အခန်း (၆၁၁-၆၁၂)
Vol. 40 Ch. 611-612
အပိုင်း (၆၁၁)
သူက မျက်လုံးကိုဝေ့ပြီး ရှမ့်လန်ကို ခေတ္တမျှကြည့်၏။
“ခင်ဗျားက ကျုပ်ကို အစ်ကိုကြီးလို့ခေါ်တယ် ဟုတ်လား။ ပြီးတော့ စေတီတောင်ကို ပြန်ချင်တာပေါ့။ စေတီတောင်ရဲ့ တပည့်တစ်ယောက်လို့ ဟန်ဆောင်ချင်တာလား။ သေချင်နေတာလား။ ကျုပ် စေတီတောင်ရဲ့ တပည့်အားလုံးကို သိတယ်။ ဒါပေမဲ့ ခင်ဗျားကို မသိဘူး။ ဒီနေရာက ထွက်သွား” လှေထိုးသားက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “တကယ်ပါ။ ကျုပ်က စေတီတောင်ရဲ့တပည့်သစ်ပါ။ ကျုပ်ရဲ့ဆရာက ဝူတူကျိပါ”
လှေထိုးသားက မဲ့ပြုံး ပြုံးလိုက်၏။ ဝူတူကျိY တပည့်မရှိချေ။ ဝူကျူးက သူမ၏ တူ တော်စပ်သော်လည်း သူမက တပည့်အဖြစ် လက်မခံသေးချေ။ ဝူတူကျိက အထီးကျန် ကြယ်တစ်ပွင့်ကဲ့သို့ပင်။ သူမက လူသားတစ်ယောက်ကို မဆိုထားနှင့် ယင်ကောင်တစ်ကောင် သူမအနားတွင် ဝဲပျံနေလျှင်တောင် သည်းမခံနိုင်သူဖြစ်onf။
သူမက တစ်ဘဝလုံး သိုင်းပညာကိုလေ့ကျင့်လိုက်၊ သုတေသန လုပ်လိုက်ဖြင့် အချိန် ကုန်ဆုံးနေသူဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က သူမအား စကားသုံးခွန်းထက် ပိုပြောလျှင် သူမ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့် ဆန္ဒများ ထွက်ပေါ်လာတတ်၏။
အဘယ်ကြောင့်ဆိုသော် သူမ၏ အဖိုးတန်သည့် အချိန်များကို လာရောက်ဖြုန်းတီးနေသောကြောင့် ဖြစ်၏။ သူမက ငယ်စဉ်က တစ်စုံတစ်ယောက်၏ ဝှေးစေ့ကို ကန်ခွဲခဲ့ဖူးသည်။ ထိုကဲ့သို့သော လူစားမျိုးက တစ်စုံတစ်ယောက်ကို တပည့်အဖြစ် လက်ခံပါမည်လား။
“အခုချက်ချင်း ထွက်မသွားရင် သေရလိမ့်မယ်” လှေထိုးသားက အေးစက်စက်ပြော၏။
လီချင်းချိုး၏ သိုင်းပညာက တကယ့်ကို ကျွမ်းကျင်ကြောင်း သူ သိရှိသော်လည်း မကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် စေတီတောင်၏ အဆိပ်က အစွမ်းအထက်ဆုံးဖြစ်၏။ မည်မျှ သိုင်းပညာ ကျွမ်းကျင်သူဖြစ်ပါစေ ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ချေ။
ရှမ့်လန်က ပြောလိုက်သည်။ “အစ်ကိုရေ.. ဒါ ကျုပ်ရဲ့ကတ်ပြားပါပဲ။ တစ်ချက်လောက် ကြည့်ပါအုံး”
ရှမ့်လန်က အထူးပြုလုပ်ထားခဲ့သည့် ကတ်ပြားကို လက်နှစ်ဖက်ဖြင့် ကမ်းပေး၏။ နောက်ဘက်တွင်ရှိနေသည့် လီချင်းချိုးက အံ့အားသင့်သွား၏။ ရှမ့်လန်က စေတီတောင်၏ ဤကဲ့သို့သော ကတ်ပြားကို မည်သည့်အချိန်က ရလာခဲ့သနည်း။ အတုပြုလုပ်ခဲ့သည်လား။
ကောင်းကင်ပင်လယ်နန်းဆောင်က မည်မျှ အစွမ်းထက်သနည်း။ စေတီတောင်က မည်မျှ အစွမ်းထက် သနည်း။
လီချင်းချိုးကဲ့သို့ အစွမ်းထက်သည့်လူကိုပင်လျှင် သူတို့က အလေးအနက် ထားသည်မဟုတ်ပေ။ ဝူကျူးက လီချင်းချိုးက အရေးမပါသည့် လူတစ်ယောက်သာဖြစ်ပြီး စေတီတောင်က သူ၏မိန်းမကို သွယ်ဝိုက်သောနည်း ဖြင့် ဒုက္ခပေးခဲ့ကြောင်း၊ သို့ပေမည့် ထိုအရာနှင့်ပတ်သက်၍ ပြန်လည်ဖြေရှင်းစရာဟူ၍ ဘာမှမရှိကြောင်း ပြောဆိုခဲ့ဖူး၏။
ဆိုလိုသည်က လီချင်းချိုးကဲ့သို့သော လူတစ်ယောက်၏မိန်းမ သေဆုံးသွားလျှင်လည်း ကိစ္စမရှ ဆိုသည့်သဘောပင်။ အကယ်၍ စေတီတောင်ကသာ ရှမ့်လန်ကိုသတ်ချင်မည်ဆိုပါက လီချင်းချိုးက ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။ သူ၏အသက်ကို စတေးပြီး ကာကွယ်လျှင်ပင် အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုလှေထိုးသားက တုန်လှုပ်သွား၏။ လောကကြီးတွင် သေရမှာမကြောက်ဘဲ စေတီတောင်၏ ကတ်ပြားကို အတုပြုလုပ်ရဲသူ ရှိနေသေးသလား။ တခြားမရှိဘဲ ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။ တစ်ဖက်လူ၏ နောက်ခံ မည်မျှကြီးမားနေသည်ဆိုကာမူ ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။ သို့ပေမည့် ကတ်ပြားကို လက်ခံရရှိပြီးနောက် လှေထိုးသားက တစ်စုံတစ်ခုကို သတိပြုမိ၏။ သူက အမှန်တကယ် အံ့အားသင့်သွားလေ၏။ ဤကတ်ပြားက အစစ်အမှန်လို ဖြစ်နေသောကြောင့်ပင်။
ပစ္စည်း၊ အလေးချိန်၊ အရောင်၊ စာသားအားလုံးက အတူတူပင်ဖြစ်၏။ နေရောက်အောက်သို့ ချပြီးသည့်နောက် ခဏတွင် ခန့်ညားထည်ဝါသည့် စေတီတောင်ပုံ ပေါ်လာ၏။
ထိုအရာကို လူတိုင်းကသိရှိ၏။ စေတီတောင်၏ ကတ်ပြားများတွင် အတုပြုလုပ်ရန် မရနိုင်သည့် အချက်များရှိ၏။ ထိုသို့ဆိုလျှင် ဤလူဆီ၌ ကတ်ပြားရှိနေ၏။ တကယ်ဘဲ ဝူတူကျိ၏တပည့်များလား။
မည်သို့ဖြစ်နိုင်မည်နည်း။ ဤအမျိုးသမီးက တပည့်လက်ခံလိုက်ပြီလား။ သို့ပေမည့် သူမက စေတီတောင်မှ တစ်ခါမှ မထွက်ခွာ ခဲ့ဖူးချေ။ သူမက ဤပြင်ပလောကမှ တပည့်တစ်ယောက်ကို အဘယ်သို့ လက်ခံမည်နည်း။
“မင်းက အကြီးအကဲ ဝူတူကျိရဲ့ တပည့်ဆိုတာ သေချာလို့လား”
ရှမ့်လန်က ပြန်ဖြေလိုက်သည်။ “ကျုပ် အာမခံပါတယ်”
ဝူတူကျိက စေတီတောင်၏ အကြီးအကဲ တစ်ယောက်ပေလား။ သူမ၏ အဆင့်အတန်းက သူ ထင်မှတ်ထားသည်ထက် ပိုမို၍ မြင့်မားနေသည်လား။
လှေထိုးသားက အနည်းငယ် ထူးဆန်းသလိုခံစားရ၏။ ရှမ့်လန်က ဝူတူကျိ၏ တပည့်ဖြစ်ကြောင်း သူ ယုံပင် မယုံရဲချေ။ သို့သော်ငြား ကတ်ပြားရှိသူများကို လိုက်ပို့ပေးရမှာ သူ၏တာဝန်ဖြစ်၏။ ထိုကြောင့် လှေထိုးသား က ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ မင်း လှေပေါ်ကို တက်လို့ရပြီ။ တစ်ယောက်တည်းပဲ လိုက်ရမယ်”
လီချင်းချိုးက စိုးရိမ်သွား၏။ သူ့ကဲ့သို့သော ဓားဘုရင်၏ ကာကွယ်မှုနှင့်ပင် ရှမ့်လန်က စေတီတောင်သို့ ဝင်ရောက်ပြီးသည့်နောက် အသက်ရှင်ပါ့မလား မသေချာချေ။ သို့ပေမည့် ရှမ့်လန်က တစ်ယောက်တည်း ဖြစ်၏။ လုံးဝ ခိုကိုးရာမဲ့လို့နေ၏။ ထို့ပြင် အစစ်အမှန်နှင့် ထပ်တူညီသည့် ကပ်ပြားအတုကိုလည်း ပြုလုပ်ထား၏။ ထိုအရာက အစစ်အမှန် သေခြင်းကို စိန်ခေါ်ခြင်းပင်။
သို့သော်ငြား ရှမ့်လန်က လီချင်းချိုးကို အသာခေါင်းညိတ်၏။ လှေပေါ်သို့ တက်သွား၏။ လှေက ချက်ချင်း ထွက်ခွာသွားသည်။
ပြီးနောက် ပင်လယ်ထဲမှ တခြားတစ်ယောက် ထွက်လာကာဖြင့် လှေငယ်တစ်စင်းကို ဆွဲပြီး ဆိပ်ခံတံတားတွင် တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းနေပြန်၏။ လှေထိုးသားသစ် တပည့်တစ်ယောက်က ငိုက်မြည်းနေဆဲပင်။
ရှမ့်လန်က အံ့အားသင့်သွား၏။ မမြင်နိုင်သည့် အနီးတဝှိုက်တွင် လူတွေနှင့်လှေ မည်မျှလောက် ပုန်းအောင်းနေကြသနည်း။
......
ရှမ့်လန် လှေပေါ်ကိုတက်ပြီးနောက် လှေထိုးသားက လှေကို မြောက်ဘက်သို့ လှော်ခတ်သွား၏။
လီချင်းချိုးက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ “ကံတရားကိုပဲ အပြစ်ဖို့ရတော့မှာပဲ”
ရှမ့်လန် တစ်ယောက် နောက်ထပ် အံ့ဖွယ်ရာတစ်ခုကို ဖန်တီးနိုင်ပါစေဟု သူက မျှော်လင့်နေသည်။ သို့သော်ငြား အခွင့်အရေးက နည်းပါးလွန်းသည်။
လှေထိုးသား၏ သိုင်းပညာက တကယ့်ကို မြင့်မား၏။ လှေလှော်ခတ်မှုကလည်း မြန်ဆန်၏။ ရေပေါ်ကျွန်းက တကယ့်ကို ကြီးမား၏။ အဆုံးအစ မရှိချေ။ ရေများက ကြည်လင်စိမ်းလန်းလျက် ရှိနေပြီး အောက်ခြေကိုပင် မြင်ရ၏။ ကျောက်စိမ်းကဲ့သို့ စိမ်းနေ၏။ လှေငယ်ကလေးက ရေပေါ်ကျွန်း၏ အတွင်းသို့ ဆက်လက်ကာ သွား၏။
ရှမ့်လန်နှင့် လှေထိုးသားနှစ်ဦးလုံးက တိတ်ဆိတ်ငြိမ်သက်နေကြသည်။
မူလတည်းက ရှမ့်လန်က စေတီတောင်သို့ ခရီးထွက်ရန် ပြင်ဆင်ထားခဲ့ပြီးသားဖြစ်၏။ သို့ပေမည့် မူလန်၏ ကိစ္စရပ်ကြောင့်သာလျှင် သူက ဤခရီးကို မဖြစ်မနေ လာခဲ့ရသည်။ သူက စေတီတောင်ဆီသို့ လာခြင်းက ရည်ရွယ်ချက်နှစ်ခုရှိ၏။
ပထမတစ်ခုက သွေးကျမ်းစာကိုအသုံးပြု၍ မူလန်ကို ကယ်တင်ရန်ဖြစ်၏။ ဒုတိယ ရည်ရွယ်ချက်ကတော့ မည်သည့်နည်းလမ်းကို သုံးရသည်ဖြစ်စေ ဝူတူကျိကို ဆရာတင်ရန်ပင်။ သူမက စေတီတောင်တွင် အလွန်မြင့်မားသည့် အဆင့်အတန်းရှိပြီး တကယ်လည်း ဆန်းကြယ်သည့် စရိုက်သဘာဝကို ပိုင်ဆိုင်သူပင်။
ထိုကဲ့သို့သောလူမျိုးက လောကကြီးတစ်ခုလုံးကို လျစ်လျူရှုထားတတ်သည် ဆိုသော်လည်း တစ်ချိန်တစ်ခါမျှ စိတ်နှလုံးလှုပ်ရှားပြီး ချစ်ခင်နှစ်သက်သူ ပေါ်လာလျှင် အလွန် ကာကွယ်ပေးတတ်ကြသည်။
ဝူတူကျိကသာ သူ့ဘက်၌ ရှိမည်ဆိုလျှင် သွေးမျိုးဆက် စမ်းသပ်မှုများဖြစ်စေ၊ ကိုယ်ရေးကိုယ်တာ လုံခြုံမှုဖြစ်စေ ရှမ့်လန်၌ ကြီးမားသည့်အာမခံချက်များ ရှိလာပေလိမ့်မည်။
ရွှဲ့ပြည်နယ်တွင် သူက နင်ယွမ်ရှန်းဟူသည့် ကျောထောက်နောက်ခံကို ပိုင်ဆိုင်ပြီး သိုင်းလောကတွင် ဝူတူကျိကဲ့သို့ ကျောထောက် နောက်ခံကို ပိုင်ဆိုင်ပါက အရာအားလုံးက ပြီးပြည့်စုံသွားပေလိမ့်မည်။ ထိုအချိန်ဆိုလျှင် သူက မိမိစိတ်တိုင်းကျ မည်သည့်အရာကိုမဆို ပြုလုပ်နိုင်တော့မှာဖြစ်၏။
ခက်ခဲသည်က ဝူတူကျိကို စိတ်လှုပ်ရှားအောင် ပြုလုပ်ရန်၊ သူမ၏တပည့်အဖြစ် လက်ခံလာစေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဟူသည့်အချက်ပင်။ ထို့ပြင် သူက သူမ၏ နောက်ဆုံးတံခါးပိတ်တပည့်လည်း ဖြစ်ချင်၏။ သူမ၏အမည်ပြောင်မှာ ကျောက်မိစ္ဆာဖြစ်၏။ သူမ၏ ခံစားချက် အားလုံးကို ဖွင့်လှစ်ရန် အလွန်ခက်ခဲသည်။
အမှန်စင်စစ်အားဖြင့် ကံကြမ္မာရေစက်ဆိုသည်က ကျား၊ မ၊ အချစ်ရေးနှင့် သက်ဆိုင်ခြင်း မရှိချေ။ ဆရာနှင့် တပည့်ဆက်ဆံရေးဆိုသည်မှာလည်း ထိုနည်းလည်းကောင်းပင်။ သူ့၌ အချိန်မရှိတော့ဘဲ အရာအားလုံးကို ဖြေရှင်းရန် အများဆုံး ရက်အနည်းငယ်သာ ကျန်တော့၏။
လှေငယ်လေးက ၁၀ နာရီကျော်အောင် ခရီးနှင်နေသည်။ ပင်လယ်ပြင်ရှုခင်းများက မည်မျှလှပနေသနည်း။ သူက ငေးမောနေမိ၏။ စေတီတောင်က လောကကြီးနှင့်အမှန်တကယ်ပင် အဆက်ပြတ်လို့နေ၏။ နောက်ဆုံး မှာတော့ သူက ခရီးပန်းတိုင်တစ်ခုဆီသို့ ရောက်ရှိလုနီးပါး ဖြစ်လို့နေ၏။ ရှမ့်လန်၏မြင်ကွင်းတွင် ကျွန်းတစ်ကျွန်းပေါ်လာ၏။ ဟုတ်ပေ၏။ တကယ်တမ်းမှာတော့ ကျွန်းစုများပင်။
ဤနေရာတွင် ကျွန်းပေါင်းများစွာရှိ၏။ အလယ်ဗဟိုရှိကျွန်းကြီးကတော့ တကယ်ကိုလှပပြီး မြင့်မားလွန်းသည့် တောင်ကြီးတစ်ခုကဲ့သို့ပင်။ ဤသည်က စေတီတောင်၏ မူလရင်းမြစ် တည်နေရာပင်လား။ သို့သော်ငြား လှေထိုးသားက ရှမ့်လန်အား အလယ်ရှိကျွန်းဆီသို့ မပို့ဘဲ တခြားသော ကျွန်းငယ်လေး တစ်ကျွန်းဆီသို့ ပို့ဆောင်ပေး၏။
ဤကျွန်းငယ်လေးတွင် အိမ်တစ်လုံးသာရှိပြီး ကျန်သည့်နေရာများကတော့ စိမ်းလန်းစိုပြေနေသည့် တောအုပ်ကြီးသာ ရှိ၏။ ပန်းခင်းများစွာရှိ၏။ ထိုနေရာတွင် သစ်ပင်နှင့်ပန်းခင်းများက သဘာဝမကျဘဲ တစ်မျိုးကြီး ဖြစ်နေ၏။ ထိုအရာများက လှပလွန်းသောကြောင့် အဆိပ်သင့်နိုင်သည့် အရာများလားပင် ထင်မှတ်ရသည်။
“ရောက်ပြီ။ ကိုယ့်ဘာကိုယ် တက်သွားတော့” ထိုလှေထိုးသားက ပြော၏။
လှေက ကျွန်းငယ်လေး၏ ဆိပ်ခံတံတားသို့ ကပ်လိုက်ပြီးနောက် ရှမ့်လန်က လှေပေါ်မှဆင်း၏။ ဤနေရာတွင် သရဲတစ္ဆေများ ရှိနေမည်လားဟုပင် ခံစားရ၏။ သို့မဟုတ် ဝူတူကျိဆိုသည်က ကြောက်မက်ဖွယ်ရာ ကောင်းသည့် မကောင်းဆိုးဝါး အမျိုးသမီးတစ်ယောက်ဟု ခံစားမိစေသည်လား။
“ဆရာဝူတူကျိ.. အရှင်ရဲ့တပည့် ရောက်လာပါပြီ” လှေထိုးသားက အော်ဟစ်လိုက်၏။
ပြီးနောက် အလယ်ရှိကျွန်းဆီသို့ လှေကို အလျင်အမြန် လှော်ခတ်သွား၏။ သေချာသည်က စေတီတောင်၏ဌာနချုပ်သို့ သွားရောက် သတင်းပေးပို့ပေတော့မည်။ အဘယ်ကြောင့်ဆိုသော် သူက ရှမ့်လန်ကို မသိသော်လည်း ရှမ့်လန်၌ အမှတ်အသား တံဆိပ်ပြားတစ်ခု ပါလာသောကြောင့်ပင်။ သူက အခြေအနေကို သတင်းပို့ရပေမည်။
ထို့ကြောင့် ရှမ့်လန်၌ အချိန်သိပ်မကျန်တော့ချေ။ သူ၏ တံဆိပ်ပြားက အတုဖြစ်၏။ စေတီတောင်တွင် ဤကိစ္စက တကယ့်ကို သေစေနိုင်လောက်သည့် ကြီးလေးသည့် ပြစ်မှုကြီးပင်။ မကြာခင်မှာပဲ စေတီတောင်မှ စစ်သည်တော်များက သူ့ကို သတ်ဖြတ်ရန် ရောက်ရှိလာပေလိမ့်မည်။ သူက အရာအားလုံးကို အချိန်တိုအတွင်း ဖြေရှင်းရပေလိမ့်မည်။ သူကသာ ဝူတူကျိ၏တပည့်ဖြစ်ခဲ့လျှင် အရာအားလုံးက ထမင်းစား၊ ရေသောက်ကဲ့သို့ လွယ်ကူသွားမှာဖြစ်ပေလိမ့်မည်။ အတုအယောင်များက အစစ်အမှန်ကဲ့သို့ ဖြစ်လာပေလိမ်မည်။
ရှမ့်လန်က လက်ရာမြောက်လွန်းသော အိမ်လေး၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။ အိမ်က လက်ရာမြောက်ပြီး အချိုးအစား အတိအကျနှင့် ညီမျှ၏။ ပန်းပုလက်ရာများပင် တူညီလျက်ရှိနေသည်။ အိမ်၏ ဟိုဘက်ဒီဘက်အစွန်းများကပင်လျှင် ပေကြိုးနှင့်တိုင်းထွာကာ လှီးဖြတ်ထားသကဲ့သို့ တူညီနေ၏။ အပြင်ဘက်ရှိ သစ်ပင်များနှင့်ပန်းခင်းများကလည်း အချိုးညီလျက်ရှိ၏။ သစ်ပင်တစ်ပင်ချင်းစီ၏ အကိုင်းအခက်များကပင်လျှင် အချိုးညီညီပေါက်ရောက်အောင် ပြုလုပ်ထား၏။
တိကျမှု စိတ္တဇချင်း နှိုင်းယှဉ်မည်ဆိုပါက နှင်းတောင်သခင်လင်းရှန်က အများကြီး ပြတ်ကျန်ခဲ့ပေလိမ့်မည်။ လင်းရှန်က တခြားသောသူများ၏ အသိအမှတ်ပြုမှုကို လိုလားတောင့်တသည်။
သို့သော်ငြား လက်ရှိ ဝူတူကျိကတော့ တကယ်ကို ဆန်းကြယ်လွန်းသည့်လူတစ်ယောက်ဖြစ်၏။ ဘေးနားတွင် လူတစ်ဦး တစ်ယောက် ရှိနေသည်ကိုပင် သည်းခံတတ်သည့်လူ မဟုတ်ချေ။ လူရှိနေသည်ဆိုလျှင် သူမက သတ်ဖြတ်ပြီး ဓာတ်မြေဩဇာအဖြစ် ပြုလုပ်မှာဖြစ်၏။ ထိုကြောင့် လှေထိုးသားက ကျွန်းငယ်လေးပေါ်သို့ ခြေတစ်လှမ်းမှ မချရဲခြင်းသာဖြစ်၏။
“ဘယ်သူလဲ” အေးစက်သည့်အသံတစ်ခုက အိမ်ထဲမှ ထွက်ပေါ်လာသည်။
“တပည့်ရှမ့်လန်က ဆရာကို ဂါရဝပြုပါတယ်။”
ရှမ့်လန်၏စကားမဆုံးသေးခင်မှာပဲ တံခါး ပွင့်သွား၏။ ရက်စက်ကြမ်းတမ်းသည့် မကောင်းဆိုးဝါးဝိညာဉ် တစ်ခုက သူ၏ရှေ့၌ ပေါ်လာ၏။ အမှန်တကယ်ပင် သရဲမတစ်ယောက်နှင့် ဆင်တူ၏။ အသား အရည်များက ဖြူလျော်လွန်းသောကြောင့် သွေးရောင်ဟူ၍ မရှိပေ။ နှုတ်ခမ်းများကလည်း ဖြူစွတ်နေ၏။ အလွန်တရာလည်း သန့်ရှင်းစင်ကြယ်၏။
သို့သော်ငြား သူမ၏ဝတ်စားဆင်ယင်မှုက တကယ်ကို ရိုးရှင်း၏။ ဆံနွယ်ရှည်များကို ဖြန့်ချထား၏။ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ လှပသော်လည်း တစ်ကိုယ်လုံး ထွင်းဖောက်မြင်နေရလုမတတ်ပင်။ ဖြူလွန်းအား ကြီးလွန်းနေ၏။ တစ်ကိုယ်လုံး၌ အေးစက်နေသည့် အငွေ့အသက်များ ထွက်ပေါ်နေ၏။ သူမက အစစ်အမှန် ဝူတူကျိပင်။ ထိပ်တန်းသိုင်းပညာရှင်အမျိုးသမီး။ သိပ္ပံပညာရှင် ဖြစ်သည်။
သူမ၏သိုင်းပညာ မည်မျှတော်သနည်း။ မသိပေ။ သို့သော်ငြား သူမက နတ်သမီး ရွှယ်ရင်ထက်တော့ သာလွန်ပေလိမ့်မည်။ သူမက ပြိုင်ဘက်ကင်း သိုင်းပညာရှင်စစ်စစ်ပင်။ အရာအားလုံးကို စည်းစနစ်ကျကျ ပြုလုပ်တတ်သည့် စိတ်ရောဂါသည်တစ်ဦးလည်း ဖြစ်၏။
“မင်းက ဟိုရှမ့်လန်ဆိုတဲ့ ကောင်လား။ စာထဲမှာ ငါ့ကို စနောက်ခဲ့တဲ့ ကောင်လေးလား။ ပြီးတော့ ငါ့ကို ပုံတူပန်းချီကားပေးခဲ့တဲ့ ရှမ့်လန်ဆိုတာ မင်းလား” ထိုသရဲမက မေးလိုက်သည်။
ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်။ တပည့်ပါပဲ။ ဆရာ... တပည့်က မိုင်ပေါင်းထောင်ချီ ခရီးနင်ပြီး ဆရာကို လာတွေ့တာပါ။ အခု သေရင်တောင် မျက်စိပိတ်ပြီး သေနိုင်ပါပြီ”
ဝူတူကျိက အိမ်ထဲသို့ လျှပ်တပြက် ဝင်သွား၏။ ပြီးနောက် ပြန်ထွက်လာခဲ့၏။ သူမ၏လက်ထဲတွင် အလွန်ထက်မြသည့် ဓားနှစ်ချောင်းကို ကိုင်ဆောင်ထားခဲ့သည်။
‘သူက ငါ့ကို သင်းကွပ်ပစ်တော့မှာလား။’
ရှမ့်လန်က ပြောလိုက်၏။ “ဆရာ.. တပည့်က ဆရာအတွက် သတင်းကောင်းတစ်ခုကို ယူလာပါတယ်။ စေတီတောင်အနေနဲ့ ကောင်းကင်ပင်လယ်နန်းဆောင်ကို အနိုင်ယူနိုင်မယ့် အခွင့်အရေး ရောက်ရှိလာပါပြီ။ ရှေးဟောင်းအမွေအနှစ်တစ်ခုကို ဆရာတို့ ရှာမတွေ့ခဲ့ဘူးလား။ ဒါက တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေးပါပဲ။ ကမ္ဘာဦးက အပျက်အစီးကို ပိုင်ဆိုင်နိုင်တဲ့သူဟာ အနိုင်ရသူဖြစ်မှာပါ။ တပည့်ဆီမှာ အဲဒီ သော့ချက်ချတဲ့ သဲလွန်စကို ဖြေရှင်းပေးနိုင်မယ့် အလွန်အရေးကြီးတဲ့ သော့ချက်တစ်ခုရှိနေပါတယ်”
ဤအရာက လိမ်ညာခြင်းမဟုတ်ချေ။ ဤသဘာဝလွန် အင်အားစုအားလုံးက ရှေးဟောင်းအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုများကို လိုက်လံစုစည်းလျက်ရှိနေ၏။ ထိုအရာကို ပိုင်ဆိုင်သည့်သူက ဖီးနစ်ငှက် ပြန်လည်မွေးဖွားလာသကဲ့သို့ပင် အဆင့်မြင့်တက်သွားပေလိမ့်မည်။ တခြားသော သူများကို အဝေးကြီးတွင် ချန်ထားရမှာဖြစ်သည်။
ထို့ကြောင့် သဘာဝလွန်အင်အားစုများက ရှေးဟောင်းအမွေအနှစ်များအတွက် မြင်မြင်သာသာ တစ်မျိုး၊ တိတ်တဆိတ် တစ်ဖုံ တိုက်ခိုက်နေကြခြင်းပင်။ ရှေးဟောင်းအမွေအနှစ်များက ကောင်းကင်ပင်လယ် နန်းဆောင်နှင့် စေတီတောင်တို့၏ အသက်သွေးကြောဖြစ်၏။ ထို့ကြောင့် ရှမ့်လန်က စေတီတောင်သို့ မလာခင် အခြေအနေတစ်ခုကို စမ်းသပ်ရန် ကောင်းကင်ပင်လယ်နန်းဆောင်သို့ ခရီးတစ်ခေါက် သွားခဲ့ခြင်းဖြစ်၏။
ဤကဲ့သို့ ကြီးမားသည့် အပေးအယူတစ်ခုကို ဝူတူကျိ၏ရှေ့သို့ ပစ်ချလိုက်၏။ စေတီတောင် အနေနှင့် စိတ်မဝင်စားဘဲ နေမည်ကို သူ မပူပန်ချေ။ ထိပ်တန်း သိပ္ပံပညာရှင်ကဲ့သို့သော ဝူတူကျိက စိတ်မလှုပ်ရှားဘဲ နေမည် မဟုတ်ချေ။
သို့သော်ငြား သူ စီစဉ်ထားသည်နှင့် အရာအားလုံးက ကွဲပြားနေပုံပေါ်၏။ ထိပ်တန်းပညာရှင်က ရှမ့်လန်အား မီးဝင်းဝင်း တောက်နေသည့် မျက်လုံးများနှင့်ကြည့်၏။ သူမက ဟတ်စကီးခွေးကြီးတစ်ကောင် အရုပ်တစ်ခုကို တွေ့လိုက်သကဲ့သို့ပင်။ အရာအားလုံးကို ကိုက်ဖြတ်ပြီး ဆွဲဖြုတ်ပေတော့မည်။
“မင်းလာတာ အတော်ပဲ။ ငါ့ရဲ့စမ်းသပ်မှုက အရေးကြီးတဲ့ အဆင့်ကို ရောက်နေပြီ။ အစမ်းသပ်ခံ သတ္တဝါတွေက သေကုန်ပြီ။ အခု လူသားတစ်ယောက်ကို စမ်းသပ်ဖို့ အချိန်ကျတာနဲ့ မင်းလာတာနဲ့ ကွက်တိပဲ။ မပူနဲ့။ မြန်လိမ့်မယ်။ နာရီဝက်အတွင်း အကောင်တွေဟာ မင်းရဲ့တစ်ကိုယ်လုံးကို ဝါးမျိုပြီးတော့ ပြည်တည်နာတွေ ဖြစ်လိမ့်မယ်။”
ပြီးနောက် ရှမ့်လန်က ဝူတူကျိ၏ ဆွဲခေါ်ခြင်းကို ခံရပြီး အခန်းထဲသို့ရောက်၏။ တစ်စက္ကန့်အကြာမှာပဲ သူကကုတင်ပေါ်တွင် ကြိုးတုတ်ခြင်း ခံရ၏။ ရင်ဘတ်၏နှလုံးသားနေရာ၌လည်း အပေါက်ငယ်တစ်ခုကို ဖောက်ခံရ၏။ ကြောက်မက်ဖွယ်ရာ အစိမ်းရောင်အရည်များပါသည့် ပိုက်တစ်ခုကို ရှမ့်လန်နှလုံးသားထဲကို တိုက်ရိုက်ထိုးသွင်း၏။
ထိုပိုက်ထဲတွင် ပါဝင်နေသည့်အရာက ရှမ့်လန် မြင်ဖူးခဲ့သမျှသော ကူပိုးကောင်းများထက် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းသည်။
ဤအချိန်မှာတော့ ကုဋေနှင့်ချီသည့် ကူပိုးကောင်များက သူ့နှလုံးသားထဲသို့ ဝင်ရောက်သွားခဲ့သည်။ သို့ပေမည့် ခဏချင်းမှာပဲ ရှမ့်လန်၏မျက်လုံးများက တောက်ပလာခဲ့၏။ သူ၏ ခန္ဓာကိုယ်ရှိ သွေးအားလုံးက ချက်ချင်း ဆိုသလိုပဲ ဆူပွက်လာခဲ့၏။
အပိုင်း (၆၁၂)
ထိုသို့ဆိုလျှင် လက်ရှိရှေ့တွင် ဖြစ်ပျက်နေသည့် မြင်ကွင်းက ရှမ့်လန်၏ အစီအစဉ်ထဲ၌ ပါဝင်နေသည်လား။ အမှန်အတိုင်း ဝန်ခံရမည်ဆိုရင်တော့ ဟုတ်ပေ၏။ ရှမ့်လန်က စေတီတောင်ကို မလာမီတည်းက အစီအစဉ် အမျိုးမျိုးကို တွေးတောပြင်ဆင် ကြံဆခဲ့သည်။
နှစ်တစ်ထောင်သင်္ချာပုစ္ဆာက ရှေးဟောင်း အမွေအနှစ်ကို ဖွင့်လှစ်နိုင်မည့် သော့ချက်တစ်ခု ဖြစ်နေသည်လား။ အကယ်၍ ဟုတ်ခဲ့မည်ဆိုလျှင် စေတီတောင်အတွက် အလွန်ကြီးမားသည့် ဆွဲဆောင်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။ သို့သော်ငြား ဝူတူကျိကို ဆွဲဆောင်နိုင်သောအရာမှာ သူ့ရဲ့ ခန္ဓာကိုယ်သာ ဖြစ်လိမ့်မည်ဟု ရှမ့်လန်က ခံစားမိ၏။
သေချာပေ၏။ သူက ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီး ဝူတူကျိ၏ ကုတင်ပေါ်သို့ တက်အိပ်ရခြင်းမျိုး မဟုတ်ပေ။ သူ့၏ ခန္ဓာကိုယ်၏ ထူးခြားသည့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုကြောင့် ဖြစ်သည်။
ယခင်က ပြောခဲ့ဖူးသည့်အတိုင်းပင်။ ရှမ့်လန်က မူလန်ကို လောကတွင် နံပါတ်တစ် သိုင်းပညာရှင် တစ်ယောက် ဖြစ်လာစေမည်ဟု ကတိပေးခဲ့၏။ ထိုအချိန်မှစ၍ သူက စမ်းသပ်မှုပေါင်းများစွာကို မရပ်မနား ပြုလုပ်ခဲ့၏။ သို့သော်ငြား အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့၏။
ထိုသို့ဆိုရင် သူက အဘယ်ကြောင့် သူ၏သွေးကို အသုံးပြုပြီး စမ်းသပ်မှု မပြုလုပ်ခဲ့ရသနည်း။ သေချာပေါက် လုပ်ခဲ့၏။ တစ်ကြိမ်မကပင် ပိုမိုကာ လုပ်ခဲ့၏။ သို့သော်ငြား သူက မိမိ၏အသက်ကို တန်ဖိုးထားသူ တစ်ယောက် ဖြစ်သောကြောင့် ကူပိုးကောင်များကို မိမိ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထည့်သွင်းရန် မည်သည့်အခါကမှ မစဉ်းစားရဲချေ။
အကယ်၍ သေသွားလျှင် မည်သို့လုပ်မည်နည်း။ မသေဘူးဆိုလျှင်တောင်မှ ဘေးထွက်ဆိုးကျိုးအနေနှင့် မျိုးဆက် ပြတ်သွားခြင်းမျိုး ဖြစ်လာလျှင် ဒုက္ခရောက်ပေလိမ့်မည်။ ထို့ကြောင့် ရှမ့်လန်က သူ၏ သွေးနမူနာကို အသုံးပြု၍ စမ်းသပ်ခြင်းသာ ပြုလုပ်ခဲ့၏။
ရလဒ်ကလည်း အလွန်ပင် ထူးဆန်းနေခဲ့၏။ စေတီတောင်၏ ကူပိုးကောင်များက မည်မျှ စွမ်းအားကြီးမား လိုက်သနည်း။ သို့သော်ငြား ရှမ့်လန်က သွေးနမူနာကို ထိုးသွင်းလိုက်သည်နှင့် ကူပိုးကောင် အားလုံး သေဆုံးကုန်ကြ၏။ ထိုအခြင်းအရာက ရှမ့်လန်အား အံ့အားသင့်ခဲ့၏။ သူ၏သွေးက ဤမျှလောက်ပင် အဆိပ်ပြင်းသည်လား။
သူက အကြိမ်ကြိမ် စမ်းသပ်ခဲ့၏။ ရလဒ်များကလည်း အတူတူပင် ဖြစ်၏။ ပထမဦးဆုံး ကူပိုးကောင်ပဲ ဖြစ်ဖြစ်၊ ပထမမျိုးဆက်၊ ဒုတိယမျိုးဆက်၊ တတိယမျိုးဆက်... အားလုံးသော ကူပိုးကောင်များက အတူတူပင် ဖြစ်၏။ အားလုံးက ရှမ့်လန်၏သွေးနှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက် သေဆုံးသွားခဲ့ကြ၏။ ရုန်းကန်ခြင်းပင် မရှိဘဲ တစ်ခါတည်း အသံတိတ် သေဆုံးသွားခြင်း ဖြစ်၏။
ထိုစဉ်တုန်းက ရှမ့်လန်က တကယ်ပင် ကြောင်အအ ဖြစ်ခဲ့၏။ ဘာဖြစ်သနည်းဆိုသည်ကို သိရှိရန် သွေးရည်ကြည်ကို ခွဲထုတ်ပြီး စမ်းသပ်ကြည့်ခဲ့သေးသည်။ အဖြေရှာမတွေ့ခဲ့ချေ။
သူ၏သွေးကို တိရစ္ဆာန်ငယ်များ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်း စမ်းသပ်ကြည့်၏။ နောက်ဆုံး ဘာမှ ဖြစ်မလာခဲ့ပေ။ ထိုတိရစ္ဆာန်လေးများက အသက်ရှင်လျက် ခုန်ပေါက်ပြေးလွှားနေကြဆဲပင်။
ထို့သို့ဆိုလျှင် ဘာတွေဖြစ်သနည်း။
ရှမ့်လန်က သူ၏သွေးကို အကြိမ်ရေ တစ်ရာကျော် စမ်းသပ်ခဲ့ပြီး ဖြစ်၏။ နောက်ဆုံးတွင် သူ လက်လျှော့လိုက်၏။ အဘယ်ကြောင့်ဆိုသော် ရလဒ်က အမြဲတမ်း အတူတူပင် ဖြစ်နေသောကြောင့်။ သူ၏သွေးက စေတီတောင်၏ ကူပိုးကောင်များအတွက် အလွန် ကြောက်မက်ဖွယ်ကောင်းသည့် အဆိပ်အတောက် ဖြစ်ပုံပေါ်၏။
ဝူတူကျိအကြောင်းကို သူ နားလည်ထားသလောက်ဆိုရင် ဤ အရူးမကြီးက သူ့ကို ဖမ်းဆီး သတ်ဖြတ်ပြီး မြေဩဇာအဖြစ် လုပ်ပစ်မည်သာ ဖြစ်၏။ သို့ပေမည့် မဖြစ်နိုင်သေးချေ။ သူမက ဤကဲ့သို့သော သက်ရှိ စမ်းသပ်ပစ္စည်းတစ်ခုကို ဖြုန်းတီးရန် ဝန်လေးပေလိမ့်မည်။ အမှိုက်ကို ပြန်လည်အသုံးပြုရမည် ။ စမ်းသပ်မှု တစ်ခုခုအတွက် အသုံးပြုပေလိမ့်မည်။
ထို့အပြင် စေတီတောင်၏ စမ်းသပ်မှုများက အခြေခံအားဖြင့် ကူပိုးကောင်များနှင့် သက်ဆိုင်နေ၏။ ရှမ့်လန်၏ သွေးကလည်း စေတီတောင်ရှိ ကူပိုးကောင် မှန်သမျှကို သတ်ဖြတ်နိုင်စွမ်း ရှိ၏။ ထို့ကြောင့် ရှမ့်လန်က ရောက်ရှိလာခဲ့ခြင်းပင်။
ယခု ဖြစ်ပျက်ခဲ့ရသည့် မြင်ကွင်းက ထိတ်လန့်ဖွယ်ရာကောင်းသော်လည်း အရာအားလုံးက အစီအစဉ်အတိုင်း ဖြစ်ပျက်နေသည်ဟု ဆိုရပေမည်။ သို့ပေမည့် တကယ်တမ်း ထိတ်လန့်စရာပင်။ ထို့အပြင် ရှမ့်လန်က ယခင်က သူ၏သွေးကိုသာ ထုတ်ယူ စမ်းသပ်ခဲ့ဖူး၏။ သူ၏ ခန္ဓာကိုယ်ထဲသို့ ကူပိုးကောင် ထိုးသွင်းခြင်းကို တစ်ခါမှ မလုပ်ခဲ့ချေ။ ယခုအချိန်မှာတော့ သူက ဤအောင်မြင်မှု မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီ ဖြစ်၏။
...................
စောဏတုန်းက ရှမ့်လန်၏ ခန္ဓာကိုယ်ထဲသို့ ကူပိုးကောင် ဘယ်နှစ်ကောင် ဝင်ရောက်သွားသလဲ။ သန်းချီလား။ ကုဋေချီ၍လား။ အတိုချုပ်ပြောရမည်ဆိုလျှင် ရေတွက်၍ မရနိုင်လောက်အောင်ပင်။
“ဒါတွေက ငါကိုယ်တိုင် ပျိုးထောင်ထားခဲ့တဲ့ မူလဇီဝပိုးသစ်တွေပဲ။ ဒါတွေက အသက်ပေါင်း ရာချီကို ဝါးမျိုခဲ့ပြီးပြီ။ ပြီးတော့ အမြဲတမ်း ဆင့်ကဲ ပြောင်းလဲနေတာ။ နောက်နှစ်အနည်းငယ်အတွင်း ငါက အထူးမူလဇီဝပိုးတွေကို မွေးမြူနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အဲကျရင် စေတီတောင်မှာ ရှိနေတဲ့ မူလဇီဝပိုးထက် အများကြီး သာလွန်သွားလိမ့်မယ်။”
“မူလဇီဝပိုး ဟုတ်လား”
စေတီတောင်၏ ခေါ်ဝေါ်မှုအရ ထိုအရာက ကူပိုးကောင် မဟုတ်ဘဲ မူလဇီဝပိုးဟု ခေါ်သည်။ ထို့အပြင် ဤကောင်များက အသက်ပေါင်း ရာချီကို ဝါးမျိုခဲ့ပြီးပြီတဲ့လား။
“အများဆုံးကြာရင် လက်ဖက်ရည်အိုးတစ်အိုး တည်ချိန်ရဲ့ တစ်ဝက်လောက်ပဲ ကြာလိမ့်မယ်။ သူတို့က အရမ်းကို ဆွဲဆောင်မှုရှိတဲ့ သတ္တဝါလေးတွေ။ မင်းရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားတာနဲ့ သူတို့က အထူး စွမ်းအင်တွေကို ထုတ်လွှတ်ပြီး မင်းရဲ့ ခန္ဓာကိုယ်ကို အရည်အဖြစ် လုံးဝ ပြောင်းလဲလိုက်လိမ့်မယ်။ ပြီးတော့ အသားစ တစ်စမကျန် ဝါးမျိုပစ်လိမ့်မယ်။ အင်း... မစားခင် အရင်ဆုံး အစာချေဖျက်လိုက်တာမျိုးပေါ့။
ဒီအဆင့်မြင့် မူလဇီဝပိုးတွေက ပုံတူပွားနိုင်တဲ့ စွမ်းရည် မြင့်မားတယ်။ သက်ရှိတစ်ခုခုကို ဝါးမျိုပြီးတာနဲ့ အဲဒီ သက်ရှိဆီက အကောင်းဆုံး စွမ်းရည်ကို ရွေးချယ်ပြီး ပုံတူကူးပြီး ထုတ်လွှင့်နိုင်တယ်။ သက်ရှိတွေကို များများဝါးမျိုလေ၊ သူတို့ဆီမှာ အထူးစွမ်းအင်တွေ ပိုပြီးများပြားပြီး ပိုပြီး စွမ်းအားကြီးလာလေပဲ။ မင်းနာမည်က ရှမ့်လန် ဟုတ်လား။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးခြားပြောင်မြောက်ဆုံး စွမ်းအင်တွေက ဘာတွေလဲ။ မင်းရဲ့ ပေးဆပ်မှုက ငါရဲ့ အထူးမူလဇီဝပိုးတွေအတွက် ဘာတွေ ယူဆောင်လာပေးမှာလဲ”
သိပ္ပံပညာရှင် အရူးမကြီး ဝူတူကျိ၏ အသံက ရူးသွပ်နေသကဲ့သို့ပင် ထင်ရ၏။ သူမက ရှမ့်လန်ကို သေချာ စူးစိုက်ကြည့်၏။ ဤလူသား၏ ထူးခြားပြောင်မြောက်ဆုံး အရာက ဘာဖြစ်သလဲ။ ရုပ်ချောသည်လား။ ဟုတ်ပေ၏။ ရုပ်ချောခြင်းအပြင် ပို၍ ဉာဏ်ကောင်းခြင်း၊ ကောက်ကျစ်ခြင်းမျိုးလည်း ပါဝင်နိုင်၏။ သို့သော်ငြား အထူးမူလ ဇီဝပိုးအတွက်တော့ ပြောပလောက်သည့် အရာမဟုတ်ဘဲ ဗိုက်ဖြည့်စရာ အစာတစ်နပ် သက်သက်သာ ဖြစ်ကောင်းဖြစ်နိုင်၏။
....................
ရေတွက်၍မရနိုင်သော အဆင့်မြင့်မူလဇီဝပိုးများက သူ၏သွေးကြောထဲသို့ တိုးဝင်လာခဲ့၏။ တစ်ခဏ အတွင်းမှာပဲ ရှမ့်လန်၏သွေးများက ဆူပွက်လာ၏။ ဤသည်မှာ တင်စားပြောနေခြင်း မဟုတ်ချေ။ လက်တွေ့တွင် အမှန်တကယ် ဆူပွက်လာခြင်းသာ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ရှမ့်လန်၏ခန္ဓာကိုယ်တစ်ခုလုံးက ပေါက်ကွဲတော့မည်လား ခံစားမိ၏။ မျက်လုံးထဲမှ အလင်းရောင်များက ပုံမှန်ထက် တောက်ပလာ၏။ နောက်ဆုံးမှာတော့ သူ၏ မျက်လုံးသူငယ်အိမ်များက ကျွတ်ထွက်လုမတတ်ပင် ပြူးထွက်လာ၏။
ဤအဆင့်မြင့် အထူးမူလဇီဝပိုးများက ယခင် အကောင်များနှင့် မတူညီကြချေ။ ယခင်က မူလဇီဝပိုးများက ရှမ့်လန်၏ သွေးထဲသို့ရောက်သည်နှင့် အသံတိတ် သေဆုံးသွား၏။ ယခုမှာမူ ကြီးမားလွန်းသည့် ရုန်းရင်းဆန်ခတ် ဖြစ်မှုကြီး ဖြစ်ပေါ်နေသည်။
ဝူတူကျိက မျက်လုံးများ ပြူးကျယ်လျက် ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်ရှုနေ၏။ “လှလိုက်တာ။ ဒီမြင်ကွင်းက သိပ်လှတာပဲ။”
စမ်းသပ်မှု တော်တော်များများတွင် ထိုကဲ့သို့သော မြင်ကွင်းမျိုး ရှိ၏။ ထိုအရာက အထူးမူလဇီဝပိုး၏ စွမ်းအင် ထုတ်လုပ်မှုပင် ဖြစ်၏။ သူတို့က သက်ရှိပုံသဏ္ဌာန်ကို အရင်ဆုံးအရည်ဖျော်ပြီးမှ ဝါးမျိုပစ်ကြခြင်းပင်။ နောက်တစ်ဆင့် သူမ၏ရှေ့တွင် ရှိနေသည့် မျက်နှာချောချောလေး၏ ခန္ဓာကိုယ်က သွေးအိုင်ကြီးကဲ့သို့ ပြောင်းလဲသွားပေလိမ့်မည်။
နောက်ဆုံးမှာတော့ အဆင့်မြင့်မူလဇီဝပိုးတွေ၏ စားသောက်ပွဲအချိန်က ကျရောက်လာခဲ့ပြီ ဖြစ်၏။ သူတို့က အကုန်လုံး ပြောင်စင်အောင် စားနိုင်မှာ မဟုတ်ချေ။ အနှစ်သာရရှိသော အစိတ်အပိုင်းများကိုသာ ရွေးချယ်ပြီး ဝါးမျိုပေလိမ့်မည်။ ပြီးလျှင် လုံးဝရပ်တန့်သွားပြီး ခေတ္တခဏ အိပ်စက်ခြင်း အခြေအနေဆီသို့ ရောက်ရှိသွားပေလိမ့်မည်။ နောက်တစ်ချိန် ပြန်လည် နိုးထလာသည့် အချိန်တွင် အဆင့်မြင့်တက်လာပြီး ထပ်မံ အသွင်ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်၏။
ဖြစ်နိုင်ချေအားလုံးက သူ့ တွေးတားထားသည့် အရာများအတိုင်းသာ ဖြစ်၏။ ဤအထူး မူလဇီဝပိုးက အစောပိုင်းတွင် အဆင့်တက်တာ မြန်၏။ နောက်ပိုင်းတွင် အဆင့်တက်ဖို့နှင့် အသွင်ပြောင်းဖို့ပင် အခက်အခဲတွေ များပြားလာခဲ့၏။ သက်ရှိ ၁၀ ကောင်ကျော်ကို ဝါးမျိုလျှင်တောင်မှ မည်သည့် အသွင်ပြောင်းမှုမှ မရှိခြင်းမျိုးလည်း ဖြစ်နိုင်သည်။
သို့သော်ငြား ဝူတူကျိက ရှမ့်လန်တစ်ယောက် အရည်အိုင်ကြီးအဖြစ်သို့ ပြောင်းလဲသွားမည့် အချိန်ကို စောင့်ဆိုင်းနေတုန်းမှာပဲ အရာအားလုံးက တိတ်ဆိတ်လျက် ရှိနေ၏။
ရှမ့်လန်၏ မျက်လုံးထဲမှ အလင်းရောင်များက ပျောက်ကွယ်သွား၏။ သွေးများ ဆူပွက်နေသည့် မြင်ကွင်းကလည်း ပျောက်ကွယ်သွား၏။ ထိုအချိန်၌ ရှမ့်လန်က ဘေးအန္တရာယ် ကင်းရှင်းစွာ ရှိနေ၏။ ဘာမှ ပြောင်းလဲမသွားခဲ့ချေ။
ဝူတူကျိက ကြောင်အသွားခဲ့လေ၏။ ဘာတွေ ဖြစ်နေသနည်း။ သူမ၏ အဆင့်မြင့်မူလဇီဝပိုးက မည်သည့်နေရာသို့ ရောက်သွားသနည်း။ သူမက ရှေ့သို့ တိုးသွားပြီး ရှမ့်လန်၏ ရင်ဘတ်မှ ဒဏ်ရာကို ဆွဲခွာ၏။ သူမက ရှမ့်လန်၏ ရင်ဘတ်ပေါ်သို့ နားကပ်ပြီး နှလုံးခုန်သံကို နားထောင်ကြည့်၏။ အရာအားလုံးက ပုံမှန်ပင် ဖြစ်၏။ ရှမ့်လန်က ဘာမှ မဖြစ်သလို နေနေသည်။
ဝူတူကျိက ဓားတစ်ချောင်းကို ထုတ်ယူပြီး ရှမ့်လန်၏ သွေးကြောတစ်ခုကို ဓားဖြင့် မွှန်း၏။ သွေးများက ပိုက်တစ်ခုထဲသို့ စီးဝင်သွား၏။ ပြီးနောက် သူမက သွေးကို ကျွမ်းကျင်စွာ ခွဲခြမ်း၏။ ခွဲခြမ်းပြီးနောက် သူမက သွေးကို အထူးအရည်တစ်ခုထဲသို့ ထိုးသွင်းလိုက်ပြန်၏။ အထူးအလင်းရောင်တစ်မျိုးဖြင့် ထိုးစိုက်ကာ ကြည့်ရှု၏။
ထိတ်လန့်စရာ တွေ့ရှိလိုက်ရသည်မှာ အဆင့်မြင့် မူလဇီဝပိုးများ အားလုံး ပျောက်ကွယ်သွားခဲ့ခြင်းပင်။ အကုန် သေဆုံးသွားကြသည်။
ဆက်လက်၍ ဝူတူကျိက ရှမ့်လန်၏ ခန္ဓာကိုယ်ပေါ်မှ သွေးကြောပေါင်း ၁၀ ခုကျော်ကို ခွဲစိတ်၍ နေရာအနှံ့အပြားမှ သွေးများကို ထုတ်ယူ၏။ ရလဒ်က အတူတူပင် ဖြစ်၏။ အထူးမူလဇီဝပိုးများ မရှိတော့ချေ။
ထိုသွေးထဲတွင် အထူးမူလဇီဝပိုးများ မရှိပေတော့ဘူးလား။ တခြားအရည်တွေထဲမှာရော ... သို့သော်ငြား နောက်ဆုံး မည်သည့်နေရာတွင်မှ မရှိတော့ချေ။
ပြီးနောက် ဝူတူကျိက ရှမ့်လန်၏ ခန္ဓာကိုယ်မှ သွေးနမူနာအမျိုးမျိုးကို ဆက်လက်ထုတ်ယူ၍ စမ်းသပ်မှု အမျိုးမျိုးကို ပြုလုပ်ကြည့်သည်။ သို့ပေမည့် သူမ ဘာမှ ရှာမတွေ့ခဲ့ချေ။
ထိုအချိန်မှာတော့ ဝူတူကျိက တွေဝေငေးငိုင်နေမိ၏။ သူမ ဘာဆက်လုပ်သင့်သနည်း။ သူမက ဤအထူး မူလဇီဝပိုးကို ငါးနှစ်ကျော်အောင် မွေးဖွားခဲ့ရခြင်း ဖြစ်၏။ မရေတွက်နိုင်သည့် ကျရှုံးမှုများကို ကျော်ဖြတ်ပြီးမှ မွေးမြူနိုင်ခဲ့ခြင်း ဖြစ်၏။ ယခု အားလုံး မရှိတော့ပေ။ အကုန်လုံး သေဆုံးကြပြီဖြစ်၏။ အသက်ရှင်နေစဉ်မှာ ပိုးကောင်များကို မမြင်ရသလို သေသွားချိန်မှာလည်း အလောင်းကို မမြင်ရပေ။
ဝူတူကျိက ရှမ့်လန်၏ တစ်ကိုယ်လုံးကို ရှာဖွေခဲ့၏။ အရည်အမျိုးမျိုးကို စမ်းသပ်ခဲ့သော်လည်း မူလဇီဝပိုးများကို ရှာမတွေ့ခဲ့ချေ။
ဤမျက်နှာချောလေး၏ ပိုင်ရှင်က မည်သူဖြစ်သနည်း။ သွေးများက အဘယ်ကြောင့် ဤမျှ အဆိပ်ပြင်းနေရသနည်း။ အဆင့်မြင့်မူလဇီဝပိုးကိုတောင် အဆိပ်ပြေစေနိုင်၏။ သူမ ဘာဆက်လုပ် သင့်သနည်း။
ဤမျက်နှာချောချောနှင့် ကောင်လေးကို သတ်ဖြတ်ပစ်လိုက်ရမလား။ အဆင့်မြင့်မူလဇီဝပိုးများ အတွက် လက်စားချေပေးရတော့မလား။ သို့မဟုတ် ထိုသူ့ကို ဆက်လက်က ကျွေးမွေးထားရမလား။
“ဆရာ” ခဏကြာချိန်မှာတော့ ရှမ့်လန်က နိုးထလာခဲ့၏။ သူက အိပ်မက်မက်သကဲ့သို့ပင် ခံစားနေ၏။ ချော်ရည်ပူထဲသို့ ပြုတ်ကျပြီး အရည်ပျော်သွားသကဲ့သို့ပင်။ သူ၏သွေးများလည်း ဆူပွက်ခဲ့၏။ သို့သော်ငြား မျက်လုံးဖွင့်ပြီး နိုးလာသည့်အချိန်မှာတော့ ဘာမှ မဖြစ်ခဲ့သလိုပင်။ ဖြစ်စဉ်က မတူညီသော်လည်း ရလဒ်ကတော့ အတူတူပင် ဖြစ်၏။ ရှမ့်လန်၏သွေးများက အရင်အတိုင်း အဆိပ်ပြင်းနေဆဲပင်။ သူက ကုဋေနှင့်ချီသည့် အဆင့်မြင့်ကူပိုးကောင်များကို အဆိပ်သင့် သေဆုံးနိုင်၏။
…………
ဝူတူကျိက စဉ်းစားခန်း ဝင်လို့နေ၏။ သူမ ဘာဆက်လုပ်သင့်သနည်း။ အဆင့်မြင့် ပိုးကောင်များကို သုတေသန ဆက်လုပ်ရမည်လား။ သို့မဟုတ် သုတေသနအသစ် တစ်ခုခုကို ပြောင်းလဲပြုလုပ်ရမည်လား။ သေချာပေ၏။ သူမ၌ အထူးဇီဝပိုး အပိုအချို့ ရှိနေသည်။
သို့သော်ငြား သူမ၏ရှေ့မှ ဤလူသားက ပိုမို၍ စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခု ဖြစ်နေ၏။ တစ်ဖက်လူ၏ သွေးက အဆင့်မြင့်ကူပိုးကောင်များကိုပင် အဆိပ်သင့် သေဆုံးနေခဲ့၏။ ထိုအရာက ဦးတည်ချက်အသစ် တစ်ခုကို ကိုယ်စားပြုနေသလိုပင်။
“ဆရာ” ရှမ့်လန်က ထပ်မံကာ ခေါ်လိုက်၏။
ဝူတူကျိက ရုတ်တရက် သတိဝင်သွားသည်။
ရှမ့်လန်က ပြောလိုက်၏။ “ဆရာ.. ကျုပ်ကို ဘာလုပ်လိုက်တာလဲ”
ဝူတူကျိက ပြောလိုက်သည်။ “သွေး၊ အရည်နဲ့ တခြား နမူနာတွေကို ပြန်ယူလိုက်တာပဲ”
“ဪ”
ရှမ့်လန်က ခေါင်းလှည့် ြည့်လိုက်ရာ ဘေးပတ်လည်တွင် ပုလင်းပေါင်း ၁၀ ခုကျော် ရှိနေပြီး အတွင်း၌ အရည်နမူနာ အမျိုးမျိုး တည်ရှိနေ၏။ ထိုအရာအားလုံးက သူ့၏ ခန္ဓာကိုယ်ထဲမှာ ထုတ်ယူထားခြင်း ဖြစ်ပေမည်။
“မဖြစ်နိုင်ဘူး။ ငါ့ရဲ့ ဆီးကြိတ်က အရည်တွေတောင် ပါနေပါလား”
..............
“မင်းနာမည်က ရှမ့်လန်နော်” ဝူတူကျိက သူ့ကို ရူးသွပ်နေသည့် အကြည့်ဖြင့် ကြည့်၏။
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။
ဝူတူကျိက ပြောလိုက်၏။ “မင်း ငါ့တပည့် ဖြစ်ချင်တာမလား”
ရှမ့်လန်က ပြောလိုက်သည်။ “ဆရာ... ကျုပ်ကို ကြိုးဖြေပြီး အဝတ်အစားတွေ ပြန်ဝတ်ပေးပါအုံး။ ဒါမှ ဆရာကို ဂါရဝပြုလို့ ရမှာပေါ့”
ဝူတူကျိက ခေါင်းညိတ်၏။ ပြီးနောက် ကြိုးများကို ဖြေပေးလိုက်၏။
ရှမ့်လန်က အဝတ်အစားကို လဲဝတ်၏။ ဝူတူကျိက လက်လှမ်းလိုက်ပြီး ရှမ့်လန်၏ မျက်နှာ၊ ရင်ဘတ်၊ အရိုးနှင့် တစ်ကိုယ်လုံးကို လိုက်လံ စမ်းသပ်ကြည့်၏။ ဤ ခံစားချက်က အလွန်ပဲ ထူးဆန်းလို့ နေသည်။
“ရှမ့်လန်... ဒီနေ့ကစပြီး မင်းက ငါရဲ့ တပည့်ပဲ”
ဝူတူကျိက ဆက်ပြောလိုက်၏။ “ငါရဲ့ တစ်ဦးတည်းသော တပည့်၊ ငါရဲ့ နောက်ဆုံး တပည့်ပဲ”
“အောင်မြင်ပြီ”
ဤသို့ဖြင့် အောင်မြင်သွားခဲ့ပြီလား။ သို့ပေမည့် သူက အသိပညာကို အားမကိုးဘဲ ခန္ဓာကိုယ်ကို အားကိုးလိုက်ရ၏။ ရှမ့်လန်က ဗဟုသုတနှင့် ဉာဏ်ပညာများစွာကို ပြင်ဆင်လာခဲ့သော်လည်း ဘာတစ်ခုမှ ထုတ်မသုံးလိုက်ရဘဲ ကုတင်ပေါ်မှာ လှဲနေရင်း အောင်မြင်သွားခဲ့သည်။ ဟာသပင်။
ရှမ့်လန်က ပြောလိုက်၏။ “တပည့်က ဆရာကို ဂါရဝပြုပါတယ်။ ဆရာ... တပည့်အတွက် တွေ့ဆုံခြင်း လက်ဆောင်လေးများ မရှိဘူးလား”
“အင်း... တော်တော် အတောင်းပက်စက်ပါလား”
ဝူတူကျိက မေးသည်။ “မင်း ဘာလိုချင်လို့လဲ”
ရှမ့်လန်က ပြန်မေးလိုက်၏။ “ဆရာ့ဆီမှာ သွေးကျမ်းစာ ရှိလား”
“ရှိတယ်” ဝူတူကျိက ဖြေသည်။
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ကို ငှားဖတ်ခိုင်းလို့ ရမလား”
ဝူတူကျိက ငြင်းလိုက်သည်။ “မရဘူး”
ရှမ့်လန်က ပြန်မေးလိုက်၏။ “ဘာလို့လဲ”
ဝူတူကျိက ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ သွေးကျမ်းစာဟာ အရမ်းကို အရေးကြီးတဲ့ ရှေးဟောင်းကျမ်းစာ တစ်ခု မို့လို့ပဲ။ ဒါကို စေတီတောင်ရဲ့ ဗဟိုစာကြည့်တိုက်ထဲမှာ သိမ်းဆည်းထားတာ။ အကြီးအကဲတွေပဲ ဖတ်လို့ရတယ်။”
ဝူတူကျိက ရှမ့်လန်၏ ပခုံးကို ကိုင်ကာ ပြောလိုက်၏။ “ထိုင်စမ်း။ မျက်လုံးကို ဖွင့်ထား”
ရှမ့်လန်က မျက်လုံးကို ပြူးကျယ်ထားလိုက်၏။ ဝူတူကျိက မှန်ကိုရွှေ့ပြီး အပြင်ဘက်မှ အလင်းရောင်ကို ရှမ့်လန်၏ မျက်လုံးထဲသို့ ရောင်ပြန်ဟပ်စေ၏။ မည်သည့် ပြောင်းလဲမှုမှ မရှိချေ။ အလွန်လှပနေသည်က လွဲ၍ ယခင်အတိုင်းပင် ဖြစ်သည်။
ပြီးနောက် ဝူတူကျိက ရှမ့်လန်၏ သွေးခုန်နှုန်းကို စမ်းသပ်၏။ သူမက သူ၏ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကိုပင် တိုင်းတာလိုက်သေး၏။ သူမက သွေးပေါင်ချိန်တိုင်းနည်းကိုပင် သိနေလေ၏။ ဤလောကကြီးတွင် သွေးပေါင်ချိန်ဆိုတာ ရှိသည်လား။ သို့နှင့် ဝူတူကျိက ရှမ့်လန်၏ တစ်ကိုယ်လုံးကို စစ်ဆေးမှု ပြုလုပ်၏။ အဖြေကတော့ ဘာမှ ဖြစ်မလာခဲ့ချေ။
ရှမ့်လန်က မေးမြန်းလိုက်၏။ “ဆရာ... အဲဒီ အဆင့်မြင့်ဇီဝပိုးကောင်တွေ ဘယ်ရောက်သွားလဲ သိချင်နေတာလား”
ဝူတူကျိက ခေါင်းညိတ်လိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “သူတို့ အကုန်လုံး သေကုန်လောက်ပြီ”