အခန်း (၆၁၃-၆၁၄)
Vol. 40 Ch. 613-614
အပိုင်း (၆၁၃)
ဝူတူကျိက ပြန်ပြော၏။ “ငါ အသေကောင်တွေကို မတွေ့ဘူး။”
ရှမ့်လန်က ပြန်မေးသည်။ “ဆရာ့ဆီမှာ တခြား အဆင့်မြင့်ဇီဝပိုးကောင်တွေ ကျန်နေသေးလား။”
ဝူတူကျိက ခေါင်းညိတ်၏။ ပြီးနောက် သူမက မြေအောက်ခန်းထဲသို့ ဝင်သွားပြီး အဆင့်မြင့်ပိုးကောင်အချို့ကို ယူလာ၏။ ဤအချိန်မှာတော့ ပမာဏ အများကြီး နည်းသွား၏။ ၀.၁ မီလီမီတာခန့်သာလျှင် ရှိ၏။ ထို့အပြင် ထိုအရာကို သွေးရည်ကြည်နှင့်တူသော အထူး အာဟာရအရည်တစ်ခုထဲတွင် သိမ်းဆည်းထားခြင်း ဖြစ်၏။
ရှမ့်လန်က ကိရိယာတစ်ခုကို ထုတ်ယူပြီး သူ၏ သွေးကြောထဲမှ သွေးဆယ်မီလီမီတာခန့်ကို စုပ်ယူသည်။ “ဆရာ.. ဒီ အဆင့်မြင့်ပိုးကောင်ကို ကျုပ်ရဲ့သွေးထဲကို ထိုးထည့်လိုက်ပါ။”
ဝူတူကျိက ခဏမျှ တွေးဝေသွား၏။ ပြီးနောက် ၀.၁ မီလီမီတာရှိသည့် အဆင့်မြင့်ပိုးကောင်များကို ရှမ့်လန်၏သွေးထဲသို့ ထိုးသွင်းလိုက်၏။ ချက်ချင်းပဲ ပြင်းထန်စွာ ဆူပွက်လာ၏။ စက္ကန့်အနည်းငယ် ကြာမှာတော့ ဤအဆင့်မြင့် ပိုးကောင်အားလုံး သေဆုံးသွားခဲ့၏။
ဝူတူကျိက နောက်တစ်ကြိမ် ကြောင်အသွားခဲ့၏။ ပြီးနောက် သူမက ရှမ့်လန်၏သွေးကို သေချာ စစ်ဆေးကြည့်ရှု၏။ အဆင့်မြင့်ပိုးကောင်အားလုံး သေဆုံးသွားခဲ့ပြီး ဖြစ်၏။ အထူးနည်းလမ်းဖြင့် ကြည့်ရှုပါက အသေကောင်များကို မြင်တွေ့နေရ၏။ ဝူတူကျိက ရှမ့်လန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်၏။ မည်ကဲ့သို့သော သွေးမျိုးအစားနည်း။ အဘယ်ကြောင့် ဤမျှ အဆိပ်ပြင်းနေရသနည်း။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ကိုယ့်ရဲ့သွေးကိုသုံးပြီး စမ်းသပ်မှုပေါင်း ၁၀၀ ကျော် လုပ်ခဲ့ဖူးပြီ။ ရလဒ်က အကုန်လုံး အတူတူပဲ။ ဒါတွေက ကျုပ်ရဲ့ စမ်းသပ်မှု မှတ်တမ်းတွေပဲ။”
ရှမ့်လန်က ထူထဲလွန်းသည့် စမ်းသပ်မှု မှတ်တမ်းစာအုပ်ကြီးကို ဝူတူကျိရှေ့တွင် တင်ပေးလိုက်၏။
ဝူတူကျိက မည်သို့မှ မနေနိုင်တော့ဘဲ ကောက်ယူလိုက်၏။ ပြီးနောက် သူမက ဆက်လက်ဖတ်ရှု၏။ တစ်ဝက်လောက် ရောက်သည့်အချိန်မှာတော့ သူမဘက်က ရှမ့်လန်ကို မကြည့်ဘဲ မနေနိုင်တော့ချေ။ သူမနှင့် ဝါသနာတူသည့် လူတစ်ယောက် ရှိနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ထို့အပြင် သွေးမျိုးအစားနှင့် ပတ်သက်သည့် ရှမ့်လန်၏ သုတေသနက ဤမျှ နက်ရှိုင်းလို့နေသည်။
ရှမ့်လန်က ပြောလိုက်၏။ “ဆရာ.... ဆရာရဲ့ မှတ်တမ်း စမ်းသပ်မှု မှတ်တမ်းတွေရော ဘယ်မှာလဲ။ ကျုပ် ဖတ်ကြည့်လို့ ရမလား။”
ဝူတူကျိက လက်ကို ဝှေ့ယမ်းပြလိုက်၏။ အနီးနားရှိ တံခါးများက အလိုလို လေထဲ၌ ပွင့်သွား၏။ ထိုအခါမှာတော့ ရှမ့်လန်က ကြောင်အသွား၏။ ဤအရာက နံရံ မဟုတ်ချေ။ အကုန်လုံးက စမ်းသပ်မှု မှတ်တမ်းတွေချည်းသာ ဖြစ်လေ၏။ ထို့အပြင် အနည်းဆုံး မှတ်တမ်းပေါင်း ထောင်နှင့်ချီရှိ၏။ အားလုံးကို အပင်၊ တိရစ္ဆာန်၊ မူလဇီဝပိုးနှင့် သွေးမျိုးဆက်ဟူ၍ အမျိုးမျိုး ခွဲခြားထားခဲ့၏။
ရှမ့်လန်က သွေးမျိုးဆက်ကဏ္ဍမှ စမ်းသပ်မှုမှတ်တမ်းတစ်ခုကို ဆွဲထုတ်လိုက်၏။ နောက်ဆုံးမှာတော့ အလွန်တရာ အသေးစိတ်လို့နေ၏။ သိပ္ပံပညာရှင် တစ်ယောက်အတွက်ဆိုလျှင် ထိုအရာက အထင်ကြီးစရာ ကောင်း၏။ စမ်းသပ်မှု လုပ်ငန်းစဉ် တစ်ခုလုံးကို ပြန်လည် ဖော်ပြထားသကဲ့သို့ပင်။ သို့သော်ငြား ရှမ့်လန်အတွက်တော့ ပါဝင်သည့် အကြောင်းအရာများက အသေးစိတ်လွန်းနေသည်။
သူ လိုချင်သည်မှာ ပညာရေးအထောက်အကူ စာအုပ်မျိုးသာ ဖြစ်၏။ အထူးပါရမီရှင် ကျောင်းသားများ၏ မှတ်စုစာအုပ်မျိုး မဟုတ်ချေ။ သူ့၌ အချိန်မရှိချေ။ အနည်းငယ် တွေဝေပြီးနောက် သူက မေးမြန်းလိုက်၏။ “ဆရာ... ကျုပ် မေးစရာ မေးခွန်းတစ်ခု ရှိပါတယ်။”
ဝူတူကျိက ရှမ့်လန်၏ စမ်းသပ်မှု မှတ်တမ်းကို အမြန်လှန်ကြည့်ရင်းက ပြော၏။ “မေးလေ။”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ရဲ့ မိန်းမ ကျင်းမူလန်က ကိုယ်ဝန်ရဖို့ အရမ်းခက်ခဲခဲ့တယ်။ ကျုပ်ရဲ့ ခန္ဓာကိုယ်က ကျန်းမာပေမယ့် ကိုယ်ဝန် မရနိုင်ဘူး ဖြစ်နေတယ်။ ကျုပ်က တော်တဲ့သမားတော် တစ်ယောက်ပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တော့ ဘာပြဿနာမှ မရှိဘူး။ သူ့ရဲ့ သားဥပြွန်တွေနဲ့ သားအိမ် အခြေအနေတွေကလည်း အားလုံး ကျန်းမာနေတယ်။”
“ခရမ်းရောင် သွေးမျိုးဆက်လား။” ဝူတူကျိက ဖြတ်မေးလိုက်သည်။
ရှမ့်လန်က ကြောင်အသွားခဲ့၏။ ဤအမျိုးသမီးက တကယ့်ကို အထူးကျွမ်းကျင် ပညာရှင်ကြီးပင် ဖြစ်၏။ ပါးစပ်ဟလိုက်သည်နှင့် အမှန်တရားကို တန်းပြောနိုင်၏။
ဝူတူကျိက ဆက်ပြောသည်။ “ခရမ်းရောင်သွေးမျိုးဆက်ဆိုတာ ဆန့်ကျင်ဘက်ဂုဏ်သတ္တိရှိတဲ့ သွေးမျိုးဆက် တစ်မျိုးပဲ။ အရမ်းကြီး စွမ်းအားမကြီးပေမယ့် အရမ်းရှားပါးတယ်။ ဒီလို သွေးမျိုးဆက် ပိုင်ရှင်တွေက တကိုယ်တော် သိုင်းပညာမှာရော၊ စစ်မြေပြင် သိုင်းပညာမှာပါ သင့်တော်တယ်။”
ဟုတ်ပေ၏။ အမှန်ပင် ဖြစ်လေသည်။
ဝူတူကျိက ပြောလိုက်၏။ “ခရမ်းရောင်သွေးမျိုးဆက် ပိုင်ရှင်တစ်ယောက် ကလေးမွေးဖွားချိန်မှာ မိခင်ရဲ့ ခန္ဓာကိုယ်က ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရတတ်တယ်။ ဒုတိယကလေး ထပ်မွေးနိုင်ရင်လည်း အရမ်းကို အန္တရာယ် များတယ်။ အဲဒီကလေးက ပုံမှန်မဟုတ်တဲ့ ကလေး ဖြစ်ဖို့ အခွင့်အရေး များတယ်”
“ဟမ်။” ရှမ့်လန်က မင်သက်သွားသည်။
သေချာလွန်းနေ၏။ သူ၏ ယောက္ခမက မူလန်ကို မွေးဖွားပြီးသည့်နောက် ကျင်းမူကုန်းကို မွေးဖွားသည့် အချိန်တွင် တကယ်ပင် အန္တရာယ်များခဲ့ပြီး အသက်အန္တရာယ်နှင့် ကြုံတွေ့ခဲ့၏။ ထို့ကြောင့် သူ၏ ယောက္ခထီးက နောက်ထပ်ကလေး ဘယ်တော့မှ မယူတော့ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ သူ၏ မိန်းမ စုဖေ့ဖေ့ကို ဘယ်တော့မှ အန္တရာယ် အဖြစ်မခံနိုင်ချေဟု ကျင်းကျိုးက ပြောခဲ့၏။
ထို့အပြင် မူလန်က တကယ့်ကို ထူးချွန်ထက်မြတ်သော်လည်း ကျင်းမူကုန်းမှာတော့ ပုံမှန် မဟုတ်ချေ။ ဉာဏ်ရည်ဉာဏ်သွေး မမီဟု မဆိုနိုင်သော်လည်း သာမန်ညောင်ည ဖြစ်လွန်းနေ၏။ သူ၏ ယောက္ခထီးနှင့် ယောက္ခမတို့၏ ကလေးနှင့်ပင် လုံးဝ မတူချေ။ နောက်ဆုံးတော့ အဖြေရှာတွေ့ခဲ့ပြီ ဖြစ်သည်။
ဝူတူကျိက ဆက်ပြောလိုက်၏။ “ခရမ်းရောင်သွေးပိုင်ရှင်တွေကို ပထမမျိုးဆက် သွေးမျိုးကွဲတွေလို့ သတ်မှတ်တယ်။ ဒါပေမယ့် အဲလို သွေးမျိုးဆက်ကို ပိုင်ဆိုင်တဲ့ အမျိုးသမီးတွေက အလွယ်တကူနဲ့ ကိုယ်ဝန် မရနိုင်ကြဘူး။ ဘာလို့လဲဆိုတော့ သွေးမျိုးဆက်ထဲမှာရှိတဲ့စွမ်းအင်တွေက သားအိမ်ထဲမှာ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီး မပေးထားနိုင်လို့ပဲ။
သန္ဓေသားလောင်းက အရမ်းကို နက်ရှိုင်းတဲ့ အဆင့်ထိ ပြုစုပျိုးထောင်ခံရဖို့ လိုအပ်တယ်။ဒါက သွေးမျိုးဆက် အသွင်ပြောင်းခြင်းရဲ့ ဇစ်မြစ်ပဲ။ ခန္ဓာကိုယ်အတွက် ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေတယ်။ ဒါပေမယ့် ခရမ်းရောင်သွေးမျိုးဆက် ပိုင်ရှင်တွေက ကိုယ်ဝန် ရသွားပြီဆိုရင်တော့ ဒုတိယမျိုးဆက် သွေးမျိုးကွဲတစ်ခုကို မွေးဖွားဖို့ လွယ်ကူသွားပြီ။”
“ဒုတိယမျိုးဆက် သွေးမျိုးကွဲ ဟုတ်လား။ အဲဒါက ရွှေရောင်သွေးမျိုးဆက်ကို ပြောတာလား။” ရှမ့်လန်က မေးမြန်းလိုက်သည်။
ဝူတူကျိက ခေါင်းခါယမ်းလိုက်၏။ “မဟုတ်ဘူး။ ရွှေရောင်သွေးမျိုးဆက်ဆိုတာ အရမ်းကို ခက်ခဲလွန်းတယ်။ ဒုတိယမျိုးဆက်သွေးမျိုးကွဲဆိုတာ ရွှေရောင်သွေးမျိုးဆက် မဟုတ်ပေမယ့် ရွှေရောင်သွေးမျိုးဆက်နဲ့ နီးစပ်တယ်။ ရွှေရောင်သွေးမျိုးဆက်ကို မမီပေမယ့် အရမ်း စွမ်းအားကြီးတဲ့ သွေးမျိုးဆက်တစ်ခု အဖြစ်တော့ ရှိနေသေးတယ်။
ရွှေရောင်သွေးမျိုးဆက်ကို မွေးမြူနိုင်ခြင်းဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက အောင်မြင်ခဲ့တယ် ဆိုပေမယ့် ဒီကိစ္စက ပျောက်ဆုံးနေခဲ့တာ ကြာပြီ။ စေတီတောင်နဲ့ ကောင်းကင်ပင်လယ်နန်းဆောင်က ရွှေရောင် သွေးမျိုးဆက် အသစ်တစ်ခုကို ဖန်တီးဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပေမယ့် ကြိုးစားမှုအားလုံးက အကုန်လုံး ကျရှုံးခဲ့ရတာပဲ။”
ရှမ့်လန်က မေးလိုက်သည်။ “ဒီလောကကြီးထဲမှာ ရွှေရောင်သွေးမျိုးဆက် ရှိနေတယ်ဆိုတာကို ဆရာ သိလား။”
ဝူတူကျိက ပြန်ဖြေ၏။ “အရူးကြီးကို ပြောတာလား။”
ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းကင်ပင်လယ်နန်းဆောင်ပဲ ဖြစ်ဖြစ်၊ စေတီတောင်ပဲ ဖြစ်ဖြစ် သူတို့ သူ့ကို မထိရဲကြသလိုပဲ။”
ဝူတူကျိက ပြောလိုက်၏။ “သူတို့က အရမ်းကို တန်ဖိုးရှိတယ်။ ငါတို့ သူတို့အတွက် အထူးအစည်းအဝေးတောင် ကျင်းပခဲ့ရတယ်။ လွတ်လပ်စွာ ကြီးထွားခွင့် ပေးထားရတယ်။ ငါတို့ ဝင်ပြီး မစွက်ဖက်ရဘူး။”
ရှမ့်လန်က သံသယ ဝင်သွားသည်။
ဝူတူကျိက ပြောလိုက်၏။ “ငါတို့က သူ့ရဲ့ ခန္ဓာကိုယ်ထဲက ရွှေရောင် သွေးမျိုးဆက် စွမ်းအင်ကို မက်မောပြီး စမ်းသပ်မှု အမျိုးမျိုး လုပ်မယ်လို့ မင်း ပြောချင်တာလား။ မင်းတွေးတာ လွန်နေပြီ။ ကောင်းကင်ပင်လယ်နန်းဆောင်ပဲ ဖြစ်ဖြစ်၊ စေတီတောင်ပဲ ဖြစ်ဖြစ် ရွှေရောင်သွေးမျိုးဆက် ရှိတဲ့ သက်ရှိလူသားကို မမွေးမြူနိုင်ဘူးဆိုပေမယ့် ရွှေရောင်သွေးမျိုးဆက် စွမ်းအင် နမူနာတွေကတော့ အများအပြား ရှိတယ်။ ကျန်းလီ သေဆုံးသွားခဲ့တုန်းက လူတိုင်းက ဗိုက်ကားအောင် စားခဲ့ကြရတာပဲ။”
သဘောပေါက်ပြီ ဖြစ်၏။ ကျန်းလီ အဖျက်ဆီးခံရပြီးနောက် တော်ဝင်ရန်အင်ပါယာနှင့် သဘာဝလွန် အဖွဲ့အစည်း အနည်းငယ်တို့က ကျန်းလီ၏ အမွေအနှစ်အားလုံးကို သိမ်းပိုက်ခဲ့၏။ ယဉ်ကျေးမှု သုတေသနတွေ အပါအဝင် ဖြစ်သည်။
ဝူတူကျိက ပြောလိုက်၏။ “ပြီးတော့ လူတော်တော်များများက အရူးကြီးဆီကနေ ပိုပြီးအရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကို မျှားခေါ်နိုင်ဖို့ မျှော်လင့်နေကြတာ။ ဒါကြောင့် သူ့ကို အချိန်ကြာကြီး မထိဘဲ ထားကြမှာပဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် မိန်းမအကြောင်း ဆက်ပြောပါအုံးမယ်။ ကျုပ် မိန်းမက စိတ်မရှည်ဘူး။ သူက ကလေးလိုချင်တယ်။ ကောင်းကင်ပင်လယ်နန်းဆောင်က သူ့ကို လနဲ့ချီပြီး ပြန်လည် ပြုစုပျိုးထောင်ဖို့ ဆိုပြီးတော့ ခေါ်ထားခဲ့တယ်။ ပြီးတော့ ကိုယ်ဝန် ရသွားတယ်။ ကလေးမွေးဖို့ အရမ်းခက်ခဲခဲ့တယ်။
နောက်ဆုံးမှာတော့ ကျုပ်က ကလေးကို အပ်နဲ့ ထိုးလိုက်မှ ကလေးက ထွက်လာတယ်။ ဒါပေမယ့် ကျုပ်ရဲ့ မိန်းမက အဲဒီနောက် အိပ်မောကျသွားတယ်။ အခု သူက ဘယ်လိုမှ မလှုပ်ရှားနိုင်ဘဲ အသိစိတ်မဲ့ပြီး အိပ်ပျော်နေခဲ့တာပဲ။”
ဝူတူကျိက မင်သက်သွား၏။ ပြီးနောက် ရှမ့်လန်၏ စမ်းသပ်မှု မှတ်တမ်းကို ဖတ်နေခြင်းအား ရပ်တန့်လိုက်၏။ “မင်းရဲ့ သားမှာ ဘယ်လို ပါရမီရှင် သွေးမျိုးဆက်မျိုး ပါလာလဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “သူ့မှာ ဘာပါရမီရှင် သွေးမျိုးဆက်မှ မပါပါဘူး။”
ဝူတူကျိက ပြောလိုက်၏။ “အဲဒါဆို ထူးဆန်းနေပြီ။ မင်း ပြောပုံအရဆိုရင် သူက ဒုတိယမျိုးဆက် သွေးမျိုးကွဲ ဖြစ်သင့်တယ်။ ဒါက အရမ်း ရှားပါးတဲ့ ပါရမီရှင် သွေးမျိုးဆက်ပဲ။ အရမ်းလည်း စွမ်းအားကြီးတယ်။ ရွှေရောင်သွေးမျိုးဆက်ပြီးရင် ဒုတိယမြောက်ပဲ။ ဒါပေမယ့် သူ့မှာ ဘာလို့ သွေးမျိုးဆက် မရှိရတာလဲ။”
ရှမ့်လန်က ပိုပြီး လန့်သွားမိ၏။ သို့ပေမည့် သူက ပိုပြီးလည်း ဒေါသထွက်၏။ ကောင်းကင်ပင်လယ် နန်းဆောင်က နောက်ကွယ်တွင် ရည်ရွယ်ချက်များ တကယ် ရှိနေခဲ့သည်။
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းကင်ပင်လယ်နန်းဆောင်က ကျုပ်ရဲ့မိန်းမနဲ့ ကလေးကို အသုံးပြုပြီး ဒုတိယ သွေးမျိုးဆက် ကလေးတစ်ယောက်ကို မွေးထုတ်ဖို့ ကြိုးစားနေခဲ့တလား”
ဝူတူကျိက ရှမ့်လန်ကို အချိန်ကြာမြင့်စွာ ကြည့်ရှု၏။ ပြီးနောက် ပြောလိုက်သည်။ “မဟုတ်ဘူး။ သူတို့ရဲ့ ပစ်မှတ်က အမှန်တကယ်တော့ မင်းပဲ။ မင်းရဲ့ မိန်းမ မဟုတ်ဘူး။”
ရှမ့်လန်က ထိတ်လန့်သွား၏။
ဝူတူကျိက ပြောလိုက်သည်။ “ခရမ်းရောင်သွေးမျိုးဆက်တွေက ပထမမျိုးဆက် သွေးမျိုးကွဲတွေပဲ ဖြစ်တယ်။ သူတို့က တစ်သောင်းမှာ တစ်ယောက်လောက်ပဲ ပါတတ်တယ်။ အရမ်း ရှားပါးတယ် ဆိုပေမယ့် ကောင်းကင်ပင်လယ် နန်းဆောင်မှာတော့ ရှားပါးတဲ့အရာမျိုး မဟုတ်ဘူး။ ကောင်းကင်ပင်လယ ်နန်းဆောင်မှာတင် မဟုတ်ဘူး။ စေတီတောင်မှာလည်း မရှားဘူး။”
အမှန်ပင် ဖြစ်၏။ ရွှဲ့ပြည်နယ်၌ လူဦးရေ သန်း၂၀ နီးပါး ရှိ၏။ တစ်သောင်းလျှင် တစ်ယောက်နှုန်းထား တွက်လျှင် အနည်းဆုံး ထောင်ချီ ရှိပေလိမ့်မည်။ ကောင်းကင်ပင်လယ်နန်းဆောင်မှာ မရှားချေ။
“ရှမ့်လန်... မင်း ငါ့ကို လိမ်ပြောခဲ့ပုံ ရတယ်။ ဒါပေမယ့် ငါ ဂရုမစိုက်ဘူး။”
ဝူတူကျိက ဆက်ပြော၏။ “အဲဒီ ကောင်းကင်ပင်လယ်နန်းဆောင်က မင်းရဲ့ ဇနီးကို အကွက်ဆင်ခဲ့တယ်။ သူတို့ရဲ့ ပစ်မှတ်က အမှန်တကယ်တော့ မင်းပဲ။ ဒါပေမဲ့ သူတို့လိုချင်တဲ့ အဖြေကို မရခဲ့ပုံပေါ်တယ်။ သူတို့က မင်းရဲ့ သားကို စစ်ဆေးဖို့ လူလွှတ်ခဲ့တယ် မဟုတ်လား။”
ရှမ့်လန်က ဖြေလိုက်သည်။ “ဟုတ်ပါတယ်။”
ဝူတူကျိက ဆက်ပြောလိုက်၏။ “မင်းရဲ့ သွေးမျိုးဆက်က တကယ့်ကို ထူးခြားတယ်။ တစ်သန်းမှာ တစ်ယောက် ရှိတဲ့ သွေးမျိုးဆက်ပဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “ဆရာ... ပြောစရာ ရှိတာ ဆက်ပြောပါအုံး။”
ဝူတူကျိက ပြောလိုက်၏။ “တစ်သန်းမှာ တစ်ယောက် ရှိတယ်ဆိုပေမယ့် အသုံးမကျဘူး။ ဗလာသွေးမျိုးဆက် ရှိတဲ့ လူတွေတောင် ပြောင်းလဲလို့ ရသေးတယ်။ မီးခိုးရောင် သွေးမျိုးဆက်ဆိုရင်တော့ စွမ်းအား အနည်းငယ် ရှိတယ်။ မင်းကျတော့ ဗလာစွမ်းအားပဲ။ ဗလာသွေးမျိုးဆက် မဟုတ်ဘူး။ ဗလာစွမ်းအားပဲ။ ပြုပြင် ပြောင်းလဲလို့လည်း မရဘူး။ မြှင့်တင်လို့လည်း မရဘူး”
သေချာသည်။ ဤသည်က ရှမ့်လန်၏ စမ်းသပ်မှု မှတ်တမ်းများကို ဖတ်ပြီး ဝူတူကျိ ရရှိလိုက်သည့် ကောက်ချက်ပင် ဖြစ်ပေလိမ့်မည်။ ဟုတ်ပေ၏။ ရှမ့်လန်ကလည်း အရင်က ဤကောက်ချက်ကို ချခဲ့ဖူး၏။ သူက သူ့သွေးမျိုးဆက်ကို ပြုပြင်ပြောင်းလဲချင်၏။ စမ်းသပ်မှုပေါင်း ရာကျော်ကို ပြုလုပ်ပြီးနောက် လုံးဝ လက်လျှော့ခဲ့ရ၏။
“ဒါပေမယ့် မင်းရဲ့ သွေးမျိုးဆက်က အထူးသဖြင့် ငါရဲ့ မူလဇီဝပိုးတွေကို သတ်ပစ်နိုင်ခဲ့တယ်။ ဒါက သိပ်ကို နက်နဲ ဆန်းကျယ်လွန်းတယ်။ ငါ အချိန်ယူပြီး လေ့လာဖို့ လိုအပ်နေတယ်။ မင်းရဲ့ သွေးမျိုးဆက်ကနေတဆင့် ငါ အောင်မြင်မှု ကြီးကြီးမားမား တစ်ခုကို ရနိုင်မလား မသိဘူး။ သွေးမျိုးဆက် ပြောင်းလဲမှုတွေတောင် ပြုလုပ်နိုင်မယ်လို့ ငါ ထင်တယ်။”
ရှမ့်လန်က သူ၏ သွေးမျိုးဆက်မှာ တစ်သန်းလျှင် တစ်ယောက်လား၊ သို့မဟုတ် ကုဋေ ၁၀၀ လျှင် တစ်ယောက်လား ဆိုသည်ကို ဂရုမစိုက်ချေ။ သူ ဂရုစိုက်သည်က မူလန်ကို ကယ်တင်နိုင်မလား ဆိုသည်ကိုသာ ဖြစ်သည်။
“ဒါဆိုရင် ကျုပ်ရဲ့ ဇနီးကို ကယ်လို့ ရနိုင်မလား။” ရှမ့်လန်က တည့်တိုးပဲ မေးမြန်းလိုက်၏။
ဝူတူကျိက ခဏလောက် တိတ်ဆိတ်သွားသည်။ “ရှမ့်လန်... မင်း စေတီတောင်ကို လာတာ မင်းရဲ့ ဇနီးကို ကယ်ဖို့ပဲ။ မင်းက သွေးကျမ်းစာကိုသုံးပြီး မင်းရဲ့ ဇနီးကို ကယ်ချင်တာလား။”
ရှမ့်လန်က ခေါင်းညိတ်လိုက်၏။
“အင်း.. တကယ့်ကို ကြည်နူးစရာကောင်းတဲ့ ချစ်ခြင်းတရားပါလား။”
ဝူတူကျိက ပြောလိုက်၏။ “ဒါဆိုရင် ဘာလို့ ငါ့ကို မြူစွယ်ပြီး ကိုယ့်ကိုယ်ကိုယ် ရောင်းစားဖို့ မစောင့်နိုင်သလိုတောင် ဖြစ်နေရတာလဲ။ အင်း ... ယောက်ျားတွေ ... ယောက်ျားတွေ။”
ဝူတူကျိက မနှစ်မြို့သလိုပဲ နှုတ်ခမ်းဆူလိုက်သည်။ “အင်း.. စိတ်အားထက်သန်လွန်းလို့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ လျှံကျ ထွက်လာတာလား။ ဒါပေမယ့် အနည်းဆုံးတော့ မင်းရဲ့ ခံစားချက်က အစစ်အမှန် ဆိုတာကို သက်သေပြလိုက်တာပဲ။ ကိုယ့်ရဲ့ မိန်းမကို ကယ်ဖို့အတွက် ကိုယ့်ရဲ့ အသက်ကိုတောင် စတေးဖို့ ဝန်မလေးခဲ့ဘူး။ မင်းက တကယ့်ကို သံယောဇဉ်ကြီးတဲ့ လူယုတ်မာလေး တစ်ယောက်ပဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ဆရာ.. ကျုပ် မိန်းမကို ကယ်လို့ ရမလား။ အချိန် သိပ်မကျန်တော့ဘူး။ အများဆုံး ၁၈ ရက်လောက်ပဲ ကျန်တော့တယ်။ ကျုပ် အမြန်ဆုံး ပြန်ပြေးရင်တောင် ၁၁ ရက်လောက် ကြာအုံးမှာ။”
ဝူတူကျိက အချိန်တော်ကြာ တိတ်ဆိတ်သွား၏။ ပြီးမှ ပြောလိုက်၏။ “ငါ့အမေက ပထမမျိုးဆက် သွေးမျိုးကွဲပဲ။ ငါက ဒုတိယမျိုးဆက် သွေးမျိုးကွဲပဲ။”
ရှမ့်လန်က အံ့အားသင့်သွား၏။ ဝူတူကျိ၏ သွေးမျိုးဆက် ပါရမီက ဤမျှပင် မြင့်မားနေသည်လား။ “ငါ့ရဲ့ ခန္ဓာကိုယ်က ထူးဆန်းတယ်လို့ မင်း ထင်လား။”
ရှမ့်လန်က ဖြေသည်။ “မထင်ပါဘူး။ ဆရာက လှပါတယ်။”
ဝူတူကျိက ပြောလိုက်၏။ “အမှန်အတိုင်း ပြောစမ်းပါ”
“ထူးဆန်းပါတယ်။”
ရှမ့်လန်က ဝန်ခံလိုက်သည်။ “ဆရာရဲ့ အသားအရေက ဖြူလွန်းလို့ လူသားတစ်ယောက် နဲ့တောင် မတူဘူး။ တစ်ဖက်ကို ထွင်းဖောက်မြင်ရတော့မလို ဖြစ်နေပြီ။ ပြီးတော့ ခန္ဓာကိုယ် အပူချိန်ကလည်း အရမ်းနိမ့်တယ်။ ဆရာရဲ့ ခန္ဓာကိုယ်က သာမန်လူထက် အပူချိန် တစ်ဒီဂရီ အနည်းငယ်လောက် လျော့နည်းနေတယ်။”
ဝူတူကျိက ပြောလိုက်၏။ “ငါ့ ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေကိုတော့ မင်းကို ပြလို့ မရဘူး။ ဒါပေမယ့် ငါက သာမန်မိန်းမတစ်ယောက် မဟုတ်ဘူး။ ငါက ဓမ္မတာ မလာဘူး။ ငါရဲ့ နာမည်ပြောင်က တကယ့်... ကျောက်စုန်းမ။”
ဤနာမည်က အမှန်ပင် ဖြစ်နေသည်လား။
ဝူတူကျိက ဆက်ပြောသည်။ “ငါရဲ့ သွေးမျိုးဆက် ပါရမီက အရမ်းမြင့်မားတယ်။ ဒါပေမယ့် ငါက တိုက်ခိုက်နေရတာကို မကြိုက်ဘူး။ ငါက ကဏ္ဏစုံမှာ သုတေသန ပြုလုပ်ရတာကိုပဲ ကြိုက်တယ်။ နောက်ဆုံးတော့ ငါ သိုင်းမကျင့်ရင်တောင်မှ ငါ့ရဲ့ သိုင်းပညာက ကောင်းနေတုန်းပဲ”
“သေစမ်း။ နောက်တစ်ယောက် လာပြန်ပြီ။” နှိုင်းယှဉ်ရမည်ကပင် မုန်းစရာ ကောင်းလှ၏။
ဝူတူကျိက ပြောလိုက်၏။ “ငါရဲ့ အဖေက စေတီတောင်ရဲ့ အကြီးအကဲ တစ်ယောက်ပဲ။ ဒါကြောင့် တချို့ ကိစ္စရပ်တွေမှာ သူက မင်းထက် သာလွန်တယ်။ ငါရဲ့ အမေက ငါ့ကို မွေးပြီးတဲ့နောက်မှာ အိပ်မောကျသွား ခဲ့တယ်။ ငါ့ရဲ့အဖေကတော့ အမေ အသက်ရှင်ဖို့အတွက် သုံးနှစ်လုံးလုံး နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့တယ်။ အမေက လုံးဝ သတိလစ် မေ့မြောနေခဲ့တယ်။ နောက်ဆုံးမှာတော့ ထွက်ခွာသွားခဲ့တာပဲ။”
အပိုင်း (၆၁၄)
ဤ သတင်းအချက်အလက်က သူ့ကို မျှော်လင့်ချက်မဲ့သွားစေ၏။ ဝူတူကျိ၏ မိခင်က မူလန်ကဲ့သို့ အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ စေတီတောင်၏ စွမ်းအားနှင့်ပင် သူမကို မကယ်တင်နိုင်ခဲ့ချေ။
ရှမ့်လန်က ပြော၏။ “ကျုပ်ရဲ့ သားအခြေအနေက အရာအားလုံး ပုံမှန်ပါပဲ။ သူက ဆရာနဲ့ မတူဘူး။”
ဝူတူကျိက ပြောလိုက်သည်။ “အဲဒါကြောင့်ပဲ ထူးဆန်းနေတာပေါ့။ ဒါပေမယ့် မင်း မိန်းမရဲ့ အခြေအနေက ငါ့အမေ ဖြစ်ခဲ့တာနဲ့ ထပ်တူကျနေတယ်။ စေတီတောင် အကြီးအကဲဖြစ်တဲ့ ငါ့အဖေတောင်မှ မတတ်နိုင်ခဲ့ဘူး။”
အဓိပ္ပာယ်က ရှင်းလေ၏။ ဝူတူကျိ၏ ဖခင်က ထိုစဉ်က သူ၏ မိခင်ကို မကယ်တင်နိုင်ခဲ့ချေ။ ယခုအခါမှာတော့ ရှမ့်လန်အနေနှင့် ကျင်းမူလန်ကို ကယ်တင်ရန် ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
ရှမ့်လန်က ရင်ထဲမှာ မွန်းကျပ်သွားသလို ခံစားမိ၏။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီးသည့်နောက် အက်ကွဲသည့် အသံဖြင့် ပြောလိုက်၏။ “ဆရာ... ကျုပ် သွေးကျမ်းစာကို ငှားချင်ပါတယ်။”
သူက ဘယ်တော့မှ လက်လျှော့မည် မဟုတ်ချေ။ သူ့၌ ဉာဏ်ရည် ထက်မြက်လွန်းသည့် ဦးနှောက်ရှိ၏။ အမိ ကမ္ဘာမြေမှ နှစ်ပေါင်းထောင်ချီသည့် သိပ္ပံပညာ၊ ယဉ်ကျေးမှု အမွေအနှစ်များ ရှိ၏။ စေတီတောင် အကြီးအကဲများ မပြုလုပ်နိုင်သည့် အရာကို သူ လုပ်နိုင်ကောင်း လုပ်နိုင်၏။
ဝူတူကျိက ရှမ့်လန်ကို ကြည့်လိုက်သည်။ “မင်းက သွေးကျမ်းစာကို လေ့လာပြီး မင်းရဲ့ မိန်းမကို ကယ်ဖို့ နည်းလမ်း ရှာချင်တာလား။”
ရှမ့်လန်က ခေါင်းညိတ်လိုက်၏။
ဝူတူကျိက ပြောလိုက်သည်။ “မင်း သွေးကျမ်းစာကို ဖတ်စရာ မလိုတော့ဘူး။ ငါ မင်းကို တိုက်ရိုက် ပြောပြမယ်။ ဒီ အခြေအနေကို သွေးကျမ်းစာ ပထမတွဲ၊ စာမျက်နှာ ၃၂၅ မှာ မှတ်တမ်းတင် ထားတယ်။ အဲဒါကို ဒုတိယသွေးမျိုးကွဲရဲ့ မျိုးပွားခြင်း အကျိုးဆက်များလို့ ခေါ်တယ်။”
ရှမ့်လန်က မေးလိုက်၏။ “ဖြေရှင်းနည်း လုံးဝ မရှိဘူးလား။”
ဝူတူကျိက ပြောလိုက်သည်။ “ရှိတယ်။ မင်းက တော်တဲ့သမားတော်တစ်ယောက်ဆိုတော့ ငါ ပြောတာကို နားလည်မှာပါ။”
ရှမ့်လန်က ပြောလိုက်၏။ “ပြောပါ။”
ဝူတူကျိက ပြောလိုက်သည်။ “မင်း ဇနီးရဲ့ သွေးမျိုးဆက် စွမ်းအင်က လုံးဝ ငြိမ်သက်ပြီး အိပ်စက်နေပြီ။ အဲဒါက လိုအပ်မှုကို ပြနေတဲ့ အခြေအနေပဲ။”
ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်။ ကျုပ် သူ့ရဲ့သွေးကို စမ်းသပ် စစ်ဆေးကြည့်ပြီး အထူး အလင်းရောင် အောက်မှာ ကြည့်လိုက်တဲ့အခါ သူ့ရဲ့ သွေးမျိုးဆက် စွမ်းအင်က အရမ်းကို မှိန်ဖျော့နေတာ တွေ့ရတယ်။ သေခါနီး ပိုးစုန်းကြူးလေးလိုပဲ။ ဘာအလင်းရောင်ကိုမှ မထုတ်လွှတ်နိုင်တော့ဘူး။”
ဝူတူကျိက ပြောလိုက်သည်။ “ဇစ်မြစ်က ရိုးတွင်းခြင်ဆီထဲမှာ ရှိနေတာ။ သွေးထဲမှာ မဟုတ်ဘူး။ ရိုးတွင်းခြင်ဆီက သွေးမျိုးဆက်ရဲ့ မူလအဆီအမြစ်ပဲ။”
သေချာပေါက် ရှမ့်လန် ထိုအရာကို နားလည်၏။ လူသားတစ်ယောက်၏ သွေးထဲရှိ သွေးဆဲလ် အမျိုးမျိုးက အသည်း၊ ရိုးတွင်းခြင်ဆီနဲ့ သိုင်းမက်တို့၏ ရှေးပြေးဆဲလ်များထံမှ မြစ်ဖျားခံလာခြင်းပင်။ ထိုအရာက လူသားသွေး ထုတ်လုပ်မှု၏ အခြေခံ သဘောတရားပင်။
ဝူတူကျိက ပြောလိုက်၏။ “ကျင်းမူလန်ရဲ့ ရိုးတွင်းခြင်ဆီထဲက သွေးမျိုးဆက်စွမ်းအင် ထုတ်လုပ်နိုင်တဲ့ စွမ်းရည်က ဆုံးရှုံးသွားပြီ။ ဒါကြောင့် သူ့ရဲ့ သွေးမျိုးဆက် စွမ်းအင်က အမြဲတမ်း ကုန်ဆုံးနေပေမယ့် အသစ် ထပ်မံ မထုတ်လုပ်နိုင်တော့တာပေါ့။”
ဤအချိန်မှာတော့ ရှမ့်လန်က လုံးဝ နားလည်သွားခဲ့ပြီ ဖြစ်၏။ ပြဿနာ၏ အရင်းအမြစ်ကို သိရှိသွားသည်။
ဝူတူကျိက ဆက်ပြော၏။ “ရှေးဟောင်းမှတ်တမ်းတွေအရ လူသားတွေက သူတို့ရဲ့ မိန်းမတွေကို ကယ်တင်ဖို့ ကြိုးပမ်း အားထုတ်ခဲ့ကြတယ်။ နှစ်ရာပေါင်းများစွာ ကြာပြီးတဲ့နောက် သူတို့က အဲဒီ ပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ်။ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေလို့ ခေါ်တဲ့ ဆေးရည်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။”
“ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေ ဟုတ်လား။” ရှမ့်လန်က မေးလိုက်သည်။
“ဟုတ်တယ်။”
ဝူတူကျိက ပြန်ပြော၏။ “ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေပဲ။ အဲဒါကို ရိုးတွင်းခြင်ဆီထဲကို ထိုးသွင်းလိုက်ရင် အချိန်ကြာမြင့်စွာ အိပ်စက်နေတဲ့ လူနာကို ဒုတိယအကြိမ် သွေးမျိုးဆက် ပြောင်းလဲမှု ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်တယ်။ အဲဒီ နည်းလမ်းနဲ့ သူက ပြန်လည် နိုးထလာမယ့်အပြင် သူ့ရဲ့ သွေးမျိုးဆက်စွမ်းအင်ကလည်း ကြီးမားတဲ့ အသွင်ပြောင်းလဲမှု၊ အဆင့်မြှင့်တင်မှု ဖြစ်လိမ့်မယ်။ သူက ဒုတိယ သွေးမျိုးဆက်ကွဲ သန္ဓေပြောင်းအဖြစ် ဖြစ်လာလိမ့်မယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒီ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေကို ဘယ်လို ဖန်တီးရမလဲ”
ဝူတူကျိက ပြောလိုက်၏။ “ရှမ့်လန်.. ငါတို့ တူးဖော်ရရှိထားခဲ့တဲ့ ရှေးဟောင်းစာအုပ်တွေက မပြည့်စုံဘူး။ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေကို ဘယ်လို ဖန်တီးရမလဲ ဆိုတာနဲ့ ပတ်သက်တဲ့ စာအုပ် ငါတို့ဆီမှာ မရှိဘူး။ ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က အသင့်လုပ်ပြီးသား အမတေကို တူးဖော်ရှာဖွေဖို့ပဲ။ ဒါကြောင့် ငါ့ရဲ့ အဖေက လောကအနှံ့ကို အရူးအမူး ရှာဖွေ စုံစမ်းခဲ့တာပဲ။ ရှေးဟောင်းအမွေအနှစ် တစ်ခုခုကို ရှာတွေ့ပြီး အမတေတစ်ပုလင်းလောက် ရနိုင်မလား ဆိုပြီးတော့။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူ ကျရှုံးခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။”
ရှမ့်လန်က ထိတ်လန့်သွားသည်။ “ရှေးဟောင်းအမွေအနှစ်တွေထဲမှာလား။ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေ ရှိနေတာလား။”
ဝူတူကျိက ပြောလိုက်၏။ “အတိအကျ အရေအတွက်ကိုတော့ ငါ မပြောနိုင်ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီ အတွေ့အကြုံအရ ရှေးဟောင်းအမွေအနှစ်နေရာ ခုနစ်ခုမှာ ပျမ်းမျှအားဖြင့် အမတေတစ်ခု ပါလာတတ်တယ်။ ဘာလို့လဲဆိုတော့ ရှေးဟောင်းအမွေအနှစ် နေရာတွေမှာ အဂ္ဂိရတ်အခန်း တစ်ခုခု ပါလေ့ ရှိလို့ပဲ။ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေဆိုတာ ရှေးဟောင်း သတ္တုဗေဒ ပညာရှင်တွေရဲ့ အရမ်း အဆင့်မြင့်တဲ့ လက်ရာတစ်ခုပဲ ဖြစ်တယ်။ အရေးကြီးဆုံးကတော့ နှစ်ပေါင်းများစွာ မရေတွက်နိုင်အောင် ကြာမြင့်နေပြီ ဆိုရင်တောင်မှ အာနိသင် မပျက်ဘဲ ရှိနေတာပဲ။”
ရှမ့်လန်က စိတ်လှုပ်ရှားသွားသည်။ အခွင့်အခါသင့်သလေလား။ သို့မဟုတ် ကံတရားပေလား။ သူက မေးမြန်းလိုက်သည်။ “ကောင်းကင်ပင်လယ်နန်းဆောင်က ရှေးဟောင်းအမွေအနှစ် နေရာတစ်ခုရဲ့ ခြေရာလက်ရာတွေ ကို မကြာသေးခင်က ရှာဖွေထားတယ် မဟုတ်လား။”
ဝူတူကျိက ပြောလိုက်၏။ “ဟုတ်တယ်။ ကောင်းကင်ပင်လယ်နန်းဆောင်က အရင်ဆုံး ရှာဖွေခဲ့တာ။ အဲဒီနောက်မှာတော့ စေတီတောင်။ ပြီးတော့ ရှန့်ကုန်း ဘုရားကျောင်း၊ ကောင်းကင်ကွပ်မျက်စံအိမ်နဲ့ တခြား အင်အားစုတွေက တစ်ခုပြီး တစ်ခု ရှာဖွေခဲ့ကြတယ်။”
ရှမ့်လန်က မေးမြန်းလိုက်သည်။ “အဲဒီ ရှေးဟောင်းအမွေအနှစ် နေရာတွေရော ဖွင့်ပြီးသွားပြီလား။”
ဝူတူကျိက ဖြေ၏။ “မဖွင့်ရသေးဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “ဝင်ပေါက်ကို ရှာမတွေ့တာလား။”
ဝူတူကျိက ပြောလိုက်၏။ “ဝင်ပေါက်ကို တွေ့ပေမယ့် ဖွင့်လို့ မရတာ။”
ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းကင်ပင်လယ်နန်းဆောင်က ထုတ်ပြန်ထားတဲ့ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ သင်္ချာပုစ္ဆာလေ။ အဲဒါက ရှေးဟောင်းအမွေအနှစ် ဝင်ပေါက်နဲ့ သက်ဆိုင်နေရတာလား”
ဝူတူကျိက ပြောလိုက်၏။ “ဖြစ်နိုင်တယ်။ ဒါပေမယ့် ငါက အဲဒါတွေကို သိပ်ဂရုမစိုက်ဘူး။ တောင်သခင် ကိုယ်တိုင် စေတီတောင်တပည့်တွေကို ဦးဆောင်ပြီး အဲဒီနေရာကို သွားနေတယ်။ သူက အဲဒီကိစ္စတွေကို အရမ်း အာရုံစိုက်တယ်။”
ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဆရာ... အဲဒီ ရှေးဟောင်းအမွေအနှစ်က စေတီတောင်အတွက် အရမ်း အရေးကြီးလို့လား။”
ဝူတူကျိက ပြောလိုက်၏။ “သေချာတာပေါ့။ ရှေးဟောင်းအမွေအနှစ်တစ်ခု ပွင့်လာတိုင်း တော်လှန်ရေးတစ်ရပ် ဖြစ်လာနိုင်တယ်။ သဘာဝလွန် အင်အားစု တစ်ခုစီအတွက် ရှေးဟောင်းအမွေအနှစ် ရှာဖွေတွေ့ရှိမှုကို နှစ်ကြိမ် ၊ သုံးကြိမ်လောက် လွဲချော်သွားပြီ ဆိုတာနဲ့ သူတို့ရဲ့ ကျဆုံးခန်းက မဝေးတော့ဘူးလို့ အဓိပ္ပာယ် ပေါ်တယ်။”
ရှမ့်လန်က မေးမြန်းလိုက်သည် “ဒါဆိုရင် စေတီတောင်ကကော။”
ဝူတူကျိက အနည်းငယ် တွေဝေသွား၏။ ပြီးနောက် ပြောလိုက်၏။ “ငါတို့ နှစ်ကြိမ် လွဲချော်ခဲ့ပြီးပြီ။ ဒီတစ်ခါတော့ ဘယ်နည်းနဲ့မှ အလွဲခံလို့ မဖြစ်တော့ဘူး။”
မှန်ပေ၏။ စေတီတောင်က ရှေးဟောင်းအမွေအနှစ်ကို နှစ်ကြိမ်တိုင်တိုင် လွဲချော်ခဲ့ပြီး ဖြစ်၏။ သို့သော်ငြား အင်ပါယာကျန်းလီ ကျဆုံးပြီးနောက် စေတီတောင်က အမြတ်အစွန်းများစွာ ရရှိခဲ့သောကြောင့် တောင့်ခံနိုင်ခဲ့ခြင်းပင်။
တော်ဝင်ကပ်ဘေးဘုရားကျောင်းက နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဦးဆုံး ကျရှုံးသွားခဲ့သည့် သဘာဝလွန် အင်အားစုကြီးတစ်ခု ဖြစ်သည်။
ရှမ့်လန်က မေးမြန်းလိုက်၏။ “အဲဒီ ရှေးဟောင်းအမွေအနှစ်က ဘယ်မှာလဲ။”
ဝူတူကျိက ဖြေသည်။ “တောင်ပင်လယ်။”
ရှမ့်လန်က မေးမြန်းလိုက်၏။ “ကောင်းကင်ပင်လယ်နန်းဆောင်နဲ့ နီးတာလား”
“မဝေးဘူး။”
ရှမ့်လန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဆရာ... အဲဒီ ရှေးဟောင်းအမွေအနှစ်ကို ဘယ်လို ဖွင့်ရမလဲဆိုတာ ကျုပ် သိကောင်းသိလိမ့်မယ်။ ကောင်းကင်ပင်လယ်နန်းဆောင်က ထုတ်ပြန်ထားတဲ့ အဲဒီ နှစ်ထောင်ချီတဲ့ ပုစ္ဆာကို ကျုပ် ဖြေရှင်းနိုင်လောက်တယ်။”
အမှန်တကယ်ပင် ထိုအရာ နှစ်ထောင်ချီ သင်္ချာပုစ္ဆာ ဖြစ်၏။ ခေတ်သစ် ကမ္ဘာမှာပင်လျှင် ထိုအရာက အဓိက သင်္ချာပုစ္ဆာကြီး သုံးခုထဲက တစ်ခုအဖြစ် လူသိများပေလိမ့်မည်။ ကမ္ဘာတစ်ဝန်းလုံးရှိ သင်္ချာပညာရှင် များနှင့် သိပ္ပံပညာရှင်များက ထိုအရာကို ဖြေရှင်းရန် နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးရပေလိမ့်မည်။
“ဆရာ... စေတီတောင်ကိုယ်စား ကျုပ် အဲဒီ ပုစ္ဆာကို ဖြေရှင်းပြီး ရှေးဟောင်းအမွေအနှစ် ဝင်ပေါက်ကို ဖွင့်ပေးနိုင်တယ်။ အဲဒီအခါကျရင် စေတီတောင်က ရှေးဟောင်းအမွေအနှစ်ကို ပိုင်ဆိုင်မယ်။ ဒါက နှစ် ၁၀၀ မှာ တစ်ကြိမ် ရနိုင်တဲ့ အခွင့်အရေးပဲ။ စေတီတောင်အနေနဲ့ ကောင်းကင်ပင်လယ်နန်းဆောင်ကို အနိုင်ယူနိုင်မယ့် အခွင့်အရေးပဲ”
စေတီတောင်က ရှေးဟောင်းအမွေအနှစ်ကို နှစ်ကြိမ် လွဲချော်ခဲ့ပြီးပြီဖြစ်၏။ အကယ်၍ တတိယအကြိမ် ထပ်မံ လွဲချော်ပြီဆိုပါက အခြေအနေ ပိုမိုကာ ဆိုး၏။ နောက်ထပ် ရှေးဟောင်းအမွေအနှစ်ကို ဘယ်တော့မှ ထပ်မံ တွေ့ရှိနိုင်တော့မည်ဆိုသည်ကို သူတို့ မသိနိုင်ပေ။
အကယ်၍ ကောင်းကင်ပင်လယ်နန်းဆောင်ကသာ ရှေးဟောင်းအမွေအနှစ်ကို ထပ်မံ ဖွင့်လှစ်နိုင်ခဲ့သည် ဆိုပါက စေတီတောင်၏ ကျရှုံးနိုင်ချေက အလွန်ပင် မြင့်တက်လာပေလိမ့်မည်။ ရှေးဟောင်းအမွေအနှစ်များက စေတီတောင်အတွက် မဟာဗျူဟာအရ အလွန်ပင် အရေးကြီးသည့် အရာမျိုးပင် ဖြစ်၏။
“ဆရာ.. ကျုပ် လိုချင်တာ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေ ဆိုတာပဲ။”
ရှမ့်လန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ “ကျုပ်ကို စေတီတောင်သခင်ဆီ အခု ချက်ချင်း ခေါ်သွားပေးပါ။ ကျုပ်တို့ ရှေးဟောင်း အမွေအနှစ် ဝင်ပေါက်ကို ဖွင့်ပြီး ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချကြတာပေါ့။ ဆရာ... ကျုပ်တို့ မြန်မြန် လုပ်မှရမယ်။ ကျုပ်မှာ အချိန် မရှိတော့ဘူး။”
ဝူတူကျိက ရှမ့်လန်ကို ကြည့်၏။ ပြီးနောက် ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ ငါ မင်းကို အဲဒီနေရာကို ခေါ်သွားပေးမယ်”
.............
“ဆရာ... နတ်မိမယ် ရွှယ်ရင်နဲ့ ဆရာကြီး ကျုံးချူးကဲ့တို့က ဘယ်ကို ရောက်နေလဲဆိုတာ မေးပါရစေ”
ဝူတူကျိက ဖြေလိုက်၏။ “အဲဒီနှစ်ယောက်လုံး စေတီတောင်ကို ရောက်လာခဲ့ဖူးတယ်ဆိုတာကို ငါ သိတယ်။ ဒါပေမဲ့ သူတို့ အခု ဘယ်နေရာမှာ ရှိနေလဲဆိုတာတော့ မသိဘူး။ အဲဒါ ငါ့ကိစ္စမှ မဟုတ်တာ။”
ရှမ့်လန်က သူမကို ယုံကြည်၏။ ဝူတူကျိက သိပ္ပံပညာကိုသာ စွဲစွဲလမ်းလမ်း နှစ်ခြိုက်သော သူတစ်ယောက် ဖြစ်လေ၏။ သူမက တစ်ရက်လျှင် ၂၄ နာရီလုံးလုံး ဓာတ်ခွဲခန်းထဲတွင်သာ အချိန်ကုန်သူဖြစ်၏။ သူမအနေနှင့် အခြားသောသူများ၏ ကိစ္စရပ်များကို ဂရုစိုက်နေရန် အချိန်မရှိသည်မှာ သေချာသည်။
ဝူတူကျိက ရှမ့်လန်အား ခေါ်ဆောင်၍ စေတီတောင်၏ အလယ်ကျွန်းဆီသို့ သွားရန် ပြင်၏။ သို့ပေမည့် သူမ၏ ခြေလှမ်းက အနည်းငယ် လှမ်းပြီးသည်နှင့် ရပ်တန့်သွား၏။ တစ်စုံတစ်ယောက် လာနေ၏။ ထင်ထားသည့်အတိုင်းပင် အပြင်ဘက်မှ အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာ၏။
“အကြီးအကဲ ဝူတူကျိ.. ရှမ့်လန် အသက်ရှင်နေသေးရဲ့လား။” မေးခွန်းက တည့်တိုးဆန်လှချေသည်။
ဝူတူကျိက အပြင်ဘက်သို့ ထွက်လာ၏။ ကျွန်းငယ်လေး၏ ဆိပ်ခံတံတားတွင် လှေတစ်စင်း ကျောက်ချ ရပ်နားထားခဲ့ပြီး လှေပေါ်တွင် လူငါးယောက် မတ်တပ်ရပ်လျက်ရှိ၏။ တစ်ယောက်က ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ကျန်လေးယောက်က ဝတ်စုံနက်များကို ဝတ်ဆင်ထား၏။
“စစ်ဆေးရေးမှူး လော့။”
ဝူတူကျိက မေးလိုက်သည်။ “ဘာကိစ္စရှိလို့လဲ။”
ထိုလူငါးယောက်လုံးက ခြေထောက်ကို အသာပင် မြှောက်လိုက်သည်နှင့် တပြိုင်နက် သူတို့၏ ခန္ဓာကိုယ်က လေးညှို့မှ လွှတ်လိုက်သည့် မြားတံများကဲ့သို့ပင် ပျံသန်းပြီး ကျွန်းငယ်လေးပေါ်သို့ ကျဆင်းလာခဲ့၏။ လေက လုံးဝ ယိမ်းယိုင်သွားခြင်း မရှိသလို ရေမျက်နှာပြင်တွင်လည်း လှိုင်းဂယက်များ ထမလာခဲ့ချေ။ ဤလူငါးယောက်လုံး၏ သိုင်းပညာစွမ်းအင်က တကယ်ပင် မြင့်မားလွန်းလှ၏။
စစ်ဆေးရေးမှူး လော့က ပြောလိုက်သည်။ “တစ်စုံတစ်ယောက်က စေတီတောင်ရဲ့ အမိန့်ပြားကို အတု လုပ်တယ်လို့ ကြားသိရတဲ့အတွက် ဖမ်းဆီးဖို့ ကျုပ် ရောက်လာတာပါ။ အကယ်၍ ရှမ့်လန် မသေသေးဘူး ဆိုရင် ကျုပ်တို့ သူ့ကိုခေါ်ပြီးတော့ သေဒဏ်စီရင်ရပါလိမ့်မယ်။”
လှေထိုးသားက စေတီတောင်ရဲ့ ဌာနချုပ်ဆီသို့ သတင်းပေးပို့လိုက်သောကြောင့် ဌာနချုပ်မှ ပြည်သူ့ရေးရာ ခန်းမရှိ စစ်ဆေးရေးမှူး လော့ကို ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်၏။
ဝူတူကျိက ပြောလိုက်သည်။ “ပြည်သူ့ရေးရာခန်းမအနေနဲ့ စိတ်ပူစရာ မလိုဘူး။ ရှမ့်လန်က တကယ်ပဲ ကျွန်မ နောက်ဆုံး လက်ခံထားခဲ့တဲ့ တပည့်ရင်းပါပဲ။”
စစ်ဆေးရေးမှူး လော့က ထိုစကားကို ကြားသည့်အချိန်မှာတော့ အံ့အားသင့် မှင်တက်သွား၏။ သူ သရဲတစ္ဆေကို မြင်နေရခြင်းလား။ ဝူတူကျိက ရှမ့်လန်ကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ထို့ပြင် သူမက မည်သူ့ကိုမှ သူမ၏ ကျွန်းငယ်လေးပေါ်သို့ ခြေချခွင့်ပြုသူ မဟုတ်ချေ။ ယခု သူမက ရှမ့်လန်ကို နောက်ဆုံးတပည့်အဖြစ် လက်ခံလိုက်၏။
ရှမ့်လန်၏ ပျားရည်ဆမ်း ထောင်ချောက်ကပင် အလုပ်ဖြစ်သွားသည်လား။ ဝူတူကျိက လှပသော်လည်း သူမက ပြည့်စုံသည့် အမျိုးသမီးတစ်ယောက် မဟုတ်ချေ။ ရှမ့်လန်က အဘယ်သို့ အဆင်ပြေအောင် ကိုင်တွယ်လိုက်သနည်း။
စစ်ဆေးရေးမှူး လော့က ဆက်ပြောသည်။ “အကြီးအကဲဝူ... ပထမဦးဆုံး တပည့်တစ်ယောက်ကို လက်ခံပြီး စာရင်းသွင်းမယ်ဆိုရင် ကောင်းကင်ခန်းမရဲ့ ခွင့်ပြုချက်ကို အရင်ဦးဆုံး ယူရပါလိမ့်မယ်”
ဝူတူကျိက ပြောလိုက်၏။ “ဟုတ်လား။ ဒါဆို ကျွန်မ အခု စာရင်းပေးမယ်ဆိုရင် နောက်ကျသွားပြီလား။”
စစ်ဆေးရေးမှူး လော့က ပြောလိုက်သည်။ “အချိန်မီပါသေးတယ်။ ဒါပေမဲ့ ရှမ့်လန်က နောက်ထပ်ပြစ်မှုတစ်ခုကို ကျူးလွန်ထားပါသေးတယ်။ စေတီတောင်ရဲ့ အမိန့်ပြားကို အတုပြုလုပ်တာပါပဲ။ ကျုပ်တို့ရဲ့ အမိန့်ပြားအားလုံးက စာရင်းပေးသွင်းပြီးသားဖြစ်တယ်။ သူ့ရဲ့နာမည်နဲ့ စာရင်းမရှိပါဘူး။ အမိန့်ပြား အတုပြုလုပ်တာက သေထိုက်တဲ့ ပြစ်ပါ။ သူ့ကို ရှန်းကန်ခန်းမဆီကို ခေါ်ပြီးတော့ သေဒဏ်စီရင်ရပါလိမ့်မယ်။”
ဝူတူကျိက ပြတ်ပြတ်သားသား ပြောလိုက်၏။ “သူ့ရဲ့ အမိန့်ပြားက အတုမဟုတ်ဘူး။ ငါ ပေးထားတာပဲ။”
စစ်ဆေးရေးမှူး လော့က ပြောလိုက်သည်။ “မဖြစ်နိုင်တာ။ ခင်ဗျားက ဒီစေတီတောင်ကျွန်းကနေ တစ်ခါမှ အပြင်ဘက်ကို ထွက်ဖူးတာ မဟုတ်ဘူး။ ဘယ်လိုလုပ်ပြီးတော့ ရှမ့်လန်ကို အမိန့်ပြား ပေးနိုင်ရတာလဲ။”
ဝူတူကျိက ရှင်းပြလိုက်၏။ “ငါရဲ့တူ ဝူကျူးက ရှမ့်လန်ကို ရှာဖို့ စေတီတောင်ကနေ ထွက်ခွာသွားခဲ့တုန်းက ရှမ့်လန်ကို အဲဒီအမိန့်ပြားပေးဖို့ ငါ မှာလိုက်တာပါ။ အဲဒီကတည်းက သူ့ရဲ့အရည်အချင်းကို မြင်ပြီး ငါ တပည့်အဖြစ် လက်ခံချင်ခဲ့တာပဲ။”
စစ်ဆေးရေးမှူး လော့က အမိန့်ပေးလိုက်သည်။ “ဝူကျူးကို သွားခေါ်ခဲ့။”
ခဏကြာတွင် ဝူကျူး ရောက်ရှိလာ၏။ သူက ယခင်ကအတိုင်းပင် သာမန်ရိုးကျ မျက်နှာထားပေါ်တွင် ဖော်ရွေသည့် အပြုံးတစ်ခုကို ပြုံးထား၏။ ရှမ့်လန်ကို မြင်ချိန်မှာတော့ သိုင်းသမားများ မိတ်ဆွေဟောင်း တစ်ယောက်နှင့် တွေ့ဆုံလိုက်ရသကဲ့သို့ပင် ခံစားရပြီး ကျယ်လောင်စွာ အော်ဟစ်လိုက် လေ၏။ “ညီလေး... မင်းကို လွမ်းနေတာ။”
ရှမ့်လန်ကလည်း အားရပါးရဖြစ်သွားသည်။ “အစ်ကိုကြီး... နောက်ဆုံးတော့ တွေ့ရပြီပေါ့”
“ညီလေးလန်... နောက်ဆုံးတော့ ရောက်လာပြီပဲ။ ငါလည်း မင်းကို လွမ်းနေခဲ့တာ။ စေတီတောင်ကို လာမလားလို့ လွန်ခဲ့တဲ့ လအနည်းငယ်တည်းက မျှော်နေခဲ့တာ။ နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့။ လာ.. ငါ့ရဲ့အိမ်ကို လိုက်ခဲ့၊ မူးအောင်သောက်ပြီးမှ ပြန်ကြတာပေါ့။”
သူတို့နှစ်ဦး၏ တွေ့ဆုံမှုက တကယ်ပင် ချစ်ခင်ရင်းနှီးမှု ပြည့်ရှိ၏။