲ”
“မင်းတို့ သိခွင့်မရှိဘူး”
စစ်အရာရှိတစ်ယောက်၏မျက်နှာထားက တင်းမာသွားသည်။ “အထောက်အထားပြ”
ရှမ့်လန်က သူ၏အထောက်အထား၊ စာရွက်စာတမ်းနှင့် ကတ်များကို ထုတ်ပြ၏။ ထိုအရာက ရေနက်တပ်ဖွဲ့၏ တံဆိပ်မျိုး မဟုတ်ဘဲ ယွမ်ဆိုသည့် ဘုရင်မင်းမြတ်၏ နာမည်စကားလုံးပါသော ကျောက်ပြားဖြစ်၏။
စစ်အရာရှိ၏မျက်နှာက ချက်ချင်း ပြောင်းလဲသွား၏။ ပစ္စည်းအားလုံးကို ရှမ့်လန်ဆီ ပြန်ပေးပြီး ဖြတ်သန်းခွင့်ပေးသည်။
ရှမ့်လန်နှင့် လီချင်းချိုးတို့က ချင်နိုင်ငံနယ်စပ်သို့ ဝင်ရောက်သွား၏။
“ထောင်စုမှူး... ဒီနှစ်ယောက်က ဘယ်သူလဲ”
ထောင်စုမှူးက ခေါင်းပေါ်သို့ လက်ညှိုးထိုးပြ၏။ ဘေးတစ်ဖက်တွင်ရှိနေသည့် ရာစုမှူးက ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။
“ဘုရင်ကြီးက လွန်ပါတယ်။ သူ့လို နိုင်ငံကြီးတစ်နိုင်ငံရဲ့ အရှင်ဘုရင်က ဘယ်လိုဖြစ်ပြီး လူရိုင်းတစ်ယောက်ကို မျက်နှာလို၊ မျက်နှာရ လုပ်နိုင်ရတာလဲ” အရာရှိတစ်ယောက်က ပြောလိုက်၏။
“ချင်နိုင်ငံက အစွမ်းထက်တယ်ဆိုတော့ ဘာဖြစ်လဲ။ သူတို့ရဲ့ဘုရင်မက ရှမ့်လန်အောက်မှာ လုံးဝကို ပြားပြားမှောက်နေတာပဲ။ တကယ့်ကို အရှက်အကြောက်မရှိတဲ့ စုံတွဲပဲ။ ကြာလာရင် ဒီလူရိုင်းမက ကျုပ်တို့ စစ်တပ်တွေ ချေမှုန်းပစ်နိုင်တယ်” တခြားသောအရာရှိတစ်ယောက်က မဲ့ကာရွဲ့ကာ ပြောလိုက်သည်။
စစ်ပွဲက နီးကပ်လာသော်လည်း ရွှဲ့ပြည်နယ်ကတော့ အုပ်စုကွဲနေဆဲ ဖြစ်၏။ ချင်နိုင်ငံက မဟာမိတ် ဖြစ်ကြောင်း ထင်ရှားသော်လည်း အနောက်ဘက် ကျန်းရှစ်စီရင်စု၏ ကျန်းကျိရှုက ချင်နိုင်ငံမှာ ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း ကောလဟာလများအား ဖြန့်ထား၏။
ဤကိစ္စက အရေးမကြီးသလိုနှင့် အရေးကြီးသည်။
သို့သော်ငြား ရှမ့်လန်က ယခုချိန်၌ မူလန်ကို ကယ်တင်ရန်သာ ဆန္ဒရှိ၏။ တိုင်းရေးပြည်ရေး ကိစ္စများကို ခေတ္တ ဘေးဖယ်ထား၏။ ချင်နိုင်ငံ၏မြို့တော်နှင့် နီးကပ်နေပြီး အရူးကြီး နန်းတော်ထဲတွင် ရှိနေကြောင်း သိသော်လည်း သူတို့နှစ်ဦးက ထိုနေရာသို့ မဝင်ခဲ့ချေ။
သို့သော်ငြား စစ်မက်ဖြစ်ပေါ်နိုင်သည့် မိုးတိမ်များက ချင်နိုင်ငံပေါ်တွင် အုံမှိုင်းနေ၏။ အဘယ်ကြောင့် ဆိုသော် စစ်စခန်း အများအပြားတို့က မြို့တော်၏အနီးတဝိုက်တွင် တားဆီးထားခဲ့သောကြောင့်ပင်။ ဤအရာသည် ကြီးမားသည့် တပ်ပေါင်းစုကြီးတစ်ခုအဖြစ် တပ်စွဲထား၏။
ချင်နိုင်ငံ၏ နယ်မြေများထဲတွင် မြင်းတပ်စစ်သည်များက တောထဲ စီးနင်းနေသည်ကို မကြာမကြာ မြင်ရ၏။ သူတို့က ရပ်တန့်နေခြင်း မဟုတ်ဘဲ လေ့ကျင့်နေခြင်းသာဖြစ်သည်။
စစ်ပွဲဖြစ်လာသည်ကို ရင်ဆိုင်ရန် ချင်ဘုရင်မ အာယုနာနာက စစ်သည်များကို စုဆောင်းထား၏။ ဤသည်က နှစ်ဝက်ကျော် ကြာမြင့်ခဲ့ပြီဖြစ်၏။ လက်ရှိအချိန်တွင် နိုင်ငံတစ်ခုလုံး လေ့ကျင့်နေကြသောကြောင့် မြင်းတပ်ဖွဲ့များနှင့် ပြည့်နှက်နေ၏။
သူတို့က ချင်နိုင်ငံကို ဖြတ်ကျော်ပြီး ချောင်ပြည်နယ် တစ်ဝက်ကျော်ကို ဖြတ်သန်းသွားခဲ့ကြ၏။ ရှစ်ရက်၊ ကိုးညအတွင်း ရှမ့်လန်နှင့် လီချင်းချိုးတို့က နိုင်ငံသုံးနိုင်ငံကို ဖြတ်ကျော်ပြီး မိုင်ပေါင်းထောင်ချီ ခရီးဆက်ခဲ့၏။ စေတီတောင်၏ တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။
စေတီတောင်။ ဤအရာက ချောင် ၊ ချင်နှင့် ကျင်းနိုင်ငံတို့၏ကြားတွင် တည်ရှိ၏။ ထိုအရာက မည်သည့်နိုင်ငံနှင့်မှ မသက်ဆိုင်ချေ။ ကောင်းကင်ပင်လယ်နန်းဆောင်က လောကီကိစ္စရပ်များနှင့် ထိတွေ့ဆက်ဆံမှုရှီ၏။ အနည်းဆုံး နှစ်စဉ်နှစ်တိုင်း သူတို့က ကမ္ဘာလောကမှ လူများဖြေရှင်းနိုင်ရန် ခက်ခဲသည့်ပုစ္ဆာများနှင့် စစ်တုရင်ပွဲများကို ထုတ်ဖော်လေ့ရှိ၏။ နှစ်စဉ်နှစ်တိုင်း သူတို့က လူအနည်းငယ်ကို ကောင်းကင်ပင်လယ်နန်းဆောင်၏ ဂုဏ်ထူးဆောင် ပညာရှင်များအဖြစ် ခေါ်ယူလေ့ရှိ၏။
သို့သော်ငြား စေတီတောင်ကမူ ကွဲပြား၏။ သူတို့က အလွန်လျှို့ဝှက် ဆန်းကြယ်ပြီး ပြင်ပလောကနှင့် လုံးဝနီးပါး ဆက်စပ်မှု မရှိချေ။ သူတို့၏တပည့်၊ သားမြေးများ ပြင်ပလောကထဲ သွားလာလှုပ်ရှားသည်ကို တွေ့ရခဲသည်။
တကယ်တမ်းတော့ သူတို့၏တည်နေရာအား ပြင်ပဧည့်သည်များ လာရောက် လည်ပတ်ခြင်းကို တားဆီး ပိတ်ပင်ထားသကဲ့သို့ပင်ရှိ၏။ ထိုအရာက ပင်လယ်ထဲရှိ ရေပေါ်ကျွန်းလေး တစ်ကျွန်းပေါ်တွင် တည်ရှိ၏။
ရေပေါ်ကျွန်းဆိုသည်မှာ တကယ်တမ်း ကျွန်းကြီးတစ်ခု မဟုတ်ဘဲ သေးငယ်သည့် ကျွန်းလေးသာလျှင်ဖြစ်၏။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ သုံးထောင်ကျော် မြင့်မားသည့် တည်နေရာတွင်ရှိသောကြောင့် ထိုအရာကို ရေပေါ်ကျွန်းဟုခေါ်သည်။
စေတီတောင်သို့ ဝင်ရောက်လိုလျှင် ရေပေါ်ကျွန်း၏ ဆိပ်ခံတံတားသို့သွားရောက်ရ၏။ မဟုတ်ပါက ရေပေါ်ကျွန်းတွင် ပေါ်လာသည့် မည်သည့်သင်္ဘောကိုမဆို စေတီတောင်က တိုက်ခိုက်ပေလိမ့်မည်။ ရေပေါ်ကျွန်း ဆိပ်ခံတံတားက အရှေ့ဘက်တွင် တည်ရှိ၏။
ရှမ့်လန်က အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ သေးငယ်လွန်းလှ၏။ ဆိပ်ခံတံတားအတွင်းဘက်၌ သေးငယ်သည့် လှေတစ်စင်း ဆိုက်ကပ်ထား၏။ စေတီတောင်က ပြင်ပမှလူများကို မည်သို့မှ မကြိုဆိုကြောင်း ပြသနေသကဲ့သို့ပင်။
“အစ်ကိုကြီး... ကျုပ် စေတီတောင်သို့ ပြန်ချင်လို့ပါ” ရှမ့်လန်က အရှေ့သို့သွားပြီး ပြောသည်။
လှေထိုးသားက စေတီတောင်မှ တပည့်တစ်ဦးဖြစ်၏။ လဝက်အတွင်း စေတီတောင်သို့ မည်သည့် ပြင်ပလူမှ လာရောက်ခြင်း မရှိသောကြောင့် ငိုက်မြည်းနေချိန်လည်းဖြစ်၏။ ရှမ့်လန်၏စကားကို ကြားရချိန်မှာတော့ သူက မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။